← Chapters

အခန်း ၄၀၄

Vol. 27 Ch. 404

အခန်း ၄၀၄

Vol. 27 Ch. 404

အခန်း(၄၀၄)

သူတစ်ယောက်တည်း ထိုသို့ဖြစ်နေခြင်း မဟုတ်ပေ။ ငွေဆံရှည်နှင့် တခြားမိစ္ဆာဘုရင်များသည်လည်း ထို့အတူပင်။ အံ့ဩသော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထင်ရှားစွာ ပေါ်လွင်နေသည်။

“ ကောင်းကင်မိစ္ဆာအရှင်ရဲ့ စုဆောင်းမှုက တကယ်နှိုင်းယှဉ်မရအောင်ပဲ… မသေမျိုးကျင့်ကြံခြင်းလောကက ဂိုဏ်းကြီးတွေရဲ့ ရတနာသိုက်က ဘယ်လိုပုံစံရှိလဲ ငါမသိဘူး… ဒါပေမဲ့ အဲ့ဒီဂိုဏ်းကြီးတွေရဲ့ နှစ်တစ်ထောင်စုဆောင်းမှုက ဒီရတနာသိုက်ရဲ့ ပထမအထပ်ကိုတောင် မနှိုင်းယှဉ်လောက်ဘူးလို့ ငါထင်တယ် ”

သီရှီထျန်၏ စိတ်ထဲမှာ အတွေးတစ်ခု ထွက်ပေါ်လာသည်။ သူက တိတ်တဆိတ် အံ့ဩသွားသည်။ ရတနာသိုက်ကို ကြည့်ပြီးနောက် ကောင်းကင်မိစ္ဆာအရှင်အပေါ် သူ့ရင်ထဲနှလုံးထဲမှ လေးစားသွားသည်။ ကောင်းကင်မိစ္ဆာအရှင်က အမှန်တကယ် တုနှိုင်းမဲ့သည်။

ရတနာသိုက်၏ ဧရိယာက အလွန်ကျယ်ပြောသည်။ ရတနာသိုက်ထဲတွင် ပစ္စည်းစင်များ မရေမတွက်နိုင်အောင်ရှိ၏။ စင်တစ်ခုစီတွင် အကန့်နှစ်ကန့် ရှိ၏။ အကန့်တစ်ကန့်စီမှာ အမျိုးအစားစုံလင်သော ရတနာများ တင်ထားသည်။

ယင်းတို့၏ အသွင်သဏ္ဍာန်ကိုသာ ကြည့်၍ မည်သည်က ရတနာကောင်းဖြစ်ပြီး မည်သည်က သာမန်ပစ္စည်းဖြစ်ကြောင်း ခွဲခြားရန်မှာ မလွယ်ကူပေ။ ယင်းတို့အားလုံးက အရောင်အသွေးကင်းမဲ့နေသည်။ ထို့ကြောင့် ယင်းတို့က သာမန်ပစ္စည်းများနှင့် မထူးမခြားနားပေ။ ရတနာ၏ အရည်အသွေးကို အကဲဖြတ်ရန် ရတနာ၏ ပုံပန်းသဏ္ဍာန်ကိုသာ ကြည့်နိုင်သည်။

ကောင်းမွန်သော ရတနာကို ရရှိရန် ကံကောင်းခြင်းကို လိုအပ်သည်။

ဓားမော့၊ လှံ၊ ဓားနှင့် တုတ် အစရှိသော ဓမ္မလက်နက်အမျိုးမျိုးကို စင်များပေါ်မှာ မြင်တွေ့နိုင်သည်။ သို့သော်လည်း ကံမကောင်းသည်မှာ သူတို့က ထိုရတနာများထဲမှ တစ်ခုကိုသာလျှင် ရွေးချယ်နိုင်သည်။ ရတနာတစ်ခုကို သူတို့ကောက်ယူလိုက်သည်နှင့် ရတနာသိုက်အပြင်ဘက်သို့ ချက်ချင်း တည်နေရာပြောင်းရွှေ့ခံရလိမ့်မည်။ ထိုသို့အခွင့်အရေးသည် ဖော်မပြနိုင်အောင် တန်ဖိုးကြီးမားသည်။

လက်နက်များ၊ ဓမ္မရတနာများသာရှိခြင်း မဟုတ်ပေ။ တခြားတန်ဖိုးကြီးပစ္စည်းများလည်း ရှိ၏။ ယင်းတို့အားလုံးကို တန်ဖိုးကြီးကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ကျောက်စိမ်းသေတ္တာများထဲမှာ ထည့်သိမ်းထားသည်။ ကျောက်စိမ်းသေတ္တာများပေါ်မှာ ချိပ်တံဆိပ်အစီအရင်များ ရှိသည်။ သို့ဖြစ်၍ ကျောက်စိမ်းသေတ္တာများထဲမှ ရတနာများက အရောင်အသွေးကင်းမဲ့နေသည်။ ယင်းတို့၏ အစွမ်းအာနိသင်နှင့် အသုံးပြုပုံကို သိရန် မည်သို့မှ မဖြစ်နိုင်ပေ။

တချို့ပစ္စည်းများကိုတော့ ကျောက်စိမ်းပုလင်းထဲမှာ သိမ်းဆည်းထားသည်။ ကျောက်စိမ်းပုလင်းများထဲမှ ပစ္စည်းများသည်လည်း ချိပ်ပိတ်ခံထားရသည်။ သို့သော်လည်း ကျောက်စိမ်းပုလင်းများထဲမှာ တန်ဖိုးကြီးမားသော ဆေးလုံးများ ပါဝင်နေကြောင်း သေချာသည်။ တစ်စုံတစ်ယောက်သည် ရွေးချယ်ရခက်ခဲနေလျှင် ထိုကျောက်စိမ်းပုလင်းများထဲမှ တစ်ခုကို သာမန်ကာလျှံကာ ကောက်ယူနိုင်သည်။ တန်ဖိုးကြီးမားသော ဆေးလုံးများသည် မည်သူ့အတွက်ဖြစ်ပါစေ အလွန်အသုံးဝင်သည်။ ယင်းက အကျိုးမဲ့မဟုတ်သော ရွေးချယ်မှုဖြစ်သည်။

မိုးမြေကြားမှ စိတ်ဝိညာဉ်ရတနာများကို ကျောက်စိမ်းသေတ္တာများထဲမှာ ထည့်သိမ်းထားသည်။ ရတနာများက မရေမတွက်နိုင်အောင် များပြားသည်။ သူတို့သည် တစ်ခါမှ ထိုမျှများပြားသော ရတနာများကို မမြင်ဖူးကြချေ။

သူတို့က နေရာစုံသို့ လျှောက်သွားကြသည်။ ရတနာအားလုံးကို အကြည့်တစ်ချက်ဖြင့် မြင်နိုင်ရန် သူတို့အတွက် မဖြစ်နိုင်ပေ။

ရတနာသိုက်ကို အထပ်သုံးထပ် ခွဲခြားထားသည်။ ယခု သူတို့ရှိနေသည်မှာ ပထမအထပ် ဖြစ်သည်။ ပထမအထပ်မှာပင် မရေမတွက်နိုင်သော ရတနာများ ရှိသည်။ အကြမ်းဖျဉ်းဆိုရသော် အရေအတွက် သန်းချီသည်။ ထို့ပြင် နောက်ထပ်နှစ်ထပ် ကျန်နေသေးသည်။ သို့ဖြစ်၍ ဤရတနာသိုက်က ခရမ်းရွှေကုန်းမြေထဲမှာ တန်ဖိုးအကြီးမားဆုံး ရတနာသိုက်ဖြစ်သည်ဟု ဆိုနိုင်သည်။ ယင်းက ကောင်းကင်မိစ္ဆာအရှင်၏ တစ်ဘဝစာ ရှာဖွေစုဆောင်းမှု ဖြစ်၏။

ယင်းတို့ထဲမှ တစ်ခုကို ရွေးချယ်ရခြင်းက မဟာအခွင့်အရေး ဖြစ်သည်။

သို့သော်လည်း သေချာတွေးကြည့်မည်ဆိုလျှင် ရတနာသိုက်ထဲ၌ ရတနာများ ထိုမျှများပြားနေခြင်းက မထူးဆန်းပေ။ ကောင်းကင်မိစ္ဆာအရှင်၏ တည်ရှိမှုက မည်မျှအံ့ဖွယ်ကောင်းသနည်း။ သူက မိစ္ဆာနတ်ဘုရားပြီးနောက် အသန်မာဆုံး တည်ရှိမှု ဖြစ်သည်။

မိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်တွင် ဝိညာဉ်သားရဲနယ်ပယ်၊ မိစ္ဆာသားရဲနယ်ပယ်၊ အစစ်အမှန်မိစ္ဆာနယ်ပယ်၊ မိစ္ဆာဘုရင်နယ်ပယ်၊ မဟာမိစ္ဆာနယ်ပယ်၊ မိစ္ဆာသူတော်စင်နယ်ပယ်နှင့် ကောင်းကင်မိစ္ဆာနယ်ပယ်ဟူ၍ အဆင့်ခွဲခြားထားသည်။ ရှေးခေတ်ကာလမှ မိစ္ဆာများသည်ပင် ကောင်းကင်မိစ္ဆာနယ်ပယ်သို့ ရောက်ရန် နှစ်ပေါင်းသိန်းချီကြာအောင် ကျင့်ကြံကြရသည်။ သို့ဖြစ်၍ နှစ်ပေါင်းသိန်းချီကြာအောင် အသက်ရှင်ခဲ့သော ကောင်းကင်မိစ္ဆာတစ်ပါး၏ ရှာဖွေစုဆောင်းမှုများက မည်သို့နည်းပါးနိုင်မည်နည်း။ သူက မရေမတွက်နိုင်သော ရန်သူများကို သတ်ဖြတ်ခဲ့ပြီး တိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားခဲ့လိမ့်မည်။ သူ့ရန်သူများ အသတ်ခံလိုက်ရသည့်အခါ သူတို့၏ ရှာဖွေစုဆောင်းမှုများက သူ့လက်ထဲသို့ လွှဲပြောင်းသွားလိမ့်မည်။

သို့ဖြစ်၍ ဤကောင်းကင်မိစ္ဆာအရှင်သည် တိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားပြီးနောက် မရေမတွက်နိုင်သော ရတနာများကို ပိုင်ဆိုင်သွားသည်။ ရတနာသိုက်ထဲမှာ ထိုမျှများပြားသော ရတနာများရှိနေခြင်းက မထူးဆန်းပေ။

“ အားလုံးပဲ… ကိုယ်လိုချင်တဲ့ ရတနာကို မြန်မြန် ရှာဖွေကြ… မင်းတို့တစ်ခုမှတ်ထားရမှာက ရတနာသိုက်ထဲမှာ သုံးရက်ထက် ပိုနေလို့မဖြစ်ဘူး… ရတနာတစ်ခုကို မင်းတို့ ကောက်ယူလိုက်တာနဲ့ ဒီကနေ ချက်ချင်း မောင်းထုတ်ခံရလိမ့်မယ်… အားလုံးပဲ လူစုခွဲပြီး ရှာဖွေကြရအောင် ”

ငွေဆံရှည်သည် သူ့အရှေ့မှ မရေမတွက်နိုင်သော တန်ဖိုးကြီးရတနာများကို မြင်သွားသောအခါ အလွန်စိတ်လှုပ်ရှားသွားပြီး တခြားမိစ္ဆာဘုရင်များကို ပြောသည်။

ထို့နောက် သူက ရတနာသိုက်ထဲမှာ စတင်ရွေ့လျားသွားပြီး ရတနာများကို လိုက်လံကြည့်ရှုသည်။ သူက သူနှင့်ကံစပ်သော ရတနာကို ရှာဖွေနေသည်။

“ ဒီကို ငါရောက်လာတော့မှပဲ ငါက ရေတွင်းထဲက ဖားသူငယ်ဆိုတာ နားလည်လိုက်တယ် ”

သီရှီထျန်က ခေါင်းခါလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။ သူက ခြေထောက်ကို ရွေ့လျားလိုက်ပြီး အဝေးသို့ လျှောက်သွားသည်။ သူက လမ်းလျှောက်နေရင်း ဘေးပတ်ဝန်းကျင်မှ ရတနာများကို စစ်ဆေးကြည့်လိုက်သည်။ ထိုသို့စစ်ဆေးကြည့်ခြင်းက သူ့ကို မျက်စိပွင့်နားပွင့်စေပြီး အသိပညာဗဟုသုတ တိုးပွားစေသည်။

အတိတ်မှာ တစ်ခါမှ သူမမြင်ဖူးသော စိတ်ဝိညာဉ်ရတနာများကို ဤနေရာမှာ တစ်စုတစ်စည်းတည်း မြင်နိုင်သည်။

ထူးဆန်းသော တချို့ဓမ္မရတနာများကို ဝိညာဉ်သားရဲများ၏ အသွင်သဏ္ဍာန်အတိုင်း ဖန်တီးသန့်စင်ထားသည်။ ဥပမာ လင်းယုန်ပျံ၊ ခေါင်းသုံးလုံးတစ္ဆေရထားလုံးနှင့် ကျောက်စိမ်းဆင်ဖြူတော် အစရှိသည်တို့ ဖြစ်ကြသည်။ ယင်းတို့က ထူးဆန်းသော ရတနာများ ဖြစ်ကြသည်။ ထို့ပြင် မျက်မှောက်ခေတ်မှာ အလွန်ရှားပါးသော အင်းချပ်များကိုလည်း ဤနေရာမှာ မြင်တွေ့နိုင်၏။ အစီအရင်အလံတိုင်များလည်း ဤနေရာမှာ ရှိသည်။

ယင်းက တစ်စုံတစ်ယောက်၏ စိတ်ဓာတ်ခိုင်မာမှုကို စမ်းသပ်နေသည်။

ရတနာများက အမျိုးအစားစုံလင်သည်။ သံချပ်ကာများ၊ စစ်ချပ်ဝတ်များ၊ နတ်ဘုရားလက်နက်များ၊ ထူးဆန်းသော ရှေးဟောင်းစာအုပ်များနှင့် ကျောက်စိမ်းပြားများလည်း ရှိ၏။ လမ်းတစ်လျှောက်တွင် သူက ပါးစပ်အဟောင်းသားဖြစ်သွားပြီး အံ့ဩသွားသည်။

ကျောက်စိမ်းသေတ္တာအား ဖန်တီးထားသော ကျောက်စိမ်းအမျိုးအစားကို တစ်ခါမှ သူမမြင်ဖူးပေ။ မျက်မှောက်ခေတ်တွင် ရှားပါးသွားပြီဖြစ်သော မိုးမြေစိတ်ဝိညာဉ်ရတနာများကို ဤနေရာမှာ မြင်တွေ့နိုင်သည်။

ယင်းက အမှန်တကယ် အံ့ဩဖွယ်ကောင်းသည်။

လူသားဦးခေါင်းခန့် ကြီးမားသော ပုလဲလုံးများကိုပင် သူမြင်တွေ့သွားသည်။

“ ရတနာသိုက်ထဲက ရတနာအားလုံး ချိပ်ပိတ်ခံထားရတာ စိတ်မကောင်းစရာပဲ… ရတနာအလင်းနဲ့ အရှိန်အဝါတစ်စွန်းတစ်စကိုတောင် မမြင်နိုင်ဘူး… အဲ့တော့ ရတနာတွေရဲ့ အစွမ်းအာနိသင်တွေနဲ့ အရည်အသွေးကို အကဲဖြတ်ဖို့ဆိုတာ ဘယ်လိုမှမလွယ်ကူဘူး…. တကယ်လို့ ငါက ဒီနေရာမှာ ရတနာကောင်းတစ်ခုကို လိုချင်တယ်ဆိုရင် ကံကောင်းခြင်းကိုပဲ မျှော်လင့်ရလိမ့်မယ် ”

သီရှီထျန်သည် ဘေးဘီသို့ တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှာ တွေးလိုက်သည်။ သူက ဘယ်လက်ကို မြှောက်၍ သူ၏ လက်ဖဝါးကို ငုံ့ကြည့်လိုက်သည်။ ထိုနေရာတွင် မြင့်မြတ်ထည်ဝါပုံပေါ်သော ခရမ်းရောင်ကြာပန်းတစ်ပွင့် ရှိသည်။ ယေဘုယျအားဖြင့်ဆိုရသော် ထိုခရမ်းရောင်ကြာပန်းက အသိအမှတ်ပြုခံရသော အမှတ်အသား ဖြစ်သည်။ သူက စိတ်ထဲမှာ တွေးတောလိုက်သည်။

‘ အမွေအနှစ်လျှောက်လမ်းကို အောင်အောင်မြင်မြင် ဖြတ်လျှောက်ပြီးနောက် လျှို့ဝှက်ဆန်းကြယ်တဲ့ ခရမ်းရောင်ကြာပန်းပုံရိပ်က ငါ့လက်ဖဝါးပေါ်မှာ ထူးထူးဆန်းဆန်း ထွက်ပေါ်လာတယ်… တကယ်ဆိုရင် ဒီကြာပန်းပုံရိပ်က ကောင်းကင်မိစ္ဆာအရှင်ရဲ့ အသိအမှတ်ပြုမှု ဖြစ်ရမယ် ’

‘ ဒါပေမဲ့ ကောင်းကင်မိစ္ဆာအရှင်ရဲ့ အမွေအနှစ်ကို ရရှိဖို့ဆိုရင် တစ်ခုခုလိုနေသေးတဲ့ပုံပဲ… အဲ့ဒီလိုနေတဲ့အရာဘာလဲ… ထူးဆန်းလိုက်တာ… လီလီကျွန်းစုက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေရဲ့ နောက်ဆုံးနေရာ ဖြစ်တယ်… တကယ်လို့ ဒီနေရာမှာ အမွေအနှစ်ရှိတယ်ဆိုရင် အဲ့ဒါကို ငါအာရုံခံမိသင့်တယ်… ဒါမှမဟုတ်လည်း အမွေအနှစ်နဲ့သက်ဆိုင်တဲ့ သဲလွန်စတစ်ခုကို ငါရှာတွေ့သင့်တယ် ’

ထိုသို့စဉ်းစားလိုက်သည့်အခါ အလင်းရောင်က သူ့မျက်လုံးထဲမှာ ရုတ်တရက် ထွန်းလင်းသွားသည်။ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ အကြည့်ထဲမှာ ထွက်ပေါ်လာသည်။ သူတစ်ချက်တွေးလိုက်သည်နှင့် မိစ္ဆာချီက သူ၏ နှလုံးသားထဲမှ တိုးထွက်လာသည်။ မိစ္ဆာချီသည် မိစ္ဆာသွေးကြောများကို ဖြတ်သန်းစီးဆင်းသွားပြီး သူ၏ လက်ဖဝါးပေါ်မှ ခရမ်းရောင်ကြာပန်းပုံရိပ်ထဲသို့ စီးဆင်းသွားသည်။

“ ဒီခရမ်းရောင်ကြာပန်းက အလှပြရုံသက်သက်ပဲ မဖြစ်နိုင်ဘူး… အဲ့ဒါက တစ်စုံတစ်ခု ထူးခြားရမယ် ”

သီရှီထျန်၏ နှလုံးသားထဲမှာ ယုံကြည်မှု ထွက်ပေါ်လာသည်။ ထိုကြောင့် သူက တုံ့ဆိုင်းမနေဘဲ မိစ္ဆာချီကို သူ၏ လက်ဖဝါးပေါ်မှ ခရမ်းရောင်ကြာပန်းထဲသို့ ထည့်သွင်းလိုက်သည်။

“ ရှူး ”

ထိုသို့ထည့်သွင်းလိုက်သည့်အခါ သူက တောင့်မခံနိုင်ဘဲ ညည်းညူလိုက်ရသည်။ နာကျင်သော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သို့သော်လည်း နာကျင်မှုက တစ်ခဏကြာပြီးနောက် ပျောက်ကွယ်သွားသည်။ မိစ္ဆာချီ ဝင်ရောက်သွားသည့်အခိုက် သူ့လက်ဖဝါးပေါ်မှ ခရမ်းရောင်ကြာပန်းက တောက်ပသော ခရမ်းရောင်အလင်းကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ ခရမ်းရောင်ကြာပန်းက ဤအခိုက်အတန့်မှာ အမှန်တကယ် အသက်ဝင်လာဟန် ရ၏။ ယင်းက အလွန်လှပသည်။ သို့သော်လည်း ဖော်မပြနိုင်သော ခံစားမှုတစ်မျိုးက သူ၏ တစ်ကိုယ်လုံးသို့ ရုတ်တရက် ပျံ့နှံ့သွားသည်။

“ ငါရှာတွေ့ပြီ… ဟား ဟား… ငါမျှော်လင့်ထားတဲ့အတိုင်းပဲ ”

ဖော်မပြနိုင်သော ဝမ်းသာပျော်ရွှင်မှုက သူ့နှလုံးသားထဲမှ ပေါ်လျှိုးလာသည်။ ဝမ်းသာစိတ်ကြောင့် သီရှီထျန်က နာကျင်မှုကိုပင် မေ့လျော့သွားသည်။ ကြာပန်းက ခရမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်သည့်အခါ စိတ်ခံစားချက်တစ်မျိုးက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ဤသည်မှာ ရတနာသိုက်ထဲမှ တစ်စုံတစ်ခုက သူ့အား ခေါ်နေသည့်အလားပင်။ ထိုခေါ်ဆိုမှုက သူ့လက်ဖဝါးပေါ်မှ ခရမ်းရောင်ကြာပန်းပုံရိပ်နှင့် တစ်နည်းတစ်ဖုံ ချိတ်ဆက်သွားသည်။ ယင်းက သူ့အား လမ်းပြပေးသည်။

သို့သော်လည်း ထူးဆန်းသည်မှာ ထိုခံစားချက်က ပုံရိပ်ယောင်ဖြစ်သည်။ ယင်းက မထင်ရှားပေ။ တစ်ခါတစ်ရံ ထိုခံစားချက်က ထွက်ပေါ်လာပြီး တစ်ခါတစ်ရံ ပျောက်ကွယ်သွားသည်။ သို့ဖြစ်၍ ယင်း၏ တည်နေရာအတိအကျကို ရှာဖွေရန် သူ့အတွက် မလွယ်ကူပေ။

သို့သော်လည်း သူက သွားရမည့် ဦးတည်ရာကို အကြမ်းဖျဉ်း သိသွားသည်။

“ အဲ့ဒါ တောင်ပိုင်းမှာပဲ ”

သေချာဂရုတစိုက် အာရုံခံကြည့်ပြီးနောက် သီရှီထျန်က မျက်လုံးဝင်းလက်သွားသည်။ သူက ရတနာသိုက်၏ တောင်ပိုင်းဆီသို့ ဦးတည်လျှောက်သွားသည်။ လမ်းတစ်လျှောက်တွင် သူက ဘေးပတ်ဝန်းကျင်မှ မည်သည့်ရတနာကိုမှ မကြည့်ပေ။ သူက ခရမ်းရောင်ကြာပန်းပုံရိပ်၏ လမ်းညွှန်မှုနောက်သို့ တန်းမတ်စွာ လျှောက်သွားသည်။

သူ့ကို ဝမ်းသာပျော်ရွှင်စေသည်မှာ တောင်ပိုင်းဆီသို့ သူလျှောက်သွားလေ ထိုခံစားချက်က ပိုပြီးထင်ရှားလာလေ ဖြစ်၏။

အဝေးတစ်နေရာတွင် ပစ္စည်းတစ်ခုက သူ့အား ခေါ်နေကြောင်း ရှင်းလင်းစွာ သူခံစားမိလာသည်။

ရတနာသိုက်၏ ဧရိယာက အလွန်ကျယ်ပြောသည်။ သူက အမြန်လျှောက်သွားသည့်တိုင် ပန်းတိုင်ဆီသို့ အချိန်ခဏလေးအတွင်း မရောက်သွားနိုင်ပေ။ ထို့ပြင် ဤနေရာမှာ ရတနာများက အများကြီး ရှိသည်။ သို့ဖြစ်၍ မည်သည့်ရတနာက သူ့အား ခေါ်နေကြောင်း အတိအကျပြောရန် မလွယ်ကူပေ။

“ ဒီနေရာပဲ ”

အချိန်အတန်ကြာပြီးနောက် စက်ကရာက တည်နေရာတစ်ခုမှာ ရပ်လိုက်သည်။ ထိုနေရာသည် ခေါ်ဆိုမှု အပြင်းထန်ဆုံးနေရာ ဖြစ်သည်။ သူက လင်းယုန်ကဲ့သို့ အကြည့်ဖြင့် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။

သူ့အရှေ့မှာ ပစ္စည်းစင်တစ်ခု ရှိသည်။ ပစ္စည်းစင်ပေါ်တွင် ရတနာများက အရေအတွက်တစ်ရာကျော် ရှိသည်။ ထိုရတနာများထဲတွင် တချို့က ဆေးပုလင်းများ၊ ကျောက်စိမ်းပြားများ၊ မိုးမြေစိတ်ဝိညာဉ်ရတနာများ၊ ဓမ္မလက်နက်များနှင့် ဓမ္မရတနာများ ဖြစ်ကြသည်။

သို့သော်လည်း သီရှီထျန်၏ အကြည့်က ထိုရတနာများပေါ်မှာ မရှိပေ။ ယင်းအစား သူ့အကြည့်က ရတနာခုနစ်ခုပေါ်မှာသာ စွဲမြဲနေသည်။ ဤသည်မှာ သူက ထိုရတနာခုနစ်ခုထံမှ တစ်စုံတစ်ခုမူမမှန်မှုကို ရှာတွေ့သွားသည့်အလားပင်။

All Chapters