အခန်း ၃၉၈
Vol. 27 Ch. 398
အခန်း(၃၉၈)
“ တင်… တုန်… ”
သူ၏ သေးသွယ်သော လက်ချောင်းလေးများကို စလှုပ်ရှားလိုက်သည့်အခါ ကုချင်းကြိုးများက တုန်ခါသွားပြီး သာယာငြိမ့်ညောင်းသော အသံ ထွက်ပေါ်လာသည်။
ကုချင်းကြိုးများကို စမ်းသပ်ပြီးနောက် ကိုတိုမီ၏ လက်ချောင်းဆယ်ချောင်းက လွင့်မျောနေသော တိမ်ကဲ့သို့ သို့မဟုတ် စီးဆင်းနေသော ရေကဲ့သို့ လှုပ်ရှားသွားသည်။ သူ၏ လက်ချောင်းလှုပ်ရှားမှုများထဲမှာ သဘာဝဆွဲဆောင်မှုတစ်မျိုး ကိန်းအောင်းနေဟန် ရ၏။ သူ၏ လက်ချောင်းများထဲမှာ ဝိညာဉ်စွမ်းအား စိုးစဉ်းမျှ မပါဝင်ပေ။ လက်ချောင်းဆယ်ချောင်းကို သဘာဝကျစွာ လှုပ်ရှားနေစဉ် သီချင်းသံက သာယာငြိမ့်ညောင်းစွာ ထွက်ပေါ်လာသည်။
သံစဉ်များက စိတ်ကြည်နူးချမ်းမြေ့ဖွယ်ကောင်း၏။ ထို့ပြင် သံစဉ်များက စည်းချက်ညီစွာ အနိမ့်အမြင့် အတတ်အကျမှန်မှန် ထွက်ပေါ်နေသည်။ သီချင်းသံထဲတွင် ဆောင်းအကုန် နွေအကူးအပြောင်း၏ ရသများ ပါဝင်နေသည်။ ဆောင်းအကုန် နွေရောက်သည့်အခါ မြေဆီလွှာ အားပြန်ပြည့်ဝလာပြီး သစ်ပင်ပန်းပင်များက ပြန်လည်စိမ်းစိုလာသည်။ လောကကြီးက အသက်ဓာတ်ဖြင့် တဖန်နိုးကြားလာသည်။
တစ်စုံတစ်ယောက်သည် ထိုသီချင်းသံကို ကြားလျှင် နွေဦး၏ အလှအပများကို ပုံဖော်မြင်ယောင်လာနိုင်လိမ့်မည်။ ခြောက်သွေ့နေသော သစ်ပင်များက အသီးအပွင့်များဖြင့် ဝေဝေဆာဆာ ဖူးပွင့်နေကြသည်။ ပျိုးပင်ငယ်များသည်လည်း မြေကြီးထဲမှ တိုးထွက်လာပြီး ကြီးထွားလာနေကြသည်။
မြောက်ပိုင်းလေက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ လေက အနွေးဓာတ်ကို သယ်ဆောင်လာသည်။
အိမ်မက်ဆန်သော မြင်ကွင်းက ရုတ်တရက် ထွက်ပေါ်လာသည်။ ယင်းက တစ်စုံတစ်ယောက်ကို စိတ်ကြည်နူးစေပြီး ဝမ်းသာပျော်ရွှင်စေသည်။ ဤသည်မှာ တစ်စုံတစ်ယောက်က ပန်းပေါင်းစုံပွင့်လန်းသော ဥယျာဉ်ထဲမှာ သဘာဝအလှကို ခံစားနေသည့်အလားပင်။ ဥယျာဉ်ထဲမှာ နွေဦးအငွေ့အသက်လည်း ရှိ၏။ ယင်းက အမှန်တကယ် အံ့ဖွယ်ကောင်းသော သီချင်းတစ်ပုဒ် ဖြစ်သည်။
ကုချင်းသံစဉ်များနှင့်အတူ သီချင်းတစ်ပုဒ်ထွက်ပေါ်လာစဉ် ရှေးဟောင်းတံတားပေါ်၌ အပြောင်းအလဲတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ အစိမ်းရောင်သစ်ရွက်များက လေထဲမှာ အံ့ဖွယ်ကောင်းစွာ ထွက်ပေါ်လာသည်။ ယင်းတို့က ကောင်းကင်ပေါ်မှ ကျဆင်းလာကြသည်။ သစ်ရွက်တစ်ရွက်စီက အစိမ်းရောင်အလင်း မှိတ်တုတ်မှိတ်တုတ် ထွန်းလင်းနေသည်။ ယင်းက အံ့ဖွယ်ထူးခြားသော မြင်ကွင်းတစ်ခု ဖြစ်သည်။ ထို့ပြင် နောက်ထပ် ထူးခြားချက်တစ်ခုမှာ ထိုသစ်ရွက်များက သီရှီထျန်၏ ဦးခေါင်းပေါ်မှာသာ လွင့်မျောနေသည်။
“ ရှစ်… ရှစ်… ”
အစိမ်းရောင်သစ်ရွက်များက ပုံရိပ်ယောင်သာဖြစ်သော်လည်း အစစ်အမှန်နှင့် လုံးဝ ဆင်တူသည်။ နောက်အခိုက်အတန့်မှာ သစ်ရွက်များက သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်သို့ ညင်သာစွာ ကျဆင်းလာသည်။ သစ်ရွက်များသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသည်နှင့်ချက်ချင်း ရုတ်တရက် ပျောက်ကွယ်သွားသည်။ ဤသည်မှာ မိုးရေစက်များက သဲကန္တာရပေါ်သို့ ကျဆင်းသွားသည့်အလားပင်။ ယင်းတို့က မည်သည့်သဲလွန်စမှမကျန်ဘဲ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ချက်ချင်းဆိုသလိုပင် အစိမ်းရောင်အလင်းက သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်မှာ ထွန်းလင်းသွားသည်။
အစိမ်းရောင်အလင်း၏ ဖုံးလွှမ်းမှုအောက်မှာ သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာဒဏ်ချက်များက သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ မြန်ဆန်စွာ သက်သာပျောက်ကင်းသွားသည်။ လျှပ်တစ်ပြက်အတွင်းမှာ သူ၏ ဒဏ်ရာအများစုက လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကင်းသွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ မည်သည့်အမာရွတ်မှ ကျန်မနေခဲ့ပေ။
ထို့ပြင် အစောနက သီရှီထျန် ကိုယ့်ဘာသာ မကုသနိုင်ခဲ့သော ရင်ဘက်ဒဏ်ရာသည်လည်း ဖြည်းဖြည်းချင်း သက်သာလာသည်။ ခရမ်းရောင်လျှပ်စီးတန်းများသည်ပင် အစိမ်းရောင်အလင်းအောက်မှာ တိတ်တဆိတ် ဖယ်ရှားခံလိုက်ရသည်။
အလွန်ပေါကြွယ်ဝသော အသက်ဓာတ်စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှာ ပေါ်လျှိုးလာသည်။ သူခံစားနေရသော ပင်ပန်းနွမ်းနယ်မှုသည်ပင် ချက်ချင်း ပျောက်ကင်းသွားသည်။ သူ၏ စိတ်ဝိညာဉ်က ပြန်လည်နိုးကြားလာသည်။ အားအင်အသစ်က သူ့ခန္ဓာကိုယ်ထဲမှာ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်သွားသည်။
“ အဲ့ဒါက… ”
သီရှီထျန်သည် သူ့ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲများကို ရှင်းလင်းစွာ အာရုံခံမိသည်။ အစိမ်းရောင်သစ်ရွက်များက သူ့အပေါ်သို့ လွင့်မျောလာနေကြောင်း သူမြင်သည်။ သူက ရုတ်တရက် မျက်လုံးဝင်းလက်သွားသည်။ ထို့နောက် သူက အနောက်လှည့်ကြည့်လိုက်သည်။ သူ၏ အကြည့်က လူသားမျိုးနွယ်စု အနားယူသော ကျွန်းစုပေါ်မှ ကျောက်တုံးတစ်တုံးပေါ်မှာ ထိုင်နေသော ပုံရိပ်တစ်ခုပေါ်သို့ ကျရောက်သွားသည်။ စိတ်ရှုပ်ထွေးသော ခံစားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ကိုတိုမီ… အို ကိုတိုမီ ”
သူက တီးတိုးရေရွတ်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။ ကိုတိုမီက သူ့ကို ကူညီပေးနေကြောင်း မည်သို့သူမသိဘဲ နေမည်နည်း။ ဤကဲ့သို့ အနုလက်ရာမြောက်ပြီး အံ့ဖွယ်မှော်စွမ်းရည်ပါဝင်နေသော သီချင်းကို ခရမ်းရွှေကုန်းမြေတစ်ခုလုံးမှာ ချင်မိသားစုမှလွဲ၍ မည်သူတီးခတ်နိုင်မည်နည်း။ သို့သော်လည်း သူက အများကြီး မအံ့ဩပေ။
အတိတ်၌ ကုချင်းချိုင့်ဝှမ်းထဲမှာ သူသည်လည်း ကုချင်းပညာကို သင်ယူခဲ့သည်။ သူက ချင်မိသားစုထံမှ အမတသီချင်းများကို မသင်ယူနိုင်ခဲ့သော်လည်း အမတသီချင်းများက မည်မျှအံ့ဖွယ်ကောင်းကြောင်း သိသည်။ အမတသီချင်းများက ပုံရိပ်ယောင်ကို အစစ်အမှန်ဖြစ်စေနိုင်ပြီး သီချင်းများထဲမှာ မိုးမြေ၏ လျှို့ဝှက်နက်နဲမှုများ ပါဝင်နေသည်။ ယင်းကို သာမန်ကုချင်းပညာရှင်များ မတီးခတ်နိုင်ပေ။ ထိုသို့အမတသီချင်းများကို တီးခတ်ရန် လျှို့ဝှက်ဆန်းကြယ်သော လက်ချောင်းလှုပ်ရှားမှုပညာရပ်ကို တတ်မြောက်ထားရမည်။ သို့မှသာလျှင် အမတသီချင်းများ၏ မှော်စွမ်းရည်များက ထင်ရှားစွာ ထွက်ပေါ်လာလိမ့်မည်။
အမတသီချင်းများသည် သေမျိုးလောကမှ ဂီတပညာရှင်များ လက်လှမ်းမမီနိုင်သောအရာ ဖြစ်သည်။ အမတသီချင်းများနှင့် နတ်ဘုရားသီချင်းများသည် သေမျိုးနယ်နိမိတ်မှ ကျော်လွန်သွားသည်။
အမတသီချင်းများနှင့် နတ်ဘုရားသီချင်းများစီမှာ အံ့ဖွယ်ကောင်းသော မှော်စွမ်းရည်များ ရှိ၏။ ထို့ကြောင့် ကိုတိုမီတီးခတ်လိုက်သော သီချင်းသံမှတဆင့် ထွက်ပေါ်လာသော အစိမ်းရောင်သစ်ရွက်များဆီမှာ အံ့ဖွယ်ကောင်းသော မှော်စွမ်းရည်များ ပါဝင်နေခြင်းပင်။
“ အစိမ်းရောင်သစ်ရွက်တစ်ရွက်စီမှာ အံ့ဖွယ်ကောင်းတဲ့ အသက်ဓာတ်စွမ်းအား ကိန်းအောင်းနေတယ်… သစ်ရွက်တစ်ရွက်က အပြင်းဖျားနေတဲ့ လူတစ်ယောက်ကို ချက်ချင်း နေပြန်ကောင်းသွားစေနိုင်တယ်… ဒါ့အပြင် ရောဂါအားလုံး ပျောက်ကင်းစေနိုင်ပြီး ခြေပြတ်လက်ပြတ်တွေကိုတောင် ပြန်ထွက်ပေါ်စေနိုင်တယ်… ဒီသီချင်းက နှလုံးသားသန့်စင်ဗုဒ္ဓသီချင်းလို အမတအဆင့် သီချင်းတစ်ပုဒ် ဖြစ်ရမယ်… ဒီချင်မိသားစုက အပေါ်ယံမြင်ရသလောက် မရိုးရှင်းဘူး ”
စက်ကရာက စိတ်ထဲမှာ တိတ်တဆိတ် တွေးတောလိုက်ပြီး အကြည့်ပြန်ရုပ်လိုက်သည်။ ကိုတိုမီ၏ အပြုအမူက သူမျှော်လင့်ထားသောအရာ မဟုတ်ပေ။ သို့သော်လည်း ယခုအချိန်မှာ ကိုတိုမီကို သူအာရုံမထားနိုင်သေးပေ။ သူ၏ ရည်ရွယ်ချက်က တံတားအဆုံးဆီသို့ ရောက်ရန် ဖြစ်သည်။ တံတား၏ အဆုံးသို့ ရောက်သွားမှသာလျှင် သူ၏ ကံကြမ္မာကို ပြောင်းလဲနိုင်မည့် အထွတ်အမြတ်ရတနာကို ရရှိလိမ့်မည်။
စက်ကရာက စိတ်ဆုံးဖြတ်လိုက်သည်။ သူ၏ အကြည့်က နက်ရှိုင်းလာသည်။ သူ့ကိုယ်သူ ပိုပြီးယုံကြည်မှုရှိလာသည်။ သူ၏ ခန္ဓာကိုယ်ကို ရွေ့လျားလိုက်သည့်အခါ စွမ်းအင်လှိုင်းများက သူ့ခန္ဓာကိုယ်၏ အသွေးအသားတစ်လက်မစီတိုင်းမှ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး၏ စွမ်းအားက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ထိုသို့ပြောင်းလဲမှုကြောင့် သီရှီထျန်က ပိုပြီးယုံကြည်မှုရှိလာသည်။
သူက အရှေ့သို့ လှမ်းကြည့်လိုက်သည်။ သူ့အရှေ့တွင် မသေမျိုးကျင့်ကြံသူများနှင့် မိစ္ဆာဘုရင်များက မရှိသလောက် နည်းပါးသွားသည်။ ငွေဆံရှည်နှင့် တခြားမိစ္ဆာဘုရင်များသည် ဟွမ်ချွမ်းရေဝိညာဉ်များနှင့် တိုက်ခိုက်နေကြပြီး အရှေ့သို့ ရွေ့လျားသွားနေကြသည်။ သူ၏ အရှေ့တွင် မိစ္ဆာဘုရင်လေးပါးနှင့် မသေမျိုးကျင့်ကြံသူသုံးယောက်သာ ရှိကြသည်။ ဟွမ်ချွမ်းရေဝိညာဉ်များက အလွန်သန်စွမ်းကြသော်လည်း သူတို့က မိစ္ဆာဘုရင်လေးပါးနှင့် မသေမျိုးကျင့်ကြံသူသုံးယောက်ကို မတားဆီးနိုင်ကြပေ။
မိစ္ဆာဘုရင်လေးပါးနှင့် မသေမျိုးကျင့်ကြံသူသုံးယောက်က အလွန်သန်စွမ်းကြသည်။ သူတို့က ဟွမ်ချွမ်းရေဝိညာဉ်များကို တတ်နိုင်သမျှ ရှောင်ကွင်းသွားနေကြသည်။ အကယ်၍ မရှောင်ကွင်းသွားနိုင်လျှင် သူတို့က ဟွမ်ချွမ်းရေဝိညာဉ်များကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်ကြသည်။
ဟွမ်ချွမ်းရေဝိညာဉ်များသည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံခြင်းစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ သို့သော်လည်း ယင်းက ဟွမ်ချွမ်းရေဝိညာဉ်များ၏ အဓိက ကြောက်စရာကောင်းသောအချက် မဟုတ်သေးပေ။ ဟွမ်ချွမ်းရေဝိညာဉ်များ၏ အဓိက ကြောက်စရာကောင်းသော အချက်မှာ သူတို့၏ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားသော ဟွမ်ချွမ်းမြစ်ရေ ဖြစ်သည်။ ဟွမ်ချွမ်းမြစ်ရေမှာ မည်သည့်အရာကိုမဆို ယိုယွင်းတိုက်စားပစ်နိုင်သော အစွမ်းရှိသည်။
သို့သော်လည်း မိစ္ဆာဘုရင်လေးပါးနှင့် မသေမျိုးကျင့်ကြံသူသုံးယောက်က သာမန်မဟုတ်ကြချေ။ သူတို့ဆီမှာ ဟွမ်ချွမ်းမြစ်ရေကို ရှောင်တိမ်းနိုင်သော နည်းလမ်းများ ရှိသည်။ ဟွမ်ချွမ်းရေဝိညာဉ်များက သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပေ။ ယင်းက သူတို့၏ အလျင်ကို အနည်းငယ်သာလျှင် နှောင့်နှေးစေသည်။
“ ခုနစ်နေရာက လူရှိသွားပြီ… အဲ့ဒီတော့ အဌမနေရာက ငါ့အတွက်ပဲ ”
စက်ကရာသည် အကြည့်တစ်ချက်ဖြင့် သူ့အရှေ့မှ အခြေအနေကို မြင်သွားသည်။ သူ၏ ခြေလှမ်းများက ရပ်တန့်မသွားပေ။ သူက အရှေ့သို့ မြန်ဆန်စွာ လျှောက်သွားသည်။ သူ၏ အရှေ့တွင် မသေမျိုးကျင့်ကြံသူတချို့ ရှိနေဆဲပင်။ သူတို့အားလုံးက နောက်ဆုံးကျန်ရှိသော သုံးနေရာကို လုယက်ရန် အစွမ်းကုန်ထုတ်၍ အရှေ့သို့ ရွေ့လျားသွားနေကြသည်။ ယခုအချိန်မှာ သူတို့က တိုက်ခိုက်ရန် ဆန္ဒမရှိကြတော့ချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့တိုက်ခိုက်နေသည့်အချိန် တခြားလူများက အခွင့်ကောင်းယူသွားနိုင်သည်။ သို့ဖြစ်၍ သူတို့က အရှေ့သို့ မြန်ဆန်စွာ ရွေ့လျားသွားရန်သာ ကြိုးစားနေကြသည်။
“ ဘန်း ”
ကျယ်လောင်သော မြည်သံနှင့်အတူ ပယင်းရောင်ဓားမော့အလင်းတန်းတစ်ခုက ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး ဟွမ်ချမ်းရေဝိညာဉ်တစ်ကောင်ကို နှစ်ခြမ်းခွဲပစ်လိုက်သည်။ မရေမတွက်နိုင်သော ရေစက်များက အရပ်မျက်နှာအသီးသီးဆီသို့ လွင့်စင်သွားသည်။ သို့သော်လည်း ပယင်းရောင်ဓားမော့အလင်းက လေထဲမှာ အကာအကွယ်အလွှာတစ်ခုအဖြစ် ရုတ်တရက် ဖွဲ့စည်းသွားပြီး ဓားမော့စက်ဝန်းတစ်ခုပမာ လှည့်ပတ်သွားသည်။ ရေစက်အားလုံးသည် ဓားမော့စက်ဝန်း၏ လှည့်ပတ်မှုကြောင့် တားဆီးခံလိုက်ရသည်။ ရေတစ်စက်မှ ဓားမော့စက်ဝန်း၏ အကာအကွယ်ကို မချိုးဖြတ်နိုင်ပေ။
ဝတ်စုံနက် ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက ဓားမော့စက်ဝန်း၏ အနောက်မှာ ရပ်နေသည်။ ရှေးဟောင်းတံတားပေါ်မှာ လေမတိုက်နေသော်လည်း သူ၏ ဆံပင်ရှည်က တအိအိလှုပ်ခတ်နေသည်။ သူက ဓားမော့စက်ဝန်းကို ဒိုင်းကာတစ်ခုပမာ အသုံးချ၍ အရှေ့သို့ ရွေ့လျားသွားနေသည်။
သူနှင့်မနီးမဝေးမှာရှိသော မိစ္ဆာဘုရင်လေးပါးက အံ့ဖွယ်ကောင်းသော မိစ္ဆာချီကို ထုတ်လွှတ်လိုက်ကြသည်။
“ ဟား ဟား… ငါပြောခဲ့တယ် မဟုတ်ဘူးလား… ညီလေးသီက ထူးခြားပါတယ်လို့… သူက ကျင့်ကြံသူသိန်းချီကို ဖြတ်ကျော်ပြီး ငါတို့နောက်ကို အမီလိုက်လာနိုင်တယ်… ငါနဂါးဘုရင် မင်းကို မလေးစားဘဲ မနေနိုင်ဘူး… ငါတို့အပြင်ပြန်ရောက်တဲ့အခါ ငါမင်းကို ဝိုင်ခွက်သုံးရာနဲ့ ဂုဏ်ပြုမယ် ”
သွေးနဂါးဘုရင်သည် သူ့အရှေ့မှ ရေဝိညာဉ်တစ်ကောင်ကို အဆူးတင်းပုတ်ဖြင့် ရက်စက်ကြမ်းကြုတ်စွာ ထုရိုက်လိုက်သည်။ အနောက်သို့ သူလှည့်ကြည့်လိုက်သည့်အခါ မျက်လုံးဝင်းလက်သွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ ကြည့်ရတာ ဒီတစ်ခေါက် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေမှာ ငါတို့မိစ္ဆာမျိုးနွယ်စုက အနည်းဆုံး နေရာငါးနေရာကို သိမ်းပိုက်နိုင်လိမ့်မယ်… အဲ့ဒါက မဟာကံကောင်းမှုကြီးပဲ… ဒီလိုအခြေအနေမျိုးက အတိတ်မှာ တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးဘူး ”
ရွှေတောင်ပံလင်းနို့ဘုရင်သည်လည်း အသိအမှတ်ပြုစွာ ခေါင်းညိတ်လိုက်သည်။ သီရှီထျန်ကို သူတို့ကြည့်သော အမြင်က ကွဲပြားသွားသည်။
“ ဟုတ်တယ် ”
စကားနည်းသော ပိုင်ဇီယန်သည်ပင် သဘောတူညီစွာ ထောက်ခံလိုက်သည်။
ဤအခိုက်အတန့်မှာ သီရှီထျန်အပေါ် သူတို့၏ အမြင်က ယခင်ကနှင့် လုံးဝခြားနားသွားသည်။ သူတို့၏ စကားများအရ သူတို့က သီရှီထျန်ကို သူတို့နှင့်အဆင့်တူညီသော ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်လိုက်ကြောင်း ထင်ရှားပေသည်။ သူတို့က သီရှီထျန်ထက် ပိုပြီးသာလွန်မြင့်မြတ်သည်ဟု မခံစားရကြတော့ချေ။
ဤသို့ ဆိုရိုးစကားရှိသည်။ နဂါးများသည် မြွေများနှင့် အတူမနေကြပေ။ သူတို့၏ ဘွဲ့နာမည်မှာ ဘုရင်ဟူသော စကားလုံးက အလဟဿ ပါဝင်နေခြင်း မဟုတ်ပေ။ ယင်းက သူတို့၏ သရုပ်အဆင့်အတန်းနှင့် မောက်မာထောင်လွှားမှုကို ရည်ညွှန်းသည်။ သူတို့က အဆင့်အတန်းတူညီသော ပုဂ္ဂိုလ်များဖြင့်သာ မိတ်ဆွေဖွဲ့ချင်ကြသည်။
ယင်းက ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်နှင့် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကြားမှ ကွာခြားမှုနှင့် အတူတူပင်။ အကယ်၍ ထူးခြားသော အကြောင်းအရင်းမရှိလျှင် ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်က အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို တန်းတူညီတူ စကားပြောလိမ့်မည်လော။ မိတ်ဆွေဖွဲ့လိမ့်မည်လော။ ယင်းက လုံးဝ မဖြစ်နိုင်ပေ။ တခြားကိစ္စများကို မဆိုထားနှင့် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို ကြည့်သော ခံစားချက်နှင့် ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို ကြည့်သော ခံစားချက်က မတူညီပေ။
ယင်းက နယ်ပယ်ကွာခြားမှု ဖြစ်သည်။ နယ်ပယ်မတူညီလျှင် သူတို့ကြားမှာ စစ်မှန်သော ခင်မင်ရင်းနှီးမှု ရှိလိမ့်မည် မဟုတ်ချေ။ အကယ်၍ ရှိလျှင်ပင် ယင်းက အများကြီး မဟုတ်ပေ။