အခန်း ၄၀၂
Vol. 27 Ch. 402
အခန်း(၄၀၂)
ယခု ကျွန်းစုပေါ်မှာ မိစ္ဆာဘုရင်ခြောက်ပါးနှင့် မသေမျိုးကျင့်ကြံသူသုံးယောက် စုဝေးသွားကြသည်။ နောက်ထပ် တစ်ယောက် ရောက်လာမည်ဆိုလျှင် နေရာဆယ်နေရာက လူပြည့်သွားလိမ့်မည်။
ထိုအခါကျလျှင် ကျန်သည့်လူများသည် ကောင်းကင်မိစ္ဆာ၏ အပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီတော့လိမ့်မည် မဟုတ်ချေ။
သို့ဖြစ်၍ ကျွန်းစုပေါ်မှ ပုဂ္ဂိုလ်အားလုံးသည် တစ်ပြိုင်နက် ခေါင်းမော့လိုက်ကြပြီး ရှေးဟောင်းတံတားပေါ်မှ အခြေအနေကို ကြည့်ရှုလိုက်ကြသည်။
ကျွန်းစုပေါ်မှာ ပုဂ္ဂိုလ်ကိုးယောက်ရှိနေပြီဖြစ်ကြောင်း သူတို့သိထားကြသော်လည်း သူတို့၏ တိုက်ပွဲများက ရပ်တန့်မသွားပေ။ ယင်းအစား တိုက်ပွဲများက ပိုပြီးပြင်းထန်လာသည်။ သူတို့က ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ကြသည်။ သူတို့က ဤအခိုက်အတန့်မှာ မည်သည့်ဓမ္မရတနာများကိုမှ၊ မှော်အဆောင်များကိုမှ ကပ်စေးမနှဲနေကြတော့ပေ။ သူတို့တစ်ယောက်စီက အရှေ့သို့ ရူးသွပ်စွာ ပြေးသွားကြသည်။
ရှေးဟောင်းတံတား၏ အနောက်ဘက်ခြမ်းက ရက်စက်ကြမ်းကြုတ်သည်။ သို့သော် အရှေ့ဘက်ခြမ်းက ပိုပြီးရက်စက်ကြမ်းကြုတ်သည်။
ပထမအချက်အနေဖြင့် ဟွမ်ချွမ်းရေဝိညာဉ်များက သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့ထားကြသည်။ ဒုတိယအချက်အနေဖြင့် မိစ္ဆာဘုရင်များသည် ရိုင်းစိုင်းကြမ်းကြုတ်စွာ တိုက်ခိုက်နေကြသည်။ ထို့ပြင် ငွေဆံရှည်၊ စက်ကရာနှင့် လန့်ဝူချင်းသည် အရှေ့သို့ ရွေ့လျားသွားနေရင်း မသေမျိုးကျင့်ကြံသူထောင်သောင်းချီကို သုတ်သင်ရှင်းလင်းပစ်ခဲ့ကြသည်။
ရှေးဟောင်းတံတား၏ အရှေ့ဘက်ခြမ်းက ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူများ စုဝေးနေသောအရပ် ဖြစ်သည်။ သူတို့အားလုံး၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်များ ရှိသည်။ ယခု ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူများက ရာဂဏန်းခန့်သာ ကျန်ရှိကြတော့သည်။ ထို့ပြင် သူတို့အားလုံးက မိစ္ဆာသားရဲများနှင့် တိုက်ခိုက်နေကြသည်။ သူတို့သည် အချိန်ကာလတစ်ခုအထိ အရှေ့ဆက်သွားနိုင်ကြလိမ့်မည် မဟုတ်ချေ။ ယင်းက ရှေးဟောင်းတံတား၏ အနောက်ဘက်ခြမ်းမှ လူများကို မျှော်လင့်ချက်သေးသေးလေးရှိလာစေသည်။ သို့ဖြစ်၍ အဆင့်နိမ့်ကျင့်ကြံသူများကြားမှ တိုက်ပွဲများက ပိုပြီးပြင်းထန်လာသည်။
“ အား… ငါ့ခန္ဓာကိုယ်ကို သံမဏိနဲ့ ဖုံးထားတယ်… ဘယ်သူ ငါ့ကို ထိခိုက်အောင် လုပ်နိုင်လဲ… ဒီနေ့က ချင်မိသားစုက ညီအကိုသုံးယောက် နာမည်ကျော်ကြားမယ့်နေ့ပဲ… ညီအကိုတို့… အကိုကြီးနောက်ကနေ လိုက်ပြီး အရှေ့ကို ချီတတ်ကြ ”
ဒီရေသဖွယ် ပေါများသော ကျင့်ကြံသူများကြား၌ ကျယ်လောင်သော အော်သံက ရုတ်တရက် ပေါ်ထွက်လာပြီး ကောင်းကင်အထိ ပျံတတ်သွားသည်။ အော်သံထွက်ပေါ်လာသော နေရာတွင် ချင်ညီအကိုသုံးယောက်က ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ရပ်နေကြသည်။ အကိုအကြီးဆုံးက တစ်ကိုယ်လုံးကို သံချပ်ကာ ဝတ်ဆင်ထားသည်။ ရေလှိုင်းနှင့်တူသော အနက်ရောင်မျဉ်းကြောင်းများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပေါ်နေသည်။ သူက ရိုင်းစိုင်းကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ကျယ်လောင်သော အော်သံနှင့်အတူ သူက အရှေ့သို့ ဒုန်းစိုင်းပြေးသွားသည်။ သူ့အရှေ့၌ မည်သူလမ်းပိတ်ထားပါစေ သူဂရုမစိုက်ပေ။ ထိုမြင်ကွင်းက အလွန်အံ့ဩဖွယ်ကောင်းသည်။ လူတိုင်းနီးပါးက မျက်လုံးပြူးသွားကြသည်။ သူ၏ ခန္ဓာကိုယ်ဖြင့် ဝင်တိုက်ခံလိုက်ရသော မည်သူမဆို ကြီးမားသော အင်အားဖြင့် သက်ရောက်ခံလိုက်ကြရသည်။ သူတို့၏ ခန္ဓာကိုယ်က အဝေးသို့ လွင့်စင်သွားသည်။ သူတို့က ချက်ချင်း သွေးအန်လိုက်ကြရသည်။ လူအများအပြားက ရှေးဟောင်းတံတားပေါ်မှ လွင့်စင်သွားပြီး ဟွမ်ချွမ်းမြစ်ထဲသို့ ပြုတ်ကျသွားသည်။
“ ထွီ… မင်းရဲ့ ခန္ဓာကိုယ်ကို သံမဏိနဲ့ ဖုံးအုပ်ထားတော့ရော ဘာဖြစ်လဲ… ငါမင်းကို သေအောင် ရိုက်သတ်ပစ်မယ် ”
ချင်အကိုအကြီးဆုံး၏ လွှမ်းမိုးဗိုလ်ကျသော အပြုအမူက ဒုတိယမျိုးဆက်မှ သခင်လေးတစ်ယောက်ကို ဒေါသထွက်သွားစေသည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်ပြီး နတ်ဘုရားမိုးကြိုးပုတီးစေ့များကို အကိုအကြီးဆုံးထံသို့ ဆက်တိုက် ပစ်လွှတ်လိုက်သည်။ သူက မိုးကြိုးပုတီးစေ့များကို ပစ်လွှတ်နေရင်း သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
“ ငါက ခရမ်းမိုးတိမ်ဂိုဏ်းက စုကျဲ… ငါ့မှာ နတ်ဘုရားမိုးကြိုးရှိတယ်… မင်းကို ဘယ်လိုဖျက်ဆီးပစ်မလဲ စောင့်ကြည့်လိုက် ”
ချက်ချင်းဆိုသလိုပင် နတ်ဘုရားမိုးကြိုးသွားများနှင့် လျှပ်စီးတန်းများက ချင်အကိုအကြီးဆုံး၏ ဦးခေါင်းထက်မှာ ထွက်ပေါ်လာသည်။ ယင်းတို့က မိုးရေစက်များသဖွယ် အောက်သို့ မရပ်မနား ကျဆင်းလာသည်။ ယင်းတို့အားလုံးက သံမဏိချပ်ဝတ်ပေါ်သို့ ထိမှန်သွားကြသည်။
နတ်ဘုရားမိုးကြိုးသွားများနှင့် လျှပ်စီးတန်းများသည် သံမဏိချပ်ဝတ်အပေါ်မှာ အကြိမ်ရေအနည်းငယ် မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားပြီးနောက် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားသည်။ ဤသည်မှာ ယင်းတို့က သံမဏိချပ်ဝတ်၏ ဝါးမျိုခံလိုက်ရသည့်အလားပင်။
ဓမ္မလက်နက်များနှင့် ဓမ္မရတနာများက သံမဏိချပ်ဝတ်ပေါ်သို့ ကျဆင်းသွားသည့်အခါ ချက်ချင်း ပြန်ကန်ထွက်သွားသည်။
အမှန်တကယ်ပင် သူ၏ ခန္ဓာကိုယ်က သံမဏိခန္ဓာကိုယ်ဖြစ်ပြီး လုံးဝ မဖျက်ဆီးနိုင်ပေ။
“ မင်းဘယ်လောက်ပဲ သန်မာပါစေ… ငါ့လက်ထဲက မီးဖိုချောင်သုံးဓားကိုတော့ ကြောက်ရလိမ့်မယ်… ရော့ မြည်းကြည့်လိုက် ”
ဒုတိယညီလေး ချင်ရှန့်က မျက်လုံးအရောင်တောက်သွားသည်။ သူက လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး မီးဖိုချောင်သုံးရွှေရောင်ဓားနှစ်လက်ဖြင့် အမြန်ခုတ်ပိုင်းလိုက်သည်။ ထိုအခါ သူ့အရှေ့မှ ဓမ္မရတနာများနှင့် ဓမ္မလက်နက်များက ဟင်းရွက်ကန်စွန်းများသဖွယ် အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ရသည်။ သူက လေထဲသို့ ခုန်တတ်လိုက်ပြီး ခရမ်းမိုးတိမ်ဂိုဏ်းမှ စုကျဲ၏ ရင်ဘက်ကို ခုတ်လိုက်သည်။
နက်ရှိုင်းသော ဓားဒဏ်ရာက သူ့ရင်ဘက်ပေါ်မှာ ထွက်ပေါ်လာသည်။
ခရမ်းမိုးတိမ်ဂိုဏ်းသခင်လေး၏ မျက်လုံးက အလင်းရောင်မှေးမှိန်သွားသည်။ မယုံကြည်နိုင်သော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သို့သော်လည်း သူက ထိုသို့အစော်ကားခံရမှုကို မကျေနပ်ဟန် ရ၏။ သူက ဘေးမှ သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ကို လက်လှမ်းဆွဲလိုက်ပြီး နောက်ဆုံးအမှာစကားကို ပြောသည်။
“ အဟွတ်… အဟွတ်… တတိယဂိုဏ်းတူဦးလေး… ကျွန်တော် သေတော့မယ်… ခင်ဗျား အပြင်ပြန်ရောက်တဲ့အခါ မိစ္ဆာမျိုးနွယ်စုနဲ့ ကျွန်တော် တိုက်ပွဲသုံးရာဆင်နွှဲခဲ့ပြီး မိစ္ဆာဘုရင်ဒါဇင်ခန့်ရဲ့ ဝိုင်းရံတိုက်ခိုက်မှုကြောင့် သေဆုံးသွားတယ်လို့ အဖေ့ကို ပြောပေးပါ… ကျွန်တော် မီးဖိုချောင်သုံးဓားကြောင့် သေဆုံးသွားတယ်လို့ မပြောပါနဲ့… မဟုတ်ရင် ကျွန်တော် အသေဖြောင့်မှာ မဟုတ်ဘူး… ”
သူ့စကားဆုံးသည်နှင့် သွေးတစ်ပွက်အန်လိုက်ရသည်။ သူ၏ မျက်လုံးက ပြူးကျယ်သွားသည်။ ဤသည်မှာ သူက မှားယွင်းသော ရွေးချယ်မှုကို ပြုလုပ်ခဲ့သည့်အပေါ် နောင်တရသွားဟန် ရ၏။
“ မင်းရဲ့ အကာအကွယ်က ဘယ်လောက်ပဲ သန်စွမ်းပါစေ ငါက အုတ်ခဲနဲ့ တစ်ချက်ပဲ ထုမယ် ”
အနက်ရောင်အုတ်ခဲတစ်လုံးက လေထဲမှာ ထပ်ခါထပ်ခါ ထွက်ပေါ်လာသည်။ ထိုအုတ်ခဲဖြင့် ထုရိုက်ခံလိုက်ရသော မည်သူမဆို အသားပြားဖြစ်သွားကြသည်။
ချင်ညီအကိုသုံးယောက်စလုံးက ရုတ်တရက် အစွမ်းထုတ်ဖော်လိုက်ကြသည်။ အတိတ်၌ သူတို့ကို ရယ်မောခဲ့ကြသော လူများက ယခု မရယ်နိုင်ကြတော့ပေ။ သူတို့သုံးယောက် အရှေ့သို့ ချီတတ်သွားသည်နှင့်တစ်ပြိုင်နက် လမ်းကြောင်းတစ်ခုက သူတို့အရှေ့မှာ ထွက်ပေါ်လာသည်။ မည်သူမှ သူတို့ကို မရင်ဆိုင်ဝံ့ကြချေ။
သို့သော် ကံမကောင်းသည်မှာ သူတို့၏ ခွန်အားပြမှုက အလွန်နောက်ကျသွား၏။
ကွန်ဖြူးရှပ်ကျောင်းတော်သားပုံစံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်သည် ဖျက်မြင်းတစ်ကောင်သဖွယ် တစ်ဟုန်ထိုး အရှေ့သို့ ချီတတ်သွားသည်။ မိစ္ဆာဘုရင်များနှင့် ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူများက အပြန်အလှန် တိုက်ခိုက်နေကြစဉ် သူက ရုတ်တရက် အရှေ့သို့ ရောက်လာသည်။ သူ၏ မျက်နှာပေါ်မှာ ယုံကြည်မှုရှိသော အမူအရာ ရှိ၏။ သိမ်မွေ့နူးညံ့သော အရှိန်အဝါက သူ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်နေသည်။ ဤသည်မှာ သူက သဘာဝတရားနှင့် လိုက်လျောညီထွေရှိနေသည့်အလားပင်။
ထိုမြင်ကွင်းက အလွန်ထူးဆန်းသည်။ ကျင့်ကြံသူအုပ်စုကြားထဲမှ မည်သို့ သူလွတ်မြောက်လာကြောင်း မည်သူမှ မသိကြပေ။
တိုက်ခိုက်မှုအမျိုးမျိုးက သူ၏ ဘေးနားတစ်ဝိုက်မှာ ထွက်ပေါ်လာသည်။ သို့သော်လည်း သူက ရန်သူ၏ လှုပ်ရှားမှုအားလုံးကို ကြိုတင်သိနေသည့်အလား ယင်းတို့ကို အလွယ်တကူ ရှောင်တိမ်းသွားနိုင်သည်။
သူက သေမျိုးလောကမှ မဟုတ်ဘဲ လေနတ်သားနှင့် ဆင်တူသည်။
မျက်စိတစ်မှိတ်အတွင်းမှာ သူက ရှေးဟောင်းတံတားကို ဖြတ်ကျော်နိုင်သွားသည်။ သူက ကျွန်းစုပေါ်သို့ ပေါ့ပေါ့ပါးပါး ရောက်လာလေရာ ငွေဆံရှည်သည်ပင် မျက်မှောင်ကြုတ်သွားသည်။ ထူးဆန်းသော အမူအရာက သူ့မျက်နှာပေါ်မှာ ပထမဆုံးအကြိမ် ထွက်ပေါ်လာသည်။
“ မင်းက သီရှီထျန်လား ”
ကွန်ဖြူးရှပ်ကျောင်းတော်သားက ကျွန်းစုပေါ်သို့ ခြေချပြီးလျှင် ခပ်ရေးရေး ပြုံးလိုက်ပြီး သီရှီထျန်ကို ကြည့်လိုက်သည်။ သူက မေးခွန်းမေးလိုက်သော်လည်း သူ၏ မျက်နှာပေါ်မှာ သေချာသောအမူအရာ ရှိ၏။ ဤသည်မှာ သူက အဖြေကို သိထားပြီးနှင့်သည့်အလားပင်။ ထို့နောက် သူက အဓိပ္ပာယ်ရှိစွာ ဆက်ပြောသည်။
“ လူပေါင်းသိန်းချီထဲကနေ နေရာတစ်နေရာစာကို လုယက်နိုင်ပြီး ဒီနေရာမှာ ရပ်နိုင်တယ်ဆိုတော့ မင်းရဲ့ အလားအလာနဲ့ ပါရမီက တကယ့်ကို အံ့မခန်းပဲ… ငါ့တူမလေး မင်းအပေါ် မေတ္တာသက်ဝင်မိတာ မထူးဆန်းတော့ပါဘူး ”
ထိုသို့ပြောပြီးနောက် သူက ခေါင်းလှည့်လိုက်ပြီး ကျွန်းစု၏ အနက်ပိုင်းထဲသို့ လေးနက်စွာ ကြည့်လိုက်သည်။ စနောက်ပျော်ပါးချင်သော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ကွန်ဖြူးရှပ်ကျောင်းတော်သား ရောက်လာသည့်အခါ နေရာဆယ်နေရာက လူပြည့်သွားသည်။ ထိုအခါ ရှေးဟောင်းတံတားက အပြင်းအထန် တုန်ခါသွားသည်။ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများက တံတားပေါ်မှာ ထွက်ပေါ်လာသည်။ အပြင်းအထန် တိုက်ခိုက်နေကြဆဲဖြစ်သော မိစ္ဆာများနှင့် မသေမျိုးကျင့်ကြံသူများသည် ရှေးဟောင်းတံတားပေါ်မှ ချက်ချင်း ဖယ်ထုတ်ခံလိုက်ကြရသည်။ မိစ္ဆာများနှင့် မသေမျိုးကျင့်ကြံသူများက အုပ်စုနှစ်စုအဖြစ် ခွဲထုတ်ခံလိုက်ကြရသည်။ သူတို့က မိစ္ဆာကျွန်းစုနှင့် လူသားကျွန်းစုပေါ်သို့ ပြန်အပို့ခံလိုက်ကြရသည်။
“ ဝုန်း ”
မူလက တိတ်ဆိတ်ငြိမ်သက်နေသော ကျွန်းစုနှစ်ခုပေါ်မှာ သက်ဝင်လှုပ်ရှားမှု တဖန်ပြန်ပေါ်လာသည်။ အသက်ရှင်ကျန်ရစ်သူများက ရှေးဟောင်းတံတားပေါ်မှ ချက်ချင်း တည်နေရာပြောင်းရွှေ့ခံလိုက်ရသည်။ ကျွန်းစုများပေါ်သို့ ပြန်ရောက်သွားကြသည့်အခါ ရှေးဟောင်းတံတားက တားမြစ်နယ်မြေအဖြစ် ပြန်ပြောင်းလဲသွားသည်။ မည်သူမှ တံတားပေါ်သို့ ခြေမချနိုင်တော့ပေ။
မျိုးနွယ်စုနှစ်ခု၏ အသက်ရှင်ကျန်ရစ်သော လူအရေအတွက်ကို ကြည့်မည်ဆိုလျှင် မိစ္ဆာမျိုးနွယ်စုသည် အစက အရေအတွက်သောင်းချီရှိသော်လည်း ယခု တစ်သောင်းကျော်သာ ကျန်ရှိကြတော့သည်။ သူတို့တစ်ယောက်စီက ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိထားကြသည်။ မိစ္ဆာမျိုးနွယ်ဝင် သုံးလေးသောင်းက ရှေးဟောင်းတံတားပေါ်မှာ အသက်ဆုံးရှုံးသွားကြသည်။ တစ်ခုသိထားရမည်မှာ သူတို့အားလုံးက မိစ္ဆာမျိုးနွယ်စု၏ လက်ရွေးစင်များ ဖြစ်ကြသည်။ ထိုမျှများပြားသော လက်ရွေးစင်မိစ္ဆာများ သေဆုံးသွားကြလေရာ တိုက်ပွဲက မည်မျှပြင်းထန်ကြောင်း စိတ်ကူးကြည့်နိုင်သည်။
လူသားမျိုးနွယ်သည်တော့ အစတွင် အရေအတွက်သိန်းချီရှိရာမှ ယခု ငါးသောင်းခြောက်သောင်းသာ ကျန်ရှိကြတော့သည်။ ခုနစ်ဆယ်ရာခိုင်နှုန်းခန့်က ရှေးဟောင်းတံတားပေါ်မှာ သေဆုံးသွားကြသည်။ ထိုမြင်ကွင်းက ကြက်သီးမွေးညင်းထဖွယ်ကောင်းသည်။
ကျင့်ကြံသူများသည် မိစ္ဆာမျိုးနွယ်စု၏ လက်ထဲမှာသာ သေဆုံးသွားကြခြင်း မဟုတ်ပေ။ သူတို့က မျိုးနွယ်တူညီသော လူသားကျင့်ကြံသူများ၏ အပြန်အလှန် တိုက်ခိုက်မှုများကြောင့်လည်း အသက်ဆုံးရှုံးသွားကြသည်။ နောက်ဆုံးမှာ သွေးညှီနံ့က သူတို့တစ်ယောက်စီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
“ ဝုန်း ”
သီရှီထျန်နှင့် တခြားပုဂ္ဂိုလ်များ ရှိနေသော လီလီကျွန်းစုသည်လည်း အပြင်းအထန် တုန်ခါသွားသည်။ ကျွန်းစုကို ဝိုင်းရံထားသော မြူခိုး ပျောက်ကွယ်သွားသည့်အခါ ကျွန်းစု၏ မြင်ကွင်းများက သူတို့အရှေ့မှာ ထင်ရှားစွာ ထွက်ပေါ်လာသည်။
ပထမဆုံး သူတို့မြင်လိုက်ရသည်မှာ အလွန်ရှေးကျပုံပေါ်သော ဧရာမနန်းတော်တစ်ခု ဖြစ်သည်။ နန်းတော်သည် ဟောင်းနွမ်းပျက်စီးနေသည်။ ဤသည်မှာ နန်းတော်က လေဒဏ်မိုးဒဏ်နှင့် တိုက်ပွဲဒဏ်ကို တွေ့ကြုံခဲ့ရသည့်အလားပင်။ နန်းတော်၏ အစိတ်အပိုင်းအများစုက ယိုယွင်းဆွေးမြေ့နေသည်။ အမည်မသိရသော သတ္ထုအပိုင်းအစများသည်လည်း မြေကြီးပေါ်မှာ ပြန့်ကျဲနေသည်။
ဤနေရာသည် နန်းတော်နှင့်မတူပေ။ ယင်းအစား အပျက်အစီးနယ်မြေနှင့် ပိုပြီးဆင်တူသည်။
နန်းတော်အရှေ့တွင် အလွန်ရှေးကျပြီး မိစ္ဆာအရှိန်အဝါကို ထုတ်လွှတ်နေသော ဂိတ်တံခါးတစ်ခု ရှိ၏။ ခရမ်းရောင်အလင်းက ဂိတ်တံခါးပေါ်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။
ယင်းက အလွန်ထူးဆန်းပြီး ဆွဲဆောင်မှုရှိသည်။ ဤသည်မှာ ဂိတ်တံခါးက စူးစမ်းလေ့လာရန် သူတို့ကို ဖိတ်ခေါ်နေသည့်အလားပင်။ ဂိတ်တံခါးပေါ်တွင် မိစ္ဆာမျိုးနွယ်စု၏ စကားလုံးများ ရှိသည်။ ယင်းတို့က ရှေးဟောင်းမိစ္ဆာမျိုးနွယ်စု၏ ဘာသာစကား ဖြစ်သည်။ သို့ဖြစ်၍ ထိုစကားလုံးများက အလွန်အားကောင်းသည်။
သူတို့အရှေ့တွင် ရှေးဟောင်းတောအုပ်တစ်ခု ရှိသည်။ ထူးဆန်းသော အရှိန်အဝါက တောအုပ်ထဲမှ ထွက်ပေါ်နေသည်။
တောအုပ်က အလွန်တိတ်ဆိတ်နေလေရာ သူတို့၏ ခန္ဓာကိုယ်ထဲမှ နှလုံးခုန်သံကိုပင် ကြားနိုင်သည်။
“ အပျက်အစီးနယ်မြေ… အဲ့ဒါက မိစ္ဆာမျိုးနွယ်စုရဲ့ အပျက်အစီးနယ်မြေပဲ… အဲ့ဒီမိစ္ဆာဂိတ်တံခါးကို ဖြတ်ကျော်ပြီးရင် အပျက်အစီးနယ်မြေထဲ ဝင်ရောက်နိုင်ပြီ… နှစ်ပေါင်းတစ်ထောင်ကြာအောင် ငါစောင့်ဆိုင်းခဲ့ရတာ ဒီနေ့အတွက်ပဲ ”
ငွေဆံရှည်သည် ယိုယွင်းပျက်စီးနေသော ရှေးဟောင်းနန်းတော်နှင့် မိစ္ဆာဂိတ်တံခါးကို ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်သက်သာရာရသော အမူအရာ ထွက်ပေါ်လာသည်။ သူက လေကို ပင့်သက်ရှူသွင်းလိုက်သည်။