အခန်း ၃၉၇
Vol. 27 Ch. 397
အခန်း(၃၉၇)
ဤအခိုက်အတန့်မှာ ကျန်းရှန့်ယု၏ ခရမ်းရောင်ဓားနှင့် သီရှီထျန်၏ ကျားဝိညာဉ်ဓားမော့က တစ်ဖက်လူ၏ နှလုံးဆီသို့ အပြန်အလှန် ထိုးဖောက်သွားသည်။ ထို့ပြင် သူတို့နှစ်ယောက်၏ လှုပ်ရှားမှုများက လျှပ်စီးပမာ အလွန်မြန်ဆန်သည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက မိုးမြေတစ်ခွင် ဖြန့်ကြက်သွားသည်။ သီရှီထျန်က သူသေကိုယ်သေ တိုက်ခိုက်ရန် စိတ်ဆုံးဖြတ်လိုက်သည်။
“ အရူးကောင် ”
ထိုအခြေအနေကို မြင်သောအခါ တစ်ခါမှ အမူအရာမပြောင်းလဲသွားခဲ့သော ကျန်းရှန့်ယုက ပထမဆုံးအကြိမ် မျက်နှာပျက်ယွင်းသွားသည်။ သူက ပါးစပ်မှ ကျိန်ဆဲလိုက်သည်။ ထိုအပြောင်းအလဲက အလွန် ရုတ်တရက်ဆန်သည်။ မည်သို့သူတွေးပါစေ စက်ကရာက သူသေကိုယ်သေ အခြေအနေမျိုးကို ရွေးချယ်လိမ့်မည်ဟု လုံးဝ သူမမျှော်လင့်ထားပေ။
ဤအခိုက်အတန့်မှာ သူရှောင်တိမ်းရန် နောက်ကျသွားသည်။ ထိုတိုက်ခိုက်မှုက အလွန်အမင်း မြန်ဆန်သည်။ ထို့ပြင် သူတို့နှစ်ယောက်ကြားမှ အကွာအဝေးက အလွန်နီးကပ်သည်။ သီရှီထျန်၏ ဓားမော့လှုပ်ရှားမှုများက အလွန်သေသပ်လေရာ ယင်းကို သူရှောင်တိမ်းချင်လျှင်ပင် မလုပ်ဆောင်နိုင်ပေ။ ထို့ပြင် အကယ်၍ သူရှောင်တိမ်းလိုက်မည်ဆိုလျှင် သူ၏ ဓားထိုးချက်က ချက်ချင်း ရပ်တန့်သွားလိမ့်မည်။ အကယ်၍ သီရှီထျန်၏ ဓားမော့ထိုးချက်က သူ၏ နှလုံးကို မထိမှန်သွားလျှင်ပင် ယင်းက သူ့ကို ဒဏ်ရာကြီးကြီးမားမား ရရှိစေလိမ့်မည်။
လက်ရည်တူညီသော တိုက်ပွဲတွင် အရင်ဆုံး ဒဏ်ရာရရှိသူက နောက်ထပ် တိုက်ခိုက်ရန် အခက်တွေ့သွားလိမ့်မည်။ ယင်းက သူ့ကို သေခြင်းရှင်ခြင်းအခြေအနေဆီသို့ ချက်ချင်း ကျရောက်စေလိမ့်မည်။
“ အရူးကောင်… ငါသေသွားတော့ရော ဘာဖြစ်လဲ… ငါကျန်းရှန့်ယုက ခရမ်းရွှေကုန်းမြေမှာ နှစ်ပေါင်းထောင်ချီကြာအောင် လှည့်ပတ်သွားလာနေခဲ့တဲ့လူ… ငါက မင်းလို မိစ္ဆာဘုရင်တစ်ကောင်ကို ကြောက်မယ်တဲ့လား… ငါလည်းပဲ အသက်စတေးပြီး တိုက်ခိုက်ရဲတယ် ”
ရက်စက်ကြမ်းကြုတ်သော အကြည့်က ကျန်းရှန့်ယု၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ခရမ်းရောင်ဓားကို ပြန်မရုပ်သေးပေ။ ယင်းအစား သူ့ဓားပေါ်မှာ ကိန်းဝပ်နေသော ဓားချီက ပိုပြီးစူးရှလာသည်။ သို့သော်လည်း သူက ဆန်းကြယ်သော ခြေထောက်လှုပ်ရှားမှုကို အသုံးပြု၍ ခန္ဓာကိုယ်ကို အနည်းငယ် တိမ်းစောင်းလိုက်သည်။ သီရှီထျန်၏ ဓားမော့ထိုးချက်ကို အပြည့်အဝ သူရှောင်တိမ်းရန် မဖြစ်နိုင်ပေ။ သို့သော်လည်း ဘေးသို့ ရွေ့လျားရန်သည် သူ့အတွက် မဖြစ်နိုင်သောအရာ မဟုတ်ပေ။
“ ထန် ”
“ ဇွက် ”
ဓားမော့နှင့် ဓားက တစ်ဖက်လူ၏ ခန္ဓာကိုယ်ဆီသို့ တစ်ပြိုင်နက် ထိုးစိုက်သွားသည်။ သို့သော်လည်း ထူးဆန်းသော အချက်တစ်ချက်မှာ သီရှီထျန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော မြည်သံနှင့် ကျန်းရှန့်ယု၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော မြည်သံက မတူညီပေ။ သီရှီထျန်၏ ကျားဝိညာဉ်ဓားမော့က ကျန်းရှန့်ယု၏ နှလုံးကို ထိုးဖောက်သွားသည်။ ဓားမော့ထိပ်ဖျားက သူ့ရင်ဘက်တစ်လျှောက် ထိုးဖောက်သွားပြီး အခြားတစ်ဖက်မှ ပြန်ထွက်လာသည်။ ပယင်းရောင်ဓားမော့အလင်းက သူ့ခန္ဓာကိုယ်ကို ထုတ်ချင်းဖောက်သွားသည်။ သူ့ခန္ဓာကိုယ်ထဲမှ သွေးချီက ကျားဝိညာဉ်ဓားမော့၏ အရူးအမူး စုပ်ယူခံလိုက်ရသည်။
ကျန်းရှန့်ယု၏ မျက်နှာပေါ်မှာ မယုံကြည်နိုင်သောအမူအရာ ထွက်ပေါ်လာသည်။ သူက မျက်လုံးပြူးကျယ်သွားပြီး အံ့ဩထိတ်လန့်သွားသည်။ သူက သီရှီထျန်၏ ရင်ဘက်ကို စူးစိုက်ကြည့်လိုက်သည်။
သူ၏ ထက်ရှသော ခရမ်းရောင်ဓားက သီရှီထျန်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး သူ့နှလုံးဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။ သို့သော်လည်း မယုံကြည်နိုင်စရာကောင်းသောအရာမှာ သူ၏ ဓားထိပ်ဖျားက နှလုံးကို ထိုးစိုက်သွားသည့်အချိန် ဓားက ရုတ်တရက် ရပ်တန့်သွားသည်။ ဤသည်မှာ သူ့ဓားက အလွန်မာကျောသော သံမဏိတုံးနှင့် တွေ့ဆုံသွားသည့်အလားပင်။
“ မဖြစ်နိုင်တာ ”
ကျန်းရှန့်ယုက ပါးစပ်အပြည့် သွေးတစ်ပွက်အန်လိုက်ရပြီး မယုံကြည်နိုင်စွာ ပြောသည်။ သူ့မျက်စိအရှေ့မှာ ဖြစ်ပျက်သွားသောအရာက အစစ်အမှန်ဖြစ်သည်ဟု သူမယုံကြည်နိုင်ပေ။
“ အဟွတ်… အဟွတ်… ”
သီရှီထျန်က အေးစက်စွာ ရယ်လိုက်ပြီး အပြင်းအထန် ချောင်းဆိုးလိုက်သည်။ သူက အေးစက်စက် ပြောသည်။
“ ဒီလောကမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူး… သေခြင်းရှင်ခြင်းပဲ ရှိတယ်… မင်းသေမယ်… ငါက အသက်ရှင်မယ် ”
သီရှီထျန်သည် သူ့စကားဆုံးသည်နှင့် ကျားဝိညာဉ်ဓားမော့ကို အမြန်ဆွဲနုတ်လိုက်သည်။ ကျန်းရှန့်ယု၏ သွေးချီအနှစ်သာရက ကျားဝိညာဉ်ဓားမော့၏ စုပ်ယူခံလိုက်ရပြီ ဖြစ်၏။
ပိန်ချုံးသော အလောင်းတစ်လောင်းက မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ သူ၏ မျက်လုံးများက မယုံကြည်နိုင်မှုနှင့်အတူ ပြူးကျယ်နေသည်။
“ ရွှတ် ”
သီရှီထျန်သည် သူ့ရင်ဘက်ထဲသို့ စိုက်ဝင်နေသော ခရမ်းရောင်ဓားကို ပြန်ဆွဲနုတ်လိုက်သည်။ ဓားထိပ်ဖျားပေါ်တွင် ရဲရဲနီသော သွေးက စီးဆင်းနေသည်။ သူက ဓားကို သာမန်ကာလျှံကာ ကြည့်လိုက်ပြီး သူ့နောက်ကျောမှ ဓားအိမ်ထဲသို့ ထည့်သွင်းလိုက်သည်။ သို့သော်လည်း သွေးက သူ၏ ရင်ဘက်ပေါ်မှာ မရပ်မနား စီးကျနေသည်။ သူ၏ မိစ္ဆာခန္ဓာကိုယ်က မည်မျှသန်မာပါစေ ဒဏ်ရာကို ချက်ချင်း ကုသရန် မဖြစ်နိုင်ပေ။ ထို့ပြင် လျှပ်စီးတန်းတချို့က သူ၏ ဒဏ်ရာတစ်ဝိုက်မှာ ရွေ့လျားကူးခတ်နေသည်။
ထိုလျှပ်စီးတန်းများကြောင့် သူ၏ ဒဏ်ရာက မြန်ဆန်စွာ ပြန်မကောင်းမွန်လာပေ။ ယင်း၏ အဖျက်စွမ်းအားက ဒဏ်ရာကုသမှုအမြန်နှုန်းကို သိသိသာသာ လျော့ကျစေသည်။
သူ၏ မျက်နှာက အနည်းငယ် ဖြူဖျော့သွားသည်။
“ ဒီနေ့… ဒီဘုရင်က ရှေးဟောင်းတံတားရဲ့ အခြားတစ်ဖက်ဆီ သေချာပေါက် ရောက်အောင်သွားမယ်… ငါ့လမ်းကို ပိတ်တဲ့လူဘယ်သူမဆို ချွင်းချက်မရှိ အသတ်ခံရမယ်… နတ်ဘုရားတွေ ငါ့ကို တားဆီးရင် နတ်ဘုရားတွေကို ငါသတ်ပစ်မယ်… တစ္ဆေတွေ ငါ့ကို တားဆီးရင် တစ္ဆေတွေကို ငါရှင်းလင်းပစ်မယ် ”
စက်ကရာသည် သူ၏ ဘက်လက်ဖြင့် ရင်ဘက်မှ ဒဏ်ရာကို ဖုံးအုပ်လိုက်သည်။ သူ၏ မျက်နှာက ပိုပြီးအေးစက်လာသည်။ ဘေးဘီကို သူကြည့်လိုက်သည့်အခါ ခေါင်းသုံးလုံးရေနဂါး၏ ဒုတိယဦးခေါင်းက အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားကြောင်း မြင်သွားသည်။ မသေမျိုးကျင့်ကြံသူဒါဇင်ခန့်က သူ့အား ဝိုင်းရံတိုက်ခိုက်နေကြသည်။ သီရှီထျန်သည် တုံ့ဆိုင်းမနေဘဲ သူ၏ ညာလက်ကို မြှောက်၍ ကျားဝိညာဉ်ဓားမော့ကို လွှဲယမ်းလိုက်သည်။ သူက မသေမျိုးကျင့်ကြံသူတစ်ယောက်ကို ပစ်မှတ်ထား၍ တိုက်ခိုက်လိုက်သည်။
ကျားဝိညာဉ်ဓားမော့၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပိုပြီးအားကောင်းလာသည်။ အေးစက်စက် ဓားမော့အလင်းတန်းအောက်မှာ မသေမျိုးကျင့်ကြံသူက တစ်ချက်တည်းဖြင့် သေဆုံးသွားသည်။ သီရှီထျန်သည် မည်သူသေဆုံးသွားကြောင်း စဉ်းစားမနေပေ။ တစ်ဖက်လူက ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူဆိုလျှင်ပင် သူဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သူက ကျားဝိညာဉ်ဓားမော့ကို လွှဲယမ်း၍ နောက်ထပ် ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ မသေမျိုးကျင့်ကြံသူငါးယောက်က သူ၏ ဓားမော့ခုတ်ချက်ကြောင့် သေဆုံးသွားကြသည်။
ယင်းက ခေါင်းသုံးလုံးရေနဂါး တွေ့ကြုံနေရသော ဖိအားကို သိသိသာသာ လျော့ကျသွားစေသည်။
“ ဝေါင်း ”
အချိန်အတော်ကြာ ဖိနှိပ်ခံထားရပြီးနောက် ခေါင်းသုံးလုံးရေနဂါးသည် ၎င်း၏ အံ့ဖွယ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ၎င်းက ချွန်ထက်သော နဂါးလက်သည်းများကို အကြမ်းပတမ်း ဝှေ့ယမ်းလိုက်ပြီး ကျင့်ကြံသူနှစ်ယောက်၏ ဦးခေါင်းကို တိုက်ခိုက်လိုက်သည်။ ခရက်ဟူသော အက်ကွဲသံနှင့်အတူ ကျင့်ကြံသူနှစ်ယောက်၏ ဦးခေါင်းက တစ်စစီ ပျက်စီးသွားသည်။ ထို့ပြင် ၎င်း၏ နဂါးအမြှီးက အောက်သို့ ကျဆင်းသွားပြီး နောက်ထပ်ကျင့်ကြံသူတစ်ယောက်ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဖိချလိုက်သည်။
၎င်း၏ တိုက်ခိုက်မှုများက အလွန်ရက်စက်ကြမ်းတမ်းသည်။
“ ညီအကို… မင်းရဲ့ ကယ်တင်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်… ဒီနေ့ ငါခေါင်းသုံးလုံးရေနဂါး ဒီကနေ အသက်ရှင်ရက် လွတ်မြောက်သွားမယ်ဆိုရင် မင်းရဲ့ ကျေးဇူးကို အနာဂတ်မှာ သေချာပေါက် ပြန်ပေးဆပ်ပါမယ်… မင်း ဘယ်မှာနေတယ်ဆိုတာ သိလို့ရမလား ”
ခေါင်းသုံးလုံးရေနဂါးက ကျင့်ကြံသူဒါဇင်ခန့်ကို တစ်ဆက်တည်း သုတ်သင်ရှင်းလင်းပစ်လိုက်သည်။ ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုက ဤအခိုက်အတန့်မှာ အပြည့်အဝ ထွက်ပေါ်လာသည်။ ၎င်းက မည်သည့်ဖိအားမှ မခံစားရတော့သည့်အခါ သီရှီထျန်ကို ကြည့်လိုက်ပြီး အမြန်ကျေးဇူးတင်လိုက်သည်။
“ တောင်ပိုင်းမြေရိုင်းဒေသက သီရှီထျန် ”
သီရှီထျန်က သာမန်ကာလျှံကာ ပြောသည်။ သူက ထိုနေရာမှာ အကြာကြီး ရပ်မနေပေ။ သူက အရှေ့သို့ မြန်ဆန်စွာ ရွေ့လျားသွားသည်။ ယခု သူ၏ ရည်ရွယ်ချက်က တစ်ခုတည်း ရှိ၏။ ယင်းက တံတား၏ အခြားတစ်ဖက်ဆီသို့ သွားရန် ဖြစ်သည်။
လမ်းတစ်လျှောက်တွင် သူက ဒုက္ခရောက်နေကြသော မိစ္ဆာဘုရင်များကို ကူညီပေးသည်။ သူက သူ့အရှေ့မှာ လမ်းပိတ်နေသော မသေမျိုးကျင့်ကြံသူများကို တုံ့ဆိုင်းမနေဘဲ သုတ်သင်ရှင်းလင်းပစ်သည်။
မိစ္ဆာဘုရင်များက သူ့ကို ကျေးဇူးတင်ကြသည်။
သို့သော်လည်း ဤတစ်ကြိမ် သူရင်ဆိုင်နေရသော မသေမျိုးကျင့်ကြံသူများက အတိတ်မှာ သူရင်ဆိုင်ခဲ့ရသော မသေမျိုးကျင့်ကြံသူများနှင့် လုံးဝ ကွဲပြားသည်။ သူတို့တစ်ယောက်စီက အလွန်အမင်း သန်မာကြသည်။ စက်ကရာ၏ ဓားမော့ခုတ်ချက်အောက်မှာ သူတို့အားလုံးက သေဆုံးသွားကြသော်လည်း သူသည်လည်း အကြိမ်တိုင်းမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။ နက်ရှိုင်းသော ဒဏ်ရာဒဏ်ချက်များက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ ယခုအချိန်မှာ သူ့ခန္ဓာကိုယ်၏ အတွင်းနှင့်အပြင်က မည်မျှနာကျင်နေကြောင်း သူမှလွဲ၍ တခြားလူများ မသိနိုင်ပေ။
ထိုသို့နာကျင်မှုက လူများကို ရူးသွပ်သွားစေနိုင်သည်။
မသေမျိုးကျင့်ကြံသူတစ်ယောက်ကို မည်သည့်တန်ကြေးမှ မပေးဆပ်ရဘဲ သတ်ဖြတ်ရန် သူ့အတွက် မည်သို့ဖြစ်နိုင်မည်နည်း။
“ တွေ့မယ်… ငါ့အရှေ့မှာ ဘယ်သူပဲ ပိတ်နေပါစေ အကုန်လုံးကို သတ်ပစ်မယ် ”
ယင်းက ယခုအချိန်၌ သူ့ခေါင်းထဲမှာရှိနေသော တစ်ခုတည်းသော အတွေးဖြစ်သည်။ သူက ရှေးဟောင်းတံတား၏ အခြားတစ်ဖက်ဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာက သူ၏ ပန်းတိုင်ဖြစ်သည်။ သူက သူ့လက်ထဲမှ ကျားဝိညာဉ်ဓားမော့ကို ထပ်ခါတလဲလဲ ဝှေ့ယမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်က သွေးစိုရွှဲနေစဉ် သူက အရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူက လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါနှင့် မည်သူမှ မတားဆီးနိုင်သော အရှိန်အဟုန်ကို ထုတ်လွှတ်ထားသည်။ ယင်းက သူ့ကိုယ်သူ ယုံကြည်မှုဖြစ်သည်။ ထိုယုံကြည်မှုကြောင့် သူ၏ တိုက်ပွဲစိတ်ဆန္ဒက မည်သည့်အခါမှ မရပ်တန့်သွားပေ။
“ အမရှင်း… ငါတို့ဘယ်လိုလုပ်ကြမလဲ… ကြည့်ပါဦး အကိုသီရဲ့ တစ်ကိုယ်လုံးမှာ သွေးတွေနဲ့… ငါတို့ နည်းလမ်းတစ်ခုခု မစဉ်းစားရင် အကိုသီ ရှေးဟောင်းတံတားပေါ်မှာ လဲကျသွားလိမ့်မယ်… ငါတို့ သူ့ကို ပြန်ခေါ်ကြမလား ”
သီရှီထျန်၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုပုံစံကို ကိုတိုမီနှင့် ရှောင်သွဲ့က အမြဲမပြတ် စောင့်ကြည့်နေကြသည်။ သူတို့က ရှေးဟောင်းတံတားပေါ်သို့ မတတ်လှမ်းသွားသည့်တိုင် တံတားပေါ်မှ အခြေအနေအလုံးစုံကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြသည်။ တိုက်ပွဲတိုင်းက အလွန်ဆိုးဝါးပြင်းထန်ပြီး သွေးသံရဲရဲဖြင့် ကြောက်စရာကောင်းသည်။
“ အကိုသီရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ခိုင်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး… ကုချင်းချိုင့်ဝှမ်းမှာကတည်းက သူ့ရဲ့ အကျင့်စရိုက်ကို ငါတို့သိထားပြီးပြီ မဟုတ်လား… ဒါပေမဲ့ ငါ့မှာ သူ့ကို ကူညီနိုင်မယ့် နည်းလမ်းတစ်ခု ရှိတယ် ”
ကိုတိုမီက မျက်လုံးဝင်းလက်သွားသည်။ သူက လက်ဆန့်ထုတ်လိုက်ပြီး သူ့နောက်ကျောမှ ကုချင်းကို ဆွဲယူလိုက်သည်။
သူ၏ ဘေးတွင် ကျောက်တုံးကြီးတစ်တုံး ရှိသည်။ ကိုတိုမီသည် တုံ့ဆိုင်းမနေဘဲ ကျောက်တုံးကြီးပေါ်မှာ ထိုင်လိုက်သည်။ သူက ကုချင်းကို ပေါင်ပေါ်မှာတင်၍ သူ၏ လက်နှစ်ဖက်ကို ကုချင်းကြိုးများပေါ်မှာ တင်လိုက်သည်။ နောက်အခိုက်အတန့်မှာ သူ၏ လက်ချောင်းများကို လှုပ်ရှား၍ ကုချင်းကြိုးများကို သိမ်မွေ့ညင်သာစွာ တီးခတ်လိုက်သည်။ နှင်းကဲ့သို့ ဖြူဖွေးသော သူ၏ လက်ချောင်းလေးများက ကုချင်းကြိုးများကို ဆွဲလှုပ်သွားသည်။
ကိုတိုမီ၏ ကုချင်းပေါ်မှာ ကုချင်းကြိုးခုနစ်ချောင်းရှိသည်။ ကုချင်းကြိုးများသည် တစ်ချောင်းနှင့်တစ်ချောင်း အရှည်မတူညီကြပေ။ ကုချင်းကိုယ်ထည်က မြစိမ်းရောင်ဖြစ်ပြီး သစ်ရွက်ပုံများကို ကုချင်းကိုယ်ထည်ပေါ်မှာ ရေးထွင်းထားသည်။
ထိုသစ်ရွက်များသည် ပုံရိပ်တစ်ခုဆိုသည်ထက် သဘာဝတရား၏ ပြယုဂ်နှင့် ပိုပြီးဆင်တူသည်။ ဤသည်မှာ သစ်ရွက်များက သစ်ပင်ပေါ်မှ ကြွေကျလာပြီး ကုချင်းပေါ်မှာ ကပ်တွယ်သွားသည့်အလားပင်။ ယင်းက ကုချင်းကို အသက်ဓာတ်ဖြင့် ပြည့်ဝစေသည်။ အစိမ်းရောင်အလင်းက ကုချင်းပေါ်မှာ ထွက်ပေါ်နေသည်။