အခန်း ၃၉၄
Vol. 27 Ch. 394
အခန်း(၃၉၄)
အကယ်၍ ရန်သူကို တစ်ချက်တည်း သတ်ဖြတ်ချင်လျှင် ကိုယ်ထုတ်လွှတ်လိုက်သော ဓားမော့ခုတ်ချက်က ရန်သူ၏ တုံ့ပြန်နိုင်မှုထက် ပိုပြီးမြန်ဆန်နေရမည်။ သို့မှသာ တစ်ဖက်လူက အကာအကွယ်မလုပ်နိုင်ဘဲ ချက်ချင်း အသတ်ခံရလိမ့်မည်။ သတ်ဖြတ်ခြင်းသည် လက်လွှဲသင်ကြားပေးနိုင်သောအရာ မဟုတ်ပေ။ ယင်းကို ကိုယ်တိုင်လုပ်ဆောင်မှသာ သင်ယူတတ်မြောက်နိုင်လိမ့်မည်။
အဆုံးမဲ့သော သတ်ဖြတ်မှုများကြား၌ စက်ကရာ၏ မိစ္ဆာခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်များ ထွက်ပေါ်လာသည်။ ယင်းက သူ့အသွင်သဏ္ဍာန်ကို ပိုပြီးကြောက်မက်ဖွယ်ကောင်းစေသည်။
သို့သော်လည်း စက်ကရာသည် ထိုဒဏ်ရာဒဏ်ချက်များကို ဂရုစိုက်မနေပေ။ သူက ကျားဝိညာဉ်ဓားမော့ကို ထပ်ခါတလဲလဲ လွှဲယမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်၏ အပြင်ဘက်တွင် ပယင်းရောင်ဓားမော့စက်ဝန်းတစ်ခု ထွက်ပေါ်လာသည်။ ပြိုင်ဘက်ကင်းထက်ရှသော ဓားမော့တိုက်ခိုက်မှုများက အရပ်မျက်နှာအသီးသီးသို့ ပြန့်ကျဲသွားသည်။ ထိုဧရိယာအတွင်းမှာရှိသော ကျင့်ကြံသူအားလုံးက ပယင်းရောင်ဓားမော့စက်ဝန်းကြောင့် အပိုင်းပိုင်း ပြတ်တောက်သွားသည်။ သူက အေးဆေးတည်ငြိမ်စွာ အရှေ့သို့ ဆက်လျှောက်သွားသည်။
မကြာမီ သူက ပင်လယ်သဖွယ် စုပြုံနေသော ကျင့်ကြံသူအုပ်စုထဲမှ ရုန်းထွက်နိုင်သွားသည်။ သူက ပင်လယ်ထဲမှ သန္တာကျောက်တန်းနှင့် ဆင်တူသည်။ လေဒဏ်မိုးဒဏ် မည်မျှကြီးမားပါစေ သူက မလှုပ်မယှက် ရှိနေသည်။
နာရီဝက်ကြာပြီးနောက် သူက အရှေ့ပိုင်းဆီသို့ ရောက်သွားသည်။
အကယ်၍ ရှေးဟောင်းတံတားကို အပိုင်းများခွဲခြားမည်ဆိုလျှင် အရှေ့၊ အလယ်နှင့် အနောက်ဟူ၍ သုံးပိုင်းခွဲခြားနိုင်သည်။
အခြေတည်နယ်ပယ်မှ ကျင့်ကြံသူများသည် တံတား၏ အနောက်ပိုင်းမှာ စုဝေးနေကြပြီး အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများသည် တံတား၏ အလယ်ပိုင်းမှာ စုဝေးနေကြသည်။ အရှေ့ပိုင်းမှာတော့ ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူများ စုဝေးနေကြသည်။ သူတို့တစ်ယောက်စီသည် လေနှင့် မိုးကို ဆင့်ခေါ်နိုင်သော အစွမ်းထက် ကျင့်ကြံသူများ ဖြစ်ကြသည်။
“ ဝုန်း ”
အရှေ့ပိုင်းအုပ်စုသည် ရှေးဟောင်းတံတား၏ တစ်ဝက်ခန့်ကို ဖြတ်ကျော်သွားကြသည်။ ထိုစဉ် ဟွမ်ချွမ်းမြစ်ရေက ရုတ်တရက် အပြင်းအထန် တုန်ခါသွားသည်။ ကြီးမားသော လှိုင်းလုံးများက ရှေးဟောင်းတံတားပေါ်သို့ ဆန်တတ်လာကြသည်။ ရှေးဟောင်းတံတားပေါ်ဝယ် ထိုလှိုင်းလုံးများက မြစ်ရေမှ ခွဲထွက်သွားပြီး တံတားပေါ်သို့ ကျဆင်းသွားသည်။ နောက်အခိုက်အတန့်မှာ လှိုင်းလုံးများက လူးလွန့်သွားပြီး အစိမ်းရောင်ရေမိစ္ဆာများအဖြစ် ပြောင်းလဲသွားကြသည်။
အကယ်၍ သာမန်လူတစ်ယောက်က ဟွမ်ချွမ်းမြစ်ရေတစ်စက်ကို ထိတွေ့လိုက်မည်ဆိုလျှင် ယင်းက သူ၏ အရိုးများနှင့် ဝိညာဉ်ကို ချက်ချင်း ယိုယွင်းတိုက်စားပစ်လိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်က ဟွမ်ချွမ်းမြစ်ထဲသို့ ပြုတ်ကျသွားမည်ဆိုလျှင် အသက်ရှင်လျက် ပြန်လွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။ ဤရေမိစ္ဆာများ၏ ခန္ဓာကိုယ်ကို ဟွမ်ချွမ်းမြစ်ရေဖြင့် ဖွဲ့စည်းထားသည်။ သို့ဖြစ်၍ အကယ်၍ တစ်စုံတစ်ယောက်သာ ရေမိစ္ဆာများဖြင့် ထိတွေ့သွားမည်ဆိုလျှင် နောက်ဆက်တွဲအကျိုးဆက်က အလွန်ကြီးမားလိမ့်မည်။
ထိုရေမိစ္ဆာများကို ဟွမ်ချွမ်းရေဝိညာဉ်များဟုလည်း ခေါ်ကြသည်။ ဤအခိုက်အတန့်မှာ အရေအတွက်တစ်ထောင်ကျော်သော ရေမိစ္ဆာများက ရှေးဟောင်းတံတားပေါ်မှာ ထွက်ပေါ်လာကြသည်။ သူတို့က ရှေးဟောင်းတံတား၏ အခြားတစ်ဝက်မှာ စုပြုံနေကြပြီး လမ်းပိတ်ထားကြသည်။ သူတို့က အရှေ့သို့ ပြေးလာနေကြသော ကျင့်ကြံသူများနှင့် မိစ္ဆာများကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ကြသည်။ အေးစက်မှုနှင့် အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ သတိထားကြ… အဲ့ဒါက ဟွမ်ချွမ်းရေဝိညာဉ်တွေ… သူတို့ကို မင်းတို့ရဲ့ ခန္ဓာကိုယ်နဲ့ မထိစေနဲ့… ဖြစ်နိုင်မယ်ဆို သူတို့ကို ရှောင်တိမ်းသွားကြပါ… အဲ့လိုမလုပ်နိုင်ရင် လက်နက်တွေကို အသုံးပြုပြီး သူတို့ကို တိုက်ခိုက်အနိုင်ယူပါ… အရှေ့ကို မင်းရောက်သွားတာနဲ့ သူတို့က ဆက်တိုက်ခိုက်တော့မှာ မဟုတ်ဘူး… ငါတို့တွေ တစ်ခဏလေးတောင် ရပ်လိုက်လို့ မဖြစ်ဘူး ”
ငွေဆံရှည်သည် ဟွမ်ချွမ်းရေဝိညာဉ်များကို မြင်သွားသောအခါ မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်စွာ ပြောသည်။
ငွေရောင်အလင်းက လေထဲမှာ ထွန်းလင်းတောက်ပသွားသည်။ ငွေဆံရှည်က သူ၏ လက်နှစ်ဖက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး နက်နဲသိမ်မွေ့သော လမ်းကြောင်းတစ်ခုကို ဖန်တီးလိုက်သည်။ သူက လက်ဝါးရိုက်ချက်များကို ထုတ်လွှတ်လိုက်ပြီး သူ့အရှေ့မှ ဟွမ်ချွမ်းရေဝိညာဉ်တစ်ကောင်ကို တိုက်ခိုက်လိုက်သည်။
“ ဘန်း ”
ချက်ချင်းဆိုသလိုပင် ဟွမ်ချွမ်းရေဝိညာဉ်က အပိုင်းပိုင်းအစစ ကွဲထွက်သွားသည်။ နောက်အခိုက်အတန့်မှာ ဟွမ်ချွမ်းရေဝိညာဉ်က မရေမတွက်နိုင်သော အစိမ်းရောင်ရေစက်များအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအသီးသီးဆီသို့ ပြန့်ကျဲသွားသည်။
“ အား… ငါ့မျက်စိ ”
“ မကောင်းတော့ဘူး… အဲ့ဒါ ဟွမ်ချွမ်းမြစ်ရေ… အဲ့ဒါက ခန္ဓာကိုယ်ကို ယိုယွင်းတိုက်စားပစ်နိုင်တယ် ”
အရေအတွက်အကန့်အသတ်မဲ့သော အစိမ်းရောင်ရေစက်များက အရပ်မျက်နှာအသီးသီးသို့ မြန်ဆန်စွာ ပြန့်ကျဲသွားသည်။ ငွေဆံရှည်တို့အုပ်စု၏ အနောက်တွင် ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူများက အမြန်လိုက်လာနေကြသည်။ သူတို့က ကျင့်ကြံခြင်းစွမ်းအားကို အသုံးမပြုနိုင်ကြလေရာ ရုတ်တရက် ထွက်ပေါ်လာသော ဟွမ်ချွမ်းမြစ်ရေစက်များကြောင့် ဒုက္ခရောက်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ မြစ်ရေစက်များက ပျံ့နှံ့သွားသည်။ သံချပ်ကာမဝတ်ဆင်ထားသော ခန္ဓာကိုယ်အစိတ်အပိုင်းများက ချက်ချင်း ယိုယွင်းတိုက်စားခံလိုက်ရသည်။
ဟွမ်ချွမ်းမြစ်ရေစက်က သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ထိမှန်သွားသည့်အခါ တရှဲရှဲမြည်သံ ထွက်ပေါ်လာသည်။ သူတို့၏ အသွေးအသားများက အစိမ်းရောင်အရည်အဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ သူတို့၏ အရိုးများသည်ပင် မြန်ဆန်စွာ အရည်ပျော်သွားသည်။ သို့ဖြစ်၍ စိတ်ဓာတ်ပြတ်သားသော ကျင့်ကြံသူအများစုသည် ဟွမ်ချွမ်းမြစ်ရေစက် ထိမှန်သွားသော သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ချက်ချင်း လှီးထုတ်လိုက်ကြသည်။
ကံမကောင်းသော ကျင့်ကြံသူတချို့ဆိုလျှင် သူတို့၏ မျက်လုံးများကို ချက်ချင်း ကလော်ထုတ်လိုက်ကြသည်။
သူတို့သည် အမှန်တကယ် ရူးသွပ်ကြသည်။
ယင်ယန်ကောင်းကင်တံတားပေါ်မှ ရိုင်းစိုင်းကြမ်းကြုတ်သော တိုက်ပွဲက ပိုပြီးရူးသွပ်ဖွယ်ကောင်းလာသည်။ မသေမျိုးကျင့်ကြံသူများနှင့် မိစ္ဆာများသည် ကြောက်မက်ဖွယ်ကောင်းသော ဟွမ်ချွမ်းရေဝိညာဉ်များနှင့် တိုက်ခိုက်နေကြသည်။ ရှေးဟောင်းတံတားပေါ်၌ ပျော်ရွှင်ဖွယ်မြင်ကွင်း မရှိပေ။ နေရာတိုင်းမှာ အဆုံးမဲ့သော သတ်ဖြတ်မှုများသာ ရှိသည်။ သတ်ဖြတ်ခြင်းအရှိန်အဝါက ဟွမ်ချွမ်းမြစ်၏ ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းထားသည်။
“ ဟူး… ခရမ်းလ… ခရမ်းလ… နင်ပြောတော့ ငါတို့ကို ဒီနေရာမှာ ခဏထိန်းသိမ်းထားပြီး လျှို့ဝှက်နယ်မြေကို ကာကွယ်စောင့်ရှောက်ခိုင်းမယ်ဆို… နှစ်တစ်သိန်းပြည့်တဲ့အခါ လျှို့ဝှက်နယ်မြေရဲ့ အမွေအနှစ်ကို ဆက်ခံနိုင်မယ့် ပါရမီရှင်မိစ္ဆာတစ်ကောင် ထွက်ပေါ်လာပြီး ငါတို့ကို လွတ်လပ်မှုပြန်ပေးမယ်ဆို… အခု နှစ်တစ်သိန်းပြည့်သွားပြီ… ဘယ်မိစ္ဆာမှ လျှို့ဝှက်နယ်မြေရဲ့ အမွေအနှစ်ကို မဆက်ခံနိုင်သေးဘူး… ”
“ မင်းပြောတာ မှန်တယ် ကောင်းကင်ဘုံမိစ္ဆာပိုးကောင်… ငါတို့ရဲ့ သက်တမ်းက ကုန်ဆုံးလုနီးပါးဖြစ်နေပြီ… ဒီတစ်ခေါက် ငါတို့အပြင်မထွက်နိုင်ဘူးဆိုရင် ဒီသောက်ကျိုးနည်းနေရာမှာ ငါတို့ တကယ် သေဆုံးသွားလိမ့်မယ်… ခရမ်းလက အရမ်းရက်စက်တယ်… ငါတို့ကို ဖိနှိပ်ဖို့အတွက် သူ့ရဲ့ သက်တမ်းကို စတေးပြီး သူ့ကိုယ်သူ ခရမ်းလအဖြစ် ပြောင်းလဲခဲ့တယ်… အဲ့ဒါကြောင့် မိုးမြေဝိညာဉ်စွမ်းအားကို ငါတို့မစုပ်ယူနိုင်ဘူး… အနှစ်တစ်သိန်းရှိသွားပြီ… ငါ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားက ကုန်ဆုံးခါနီးနေပြီ ”
အသက်အရွယ်ကြီးမားသော ပုံရိပ်နှစ်ခုက ကောင်းကင်လျှို့ဝှက်နယ်မြေ၏ အံ့ဖွယ်ထူးခြားသော နေရာတစ်နေရာမှာ ရုတ်တရက် ထွက်ပေါ်လာကြသည်။ သူတို့၏ လေသံထဲမှာ ခရမ်းလအပေါ် ကြောက်ရွံ့မှုနှင့် မကျေမချမ်းမှု ပါရှိသည်။
သူတို့ပြောနေသော စကားများအရ ဤကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေကို ဖန်တီးခဲ့သော ကောင်းကင်မိစ္ဆာကို ခရမ်းလဟု ခေါ်ကြောင်း သိနိုင်လိမ့်မည်။ သူတို့နှစ်ယောက်သည် လျှို့ဝှက်နယ်မြေထဲမှာ ဖိနှိပ်ခံထားရသော မိစ္ဆာဘိုးဘေးများ ဖြစ်ကြသည်။ ကြည့်ရသည်မှာ သူတို့က ခရမ်းလ၏ ဖိနှိပ်မှုကြောင့် လျှို့ဝှက်နယ်မြေထဲမှ မိုးမြေဝိညာဉ်စွမ်းအားကို မစုပ်ယူနိုင်ကြဟန် ရ၏။ နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီးနောက် သူတို့၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားက ကုန်ဆုံးလုနီးပါး ဖြစ်သွားသည်။
“ မင်းရဲ့ အခြေအနေလည်းပဲ ငါ့ထက် မကောင်းပါဘူး… မင်းရဲ့ အတွင်းကမ္ဘာထဲမှာ ဝိညာဉ်စွမ်းအားတစ်မျှင်တောင် မကျန်ရှိတော့ဘူး… ဝိညာဉ်စွမ်းအားအားလုံး ကုန်ခမ်းသွားတဲ့အခါ မင်းအသက်ရှင်နိုင်ဦးမယ်လို့ ထင်လား… အဲ့ဒီခရမ်းလက တကယ့်အရူးမပဲ… မိစ္ဆာမျိုးနွယ်စုရဲ့ အနာဂတ်အတွက် သူ့ရဲ့ ထာဝရသက်တမ်းကို စတေးလိုက်တယ်… အဲ့လိုလုပ်ဖို့ဆိုတာ တော်ရုံရူးမိုက်ရုံနဲ့ မရဘူး ”
ထိုပုဂ္ဂိုလ်၏ လေသံထဲမှာ ကြောက်ရွံ့မှုတစ်စွန်းတစ်စ ပါရှိ၏။
အမှန်မှာ အဆင့်ပိုမြင့်ပြီး သက်တမ်းပိုကြာရှည်လာလေ သေရာမှာ ပိုပြီးကြောက်လာလေ ဖြစ်သည်။ ယင်းက ထူးဆန်းသောကိစ္စ မဟုတ်ပေ။ မည်သူမှ သူတို့၏ ထာဝရသက်တမ်းကို မစွန့်လွှတ်ချင်ကြပေ။ သို့သော်လည်း တချို့ပုဂ္ဂိုလ်များက တုံ့ဆိုင်းမနေဘဲ ထိုသို့လုပ်ဆောင်ဝံ့ကြသည်။ သူတို့က သေးငယ်သော ပုရွက်ဆိတ်လေးများအတွက် သူတို့၏ ထာဝရသက်တမ်းကို စွန့်လွှတ်ရန် ဆန္ဒရှိကြသည်။
သူတို့နှစ်ယောက်၏ အမြင်မှာတော့ ထိုသို့ပုဂ္ဂိုလ်များက အရူးများ ဖြစ်ကြသည်။
“ ငါပြောချင်တာလည်း အဲ့ဒါပဲ… ငါတို့မိစ္ဆာမျိုးနွယ်စုက သဘာဝရဲ့ ကောင်းချီးပေးမှုကို ရရှိထားတဲ့ မျိုးနွယ်စုဖြစ်တယ်… ကောင်းကင်နဲ့ မြေပြင် မပျက်စီးသွားသရွေ့ ဒီလောကမှာ ဝိညာဉ်စွမ်းအား ရှိနေသေးသရွေ့ နေနဲ့လက ငါတို့ခေါင်းပေါ်မှာ ထွန်းလင်းနေသေးသရွေ့ ငါတို့မိစ္ဆာမျိုးနွယ်စုက ဘယ်တော့မှ မျိုးတုန်းသွားမှာမဟုတ်ဘူး… အတိတ်မှာ လူသားမျိုးနွယ်က ငါတို့ကို ဆန့်ကျင်တိုက်ခိုက်ခဲ့တယ်ဆိုရင်တောင် တာအိုဘုံကျောင်းက လူသားဘိုးဘေးခြောက်ပါးနဲ့ ဗုဒ္ဓဘုရားကျောင်းက ဗုဒ္ဓသုံးပါးကလွဲရင် ကျန်တဲ့လူသားကျင့်ကြံသူတွေက ငါတို့မိစ္ဆာမျိုးနွယ်စုကို ကြီးကြီးမားမား ထိခိုက်ပျက်စီးအောင် မလုပ်နိုင်ပါဘူး… ဒါ့အပြင် ငါတို့လို မိစ္ဆာဘိုးဘေးတွေ ရှိနေတယ်ဆိုရင် သူတို့တွေ လွန်လွန်ကြူးကြုး လုပ်ရဲကြမှာ မဟုတ်ဘူး… ”
“ ဒါပေမဲ့ အဲ့အရူးမ ခရမ်းလက မိစ္ဆာမျိုးနွယ်စုရဲ့ နောက်ဆုံးမျိုးဆက် လက်ရွေးစင်တွေကို ကယ်တင်ဖို့ သူ့ရဲ့ ထာဝရသက်တမ်းကို စွန့်လွှတ်ခဲ့တယ်… သူ့ဘာသာ အရူးထတာက ကိစ္စမရှိဘူး… ဒါပေမဲ့ သူက ဘာလို့ ငါတို့နှစ်ယောက်ကိုပါ ဒီမှာ ဖိနှိပ်ခဲ့တာလဲ… မိစ္ဆာဘိုးဘေးဟွမ်ချွမ်း… ဟူး… ငါကောင်းကင်မိစ္ဆာပိုးကောင်က မင်းနဲ့အတူ ဒီမှာ သေရလိမ့်မယ်လို့ တစ်ခါမှ မစဉ်းစားဖူးဘူး ”
ကောင်းကင်မိစ္ဆာပိုးကောင်က စိတ်ပျက်အားလျော့စွာ ပြောသည်။
“ ဟွန့်… မင်းကများ ငါနဲ့အတူ သေရမှာကို စိတ်ပျက်နေတယ်လား… ငါကရော မင်းနဲ့အတူ သေချင်နေတယ်လို့ ထင်လား… ငါမင်းကို ပြောလိုက်မယ်… မင်းက ငါ့ထက် ဘယ်နေရာမှ ပိုမသာဘူး… မင်းက ဘယ်လောက်သူရဲဘောကြောင်တဲ့ကောင်ဆိုတာ ငါကောင်းကောင်း သိတယ်… မင်းက ကိုယ့်ထက် သန်မာတဲ့ ရန်သူနဲ့ တွေ့ဆုံပြီဆိုရင် တစ်ချက်ထိလိုက်တာနဲ့ သေဟန်ဆောင်ပြီ… မင်းထက် အားနည်းတဲ့ ရန်သူနဲ့ တွေ့ဆုံပြီဆိုရင်တော့ ခေါင်းမွှေးပါမကျန်အောင် အကုန်ရိတ်သိမ်းပစ်လိမ့်မယ်… မင်းက အားကြီးသူကို ကြောက်ပြီး အားနည်းသူကို အနိုင်ကျင့်တဲ့နေရာမှာ ဘယ်လောက်တောင်မှ နာမည်ကျော်ကြားလိုက်သလဲ ”
မိစ္ဆာဘိုးဘေးဟွမ်ချွမ်းက အထင်သေးရှုံ့ချစွာ ပြောသည်။
“ ငါ့ရဲ့ ဟွမ်ချွမ်းမြစ်ကို ခရမ်းလက အတင်းအကျပ် ယူဆောင်သွားလို့ပေါ့… မဟုတ်ရင် မင်းကို ဟွမ်ချွမ်းမြစ်ထဲ ပစ်ချပြီး သန့်စင်ပစ်တယ် ”
“ ကျွတ်… ကျွတ်… မင်းက ဘာကို လေလုံးထွားနေတာလဲ… မင်းရဲ့ ဟွမ်ချွမ်းမြစ်က အရမ်းအစွမ်းထက်တာ ငါဝန်ခံပါတယ်… ဒါပေမဲ့ အဲ့ဒါက တခြားလူတွေအပေါ်မှာပဲ သက်ရောက်မှုရှိလိမ့်မယ်… အထွတ်အမြတ် ကောင်းကင်ဘုံအမတတစ်ပါးတောင် ဟွမ်ချွမ်းမြစ်ထဲက ကြေးချွတ်သန့်စင်ဘုံဆယ့်ရှစ်ထပ်ကနေ မလွတ်မြောက်နိုင်ဘူး… ဒါပေမဲ့ မင်းတစ်ခုမေ့နေတာလား… ငါ့ရဲ့ ယင်ယန်ကောင်းကင်တံတားက မင်းရဲ့ ဟွမ်ချွမ်းမြစ်ကို ဆန့်ကျင်နိုင်တယ်ဆိုတာ… ဟုတ်တယ်ကွာ… ငါက အားကြီးတဲ့သူကို ကြောက်ပြီး အားနည်းတဲ့သူကို အနိုင်ကျင့်တယ်… ဒါပေမဲ့ ငါက မင်းကိုတော့ မကြောက်ဘူး ”
“ ဟွန့် ”
“ ဟွန့် ”
ကျိန်ဆဲသံများက ဆက်တိုက် ထွက်ပေါ်လာပြီးနောက် အေးစက်စက် နှာခေါင်းရှုံ့သံများက တစ်ပြိုင်နက် ထွက်ပေါ်လာသည်။ တစ်ခဏကြာပြီးနောက် ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်သွားသည်။ နေရာက အလွန်တိတ်ဆိတ်နေလေရာ မည်သည့်အသံကိုမှ မကြားနိုင်ပေ။ ထိုသို့တိတ်ဆိတ်မှုက အလွန်ကြောက်စရာကောင်းသည်။
အကယ်၍ တစ်စုံတစ်ယောက်က ထိုသို့ပတ်ဝန်းကျင်မျိုးမှာ နေရမည်ဆိုလျှင် လိပ်ပြာလွင့်မတတ် ကြောက်သွားလိမ့်မည်။
အချိန်အတန်ကြာပြီးနောက် မိစ္ဆာဘိုးဘေးဟွမ်ချွမ်း၏ ညှိုးမှိုင်သော အသံက ထပ်မံ ထွက်ပေါ်လာသည်။
“ ကောင်းကင်မိစ္ဆာပိုးကောင်… မင်းပြောကြည့်စမ်း… ဒီတစ်ကြိမ်မှာ အရူးမခရမ်းလရဲ့ အမွေအနှစ်စမ်းသပ်မှုကို ဖြတ်ကျော်နိုင်တဲ့ တစ်စုံတစ်ယောက် ပေါ်ထွန်းလာနိုင်မလား… မဟုတ်ရင် နောက်ထပ် အနှစ်တစ်ထောင် ထပ်စောင့်ရလိမ့်မယ်… ငါတို့အခြေအနေက အဲ့လောက်မစောင့်နိုင်တော့မှာ စိုးရိမ်ရတယ် ”
သူ၏ လေသံထဲမှာ ခါးသီးမှုပါရှိသည်။