အခန်း ၄၀၁
Vol. 27 Ch. 401
အခန်း(၄၀၁)
“ ဒီကို တစ်ခါမှ ငါမရောက်ဖူးပေမဲ့ ခေါင်းဆောင်ပြောတာတော့ ဒီကျွန်းစုကို နိဗာနကျွန်းစုလို့ ခေါ်တယ်တဲ့… နိဗာနကျွန်းစု ဘယ်လောက်ကြီးမားတယ်ဆိုတာ ဘယ်သူမှမသိကြဘူး… ဒါပေမဲ့ နိဗာနကျွန်းစုက လျှို့ဝှက်နယ်မြေရဲ့ အဆုံးသတ်ဖြစ်တယ်… ရှေးဟောင်းတံတားကို ဖြတ်ကျော်ပြီးတဲ့ အရည်အချင်းပြည့်မီသူတွေက မိစ္ဆာမျိုးနွယ်စုရဲ့ ကောင်းကင်နန်းတော်ထဲ ဝင်ရောက်နိုင်လိမ့်မယ်… လူစုံသွားပြီဆိုရင် မိစ္ဆာမျိုးနွယ်စုရဲ့ အပျက်အစီးနယ်မြေတစ်ခုက ဒီကျွန်းစုပေါ်မှာ ထွက်ပေါ်လာလိမ့်မယ်… အပျက်အစီးနယ်မြေထဲမှာ လူတိုင်းက အခွင့်အရေးတစ်ခုကို ရရှိကြလိမ့်မယ်… ဘယ်လိုအခွင့်အရေးလဲဆိုတာတော့ ကိုယ့်ရဲ့ ကံကောင်းခြင်းပေါ်မှာပဲ မူတည်တယ် ”
“ ဟဲ ဟဲ ”
သွေးနဂါးဘုရင်၏ ခန္ဓာကိုယ်ပေါ်မှာ နတ်ဆိုးဆန်သော အရှိန်အဝါက ထပ်မံ ထွက်ပေါ်လာသည်။ သူက ချောက်ချားဖွယ်ကောင်းစွာ ပြုံးလိုက်ပြီး ပြောသည်။
“ အခက်အခဲအများကြီးကို ဖြတ်ကျော်ပြီးတဲ့နောက် မသေမျိုးကျင့်ကြံသူအမြောက်အမြားကို သတ်ဖြတ်ပြီးတဲ့နောက် နောက်ဆုံးတော့ ဒီနေရာကို ငါရောက်လာနိုင်ခဲ့ပြီ… အခုက ဆုလာဘ်တွေ ရိတ်သိမ်းရမယ့်အချိန်ပဲ… အကိုသီ ငါမင်းကို တစ်ခုပြောပြမယ်… အဲ့ဒီအပျက်အစီးနယ်မြေထဲမှာ ကောင်းကင်မိစ္ဆာ သူအသက်ရှင်ခဲ့ချိန်တုန်းက စုဆောင်းထားခဲ့တဲ့ ရတနာတွေအများကြီး ရှိတယ်… ခေါင်းဆောင်ပြောတာတော့ အထဲမှာ ရတနာတွေအများကြီး ရှိပေမဲ့ လူသားပဲဖြစ်ဖြစ် မိစ္ဆာပဲဖြစ်ဖြစ် ရတနာတစ်ခုကိုပဲ အပြင်ယူနိုင်လိမ့်မယ် ”
“ ရတနာတွေအားလုံးက ကောင်းကင်မိစ္ဆာရဲ့ ချိပ်ပိတ်မှုကို ခံထားရတယ်… ဒါကြောင့် ရတနာအလင်းတွေလည်း ပျောက်ကွယ်နေတယ်… ရတနာတွေက သာမန်ပစ္စည်းတွေနဲ့ မထူးမခြားနားပဲ… ဒီတော့ ဘယ်ဟာက ရတနာကောင်း ဘယ်ဟာက သာမန်ပစ္စည်းလဲဆိုတာ ခွဲခြားသိနိုင်ဖို့ အရမ်းခက်ခဲတယ်… မင်းယူလိုက်တဲ့ဟာက ရတနာဖြစ်နေနိုင်သလို သာမန်ပစ္စည်းလည်း ဖြစ်နေနိုင်တယ်… ဒီတော့ အားလုံးက မင်းရဲ့ ကံကောင်းခြင်းပေါ်မှာ မူတည်တယ်… ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေကို အကြိမ်ပေါင်းများစွာ ဖွင့်လှစ်ပြီးတဲ့နောက် ငါတို့မိစ္ဆာမျိုးနွယ်စုက ဖြတ်လမ်းနည်းတချို့ ရှာတွေ့ခဲ့ကြတယ်… ရတနာတစ်ခု မင်းရွေးချယ်မယ်ဆိုရင် အကောင်းဆုံးက ဆေးပစ္စည်းတွေကို ရွေးချယ်တာပဲ… အတိတ်မှာ ခေါင်းဆောင်က ‘ မိစ္ဆာတတ်လှမ်းခြင်း ’ဆေးပုလင်းကို ရွေးချယ်ခဲ့တယ်… ဒါကြောင့် သူ့ရဲ့ ကျင့်ကြံခြင်းက တစ်ဟုန်ထိုး မြင့်တတ်သွားခဲ့တယ် ”
သွေးနဂါးဘုရင်သည် ထိုအကြောင်းကို ပြောပြနေစဉ် သူ၏ မနာလိုမှုကို မဖုံးကွယ်ထားပေ။ သူက ခဏရပ်ပြီးလျှင် ဆက်ပြောသည်။
“ ဒါမှမဟုတ် ကျောက်စိမ်းပြားတွေနဲ့ စာအုပ်တွေကို ရွေးချယ်နိုင်တယ်… အဲ့ဒီထဲမှာ အစွမ်းထက်ကျင့်စဉ်တွေနဲ့ နတ်ဘုရားစွမ်းရည်တွေကို မှတ်တမ်းတင်ထားတယ်… ဓမ္မရတနာတွေကိုတော့ သိပ်မရွေးချယ်သင့်ဘူး… မင်းသဘောကျတာ ဘာမှရှာမတွေ့ဘူးဆိုတော့မှ ဓမ္မရတနာတွေကို ရွေးချယ်သင့်တယ်… ခေါင်းဆောင်ပြောတာတော့ အပျက်အစီးနယ်မြေရဲ့ အတားအဆီးတွေ မပျောက်ကွယ်သွားသေးသရွေ့ မင်းလက်ထဲမှာ ကိုင်ထားတဲ့အရာက ဘယ်လိုပစ္စည်းလဲဆိုတာ လုံးဝ မသိနိုင်ဘူးတဲ့ ”
“ ဒီဟာက ကံကောင်းခြင်းကို စမ်းသပ်တဲ့အရာပဲ ”
သီရှီထျန်သည် သွေးနဂါးဘုရင်၏ စကားကို တိတ်တဆိတ် နားထောင်နေသည်။ ထို့နောက် တွေးတောစဉ်းစားသော အကြည့်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သွေးနဂါးဘုရင်၏ စကားများမှတဆင့် ယင်းက ကံကောင်းခြင်းကို စမ်းသပ်သောအရာဖြစ်ကြောင်း သူသိလိုက်သည်။
အပျက်အစီးနယ်မြေ၏ အတားအဆီးများအောက်မှာ သူတို့အရှေ့တွင် မည်သည့်ပစ္စည်းများရှိနေကြောင်း သိနိုင်လိမ့်မည် မဟုတ်ချေ။ သူတို့က ရတနာများကို ကိုယ့်ဘာသာ ရွေးချယ်ကြရလိမ့်မည်။ ကံကောင်းသော ပုဂ္ဂိုလ်များသာလျှင် သူတို့နှင့် ကံစပ်သော ရတနာများကို ရရှိကြလိမ့်မည်။
သူတို့က သာမန်ကာလျှံကာ ဖမ်းဆုပ်ရုံဖြင့် ရှားပါးရတနာတစ်ခုကို ရရှိနိုင်လိမ့်မည်။ သို့မဟုတ် သူတို့က နှံ့နှံ့စပ်စပ် ရှာဖွေလျှင်ပင် ရတနာတစ်ခုကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်ချေ။
‘ ကံကောင်းခြင်းဆိုတာကို ငါဂရုမစိုက်ဘူး… ကောင်းကင်မိစ္ဆာရဲ့ အမွေအနှစ်ကို ငါရရှိမယ်ဆိုရင် ဒီလျှို့ဝှက်နယ်မြေထဲက ဘယ်ရတနာကိုမဆို ငါပိုင်ဆိုင်နိုင်လိမ့်မယ်… ကောင်းကင်လျှို့ဝှက်နယ်မြေတစ်ခုလုံးက ငါ့အပိုင် ဖြစ်လာလိမ့်မယ်… ဒါပေမဲ့ ကောင်းကင်မိစ္ဆာရဲ့ အမွေအနှစ်ကို ဘယ်လိုယူရမလဲဆိုတာ ငါမသိသေးဘူး ’
သီရှီထျန်က စိတ်ထဲမှာ တွေးတောလိုက်သည်။ အမွေအနှစ်လျှောက်လမ်းပေါ်မှ စမ်းသပ်မှုအားလုံးကို သူဖြတ်ကျော်သွားပြီး ကောင်းကင်မိစ္ဆာ၏ အသိအမှတ်ပြုမှုကို ရရှိသွားပြီးနောက် သေးငယ်သော ရတနာများအပေါ် သူစိတ်မဝင်စားတော့ပေ။
ယခုအချိန်မှာ သူအလိုချင်ဆုံးအရာက အမွေအနှစ်လမ်းကြောင်းကို ရှာဖွေပြီး ကောင်းကင်မိစ္ဆာ၏ အမွေအနှစ်ကို ဆက်ခံရန် ဖြစ်သည်။ ရတနာများကိုသာ လိုချင်သော ငွေဆံရှည်နှင့် တခြားမိစ္ဆာဘုရင်များနှင့် နှိုင်းယှဉ်လျှင် သူ၏ ရည်မှန်းချက်က အလွန်ကြီးမားသည်။ တခြားလူများက သစ်ရွက်တစ်ရွက်ကို ရယူရန် စိတ်ကူးနေကြစဉ် သူက သစ်ပင်တစ်ပင်လုံးကို တူးယူရန် တွေးနေသည်။
သို့သော် ငွေဆံရှည်၏ စကားကို ကြားပြီးနောက် သီရှီထျန်သည် မသေမျိုးကျင့်ကြံသူသုံးယောက် သူ့အား တိုက်ခိုက်လာမည်ကို မစိုးရိမ်တော့ပေ။
‘ အပျက်အစီးနယ်မြေထဲက ရတနာတစ်ခုရဖို့အတွက် မရေမတွက်နိုင်တဲ့ မသေမျိုးကျင့်ကြံသူတွေက သူတို့အသက်ကို စတေးပြီး ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲ ဝင်ရောက်လာကြတယ်လား… ဖြစ်နိုင်တာက ငါမသိသေးတဲ့ တခြားအကြောင်းအရင်းများ ရှိနေတာလား ’
သီရှီထျန်သည် သူ၏ သံသယများကို သူ့နှလုံးသားထဲမှာသာ ဖုံးကွယ်ထားသည်။ သူက ယင်းတို့ကို အပြင်သို့ မထုတ်ဖော်ပေ။ သူက အမွေအနှစ်လျှောက်လမ်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး ကောင်းကင်မိစ္ဆာ၏ အမွေအနှစ်ကို ဆက်ခံရန် အရည်အချင်းပြည့်မီကြောင်း မည်သူ့ကိုမှ ထုတ်မပြောချင်ပေ။
တချို့ကိစ္စများသည် အရင်းနှီးဆုံး မိတ်ဆွေများကိုပင် မပြောသင့်ပေ။ လူတိုင်းဆီမှာ ကိုယ်စီဝှက်ဖဲကတ်များ ရှိသည်။ ထိုဝှက်ဖဲကတ်များက အရေးကြီးအခိုက်အတန့်မှာ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သည်။ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေသည် ကောင်းကင်မိစ္ဆာ၏ ဖန်တီးမှု ဖြစ်သည်။ ကောင်းကင်မိစ္ဆာ၏ အဆင့်အတန်းအရ သူ၏ အမွေအနှစ်က မည်မျှတန်ဖိုးကြီးမားလိုက်သနည်း။ အကယ်၍ သူသာ ထိုအကြောင်းကို ထုတ်ဖော်လိုက်မည်ဆိုလျှင် မသေမျိုးကျင့်ကြံခြင်းလောကတစ်ခုလုံးက သူ့အား ဆန့်ကျင်လာလိမ့်မည်။
ထိုအခါ သူက တစ်လောကလုံးနှင့် တစ်ယောက် ရင်ဆိုင်ရလိမ့်မည်။
ထိုသို့အခြေအနေမျိုးကို သူမလိုလားပေ။
“ ဘန်း… ဘန်း… ဘန်း… ”
“ ဂရား ”
သူနက်နဲစွာ တွေးတောနေစဉ် ကျယ်လောင်သော မြည်သံများက ရှေးဟောင်းတံတားပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ပေါက်ကွဲသံများနှင့်အတူ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
သီရှီထျန်သည် ထိုအသံများကို ကြားပြီးနောက် ရှေးဟောင်းတံတားထံသို့ လှည့်ကြည့်လိုက်သည်။ ရှေးဟောင်းတံတားပေါ်မှ မြင်ကွင်းကို သူမြင်လိုက်သောအခါ အံ့ဩသော အကြည့်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူ့အရှေ့မှ ရှေးဟောင်းတံတားပေါ်တွင် ရေခဲအလွှာပွင့်ချပ်များဖြင့် ဖုံးလွှမ်းခံထားရသော အပြာရောင်သက်ရှိတစ်ကောင် ရှိသည်။ ၎င်းက ဧရာမစပါးအုံးမြွေနှင့် ဆင်တူသည်။ သို့သော်လည်း ထူးခြားချက်အနေဖြင့် ၎င်း၏ ကျောနောက်မှာ သေးငယ်သော အပြာရောင်တောင်ပံတစ်စုံ ရှိသည်။ အတောင်ပံက အလွန်သေးငယ်လေရာ ငါးတစ်ကောင်၏ ဆူးတောင်များနှင့် ဆင်တူသည်။ ထို့ပြင် ၎င်းဆီမှာ ချွန်ထက်သော အပြာရောင်လက်သည်းများလည်း ရှိသည်။ ၎င်းက အလွန်ရှေးကျပုံပေါ်ပြီး အကန့်အသတ်မဲ့သော အအေးဓာတ်ကို ထုတ်လွှတ်နေသည်။
လေအေးက ၎င်း၏ ခန္ဓာကိုယ်မှ အလိုအလျောက် ထွက်ပေါ်နေသည်။ ထူးဆန်းသော အဖြူရောင်မြူခိုးအလွှာတစ်ခုက ၎င်း၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ဖွဲ့စည်းနေသည်။ ထို့ပြင် ၎င်းရပ်နေသော ရှေးဟောင်းတံတားပေါ်၌ အပြာရောင်ရေခဲသလင်းကျောက်များ ထွက်ပေါ်နေသည်။ ရေခဲအလွှာက သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော လေအေးက ဘေးပတ်ဝန်းကျင်မှ သက်ရှိများကို ရေခဲရုပ်တုဖြစ်သွားစေသည်။
ဤအခိုက်အတန့်မှာ ထိုရေခဲသားရဲ၏ ဘေးတွင် ရေခဲရုပ်တုဆယ်ခုထက်မနည်း ထွက်ပေါ်နေသည်။
“ ရှူး ”
ထူးဆန်းသော စပါးအုံးမြွေက ကျယ်လောင်သော မြည်သံကို ထုတ်ဖော်လိုက်သည်။ ၎င်း၏ မျက်လုံးထဲမှာ မည်သည့်စိတ်ခံစားမှုမှ မရှိပေ။ အေးစက်မှုသာ ရှိသည်။ ၎င်း၏ ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ပြီး အရှေ့သို့ ဦးတည်သွားသည်။ လေအေးက ၎င်း၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ထွက်ပေါ်နေသည်။
သို့သော်လည်း ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူများနှင့် ဝိညာဉ်သန္ဓေတည်နယ်ပယ်အထက်မှ ကျင့်ကြံသူများက ၎င်းကို မည်သို့အလွယ်တကူ လွှတ်ပေးနိုင်မည်နည်း။ ဓမ္မရတနာအမျိုးမျိုးနှင့် မှော်အဆောင်အမျိုးမျိုးက စပါးအုံးမြွေ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသည်။ ယင်လျှပ်စီးတန်းများနှင့် ကောင်းကင်မိုးကြိုးသွားများက ၎င်း၏ ခန္ဓာကိုယ်ပေါ်သို့ ဦးတည်သွားကြသည်။
ယင်းတို့က စပါးအုံးမြွေပေါ်သို့ ကျရောက်သွားသည့်အခါ ကြောက်မက်ဖွယ်ကောင်းသော လေအေးက ကျင့်ကြံသူအမြောက်အမြားကို ရေခဲရုပ်တုပြောင်းသွားစေသည်။ ကျင့်ကြံခြင်းစွမ်းအား ချိပ်ပိတ်ခံထားရသော ကျင့်ကြံသူများက ထိုမျှကြောက်စရာကောင်းသော အအေးဓာတ်ချီကို မည်သို့ခုခံကာကွယ်နိုင်မည်နည်း။
သူတို့၏ သေမျိုးခန္ဓာကိုယ်က ရေခဲရုပ်တုအဖြစ် ချက်ချင်း အေးခဲသွားသည်။ ထူထဲသော ရေခဲသလင်းကျောက်အလွှာက သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ ဖွဲ့စည်းသွားသည်။ သူတို့က တိုက်ခိုက်နေသည့်ပုံစံဖြင့် ရေခဲရုပ်တုပြောင်းသွားကြသည်။ ကြောက်ရွံ့သော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ပေါ်လွင်နေသည်။
“ ရေခဲဝိညာဉ်မျိုးနွယ်… အဲ့ဒါ လန့်ဝူချင်းပဲ ”
ပုံရိပ်တစ်ခုက သီရှီထျန်၏ စိတ်ထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။ မိစ္ဆာဘုရင်များထဲမှာ ထိုမျှကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်ချီကို ပိုင်ဆိုင်ထားပြီး အံ့ဖွယ်ခွန်အားကို ပိုင်ဆိုင်ထားသူက တစ်ဦးတည်း ရှိသည်။ ထိုသူက ရေခဲဝိညာဉ်မျိုးနွယ်စုမှ လန့်ဝူချင်း ဖြစ်သည်။
“ အမွေအနှစ်လျှောက်လမ်းရဲ့ ရဲစွမ်းသတ္တိစမ်းသပ်မှုကို ဖြတ်ကျော်နိုင်တယ်ဆိုတော့ သူက သာမန်ပုဂ္ဂိုလ် မဖြစ်နိုင်ဘူး… သူ့မှာ ကြီးမားတဲ့ အလားအလာရှိတယ်… ဒါ့အပြင် ရေခဲဝိညာဉ်မျိုးနွယ်စုက ရှေးခေတ်ကာလမှာ ထိပ်တန်းမျိုးနွယ်စုကြီးတစ်ခု ဖြစ်တယ်… သူထုတ်လွှတ်နေတဲ့ လေအေးကို အေးစိမ့်ရေခဲမီးတောက်လို့ ခေါ်တယ်… အဲ့ဒါက အရမ်းအစွမ်းထက်တယ်… လန့်ဝူချင်းက သူ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို ပြောင်းလဲထုတ်ဖော်လိုက်ပြီ… သူဒဏ်ရာတချို့ ရရှိသွားလိမ့်မယ်ဆိုပေမဲ့ ဘယ်သူမှ သူ့လမ်းကြောင်းကို တားဆီးနိုင်မှာမဟုတ်ဘူး… ဘာမတော်တဆမှုမှ မရှိရင် နဝမမြောက်နေရာက သူ့အတွက်ပဲ ”
ငွေဆံရှည်က ဝိုင်ဘူးသီးခြောက်တစ်ခုကို ထုတ်လိုက်ပြီး အကြိမ်ရေအနည်းငယ် မော့သောက်လိုက်သည်။ သူက ခပ်ရေးရေးပြုံးလိုက်ပြီး ပြောသည်။
“ မဆိုးဘူး… ဒီတစ်ခေါက်တော့ လျှို့ဝှက်နယ်မြေကို ငါတို့မိစ္ဆာမျိုးနွယ်စု လက်ဝါးကြီးအုပ်နိုင်ပြီ… နေရာခြောက်နေရာကို ငါတို့မိစ္ဆာမျိုးနွယ်စုက သိမ်းပိုက်နိုင်ပြီ… ဟိုမသေမျိုးကျင့်ကြံသူသုံးယောက် မျက်နှာပုပ်သိုးနေမှာ ငါစိုးရိမ်တယ် ”
မှန်ပေသည်။ အဖွားအိုက မျက်နှာပုပ်သိုးနေသည်။ သူ၏ မျက်လုံးထဲမှာ ဒေါသအရိပ်အယောင် ရှိ၏။ ဤသည်မှာ သူက တစ်စုံတစ်ယောက်ကို အရှင်လတ်လတ် ဝါးစားချင်နေသည့်အလားပင်။
သို့သော်လည်း သူတို့က မည်မျှစိတ်မကြည်မသာ ဖြစ်နေပါစေ လန့်ဝူချင်း၏ လမ်းကြောင်းကို မတားဆီးနိုင်ပေ။
လန့်ဝူချင်းသည် ရှေးဟောင်းတံတားပေါ်မှာ မြန်ဆန်စွာ ရွေ့လျားသွားနေသည်။ သူဖြတ်သန်းသွားနေရာတိုင်း အရာအားလုံးက ရေခဲရုပ်တုဖြစ်သွားသည်။ သူက မည်သည့်အရာကိုမှ ဂရုစိုက်မနေဘဲ အရှေ့သို့ တစ်ဟုန်ထိုး ပြေးသွားသည်။ မသေမျိုးကျင့်ကြံသူများ၏ ဝိုင်းရံတိုက်ခိုက်မှုကြောင့် သူ့ခန္ဓာကိုယ်က ဒဏ်ရာအပြင်းအထန်ရရှိသွားလျှင်ပင် လုံးဝ အရှိန်မလျော့ပေ။ ထိုသို့စိတ်ဓာတ်ပြတ်သားသော ပါရမီရှင်တစ်ယောက်ကို ရှေးဟောင်းတံတားက မည်သို့တားဆီးနိုင်မည်နည်း။
“ ဘန်း ”
လန့်ဝူချင်းသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို ဂရုမစိုက်နေဘဲ အရှေ့သို့ တန်းမတ်စွာ ဦးတည်သွားသည်။ သို့ဖြစ်လေရာ မည်သူမှ သူ၏ လမ်းကြောင်းကို မတားဆီးနိုင်ကြချေ။ အေးစိမ့်ရေခဲမီးတောက်ထံမှ ထုတ်လွှတ်နေသော အအေးဓာတ်ချီက အလွန်ကြောက်စရာကောင်းသည်။ သူဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံးက အေးခဲသွားသည်။ မသေမျိုးကျင့်ကြံသူရာပေါင်းများစွာက အအေးဓာတ်ချီဖြင့် ထိတွေ့သွားပြီး ရေခဲရုပ်တုဖြစ်သွားကြသည်။
ထိုအတွက် သူပြန်ပေးဆပ်လိုက်ရသည်မှာ သူ့ခန္ဓာကိုယ်ပေါ်မှ နက်ရှိုင်းသော ဒဏ်ရာဒဏ်ချက်များ ဖြစ်သည်။
မည်သည့်မတော်တဆမှုမှ မရှိသောကြောင့် လန့်ဝူချင်းက ရှေးဟောင်းတံတားကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သွားသည်။ သူက ရှေးဟောင်းတံတားပေါ်မှ ခုန်လိုက်ပြီး ဧရာမကျွန်းစုပေါ်သို့ ခြေချလိုက်သည်။ ဒဏ်ရာများဖြင့် ပြည့်နှက်နေသော စပါးအုံးမြွေတစ်ကောင်က ကျွန်းစုပေါ်သို့ ရောက်လာသည်။ အလင်းရောင် ဖြတ်ခနဲ ဝင်းလက်သွားပြီးလျှင် စပါးအုံးမြွေက လူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ ယခုအချိန်မှာ သူ့မျက်နှာက ဖြူဖျော့နေသည်။ သူ၏ ခန္ဓာကိုယ်သည်ပင် အနည်းငယ် တုန်ယင်နေသည်။ ရှင်းလင်းစွာပင် သူက ကျွန်းစုပေါ်သို့ ခြေချနိုင်ရန်အလို့ငှာ အစွမ်းကုန်ထုတ်သုံးခဲ့သည်။
“ ဖတ်… ဖတ်… ”
ငွေဆံရှည်က လန့်ဝူချင်း၏ ပခုံးကို ပုတ်လိုက်ပြီး ခပ်ရေးရေး ပြုံးပြလိုက်သည်။ သူ၏ မျက်လုံးထဲမှာ ချီးကျူးလေးစားသော အကြည့် ရှိသည်။