အခန်း ၃၉၃
Vol. 27 Ch. 393
အခန်း(၃၉၃)
ထိုမုန်တိုင်းသည် အချိန်တိုင်း အရာအားလုံးကို ဖျက်ဆီးပစ်နေပြီး အရာအားလုံးကို အသစ်ဖန်တီးနေသည်။ ဖန်ဆင်းခြင်းနှင့် ဖျက်ဆီးခြင်းက တစ်ပြိုင်နက် ဖြစ်ပျက်နေသည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။
အကယ်၍ ရှေးဟောင်းတံတားပေါ်မှ သက်ရှိများသာ ထိုဟင်းလင်းပြင်နားမှာ ရှိနေမည်ဆိုလျှင် သူတို့က ချက်ချင်း သေကြေပျက်စီးသွားကြလိမ့်မည်။ သူတို့က ထိုစွမ်းအင်မုန်တိုင်းကို နည်းနည်းတောင်မှ ခုခံနိုင်ကြလိမ့်မည် မဟုတ်ချေ။
ဟင်းလင်းပြင်ပြိုကွဲမှုက သာမန်ပုဂ္ဂိုလ်များ စိတ်ကူးယဉ်နိုင်သောအရာ မဟုတ်ပေ။
“ ရွှတ် ”
သို့သော်လည်း မှော်နက်တစ္ဆေမီးအိမ်က အနည်းငယ် တုန်ခါသွားပြီး အစိမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ မီးအိမ်က ဟင်းလင်းပြင်၏ အခြားတစ်ဖက်သို့ တိုက်ရိုက် ဝင်ရောက်သွားသည်။ တစ်ချိန်တည်းမှာ တစ္ဆေသားရဲဘုရင်၏ ခန္ဓာကိုယ်က ရုတ်တရက် ပေါက်ကွဲသွားသည်။ သူက မရေမတွက်နိုင်သော အစိမ်းရောင်အလင်းစက်များအဖြစ် ပြန့်ကျဲသွားပြီး မီးအိမ်ထဲသို့ ဝင်ရောက်သွားသည်။
“ ဂျိန်း ”
မှော်နက်တစ္ဆေမီးအိမ် ထွက်သွားပြီးနောက် ဟင်းလင်းပြင်က မူလအတိုင်း ပြန်ပိတ်သွားသည်။ လေဟာနယ်လှိုင်းအတွန့်များသည်လည်း ပျောက်ကွယ်သွားသည်။ ထို့နောက် ထူးဆန်းသော အဖြစ်အပျက်အားလုံးက အိမ်မက်ဆန်စွာ လွင့်ပြယ်သွားသည်။
ဟွမ်ချွမ်းမြစ်ပေါ်မှ ကြာပန်းနက်သည်တော့ ရုတ်တရက် ညှိုးခြောက်သွားပြီး ဟွမ်ချွမ်းမြစ်ထဲသို့ နစ်မြုပ်သွားသည်။
အဖြစ်အပျက်အားလုံးက မျက်စိတစ်မှိတ်အတွင်းမှာ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။ ကြာပန်းနက်၊ မှော်နက်တစ္ဆေမီးအိမ်နှင့် ဟင်းလင်းပြင်ပြိုကွဲမှု အစရှိသည်တို့က ပုံရိပ်ယောင်များ ဖြစ်ဟန် ရ၏။ ဤသည်မှာ ယင်းတို့က တကယ်မဖြစ်ပျက်ခဲ့သည့်အလားပင်။
ဟွမ်ချွမ်းမြစ်ထဲမှ ဝိညာဉ်သန်းပေါင်းများစွာက ရုတ်တရက် လျော့နည်းသွားကြောင်း သူတို့မမြင်မိလျှင် ယင်းက အိမ်မက်ဖြစ်သည်ဟု ဇဝေဇဝါဖြစ်နေလိမ့်မည်။
“ အဲ့ဒီမှော်နက်တစ္ဆေမီးအိမ်က ဟင်းလင်းပြင်ကို ဖျက်ဆီးပစ်ပြီး အပြင်ထွက်သွားတယ်လား ”
ထိုမြင်ကွင်းကို မြင်သောအခါ ငွေဆံရှည်က သက်ပြင်းချလိုက်ပြီး သူ၏ အတွေးများကို ပြန်စုစည်းလိုက်သည်။ သူက ပြောသည်။
“ ကောင်းပြီ… ငါတို့ အများကြီး မတွေးရအောင်… မှော်နက်တစ္ဆေမီးအိမ်ရဲ့ ထွက်ပေါ်လာမှုက မတော်တဆမှုတစ်ခုပါပဲ… ဒီကို ရောက်လာတဲ့ ငါတို့ရဲ့ ရည်ရွယ်ချက်ကို မမေ့ကြနဲ့… ငါတို့တွေ ဟိုဘက်ခြမ်းကို ရောက်ပြီး ထိပ်ဆုံးဆယ်နေရာထဲက တစ်နေရာကို အရယူကြမယ်… အခု ငါတို့တွေ လမ်းတစ်ဝက်အထိ ရောက်နေပြီ… ကျန်တစ်ဝက်က လွယ်ကူမှာမဟုတ်ဘူး… ဟွမ်ချွမ်းမြစ်ထဲက ရေမိစ္ဆာတွေကို သတိထားကြ ”
ယင်းကို ကြားသောအခါ တခြားမိစ္ဆာဘုရင်များက ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် သူတို့လေးယောက်က တုံ့ဆိုင်းမနေဘဲ အရှေ့သို့ ဆက်ပြေးသွားကြသည်။ သူတို့အရှေ့မှာ မည်သည့်မသေမျိုးကျင့်ကြံသူမှ မရှိပေ။ သို့သော်လည်း သူတို့က မျက်နှာတည်ကြည်နေကြသည်။ ရှင်းလင်းစွာပင် သူတို့အရှေ့မှာ စောင့်ကြိုနေသည့် အတားအဆီးက သူတို့အတွက်ပင် အလွန်အန္တရာယ်များသည်။
“ သတ် ”
မှော်နက်တစ္ဆေမီးအိမ် ပျောက်ကွယ်သွားသည်နှင့်ချက်ချင်း ရှေးဟောင်းတံတားပေါ်မှ သတ်ဖြတ်ပွဲက ပြန်လည်စတင်လာသည်။ မှော်နက်တစ္ဆေမီးအိမ်က အံ့ဖွယ်ထူးခြားသော်လည်း သူတို့အားလုံးက ယင်းကို မတော်တဆမှုတစ်ခုဟုသာ သဘောထားကြသည်။ လူတိုင်း၏ အဓိကရည်ရွယ်ချက်က တံတား၏ အခြားတစ်ဖက်ဆီသို့ ရောက်ရန် ဖြစ်သည်။ ထို့ပြင် အရေအတွက်က ကန့်သတ်ချက်ရှိသည်။ လူဆယ်ဦးသာလျှင် ကံကောင်းခြင်းကို ပိုင်ဆိုင်နိုင်ကြလိမ့်မည်။
ထို့ကြောင့် ရှေးဟောင်းတံတားပေါ်မှ လူတိုင်းက တံတား၏ အခြားတစ်ဖက်ဆီသို့ ရောက်ရန် သူ့ထက်ငါအရင် အလုအယက် ကြိုးစားနေကြသည်။ သို့ဖြစ်၍ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုများက ရှေးဟောင်းတံတားပေါ်မှာ ဆက်လက် ဖြစ်ပေါ်လာသည်။ ဓမ္မရတနာအမျိုးမျိုးနှင့် မှော်အဆောင်များက ရှေးဟောင်းတံတားပေါ်မှာ ရောင်စုံအလင်းတန်းများနှင့်အတူ ထွက်ပေါ်လာသည်။
မိစ္ဆာများသည် သူတို့၏ သန်စွမ်းသော မိစ္ဆာခန္ဓာကိုယ်ကို အသုံးပြု၍ ရိုင်းစိုင်းကြမ်းကြုတ်သော တိုက်ခိုက်မှုများကို ထုတ်ဖော်နေကြသည်။ သူတို့က ချွန်ထက်သော လက်သည်းများ၊ ကြာပွတ်သဖွယ် ကြမ်းတမ်းသော အမြီးများနှင့် သွားအစွယ်များ အစရှိသည်တို့ကို အသုံးပြု၍ တိုက်ခိုက်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများက အစွမ်းထက်သော လက်နက်များ ဖြစ်လာသည်။ သူတို့၏ လက်သည်းအောက်မှာ သေဆုံးသွားသော ကျင့်ကြံသူများက မရေမတွက်နိုင်အောင်ပင်။ မိစ္ဆာများ၏ လက်ချက်ကြောင့် သေဆုံးသွားကြသူများသည် ခန္ဓာကိုယ်အကောင်းတိုင်း ကျန်ရှိနေရန် မျှော်လင့်မနေသင့်ပေ။
သွေးက လေထဲမှာ မြူခိုးထုအဖြစ် သိပ်သည်းသွားသည်။ ကောင်းကင်သည်ပင် သွေးနီရောင်သို့ ပြောင်းလဲသွားသည်။
သီရှီထျန်သည် အရှေ့သို့ လှမ်းကြည့်လိုက်သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများက သူ့အရှေ့မှာ လမ်းပိတ်နေကြောင်း မြင်သွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက ထပ်မံ ထွက်ပေါ်လာသည်။ သူက ကျားဝိညာဉ်ဓားမော့ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး အလွန်အားကောင်းသော သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်လွှတ်လိုက်သည်။
ဝူပိုကျွင်းကို သူစိုက်ကြည့်လိုက်စဉ် ဝူဝူဒီ၏ ပုံရိပ်က သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။
သူက အနည်းငယ် မျက်မျောင်ကြုတ်လိုက်ပြီး စိတ်ထဲမှာ တွေးလိုက်သည်။
‘ ဒီတစ်ကြိမ် ဝူဝူဒီကို ငါမျက်နှာသာပေးလိုက်မယ်… ဘာပဲပြောပြော သူက မသေမျိုးလောကထဲမှာ ငါနဲ့ ရင်းနှီးခဲ့တဲ့ မိတ်ဆွေအနည်းစုထဲက တစ်ယောက်ပဲ… ဝူပိုကျွင်းက သူ့ရဲ့ အမွှာအကို… သူ့ကို လွှတ်ပေးလိုက်တာက ဝူဝူဒီဆီမှာ ငါအကြွေးရစရာရှိသွားလိမ့်မယ် ’
သူက တိတ်တဆိတ် စိတ်ဆုံးဖြတ်လိုက်သည်။ သူက ဝူပိုကျွင်းကို နောက်ထပ် ဂရုမစိုက်တော့ပေ။ မှန်ပေသည်။ အကယ်၍ ဝူပိုကျွင်းက သူ့အတွက် မည်သည့်အရာက ကောင်းကြောင်း မသိဘဲ သူ့အား ထပ်မံ တားဆီးမည်ဆိုလျှင် သူက သနားညှာတာနေမည် မဟုတ်ချေ။ သူက တစ်ဖက်လူကို သေချာပေါက် သတ်ပစ်လိမ့်မည်။ ဝူဝူဒီကဲ့သို့ မိတ်ဆွေတစ်ယောက်ကို ဆုံးရှုံးသွားမည်ဆိုလျှင်ပင် သူဂရုစိုက်နေမည် မဟုတ်ချေ။
“ ထန် ”
သီရှီထျန်က သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည်။ သူ့လက်ထဲမှ ကျားဝိညာဉ်ဓားမော့က စူးရှသော အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ဝူပိုကျွင်းထံသို့ တိုးဝင်သွားသည်။ ဓားမော့ထိုးချက်သည် လျှပ်စီးပမာ မြန်ဆန်ပြီး မည်သည့်သတိပေးမှုမှမရှိဘဲ ရုတ်တရက် ထွက်ပေါ်လာသည်။ ဝူပိုကျွင်းက ထိုအတွက် အသင့်ပြင်ဆင်ထားသည်။ သူက လက်သီးတစ်လုံးကို ထိုးလွှတ်လိုက်သည်။
သို့သော်လည်း သူမမျှော်လင့်ထားသည်မှာ ဓားမော့ထိပ်ဖျားက ရုတ်တရက် လမ်းကြောင်းပြောင်းသွားပြီး သူ့လက်သီးထိုးချက်ကို ရှောင်ထွက်သွားသည်။
“ ဇွက် ”
ချွန်ထက်သော လက်နက်ဖြင့် အသွေးအသား ထိုးဖောက်ခံလိုက်ရသောအသံ ထွက်ပေါ်လာသည်။ ကျားဝိညာဉ်ဓားမော့၏ ရွှေရောင်ဓားမော့အလင်းက ဝူပိုကျွင်း၏ ရင်ဘက်ကို ထိုးစိုက်သွားသည်။ သွေးက ဓားမော့ပေါ်မှာ ချက်ချင်း စီးဆင်းသွားသည်။ သို့သော်လည်း ကျားဝိညာဉ်ဓားမော့သည် ဝူပိုကျွင်း၏ သွေးကို မစုပ်ယူပေ။ သို့မဟုတ်လျှင် ထိုဓားမော့ထိုးချက်က ဝူပိုကျွင်း၏ သွေးချီအနှစ်သာရတစ်ဝက်ခန့်ကို စုပ်ယူသွားလိမ့်မည်။
“ ရွှတ် ”
သီရှီထျန်က ဓားမော့ကို ပြန်ဆွဲထုတ်လိုက်သည်။ ထိုအခါ သွေးက ဓားမော့ထံမှ တတောက်တောက် စီးကျသွားသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သွေးက ပယင်းရောင်ဓားမော့ပေါ်၌ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားသည်။ သူက ဝူပိုကျွင်းကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး ပြောသည်။
“ မင်းရှုံးနိမ့်သွားပြီ… မင်းရဲ့ ညီ ဝူဝူဒီကြောင့် ငါမင်းကို ဒီတစ်ကြိမ်တော့ မသတ်ဘူး… ဒါပေမဲ့ နောက်တစ်ကြိမ်ဆိုရင်တော့ ငါက သနားမကြင်နာဘူးလို့ မပြောနဲ့ ”
“ ဖတ်… ဖတ်… ”
သူက စကားဆုံးအောင် ပြောပြီးနောက် ဝူပိုကျွင်းကို နောက်ထပ် မကြည့်တော့ပေ။ သူက ခြေထောက်ကို ရွေ့လျားလိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားသည်။ အရှေ့သို့ သူလျှောက်သွားနေစဉ် သူ့လက်ထဲမှ ကျားဝိညာဉ်ဓားမော့က အဆက်မပြတ် ဝှေ့ယမ်းသွားသည်။ သူက ဓားမော့ခုတ်ချက် တစ်ချက်ပြီးတစ်ချက်ကို ထုတ်ဖော်နေသည်။ ကျားဝိညာဉ်ဓားမော့၏ ပြိုင်ဘက်ကင်းထက်ရှမှုအောက်မှာ မည်သူမှ အသက်မရှင်နိုင်ကြချေ။ မသေမျိုးကျင့်ကြံသူ တစ်ယောက်ပြီးတစ်ယောက်က သေဆုံးသွားကြသည်။
“ ဝူဝူဒီ… ဟား ဟား ဟား… ”
သူ့အနောက်တွင် ရူးသွပ်သော ရယ်သံ ထွက်ပေါ်လာသည်။ ယင်းက ဝူပိုကျွင်းထံမှ ဖြစ်သည်။ သူက အထီးကျန်ဆန်သော အမူအရာဖြင့် ရယ်မောနေသည်။ ထို့နောက် ဒေါသထွက်သော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ငါရှုံးသွားပြီဆိုမှတော့ မင်းငါ့ကို သတ်နိုင်တယ်… ဒါမှမဟုတ် ငါ့ကို ညှဉ်းပန်းနိုင်တယ်… ဒါပေမဲ့ မင်းက ငါ့ကို သူ့အပေါ် ကျေးဇူးအကြွေး တင်စေလိုတယ်… ရယ်စရာပဲ… ဟာသပဲ… သိုင်းပညာရှင်တစ်ယောက်အနေနဲ့ အဲ့လိုစော်ကားတာကို မခံနိုင်ဘူး… သေရုံပဲ မဟုတ်ဘူးလား… ဘာလို့ ငါက တခြားလူဆီမှာ အသနားခံနေရာမှာလဲ ”
“ ဝှစ် ”
ဝူပိုကျွင်း၏ မျက်နှာပေါ်မှာ စိတ်ဓာတ်ပြတ်သားသော အမူအရာ ထွက်ပေါ်လာသည်။ သူက ရူးသွပ်စွာ ရယ်လိုက်ပြီး ဟွမ်ချွမ်းမြစ်ထဲသို့ ခုန်ချလိုက်သည်။ “ ဗွမ်း ”ဟူသော မြည်သံနှင့်အတူ ဝူပိုကျွင်း၏ ပုံရိပ်က မြစ်ထဲသို့ ပြုတ်ကျသွားသည်။
ထို့နောက် သူက ပြန်ပေါ်မလာတော့ပေ။ သူက တခြားလူများကဲ့သို့ပင် ကြောက်စရာကောင်းသော ဟွမ်ချွမ်းမြစ်၏ တိုက်ရိုက် ဝါးမျိုခံလိုက်ရသည်။
ဝူပိုကျွင်း၏ စိတ်ဓာတ်က အမှန်တကယ် အံ့ဩဖွယ်ကောင်းသည်။ ဝူဝူဒီနှင့် ဝူပိုကျွင်းကြားမှာ မည်သည့်ဇာတ်လမ်းရှိကြောင်း သူမသိပေ။ သို့သော်လည်း ဝူပိုကျွင်းသည် ဝူဝူဒီအပေါ်မှာ ကျေးဇူးအကြွေးမတင်ချင်သောကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်သည်။
သီရှီထျန်က အနောက်လှည့်လိုက်ပြီး ဟွမ်ချွမ်းမြစ်ကို ကြည့်လိုက်သည်။ တစ်ခဏကြာ နှုတ်ဆိတ်နေပြီးနောက် သူက ပြောသည်။
“ ဝူပိုကျွင်း… ငါ့နာမည်က သီရှီထျန်ဆိုတာ မှတ်ထားပါ… မင်းရဲ့ နာမည်ကိုလည်း ငါမှတ်ထားမယ် ”
သူက စကားပြောပြီးသည်နှင့် တုံ့ဆိုင်းမနေဘဲ အရှေ့သို့ ဆက်လျှောက်သွားသည်။ ဤတစ်ကြိမ်တွင် သူက မြန်ဆန်စွာ ရွေ့လျားသွားသည်။ ရှေးဟောင်းတံတားပေါ်တွင် လူတိုင်းက ရူးသွပ်သွားကြသည်။ သူတို့က မိမိ၏ အသက်ကိုပင် ဂရုမစိုက်ကြတော့ပေ။ သူတို့က အရှေ့သို့ ခြေတစ်လှမ်း လှမ်းနိုင်ရန် သတ်ဖြတ်မှုများကို အဆက်မပြတ် လုပ်ဆောင်ကြသည်။
သို့ဖြစ်၍ ရှေးဟောင်းတံတားပေါ်မှ ခြေလှမ်းတိုင်းမှာ သွေးစွန်းထင်နေသည်။ ခြေတစ်လှမ်း လှမ်းရန်သည် ဤနေရာမှာ လွယ်ကူသောအရာ မဟုတ်ပေ။ သို့သော်လည်း တချို့အရာများကို ရူးသွပ်မှုသက်သက်ဖြင့် မတားဆီးနိုင်ပေ။ ကျင့်ကြံသူအများအပြားက သီရှီထျန်အတွက် အခက်တွေ့စရာဖြစ်သော်လည်း သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကျင့်ကြံသူရာထောင်ချီက အသတ်ခံလိုက်ကြရသည်။ တချို့ကျင့်ကြံသူများက ပိုပြီးရူးမိုက်ကြသည်။ သူတို့က ကိုယ့်ကိုယ်ကိုယ်စတေး၍ သီရှီထျန်ကို အသေခံတိုက်ခိုက်ကြသည်။
ထိုသို့တိုက်ခိုက်မှုများကို ရင်ဆိုင်ရခြင်းက ဓားသွားပေါ်မှာ လမ်းလျှောက်နေခြင်းနှင့် ဆင်တူသည်။ သတိတစ်ချက်လွတ်သွားသည်နှင့် သူက သေခြင်းရှင်ခြင်းအခြေအနေသို့ ကျရောက်သွားလိမ့်မည်။ သို့သော်လည်း အန္တရာယ်ပိုများလေ သူ့စိတ်က ပိုပြီးတည်ငြိမ်လေ ဖြစ်သည်။
သူ့လက်ထဲမှ ဓားမော့ပညာရပ်က ပိုပြီးအံ့ဖွယ်ကောင်းလာသည်။ သူက ကျားဝိညာဉ်ဓားမော့ကို ရိုးရိုးရှင်းရှင်းသာ လှုပ်ရှားလိုက်သည်။ ယင်းတို့က တမူထူးခြားသော ဓားမော့လှုပ်ရှားမှုများ မဟုတ်ပေ။ သို့သော်လည်း ယင်းတို့က အလွန်အစွမ်းထက်ပြီး ထိရောက်မှုရှိသည်။ သူက လူတစ်ယောက်ကို ဓားတစ်ချက်တည်းဖြင့် အမြန်ဆုံး သတ်ပစ်ရန် ကြံရွယ်ထားသည်။
ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ စက်ကရာ၏ ဓားမော့လှုပ်ရှားမှုများထဲမှာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါ ကိန်းအောင်းလာသည်။
အဆုံးမဲ့သော သတ်ဖြတ်မှုများကို လုပ်ဆောင်ပြီးနောက် သူ၏ ဓားမော့ပညာရပ်က ပိုပြီးတိုးတတ်သွားသည်။ သူ၏ ဓားမော့ခုတ်ချက်များကို ရှောင်တိမ်းနိုင်သူများက တဖြည်းဖြည်း နည်းပါးလာသည်။ သူ၏ ဓားမော့ခုတ်ချက်များက ရန်သူ၏ သေကွင်းသေကွက်နေရာများဆီသို့သာ တန်းတန်းမတ်မတ် ကျရောက်သွားသည်။ သူက ရန်သူကို ဓားမော့ခုတ်ချက်တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်သည်ဆိုလျှင် ဒုတိယမြောက် ခုတ်ချက်ကို အပိုထုတ်ဖော်လိမ့်မည် မဟုတ်ချေ။
အမြဲတစေ သူလေ့ကျင့်နေသော အခြေခံဓားမော့ပညာရပ်က အံ့ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားသည်။ ဤအခိုက်အတန့်မှာ သူ၏ ဓားမော့လှုပ်ရှားမှုများတွင် ရည်ရွယ်ချက်တစ်ခုတည်းသာ ရှိတော့သည်။ ယင်းက ရန်သူကို တစ်ချက်တည်း သတ်ဖြတ်ရန် ဖြစ်သည်။
တိုက်ပွဲအတွင်းဝယ် ကြီးကျယ်ခမ်းနားသော တိုက်ကွက်များက အမြဲတစေ ပြစ်ချက်ရှိပြီး ဟာကွက်များလေ့ရှိသည်။ ရိုးရှင်းပြီး ထိရောက်မှုရှိသော အခြေခံဓားမော့လှုပ်ရှားမှုများက တစ်ခါတစ်ရံမှာ တိုက်ပွဲတွင် အများကြီး ပိုအသုံးဝင်သည်။ ဓားမော့တွင်ဖြစ်စေ ဓားတွင်ဖြစ်စေ အဓိကသော့ချက်က လျှင်မြန်မှု ဖြစ်သည်။