← Chapters

အခန်း ၃၉၂

Vol. 27 Ch. 392

အခန်း ၃၉၂

Vol. 27 Ch. 392

အခန်း(၃၉၂)

မီးတောက်က အရွယ်အစား သေးငယ်သောကြောင့် မီးအလင်းရောင်က သေးငယ်သော ဧရိယာကိုသာ ဖြန့်ကြက်နိုင်သည်။ သို့သော်လည်း ထိုဧရိယာအတွင်းမှာရှိသော ဝိညာဉ်အားလုံးက အနက်ရောင်မီးအလင်းရောင်အောက်မှာ အလင်းစက်များအဖြစ် လျှို့ဝှက်ဆန်းကြယ်စွာ ပြောင်းလဲသွားသည်။ ထို့နောက် အလင်းစက်များသည် ထူးဆန်းသော ဆွဲငင်မှုကြောင့် မီးအိမ်အတွင်းသို့ တိုးဝင်သွားကြသည်။ အလင်းစက်များ ပိုမိုများပြားလာသည်နှင့်အမျှ အနက်ရောင်မီးတောက်က ပိုပိုကြီးမားလာသည်။

မီးတောက် ပိုမိုကြီးမားလာသည့်အခါ အနက်ရောင်မီးအလင်းရောင် ဖြန့်ကြက်နိုင်သော ဧရိယာက ပိုပြီးကျယ်ပြောသွားသည်။ တစ်ခဏကြာပြီးနောက် အနက်ရောင်မီးအလင်းရောင်သည် ထူးဆန်းသော ကြာပန်းမီးအိမ်ကို ဗဟိုပြု၍ ဟွမ်ချွမ်းမြစ်ထဲမှာ အလျှင်အမြန် ဖြန့်ကြက်သွားသည်။

အနက်ရောင်မီးအလင်းရောင် တောက်ပသွားသည့်အခါ ဟွမ်ချွမ်းမြစ်ထဲမှ ဝိညာဉ်များက ကြောက်လန့်တုန်လှုပ်သွားကြသည်။ ကပ်ဘေးဒုက္ခ ကျရောက်လာသော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ထိုအလင်းရောင်အောက်မှာ သူတို့က နည်းနည်းမှ မရုန်းကန်နိုင်ကြချေ။ သူတို့က အလင်းစက်များအဖြစ် ပြောင်းလဲသွားပြီး မှော်နက်တစ္ဆေမီးအိမ်ထဲသို့ ဆွဲခေါ်ခံလိုက်ကြရသည်။

ယင်းက အသင်္ချေဝိညာဉ်များ မူလဘူတပြန်သွားခြင်းနှင့် ဆင်တူသည်။

ထိုအလင်းစက်များသည် မီးအိမ်ထဲသို့ ဝင်ရောက်သွားပြီးလျှင် မီးစာထဲမှ အနက်ရောင်မီးတောက်နှင့် ပေါင်းစပ်သွားသည်။ အလင်းစက်များ၏ အဆက်မပြတ် ပေါင်းစည်းမှုအောက်မှာ မီးတောက်က တဖြည်းဖြည်း ကြီးမားလာသည်။ မီးတောက်က အရွယ်အစား ကြီးမားသွားတိုင်း ယင်း၏ ဖြန့်ကြက်နိုင်သော ဧရိယာက ပိုမိုကျယ်ပြန့်သွားသည်။ တစ်ချိန်တည်းမှာ ဧရိယာ ပိုမိုကျယ်ပြန့်သွားတိုင်း မီးတောက်အရွယ်အစားက ပိုမိုကြီးမားသွားသည်။ အရာအားလုံးက ကောင်းမွန်သောဘက်သို့ ဦးတည်နေသည်။

အသက်ရှူချိန်အနည်းငယ်အတွင်းမှာ မှော်နက်တစ္ဆေမီးအိမ်ရှိသော အချင်းမီတာတစ်ထောင်အတွင်းမှ ဝိညာဉ်သိန်းပေါင်းများစွာက လျှို့ဝှက်ဆန်းကြယ်စွာ စုပ်ယူခံလိုက်ကြရသည်။ ထို့ပြင် ဝိညာဉ်များသည် နည်းနည်းလေးမှ မခုခံနိုင်ကြပေ။ မှော်နက်တစ္ဆေမီးအိမ်က အလွန်ကြောက်စရာကောင်းသည်။ ယင်းက တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်များကို ထောင်မတ်သွားစေသည်။

“ ငွေဆံရှည်… ငါတို့မဟာမိစ္ဆာဘုရင်ရှစ်ပါးထဲမှာ မင်းက ဗဟုသုတအကြွယ်ဝဆုံးပဲ… မင်းရဲ့ ‘ လောကီအိမ်မက် ’ကျင့်စဉ်က တခြားလူတွေရဲ့ အိမ်မက်ပေါ်မှာ အခြေခံပြီး ကျင့်ကြံရတဲ့ အစွမ်းထက်ကျင့်စဉ်တစ်ခု ဖြစ်တယ်… ဒါကြောင့် ငါတို့မိစ္ဆာတွေ မသိထားတဲ့ ကိစ္စတွေကိုတောင် မင်းက အိမ်မက်တွေကနေတဆင့် သိနိုင်တယ်… အဲ့ဒီမှော်နက်တစ္ဆေမီးအိမ်အကြောင်း မင်းသိလား ”

ရွှေတောင်ပံလင်းနို့ဘုရင်သည် ဟွမ်ချွမ်းမြစ်ထဲမှ မှော်နက်တစ္ဆေမီးအိမ်ကို တည်ကြည်လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူက ငွေဆံရှည်ဘက်သို့ လှည့်ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။

“ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲမှာ အဲ့ဒီလိုထူးဆန်းတဲ့အရာရှိတယ်လို့ တစ်ခါမှ ငါမကြားဖူးဘူး… ငွေဆံရှည်… တကယ်လို့ မင်းသိတယ်ဆိုရင် ငါတို့ကို အဲ့ဒီအကြောင်း မြန်မြန်ပြောပြစမ်းပါ… ငါတို့ကို ဇဝေဇဝါဖြစ်အောင် မလုပ်ပါနဲ့ ”

သွေးနဂါးဘုရင်သည် ဟွမ်ချွမ်းမြစ်ထဲမှ မှော်နက်တစ္ဆေမီးအိမ်ကို မြင်သွားပြီးနောက် သူ၏ ခန္ဓာကိုယ်ပေါ်မှ ရိုင်းစိုင်းကြမ်းကြုတ်သော အရှိန်အဝါကို ပြန်ရုပ်သိမ်းလိုက်သည်။ ယင်းက သူ့ခန္ဓာကိုယ်၏ သဘာဝအလျောက် တုံ့ပြန်မှုဖြစ်သည်။

ပိုင်ဇီယန်က မည်သည့်စကားမှမပြောသော်လည်း သူ၏ လှပသော မျက်ဝန်းထဲမှ အကြည့်က ငွေဆံရှည်ပေါ်သို့ ကျရောက်သွားသည်။

“ ဟား ဟား… ”

ခါးသီးသော အပြုံးက ငွေဆံရှည်၏ နှုတ်ခမ်းပေါ်မှာ ထွက်ပေါ်လာသည်။ သူက ခေါင်းယမ်းလိုက်ပြီး ပြောသည်။

“ ရှေးခေတ်ကစလို့ နာမည်အကျော်ကြားဆုံး မီးအိမ်ရတနာတွေအကြောင်း ပြောပြရမယ်ဆိုရင် အဲ့ဒါတွေအားလုံးကို ငါပြောနိုင်တယ်… အဲ့ဒါတွေက ရှေးဟောင်းကြာပန်းတစ်သောင်းရေကန်ထဲမှာ ပွင့်တဲ့ ‘ ရတနာကြာပန်းမီးအိမ် ’… မီးတောင်တွေထဲမှာ ပွင့်တဲ့ ‘ လီဟောင်မီးအိမ် ’… ကျောက်စိမ်းနဲ့ မြေကြီးအဆီအနှစ်ကြားမှာ ပွင့်တဲ့ ‘ နှလုံးသားသန့်စင်ထျန်းမီးအိမ် ’ အစရှိတာတွေ ဖြစ်ကြတယ်… အဲ့ဒီမီးအိမ်တွေက အထွတ်အမြတ်ပညာရှင်တွေရဲ့ လက်ထဲမှာ ကမ္ဘာတုန်လှုပ်စေနိုင်တဲ့ စွမ်းရည်တွေကို ထုတ်လွှတ်နိုင်တယ်… ဒါပေမဲ့ ‘ ရတနာကြာပန်းမီးအိမ် ’ပဲဖြစ်ဖြစ် ‘ လီဟောင်မီးအိမ် ’ပဲဖြစ်ဖြစ် ‘ နှလုံးသားသန့်စင်ထျန်းမီးအိမ် ’ပဲဖြစ်ဖြစ် အဲ့ဒါတွေက ဟွမ်ချွမ်းမြစ်ထဲက မီးအိမ်နဲ့ အရောင်မတူကြဘူး… ဒါ့အပြင် အဲ့ဒီမီးအိမ်တွေမှာ ဝိညာဉ်ဝါးမျိုပြီး မီးတောက်ဖန်တီးနိုင်တဲ့ မှော်စွမ်းရည်လည်း မရှိကြဘူး ”

“ ဒါကြောင့် ငါ့အမြင်မှာတော့ အဲ့ဒီမှော်နက်တစ္ဆေမီးအိမ်က ရှေးခေတ်မှာ ပေါ်ထွန်းခဲ့တဲ့ ရတနာတစ်ခုမဟုတ်နိုင်ဘူး… အဲ့ဒီအစား မကြာသေးခင်ကမှ ဟွမ်ချွမ်းမြစ်ထဲမှာ မွေးဖွားလာတဲ့ ရတနာတစ်ခု ဖြစ်ရမယ်… အဲ့ဒါက သူ့ဘာသာ ဆင့်ကဲတိုးတတ်နိုင်တဲ့ ရှန့်ထျန်းဝိညာဉ်ရတနာတစ်ခု ဖြစ်မယ် ”

ငွေဆံရှည်က တုံ့ဆိုင်းစွာ ပြောသည်။ သူ၏ လေသံထဲမှာ မသေချာမှု ပါရှိသည်။ မည်သို့ဖြစ်ပါစေ ရှေးခေတ်ကာလမှာ ဖြစ်ပျက်ခဲ့သော ကိစ္စအားလုံးနှင့် ပေါ်ထွန်းခဲ့သော ရတနာအားလုံးကို မချွင်းမချန် သူသိရန် မည်သို့မှမဖြစ်နိုင်ပေ။ ထို့ကြောင့် သူ့အရှေ့မှ မီးအိမ်ကြောင်း သူသေချာမသိပေ။

သူက ခန့်မှန်းမှုကိုသာ ပြုလုပ်နိုင်သည်။

“ ရှန့်ထျန်းဝိညာဉ်ရတနာလား ”

သွေးနဂါးဘုရင်၊ ရွှေတောင်ပံလင်းနို့ဘုရင်နှင့် အမြဲတမ်း တည်ငြိမ်နေသော ပိုင်ဇီယန်သည်ပင် ဤအခိုက်အတန့်မှာ မျက်လုံးအရောင်တောက်ပသွားသည်။ တခြားလူများက ယင်းကို မသိထားနိုင်သော်လည်း မဟာမိစ္ဆာဘုရင်များအနေဖြင့် ရှန့်ထျန်းဝိညာဉ်ရတနာအကြောင်း သူတို့ မည်သို့မသိဘဲနေမည်နည်း။

တစ်ခုသိထားရမည်မှာ ခရမ်းရွှေကုန်းမြေတွင် ရတနာများကို အဆင့်သုံးဆင့်ခွဲခြားထားသည်။ ယင်းတို့က ဓမ္မလက်နက်များ၊ ဓမ္မရတနာများနှင့် ဝိညာဉ်ရတနာများ ဖြစ်ကြသည်။ ယင်းက ကျင့်ကြံသူအားလုံး သိနားလည်ထားသော အခြေခံဗဟုသုတဖြစ်သည်။ သို့သော် ကျင့်ကြံသူအများစု မသိထားသည်မှာ ဝိညာဉ်ရတနာ၏ အထက်မှာ နောက်ထပ်တစ်ဆင့် ရှိသေးသည်။

ယင်းကို ရှန့်ထျန်းဝိညာဉ်ရတနာဟု ခေါ်ကြသည်။

ရှန့်ထျန်းဝိညာဉ်ရတနာသည် ဝိညာဉ်ရတနာထက် အများကြီး ပိုအစွမ်းမထက်ပေ။ သို့သော်လည်း ရှန့်ထျန်းဝိညာဉ်ရတနာသည် မိုးမြေကြားထဲမှာ သဘာဝအလျောက် မွေးဖွားလာသော ရတနာ ဖြစ်သည်။ ယင်းတို့ထဲမှာ မိုးမြေ၏ နိယာမများနှင့် မဟာတာအို၏ ဆွဲဆောင်မှုပါရှိသည်။ အကယ်၍ တစ်စုံတစ်ယောက်က ရှန့်ထျန်းဝိညာဉ်ရတနာထဲမှ မိုးမြေနိယာမများနှင့် မဟာတာအို၏ ဆွဲဆောင်မှုကို ဆင်ခြင်နားလည်သွားမည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းစွမ်းအားက တစ်ဟုန်ထိုး မြင့်တတ်သွားလိမ့်မည်။ ယင်းက အလွန်အံ့ဩဖွယ်ကောင်းသည်။

သို့သော်လည်း ကံမကောင်းသည်မှာ ရှန့်ထျန်းဝိညာဉ်ရတနာများကို လူသားများ မဖန်တီးနိုင်ကြပေ။ ယင်းတို့က မိုးမြေကြား၌ သဘာဝအလျောက်သာ မွေးဖွားလာကြသည်။ သို့ဖြစ်၍ ရှန့်ထျန်းဝိညာဉ်ရတနာများက အလွန်ရှားပါးသည်။ ရှေးခေတ်ကာလမှာပင် လူအနည်းစုသာ ရှန့်ထျန်းဝိညာဉ်ရတနာများကို မြင်ဖူးကြသည်။

အကယ်၍ ထိုမီးအိမ်က ဒဏ္ဍာရီလာ ရှန့်ထျန်းဝိညာဉ်ရတနာဖြစ်သည်ဆိုလျှင် ယင်းက သေချာပေါက် မဟာကံကြမ္မာကောင်းတစ်ခု ဖြစ်လိမ့်မည်။

“ ဟား ဟား ”

ငွေဆံရှည်သည် သူ့ဘေးမှ မိစ္ဆာဘုရင်လေးပါး၏ အမူအရာကို တစ်ချက်ကြည့်လိုက်ပြီး ခပ်ရေးရေး ပြုံးလိုက်သည်။

“ မဖြစ်နိုင်တာတွေကို စိတ်ကူးမယဉ်စမ်းပါနဲ့… အဲ့ဒါက ရှန့်ထျန်းဝိညာဉ်ရတနာ ဟုတ်မဟုတ် မသေချာဘူး… ဒါ့အပြင် ငါတို့ရဲ့ လက်ရှိ စွမ်းရည်အရ အဲ့ဒါကို ရယူဖို့ မဖြစ်နိုင်ဘူး… မီးအိမ်ရဲ့ မှော်စွမ်းရည်ကို ဘေးဖယ်ထားမယ်ဆိုရင်တောင် ဟွမ်ချွမ်းမြစ်က ငါတို့အလွယ်တကူ ဖြတ်ကျော်နိုင်တဲ့အရာ မဟုတ်ဘူး… ရှေးခေတ်မှာ ပြောစကားတစ်ခုရှိတယ်… ရှန့်ထျန်းဝိညာဉ်ရတနာကို ကံစပ်တဲ့လူပဲ ရရှိနိုင်တယ်… ဒီလိုဆိုမှတော့ အဲ့ဒီမှော်နက်တစ္ဆေမီးအိမ်ကို သူ့ပိုင်ရှင်အမှန်ဆီ ရောက်သွားဖို့ ထားရစ်လိုက်ပါ ”

“ ဒါပေမဲ့ တကယ်လို့ ငါတို့က မှော်နက်တစ္ဆေမီးအိမ်ရဲ့ ပိုင်ရှင်ကို ရှာတွေ့သွားပြီး သူ့ကို သတ်ပစ်နိုင်မယ်ဆိုရင် မှော်နက်တစ္ဆေမီးအိမ်ရဲ့ မှော်စွမ်းရည်အရ အနာဂတ်မှာ ငါတို့က မိစ္ဆာသူတော်စင် ဒါမှမဟုတ် ကောင်းကင်မိစ္ဆာတောင် ဖြစ်လာနိုင်လိမ့်မယ် ”

ငွေဆံရှည်၏ စကားထဲမှာ နောင်တရသော အရိပ်အမြွက် ပါရှိသည်။ ရှင်းလင်းစွာပင် သူက မှော်နက်တစ္ဆေမီးအိမ်ကို လုံးဝ စိတ်မဝင်စားခြင်း မဟုတ်ပေ။ သို့သော်လည်း ကံမကောင်းစွာပင် သူ့ဆီမှာ ထိုမဟာအခွင့်အလမ်းကို သိမ်းပိုက်နိုင်သော အရည်အချင်းမရှိပေ။

“ ဒဏ္ဍာရီလာ ဟွမ်ချွမ်းမြစ်ထဲမှာ မွေးဖွားလာတယ်ဆိုတော့ အဲ့ဒီမီးအိမ်က သေချာပေါက် အထွတ်အမြတ်ရတနာဖြစ်ရမယ်… ဒါပေမဲ့ ကံမကောင်းစွာပဲ… ”

စက်ကရာသည်လည်း တီးတိုးရေရွတ်လိုက်သည်။ သူက ဟွမ်ချွမ်းမြစ်ထဲမှ ထူးဆန်းအံ့ဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်နေသည်။ အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် သူသည်လည်း ဤမဟာအခွင့်အရေးကို လက်လွှတ်မခံချင်ပေ။

ထိုအခိုက်အတန့်မှာ မှော်နက်တစ္ဆေမီးအိမ်၏ အနက်ရောင်မီးအလင်းရောင်က ယင်ယန်ကောင်းကင်တံတားပေါ်သို့ ပျံ့နှံ့လာသည်။ ရှေးဟောင်းတံတားပေါ်မှ သက်ရှိအားလုံးက အနက်ရောင်အလင်းဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ ထိုအလင်းရောင်ထဲမှာ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအား ကိန်းအောင်းနေဟန် ရ၏။ စက်ကရာက ယင်းကို တဒင်္ဂမျှသာ ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်လေးမှာ သူ၏ ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်သွားပြီး အပြင်သို့ မြှောက်တတ်သွားသည့်အလား သူခံစားလိုက်ရသည်။

ကံကောင်းသွားသည်မှာ ထိုခံစားချက်က တဒင်္ဂမျှသာ ကြာမြင့်ခဲ့သည်။ ထို့နောက် ယင်းက ချက်ချင်း ပျောက်ကွယ်သွားသည်။ ဤသည်မှာ ထိုအဖြစ်အပျက်က တစ်ခါမှ မဖြစ်ပျက်ခဲ့သည့်အလားပင်။

“ ထူးဆန်းလိုက်တာ ”

ထိုသို့ခံစားမိသောအခါ သီရှီထျန်၏ သတိထားမှုက အမြင့်ဆုံးသို့‌ ရောက်ရှိသွားသည်။ သူက ဟွမ်ချွမ်းမြစ်ထဲမှာ လွင့်မျောနေသော မှော်နက်တစ္ဆေမီးအိမ်ကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။

မီးအလင်းရောင်က ပိုမိုကျယ်ပြန့်လာလေ ပိုမိုများပြားသော ဝိညာဉ်များက မီးအိမ်ထဲသို့ စုပ်ယူခံလိုက်ရလေ ဖြစ်၏။ တစ်ချိန်တည်းမှာ မီးအလင်းရောင် ဖြန့်ကြက်နိုင်သော ဧရိယာက အဆက်မပြတ် တိုးချဲ့သွားသည်။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာ မီးအလင်းရောင်က တစ်လောကလုံးကို ထွန်းလင်းသွားသည်။ ဤသည်မှာ ဟွမ်ချွမ်းမြစ်ထဲတွင် အနက်ရောင်နေတစ်စင်း ထွက်ပေါ်လာသည့်အလားပင်။ နေရာအားလုံးက အနက်ရောင်မီးအလင်းရောင်ဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ ထို့ပြင် မရေမတွက်နိုင်သော အလင်းစက်များက မီးအိမ်ရှိသော ဦးတည်ရာဆီသို့ ရွေ့လျားသွားနေသည်။

“ ဝှစ် ”

တစ်ခဏကြာပြီးနောက် မီးအိမ်ထဲမှ မီးစာက လက်မအရွယ်အစားခန့်ရှိသော ပုလဲလုံးအဖြစ် အသွင်ပြောင်းလဲသွားသည်။ ထို့နောက် မီးစာ၏ အရွယ်အစားက နောက်ထပ် မကြီးမားသွားတော့ပေ။ သို့သော်လည်း မီးစာမှ ထုတ်လွှတ်နေသော မီးတောက်က အစိမ်းရောင်အဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။ ယင်းက သုသာန်များတွင် မြင်တွေ့ရလေ့ရှိသော တစ္ဆေဝိညာဉ်များနှင့် ဆင်တူသည်။ မီးတောက်က ပိုပြီးချောက်ချားဖွယ်ကောင်းလာသည်။

ထိုစဉ် မီးအိမ်က ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။ ဟွမ်ချွမ်းမြစ်ထဲမှ အလင်းစက်အားလုံးက မီးအိမ်ထဲသို့ စုပ်ယူခံလိုက်ရသည်။ နောက်အခိုက်အတန့်မှာ လောကတစ်ခွင် အပြည့်ဖုံးလွှမ်းထားသော မီးအိမ်၏ အလင်းရောင်က ရုတ်တရက် ပြန်ရုပ်သိမ်းသွားပြီး မီးစာထဲသို့ ဝင်ရောက်သွားသည်။

ထို့နောက် အစိမ်းရောင်မီးတောက်က လေထဲသို့ ရုတ်တရက် မြှောက်တတ်သွားပြီး မီးအိမ်က အဆုံးစွန် ထွန်းလင်းတောက်ပလာသည်။ မီးအိမ်ထံမှ အလင်းရောင်က အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် မီးအလင်းရောင်က မပြန့်ကျဲသွားပေ။ ယင်းအစား မီးအလင်းရောင်က မီးအိမ်၏ အပေါ်မှာ စုဝေးသွားသည်။

“ ရှဲ ရှဲ… ”

ဧရာမတစ္ဆေသားရဲတစ်ကောင်က မီးတောက်ထဲမှ ထွက်ပေါ်လာသည်။ သူ၏ ဦးခေါင်းပေါ်မှာ ထူးဆန်းသော အနက်ရောင်ဦးချိုတစ်ချောင်း ရှိသည်။ သူ၏ မျက်လုံးကြီးနှစ်လုံးက အစိမ်းရောင်အလင်းကို ထုတ်လွှတ်နေသည်။ သူက ထွက်ပေါ်လာသည်နှင့်ချက်ချင်း ချောက်ချားဖွယ်ကောင်းသော အော်သံကို ထုတ်လွှတ်လိုက်သည်။ သူ၏ စူးစူးရဲရှဲ အကြည့်က ရှေးဟောင်းတံတားပေါ်သို့ ကျရောက်သွားသည်။ ယင်းက ရှေးဟောင်းတံတားပေါ်မှ သက်ရှိအားလုံးကို နှလုံးတုန်ယင်သွားစေသည်။ သူတို့က ကျောရိုးတစ်လျှောက် ချမ်းစိမ့်မှုကို ခံစားမိသွားကြသည်။ မဟာကပ်ဘေးက သူတို့အပေါ် ကျရောက်လာတော့မည့်အလား သူတို့ခံစားမိသွားကြသည်။

ထို့နောက် တစ္ဆေသားရဲဘုရင်က သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ တစ္ဆေလက်သည်းထံမှ အနက်ရောင်တစ္ဆေချီလှိုင်းများ ထွက်ပေါ်လာသည်။ သူက တစ္ဆေလက်သည်းများဖြင့် ဟင်းလင်းပြင်ကို ကုတ်ဆွဲလိုက်သည်။

“ ကျစ်… ကျစ်… ”

ထိုအခိုက်အတန့်မှာ လေဟာနယ်တစ်ခုလုံး တုန်ယင်သွားသည်။ ကျယ်ပြောသော မြည်သံများက အဆက်မပြတ် ပဲ့တင်ထပ်သွားသည်။ ထို့နောက် ကျင့်ကြံသူသိန်းပေါင်းများစွာနှင့် မိစ္ဆာရာထောင်ချီကို အံ့ဩသွားစေမည့် မြင်ကွင်းတစ်ခုက သူတို့အရှေ့မှာ ချက်ချင်း ဖြစ်ပွားလာသည်။ တစ္ဆေသားရဲဘုရင်၏ လက်သည်းကုတ်ဆွဲမှုကြောင့် ဟင်းလင်းပြင်က တိုက်ရိုက် အက်ကွဲသွားသည်။ လေဟာနယ်က ပရမ်းပတာဖြစ်သွားပြီး ပုံပျက်တွန့်လိမ်သွားသည်။ နောက်အခိုက်အတန့်မှာ ပြိုကွဲသွားသော ဟင်းလင်းပြင်၏ အခြားတစ်ဖက်တွင် မုန်တိုင်းတစ်ခု ထွက်ပေါ်လာသည်။

All Chapters