← Chapters

အခန်း ၄၀၃

Vol. 27 Ch. 403

အခန်း ၄၀၃

Vol. 27 Ch. 403

အခန်း(၄၀၃)

“ ကောင်းတယ်… ငါနဂါးဘုရင်က ဒီနေ့ကို နှစ်ပေါင်းများစွာကြာအောင် စောင့်ဆိုင်းခဲ့ရတာ… နေ့မအိပ် ညမအိပ်ဘဲ ကြိုးစားကျင့်ကြံခဲ့တာ ဒဏ္ဍာရီလာ ဒီအပျက်အစီးနယ်မြေကို မြင်ချင်လို့ပဲ… မဟုတ်ရင် ငါ့ရဲ့ ချောမောလှပတဲ့ ဇနီးတွေနဲ့ ကိုယ်လုပ်တော်တွေကို ဘယ်လိုလုပ် ထားခဲ့နိုင်မှာလဲ ”

“ သွားကြစို့… အတူတူ အထဲဝင်ကြမယ် ”

ငွေဆံရှည်သည် နောက်ထပ် မည်သည့်အပိုစကားမှ ထပ်မပြောတော့ဘဲ အရှေ့သို့ အမြန်လျှောက်သွားသည်။ သူက မိစ္ဆာဂိတ်တံခါးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။ သူ၏ ပုံစံက အေးဆေးတည်ငြိမ်နေပုံ ထင်ရသော်လည်း အကယ်၍ သေချာဂရုတစိုက် ကြည့်မည်ဆိုလျှင် ဝိုင်ဘူးသီးခြောက်ကို ဆုပ်ကိုင်ထားသော သူ့လက်က အနည်းငယ် တုန်ရီနေကြောင်း မြင်ရလိမ့်မည်။

သက်လတ်ပိုင်းအရွယ် ကွန်ဖြူးရှပ်ကျောင်းတော်သားက ခပ်ရေးရေး ပြုံးလိုက်သည်။ သူက အေးဆေးတည်ငြိမ်သော အမူအရာဖြင့် မိစ္ဆာဂိတ်တံခါးဆီသို့ လျှောက်သွားသည်။ စူးစမ်းလိုသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

မသေမျိုးကျင့်ကြံသူသုံးယောက်သည်လည်း တုံ့ဆိုင်းမနေကြပေ။ သူတို့က ပြိုင်တူ ချီတတ်သွားကြသည်။

ဤအခိုက်အတန့်မှာ သူတို့က မိစ္ဆာမျိုးနွယ်စုနှင့် လူသားမျိုးနွယ်စုဟူသော အချက်ကို မေ့လျော့သွားကြသည်။ သူတို့ကြားမှာ မည်သည့်ဆန့်ကျင်မှုမှ မရှိကြတော့ပေ။ ယခု သူတို့၏ စိတ်ထဲမှာ ရည်ရွယ်ချက်တစ်ခုတည်းသာ ရှိ၏။ ယင်းက မိစ္ဆာဂိတ်တံခါးထဲသို့ ဝင်ရောက်ရန် ဖြစ်သည်။

“ ဝှစ် ”

မိစ္ဆာဂိတ်တံခါးသည် ယခင်က သူတို့တွေ့ကြုံခဲ့ဖူးသော ဟင်းလင်းပြင်ဂိတ်တံခါးနှင့် အတူတူပင်။ ယင်းတို့နှစ်ခုကြားမှာ ကြီးကြီးမားမား ခြားနားမှု မရှိပေ။ တစ်ခုတည်းသော ခြားနားချက်မှာ ဟင်းလင်းပြင်ဂိတ်တံခါးကို ယဇ်ပလ္လင်ပေါ်မှာ တည်ဆောက်ထားသော်လည်း မိစ္ဆာဂိတ်တံခါးသည်တော့ ရှေးဟောင်းဓမ္မရတနာတစ်ခုအဖြစ် တည်ရှိနေသည်။ ထို့ပြင် မိစ္ဆာဂိတ်တံခါးကို အလွယ်တကူ နေရာရွှေ့ပြောင်းနိုင်သည်။ ထိုအချက်တစ်ခုတည်းဖြင့်ပင် မိစ္ဆာဂိတ်တံခါးက ဟင်းလင်းပြင်ဂိတ်တံခါးထက် အများကြီး ပိုတန်ဖိုးကြီးသွားသည်။

အကယ်၍ သူတို့သာ ထိုမိစ္ဆာဂိတ်တံခါးကို ပိုင်ဆိုင်နိုင်မည်ဆိုလျှင် မည်သည့်နေရာကိုမဆို လွတ်လွတ်လပ်လပ် တည်နေရာကူးပြောင်းနိုင်လိမ့်မည်။

သို့သော်လည်း လီလီကျွန်းစုသည် ကောင်းကင်မိစ္ဆာ၏ အမွေအနှစ်တည်ရှိသောနေရာ ဖြစ်သည်။ ဤနေရာမှာ သူတို့မသိထားသော စည်းမျဉ်းများရှိနိုင်၏။ သို့ဖြစ်၍ မည်သူမှ မဆင်မခြင် မပြုလုပ်ဝံ့ကြပေ။ အကယ်၍ သူတို့၏ လုပ်ရပ်က ကောင်းကင်မိစ္ဆာကို ဒေါသထွက်သွားစေမည်ဆိုလျှင် ဆိုးဝါးသော အကျိုးဆက်များကို သူတို့ခံစားကြရလိမ့်မည်။

အပေါ့ဆုံး အပြစ်ဒဏ်အနေနှင့် ရတနာရယူနိုင်မည့် သူတို့၏ အခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မည်။ အကြီးဆုံး အပြစ်ဒဏ်ဆိုလျှင် သူတို့၏ အသက်ကို ဆုံးရှုံးသွားလိမ့်မည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။

ငွေဆံရှည်သည် အရှေ့မှ ဦးဆောင်လျှောက်သွားသည်။ မိစ္ဆာဘုရင်တစ်ယောက်ပြီးတစ်ယောက်က မိစ္ဆာဂိတ်တံခါးကို ဖြတ်ကျော်သွားကြသည်။

ဂိတ်တံခါးသည် မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ ယင်းက မည်သူ့ကိုမှ ဟန့်တားခြင်းမပြုပေ။

ဂိတ်တံခါးထဲသို့ ဝင်ရောက်သွားသည်နှင့် သူတို့၏ ခန္ဓာကိုယ်က လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားသည်။ ယင်းက အလွန်အံ့ဖွယ်ကောင်းသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် လီလီကျွန်းစုပေါ်မှာ သက်ရှိတစ်ယောက်မှ မကျန်ရှိတော့ပေ။

“ ဝုန်း ”

လီလီကျွန်းစုသည် ကျယ်လောင်သော မြည်သံနှင့်အတူ ရုတ်တရက် တုန်ယင်သွားသည်။ လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်မိစ္ဆာဂိတ်တံခါးက ခရမ်းရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။ မိစ္ဆာဂိတ်တံခါး၏ အနောက်မှ အပျက်အစီးနယ်မြေသည်တော့ ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားသည်။ သိမ်မွေ့သောလေပြေ တိုက်ခတ်သွားသည့်အခါ အပျက်အစီးနယ်မြေပုံရိပ်ယောင်က ဗလာနတ္ထိအဖြစ် လွင့်ပြယ်သွားသည်။ ဤသည်မှာ မြူခိုးထုကို လေတိုးဝှေ့သွားသည့်အလားပင်။ ထို့နောက် လီလီကျွန်းစုတစ်ခုလုံးက ထင်သာမြင်သာလာသည်။

ယင်းကို ကျွန်းစုဟုခေါ်သော်လည်း အမှန်မှာ ယင်းက အလွန်ကြီးမားသော တောအုပ်တစ်ခု ဖြစ်သည်။ တောအုပ်ထဲတွင် မည်သည့်သက်ရှိသတ္တဝါမှ မရှိပေ။ ယင်းက အလွန်ထူးဆန်းသည်။

“ ဝီး ”

တစ်ချိန်တည်းမှာ ဟွမ်ချွမ်းမြစ်ပေါ်မှ ရှေးဟောင်းကောင်းကင်တံတားက ပြင်းထန်စွာ တုန်ခါသွားသည်။ တံတားပေါ်မှ ချိပ်ပိတ်အတားအဆီးက တဖန် ပျောက်ကွယ်သွားသည်။ သွေးစွန်းထင်နေသော ရှေးဟောင်းတံတားက လျှို့ဝှက်ဆန်းကြယ်စွာ ပြောင်းလဲသွားသည်။ တံတားက မူလပုံစံအတိုင်း နှင်းကဲ့သို့ ဖြူဖွေးသွားသည်။ သွေးသော်လည်းကောင်း အသားအပိုင်းအစများသော်လည်းကောင်း တံတားပေါ်မှာ ဘာမှမကျန်ရှိတော့ပေ။ ယင်းက အလွန်ဆန်းကြယ်သည်။ ဤသည်မှာ တံတားပေါ်၌ မည်သည့်တိုက်ပွဲမှ မဖြစ်ပျက်ခဲ့သည့်အလားပင်။

ရှေးဟောင်းတံတားက မွန်မြတ်သန့်စင်မှုကို ထုတ်လွှတ်နေသည်။ ဤသည်မှာ တံတားကို အဖြူရောင်တိမ်တိုက်များဖြင့် တည်ဆောက်ထားသည့်အလားပင်။

“ ဟား ဟား… နောက်ဆုံးတော့ အခွင့်အရေးရောက်လာပြီ… သုံးနှစ်ရှိပြီ… ဒီနေ့အတွက် ငါစောင့်ဆိုင်းခဲ့ရတာ သုံးနှစ်ကြာသွားပြီ… ကောင်းကင်ဘုံရေကန်… ကောင်းကင်ဘုံရေကန်ကို ငါရှာတွေ့ရမယ်… ကောင်းကင်ဘုံရေကန်ထဲက သူတော်စင်ရေကပဲ ကျောက်ဖြစ်နေတဲ့ ငါ့လက်ကို အကောင်းတိုင်း ပြန်ဖြစ်စေလိမ့်မယ်… တောင်ပိုင်းမြေရိုင်းဒေသက မဒူဆာ… မင်းနဲ့ ငါ့ကြားက ရန်ကြွေးကို အနှေးနဲ့အမြန် ငါရှင်းမယ် ”

ဝတ်စုံစိမ်း ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားက ခမ်းနားထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ယင်ယန်ကောင်းကင်တံတားက ထပ်မံ ဖွင့်လှစ်သွားကြောင်း သူမြင်သောအခါ ဝမ်းသာအားရ ပြုံးလိုက်သည်။

ချူမိသားစုနှင့် ရင်းနှီးကျွမ်းဝင်သော ပုဂ္ဂိုလ်များ ဤနေရာမှာ ရှိမည်ဆိုလျှင် သူတို့က ထိုသက်လတ်ပိုင်းအမျိုးသားကို ချက်ချင်း မှတ်မိသွားကြလိမ့်မည်။ ထိုသက်လတ်ပိုင်းအမျိုးသားသည် ချူထျန်းနန် ဖြစ်သည်။ သူက လွန်ခဲ့သော သုံးနှစ်တွင် တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိုးထိတောင်ပေါ်မှာ ချူယွမ်ကို ကယ်တင်ရန်အတွက် သူ့လက်ကို စတေးခဲ့ရသည်။ မဒူဆာ၏ ကြောက်မက်ဖွယ်ကောင်းသော မွေးရာပါသဘာဝစွမ်းရည်ကြောင့် သူ့လက်က ကျောက်ခဲဖြစ်သွားခဲ့သည်။ သူက ချူမိသားစုခေါင်းဆောင် ချူထျန်းရှင်း၏ ညီလည်း ဖြစ်၏။

ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲမှ လျှို့ဝှက်ဆန်းကြယ်သော ရေကန်က ကျောက်ဖြစ်နေသော သူ့လက်ကို အသွေးအသားအဖြစ် ပြန်ပြောင်းလဲပေးနိုင်ကြောင်း သူမသိထားလျှင် သူ့လက်ကို အစောကြီးကတည်းက ဖြတ်ပစ်လိမ့်မည်။

“ တတိယဦးရီးတော်… ဦးရီးတော်ရဲ့ လက် အခုလိုဖြစ်သွားတာ ယုအာကြောင့်ပါ ”

ချူထျန်းနန်၏ ဘေးမှာ ချူယွမ်က ရပ်နေသည်။ သူက အစိမ်းရောင်ဖျော့ဖျော့ နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ သုံးနှစ်ကြာပြီးနောက် ချူယွမ်က ပိုပြီးရင့်ကျက်လာပြီး သူ့ခန္ဓာကိုယ်က ပိုပြီးလှပလာသည်။ သူက ခေါင်းငုံ့လိုက်ပြီး ချူထျန်းနန်၏ ဖုံးကွယ်ထားသော လက်ကို ကြည့်လိုက်သည်။ စိတ်မကောင်းသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ဟူး… အဲ့ဒါက နင့်အမှားမဟုတ်ပါဘူး… အဲ့ဒီတုန်းက မဒူဆာက အရမ်းသန်မာတာ… ဒါ့အပြင် သူက အံ့ဖွယ်ကောင်းတဲ့ မွေးရာပါသဘာဝစွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားတယ်… ဦးရီးတော် ရန်သူကို အထင်သေးခဲ့တာကြောင့် အခုလို အဆုံးသတ်သွားတာပါ… ဒါ့အပြင် အခု ယင်ယန်ကောင်းကင်တံတားက ထပ်မံ ဖွင့်လှစ်သွားပြီ… ဒီတစ်ကြိမ်မှာတော့ လူအရေအတွက်အကန့်အသတ်မရှိ ဝင်ရောက်နိုင်ပြီ… ဦးရီးတော်တို့လည်း လီလီကျွန်းစုဆီ သွားကြမယ်… လီလီကျွန်းစုပေါ်က ကောင်းကင်ဘုံရေကန်ကို ရှာဖွေနိုင်မယ်ဆိုရင် ဦးရီးတော်ရဲ့ လက်က အကောင်းတိုင်း ပြန်ဖြစ်သွားလိမ့်မယ်… အဲ့တော့ ဘာမှစိတ်မကောင်းမဖြစ်နဲ့ ”

ချူထျန်းနန်က ချူယွမ်ကို ချစ်ခင်ကြင်နာစွာ ကြည့်လိုက်သည်။ ထို့နောက် သူက နူးညံ့စွာ ပြောသည်။

“ ဒီတစ်ကြိမ်တော့ ရှေးဟောင်းတံတားကို ဖြတ်တဲ့အခါ ဘာအန္တရာယ်မှ တွေ့ကြုံရမှာမဟုတ်ဘူး… ဒါပေမဲ့ လီလီကျွန်းစုပေါ်မှာ မမြင်နိုင်တဲ့ အန္တရာယ်တွေရှိတယ်လို့ ပြောကြတယ်… ဒါ့အပြင် ရတနာတွေက လီလီကျွန်းစုရဲ့ နေရာတိုင်းမှာ တည်ရှိတယ်… ရတနာတွေက တန်ဖိုးကြီးမားတာမှန်ပေမဲ့ ကိုယ့်အသက်ထက် ပိုပြီးအရေးကြီးတာ မရှိဘူး… ဒါကြောင့် အရမ်းလောဘကြီးလို့ မဖြစ်ဘူး… ရတနာတွေက ထိုက်တန်တဲ့လူမှပဲ ရရှိနိုင်တယ်… ဒီတစ်ကြိမ် ငါတို့ဝင်လာတဲ့ ရည်ရွယ်ချက်က ကောင်းကင်ဘုံရေကန်ကို ရှာဖွေပြီး သံမဏိကြေးသစ်ပင်ကို များနိုင်သလောက်အများကြီး တူးဖော်ဖို့ပဲ… ပြီးကျရင် ဒီကနေ ထွက်သွားကြမယ် ”

သူက စကားဆုံးသွားသည်နှင့် ရိုးရှင်းသော သံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်လိုက်သည်။ သံလိုက်အိမ်မြှောင်ပေါ်မှာ ဝိညာဉ်မျဉ်းတံသုံးချောင်း ရှိသည်။ မျဉ်းတံသုံးချောင်းသည် တစ်ခုနှင့်တစ်ခု အလျားမတူညီကြပေ။ ထိုသံလိုက်အိမ်မြှောင်သည် ဝိညာဉ်သံလိုက်အိမ်မြှောင်မှလွဲ၍ တခြားမဟုတ်ပေ။

“ လီလီတောအုပ်ထဲမှာ လမ်းပျောက်သွားဖို့ လွယ်ကူတယ်… တောအုပ်က အဝင်လွယ်ပြီး အထွက်ခက်တယ်လို့ ပြောကြတယ်… ဒါပေမဲ့ ဒီဝိညာဉ်သံလိုက်အိမ်မြှောင်နဲ့ဆိုရင် ရတနာတွေကို အလွယ်တကူ ရှာဖွေနိုင်ပြီး လမ်းပျောက်သွားမှာကို စိတ်ပူစရာမလိုတော့ဘူး ”

ချူထျန်းနန်က ယုံကြည်ချက်ရှိစွာ ပြောသည်။

“ ယွမ်အာ… ချူမိသားစုက တပည့်တွေကို လူစုလိုက်ပါ… ငါတို့ စထွက်ကြမယ် ”

“ ဟုတ်ကဲ့… ယွမ်အာ အခုပဲ ဆောင်ရွက်လိုက်ပါ့မယ် ”

ယင်းကို ချူယွမ်ကြားသောအခါ စိတ်လှုပ်ရှားသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ရတနာရှာဖွေသော စွန့်စားခရီးစဉ်ကို သူအလွန်စိတ်ဝင်စားကြောင်း ထင်ရှားပေသည်။ သူက လူတစ်ရာကျော် စုဝေးနေသော ကျင့်ကြံသူအုပ်စုတစ်စု၏ အရှေ့သို့ လျှောက်သွားသည်။ ထိုအုပ်စုသည် ဒဏ်ရာကြီးကြီးမားမား မရထားကြပေ။ ဤသည်မှာ သူတို့က ရှေးဟောင်းတံတားပေါ်မှာ အပြင်းအထန် မတိုက်ခိုက်ခဲ့ကြသည့်အလားပင်။

အမှန်မှာ အစကတည်းက သူတို့၏ ရည်ရွယ်ချက်က ထိပ်ဆုံးဆယ်နေရာမဟုတ်ပေ။ သို့ဖြစ်၍ သူတို့က ခွန်အားအကုန် မသုံးဘဲ အပေါ်ယံမျှသာ အားထုတ်ခဲ့ကြသည်။

ချူမိသားစုတစ်ခုတည်း ထိုသို့လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။ တခြားကျင့်ကြံခြင်းအင်အားစုများသည်လည်း အားအင်အပြည့် ရှိနေကြသည်။ သူတို့က အပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်နိုင်ရန်အလို့ငှာ အသက်စွန့်စား၍ မတိုက်ခိုက်ချင်ကြပေ။ သူတို့၏ အဓိက ပန်းတိုင်က လီလီကျွန်းစု ဖြစ်သည်။ လီလီကျွန်းစုထဲမှာလည်း ရတနာများရှိလေရာ မည်သို့ကြောင့် အသက်စတေးပြီး တိုက်ခိုက်နေရမည်နည်း။ ယင်းက လူအနည်းစု၏ အတွေးဖြစ်သည်။ သူတို့က ဒုတိယအကြိမ် ရှေးဟောင်းတံတားဖွင့်လှစ်မည်ကို စောင့်ဆိုင်းနေကြသည်။ တစ်ခဏကြာ အားပြန်ဖြည့်ပြီးလျှင် သူတို့က လီလီကျွန်းစုပေါ်သို့ ဝင်ရောက်ပြီး ရတနာများကို လိုက်ရှာဖွေကြလိမ့်မည်။

ယင်းက အံ့ဩစရာကိစ္စမဟုတ်ပေ။ ရတနာများက ထိပ်ဆုံးဆယ်ဦးအတွက်သာဆိုလျှင် သိန်းပေါင်းများစွာသော မသေမျိုးကျင့်ကြံသူများနှင့် မိစ္ဆာအများအပြားက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲသို့ မည်သို့ကြောင့် ဝင်ရောက်လာကြမည်နည်း။ သူတို့က ထိပ်ဆုံးဆယ်နေရာကို မရလျှင်ပင် လီလီကျွန်းစုပေါ်မှာ အဖိုးတန်ရတနာများကို ရှာဖွေနိုင်သေးပေသည်။

ထို့ကြောင့် အတိတ်မှာ လီမိသားစုက သီရှီထျန်၏ လက်ထဲမှ ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ပြန်ယူရန် အစွမ်းကုန် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။ မည်သို့ဖြစ်ပါစေ လီလီကျွန်းစုက အလွန်ကျယ်ပြောသည်။ ထိုနေရာမှာ ရတနာများကို လိုက်ရှာဖွေခြင်းက လွယ်ကူသောအလုပ် မဟုတ်ပေ။ ထူးခြားချက်တစ်ခုမှာ လီလီတောအုပ်က အဝင်လွယ်ပြီး အထွက်ခက်သည်။ အဘယ့်ကြောင့်ဆိုသော် လီလီတောအုပ်ထဲမှာ ဦးတည်ချက်ကို မရှာဖွေနိုင်ပေ။ ထို့ကြောင့် ဝိညာဉ်သံလိုက်အိမ်မြှောင်၏ တည်ရှိမှုက အလွန်အရေးပါသည်။ သို့ဖြစ်၍ လီမိသားစုက ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ပြန်ယူရန် သဲကြီးမဲကြီး ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ ရှေးဟောင်းတံတား နောက်တစ်ကြိမ် ဖွင့်လှစ်သွားသည့်အခါ မိစ္ဆာမျိုးနွယ်ဝင်များဖြစ်စေ သို့မဟုတ် မသေမျိုးကျင့်ကြံသူများဖြစ်စေ သူတို့အားလုံးက ရှေးဟောင်းတံတားဆီသို့ နောက်တစ်ကြိမ် ပြေးသွားကြသည်။

သို့သော်လည်း ဤတစ်ကြိမ် အင်အားစုနှစ်ခု တွေ့ဆုံသွားသည့်အခါ သူတို့က အပြန်အလှန် သတိထားရုံသာ လုပ်ဆောင်ကြသည်။ သူတို့က အသေအကြေ တိုက်ခိုက်ခြင်းကို မလုပ်ဆောင်ကြချေ။ သူတို့က အလျင်ကုန်သုံး၍ လီလီကျွန်းစုဆီသို့သာ အမြန်ပြေးသွားနေကြသည်။ ရတနာများအား တခြားလူများ အရင်ယူသွားမည်ကို သူတို့က စိုးရိမ်နေကြသည်။ သို့ဖြစ်၍ သူတို့က တိုက်ခိုက်ပြီး အချိန်မဖြုန်းချင်ကြပေ။

ထို့ကြောင့် ရှေးဟောင်းတံတားသည် ပထမအကြိမ်ကဲ့သို့ သွေးလွှမ်းသွားခြင်း မရှိပေ။

ယင်းက အပြင်ဘက်မှ လက်တလော အခြေအနေဖြစ်သည်။ အတွင်းဘက်မှာတော့…

စက်ကရာသည် ရှေးဟောင်းမိစ္ဆာဂိတ်တံခါးကို ဖြတ်ကျော်ပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်နေရာမှာ ပြန်ပေါ်လာသည်။ သူက မျက်လုံးပြန်ဖွင့်လိုက်သည်။ သူမျက်လုံးဖွင့်လိုက်သည့်အခါ သူ့အရှေ့မှ မြင်ကွင်းက ပြောင်းလဲသွားကြောင်း မြင်သွားသ်ည။

“ ကောင်းကင်မိစ္ဆာအရှင် ချန်ထားခဲ့တဲ့ ရတနာသိုက်က ဒီနေရာပဲ… ဟုတ်တယ်… ဒီနေရာက ရတနာသိုက်ပဲ… အိုး ရတနာတွေက အများကြီးပဲ… ဘုရားရေ ဒီဟာက ပထမအထပ်ပဲ ရှိသေးတယ်… ခေါင်းဆောင်ပြောတာက ဒီရတနာသိုက်ထဲမှာ အထပ်သုံးထပ်ရှိတယ်… ဒီပထမအထပ်မှာတောင် ရတနာတွေ ဘယ်လောက်ရှိတယ်ဆိုတာ ငါမရေတွက်နိုင်ဘူး ”

သွေးနဂါးဘုရင်၏ မျက်လုံးက ဤအခိုက်အတန့်မှာ ထွန်းလင်းတောက်ပနေသည်။ အံ့ဩမှုက သူ၏ မျက်လုံးထဲမှာ အထင်အရှား ထွက်ပေါ်နေသည်။ သူက ပါးစပ်အဟောင်းသားဖြစ်နေလျက် ဘေးပတ်ဝန်းကျင်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

All Chapters