← Chapters

အခန်း ၂၂၀

Vol. 22 Ch. 220

အခန်း ၂၂၀

Vol. 22 Ch. 220

အခန်း (၂၂၀) - မင်းရဲ့ နှလုံးသားက နောက်ဆုံးတော့ ခုန်လာပြီပဲ

ရှို့ဝူ၏ အမေးကို ကြားသောအခါ ကျူးလင်က ခေါင်းညိတ်ပြလိုက်လေသည်။ ရှို့ဝူက သူမ၏ အဖြေကို သိပ်သဘောမကျ၍ ထပ်မံ ပြောလိုက်၏။

"လင်အာ... ကိုယ့်ကိုကြည့်ပြီး ဖြေပါဦး..."

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကျူးလင်က သူ့ကို မော့ကြည့်ကာ ပြောလိုက်လေသည်။

"အရှင်က မိစ္ဆာနတ်ဘုရားပါ... ပြီးတော့ ရှို့ဝူလည်း ဖြစ်တယ်... အရှင် ဘယ်သူလဲဆိုတာကို ကျွန်မ သိပါတယ်..."

သူမ၏ အဖြေကို ကြားပြီးနောက် ရှို့ဝူက ပြုံးလိုက်ပြီး ပြောလိုက်၏။

"အင်း... ကိုယ်ပါ... လင်အာ... ကိုယ် မင်းကို အရမ်းလွမ်းနေခဲ့တာ... ဒီနှစ်တွေအတွင်းမှာ မင်း ဘယ်လိုနေခဲ့လဲ... ကိုယ် မင်းကိုလွမ်းသလိုမျိုး မင်းရော ကိုယ့်ကို လွမ်းရဲ့လား..."

ကျူးလင်က သူ့ကို ပြုံး၍ ကြည့်ကာ ပြောလိုက်လေသည်။

"မအားလပ်တဲ့ အချိန်လေးတွေမှာ တစ်ခါတလေတော့ လွမ်းမိပါတယ်..."

သူမ၏စကားကို ကြားသောအခါ ရှို့ဝူက ရယ်မောလိုက်တော့သည်။ သူတို့နှစ်ဦး ခေတ္တမျှ ဖက်ထားလိုက်ကြပြီးနောက် ရှို့ဝူက ပြောလိုက်၏။

"လောင်ယန်နဲ့ ရှောင်ဝေ့တို့ စိတ်မပူရအောင် အခု ပြန်ကြရအောင်..."

ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီး ပျံသန်းနိုင်သော ဓားပျံကို ထုတ်ယူကာ ပြောလိုက်လေသည်။

"သွားကြစို့..."

ထို့နောက် နှစ်ဦးသားက ဓားပျံပေါ်သို့ ချက်ချင်းတက်လိုက်ကြပြီး ဝူလင်စခန်းသို့ ပျံသန်းပြန်လာခဲ့ကြသည်။ အကာအကွယ်အတားအဆီးပေါ်မှ ဖြတ်ကျော်ပျံသန်းလာချိန်တွင် ကျူးလင်က မော့ကြည့်ကာ မေးလိုက်၏။

"အခု ပိုနွေးသွားပြီလား..."

သူမ၏ အနောက်တွင် ရပ်နေသော ရှို့ဝူက သူမကို ပိုမိုတင်းကျပ်စွာ ဖက်လိုက်ပြီး သူမ၏ နဖူးလေးကို နမ်းကာ ပြောလိုက်လေသည်။

"အင်း... မင်းကို ဖက်ထားရသမျှ ကိုယ်က အမြဲတမ်း နွေးထွေးနေမှာပါ..."

စံအိမ်တံခါးဝသို့ သူတို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ကျီယန်က တံခါးကိုဖွင့်ကာ သူတို့ထံ လျှောက်လာပြီး စိုးရိမ်တကြီး မေးလိုက်၏။

"လောင်ရှို့... မင်း ဘယ်သွားနေတာလဲ... သေချင်လောက်အောင်ကို ပျင်းနေတာလား..."

သူ၏ ဒေါသထွက်နေသော မျက်နှာကို ကြည့်ကာ ရှို့ဝူက အကူအညီမဲ့စွာဖြင့် ပြောလိုက်လေသည်။

"ငါ မ..."

စကားပင် မဆုံးသေးမီ ကျီယန်က သူ၏ကိုယ်ပေါ်ရှိ နှင်းကိုက်နာများကို သတိထားမိသွားပြီး စိုးရိမ်တကြီး မေးလိုက်၏။

"လောင်ရှို့... မင်း ဘာဖြစ်လာတာလဲ..."

ရှို့ဝူ၏ အဖြေကိုပင် မစောင့်တော့ဘဲ ကျီယန်က သူ့ကို ပွေ့ချီလိုက်ပြီး စံအိမ်ထဲသို့ ပြေးဝင်သွားကာ အော်ပြောလိုက်လေသည်။

"ရှောင်ဝေ့... ရှောင်ဝေ့... မြန်မြန် ဆရာဝန်ခေါ်ပေးစမ်းပါ..."

အကူအညီမဲ့နေသော ရှို့ဝူကို ကျီယန် ပွေ့ချီခေါ်ဆောင်သွားသည်ကို မြင်လိုက်ရသောအခါ ကျူးလင် ဆွံ့အသွားရ၏။

ဤသည်မှာ မိစ္ဆာနတ်ဘုရားတစ်ပါးကို မင်းသမီးလေးတစ်ပါးကဲ့သို့ ပွေ့ချီခံရသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

ထိုမြင်ကွင်းက အလွန် ရှက်ရွံ့စရာကောင်းလွန်းသဖြင့် သူမက နေရခက်စွာဖြင့် အကြည့်လွှဲလိုက်တော့သည်။ ကျီယန်က ရှို့ဝူ၏ ဒဏ်ရာများအတွက် ပြာယာခတ်နေစဉ် ကျူးလင်က သူတို့နောက်မှနေ၍ စံအိမ်ထဲသို့ လိုက်ဝင်သွားလေသည်။

နောက်တစ်နေ့တွင် ရှို့ဝူ နိုးလာသောအခါ ကုတင်ဘေး၌ ကလေးပုံပြင်စာအုပ်ဖတ်ရင်း ထိုင်နေသော ကျူးလင်ကို မြင်လိုက်ရသည်။ သူ၏ အသက်ရှူနှုန်း ပြောင်းလဲသွားသည်ကို သတိထားမိသောအခါ ကျူးလင်က မော့ကြည့်လိုက်၏။

သူမက သူ့ကို ပြုံးပြလိုက်ပြီး စာအုပ်ကို ချထားကာ ညင်သာစွာ ပြောလိုက်လေသည်။

"နံနက်ခင်းပါ ရှို့ဝူ... ဒီနေ့ ဘယ်လိုနေသေးလဲ..."

ရှို့ဝူက သူမကို ပြုံးပြလိုက်ပြီး လက်ချောင်းများကို လှုပ်ရှားကာ အိပ်ချင်မူးတူးဖြင့် ပြောလိုက်၏။

"သိပ်မနာတော့ပါဘူး..."

ကျူးလင်က လှမ်း၍ သူ၏လက်ကို ကိုင်လိုက်ပြီး သူ၏ ရောင်ရမ်းနေသော လက်ချောင်းများကို အနီးကပ် ကြည့်ရှုလိုက်လေသည်။

လက်ချောင်းလေးများ အနည်းငယ် ရောင်ရမ်းနေဆဲဖြစ်သည်ကို မြင်သောအခါ သူမ၏ ရေခဲပန်းပွင့်ဆွဲသီးထဲမှ ဆေးပုလင်းငယ်တစ်ခုကို ထုတ်ယူလိုက်၏။

ကျူးလင်က သူ၏လက်ချောင်းများပေါ်သို့ ဆေးကို ညင်သာစွာ လူးပေးရင်း ပြောလိုက်လေသည်။

"သက်သာသွားတဲ့အထိ လက်ချောင်းတွေနဲ့ ခန္ဓာကိုယ်ကို သိပ်မလှုပ်ရှားပါနဲ့ဦး..."

သူမ ဆေးလူးပေးပြီးနောက် ဒဏ်ရာများပေါ်မှ ပူလောင်နာကျင်မှုနှင့် ယားယံမှုများ သက်သာသွားသည်ကို ခံစားလိုက်ရသဖြင့် ရှို့ဝူက သက်ပြင်းတစ်ချက် ချလိုက်၏။ သူမ၏ ရှားပါးလှသော ကြင်နာယုယမှုကို ခံစားရင်း ရှို့ဝူက ခေါင်းညိတ်လိုက်ပြီး လိမ္မာစွာ ပြောလိုက်လေသည်။

"အင်း... မင်းပြောတဲ့အတိုင်း နေပါ့မယ်..."

သူ လိမ္မာနေသည်ကို မြင်သောအခါ ကျူးလင်က ပြုံး၍ မေးလိုက်၏။

"ဗိုက်ဆာနေပြီလား..."

သူမ၏ လက်များကို ဆုပ်ကိုင်ထားရင်း သူက ပြန်ဖြေလိုက်လေသည်။

"နည်းနည်းပါ..."

သူ၏ အဖြေကို ကြားပြီးနောက် ကျူးလင်က ဆေးပုလင်းကို ပြန်သိမ်းလိုက်ပြီး ရှို့ဝူကို စောင်ခြုံပေးကာ ပြောလိုက်၏။

"ခဏနေရင် ပြန်လာခဲ့မယ်..."

သူမ ထွက်သွားပြီးနောက် ကျီယန်နှင့် ထန်ဝေ့တို့ ဝင်လာခဲ့ကြပြီး သူတို့နောက်တွင် ကလေးတစ်သိုက်လည်း လိုက်ပါလာကြသည်။ သူတို့ ရောက်လာသည်ကို မြင်သောအခါ ရှို့ဝူက မေးလိုက်လေသည်။

"မနက်စာ မစားဘဲနဲ့ ဒီမှာ ဘာလာလုပ်ကြတာလဲ..."

ထန်ဝေ့က ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး ပြောလိုက်၏။

"မနေ့ကထက် အများကြီး ပိုကောင်းလာပုံရတယ်... လောင်ရှို့... ဒီလောက်အေးတဲ့ ဆောင်းရာသီကြီးမှာ အပြင်ထွက်ကစားရအောင် မင်းက တကယ် သတ္တိကောင်းတာပဲ..."

သူ၏ ပြုံးနေသော မျက်နှာကို ကြည့်ကာ ရှို့ဝူက အနည်းငယ် ပြုံးလိုက်ပြီး မေးလိုက်လေသည်။

"မင်းက ငါ့အိပ်ခန်းထဲ လာခဲပါတယ်... တစ်ခုခု ဖြစ်လို့လား..."

ကျီယန်က ကုတင်ဘေးရှိ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး ပြောလိုက်၏။

"ဒီနေ့ ဗိုလ်ကြီးထန်နဲ့ ဗိုလ်ကြီးစုန့်တို့ မင်းကို လာတွေ့ကြပြန်တယ်... ဒါပေမဲ့ မင်း အိပ်နေတုန်းပဲလို့ ငါတို့ ပြောလိုက်တယ်...”

“ပြီးတော့ ကလေးတွေကလည်း မင်းကို စိုးရိမ်နေကြတာနဲ့ ရှောင်ဝေ့နဲ့ ငါက သူတို့ကိုပါ တစ်ခါတည်း ခေါ်လာခဲ့တာ..."

ရှို့ဝူက မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး ကလေးများကို တစ်ချက်ကြည့်ကာ ကျီယန်ဘက်သို့ အကြည့်လွှဲ၍ မေးလိုက်လေသည်။

"ဗိုလ်ကြီးထန်နဲ့ ဗိုလ်ကြီးစုန့်တို့က ဘာလို့ ဒီလောက်စောစော လာကြတာလဲ..."

ကျီယန်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်၏။

"စစ်တပ်စခန်းက အခြေအနေတွေ အရမ်းဆိုးရွားနေပုံရတယ်...”

“သူတို့အပြင် တခြားစခန်းတွေမှာလည်း လူတွေအများကြီး သေဆုံးခဲ့တယ်လို့ ကြားတယ်... သေဆုံးသူအရေအတွက်က ကမ္ဘာပျက်ကပ် စတင်ဖြစ်ပွားချိန်တုန်းကလောက် မလျော့ဘူး..."

ကျီယန်၏စကားကို နားထောင်ပြီးနောက် ရှို့ဝူက ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်လေသည်။

"သူတို့ ထပ်လာရင် ငါ သူတို့ရဲ့ အဆိုပြုချက်ကို သဘောတူတယ်လို့ ပြောလိုက်ပါ... သူတို့လူတွေကို ငါတို့စခန်းဆီ ခေါ်လာလို့ရတယ်... ဒါပေမဲ့ ငါတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတော့ လိုက်နာရမယ်..."

ထိုသို့ပြောပြီးနောက် သူက ထန်ဝေ့ကို ကြည့်ကာ ပြောလိုက်၏။

"ရှောင်ဝေ့... သူတို့ ရောက်လာရင် မင်းက အဲဒီလူတွေကို သတိထားကြည့်နေရမယ်... ဘာပြဿနာမှ မရှာအောင် သေချာဂရုစိုက်..."

ထန်ဝေ့က သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်လေသည်။

"ကောင်းပါပြီ..."

ထို့နောက် ရှို့ဝူက ကျီယန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး ပြောလိုက်၏။

"လောင်ယန်... ဒီကိစ္စကို မင်းဆီပဲ လွှဲထားလိုက်မယ်... သူတို့ နေသားကျအောင် ကူညီပေးပြီး နေစရာနေရာ စီစဉ်ပေးလိုက်ပါ..."

ကျီယန်က သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး ကလေးများအားလုံး ရှို့ဝူကို စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ သူက ပြုံးလိုက်ပြီး သူတို့ကို ပြောလိုက်လေသည်။

"ဒီကိုလာကြလေ... မင်းတို့အားလုံး အစ်ကိုရှို့ဝူဆီ အလည်သွားမယ်ဆို... အခု အစ်ကိုရှို့ဝူနဲ့ တွေ့တော့ရော ဘာလို့ စကားမပြောကြတာလဲ..."

ချန်ယွီက အရှေ့ဆုံးတွင် ရပ်နေကာ ရှို့ဝူကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် သူ၏အနီးသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူ၏ နှလုံးသားကို လက်ညှိုးထိုးကာ သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်၏။

"အစ်ကိုရှို့ဝူ... အစ်ကို့ နှလုံးသားက နောက်ဆုံးတော့ ခုန်လာပြီပဲ..."

All Chapters