← Chapters

ကပ်ဘေးလား…ကံကောင်းမှုလား…

Vol. 141 Ch. 1943

ကပ်ဘေးလား…ကံကောင်းမှုလား…

Vol. 141 Ch. 1943

လေးခုမြောက်အစီအရင်ထံမှ လှမ်းထွက်လာသောသူမှာ သက်လတ်ပိုင်းအရွယ် ရှိ၏။ သူက အဖြူအနက်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်မြင့်မားကာ သူ၏ထံမှ သာမန်ထက်ထူးကဲသော အော်ရာကို ပေးစွမ်းနေ၏။ ထိုသူက ရုပ်ရည်ချောမောလှသည်။ သို့သော် သူ့နှုတ်ခမ်းတို့က ပါးလှပ်ကာ အေးစက်စက်အော်ရာတစ်ခုကို ပေးစွမ်းသည်။

ထိုသူမှာ ကျိန်းသေပေါက် သနားညှာတာမှုကင်းမဲ့သူ ဖြစ်ရချေမည်။

သူက အစီအရင်ထံကနေ လှမ်းထွက်လာခိုက်၌ လေဟာနယ်အတိဒုက္ခအထွတ်အထိပ်အဆင့် အော်ရာတစ်ခု ပျံ့လွင့်လာသည်။ သူ၏အော်ရာ ပျံ့လာသည့်အခါ လောကမှာ အရောင်များ ပြောင်းလဲ၏။ မရေမတွက်နိုင်သော မိစ္ဆာနတ်ဘုရားများ ပေါ်လာကာ စတင် ဟိန်းဟောက်လေသည့်အလား။

သူသည် လေဟာနယ်အတိဒုက္ခအထွတ်အထိပ်အဆင့်နှင့် ခြေတလှမ်းမျှသာ လိုတော့သူပင်။

သူ လှမ်းထွက်လာသည့်နောက် မိစ္ဆာတာအိုကလန်မှ ကျင့်ကြံသူများသည် မြေပေါ်သို့ ဒူးတဝက်ထောက်ကာ ခေါင်းငုံ့လိုက်ကြ၏။

ထိုသူ တစ်ယောက်သာ ရပ်နေပြီး မုန့်ကုန်းမြေ၏ အတွင်းနက်ပိုင်းသို့ ဝင်ပြေးနေသော ဝမ်လင်းထံ မထူးခြားနားဟန်ဖြင့် လှမ်းကြည့်သည်။

ဝမ်လင်း၏စိတ်နှလုံးမှာ တုန်ယင်သွား၏။ ထိုသက်လတ်ပိုင်းလူ လှမ်းထွက်လာခိုက်၌ သူ ခံစားရသော အသက်အန္တရာယ်အာရုံမှာ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

သူ၏နောက်ရှိ ထိုသက်လတ်ပိုင်းလူ၊ မိစ္ဆာတာအိုကလန်ခေါင်းဆောင်ထံမှ ယင်းအာရုံ ထွက်ပေါ်လာခြင်းပင်။

ဝမ်လင်းသည် နောက်ပြန်မကြည့်ပေ။ သူက အမြန်ဆုံး ရွှေ့လျားနေ၏။ သူက ခုထိ ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးမပြုနိုင်ဆဲ ဖြစ်၍ အကွာအဝေးတစ်ခုထံ အရိပ်တစ်ခုအလားသာ ရွှေ့လျားနိုင်သည်။

သူသည် နောက်ထပ်နည်းနည်းလောက် ပျံသန်းဖို့သာ လိုတော့ပြီး ထိုအခါကျလျှင် သည်လောကကို ချိပ်ပိတ်ထားသောအားက ပျောက်ကွယ်သွားလိမ့်မည်ဟု ခံစားမိနေ၏။ ထို့နောက်တွင် သူသည် လောကနှင့် တသားတည်းပေါင်းစပ်နိုင်လိမ့်မည်။

သို့သော် မိစ္ဆာတာအိုကလန်ခေါင်းဆောင်က တည်ငြိမ်နေလျက် တခြားမိစ္ဆာတာအိုကလန်မှ ကျင့်ကြံသူများကဲ့သို့ ချီတုံချတုံ ဖြစ်မနေပေ။ သူက နယ်စပ်ကို ဖြတ်၍ ခြေလှမ်းကာ မုန့်မြေကမ္ဘာကုန်းမြေထံ ဝင်ရောက်လိုက်၏။

သူ ဝင်ရောက်လာခိုက်၌ သူက လေထဲတွင် လွင့်မြောကာ ဝမ်လင်းထံ လှမ်းကြည့်သည်။ သူ့ညာလက်ကို ဖြည်းဖြည်းချင်း ပင့်မြှောက်ပြီး ကောင်းကင်ထက်သို့ လက်ညွှန်လိုက်သည်။

“မိစ္ဆာ၊ တာအို…” ဤသည်ကား သူ ဦးဆုံးဆိုလာသော စကားနှစ်ခွန်းပင်။

သူ၏စကားသံ ပဲ့တင်ထပ်လာသည့်အခါ၌ ကုန်းမြေနှစ်ခု၏ နယ်စပ်ရှိ အဆုံးမဲ့တောင်တန်းက အပြင်းအထန် စတင် တုန်ခါလာသည်။ ထိုတုန်ခါမှုက မြန်ဆန်လွန်းစွာ ပျံ့နှံ့ပြီး ကျယ်လောင်စွာမြည်ဟိန်းတုန်ဟည်းမှုကို ဖန်တီးသည်။

ထိုတုန်ဟည်းသံ ပဲ့တင်ထပ်သည့်အခါ သည်တောင်တန်းကို မမြင်ရသောအားတစ်ခုက ဆွဲငင်၏။ တောင်တန်း၏ ဘယ်ဘက်အစွန်းပိုင်းခြမ်း၌ ထိုအားက စုဝေးကာ ဧရာမပုံရိပ်တစ်ခုအသွင်အဖြစ် ဖြစ်တည်လာသည်။

ယင်းပုံရိပ်က ဝတ်စုံဖြူဖြင့် ဆံဖြူအဘိုးအိုတစ်ယောက် ဖြစ်၏။ သူက ကောင်းကင်ဘုံသားအငွေ့အသက် ပိုင်ဆိုင်ထားသည်။ သူက ထိုတောင်တန်းထံ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။

တချိန်တည်းမှာ တောင်တန်း၏တခြားတဖက်၌ နောက်ထပ်ဧရာမပုံရိပ်တစ်ခု ပေါ်လာ၏။ ယင်းကား မိစ္ဆာစွမ်းအင်နှင့် ပြည့်နှက်နေသောအရိပ်တစ်ခုပင်။ ၎င်းအရိပ်က ဝတ်ရုံနက်ဖြင့် အေးစက်စက်လူငယ်တစ်ယောက်အသွင် ရှိသည်။ သူ့ထံမှ သွေးဆာမှုနှင့် သတ်ဖြတ်လိုစိတ် ပြည့်နေသော ဖိဆန်ပုန်ကန်သောအော်ရာ ပြည့်နှက်မှုကို ပေးစွမ်းသည်။

သူ ပေါ်လာသည့်အခါ သူက အောက်ဘက်ရှိ တောင်တန်းထံ လက်ညွှန်၏။

ထိုမြင်ကွင်းသည် မိစ္ဆာတာအိုကလန်ကျင့်ကြံသူအားလုံးကို တုန်လှုပ်သွားစေ၏။ သူတို့က သူတို့၏ကလန်ခေါင်းဆောင်ကို တလေးတစား ကြည့်ကြသည်။

တာအိုဝတ်ရုံဖြူအဘိုးအိုနှင့် ဝတ်ရုံနက်မိစ္ဆာဆန်သောလူငယ်တို့၏ မန္တာန်များအောက်တွင် အဆုံးမဲ့တောင်တန်းက တုန်ဟည်းလာ၏။ ပေသောင်းသိန်းချီ ကျယ်ပြောသော ထိုတောင်တန်းမှာ မြေပြင်ကနေ မြောက်ကြွတက်လာသည်။

ယင်းတောင်တန်း လေထဲသို့ တဝုန်းဝုန်းမြည်ကာ မြောက်တက်ကြွာသွားသည့် မြင်ကွင်းကို အဝေးမှ ကြည့်ပါက နဂါးတစ်ကောင် ကောင်းကင်ထက်သို့ တက်ရောက်သလို ထင်ရစေလေမည်။

တာအိုမိစ္ဆာကလန်ခေါင်းဆောင်၏ လက်ညွှန်ချက်ဖြင့် သည်တောင်တန်းကြီးက မုန့်မြေကမ္ဘာကုန်းမြေထံ ပျံသန်းသွား၏။ ၎င်း၏အမြန်နှုန်းကို စိတ်ကူး၍ပင် ရနိုင်မည်  မဟုတ်ပါ။ ၎င်းက မျက်စိတမှိတ်အတွင်း ဝမ်လင်းကို ဖြတ်သန်းကျော်သွား၏။

ဝမ်လင်းသည် တဒင်္ဂမင်သက်သွား၏။ သူက သူ့အပေါ်သို့ ထိုတောင်တန်းက ကျော်လွန်ကာ ကီလိုမီတာနှစ်ထောင်အကွာရှိ မုန့်မြေကမ္ဘာကုန်းမြေအပိုင် သဲကန္တာရပေါ်သို့ ကျရောက်သွားသည်အား တွေ့မြင်သည်။ ထိုတောင်တန်းက ကုန်းမြေနှစ်ခုကြား နယ်စည်းမျဉ်း ဖြစ်သည်ဆိုပါက အခု ဝမ်လင်းသည် အစိမ်းရောင်မိစ္ဆာကုန်းမြေအတွင်းသို့သာ ပြန်ရောက်သွားခဲ့လေပြီ။

သေခြင်းတရားအာရုံခံစားမှုက အရူးအမူး မြင့်တက်လာ၏။

“ဒီနည်းနဲ့ဆို မင်းဟာ အစိမ်းရောင်မိစ္ဆာကုန်းမြေအတွင်းမှာပဲ ရှိနေတုန်းပဲ…” မိစ္ဆာတာအိုကလန်၏ ကလန်ခေါင်းဆောင်က သူ ဒီကို ရောက်လာချိန်မှစ၍ ဒုတိယမြောက်စကားကို ဆိုသည်။ တချိန်တည်းမှာ သူက ရှေ့သို့ ခြေလှမ်းလိုက်ကာ ဖြတ်ခနဲ ဝမ်လင်းနှင့် ပေတစ်ထောင်အတွင်းသို့ ရောက်သွားသည်။

ဝမ်လင်းက အံတင်းတင်းကြိတ်ကာ ရှေ့သို့ တရကြမ်း ဦးတည်၏။ သူက လွတ်မြောက်ခက်ခဲလွန်းပြီကို သိသည်။ သို့ပေမည့် သူ့အတွက် အလွယ်တကူ လက်လျှော့ဖို့မှာ မဖြစ်နိုင်ချေ။

“မကြောက်ပါနဲ့။ ငါ မင်းကို မသတ်ဘူး။ မင်းကို ကောင်းကောင်း အသုံးချစရာ ရှိတယ်…”

မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ မျက်လုံးထံမှ ထူးခြားသောအလင်း လှစ်ဟပေါ်၏။ သူ့မျက်လုံးထဲတွင် အထင်သေးဟန် အရိပ်အမြွက်လည်း ရှိနေသည်။ သူက ဝမ်လင်းထံ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။

သူကား သိသာစွာ အစွမ်းထက်လွန်းသူပင်။ ခုခါတွင် ဝမ်လင်း၏ စိတ်ဝိညာဉ်ချပ်ဝတ်မှာလည်း လွင့်ပြယ်သွားပြီ ဖြစ်သည့်အတွက်ကြောင့် သူ၏ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်လေဟာနယ်အဆင့်သို့ ပြန်ရောက်သွားခဲ့ပြီ ဖြစ်သည်။ မန္တာန်များစွာကို အသုံးပြုခဲ့ပြီးနောက် ဝမ်လင်းက ဆီကုန်ခါနီးမီးအိမ်ကဲ့သို့ ဖြစ်နေချေပြီ။ သူတို့၏ ကျင့်ကြံမှုအဆင့်ကွာဟချက်က ကြီးမားလွန်းနေ၏။ ဝမ်လင်းက ပြတ်သားသော အကြည့်ကို ထုတ်ဖော်ကာ သူက လေဟာနယ်ဟင်းလင်းပြင်အတွင်းရှိ သူ၏ကိုယ်ပွားနှင့် ဆက်သွယ်ဖို့ မျက်လုံးမှိတ်လိုက်သည်။

မိစ္ဆာတာအိုကလန်ခေါင်းဆောင်က သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ ထပ်ဆောင်းအော်ရာတစ်ခုက ဝမ်လင်း၏ခန္ဓာကိုယ်ပတ်လည်၌ ပေါ်လာ၏။ သူ၏မျက်လုံးက ရွှေရောင်ပြောင်းကာ သူက နောက်သို့ လက်ဝေ့ယမ်းလိုက်၏။

လောကမှာ တုန်ဟိန်းသွား၏။ ဝမ်လင်း၏ခန္ဓာကိုယ်မှာလည်း အပြင်းအထန် တုန်ယင်သည်။ သူက သွေးအန်လိုက်ရပြီး နောက်သို့ လွင့်ထွက်သွားကာ တောင်တန်းထံ တရကြမ်း နှင်သည်။ ထိုသူက သန်မာလွန်းလှ၏။ ဝမ်လင်းက သူ့ကိုယ်ပွားထံမှ စွမ်းအားကို ငှားယမ်းလိုက်သည်တောင်မှ သူက ထိုသူ၏ ပြိုင်ဘက် မဟုတ်နေတုန်းပင်။

ထိုထိပ်တိုက်တွေ့မှုက သူ့ကို ဒဏ်ရာအပြင်းအထန် ရသွားစေ၏။ သူ့ကို သတိလစ်လုနီးပါးပင် ဖြစ်သွားစေသည်။ သူက လျှာထိပ်ကို ကိုက်ကာ သတိမြဲနေစရန် အတင်းအားစိုက်သည်။

မိစ္ဆာတာအိုကလန်ခေါင်းဆောင်က အံ့အားတသင့် ဖြစ်မိသွား၏။ သူက ထွက်ပြေးနေသော ဝမ်လင်းကို ကြည့်နေပြီး သူ၏မျက်လုံးထံမှ ထူးခြားသောအလင်းတစ်ခု လှစ်ဟပေါ်သွားကာ သူ ခေါင်းခါယမ်းလိုက်သည်။

“ဒါက တကယ်ပဲ…သူဟာ ကံကြမ္မာသတ်မှတ်ထားတဲ့သူ ဖြစ်နေတာလား…။ ခုလိုအနေထား ရောက်နေတာတောင် သူက ငါ့တိုက်ခိုက်မှုကို ခုခံနိုင်နေတုန်းပဲ။ သိပ်ကောင်းတယ်။ ဒီလိုဆိုမှတော့ မိစ္ဆာတာအိုကလန်ရဲ့ လက်ဝါးချက်ရဲ့ အစစ်အမှန်စွမ်းအားကို မင်းကို ပြသပေးမယ်။ မင်းလည်း ဒီမန္တာန်ကို သိထားတယ် မဟုတ်လား…”

ထိုသက်လတ်ပိုင်းလူက သူ့လက်ကို ပင့်မြှောက်ကာ ကောင်းကင်ထက်သို့ တွန်းထုတ်သည်။

ကောင်းကင်သည် ပျက်စီးသွားလေသည့်အလား။ ငါးကြေးခွံလှိုင်းဂယက်များ ပေါ်လာ၏။ ဖြတ်ခနဲအတွင်း ဝတ်ရုံဖြူအဘိုးအို ပေါ်လာ၏။ သူက လေထဲတွင် သက်ရှိအားလုံးကို အထက်စီးမှ ကြည့်နေသည့်အလား ရပ်နေပြီး သူ၏အကြည့်က ထွက်ပြေးနေသော ဝမ်လင်းထံ ကျရောက်သွားသည်။ သူက ကောင်းကင်ထက်ကနေ ဝမ်လင်းထံ အရှိန်ဟုန်ဖြင့် ဦးတည်ဆင်းသက်လာ၏။

ထိုပုံရိပ်က ထိုးထွက်လာပြီးနောက် သူက အဖြူရောင်ဧရာမလက်ဝါးချက်အဖြစ်သို့ ပြောင်း၏။ ထိုလက်ဝါးချက်၌ လက်ငါးချောင်း ရှိမနေ၊ လက်ခုနစ်ချောင်း ရှိ၏။

ထိုအဘိုးအို၏ ဆန့်ကျင်ဘက်၌ ဝတ်ရုံနက်ဖြင့် မိစ္ဆာလူငယ် ရှိ၏။ သူက အေးစက်စက်နှာခေါင်းရှုံ့ကာ ဧရာမလက်ချောက်ခြောင်း လက်ဝါးချက်အဖြစ်သို့ ပြောင်းကာ ဝမ်လင်းထံ ရိုက်ချလာသည်။

အဝေးမှ ကြည့်ပါက ဒီလောကသည် ပန်းချီကားတစ်ချပ်နှယ် ပြောင်းသွားလေသည့်အလား။ အဖြူနှင့်အနက် လက်ဝါးချက်တို့က ကောင်းကင်ထက်မှ သက်ဆင်းကာ ဝမ်လင်းထံ ဦးတည်သည်။ မကြာမီတွင် လက်ဝါးချက်ကြီးနှစ်ခုက ဝမ်လင်း၏အထက် ပေတစ်ထောင်အကွာတွင် ပေါင်းစပ်ကာ အဖြူအနက်ကောင်းကင်မိစ္ဆာလက်ဝါးချက်အဖြစ်သို့ ပြောင်းလဲလေ၏။

ထိုလက်ဝါးချက် ပေါ်လာသည့်အခါ လောကသည် အထက်အောက် ပြောင်းပြန်ဆန်သွားသည့်အလား။ အရာအားလုံး မှုန်ဝါးသွား၏။ ဝမ်လင်းသည် ထွက်ပြေးသည်ကို ရပ်တန့်ကာ ဆင်းသက်လာသော ဧရာမကောင်းကင်ဘုံမိစ္ဆာလက်ဝါးချက်ကို မော့ကြည့်သည်။ သူက ငြိမ်သက်စွာ စဉ်းစားလိုက်၏။

သူ၏ထံ၌ မျှော်လင့်ချက်မဲ့မှု သို့မဟုတ် ဝမ်းနည်းတသဖြစ်မှုတို့ ရှိမနေပေ။ သူက နောင်တရဟန် အရိပ်အမြွက်ဖြင့်သာ တည်ငြိမ်စွာ ရှိသည်။

ဝမ်လင်းက သူသည် ဒီကပ်ဘေးကနေ မလွတ်မြောက်နိုင်သည်ကို နားလည်လိုက်သည်။ သူ နောင်တရသည်မှာ လီမူဝမ်ကို ပြန်အသက်ရှင်အောင် မလုပ်နိုင်ခြင်းနှင့် ဒီအင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင် သူ၏မိတ်ဆွေသူငယ်ချင်းများကို မရှာဖွေနိုင်တော့ခြင်းအတွက်ကြောင့်သာ။

သက်ပြင်းချကာ ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ သူ မျက်လုံးမှိတ်သွားသည့်အခါ ရုန်းကနေသည်ကို လက်လွှတ်၏။ သို့ပေမည့် သူက သူ အသုံးမပြုတာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သော သူ၏စိတ်ဝိညာဉ်နှင့် ပေါင်းစပ်နေသော ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ဆင့်ခေါ်လိုက်သည်။

ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့။

ထိုလက်ဝါးချက်က ဝမ်လင်းထံ ချက်ခြင်းနီးကပ်လာ၏။ သည်အခိုက်တွင် မိစ္ဆာတာအိုကလန်ခေါင်းဆောင်က ရုတ်တရက် သူ့စိတ်နှလုံး တချက် ခုန်ပေါက်သွားတာကို ခံစားမိ၏။ သူ့စိတ်ထဲတွင် ဖော်ပြမစွမ်းသာသော တုန်လှုပ်မှုတစ်ခု မြင့်တက်သွားသည်။ တုံ့နှေးမနေဘဲ သူ့ညာလက်ကို ဝေ့ယမ်းလိုက်လေ၏။

ဒုတိယလှိုင်းတစ်ခု အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ထိုလက်ဝါးချက်က ဝမ်လင်းကို ဖမ်းဆုပ်လိုက်သော်ငြားလည်း သူ့အား မသတ်ပေ။ ကလန်ခေါင်းဆောင်၏ လက်ဝေ့ယမ်းမှုဖြင့် ထိုလက်ဝါးက ဝမ်လင်းကို ခိုင်မြဲစွာ မြှုပ်နှံ့ပစ်သည်။

ထိုသို့ ပြုလုပ်ပြီးနောက် ကလန်ခေါင်းဆောင်က လေထဲသို့ ပျံတက်ကာ သည်လက်ဝါးနှင့် ပေါင်းစပ်သည်။ ထို့နောက် သူက အစိမ်းရောင်မိစ္ဆာကုန်းမြေအတွင်းနက်ပိုင်းသို့ ပျံသန်းလာ၏။ မိစ္ဆာတာအိုကလန်မှ ကျင့်ကြံသူများကလည်း အကွာအဝေးတစ်ခုသို့ ကလန်ခေါင်းဆောင်နောက်မှ လိုက်ပါလာကြသည်။

လူတိုင်း ထွက်ခွာသွားသည့်နောက် အကွာအဝေးတစ်ခုရှိ ထိုတောင်တန်းသည် တဖြည်းဖြည်း နောက်ပြန်ဆုတ်ကာ မူလနေရာအနေထားသို့ ပြန်ရောက်ရှိသည်။ မုန့်မြေကမ္ဘာကုန်းမြေဘက်မှ မည်သို့မျှ တုန့်ပြန်မှု မရှိခဲ့ပေ။ သူတို့က သဘောတူညီချက်တစ်ခု ပြုလုပ်ထားခဲ့လေသည့်အလား။

ကောင်းကင်ထက်တွင် အလင်းတန်းများ ပြည့်နေ၏။ တာအိုမိစ္ဆာကလန်ခေါင်းဆောင်က တည်ငြိမ်ဟန် ပေါ်၏။ သို့သော် သူ့စိတ်ထဲတွင်မူ သံသယများ ရှိနေသည်။ သည်အခိုက်၌ သူသာ ဝမ်လင်းကို သတ်ဖို့ ကြိုးစားလိုက်ပါက သူသည် ကပ်ဘေးကြီးတစ်ခုကို ဖြစ်သွားစေလိမ့်မည်ဟု ခံစားချက်ရသည်။

သည်လိုခံစားချက်မျိုးက သူ့ထံ၌ ဖြစ်ခဲ၏။ ထို့ကြောင့် သူက ထိုခံစားချက်ကို လစ်လျူရှုမထားနိုင်ပေ။

“ဒီလူဟာ…။ ကံကြမ္မာသတ်မှတ်ထားတဲ့သူ။ ဒါ့ကြောင့် သူ့မှာ လျှို့ဝှက်နည်းလမ်းအချို့ ရှိမှာ သေချာတယ်။ ပြီးတော့ သူဟာ ဉာဏ်များလွန်းတယ်။ ငါတို့သာ မူလအစီအစဉ်တိုင်း ဖြစ်ခဲ့ရင် ခုလောက်ထိ တန်ဖိုးကြီးကြီးမားမား ပေးခဲ့ရမှာ မဟုတ်ဘူး…”

စဉ်းစားနေလျက် ကလန်ခေါင်းဆောင်က မြန်သထက်မြန်မြန် အစိမ်းရောင်မိစ္ဆာကုန်းမြေ ဗဟိုချက်ထံ ရွှေ့လျားသည်။ ယင်းနေရာ၌ အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်ဘုံကျောင်း တည်ရှိသည်။

“သူ့ကို အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်ဘုံကျောင်းမှာ ဖိနှိပ်ထားလိုက်မယ်။ သူ့ခန္ဓာကိုယ်ကို အစိမ်းရောင်မိစ္ဆာအတွက် အားအင်ဖြည့်တင်းဖို့ အသုံးပြုမယ်။ သူ့စိတ်ဝိညာဉ်ကိုတော့ အစိမ်းရောင်မိစ္ဆာ ပြန်အသက်ရှင်လာဖို့အတွက် အသုံးပြုမယ်…”

All Chapters