ကျိန်ဆိုမှု
Vol. 141 Ch. 1941
ထိုကြောက်မက်ဖွယ်အဖျက်အစီးအားကို ဝမ်လင်းက သူ၏ ရှေးတောက်အရိပ်၊ သူ့အစွမ်းထက်ခန္ဓာကိုယ်၊ ဆန်းကြယ်သော လူသားအသွင်မြေဒြပ်စင်ချပ်ဝတ်တို့ဖြင့် ခုခံသည်။
မည်သို့ပင်ဖြစ်စေ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်မှာ တုန်ယင်သွားသည်ကို ခံစားရသည်။ သူက ပေထောင်ချီသို့ လွင့်ထွက်သွားပြီး ပါးစပ်ထောင့်မှ သွေးများစီးကျသည်။ မြေဒြပ်စင်ချပ်ဝတ်၏ ရင်ဘက်ပိုင်းတွင် လက်ဝါးအရွယ်ခန့် အက်ကြောင်းတစ်ခု ပေါ်လာ၏။ သို့သော် ၎င်းက ပျက်စီးမသွားပေ။
“သူတို့က ငါ့ကို ဒဏ်ရာရစေပြီး…အချိန်ဆွဲထားချင်တာပဲ…” ဝမ်လင်းသည် ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးပြုဖို့ ကြိုးစားသေး၏။ သို့သော် ဒီဧရိယာကို ချိပ်ပိတ်ထားသည်။ စိတ်ဝိညာဉ်ချပ်ဝတ်ဖြင့်ပင် သူက ဒီတောင်ကို ဖြတ်၍ သွားနိုင်စွမ်းမရှိ ဖြစ်ရသည်။
ဝမ်လင်း နောက်ဆုတ်သွားစဉ် ကြောက်မက်ဖွယ်ဓားစွမ်းအင်က နီးကပ်လာ၏။ ၎င်းမှာ အံ့အားသင့်ဖွယ် ကောင်းလှကာ မြေပြင်ထုကိုပါ ဖြတ်ပိုင်းလေမည့်အလား။ ထိုဓားစွမ်းအင်က ချက်ခြင်း နီးကပ်လာ၏။
ဝမ်လင်းက ရုတ်တရက် ခေါင်းမော့ကာ သူ့ညာလက်သီးချက်ဖြင့် ထိုဓားထံ ထိုးနှက်၏။ သည်လိုအဆုံးစွန်ဓားအရိပ်ကို ရင်ဆိုင်ရသည့်အခါ၌ မန္တာန်များက ရှုပ်ပွေလှ၏။ လက်သီးတချက် ပစ်သွင်းခြင်းကသာ သာ၍ ကောင်းသည်။
ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ ဓားအရိပ် တုန်ခါ ပျက်စီးသွားသည်။ ဝမ်လင်း၏ ညာလက်မှာလည်း ထုံထိုင်းသွားကာ မြေဒြပ်စင်ချပ်ဝတ်၏ လက်မှာ အက်ကွဲသွားသည်။
ဓားစွမ်းအင်က ဝမ်လင်း၏ခန္ဓာကိုယ်ထဲ တရကြမ်း ဝင်ရောက်လာကာ အဖျက်အစီးတိုက်ခိုက်မှုတစ်ခု ထုတ်လွှတ်လာခါနီး၌ ဝမ်လင်းက ၎င်းစွမ်းအင်ကို အတင်းအကြပ် ဖိနှိပ်ပစ်သည်။ သူက တောင်ထိပ်တွင် ရှိနေသော လူငယ်ထံ တိုးဝင်လာတော့၏။
ထိုလူငယ်က ဝမ်လင်းကို စိုက်ကြည့်နေ၏။ သူ၏အမူအရာက အေးစက်လွန်းသည်။ သူသည် ပါရမီရှင်လေဟာနယ်တိမ်ပင်။
ဝမ်လင်း နီးကပ်လာသည့်အခါ လေဟာနယ်တိမ်က သူ့ဓားကို ပင့်မြှောက်၏။ ဒုတိယမြောက် ဓားချက် ပေါ်လာသည်။ ကြောက်မက်ဖွယ်ဓားအရိပ်က ဝမ်လင်းအပေါ် ခုတ်ပိုင်းချလာသည်။
ထိုဓားချက်က အစောပိုင်းတုန်းက ဓားချက်ထက် သုံးဆယ်ရာခိုင်နှုန်း ပိုအစွမ်းထက်၏။ ဝမ်လင်းက မာန်သွင်းကာ ညာလက်သီးကို ပစ်သွင်းလိုက်သည်။
ကျယ်လောင်စွာ တုန်ဟည်းသံတို့ မြည်ဟိန်း၏။ ဒုတိယဓားချက်လည်း ပျက်စီးသွား၏။ ဝမ်လင်း၏ မြေဒြပ်စင်ချပ်ဝတ်ညာလက်မှာလည်း ပေါက်ကွဲသွားရသည်။
ဒုတိယဓားချက် ပျောက်ကွယ်သွားသည့်နောက် လေဟာနယ်တိမ်က တတိယနှင့်စတုတ္ထဓားချက်များကို ထုတ်လွှတ်သည်။
ကြောက်မက်ဖွယ်ဓားစွမ်းအင်ခုတ်ပိုင်းချက်များက ဝမ်လင်းထံ အရှိန်အဟုန်နှင့် ဝင်လာသည်။ ဝမ်လင်းက ရှေ့ဆက်တိုးလာ၏။ သူ လေဟာနယ်တိမ်နှင့် ပေတစ်ထောင်လောက်အကွာသို့ ရောက်လာ၏။ သူ၏မျက်နှာထက်၌ သတ်ဖြတ်လိုစိတ်က ပြည့်နှက်နေ၏။
လေဟာနယ်တိမ်၏မျက်နှာက အနည်းငယ် ဖြူရောနေ၏။ ဝမ်လင်း နီးကပ်လာသည့်အခါ သူ့လျှာထိပ်ကို ကိုက်ကာ သွေးများ ထွေးထုတ်၏။ ထိုသွေးမှာ ရွှေရောင်ရှိ၍ ၎င်းက ဓားအရိပ်များအဖြစ်သို့ ပြောင်းလဲကာ ဝမ်လင်းထံ ဝင်ရောက်လာသည်။
ချက်ခြင်းပင် သူက ညာလက်ကို ပင့်မြှောက်၏။ တော်ဝင်အော်ရာနှင့် ပြည့်နေသော ရှေးဓားတစ်လက် ပေါ်လာသည်။ သူက ထိုဓားကို ဖမ်းဆုပ်ကိုင်ကာ လေထဲသို့ ခုန်တက်၏။ သူက ဓားအရိပ်ကိုးခုပြီးနောက် နောက်ဆုံးဓားချက်ကို ထုတ်လွှတ်လိုက်သည်။
ဝမ်လင်းသည် တော်ဝင်အော်ရာပေးစွမ်းနေသော ရှေးဓားကို မြင်သည့်အခါ သူသည် ချက်ခြင်းပင် ၎င်းထံမှ မဟာအင်ပါယာစွမ်းအား အငွေ့အသက်ကို ခံစားမိလိုက်သည်။
ထိုဓားမှာ သူ့ရွှေရောင်လက်ဝါးနှင့် အတူတူပင်။ မဟာအင်ပါယာတစ်ယောက်က မန္တာန်ဖြင့် သိပ်သည်းစေကာ ဖြစ်ပေါ်လာခဲ့သော ရတနာတစ်ခု ဖြစ်ချေ၏။
ဓားအရိပ်ကိုးခု နီးကပ်လာသည့်အခါ ဝမ်လင်း၏မျက်လုံးတို့က တလက်လက် တောက်ပ၏။ သူက ထွက်သွားရန် ပြင်ဆင်နေခြင်းပင်။ သို့ဖြစ်၍ သူ့အား လာတားဖို့ ကြိုးစားသူမှန်သမျှသည် သူ၏ ဒေါသကို ခံရလိမ့်မည်။ သူ့ညာလက်ပေါ်ရှိ ချပ်ဝတ်က ပျက်စီးသွားခဲ့ပြီး ဖြစ်သော်ငြားလည်း ဘယ်လက်ချပ်ဝတ်အပိုင်းကမူ ကျန်နေသေးပေသည်။
သူ့ဘယ်လက်ဖြင့် လက်သီးဆုပ်ဟန်ပြုကာ သူက ဓားအရိပ်ကိုးခုထံ လက်သီးကိုးလုံး ပစ်သွင်း၏။
“မင်းရဲ့ ဓားကပဲ ပိုထက်လား၊ ငါ့လက်သီးကပဲ ပိုမာလား ကြည့်ရတာပေါ့…”
တောင်တန်းများတခွင် ကျယ်လောင်သောအသံများ ပဲ့တင်ထပ်နေကာ မုန်တိုင်းတစ်ခု ဖြစ်ပေါ်ကာ သည်ဧရိယာကို ရိုက်ခတ်သည်။ ဓားအရိပ်ကိုးခုက ပျက်စီးသွား၏။ ဝမ်လင်းဘယ်လက်ပေါ်ရှိ ချပ်ဝတ်မှာလည်း အလားတူပင်။ သို့ပေမည့် သူက နောက်ဆုံးတိုက်ချက်ကို ထုတ်ဖော်ရန် ဟန်ပြင်နေသော လေဟာနယ်တိမ်နှင့် ပေနှစ်ရာအတွင်းသို့ ရောက်လာသည်။
“မဟာအင်ပါယာတစ်ယောက်က မန္တာန်ကို သိပ်သည်းပေးထားတဲ့ ရတနာ။ ငါ့မှာလည်း အဲ့လိုရတနာတစ်ခု ရှိတယ်…”
ဝမ်လင်းသည် နေသာသာညမန္တာန်ကို အသုံးမပြုပေ။ သူ၏ခုကျင့်ကြံမှုအဆင့်ဖြင့်ပင် သူသည် ၎င်းကို တခါတည်း နှစ်ကြိမ်တိုင် အသုံးပြုနိုင်ခြင်း မရှိချေ။
သူက ၎င်းတိုက်ကွက်ကို အရေးကြီးဆုံးအခိုက်အတွက် ချန်ထားရပေမည်။ လေဟာနယ်တိမ်နှင့် တိုက်ပွဲက ခက်ခဲမည့်ပုံ ပေါ်သော်လည်း ဝမ်လင်းကို နေသာသောမန္တာန်အသုံးပြုစေသည့်အထိတော့ မလုံလောက်သေးပေ။
သူက လေဟာနယ်တိမ်နှင့် အစိမ်းရောင်မိစ္ဆာတမန်တော်များ၏ အတွေးများကို ဖြတ်မြင်ခဲ့ပြီး ဖြစ်၏။ သည်တိုက်ပွဲက သူ့ကို အချိန်ဆွဲထားဖို့ သပ်သပ်သာ။
ဝမ်လင်း၏စကားသံတို့ ထွက်ပေါ်လာသည့်အခိုက်၌ သူ့ညာလက်ကို လေဟာနယ်ထံ ဆန့်ထုတ်၏။ ရွှေရောင်လက်ဝါးတစ်ခု ပေါ်လာသည်။
ထိုရွှေရောင်လက်ဝါး ပေါ်လာသည့်နောက် ၎င်းက ရှေးဓားနှင့် ထိပ်တိုက်တွေ့၏။ လေဟာနယ်တိမ်သည် သွေးအန်လိုက်ရသည်။ အခုအခါ သူက အားနည်းသွားဟန် ပေါ်သည်။ သူ့လက်ထဲရှိ ဓားက အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်၏။ သူက မြေပြင်ထက်သို့ လွင့်ထွက် ပြုတ်ကျသွားသည်။
ဝမ်လင်း၏ ရွှေရောင်လက်ဝါးပေါ်၌လည်း အက်ကြောင်းနက်နက် ပေါ်လာ၏။ သို့သော် ၎င်းက ပျက်စီးမသွားပေ။ ၎င်းက မှိန်ဖျော့လို့သာသွား၏။ ဝမ်လင်းက ထိုလက်ဝါးကို ပြန်သိမ်းဆည်းလိုက်သည်။ မဟာအင်ပါယာများက ပြုလုပ်ပေးထားသော ရတနာနှစ်ခု ထိပ်တိုက်တွေ့သည့်အခါ ရတနာများ၏ အရည်အသွေးနှင့် မန္တာန်များက အရေးသိပ်မပါပေ။ အဓိကအချက်ကား သူတို့ ထိုရတနာများကို ဖြစ်ပေါ်စေဖို့ အသုံးပြုသော ယုံကြည်မှုစွမ်းအားပမာဏသာ။
ဗလာကင်းမဲ့မှုကနေ မွေးဖွားစေခြင်းကား ဆန်းကြယ်သောအရာတစ်ခု ဖြစ်နေလေပြီ။ အခု လေဟာနယ်တိမ်၏ ဓားရှိ ယုံကြည်မှုစွမ်းအားသည် ဝမ်လင်း၏ရွှေရောင်လက်ဝါးအောက် ရောက်နေသည်မှာ သိသာသည်။
ရွှေရောင်လက်ဝါးကို သိမ်းဆည်းပြီးနောက် ဝမ်လင်းက တောင်ထိပ်ပေါ်တွင် ရပ်ကာ မလှမ်းမကမ်းရှိ လေဟာနယ်တိမ်ထံ စိုက်ကြည့်သည်။
လေဟာနယ်တိမ်၏ ပါးစပ်ထောင့်မှ သွေးများစီးကျလာ၏။ သူက ဝမ်လင်းထံ လှမ်းကြည့်သည်။
“ငါ ရှုံးသွားပြီ…” သူက ဝမ်လင်းသည် ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ကို ဝတ်ဆင်ထားခြင်း၊ သို့မဟုတ် မဟာအင်ပါယာရတနာတို့အကြောင်းကို ထည့်မပြောပေ။ အရှုံးက အရှုံးသာ ဖြစ်ချေသည်။
“ဒါပေမဲ့ မင်းလည်း ရှုံးသွားပြီ…” လေဟာနယ်တိမ်က ရုန်းကန်ထလာပြီး ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် လှမ်းကြည့်သည်။
“မင်းရဲ့ စိတ်ဝိညာဉ်ချပ်ဝတ်က အချိန်ပြည့်တော့မယ်။ သူတို့ရဲ့ ကိုယ့်ကိုယ်ကို ဖျက်စီးမှုနဲ ငါ့ရဲ့ အားစိုက်ထုတ်မှုတို့က မင်းကို ခဏ အချိန်ဆွဲထားရုံပဲ…”
လေဟာနယ်တိမ် ထိုသို့ ပြောနေစဉ် ဝမ်လင်းက တောင်၏တခြားဘက်သို့ ဦးတည်နေ၏။ သူသည် ထိုသူ၏ အဓိပ္ပာယ်မရှိသော စကားများကို နားထောင်မနေဘဲ ရှေ့သို့ ဆက်လာနေရင်း သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ သွေးအလင်းတန်းတစ်ခုသည် ဒဏ်ရာအပြင်းအထန် ရထားသော လေဟာနယ်တိမ်၏မျက်ခုံးနှစ်ခုကြားသို့ ထွင်းဖောက်သွားလေ၏။
မည်သည့် နာကျင်စွာအော်ဟစ်သံ၊ ခုခံမှု မရှိလေပေ။ သွေးဓားက လေဟာနယ်တိမ်၏ ဦးခေါင်းကို ထွင်းဖောက်ပြီးနောက် ဝမ်လင်းထံ ပြန်ရောက်လာသည်။
လေဟာနယ်တိမ် သေဆုံးသွားသည်ကို ဝမ်လင်းအနေဖြင့် သူ၏မူလခန္ဓာကိုယ်လား၊ ကိုယ်ပွားလားဟု စစ်ဆေးနေဖို့ အချိန်မရှိပေ။ သူက အသက်အန္တရာယ်အာရုံ မြင့်တက်လာသည်ကို ခံစားမိနေ၏။ ထိုခံစားချက်က သူ တာအိုပညာရှင်ရေနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ချိန်က ခံစားမှုမျိုးနှင့် ဆင်တူသည်။
ဝမ်လင်း သည်တောင်တန်းကနေ လှမ်းမြင်သည့်အရာမှာ အဆုံးမဲ့သဲကန္တာရတစ်ခု ဖြစ်၏။ ဤသည်မှာ မုန့်မြေကမ္ဘာကုန်းမြေ၏ တွေ့ရများသော ကုန်းမြေအနေထားပုံစံပင်။ ထိုကုန်းမြေ၏ ခုနစ်ဆယ်ရာခိုင်နှုန်းက သည်လိုပုံစံမျိုး ဖြစ်၏။
ပြောကြသည်က ဟိုးလွန်ခဲ့သောအချိန်က ပြင်ပကျင့်ကြံသူတစ်ယောက်သည် ထိုနေရာသို့ ရောက်လာခဲ့ပြီး ကောင်းကင်ဘုံဘိုးဘေးကို ရှုံးနိမ့်ခဲ့သည် ဟူ၏။ ထိုကျင့်ကြံသူက ယင်းနေရာတွင် ချိပ်ပိတ်ထားခဲ့၏။ သူ့ထံ ကြောက်မက်ဖွယ်မြေစွမ်းအားကို ပိုင်ဆိုင်ထားခဲ့သည်။ ထို့အတွက် သူ ဒီနေရာ၌ ချိပ်ပိတ်ခံရပြီးနောက် သည်ကုန်းမြေမှာ ခုလိုမျိုး ကန္တာရ ဖြစ်လာခြင်း ဟူ၏။
ထိုသူ၏ အမည်ကို မုန့်ဟု ဆိုကြသည်။ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြာပြီးနောက် သည်နေရာမှာ မုန့်မြေကမ္ဘာကုန်းမြေ ဖြစ်လာခဲ့တော့သည်။
သည်နေရာတွင် မြေအနှစ်သာရအော်ရာနှင့် ပြည့်နှက်နေကာ အစိမ်းရောင်မိစ္ဆာကုန်းမြေနှင့် ဆင်တူ၏။ အစိမ်းရောင်မိစ္ဆာကုန်းမြေမှာလည်း မြေအနှစ်သာရ ကုန်းမြေတစ်ခု ဖြစ်၏။ အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်သည် မြေကြီးအတွင်း နေထိုင်ခဲ့သော ကြမ်းကြုတ်သည့်သားရဲတစ်ကောင် ဖြစ်သည် မဟုတ်လား။
သို့ပေမည့် ၎င်းကို မိစ္ဆာအော်ရာက ဖုံးလွှမ်းထားသည့်အတွက် မြေအနှစ်သာရကို သတိပြုမိဖို့အတွက် ခက်ခဲသွားစေသည်။
ထိုအကြောင်းအရာများကို ဝမ်လင်းရခဲ့သော လိပ်ခွံပေါ်တွင် အသေးစိတ် မှတ်တမ်းတင်ထားခဲ့ခြင်းပင်။ သည်အတွေးများက သူ့စိတ်ထဲတွင် ပေါ်လာ၏။ သို့သော် သူက ထိုအကြောင်းများကို တွေးနေဖို့ အချိန်မရှိပေ။ သူက စိတ်ဝိညာဉ်ချပ်ဝတ်၏ အမြန်နှုန်းကို ငှားယမ်းကာ မုန့်မြေကမ္ဘာကုန်းမြေထံ တရကြမ်း ဦးတည်နေ၏။
သူ ပိုပို နီးကပ်လာသည်။ ကီလိုမီတာထောင်သောင်းချီကို သူ ဖြတ်ကျော်လာခဲ့ပြီး ဖြစ်၏။ သူက ကီလိုမီတာတစ်ထောင်လောက်သာ လိုသော၊ မုန့်ကုန်းမြေကို လှမ်းမြင်နေရသော နေရာသို့ ရောက်လာခဲ့ပေပြီ။
သို့သော် ထိုအခိုက်၌ လောကသည် အရောင်များ ပြောင်းလဲကာ တောက်ပစူးရှသော အလင်းများက ဝမ်လင်းရှေ့ရှိ မတူညီသောနေရာခြောက်ခုထံမှ ထွက်ပေါ်လာသည်။ လှိုင်းဂယက်များ ထလေ၏။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များ အသက်ဝင်လာသည့် အရိပ်လက္ခဏာများပင်။
ထိုတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များက မြန်ဆန်လှစွာ အသက်ဝင်လာ၏။ ဝမ်လင်း လှမ်းကြည့်သည့်အခါ ပုံရိပ်ဒါဇင်ချီသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ခြောက်ခုလုံးမှ ထွက်ပေါ်လာ၏။
ပုံရိပ်တစ်ရာကျော် ပေါ်လာပြီး အစွမ်းထက်အော်ရာများ ပျံ့လွင့်လာသည်။
တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ခြောက်ခုကို အသက်သွင်းရခြင်းသည် အစိမ်းရောင်မိစ္ဆာကုန်းမြေအတွက် တန်ဖိုးကြီးကြီးမားမား ပေးရမည် ဖြစ်၏။ အထူးသဖြင့် လူများစွာ တည်နေရာရွှေ့ပြောင်းရာတွင် ဖြစ်သည်။ ကျင့်ကြံမှုအဆင့် ပိုမြင့်လေလေ တန်ဖိုးက ပိုမြင့်မားလေပင်။ တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပါက ပေးရသည့်တန်ဖိုးမှာ မခန့်မှန်းနိုင်အောင် ဖြစ်ချေမည်။
ကျင့်ကြံသူရာချီလုံးက အလွန်အစွမ်းထက်ကြ၏။ သူတို့ကို ဒီနေရာသို့ တည်နေရာရွှေ့ပြောင်းလာစေနိုင်ဖို့ ပေးရသည့်တန်ဖိုးမှာ အစိမ်းရောင်မိစ္ဆာကုန်းမြေ နှစ်ပေါင်းတစ်သိန်းကျော်လောက် စုဆောင်းထားရသည့်အရာများပင်။
ထိုသူများသည် မူလတုန်းက ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ နယ်စပ်များတွင် ဝမ်လင်းကို ခြုံခိုတိုက်ခိုက်ဖို့ စောင့်နေကြခြင်း ဖြစ်၏။ သို့ပေမည့် သူတို့ တင်ကြိုခန့်မှန်းထားမှု၌ အမှားရှိသွားသဖြင့် သူတို့က ဒီနေရာသို့ အတင်းကားရော တည်နေရာရွှေ့ပြောင်းလာခဲ့ရတာပင်။ အခုက ထိုသူများ၏ အစိတ်အပိုင်းမျှသာ ရှိသေးပြီး နောက်ထပ် တည်နေရာရွှေ့ပြောင်းလာမည့်သူများလည်း ကျန်သေး၏။
ထိုကျင့်ကြံသူများသည် တူညီသောဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ အရောင်များ ကွဲပြားသော်လည်း သူတို့၏ ဝတ်ရုံများပေါ်ရှိ အဖြူနှင့်အနက်လပုံစံကွက်များက အတူတူသာ ဖြစ်သည်။
ဝမ်လင်းသည် လိပ်ခွံပေါ်၌ သည်ပုံစံကွက်ကို မြင်ခဲ့ဖူးပြီးသားပင်။ ထိုသင်္ကေတက အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ နံပါတ်တစ်ကလန်၊ မိစ္ဆာတာအိုကလန်၏ အပိုင်ပင်။
ဝမ်လင်းကို ပစ်မှတ်ထားသော အတားအဆီးများနှင့် နောက်မှ လိုက်လံမှုတို့ကို အစိမ်းရောင်မိစ္ဆာကုန်းမြေတစ်ခုလုံးက အားစိုက်ထုသည် မဟုတ်ပေ။ သည်မိစ္ဆာတာအိုကလန်ကသာ ပြုလုပ်ခြင်း ဖြစ်၏။
မုန့်မြေကမ္ဘာကုန်းမြေသည် ကီလိုမီတာတစ်ထောင်လောက်သာ ကွာလှမ်းတော့၏။ သို့သော် မိစ္ဆာတာအိုကလန်က ဝမ်လင်းကို တားဆီးဖို့ ရောက်လာခဲ့ကြပေပြီ။ အသက်ဘေးအာရုံခံစားမှုက ပိုပြင်းထန်လာ၏။
ဝမ်လင်း၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွား၏။ သူက ရှေ့သို့ တရကြမ်း တိုးဝင်လာစဉ် ကျင့်ကြံသူတစ်ရာကျော်က တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ခြောက်ခုထံမှ ပျံသန်းထွက်လာကြ၏။ တချိန်တည်းမှာ သူတို့အားလုံးက ဝမ်လင်းထံ တစုံတစ်ခုကို ပစ်လွှတ်လာသည်။
“အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်မှ ကျင့်ကြံသူတွေရဲ့ ဦးခေါင်းကိုးခု…”
“အဆုံးစွန်မြက်ခင်းပြင်က ကျင့်ကြံသူတွေရဲ့ ဦးခေါင်းခြောက်ခု…”
“အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်မှ လေလွင့်ကျင့်ကြံသူ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူရဲ့ ဦးခေါင်း…”
“အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်…”
လောကတခွင် အေးစက်စက်အသံများ ပဲ့တင်ထပ်လာကာ ဝမ်လင်း၏နားထဲ ဝင်ရောက်ပြီး သူ၏စိတ်နှလုံးကို တုန်ယင်သွားစေသည်။ သူက ထိုဦးခေါင်းများနှင့် သူတို့၏ ကြောက်မက်နာကျင်ဖွယ်အမူအရာများကို လှမ်းကြည့်သည်။ သူက ထိုသူများကို သိပေသည်။ သူတို့မှာ တတိယသွေးကြောနေရာ၌ သူနှင့်အတူ လပေါင်းများစွာ တိုက်ခိုက် ရှင်သန်ခဲ့ကြသူများ ဖြစ်၏။
သူက သူတို့၏ အမည်များကို မသိသော်လည်း သူတို့၏မျက်နှာများကိုမူ မှတ်မိနေ၏။ သည်ဦးခေါင်းရာချီက အဆုံးစွန်မြက်ခင်းပြင်တွင် ရှင်သန်ခဲ့သော လူများထဲမှ တဝက်နီးပါး ဖြစ်နေ၏။
“ဒီလူသား ဦးခေါင်းတွေကို မင်း မနှစ်သက်ဘူးလား။ ဒါက မင်းအတွက် ငါတို့ မိစ္ဆာတာအိုက ပေးတဲ့ ပထမဆုံးလက်ဆောင်ပဲ…” အဆိပ်ဓာတ်ပြည့်သော အသံတစ်သံ လောကတွင် ပဲ့တင်ထပ်၏။
“မိစ္ဆာတာအိုကလန်…။ ငါသာ ဒီကနေ့ ဒီနေရာကနေ ထွက်သွားနိုင်ခဲ့ရင် တနေ့ကျ ပြန်လာပြီး မင်းတို့ ကလန်တစ်ခုလုံးကို ဖျက်စီးပစ်မယ်…” ဝမ်လင်း၏မျက်လုံးမှာ ကြောက်မက်ဖွယ်ကောင်းအောင် နီရဲလာ၏။ သူက စိတ်ထဲ၌ ကျိန်ဆိုလိုက်သည်။ ဤသည်မှာ သူ့အနေဖြင့် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေပေါ်ရှိ ကလန်တစ်ခုလုံးကို ဖျက်စီးပစ်ချင်စိတ်ပေါ်လာခဲ့တာ ပထမဆုံးအကြိမ်ပင်။