← Chapters

အခန်း ၄၀၀

Vol. 27 Ch. 400

အခန်း ၄၀၀

Vol. 27 Ch. 400

အခန်း(၄၀၀)

သီရှီထျန်က သူ့လက်ထဲမှ ကျားဝိညာဉ်ဓားမော့ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ကြမ်းတမ်းသော အားလှိုင်းများက တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာသည်။ သို့သော်လည်း နဂါးဦးခေါင်းတောင်ဝှေးသည်တော့ အဝေးသို့ လွင့်စင်သွားသည်။ ရှေးဟောင်းတံတားပေါ်၌ ဝိညာဉ်စွမ်းအားကို အသုံးမပြုနိုင်ပေ။

သို့ဖြစ်၍ တောင်ဝှေးက အထိန်းအကွပ်မဲ့စွာ လွင့်ထွက်သွားသည်။ တောင်ဝှေးက မည်မျှအားကောင်းပါစေ အနောက်ဆုတ်သွားရ၏။

“ ဘန်း ”

သီရှီထျန်သည် အနည်းငယ်မှ တုံ့ဆိုင်းမနေပေ။ သူက တစ်ဖက်လူကို အလွတ်ပေးရန် လုံးဝ မစဉ်းစားထားပေ။ သူက အနောက်လှည့်လိုက်ပြီး အဖွားအိုဆီသို့ လျှောက်သွားသည်။ သူ့လက်ထဲမှ ကျားဝိညာဉ်ဓားမော့က လျှပ်စီးပမာ အလျင်ဖြင့် ရွေ့လျားသွားသည်။ ဓားမော့အလင်းတန်းက သေမင်းတံစဉ်နှင့် ဆင်တူသည်။ ဓားမော့အလင်းတန်းက အဖွားအို၏ ဦးခေါင်းထက်မှာ ထွက်ပေါ်လာသည်။ အကယ်၍ ထိုဓားမော့အလင်းတန်းသာ အောက်ကျလာမည်ဆိုလျှင် အဖွားအိုက ထက်ခြမ်းပိုင်းဖြတ်ခံရလိမ့်မည်။

ရှေးဟောင်းတံတားပေါ်တွင် သီရှီထျန်က မည်သူ့ကိုမှ ကြောက်နေမည်မဟုတ်ချေ။ ဤနေရာမှာ သက်ရှိအားလုံး၏ ဝိညာဉ်စွမ်းအားက ချိပ်ပိတ်ခံထားရသည်။ သို့ဖြစ်၍ ရုပ်ခွန်အားနှင့် တိုက်ခိုက်ရေးပညာရပ်ချင်း ယှဉ်ပြိုင်သည့်အခါ မသေမျိုးကျင့်ကြံသူများက သူ့ကို မည်သို့ယှဉ်ပြိုင်နိုင်မည်နည်း။ သူမလှုပ်ရှားသည့်အခါ မည်သည့်ပြဿနာမှ မရှိပေ။ သို့သော် အကယ်၍ သူလှုပ်ရှားမည်ဆိုလျှင် မိုးခြိမ်းသံတမျှ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်။ သူက တစ်ဖက်လူကို သတ်ပစ်ချင်သည်။

“ မိစ္ဆာကောင်… နင်ကများ ရာရာစစ… ”

အဖွားအို၏ မျက်နှာပေါ်မှ အရေးအကြောင်းများက လှုပ်ရှားသွားသည်။ ယင်းက သူ့ကို ပိုပြီးရိုင်းစိုင်းကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းစေသည်။ မိုးမြေကို တုန်လှုပ်စေနိုင်သော ဓားမော့အလင်းက သူ့ဦးခေါင်းထက်မှာ ထွက်ပေါ်လာနေသော်လည်း သူက ကြောက်ရွံ့သည့်ပုံစံမဖော်ပြပေ။

သို့သော်လည်း သူက အဝေးသို့ လွင့်ထွက်သွားသော နဂါးဦးခေါင်းတောင်ဝှေးကို ပြန်မယူဝံ့ပေ။ သူ၏ ကျင့်ကြံခြင်းစွမ်းအားက ချိပ်ပိတ်ခံထားရသော်လည်း သူက တခြားမသေမျိုးကျင့်ကြံသူများထက် အများကြီး ပိုအစွမ်းထက်သည်။ သို့တိုင် သူ၏ ခန္ဓာကိုယ်က ပြိုင်ဘက်ကင်းထက်ရှသော ကျားဝိညာဉ်ဓားမော့ကို ခုခံကာကွယ်နိုင်မည်လော။ ယင်းက လုံးဝ မဖြစ်နိုင်ပေ။

သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ဘေးသို့ တိမ်းရှောင်ရန် ကြိုးစားလိုက်သည်။

“ ရွှတ် ”

“ အား… ”

တစ္ဆေများကိုပင် ချောက်ချားစေမည့် ကျယ်လောင်စူးရှသော အော်သံက ထွက်ပေါ်လာသည်။ အော်သံ၏ အနောက်တွင် သွေးထွက်သံယိုမြင်ကွင်းတစ်ခု လိုက်ပါလာသည်။

အဖွားအို၏ လက်တစ်ဖက်က လက်မောင်းအရင်းမှ ဖြတ်တောက်ခံလိုက်ရသည်။ သွေးက ရေပန်းသဖွယ် ပန်းထွက်လာသည်။ အဖွားအိုသည် သီရှီထျန်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ နက်ရှိုင်းသော အမုန်းတရားက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သီရှီထျန်သည် ထိုတိုက်ခိုက်မှုအတွက် အချိန်အကြာကြီး စွမ်းအားစုဆောင်းထားခဲ့သည်။ ဓားမော့အလင်းတန်းက လျှပ်စီးပမာ လျှင်မြန်လေရာ အဖွားအိုဆီမှာ ယင်းကို တိမ်းရှောင်ရန် အခွင့်အရေးမရှိပေ။

သီရှီထျန်သည် အစကတည်းက နောက်ကျောမလုံမှုကို ခံစားနေခဲ့ရသည်။ ဤသည်မှာ တစ်စုံတစ်ယောက်က သူ့အား အလစ်လုပ်ကြံတိုက်ခိုက်တော့မည့်အလားပင်။ သူ၏ အနောက်တွင် မသေမျိုးကျင့်ကြံသူသုံးယောက် ရှိသည်။ သို့ဖြစ်၍ ဤတစ်ခေါက် သူ့အား အသက်အန္တရာယ်ပေးမည့်လူက သူတို့သုံးယောက်ထဲမှ တစ်ယောက် ဖြစ်ရမည်။ ထိုသူက သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို သေချာဖုံးကွယ်ထားသော်လည်း ယင်းက သီရှီထျန်၏ ထက်ရှသော အာရုံခံနိုင်မှုအောက်မှ မလွတ်မြောက်ခဲ့ပေ။ ထို့ကြောင့် သူက အချိန်တိုင်း သတိကြီးစွာထား၍ သူခန္ဓာကိုယ်ထဲမှ စွမ်းအားကို တိတ်တဆိတ် စုဆောင်းထားခဲ့သည်။ ရန်သူ၏ ရုတ်တရက် တိုက်ခိုက်မှုအတွက် အချိန်မရွေး သူတုံ့ပြန်နိုင်အောင် ပြင်ဆင်ထားသည်။

အကယ်၍ အခွင့်အရေးတစ်ခု ထွက်ပေါ်လာမည်ဆိုလျှင် တစ်စုံတစ်ယောက်က ယင်းကို အသုံးချပြီး သူ့အား သတ်ရန် ကြိုးစားလိမ့်မည်။

ငွေဆံရှည်နှင့် တခြားမိစ္ဆာဘုရင်များ ကျွန်းစုပေါ် ခြေချသွားသည့်အခိုက် အစီအစဉ်တစ်ခုက သူ့ခေါင်းထဲမှာ ထွက်ပေါ်လာသည်။ တစ်ဖက်လူက သူ့အား သတ်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေသည်မဟုတ်ပါလော။ ထိုသို့ဆိုမှတော့ မည်သို့ကြောင့် သူက အခွင့်အရေးတစ်ခု မဖန်တီးပေးရမည်နည်း။

လေထဲသို့ ခုန်လိုက်ခြင်းက ရန်သူကို အခွင့်အရေးပေးလိုက်ခြင်း ဖြစ်သည်။ ကျင့်ကြံခြင်းစွမ်းအား ချိပ်ပိတ်ခံထားရသော ရှေးဟောင်းတံတားပေါ်တွင် ယင်းက အလစ်တိုက်ခိုက်နိုင်သော အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။ ယင်းက တစ်ဖက်လူကို အသေသတ်ရန် သေချာစေနိုင်သော အခွင့်အရေး ဖြစ်သည်။ သူ့ရန်သူက ထိုသို့အခွင့်အရေးကို လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။

အတိုချုပ်ဆိုရသော် သီရှီထျန်က ရန်သူ၏ ကစားကွက်အတိုင်း လိုက်ပါကစားခဲ့ပြီး ရန်သူကို ထောင်ချောက်ထဲသို့ သွေးဆောင်ခဲ့သည်။

ပထမဆုံးအနေနှင့် သူက တိတ်တဆိတ် စွမ်းအားစုဆောင်းထားပြီး ကျွန်းစုပေါ်သို့ ခုန်မည့်ပုံစံ ဟန်ဆောင်လိုက်သည်။ အမှန်မှာ ကျွန်းစုပေါ်သို့ ခုန်ရန် သူ့မှာ ရည်ရွယ်ချက်မရှိပေ။ စွမ်းအားကို သူ၏ ခြေထောက်မှာ စုဝေးထားသည်။ သို့သော်လည်း သူက ယင်းကို မထုတ်လွှတ်ခဲ့ပေ။ တစ်ဖက်လူ၏ အစစ်အမှန်မျက်နှာ ထွက်ပေါ်လာသည်ကို သူစောင့်ဆိုင်းခဲ့သည်။

ထို့နောက် သူက မိုးကြိုးပမာ ကြီးမားသော အရှိန်အဟုန်ဖြင့် ရန်သူကို တစ်ချက်တည်း သတ်ပစ်ရန် ကြိုးစားလိမ့်မည်။ သူက အစွမ်းထက်သော လူသတ်ကွက်ကို ထုတ်လွှတ်လိုက်သည်။

အရာအားလုံးက သူ၏ အစီအစဉ်အတိုင်း ဖြစ်ပျက်သွားသည်ဟု ဆိုနိုင်သည်။ သူက အဖွားအိုကို မသတ်နိုင်ခဲ့သော်လည်း သူ၏ ဘယ်လက်ကို ဖြတ်ပစ်နိုင်ခဲ့သည်။

“ သေစမ်း ”

သီရှီထျန်သည် အသာစီးရရှိသွားပြီးနောက် ဆက်လက် ဖိအားပေးလိုက်သည်။ သူ၏ အေးတိအေးစက် မျက်လုံးထဲမှာ အကန့်အသတ်မဲ့သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ကိန်းအောင်းနေသည်။

သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်လေရာ ကျားဝိညာဉ်ဓားမော့က အဖွားအို၏ လည်ပင်းထံသို့ ဦးတည်သွားသည်။

သူက ဤအခွင့်အရေးကို အသုံးချပြီး အဖွားအိုကို သုတ်သင်ရှင်းလင်းပစ်ချင်သည်။

“ ရွှတ် ”

သို့သော်လည်း ထိုအခိုက်အတန့်မှာ ကျောက်စိမ်းသဖွယ် ဖြူဖွေးသော ဓားတစ်လက်က ကျားဝိညာဉ်ဓားမော့၏ အရှေ့မှာ ထွက်ပေါ်လာသည်။ ကျောက်စိမ်းဖြူဓားသည် ကျားဝိညာဉ်ဓားမော့နှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။ ထိုသို့တွေ့ဆုံသွားစဉ် ကြောက်မက်ဖွယ်ကောင်းသော ဓားချီက ကျားဝိညာဉ်ဓားမော့အလင်းကို ချိုးဖြတ်လိုက်သည်။ ကျောက်စိမ်းဖြူဓားက ကျားဝိညာဉ်ဓားမော့ကို အနောက်သို့ တွန်းထုတ်လိုက်သည်။

သီရှီထျန်က အရှေ့သို့ တစ်ချက်ကြည့်လိုက်သည်။ ကျန်ရှိသော မသေမျိုးကျင့်ကြံသူနှစ်ယောက်က အရှေ့သို့ အမြန်ပြေးလာကြပြီး အဖွားအိုကို အလယ်မှာ ထား၍ ကာကွယ်ပေးလိုက်ကြောင်း သူမြင်သွားသည်။ ထိုကျောက်စိမ်းဖြူဓားသည် ရှူးတောင်တန်းဓားသူတော်စင်၏ ဓားဖြစ်သည်။

နောက်ထပ် ဓားကျင့်ကြံသူလား။

သီရှီထျန်က မျက်မှောင်ကြုတ်လိုက်သည်။ ထိုတွေ့ဆုံမှုမှတဆင့် ရှူးတောင်တန်းဓားသူတော်စင်၏ ဓားခန္ဓာကိုယ်က သူ၏ မိစ္ဆာခန္ဓာကိုယ်ထက် ပိုပြီးအစွမ်းထက်ကြောင်း သူသိလိုက်သည်။ သူ၏ ကျင့်ကြံခြင်းက သေချာပေါက် အလွန်မြင့်မားရမည်။ မသေမျိုးကျင့်ကြံသူသုံးယောက် ပေါင်းစည်းသွားသည့်အခါ အဖွားအိုကို သတ်ရန် အခွင့်အရေးနည်းပါးသွားကြောင်း သူသိသည်။

“ ဟွန့် ”

ကျားဝိညာဉ်ဓားမော့က ဓားမော့အလင်းစက်ဝန်းတစ်ခုကို ဖွဲ့စည်းလိုက်ပြီး မသေမျိုးကျင့်ကြံသူသုံးယောက်ကို ဖုံးလွှမ်းသွားသည်။ ထိုဓားမော့အလင်းစက်ဝန်းနှင့်အတူ ဓားမော့ခုတ်ချက်များက ဆက်တိုက် ထွက်ပေါ်လာသည်။ ထို့ပြင် ဓားမော့ခုတ်ချက်အားလုံးက အဖွားအိုထံ ရည်ရွယ်သည်။ သို့သော်လည်း ထိုဓားမော့ခုတ်ချက်များက ကျောက်စိမ်းဖြူဓား၏ တားဆီးခံလိုက်ရသည်။

သို့သော်လည်း သူ့ခြေထောက်က ရပ်မနေပေ။ သူက တံတားကို ဖနောင့်တစ်ချက်ပေါက်လိုက်ပြီး လေထဲသို့ ခုန်လိုက်သည်။ သူက မြားတစ်စင်းသဖွယ် ပျံသန်းထွက်သွားပြီး ကျွန်းစုပေါ်သို့ ခြေချလိုက်သည်။

သီရှီထျန်သည် အဖွားအိုကို သတ်ချင်သော်လည်း သူက ရူးမိုက်သောလူ မဟုတ်ပေ။ အခြေအနေကို ရှင်းလင်းစွာ သူမြင်နိုင်သည်။ ရှူးတောင်တန်းဓားသူတော်စင် ဝင်စွက်ဖက်မည်ဆိုလျှင် အဖွားအိုကို သူသတ်နိုင်လိမ့်မည် မဟုတ်ကြောင်း သိသည်။

ထို့ကြောင့် သူက ဓားမော့ခုတ်များကို ဆက်တိုက် ထုတ်လွှတ်၍ ရန်သူကို ဟန့်တားလိုက်ပြီး ကျွန်းစုပေါ်သို့ ခုန်တတ်လိုက်သည်။

“ အံ့ဩစရာပဲ ”

“ အကိုသီ… မင်းရဲ့ ဓားမော့ခုတ်ချက်က တကယ်အားရဖို့ကောင်းတယ်… မင်းကို အနောက်ကနေ ချောင်းမြောင်းလုပ်ကြံဖို့ ကြိုးစားတဲ့လူကို လက်တစ်ဖက် ဖြတ်ပစ်လိုက်တယ်… ကောင်းတယ် ”

“ လုပ်တာ ကောင်းတယ်… မင်းရဲ့ သတ္တိရှိမှုကိုတော့ ငါမလေးစားဘဲ မနေနိုင်ဘူး… ဒီသတင်းသာ အပြင်မှာ ပျံ့သွားမယ်ဆိုရင် မင်းက နာမည်ကျော်ကြားသွားလိမ့်မယ်… ခန္ဓာကိုယ်ပေါင်းစည်းခြင်းနယ်ပယ်က ကျင့်ကြံသူသုံးယောက်ကို တစ်ချိန်တည်း ရင်ဆိုင်တိုက်ခိုက်ခဲ့တယ်… ဒါ့အပြင် အဖွားကြီးရဲ့ လက်တစ်ဖက်ကိုလည်း ဖြတ်ပစ်နိုင်ခဲ့တယ်… အဲ့ဒါက မင်းကို ဝိုင်အခွက်သုံးရာတိုက်ဖို့ လုံလောက်တယ်… အံ့ဩစရာပဲ… တကယ်အံ့ဩစရာပဲ ”

သီရှီထျန်သည် အစွမ်းထက်သော ဓားမော့ခုတ်ချက်များကို ဆက်တိုက် ထုတ်ဖော်ခဲ့သည်။ နောက်ဆုံးဓားမော့ခုတ်ချက်တွင် ကျောက်စိမ်းဖြူဓားထံမှ ထုတ်လွှတ်လိုက်သော အစွမ်းထက်ဓားချီကို အမှီပြု၍ သူ့ခန္ဓာကိုယ်က မြားတစ်စင်းသဖွယ် လေထဲသို့ ပျံတတ်သွားသည်။ သူက လျှပ်တစ်ပြက်အတွင်းမှာ ဆယ်ပေအကွာအဝေးကို ဖြတ်ကျော်သွားပြီး ရှေးဟောင်းတံတားပေါ်မှ ထွက်ခွာသွားသည်။ ကျွန်းစုပေါ်သို့ သူခြေချလိုက်သည့်အခါ မာကျောသော မြေဆီလွှာကို ခံစားမိသွားသည်။

တစ်ချိန်တည်းမှာ ငွေဆံရှည်နှင့် တခြားမိစ္ဆာဘုရင်များ၏ ရယ်မောသံများနှင့် ချီးကျူးစကားသံများက သူ့နားထဲမှာ ထွက်ပေါ်လာသည်။ ထိုရယ်မောသံသည် သူတို့၏ နှလုံးသားထဲမှ အရှိအတိုင်း ထွက်ပေါ်လာခြင်းဖြစ်ပြီး သူတို့ပြောသော ချီးကျူးစကားများက အစစ်အမှန် ဖြစ်သည်။ တစ်ချိန်တည်းမှာ မိစ္ဆာဘုရင်လေးပါးက သီရှီထျန်ကို ဝိုင်းရံလိုက်ကြပြီး သူ့ကို အလယ်မှာထား၍ ကာကွယ်ပေးလိုက်ကြသည်။

သူတို့က ရှေးဟောင်းတံတားပေါ်မှ မသေမျိုးကျင့်ကြံသူသုံးယောက်ကို စူးစိုက်ကြည့်လိုက်ကြသည်။

ခန္ဓာကိုယ်ပေါင်းစည်းခြင်းနယ်ပယ်မှ ကျင့်ကြံသူသုံးယောက်က ဒေါသူပုန်ထသွားပြီး သီရှီထျန်ကို သတ်ရန် ထပ်မံ မကြိုးစားလာနိုင်ကြောင်း မည်သူပြောနိုင်မည်နည်း။ ငွေဆံရှည်နှင့် တခြားမိစ္ဆာဘုရင်များသည် သီရှီထျန်ကို သူတို့နှင့်တန်းတူ ဆက်ဆံကြသော်လည်း သီရှီထျန်၏ ကျင့်ကြံခြင်းကို သူတို့ကောင်းကောင်း သိကြသည်။ သီရှီထျန်သည် မကြာသေးမီကမှ အမြူတေဓာတ်လုံး ဖွဲ့စည်းထားနိုင်သော အတုအယောင် မိစ္ဆာဘုရင်တစ်ပါး ဖြစ်သည်။

ယခု သူတို့က ရှေးဟောင်းတံတားပေါ်မှာ ရှိမနေကြတော့ပေ။ ကျင့်ကြံခြင်းစွမ်းအားချိပ်ပိတ်မခံရလျှင် သီရှီထျန်က အလွန်ဆုံး ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်နှင့်သာ တိုက်ခိုက်နိုင်လိမ့်မည်။ အဆင့်နိမ့်သော ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူများကို သတ်ဖြတ်ရန်သည် သီရှီထျန်အတွက် ခက်ခဲသောအလုပ် မဟုတ်ပေ။

သို့သော်လည်း ခန္ဓာကိုယ်ပေါင်းစည်းခြင်းနယ်ပယ်မှ ကျင့်ကြံသူများကို ရင်ဆိုင်ခြင်းသည် သီရှီထျန်အတွက် မလွယ်ကူသောအရာ ဖြစ်သည်။ သူတို့ကြားမှ စွမ်းအားကွာခြားမှုက မိုးနှင့်မြေပမာ ကြီးမားလှ၏။ ခန္ဓာကိုယ်ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ လုပ်ကြံသတ်ဖြတ်မှုကို ခုခံကာကွယ်ရန် သူ့အတွက် မဖြစ်နိုင်ပေ။ ထို့ကြောင့် မိစ္ဆာဘုရင်လေးပါးက သီရှီထျန်ကို အလယ်မှာထား၍ ကာကွယ်ပေးလိုက်ကြသည်။

ဝှစ် ဝှစ် ဝှစ်

ပုံရိပ်သုံးခုသည် ရှေးဟောင်းတံတားကို ဖြတ်၍ ကျွန်းစုပေါ်သို့ ခုန်တတ်လိုက်ကြသည်။ တိုးညင်းသော လေခွင်းသံက ထွက်ပေါ်လာသည်။

“ ဟွန့် ”

ရှူးတောင်တန်းဓားသူတော်က ကျွန်းစု၏ အခြားတစ်ဖက်မှာ ရပ်လိုက်ပြီး သီရှီထျန်နှင့် တခြားမိစ္ဆာဘုရင်များကို ကြည့်လိုက်သည်။ သူက သီရှီထျန်ကို ကြည့်၍ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သို့သော်လည်း သူက တိုက်ခိုက်ခြင်းမပြုပေ။

အဖွားအိုသည်ပင် သီရှီထျန်ကို မုန်းတီးသော အကြည့်ဖြင့်သာ ကြည့်နေနိုင်သည်။ သူ၏ ဘယ်လက်က ဖြတ်တောက်ခံထားရလေရာ သူ၏ အင်္ကျီပေါ်တွင် သွေးစွန်းထင်နေသည်။

တာအိုပညာရှင်သည်တော့ အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ရှိနေသည်။ သူက ဘေးမှာ ရပ်နေပြီး ခပ်ရေးရေး ပြုံးသည်။ သူက မည်သည့်စကားမှ မပြောပေ။

“ ဘာမှစိတ်မပူနဲ့… ဒီကနေ အသက်ရှင်ရက် ပြန်ထွက်သွားချင်တယ်ဆိုရင် သူတို့တွေ ငါတို့ကို တိုက်ခိုက်လာမှာ မဟုတ်ဘူး… ယင်ယန်ကောင်းကင်တံတားကို ဖြတ်ကျော်ပြီး ကျွန်းစုပေါ် ခြေချပြီးသွားရင် ဘယ်သူမှ မတိုက်ခိုက်နိုင်ဘူး… မဟုတ်ရင် ကောင်းကင်ဘုံအပြစ်ဒဏ်က ကျဆင်းလာလိမ့်မယ်… သူတို့မှာ ကောင်းကင်မိစ္ဆာထက် သာလွန်တဲ့ စွမ်းအားမရှိသရွေ့ ကောင်းကင်ဘုံအပြစ်ဒဏ်ကို ဖီဆန်ရဲကြမှာ မဟုတ်ဘူး ”

ငွေဆံရှည်သည် မသေမျိုးကျင့်ကြံသူသုံးယောက်ကို ကြည့်လိုက်ပြီး သာမန်ကာလျှံကာ ပြောသည်။ သူက နိဗာနကျွန်းစု၏ လျှို့ဝှက်စည်းမျဉ်းများကို သိထားပုံပေါ်သည်။

All Chapters