အခန်း ၃၉၆
Vol. 27 Ch. 396
အခန်း(၃၉၆)
ကျားဝိညာဉ်ဓားမော့ပေါ်မှ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက တဖြည်းဖြည်း ပိုပြီးအားကောင်းလာသည်။ သူက ကျားဝိညာဉ်ဓားမော့ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် အရှေ့သို့ ခုတ်ချလိုက်သည်။ တစ်ချိန်တည်းမှာ သူ့ခန္ဓာကိုယ်က ရပ်တန့်မနေပေ။ သူက အရှေ့သို့ ခြေနှစ်လှမ်း အမြန်လျှောက်လိုက်သည်။ သူ့ခန္ဓာကိုယ် ရွေ့လျားသွားသည့်အခါ ကျားဝိညာဉ်ဓားမော့သည်လည်း အတူလိုက်ပါ ရွေ့လျားသွားသည်။ ကျားဝိညာဉ်ဓားမော့က ရိုင်းစိုင်းကြမ်းကြုတ်သော ကျားတစ်ကောင်နှယ် အရှေ့သို့ ခုန်အုပ်လိုက်ဟန် ရ၏။
အကယ်၍ တစ်စုံတစ်ယောက်၏ စိတ်ခွန်အားက အလုံအလောက် မသန်မာလျှင် သူက ကျားဝိညာဉ်ဓားမော့ထံမှ အရှိန်အဝါကြောင့် ကြောက်လန့်တုန်လှုပ်သွားလိမ့်မည်။
ထိုကျားဝိညာဉ်ဓားမော့ကို စကားလုံးတစ်လုံးတည်းဖြင့် အဓိပ္ပာယ်ဖွင့်ဆိုမည်ဆိုလျှင် ယင်းက လွှမ်းမိုးဗိုလ်ကျခြင်း ဖြစ်လိမ့်မည်။
“ ဘန်း ”
ကျားဝိညာဉ်ဓားမော့နှင့် ခရမ်းရောင်ဓားက လေထဲမှာ ထိပ်တိုက် တွေ့ဆုံသွားသည်။ ပယင်းရောင်ဓားမော့အလင်းတန်းနှင့် ခရမ်းရောင်မိုးကြိုးသွားက အပြန်အလှန် ဆန့်ကျင်လိုက်ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုက နေရာမှာတင် ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် လက်နက်နှစ်ခုစလုံးက အနောက်သို့ တစ်ပြိုင်နက် လွင့်စင်သွားကြသည်။ ထိတ်လန့်ဖွယ်ကောင်းသော ခရမ်းရောင်လျှပ်စီးတန်းတစ်ခုက ကျားဝိညာဉ်ဓားမော့၏ ကိုယ်ထည်ပေါ်မှာ ရစ်ပတ်နေသည်။ လျှပ်စီးတန်းသည် ဓားမော့ကို ဖြတ်သန်းသွား၍ သီရှီထျန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။
“ ဟွန့် ”
သီရှီထျန်သည် ခရမ်းရောင်လျှပ်စီး၏ အဖျက်စွမ်းအားကို သူ့မျက်စိဖြင့် ကိုယ်တိုင်မြင်ခဲ့ပြီးပြီ ဖြစ်၏။ ခေါင်းသုံးလုံးရေနဂါး၏ အကြေးခွံများသည်ပင် ခရမ်းရောင်လျှပ်စီးကြောင့် တစ်စစီ လွင့်စင်သွားခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်၍ ထိုခရမ်းရောင်လျှပ်စီးက သာမန်မဟုတ်ကြောင်း သူသိလိုက်သည်။ သူ့အမြင်မှာတော့ ယင်းက ဒြပ်စင်ငါးပါးနတ်ဘုရားမိုးကြိုးထဲမှာ မပါဝင်ပေ။ သို့သော်လည်း ယင်းက ကြီးမားသော အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားသည်။
သို့ဖြစ်၍ ထိုလျှပ်စီးကို သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာစေရန် မည်သည့်နည်းနှင့်မှ ခွင့်မပြုနိုင်ပေ။ သူက လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး စွမ်းအင်အနှစ်သာရကို ကျားဝိညာဉ်ဓားမော့ထဲသို့ ထည့်သွင်းလိုက်သည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့လက်ကို လှုပ်ခါလိုက်သည်။ ချက်ချင်းဆိုသလိုပင် လျှို့ဝှက်ဆန်းကြယ်သော လှိုင်းဂယက်များက ကျားဝိညာဉ်ဓားမော့၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာသည်။ ဓားမော့၏ တုန်ခါမှုအားလှိုင်းများကြောင့် လျှပ်စီးက အတင်းအဓမ္မ ဖယ်ရှားခံလိုက်ရသည်။
ခရမ်းရောင်ဓားသည်လည်း အခြေအနေမကောင်းပေ။ ဓားက အော်ဟစ်ညည်းညူသံကို ထုတ်ဖော်လိုက်သည်။ ဓားသည် ထိပ်တိုက် တိုက်ခိုက်ရာတွင် ဓားမော့ကဲ့သို့ မကောင်းမွန်ပေ။ ဓားသည် ဓားသိုင်းအမျိုးမျိုး ထုတ်ဖော်ရာတွင်သာ ပိုပြီးသာလွန်အားကောင်းသည်။ ဓားသည် လျှင်မြန်မှု၊ အပျော့၊ အမာ အစရှိသော တိုက်ခိုက်မှုပုံစံများနှင့် ပိုပြီးလိုက်ဖက်၏။
ဓားမော့သည်တော့ သတ်ဖြတ်ခြင်းနှင့် ထိပ်တိုက် တိုက်ခိုက်ခြင်းတွင် ပိုပြီးသာလွန်အားကောင်းသည်။ ကျားဝိညာဉ်ဓားမော့ကဲ့သို့ အစွမ်းထက်ဓမ္မရတနာဖြင့် ထိပ်တိုက် တိုက်ခိုက်ခဲ့သော်လည်း ခရမ်းရောင်ဓားက မပျက်စီးသွားပေ။ ယင်းကို ကြည့်လျှင် ခရမ်းရောင်ဓားက မည်မျှအံ့ဖွယ်ကောင်းကြောင်း မြင်နိုင်ပေသည်။
ယင်းက သေချာပေါက် အဆင့်မြင့် ဓမ္မရတနာတစ်ခုဖြစ်သည်။ သို့မဟုတ်လျှင် ယင်းက ကျားဝိညာဉ်ဓားမော့ဖြင့် ထိပ်တိုက် တိုက်ခိုက်ပြီးနောက် နှစ်ပိုင်းပြတ်တောက်သွားလိမ့်မည်။
“ နောက်ထပ် မိစ္ဆာဘုရင်တစ်ပါး ရောက်လာပြန်ပြီလား… မင်း အရှေ့ကို ဆက်သွားချင်တယ်ဆိုရင် ‘ မိစ္ဆာသုတ်သင်သူ ’ ငါကျန်းရှန့်ယုကို အရင်ဖြတ်ကျော်ရလိမ့်မယ် ”
သက်လတ်ပိုင်းအမျိုးသားတစ်ယောက်သည် ခရမ်းရောင်ဓားကို ကိုင်ထားလျက် စက်ကရာကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ ထွန်းလင်းတောက်ပသော မျက်လုံးထဲတွင် ဓားချီအလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သန့်စင်သော ဓားစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ သူက တုနှိုင်းမဲ့သော တိုက်ပွဲဝင်ဓားတစ်လက် ဖြစ်သည့်အလားပင်။ သူက အေးစက်စက် ပြောသည်။
“ တခြားကျင့်ကြံသူတွေရဲ့ အရှေ့မှာတော့ မင်းတို့မိစ္ဆာဘုရင်တွေရဲ့ မိစ္ဆာခန္ဓာကိုယ်က အရမ်းသန်မာလိမ့်မယ်… သိုင်းပညာကျင့်ကြံသူတွေပဲ မင်းတို့နဲ့ ယှဉ်ပြိုင်နိုင်လိမ့်မယ်… ဒါပေမဲ့ ဒီလောကမှာ သိုင်းပညာကျင့်ကြံသူတွေပဲရှိတာ မဟုတ်ဘူး… ငါတို့ဓားကျင့်ကြံသူတွေက အသန်မာဆုံး တိုက်ခိုက်စွမ်းအားကို ပိုင်ဆိုင်ထားကြတယ်… ဓားတစ်ချက်နဲ့ မန္တန်တစ်သောင်းကို ချိုးဖြတ်နိုင်တယ်… မင်းတို့မိစ္ဆာဘုရင်တွေရဲ့ ခန္ဓာကိုယ်က အရမ်းသန်မာရင်တောင် ငါ့ဓားက မင်းတို့ရဲ့ အကာအကွယ်ကို ချိုးဖြတ်ပစ်နိုင်လိမ့်မယ်… ဒါ့အပြင် ငါတို့ဓားကျင့်ကြံသူတွေက ရုပ်ခန္ဓာကိုယ်ကို ဓားချီတွေနဲ့ ထုဆစ်သန့်စင်ထားကြတယ် ”
သူ၏ စကားဆုံးသွားသည်နှင့် သူ့လက်ထဲမှ ခရမ်းရောင်ဓားက တုန်ယင်သွားသည်။ ထို့နောက် ခရမ်းရောင်ဓားက အရွယ်အစားနှင့် ပုံသဏ္ဍာန်တူညီသော ဓားပုံရိပ်သုံးခုအဖြစ် ခွဲထွက်သွားသည်။ ဓားပုံရိပ်သုံးခုသည် သီရှီထျန်၏ မျက်လုံး၊ လည်ချောင်းနှင့် နှလုံးဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။ ဓားချီက ရှေးဟောင်းဓားထဲမှာ ကိန်းအောင်းနေသည်။ ယင်း၏ ပစ်မှတ်ကို ထိမှန်သွားမည်ဆိုလျှင် ဓားချီက ရက်စက်ကြမ်းကြုတ်စွာ ပေါက်ကွဲထွက်လာလိမ့်မည်။ တစ်ချိန်တည်းမှာ ကျန်းရှန့်ယုက သူ၏ ခြေထောက်ကို လှုပ်ရှားလိုက်သည်။ သူ၏ ရွေ့လျားမှုပုံစံက ဓား၏ အရှိန်အဟုန်နှင့် တစ်သားတည်းဖြစ်နေသည်။ သူ၏ တိုက်ခိုက်မှုက အလွန်ထက်ရှပြီး သူ၏ လှုပ်ရှားမှုက ဟာကွက်မရှိသလောက်ပင်။
သီရှီထျန်ဆီမှာ အံ့ဖွယ်ကောင်းသော ကိုယ်ဖော့ပညာရပ် မရှိသေးပေ။ သို့သော်လည်း သူ၏ ဓားမော့ပညာရပ်သည်တော့ အလွန်မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိနေသည်။ သူက ကျားဝိညာဉ်ဓားမော့ကို ဆုပ်ကိုင်၍ ခုတ်ပိုင်းခြင်း၊ လွှဲယမ်းခြင်း၊ ထိုးသွင်းခြင်း၊ ပင့်မြှောက်ခြင်း အစရှိသော ဓားမော့လှုပ်ရှားမှုများကို သူ့စိတ်တိုင်းကျ ထုတ်ဖော်နေသည်။ သူ၏ လှုပ်ရှားမှုများက စီးဆင်းနေသော ရေကဲ့သို့ သို့မဟုတ် လွင့်မျောနေသော တိမ်ကဲ့သို့ လွန်စွာ ချောမွေ့သည်။
“ ထန်… ထန်… ထန်… ”
ကျားဝိညာဉ်ဓားမော့သည် ယင်း၏ အရှိန်အဟုန်ကို အသုံးပြု၍ ခရမ်းရောင်ဓားကို တွန်းလှန်လိုက်သည်။ ဓားမော့ကို စက်ဝိုင်းသဏ္ဍာန် လှုပ်ရှားလိုက်သည့်အခါ ပယင်းရောင်ဓားမော့စက်ဝန်း ထွက်ပေါ်လာသည်။ ဓားမော့က လွှမ်းမိုးဗိုလ်ကျစွာ တိုက်ခိုက်လိုက်သည်။ ဓားမော့ခုတ်ချက်တိုင်းမှာ အံ့ဖွယ်ကောင်းသော အရှိန်အဟုန်နှင့် လွှမ်းမိုးဗိုလ်ကျမှု ပါဝင်နေသည်။
သို့သော်လည်း ကျန်းရှန့်ယုက အားမနည်းပေ။ သူက တခြားမသေမျိုးကျင့်ကြံသူများနှင့် မတူညီပေ။ သူက ထူးချွန်ပြောင်မြောက်သော ဓားသိုင်းအမျိုးမျိုးနှင့် တိုက်ခိုက်ရေးပညာရပ်များကို တတ်ကျွမ်းထားသည်။ သူ၏ လျှို့ဝှက်ဆန်းကြယ်သော ခြေလှမ်းတိုင်းမှာ မိုးမြေသဘောတရား ကိန်းအောင်းနေဟန် ရ၏။ တစ်ခါတစ်ရံ သူက ရှောင်တိမ်းရန် မလွယ်ကူသော ဓားမော့ခုတ်ချက်များကို ပေါ့ပေါ့ပါးပါး ရှောင်တိမ်းသွားသည်။
သူက လျှို့ဝှက်ဆန်းကြယ်သော ခြေလှမ်းကွက်များနှင့်အတူ ပြောင်မြောက်သော ဓားသိုင်းများကို အသုံးပြု၍ တန်ပြန်တိုက်ခိုက်သည်။ သူက သီရှီထျန်၏ သေကွင်းသေကွက်နေရာများကို အဓိကထား၍ တိုက်ခိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှာ အဆုံးမဲ့သော ခွန်အား ကိန်းအောင်းနေဟန် ရ၏။
ယင်းက သူနှင့် တခြားမသေမျိုးကျင့်ကြံသူများကြားမှ ခြားနားမှု ဖြစ်သည်။
တစ်နည်းဆိုရသော် ယင်းက ဓားကျင့်ကြံသူတစ်ယောက်၏ အစွမ်းဖြစ်သည်။ သိုင်းပညာကျင့်ကြံသူများသည် သူတို့၏ ရုပ်ခန္ဓာကိုယ်နှင့် တိုက်ခိုက်ရေးပညာရပ်များကို လေ့ကျင့်ကြသည်။ အနီးကပ်တိုက်ပွဲများနှင့် စစ်မြေပြင်တွင် သူတို့က ပညာရှင်များ ဖြစ်ကြသည်။ ရှေးခေတ်မှ သိုင်းပညာကျင့်ကြံသူများသည် အလွန်သန်မာကြလေရာ ဟင်းလင်းပြင်ကိုပင် လက်သီးတစ်ချက်ဖြင့် ဖြိုခွဲပစ်နိုင်ကြသည်။ ထိပ်သီးသိုင်းပညာကျင့်ကြံသူများသည် စိတ်ကူးမယဉ်နိုင်သော တိုက်ခိုက်စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ ဓားကျင့်ကြံသူများသည် သိုင်းပညာကျင့်ကြံသူများနည်းတူ အစွမ်းထက်ကြသည်။ သူတို့က သူတို့တစ်ဘဝလုံးကို သူတို့၏ လက်သုံးတော်ဓားပေါ်မှာ မြှုပ်နှံထားသည်။ ဓားကျင့်ကြံသူများအတွက် ဆောင်ပုဒ်တစ်ခုရှိ၏။
“ ဓားရှိရင် လူရှိမယ်… ဓားကျိုးရင် လူလည်းသေမယ် ”
ဓားကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံခြင်းကို ဓားပေါ်မှာသာ မြှုပ်နှံထားသည်။ သူတို့က ဓားချီများကို အသုံးပြု၍ သူတို့၏ ခန္ဓာကိုယ်ကို မဖျက်ဆီးနိုင်သော ဓားခန္ဓာကိုယ်အဖြစ် ထုဆစ်သန့်စင်ကြသည်။
အဆင့်မြင့် ဓားကျင့်ကြံသူများသည် မန္တန်တစ်သောင်းကို ဓားတစ်ချက်ဖြင့် ဖျက်ဆီးပစ်နိုင်ကြသည်။ တောင်တန်းများနှင့် ပင်လယ်သမုဒ္ဒရာများကို နှစ်ခြမ်းခွဲရန် သူတို့အတွက် ဓားတစ်ချက်သာ လိုအပ်သည်။
သူတို့သည် ဤလောကမှ မည်သည့်အရာကိုမဆို ဓားတစ်ချက်တည်းဖြင့် ဖြေရှင်းနိုင်ရန် ရည်မှန်းချက်ထားရှိကြသည်။ မန္တန်တစ်သောင်းကို ဓားတစ်ချက်ဖြင့် ချိုးဖြတ်နိုင်ခြင်းသည် အလွန်အကြူး ချဲ့ကားပြောနေခြင်း မဟုတ်ပေ။ ယင်းမှာ အကြောင်းရှိသည်။
ဥပမာ သူ့အရှေ့မှ ကျန်းရှန့်ယုသည် ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း ထင်ရှားသည်။ သူက ဓားချီများကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်နှင့် အသွေးအသားများကို သန့်စင်ထားသည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားက ချိပ်ပိတ်ခံထားရသော်လည်း သူ၏ ရုပ်ခန္ဓာကိုယ်က အားမနည်းချေ။ ထို့ပြင် သူက ပြောင်မြောက်သော ဓားသိုင်းအမျိုးမျိုးကိုလည်း တတ်ကျွမ်းထားသည်။
ထို့ကြောင့် ကျန်းရှန့်ယုနှင့် စက်ကရာ ထိပ်တိုက် တိုက်ခိုက်နေကြစဉ် သူတို့၏ ဘေးပတ်ဝန်းကျင်မှာ ဓားမော့အလင်းတန်းများနှင့် ဓားပုံရိပ်များ ထွက်ပေါ်လာသည်။ စက်ကရာသော်လည်းကောင်း ကျန်းရှန့်ယုသော်လည်းကောင်း သူတို့နှစ်ယောက်စလုံးသည် ခုခံကာကွယ်ရန်ဟူသော အတွေးကို လုံးဝ မစဉ်းစားကြပေ။ သူတို့၏ အမြင်မှာ အသန်မာဆုံး တိုက်ခိုက်မှုက အကောင်းဆုံး ခုခံကာကွယ်မှု ဖြစ်သည်။ သို့ဖြစ်၍ သူတို့က နောက်မဆုတ်ဘဲ ထပ်ခါတလဲလဲ ထပ်တိုက် တိုက်ခိုက်နေကြသည်။
ဓားမော့ခုတ်ချက်များနှင့် ဓားထိုးချက်များသည် တစ်ဖက်လူ၏ သေကွင်းသေကွက်နေရာများကိုသာ ဦးတည်နေသည်။
ကျန်းရှန့်ယု၏ အဓိကအားသာချက်များမှာ လျှို့ဝှက်ဆန်းကြယ်သော ခြေလှမ်းနည်းစနစ်၊ ပြောင်မြောက်သော ဓားသိုင်းများနှင့် နှစ်ပေါင်းထောင်ချီ စုဆောင်းထားခဲ့သော တိုက်ပွဲအတွေ့အကြုံများ ဖြစ်သည်။ ထို့ပြင် ဓားတာအိုအပေါ် သူ၏ နားလည်သဘောပေါက်မှုက အလွန်မြင့်မားသည်။ ရံဖန်ရံခါ ခရမ်းရောင်ဓားသည် သီရှီထျန်၏ ဟာကွက်နေရာများတွင် ထွက်ပေါ်လာလေ့ ရှိသည်။
အခြားတစ်ဖက်မှာတော့ သီရှီထျန်၏ အဓိကအားသာချက်များက လွှမ်းမိုးဗိုလ်ကျသော ဓားမော့အရှိန်အဝါ ဖြစ်သည်။ သူက လွှမ်းမိုးဗိုလ်ကျသော ဓားမော့အရှိန်အဝါနှင့် သူ၏ သန်စွမ်းသော မိစ္ဆာခန္ဓာကိုယ်ကို အသုံးပြု၍ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေသည်။
“ ဓားသိုင်းပညာရပ်နဲ့ တိုက်ခိုက်ရေးပညာရပ်ချင်း ယှဉ်ပြိုင်မယ်ဆိုရင် ငါသူ့ကို အနိုင်ရမှာမဟုတ်ဘူး… သူ့ကို ငါနဲ့ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ဖို့ ဖိအားပေးရမယ်… ပြီးကျရင် ကျားဝိညာဉ်ဓားမော့ရဲ့ ပြိုင်ဘက်ကင်းထက်ရှမှုနဲ့ ငါ့ရဲ့ မိစ္ဆာခန္ဓာကိုယ်ကို အသုံးချပြီး သူ့ကို သတ်ပစ်ရမယ်… မဟုတ်ရင် ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် တဖြည်းဖြည်း ငါအောက်စည်းရောက်သွားလိမ့်မယ် ”
“ ပြီးတော့ အချိန်ထပ်ဆွဲနေလို့ မဖြစ်ဘူး… လျှို့ဝှက်နယ်မြေက ထိပ်ဆုံးဆယ်နေရာပဲ သတ်မှတ်ထားတယ်… ဒီမှာ ငါအချိန်ကြန့်ကြာနေရင် နေရာတစ်နေရာရဖို့ လွယ်ကူမှာ မဟုတ်ဘူး ”
စူးရှသော အလင်းက သီရှီထျန်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အတွေးများစွာက ထိုအခိုက်အတန့်မှာ သူ့ခေါင်းထဲသို့ ဝင်ရောက်လာသည်။ စိတ်ဓာတ်ပြတ်သားသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ဤသည်မှာ သူက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်အလားပင်။
“ ကျစ်… ကျစ်… ”
ထိုအခိုက်အတန့်မှာ ကျန်းရှန့်ယု၏ လက်ထဲမှ ဓားက ရုတ်တရက် လမ်းကြောင်းပြောင်းသွားသည်။ ဓားထိပ်ဖျားက သီရှီထျန်၏ ရင်ဘက်ထံသို့ ချိန်ရွယ်လိုက်သည်။ ထက်ရှသော ဓားသည် အရှေ့သို့ ချက်ချင်း ပျံသန်းထွက်သွားသည်။ ယင်း၏ ထက်ရှသော ဓားချီက သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်အားလုံးကို သံမဏိအပ်များသဖွယ် ထောင်မတ်သွားစေသည်။
သီရှီထျန်သည် ညာခြေထောက်ဖြင့် ဘေးသို့ လှမ်းလိုက်ပြီး ခရမ်းရောင်ဓားကို တိမ်းရှောင်ရန် စဉ်းစားလိုက်သည်။ သို့သော်လည်း သူက ချက်ချင်းဆိုသလိုပင် ထိုအတွေးကို ပယ်ဖျက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ခရမ်းရောင်ဓားကို တိမ်းရှောင်ခြင်းမပြုပေ။
ရူးသွပ်မှုက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ့မျက်လုံးထဲမှ အကြည့်က အေးစက်သွားသည်။ ထိုအေးစက်မှုက တခြားလူများအတွက် မဟုတ်ပေ။ ယင်းအစား သူ့ကိုယ်သူအတွက် ဖြစ်သည်။
“ ဂရား ”
သူ့လက်ထဲမှ ကျားဝိညာဉ်ဓားမော့သည် မိုးမြေ၏ လမ်းကြောင်းအတိုင်း ပျံသန်းထွက်သွားသည်။ လေထဲတွင် ပယင်းရောင်ဓားမော့စက်ဝန်းတစ်ခု ဖွဲ့စည်းသွားသည်။ တစ်ချိန်တည်းမှာ ဓားမော့က ကျန်းရှန့်ယု၏ နှလုံးတည့်တည့်ဆီသို့ ဦးတည်သွားသည်။ အကယ်၍ ထိုဓားမော့သာ ကျန်းရှန့်ယု၏ ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်သွားမည်ဆိုလျှင် သူ့နှလုံးက သေချာပေါက် ပျက်စီးသွားလိမ့်မည်။