← Chapters

အခန်း ၃၉၉

Vol. 27 Ch. 399

အခန်း ၃၉၉

Vol. 27 Ch. 399

အခန်း(၃၉၉)

နယ်ပယ်တူညီပြီး သရုပ်အဆင့်အတန်း တူညီသော ပုဂ္ဂိုလ်အချင်းချင်းသာလျှင် ခင်မင်ရင်းနှီးစွာ ပြောဆိုဆက်ဆံနိုင်ကြသည်။

အတိတ်တွင် သွေးနဂါးဘုရင်နှင့် တခြားမိစ္ဆာဘုရင်များသည် သီရှီထျန်နှင့် ရယ်ရယ်မောမော စကားပြောခဲ့ကြသည်။ သူတို့က သီရှီထျန်ကို မြင့်မြင့် မျှော်မှန်းထားကြသည်။ အဘယ့်ကြောင့်ဆိုသော် ငွေဆံရှည်၏ အသိအမှတ်ပြုမှုကို သီရှီထျန်က ရရှိထားသောကြောင့် ဖြစ်သည်။ ထို့ပြင် သီရှီထျန်က အမွေအနှစ်လျှောက်လမ်းပေါ်မှာ သူတို့မဖြတ်ကျော်နိုင်ခဲ့သော ဒုတိယစမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့ပြီး သူ့အရည်အချင်းကို သက်သေပြခဲ့သည်။ အနာဂတ်တွင် သီရှီထျန်က သူတို့အဆင့်သို့ သေချာပေါက် ရောက်လာနိုင်လိမ့်မည်ဟု သူတို့ယုံကြည်ကြသည်။ ထို့ကြောင့် သူတို့က သီရှီထျန်ကို ရယ်ရယ်မောမော စကားပြောကြသည်။ သို့သော်လည်း လောလောဆယ်တွင် သူတို့က သီရှီထျန်ကို အငယ်တန်းမိစ္ဆာတစ်ကောင်ဟုသာ သတ်မှတ်ထားကြသည်။

သို့သော် ယခုအခြေအနေမျိုးတွင် သီရှီထျန်အပေါ် သူတို့၏ အမြင်က လုံးဝ ပြောင်းလဲသွားသည်။ သီရှီထျန်သည် သူ့ကိုယ်ပိုင် အရည်အချင်းပေါ် မှီခို၍ မသေမျိုးကျင့်ကြံသူသိန်းချီကို ဖြတ်ကျော်ပြီး သူတို့အနောက်သို့ အမီလိုက်လာနိုင်သည်။ မကြာသေးခင်ကမှ အမြူတေဓာတ်လုံး ဖွဲ့စည်းထားသော မိစ္ဆာဘုရင်တစ်ကောင်က ထိုသို့စွမ်းဆောင်နိုင်ခြင်းမှာ အမှန်တကယ် အံ့ဩဖွယ်ကောင်းသည်။ ထို့ကြောင့် သီရှီထျန်သည် သူတို့နှင့်အဆင့်တူညီသော ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်ခံရရန် အမှန်တကယ် ထိုက်တန်သည်။

ထိုသို့အပြောင်းအလဲကို သီရှီထျန်က မည်သို့မခံစားမိဘဲ နေမည်နည်း။ သို့သော်လည်း သူက အံ့ဩမသွားပေ။ ယင်းအစား သူက မထူးမခြားနား အမူအရာဖြင့် ဆက်ရှိနေသည်။

“ အဲ့ဒီအကြောင်း မပြောကြရအောင်… အခု အရေးကြီးတာက ငါတို့တွေ အင်အားပူးပေါင်းပြီး တံတားရဲ့ အဆုံးဆီ သွားဖို့ပဲ… အခြားတစ်ဖက်ကို ရောက်သွားမှပဲ ငါတို့က အရည်အချင်းပြည့်မီကြလိမ့်မယ်… အဲ့ဒီကို ရောက်တော့မှ ဆက်ပြောကြမယ် ”

ငွေဆံရှည်က ခပ်ရေးရေး ပြုံးလိုက်ပြီး ပြောသည်။

“ ကောင်းပြီ… အခြားတစ်ဖက်ဆီ ရောက်ဖို့ ငါတို့အရှေ့က အတားအဆီးတွေကို ရှင်းလင်းပစ်မယ် ”

သူတို့အားလုံးက ပြိုင်တူအော်လိုက်ကြသည်။

ထိုအခိုက်အတန့်မှာ မိစ္ဆာဘုရင်ငါးပါးက စကားပြောနေခြင်းကို ရပ်တန့်လိုက်ပြီး အရှေ့သို့ မြန်ဆန်စွာ ရွေ့လျားသွားကြသည်။ သူတို့က ဟွမ်ချွမ်းရေဝိညာဉ်များကို မကြောက်ဘဲ သူတို့အားလုံးကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်ကြသည်။ သီရှီထျန် ပူးပေါင်းပါဝင်လိုက်သည့်အခါ သူတို့၏ အလျင်က ပိုပြီးမြန်ဆန်သွားသည်။

သူတို့အုပ်စုကို ဟွမ်ချွမ်းရေဝိညာဉ်များက မတားဆီးနိုင်ပေ။ သီရှီထျန်၏ ကျားဝိညာဉ်ဓားမော့က အလွန်ထက်ရှပြီး သူ၏ တိုက်ခိုက်မှုများက အလွန်အမင်း ရက်စက်ကြမ်းကြုတ်သည်။ ယင်းက သူတို့၏ အလျင်ကို ပိုပြီးမြန်ဆန်စေသည်။ မိစ္ဆာဘုရင်ငါးပါးသည် ထက်ရှသော ဓားတစ်စင်းနှယ် အတားအဆီးအားလုံးကို ဖြတ်ကျော်ပြီး အရှေ့သို့ ချီတတ်သွားကြသည်။ သူတို့အရှေ့တွင် အင်အားကြီးမားသော မသေမျိုးကျင့်ကြံသူအုပ်စုများ မရှိပေ။‌ သို့ဖြစ်၍ သူတို့၏ လမ်းကြောင်းတစ်လျှောက်မှာ မည်သည့်အဟန့်အတားမှ မရှိပေ။ အရှေ့သို့ မြန်ဆန်စွာ ရွေ့လျားသွားနေစဉ် ရှေးဟောင်းတံတား၏ အဆုံးသတ်နှင့် တဖြည်းဖြည်း နီးကပ်လာသည်။

ရုတ်တရက်ဆိုသလို သူတို့အရှေ့မှ မြူခိုးထုက လွင့်ပြယ်သွားသည်။ ဤသည်မှာ တိမ်ကင်းစင်သွားပြီး လစန္ဒာ ထွက်ပေါ်လာသည့်အလားပင်။ သူတို့အရှေ့မှ အရာအားလုံးက ရှင်းလင်းသွားသည်။ သူတို့အရှေ့မှ ပေတစ်ထောင်အကွာအဝေးတွင် ဧရာမကျွန်းစုတစ်ခုက ဟင်းလင်းပြင်ထဲမှာ လွင့်မျောနေသည်။

ယင်ယန်ကောင်းကင်တံတား၏ အခြားအဆုံးသတ်က ထိုဧရာမကျွန်းစု ဖြစ်သည်။

စက်ကရာ၏ မျက်လုံးထဲမှာ တောက်ပသောအလင်း ထွက်ပေါ်လာသည်။ ဤသည်မှာ သူ၏ မျက်လုံးက မီးဟုန်းဟုန်းတောက်လာသည့်အလားပင်။ ငွေဆံရှည်နှင့် တခြားလူများ၏ မျက်လုံးထဲတွင်လည်း တူညီသော အလင်းရောင် ထွက်ပေါ်လာသည်။ သူတို့အားလုံး၏ အမူအရာက တူညီသည်။ သေချာဂရုတစိုက် ကြည့်မည်ဆိုလျှင် သူတို့၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှု ထွက်ပေါ်နေကြောင်း မြင်ရလိမ့်မည်။ ရှေးဟောင်းတံတားကို ဖြတ်ကျော်နိုင်မည်ဆိုလျှင် ထိုကျွန်းစုပေါ်သို့ သူတို့ရောက်ရှိသွားလိမ့်မည်ဖြစ်ကြောင်း သိထားကြသည်။ ထိုကျွန်းစုသည် အခြားတစ်ဖက်ကမ်း ဖြစ်သည်။

အခြားတစ်ဖက်ကမ်းဆီသို့ သူတို့ရောက်ရှိသွားသည့်အခါ နေရာဆယ်နေရာထဲမှ တစ်နေရာကို ပိုင်ဆိုင်သွားနိုင်လိမ့်မည်။ ထိုအခါကျလျှင် ရှားပါးအခွင့်အရေးက သူတို့၏ လက်ထဲသို့ ကျရောက်လာလိမ့်မည်။

“ မြန်မြန်… အားလုံးပဲ အရှိန်မြှင့်တင်ကြ… အခြားတစ်ဖက်ကမ်းဆီ မရောက်မချင်း ငါတို့စိတ်အေးအေးထားလို့မရဘူး ”

ငွေဆံရှည်က သတိပေးလိုက်ပြီး သူ၏ အလျင်ကို မြှင့်တင်လိုက်သည်။ မည်သို့ဖြစ်ပါစေ အခြားတစ်ဖက်ကမ်းဆီ သူတို့မရောက်မီ မည်သည့်အတားအဆီးများ ထွက်ပေါ်လာနိုင်ကြောင်း မည်သူမှ မသိကြပေ။

မတော်တဆမှုဟူသည် အချိန်မရွေး နေရာမရွေး ထွက်ပေါ်လာနိုင်သည်။ ဥပမာ သူတို့မျက်စိအရှေ့မှ ရတနာများကို တခြားတစ်ယောက်ယောက်က ကြားဝင်လုယက်သွားခြင်း ဖြစ်သည်။

ထိုသို့ကိစ္စများသည် အတိတ်မှာ တစ်ခါမှ မဖြစ်ပျက်ဖူးခြင်း မဟုတ်ပေ။

“ အင်း… ”

သီရှီထျန်သည် ငွေဆံရှည်၏ စကားအတိုင်း သူ၏ အလျင်ကို ထပ်မံ တိုးမြှင့်လိုက်သည်။ သူ့အလျင်က အလွန်မြန်ဆန်သည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပေပေါင်းဒါဇင်ခန့် အကွာအဝေးကို ဖြတ်ကျော်သွားသည်။ သူ၏ တစ်ကိုယ်လုံးမှာ ပေါက်ကွဲစွမ်းအားဖြင့် ပြည့်နှက်နေသည်။ သူ့ခန္ဓာကိုယ်ထဲမှ အင်အားက ခြေထောက်များပေါ်မှာ စုဝေးသွားသည်။ ယင်းက သူ့အလျင်ကို ပိုပြီးမြန်ဆန်စေသည်။

ထိုစဉ် အရိုးခိုက်ခိုက်တုန်စေမည့် အအေးဓာတ်က သူ့အနောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်များက မြန်ဆန်စွာ ကျုံ့သွားသည်။ ယင်းက စူးရှသော နာကျင်ခံစားမှု ဖြစ်သည်။

ဤသည်မှာ ထက်ရှသော ဓားတစ်လက်က သူ့နောက်ကျောပေါ်သို့ ကျဆင်းလာသည့်အလားပင်။

သူက အလွန်အားကောင်းသော အန္တရာယ်သတိပေးမှုကို ရုတ်တရက် ခံစားမိသွားသည်။ ယင်းက သူ့ခန္ဓာကိုယ်၏ သဘာဝအလျောက် တုံ့ပြန်မှု ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်သည် ပြေးနေခြင်းကို မရပ်တန့်လိုက်ပေ။ သို့သော်လည်း သူက အနောက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။ ထိုအကြည့်နှင့်အတူ သူက ဘေးသို့ တစ်ချက်ရွှေ့လိုက်သည်။ သူက ကျားဝိညာဉ်ဓားမော့ကို သူ့လက်ထဲမှာ တင်းကျပ်စွာ ဆုပ်ထားပြီး အလျှင်အမြန် တုံ့ပြန်လိုက်သည်။ သူ၏ မျက်နှာက မထူးမခြားနား အမူအရာဖြင့် ရှိနေသော်လည်း သူ့နှလုံးသားထဲမှာတော့ အမြဲသတိထားနေသည်။

သူ့အနောက်တွင် ရှူးတောင်တန်းဓားသူတော်စင်၊ အသက်ကြီးသော တာအိုပညာရှင်နှင့် အဖွားအိုတစ်ယောက်က နီးကပ်စွာ လိုက်လာနေကြသည်။ သူတို့အားလုံးက ထူးခြားဆန်းကြယ်သော ခြေလှမ်းကွက်များကို အသုံးပြုနေကြသည်။ သူတို့၏ အလျင်က အလွန်အမင်း မြန်ဆန်သည်။

မိစ္ဆာဘုရင်ငါးပါးထဲတွင် သီရှီထျန်က အနောက်ဆုံးမှာ ရှိနေသည်။ မသေမျိုးကျင့်ကြံသူသုံးယောက်ထဲတွင် အဖွားအိုက အရှေ့ဆုံးမှာ ရှိနေသည်။ သူတို့သုံးယောက်ကြားမှ အကွာအဝေးက သိပ်မကြီးမားပေ။ တစ်ယောက်နှင့်တစ်ယောက် သုံးလေးပေမျှသာ ဝေးကွာကြသည်။

အကယ်၍ သီရှီထျန်သာ ပြေးနေခြင်းကို ရပ်လိုက်မည်ဆိုလျှင် သူက အနောက်မှာ ကျန်နေခဲ့လိမ့်မည်။ ထို့ပြင် သူနှင့် အဖွားအိုကြားမှ အကွာအဝေးသည်လည်း ကျဉ်းမြောင်းသွားလိမ့်မည်။

“ ဘန်း ”

ငွေဆံရှည်သည် သူ့အရှေ့မှ ကျွန်းစုကို ကြည့်လိုက်သည်။ ကျွန်းစုနှင့် ပေတစ်ရာမျှသာ ကွာဝေးတော့သည့်အချိန် သူ၏ သူငယ်အိမ်များက ရုတ်တရက် ကျုံ့သွားသည်။ သူက ကြမ်းတမ်းစွာ ဖနောင့်ပေါက်လိုက်သည်။ ကြီးမားသော အင်အားက သူ၏ ခြေဖဝါးထံမှ ထွက်ပေါ်လာသည်။ တစ်ဆက်တည်းမှာ သူ့ခန္ဓာကိုယ်က ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ သူက လေးမှ ပစ်လွှတ်လိုက်သော မြားတစ်စင်းပမာ တစ်ဖြောင့်တည်း ပျံသန်းထွက်သွားသည်။ သူက ကျွန်းစုပေါ်သို့ ဦးတည်သွားသည်။

“ ဝုန်း ”

ကျယ်လောင်သော မြည်သံနှင့်အတူ ငွေဆံရှည်က ပေတစ်ရာအကွာအဝေးကို တစ်ခါတည်း ကျော်လွှားသွားပြီး ရှေးဟောင်းတံတားပေါ်မှ ထွက်သွားသည်။ သူက စက္ကန့်ပိုင်းလေးအတွင်းမှာ ကျွန်းစုပေါ်သို့ ခြေချနိုင်သွားသည်။ ကျွန်းစုပေါ်မှာ ခြေချသွားပြီးနောက် သူက ဖော်မပြနိုင်အောင် ဝမ်းသာပျော်ရွှင်သွားသည်။ သူက အနောက်လှည့်လိုက်ပြီး စိတ်လိုအားရ ရယ်မောလိုက်သည်။

“ ဟား ဟား… နောက်ဆုံးတော့ ဒီနေရာကို ငါရောက်လာခဲ့ပြီ ”

သူ့အနောက်တွင် သွေးနဂါးဘုရင်က အမြန်ပြေးလွှားလာပြီး ရှေးဟောင်းတံတားပေါ်မှ ထွက်သွားကာ ကျွန်းစုပေါ်သို့ ခြေချလိုက်သည်။ ကျွန်းစုပေါ်သို့ သူခြေချလိုက်သည့်အခိုက် သူ့ခန္ဓာကိုယ်က ရိုင်းစိုင်းကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

တခြားမိစ္ဆာဘုရင်များသည်လည်း ကျွန်းစုပေါ်သို့ အမြန်ပြေးသွားကြသည်။ နောက်ဆုံးမှာ သီရှီထျန်၏ အလှည့်သို့ ရောက်ရှိလာသည်။ သူက ရှေးဟောင်းတံတား၏ အဆုံးသတ်သို့ ရောက်ရန် ဆယ်ပေမျှသာ လိုတော့သည်။ ထိုစဉ် သူက ဘယ်ခြေထောက်ကို မြှောက်၍ တံတားပေါ်သို့ အကြမ်းပတမ်း ခြေဆောင့်လိုက်သည်။

ထိုအခါ သူ၏ ခန္ဓာကိုယ်က ကျွန်းစုပေါ်သို့ ခုန်တတ်နိုင်ရန် လေထဲသို့ မြှောက်တတ်သွားသည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။

“ သတိထား ”

“ ကောက်ကျစ်လိုက်တာ… ”

ကျွန်းစုပေါ်သို့ ခြေချပြီးကြသော ငွေဆံရှည်နှင့် တခြားမိစ္ဆာဘုရင်များသည် တစ်ပြိုင်နက်တည်း အမူအရာပြောင်းလဲသွားသည်။ သူတို့၏ မျက်နှာက အရုပ်ဆိုးသွားသည်။ သူတို့က ကျယ်လောင်စွာ အော်ပြောလိုက်ကြပြီး ကျွန်းစုပေါ်မှ ထွက်ကာ ရှေးဟောင်းတံတားပေါ်သို့ ပြန်သွားရန် ကြိုးစားလိုက်ကြသည်။ သို့သော်လည်း ဖော်မပြနိုင်သော အကြောင်းအရင်းတချို့ကြောင့် ကျွန်းစုပေါ်မှာ အကာအရံစည်းတစ်ခု ရှိနေသည်။ ထိုအကာအရံစည်းက သူတို့ကို တံတားပေါ်သို့ ပြန်သွားရန် ခွင့်မပြုပေ။ ကြည့်ရသည်မှာ တံတားပေါ်မှ ထွက်ခွာသွားပြီးလျှင် တံတားပေါ်သို့ လုံးဝ ပြန်မသွားနိုင်တော့ဟန် ရ၏။

သူတို့၏ မျက်လုံးက ဒေါသကြောင့် ပြူးကျယ်သွားသည်။ ဒေါသက အလွန်ကြီးမားလေရာ မီးတောက်တစ်ခုက သူတို့၏ ခန္ဓာကိုယ်ထဲမှာ ပေါ်ထွက်လာနေဟန် ရ၏။

ရှေးဟောင်းတံတားပေါ်တွင် သီရှီထျန်နှင့် ပေသုံးလေးဆယ်မျှသာ ကွာဝေးသော အဖွားအိုသည် သူ့လက်ထဲမှာ ကိုင်ဆောင်ထားသော နဂါးဦးခေါင်းတောင်ဝှေးကို သီရှီထျန်၏ ကျောနောက်ဆီသို့ အကြမ်းပတမ်း ပစ်လွှတ်လိုက်သည်။ အနက်ရောင်အလင်းလွှာတစ်ခုက နဂါးဦးခေါင်းတောင်ဝှေးကို ဝန်းရံလိုက်သည်။ မရေမတွက်နိုင်သော မှော်သင်္ကေတများနှင့် အက္ခရာစာလုံးများက တောင်ဝှေး၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက နဂါးဦးခေါင်းတောင်ဝှေးထံမှ ထွက်ပေါ်နေသည်။ နဂါးတစ်ကောင်၏ စွမ်းအားသည်ပင် တောင်ဝှေးထံမှ မထင်မရှား ထွက်ပေါ်နေသည်။

ထိုတိုက်ခိုက်မှုက အချိန်ကိုက်ထွက်ပေါ်လာခြင်း ဖြစ်သည်။ သီရှီထျန် လေပေါ်သို့ ခုန်တတ်လိုက်သည့်အချိန်မှ နဂါးဦးခေါင်းတောင်ဝှေးက သူ့အနောက်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ တောင်ဝှေး၏ အလျင်က အလွန်မြန်ဆန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ တောင်ဝှေးက သီရှီထျန်၏ ကျောနောက်သို့ ရောက်ရှိလာသည်။

တောင်ဝှေး၏ အရှိန်အဟုန်နှင့် စွမ်းအားအရ အကယ်၍ သူသာ ထိုတောင်ဝှေးဖြင့် ထိမှန်သွားမည်ဆိုလျှင် ယင်းက သူ့ခန္ဓာကိုယ်ကို တိုက်ရိုက် ဖောက်ထွင်းသွားလိမ့်မည်ဖြစ်ကြောင်း သံသယရှိရန် မလိုပေ။

သူ၏ မိစ္ဆာခန္ဓာကိုယ်က မည်မျှသန်စွမ်းပါစေ ထိုတိုက်ခိုက်မှုကို ခုခံတားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

ထိုအဖွားအိုက သီရှီထျန်ကို တစ်ချက်တည်းဖြင့် သတ်ပစ်ချင်နေကြောင်း ထင်ရှားပေသည်။ အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက နဂါးဦးခေါင်းတောင်ဝှေးပေါ်မှာ ထွက်ပေါ်လာသည်။

“ ဟွန့်… ဒီတိုက်ခိုက်မှုအတွက် အချိန်အကြာကြီး ငါစောင့်ဆိုင်းခဲ့ရတယ် ”

ထိုစဉ် အေးစက်စက် နှာခေါင်းရှုံ့သံက လေထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ လေထဲသို့ မြှောက်တတ်သွားသော သီရှီထျန်၏ ခန္ဓာကိုယ်က အံ့ဖွယ်ကောင်းစွာ အောက်သို့ ပြန်ဆင်းသွားသည်။ သူက ရှေးဟောင်းတံတားပေါ်မှ မခုန်လိုက်ပေ။

ကျားဝိညာဉ်ဓားမော့က လေထဲမှာ ဓားမော့စက်ဝန်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ဓားမော့က အလွန်မြန်ဆန်သော အလျင်ဖြင့် နဂါးဦးခေါင်းတောင်ဝှေးကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။ ထိုဓားမော့ခုတ်ချက်ထဲမှာ သူ့ခန္ဓာကိုယ်ထဲမှ အင်အားအလုံးစုံ ပါဝင်နေလေရာ ယင်းက အလွန်သန်စွမ်းသည်။ ကျားဝိညာဉ်ဓားမော့၏ အလေးချိန်အရ ဓားမော့ခုတ်ချက် ထွက်ပေါ်လာသည့်အခိုက် သူ့အရှေ့မှ လေဟာနယ်သည်ပင် တုန်ခါသွားသည်။ ဓားမော့၏ လွှမ်းမိုးဖိနှိပ်မှုက အဆုံးမဲ့ဟန် ရ၏။

“ ဘန်း ”

ကျယ်လောင်သော မြည်သံ ထွက်ပေါ်လာသည်။ ကြမ်းတမ်းသော အားလှိုင်းများက အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့လွင့်သွားပြီး မိုးမြေတစ်ခွင် ပြည့်နှက်သွားသည်။ တံတားပေါ်မှ ဟွမ်ချွမ်းရေဝိညာဉ်များသည်ပင် ကြမ်းတမ်းသော အားလှိုင်းများဖြင့် ရိုက်ခတ်ခံရပြီးနောက် တစ်စစီ အက်ကွဲသွားသည်။ လွှမ်းမိုးဗိုလ်ကျသော ကျားဝိညာဉ်ဓားမော့၏ ခုတ်ပိုင်းမှုကြောင့် နဂါးဦးခေါင်းတောင်ဝှေးက အနောက်သို့ လွင့်စင်သွားသည်။

All Chapters