အခန်း ၃၉၁
Vol. 27 Ch. 391
အခန်း(၃၉၁)
ကောင်းကင်ကပြောင်းကပြန်ချိပ်တံဆိပ်သည် ကောင်းကင်တုန်လှုပ်လက်သီးသိုင်း၏ အစွမ်းထက်ဆုံး သိုင်းကွက် ဖြစ်သည်။ ထိုသိုင်းကွက်ကို ထုတ်လွှတ်ရန် တစ်စုံတစ်ယောက်သည် မိုးမြေကို လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးပစ်နိုင်သော ရိုင်းစိုင်းကြမ်းကြုတ်မှုနှင့် လွှမ်းမိုးဖိနှိပ်မှုအရှိန်အဝါကို ပိုင်ဆိုင်ထားရမည်။ ထိုချိပ်တံဆိပ်ထဲတွင် သိုင်းကွက်ထုတ်ဖော်သူ၏ သွေးချီအနှစ်သာရ၊ စိတ်ဝိညာဉ်နှင့် ရုပ်ခွန်အား အစရှိသည်တို့ ကိန်းအောင်းနေရမည်။
“ ဗုန်း ”
ကောင်းကင်ကပြောင်းကပြန်ချိပ်တံဆိပ်က ကျားဝိညာဉ်ဓားမော့နှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။ နှစ်ဖက်စလုံးက လွှမ်းမိုးဗိုလ်ကျသော တိုက်ကွက်အသီးသီးကို ထုတ်ဖော်ခဲ့ကြသည်။
ယင်းတို့နှစ်ခု ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။ အချင်းဆယ်မီတာအတွင်းမှာရှိသော ကျင့်ကြံသူများနှင့် မိစ္ဆာများက ပြင်းထန်သော အားလှိုင်းဖြင့် ရိုက်ခတ်ခံလိုက်ရပြီး သွေးအန်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်က ကြိုးပြတ်သွားသော စွန်ပမာ အဝေးသို့ လွင့်စင်သွားကြသည်။ ရာပေါင်းများစွာသော ကျင့်ကြံသူများက ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်က အောက်ဘက်မှ ဟွမ်ချွမ်းမြစ်ထဲသို့ ပြုတ်ကျသွားကြသည်။
“ ဘန်း… ဘန်း… ”
သီရှီထျန်နှင့် ဝူပိုကျွင်းသည် အပြင်းအထန် တွေ့ဆုံသွားကြသည်။ ကောင်းကင်ကပြောင်းကပြန်ချိပ်တံဆိပ်နှင့် ကျားဝိညာဉ်ဓားမော့က ထပ်ခါထပ်ခါ တွေ့ဆုံသွားပြီး အပြန်အလှန် ဆန့်ကျင်လိုက်ကြသည်။ ကောင်းကင်ကပြောင်းကပြန်ချိပ်တံဆိပ်သည် အမှန်တကယ် အံ့ဩဖွယ်ကောင်းသည်။ ယင်းက သီရှီထျန်နှင့် အမှန်တကယ် ယှဉ်ပြိုင်နိုင်သည်။
သို့သော်လည်း ထိုအခြေအနေက ယာယီသာ ဖြစ်၏။ မည်သို့ဖြစ်ပါစေ သူတို့နှစ်ယောက် ယှဉ်ပြိုင်နေသည်မှာ ရုပ်ခွန်အား ဖြစ်သည်။ ရုပ်ခွန်အားတွင် သီရှီထျန်က အသာစီးရရှိထားကြောင်း သံသယရှိရန် မလိုပေ။
သူ၏ ခန္ဓာကိုယ်ထဲမှာ မိစ္ဆာသွေးကြောဆယ်သုံးခု ရှိသည်။ သွေးချီသည် သူ၏ အသွေးအသားထဲမှ ဒလဟော တိုးထွက်လာပြီး မိစ္ဆာသွေးကြောများထဲမှာ အရူးအမူး စီးဆင်းနေသည်။ စွမ်းအားထုတ်လွှတ်လိုက်သည့်အခါတိုင်း သူ၏ ကြွက်သားများက လူးလွန့်သွားပြီး တုန်ခါသွားသည်။ သူက ရုတ်တရက် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထိုခြေတစ်လှမ်းနှင့်အတူ သူ၏ ခန္ဓာကိုယ်က သန်စွမ်းသော အင်အားကို သယ်ဆောင်သွားသည်။
သူက ကြီးမားသော ရုပ်ခွန်အားကို အသုံးပြု၍ ဝူပိုကျွင်းကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။ ရုတ်တရက်ဆိုသလို ဝူပိုကျွင်း၏ ခန္ဓာကိုယ်က လျှပ်စီးဖြင့် ထိတွေ့သွားသည့်အလား အပြင်းအထန် တုန်ယင်သွားသည်။ သူက ပါးစပ်အပြည့် သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
သိုင်းပညာကျင့်ကြံသူသည် အမှန်တကယ်ပင် အံ့ဩစရာကောင်းသည်။ သူ၏ တိုက်ပွဲအတွေ့အကြုံက အလွန်ကြောက်စရာကောင်းသည်။ သူက ပါးစပ်အပြည့် သွေးအန်ထုတ်လိုက်ရသည်။ သို့သော်လည်း သူ့ပါးစပ်ထဲမှ ထွက်လာသော သွေးက မြူခိုးအဖြစ် မပျံ့နှံ့သွားပေ။ ယင်းအစား သွေးက မြားတစ်စင်းအဖြစ် ပြောင်းလဲသွားသည်။
သွေးမြားသည် လျှပ်စီးပမာ အလျင်ဖြင့် လေကို ဖြတ်သန်းသွားပြီး သီရှီထျန်၏ ဦးခေါင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ ထိုသွေးမြားထဲမှာ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအား ကိန်းအောင်းနေကြောင်း သံသယရှိရန် မလိုပေ။
“ ဟွန့် ”
သီရှီထျန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူက ခြေထောက်ကို လှုပ်ရှားလိုက်ပြီး ခန္ဓာကိုယ်ကို ဘေးသို့ တိမ်းရှောင်လိုက်သည်။ သူက လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး ကျားဝိညာဉ်ဓားမော့ကို မြှောက်ကာ သွေးမြားကို ခုတ်လိုက်သည်။ သွေးမြားသည် ချက်ချင်း ပျောက်ကွယ်သွားသည်။ သို့သော်လည်း ကျားဝိညာဉ်ဓားမော့၏ အရှိန်အဟုန်က ရပ်တန့်မသွားပေ။ ဓားမော့သည် မျက်စိတစ်မှိတ်အတွင်းမှာ ဝူပိုကျွင်း၏ အရှေ့သို့ ရောက်သွားသည်။ သီရှီထျန်က ဝူပိုကျွင်းကို ခါးမှ ထက်ပိုင်းဖြတ်ရန် ကြံရွယ်ထားသည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ…
“ ကျီး… ကျီး… ”
ဟွမ်ချွမ်းမြစ်ထဲမှ မရေမတွက်နိုင်သော ဝိညာဉ်များက ရုတ်တရက် ခေါင်းမော့လိုက်ကြပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်ကြသည်။ ဘီလီယံနှင့်ချီသော ဝိညာဉ်များက ချောက်ချားဖွယ်ကောင်းစွာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
အော်သံက အလွန်ကျယ်လောင်လေရာ မိုးကောင်းကင်သည်ပင် အရောင်ပြောင်းလဲသွားသည်။ ရှေးဟောင်းတံတားပေါ်မှ သက်ရှိအားလုံးက ထိုအော်သံဖြင့် သက်ရောက်ခံလိုက်ကြရသည်။ မိစ္ဆာများဖြစ်စေ ကျင့်ကြံသူများဖြစ်စေ အားလုံးက ထိုအော်သံဖြင့် သက်ရောက်ခံလိုက်ကြရသည်။ မရေမတွက်နိုင်သော အပ်များက သူတို့၏ ဦးခေါင်းထဲမှ ထွက်ပေါ်လာသည်ဟု ခံစားမိသွားကြသည်။
ထိုအခိုက်အတန့်မှာ တံတားပေါ်မှ သတ်ဖြတ်မှုအားလုံးက တစ်ပြိုင်နက်တည်း ရပ်တန့်သွားသည်။
ဤသည်မှာ တစ်စုံတစ်ယောက်က ကျောက်ရုပ်မန္တန် သို့မဟုတ် အချိန်ရပ်တန့်မန္တန်ကို အသုံးပြုလိုက်သည့်အလားပင်။ ထိုမြင်ကွင်းက အလွန်ထူးဆန်းသည်။ လူတိုင်းက သူတို့၏ နားကို ချက်ချင်း ပိတ်လိုက်ကြပြီး ဟွမ်ချွမ်းမြစ်ထံသို့ ကြောက်ရွံ့စွာ ကြည့်လိုက်ကြသည်။
“ ချွင် ”
သီရှီထျန်၏ ကျားဝိညာဉ်ဓားမော့သည်လည်း လေထဲမှာ ရပ်တန့်သွားသည်။ သူက ဝိညာဉ်သန်းပေါင်းများစွာ၏ အော်သံကို ခုခံတားဆီးရန် အစွမ်းကုန် ကြိုးစားလိုက်သည်။ သူက ခေါင်းလှည့်လိုက်ပြီး ဟွမ်ချွမ်းမြစ်ထံ ကြည့်လိုက်သည်။ မြစ်ကို သူကြည့်လိုက်သည့်အခိုက် သူ၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူ့နှလုံးခုန်သံက ရုတ်တရက် မြန်ဆန်လာသည်။
“ ဟွမ်ချွမ်းမြစ်ထဲက ဝိညာဉ်တွေက ဘာလို့ အဲ့ဒီလို ရုတ်တရက် ပြောင်းလဲသွားတာလဲ… ငွေဆံရှည်က အဲ့ဒီအကြောင်း ငါ့ကို ဘာမှမပြောခဲ့ဘူး… မဟုတ်မှလွဲရော အဲ့ဒါက ကြိုမမြင်နိုင်တဲ့ အလှည့်အပြောင်းလား ”
သီရှီထျန်က မျက်မှောင်ကြုတ်လိုက်သည်။ ငွေဆံရှည်နှင့် တခြားမိစ္ဆာဘုရင်များသည် ရှေးဟောင်းတံတားကို ဖြတ်သွားနေစဉ် ထိုသို့အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း သူ့အား တစ်ခါမှ မပြောခဲ့ပေ။
အကယ်၍ ထိုအဖြစ်အပျက်သာ တကယ်ရှိမည်ဆိုလျှင် ငွေဆံရှည်နှင့် တခြားမိစ္ဆာဘုရင်များက သူ့အား ထိုအကြောင်းကို မပြောဘဲ ထိန်ချန်ထားလိမ့်မည် မဟုတ်ချေ။ သို့ဆိုလျှင် ဖြစ်နိုင်ခြေက တစ်ခုတည်း ရှိသည်။ ယခင်တစ်ခေါက်တွင် ဖွင့်လှစ်ခဲ့သော ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲမှာ ထိုသို့အဖြစ်အပျက် မဖြစ်ပျက်ခဲ့ပေ။
ထို့ကြောင့် သီရှီထျန်က အနည်းငယ် စိုးရိမ်ကြောင့်ကြလာသည်။
“ ဘာဖြစ်တာလဲ ”
သီရှီထျန်တစ်ယောက်တည်း မဟုတ်ပေ။ အရှေ့ဆုံးမှ ဦးဆောင်နေကြသော ငွေဆံရှည်နှင့် တခြားမိစ္ဆာဘုရင်များသည်လည်း ရပ်တန့်လိုက်ကြသည်။ သူတို့အားလုံးက မျက်မှောင်ကြုတ်လိုက်ကြပြီး ဟွမ်ချွမ်းမြစ်ကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။ ရှင်းလင်းစွာပင် ထိုအဖြစ်အပျက်ကို တစ်ခါမှ သူတို့မတွေ့ကြုံဖူးပေ။
ဟွမ်ချွမ်းမြစ်သည် ဟင်းလင်းပြင်ထဲမှာ အဆုံးမဲ့စွာ ရွေ့လျားစီးဆင်းနေသည်။ မြစ်၏ အလျားက အကန့်အသတ်မဲ့ဟန် ရ၏။ တစ်စုံတစ်ယောက်က မြစ်ကို သေချာကြည့်မည်ဆိုလျှင် မြစ်ထဲမှာ မရေမတွက်နိုင်သော ဝိညာဉ်များက မြုပ်ချည်ပေါ်ချည် ဖြစ်နေကြောင်း မြင်ရလိမ့်မည်။
ဤအခိုက်အတန့်မှာ မရေမတွက်နိုင်သော ဝိညာဉ်များက ဂနာမငြိမ်ဖြစ်လာကြသည်။ သူတို့က ခေါင်းမော့လိုက်ကြပြီး အစွမ်းကုန်ထုတ်၍ ရုန်းကန်ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေအော်သံက ကျယ်ကျယ်လောင်လောင် ပဲ့တင်ထပ်သွားပြီး ကောင်းကင်ပေါ်ထိ မြှောက်တတ်သွားသည်။ တစ္ဆေအော်သံက နားကွဲထွက်လုမတတ် အလွန်ကျယ်လောင်ပြီး စူးရှသည်။ ဤသည်မှာ ထိုတစ္ဆေအော်သံက တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်ကို ပျက်စီးစေနိုင်သည့်အလားပင်။
ယင်းက ရှေးဟောင်းတံတားပေါ်မှ သက်ရှိအားလုံးကို စိတ်မသက်မသာ ခံစားရစေသည်။
“ ဟွမ်ချွမ်းမြစ်ထဲက ဝိညာဉ်တွေက ကြောက်လန့်တုန်လှုပ်နေကြတယ်… ဖြစ်နိုင်တာက သူတို့ကို အန္တရာယ်ဖြစ်စေမယ့် တစ်စုံတစ်ခု ထွက်ပေါ်လာတော့မှာလား ”
သီရှီထျန်က သူ့ဦးနှောက်ကို အမြန်အလုပ်ပေးလိုက်သည်။ ထို့နောက် ခန့်မှန်းမှုတစ်ခုက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ထိုခန့်မှန်းမှုက ဖြစ်နိုင်ခြေအလွန်များသည်ဟု သူခံစားမိသည်။ သို့သော်လည်း သူ့ကိုယ်ပိုင်မျက်စိဖြင့် မမြင်ရသေးသရွေ့ တစ်ရာရာခိုင်နှုန်း သေချာသည်ဟု သူမပြောနိုင်ပေ။
“ ဟိုကို ကြည့်စမ်း… ဟွမ်ချွမ်းမြစ်ထဲမှာ ဘာကြီး မျောလာတာလဲ… ဟွမ်ချွမ်းမြစ်က အရာအားလုံးကို ယိုယွင်းတိုက်စားပစ်နိုင်တယ်လို့ ပြောကြတယ်… ငှက်မွှေးတွေတောင် ရေမျက်နှာပြင်ပေါ်မှာ မလွင့်မျောနိုင်ဘူး… ဓမ္မရတနာတွေတောင် စက္ကန့်ပိုင်းလေးအတွင်းမှာ အရည်ပျော်သွားလိမ့်မယ် ”
“ အဲ့ဒါ ကြာပန်းတစ်ပွင့်ပဲ… ငါကြာပန်းတွေ အများကြီး မြင်ဖူးတယ်… ဒါပေမဲ့ ကြာပန်းနက်ကိုတော့ တစ်ခါမှ မမြင်ဖူးဘူး… အဲ့ဒါ ဘယ်လိုကြာပန်းအမျိုးအစားလဲ ”
“ အဲ့ဒီကြာပန်းက ဟွမ်ချွမ်းမြစ်ပေါ်မှာ အကောင်းတိုင်း လွင့်မျောနိုင်တယ်… အဲ့ဒါက သေချာပေါက် သာမန်ကြာပန်းမဟုတ်နိုင်ဘူး… အဲ့ဒါက ရှားပါးရတနာပဲ… မဟုတ်သေးဘူး… သေချာကြည့်စမ်း… ဘာလို့ ကြာပန်းပေါ်မှာ မီးအိမ်တစ်လုံး ရှိနေတာလဲ ”
“ အနက်ရောင်မီးအိမ်… ထူးဆန်းလိုက်တာ… အဲ့ဒီမီးအိမ်ကို ကြည့်လိုက်တာနဲ့ ဘာလို့ ငါ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထသွားတာလဲ… အဲ့ဒီမီးအိမ်က ချောက်ချားဖို့ကောင်းတယ်… အဲ့ဒါက သေချာပေါက် နတ်ဆိုးရတနာဖြစ်ရမယ် ”
ဤအခိုက်အတန့်မှာ ထူးဆန်းသော အဖြစ်အပျက်တချို့က ဟွမ်ချွမ်းမြစ်ပေါ်မှာ ဖြစ်ပေါ်လာသည်။ ပထမဆုံးအနေဖြင့် ထူးဆန်းသော အနက်ရောင်ကြာပန်းတစ်ပွင့်က အရာအားလုံးကို ယိုယွင်းတိုက်စားပစ်နိုင်သော ဟွမ်ချွမ်းမြစ်ထဲမှာ မည်သည့်ပျက်စီးမှုမှမရှိဘဲ လွင့်မျောနေသည်။ ကြာပန်းသည် ထူးဆန်းဖွယ်ကောင်းစွာ ပွင့်လန်းနေသည်။ ထိုကြာပန်းနက်သည် ဤလောကတွင် အလွန်ရှားပါးသော ကြာပန်းမျိုးစိတ်တစ်ခု ဖြစ်သည်။ နောက်ထပ် ထူးခြားမှုတစ်ခုမှာ ကြာပန်းနက် ပွင့်လန်းသွားသည့်အခါ ယင်းက အနက်ရောင်မီးတောက်တစ်ခုနှင့် ဆင်တူသွားသည်။ ယင်းက အမှန်တကယ် ထူးဆန်းသည်။
အထူးဆန်းဆုံးအရာသည် ကြာပန်းပေါ်မှ အနက်ရောင်မီးအိမ် ဖြစ်သည်။ မီးအိမ်၏ အသွင်ပုံစံသည် ရှေးဟောင်းနန်းတော်တွင် အသုံးပြုသော မီးအိမ်ပုံစံမျိုး ဖြစ်သည်။ ယင်းက စက်ကရာ၏ အတိတ်ဘဝတွင် ဒဏ္ဍာရီတစ်ခုအဖြစ် တည်ရှိခဲ့သော “ ရတနာကြာပန်းမီးအိမ် ”နှင့် ဆင်တူသည်။ ခြားနားမှုတစ်ခုမှာ “ ရတနာကြာပန်းမီးအိမ် ”က ကျောက်စိမ်းအလင်းရောင်တောက်ပပြီး ဤကြာပန်းမီးအိမ်က အနက်ရောင်ဖြစ်သည်။ ယင်းထံမှ ထုတ်လွှတ်နေသော အနက်ရောင်အလင်းက အေးစက်ပြီး ချောက်ချားဖွယ်ကောင်းသည်။ ယင်းက ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေမည့် အကြောက်တရားကို ပေးသည်။
နောက်ထပ် ထူးဆန်းမှုတစ်ခုမှာ ထိုမီးအိမ်ထဲတွင် မီးစာမရှိပေ။ သို့ဖြစ်၍ မီးအိမ်က မည်သည့်အလင်းရောင်မှ မထုတ်လွှတ်နိုင်ပေ။
“ ရွှတ် ”
“ ရွေ့လျားသွားပြီ… မီးအိမ်က ရွေ့လျားသွားပြီ… အို ဘုရားရေ… အဲ့ဒီဝိညာဉ်တွေကို ကြည့်စမ်း ”
“ အဲ့ဒီမီးအိမ်က ဘယ်လိုနတ်ဆိုးရတနာလဲ… အဲ့ဒါက ဟွမ်ချွမ်းမြစ်ထဲက ဝိညာဉ်တွေကို တကယ်ကြီး ဝါးမျိုနိုင်တယ်… အဲ့ဒီအကြောင်း အရင်က ငါတစ်ခါမှမကြားဖူးဘူး ”
“ မီးအိမ်ထဲက မီးစာက တဖြည်းဖြည်း အလင်းရောင်ထွက်လာနေတယ်… ကြောက်စရာကောင်းလိုက်တာ… အဲ့ဒီမီးအိမ်က ဝိညာဉ်တွေကို ဝါးမျိုပြီး သူတို့ကို မီးစာအဖြစ် သန့်စင်နေတာပဲ… ဒါဆို အဲ့ဒီမီးတောက်က တစ္ဆေမီးတောက်ပေါ့ ”
ထိုကြာပန်းမီးအိမ်က မည်သည့်ရတနာဖြစ်ကြောင်း မည်သူမှ မသိကြပေ။ သို့သော်လည်း သူတို့မြင်လိုက်ရသော မြင်ကွင်းကြောင့် လူတိုင်းက လေအေးကို ပင့်သက်ရှူသွင်းလိုက်ကြရသည်။
ထူးဆန်းသော ကြာပန်းမီးအိမ်က စတင်လှည့်ပတ်လိုက်သည်။ ထိုအခါ ဟွမ်ချွမ်းမြစ်ထဲမှ ဝိညာဉ်များက ကြောက်လန့်တကြား အော်ဟစ်လိုက်ကြပြီး ပြင်းထန်စွာ ရုန်းကန်ကြသည်။ ဤသည်မှာ ကမ္ဘာပျက်ကပ်ဘေးက သူတို့အပေါ် ကျရောက်လာသည့်အလားပင်။ သူတို့၏ ခန္ဓာကိုယ်က ဟွမ်ချွမ်းမြစ်ပေါ်မှာ မြုပ်ချည်ပေါ်ချည် ဖြစ်နေသည်။ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကြောင့် သူတို့က ဟွမ်ချွမ်းမြစ်၏ အကျဉ်းချမှုမှ ရုန်းထွက်နိုင်သွားကြသည်။
သို့သော်လည်း သူတို့၏ မျက်နှာပေါ်မှာ ဝမ်းသာပျော်ရွှင်သော အမူအရာမရှိပေ။ အဆုံးမဲ့သော ရက်စက်ကြမ်းကြုတ်မှုနှင့် အကြောက်တရားသာ ရှိသည်။
သူတို့၏ ခန္ဓာကိုယ်က လေထဲမှာ ထူးဆန်းစွာ ပျောက်ကွယ်သွားပြီး အနက်ရောင်အလင်းစက်အဖြစ် ပြောင်းလဲသွားသည်။ နောက်အခိုက်အတန့်မှာ ထိုအလင်းစက်များသည် တစ်စုံတစ်ခုဖြင့် ဆွဲငင်ခံလိုက်ရသည့်အလား ထူးဆန်းသော ကြာပန်းမီးအိမ်ဆီသို့ အလျှင်အမြန် ဝင်ရောက်သွားသည်။ ထိုအလင်းစက်များသည် မီးအိမ်ထဲမှ မီးစာခွက်ထဲမှာ စုဝေးသွားကြသည်။
အလင်းစက်ထောင်သောင်းချီ စုဝေးသွားသည့်အခါ မီးစာခွက်ထဲတွင် အနက်ရောင်မီးတောက်သေးသေးလေးတစ်ခု စတင်မွေးဖွားလာသည်။ ထိုမီးတောက်သေးသေးလေးသည် ပုတီးစေ့အရွယ်အစားခန့်သာ ရှိသည်။ မီးတောက် ထွက်ပေါ်လာသည့်အခိုက် မီးအိမ်က ပြီးပြည့်စုံသွားသည်။ နောက်အခိုက်အတန့်မှာ မီးတောက်က ထူးဆန်းသော အနက်ရောင်အလင်းကို အရပ်မျက်နှာအသီးသီးဆီသို့ ထုတ်လွှတ်လိုက်သည်။