အခန်း ၄၀၅
Vol. 27 Ch. 405
အခန်း(၄၀၅)
ထိုရတနာခုနစ်ခုထဲမှ သုံးခုက လက်နက်များ ဖြစ်ကြသည်။ တစ်ခုက လူတစ်ယောက်၏ အရွယ်အစားခန့် ရှည်လျားသော သုံးခွခရင်းလှံ ဖြစ်သည်။ အခြားတစ်ခုက နဂါးအစွယ်ဖြင့် ပြုလုပ်ထားသော ဓားမြှောင် ဖြစ်သည်။ နောက်ဆုံးတစ်ခုက အဆူးချွန်များပါသော သံမဏိစက်ကွင်း ဖြစ်သည်။
ယင်းတို့ထံမှ ရတနာအလင်းများက ချိပ်ပိတ်ခံထားရသည်။ သို့ဖြစ်၍ ထိုရတနာများ၏ အသုံးပြုပုံနှင့် စွမ်းရည်ကို သူမသိနိုင်ပေ။ သို့သော်လည်း ယင်းတို့ကို ကောင်းကင်မိစ္ဆာအရှင်က ရတနာသိုက်ထဲမှာ သိမ်းဆည်းထားလေရာ ယင်းတို့၏ အရည်အသွေးက မဆိုးဝါးနိုင်ပေ။
ထိုလက်နက်သုံးခုအပြင် တခြားရတနာလေးခုသည်လည်း အံ့ဖွယ်ကောင်းသည်။
ပထမတစ်ခုက ရိုးရှင်းသော အစိမ်းရောင်သစ်သားပေတံ ဖြစ်သည်။ ဒုတိယတစ်ခုက တုံကင်နှင့်ဆင်တူသော ကျောက်စိမ်းပြား ဖြစ်သည်။ ကျောက်စိမ်းပြားပေါ်တွင် ထူးဆန်းသော မှော်အက္ခရာများနှင့် ရှေးဟောင်းမိစ္ဆာမျိုးနွယ်စု၏ သင်္ကေတစာလုံးများ ရှိသည်။ ရှင်းလင်းစွာပင် ထိုကျောက်စိမ်းပြားက မိစ္ဆာမျိုးနွယ်စု၏ ရတနာတစ်ခု ဖြစ်သည်။ တတိယတစ်ခုသည်တော့ ယဇ်ပလ္လင်နှင့်ဆင်တူသော စင်မြင့်တစ်ခုဖြစ်သည်။ မှန်ပေသည်။ ဤယဇ်ပလ္လင်က အရွယ်အစားသေးငယ်လေရာ လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်နိုင်သည်။ နောက်ဆုံးတစ်ခုက ရှေးဟောင်းကျောက်ပြားတစ်ချပ် ဖြစ်သည်။ ရှေးဟောင်းကျောက်ပြားပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတများ ရှိသည်။ ယင်းက အလွန် ထူးခြားအံ့ဖွယ်ကောင်းသည်။
ကျောက်ပြားပေါ်မှာ ရှေးဟောင်းမိစ္ဆာမျိုးနွယ်စု၏ စာလုံးများကိုလည်း ရေးထွင်းထားသည်။ သို့သော်လည်း ထိုစာလုံးများ၏ အဓိပ္ပာယ်ကို သိချင်သည်ဆိုလျှင် တစ်စုံတစ်ယောက်က ယင်းကို သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် စူးစမ်းရလိမ့်မည်။
သို့သော်လည်း လူတိုင်းမှာ အခွင့်အရေးက တစ်ကြိမ်သာ ရှိ၏။ တစ်စုံတစ်ယောက်က ကျောက်ပြားကို ထိလိုက်မည်ဆိုလျှင် ကျောက်ပြားက သူ့အပိုင်ဖြစ်သွားပြီး သူက ဤရတနာသိုက်ထဲမှ မောင်းထုတ်ခံရလိမ့်မည်။
ဤအခိုက်အတန့်မှာ သီရှီထျန်က ဇဝေဇဝါဖြစ်သွားသည်။
“ ဘယ်ရတနာကို ငါရွေးချယ်ရမလဲ ”
သီရှီထျန်က စိတ်ထဲမှာ တွေးရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူက သူ့လက်ဖဝါးပေါ်မှ ခရမ်းရောင်ကြာပန်းကို ကြည့်လိုက်သည်။ ထို့နောက် သူက နောက်ဆုံး ရတနာပစ္စည်းလေးခုကို ကြည့်လိုက်သည်။ သူက တိတ်တဆိတ် တွေးတောလိုက်သည်။
“ တကယ်လို့ ဒီရတနာပစ္စည်းလေးခုထဲက တစ်ခုက အမွေအနှစ်နဲ့ သက်ဆိုင်နေမယ်ဆိုရင် အစိမ်းရောင်သစ်သားပေတံက ဖြစ်နိုင်ခြေအနည်းဆုံးပဲ… အဲ့တော့ သစ်သားပေတံကို ငါဖယ်ထုတ်လိုက်မယ်… ဒါဆိုရင် ကျောက်စိမ်းပြား၊ ယဇ်ပလ္လင်နဲ့ ရှေးဟောင်းကျောက်ပြား ကျန်လိမ့်မယ်… အဲ့ဒီပစ္စည်းသုံးခုစလုံးမှာ မိစ္ဆာမျိုးနွယ်စုရဲ့ မှော်အက္ခရာတွေ ရှိတယ်… အဲ့ဒီသုံးခုစလုံးက အမွေအနှစ်နဲ့ သက်ဆိုင်နေနိုင်တယ် ”
သူက သေချာတွေးတောစဉ်းစားပြီးနောက် သစ်သားပေတံကို ဖြစ်နိုင်ခြေထဲမှ ဖယ်ထုတ်လိုက်သည်။ ထိုအခါ သူ့အတွက် ရွေးချယ်စရာက သုံးခုတည်း ကျန်တော့သည်။ သို့သော်လည်း ယင်းက သုံးပုံတစ်ပုံအခွင့်အရေး ဖြစ်နေဆဲပင်။ မည်သည့်တစ်ခုကို သူရွေးချယ်ပါစေ အမှားရွေးမိရန် (၇၀)ရာခိုင်နှုန်း အခွင့်အရေးရှိနေသည်။ သူ၏ ရွေးချယ်မှုမှားသွားလျှင် ကောင်းကင်မိစ္ဆာအရှင်၏ အမွေအနှစ်ကို လက်လွှတ်လိုက်ရလိမ့်မည်။ သို့ဖြစ်၍ သူက ဆုံးဖြတ်ချက်ချရန် အခက်တွေ့နေသည်။
ကံမကောင်းသည်မှာ သူ့လက်ဖဝါးပေါ်မှ ခရမ်းရောင်ကြာပန်းသည် ဤနေရာသို့ သူရောက်လာပြီးနောက် နောက်ထပ် မည်သည့်ထူးခြားချက်မှ မဖော်ပြတော့ပေ။
ထိုသို့ရွေးချယ်ရခက်ခဲသော အခြေအနေက သီရှီထျန်ကို မျက်မှောင်ကြုတ်သွားစေသည်။ သူက ရတနာပစ္စည်းသုံးခုကို တစ်လှည့်စီ သေချာစိုက်ကြည့်လိုက်သည်။ သူက စိတ်ထဲမှာ တိကျသေချာသော သုံးသပ်မှုများကို ပြုလုပ်လိုက်သည်။
ကံမကောင်းစွာပင် မည်သို့သူကြည့်ပါစေ အမွေအနှစ်ရတနာကို သူအတည်မပြုနိုင်သေးပေ။
ရှေးဟောင်းကျောက်ပြားပေါ်တွင် ရှေးခေတ်မှ မိစ္ဆာမျိုးနွယ်စု၏ မှော်အက္ခရာစာလုံးများကို ရေးထွင်းထားသည်။ ယင်းက ကောင်းကင်မိစ္ဆာအရှင်၏ အမွေအနှစ်တုံကင် ဖြစ်နိုင်၏။ စင်မြင့်တစ်ခုနှင့်ဆင်တူသော ယဇ်ပလ္လင်သည်လည်း အတော်လေး လျှို့ဝှက်ဆန်းကြယ်သည်။ ပုံမှန်အားဖြင့် ယဇ်ပလ္လင်ကဲ့သို့သော ပစ္စည်းကို အထူးအခမ်းအနားများနှင့် ပူဇော်ပွဲများမှာသာ အသုံးပြုကြသည်။ ယင်းက အံ့ဖွယ်ထူးခြားသော ပစ္စည်းတစ်ခု ဖြစ်သည်။ ကျောက်စိမ်းပြားသည်လည်း တစ်စုံတစ်ခုကို မှတ်တမ်းတင်ထားသော တန်ဖိုးကြီးပစ္စည်းတစ်ခု ဖြစ်သည်။ ကျောက်စိမ်းပြားပေါ်မှာ မရေမတွက်နိုင်သော မိစ္ဆာမျိုးနွယ်စုသင်္ကေတများ ရှိ၏။ ယင်းက အလွန်အံ့ဖွယ်ကောင်းသည်။
ယခုအချိန်မှာ သီရှီထျန်သည် မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အနောက်ဘက်မှာ သူတွေ့ကြုံခဲ့သော အုတ်ဂူကျောက်တိုင်အကြောင်း ပြန်အမှတ်ရသွားသည်။ ထိုအုတ်ဂူကျောက်တိုင်က အလွန်ကြောက်စရာကောင်းသည်။ ယင်းက သူ့အသက်ကို နုတ်ယူသွားနိုင်လုနီးပါးပင်။ ယခု သူက မိစ္ဆာဘုရင်တစ်ပါးဖြစ်လာသော်လည်း အုတ်ဂူကျောက်တိုင်ထံမှ ထုတ်လွှတ်နေသော အအေးဓာတ်ချီကို ရင်ဆိုင်ရန် ယုံကြည်ချက်မရှိသေးပေ။ အကယ်၍ သူက မဆင်မခြင် ဝင်ရောက်သွားမည်ဆိုလျှင် အုတ်ဂူအရှေ့မှာ သူအသက်ဆုံးရှုံးသွားနိုင်သည်။
ထိုအဖြစ်အပျက်ကို မည်သည့်အခါမှ သူမေ့သွားမည် မဟုတ်ချေ။ ထို့ပြင် သူက ထိုအချိန်မှစ၍ အုတ်ဂူများအပေါ် ပိုပြီးအလေးအနက်ထားလာသည်။
“ ဘယ်တစ်ခုကို ငါရွေးချယ်သင့်လဲ ”
သူ၏ မျက်လုံးထဲမှာ မှိတ်တုတ်မှိတ်တုတ်အလင်း ထွက်ပေါ်လာသည်။ မကြာမီ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ရတနာကို ဖမ်းဆုပ်ရန် လက်ဆန့်ထုတ်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ ပေါ့ပါးသော ခြေလှမ်းသံများက သူ့ဘေးမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
မမျှော်လင့်ထားသော အဖြစ်အပျက်က သူ၏ လက်ကို ရပ်တန့်သွားစေသည်။ သူက ဘေးသို့ ခေါင်းလှည့်လိုက်ပြီး မဖိတ်ခေါ်ထားဘဲ ရောက်လာသူကို ကြည့်လိုက်သည်။ တစ်ဖက်လူကို ရှင်းရှင်းလင်းလင်း သူမြင်သွားသောအခါ အံ့ဩမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
တစ်ဖက်လူသည် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် ကွန်ဖြူးရှပ်ကျောင်းတော်သား ဖြစ်သည်။ ထိုလူက သူ့ဆီသို့ အေးဆေးတည်ငြိမ်စွာ လျှောက်လာနေသည်။ သူက ခပ်ရေးရေး ပြုံးထားသည်။
“ မင်းက သီရှီထျန်ပဲ… မင်းက ကုချင်းချိုင့်ဝှမ်းထဲမှာ တစ်နှစ်ခွဲကြာအောင် ပညာသင်ကြားသွားခဲ့တယ်… မင်းက ဝူတိုင်းပြည်ထဲမှာ တိုတမ်တစ်ခုကိုတောင် ဖန်တီးခဲ့တယ်… ငါပြောတာ မှန်တယ်မဟုတ်လား ”
ကွန်ဖြူးရှပ်ကျောင်းတော်သားက သေမျိုးလောကထဲမှာ သီရှီထျန် လုပ်ဆောင်ခဲ့သော ကိစ္စအားလုံးကို ပြောသည်။ ထိုကိစ္စနှစ်ခုသည် သေမျိုးလောကထဲမှာ သီရှီထျန် လုပ်ဆောင်ခဲ့သော အရေးကြီးဆုံးအရာများ ဖြစ်သည်။
“ ခင်ဗျားက ချင်မိသားစုကလား ”
သီရှီထျန်က မထူးမခြားနား အမူအရာဖြင့် ရှိနေသည်။ သူက လုံးဝ မအံ့ဩပေ။ အမှန်မှာ လီလီကျွန်းစုပေါ်တွင် ပထမအကြိမ် သူတို့တွေ့ဆုံခဲ့စဉ်မှာ ကွန်ဖြူးရှပ်ကျောင်းတော်သားက သူ့အား ထူးထူးဆန်းဆန်း မေးခွန်းများကို မေးသည်။ ထို့ကြောင့် ကွန်ဖြူးရှပ်ကျောင်းတော်သားက ချင်မိသားစုမှဖြစ်ကြောင်း သူနားလည်သွားသည်။ ထို့ပြင် သူ၏ ကိုယ်ဟန်အမူအရာနှင့် လှုပ်ရှားမှုများက တခြားလူများနှင့် ကွဲပြားသည်။
သူ့မှာ ကိုယ်ပိုင်ဟန်နှင့် ချောမောခန့်ညားမှုရှိသည်။ သူ၏ လှုပ်ရှားမှုတိုင်းမှာ သိမ်မွေ့နူးညံ့မှု ပါဝင်နေ၏။ သူထုတ်လွှတ်နေသော အရှိန်အဝါက ချင်မိသားစုဝင်များ ထုတ်လွှတ်သော အရှိန်အဝါနှင့် တူညီသည်။
ဝူတိုင်းပြည်ကိုတော့ တစ်ခါမှ သူမမေ့သွားပေ။ ဝူတိုင်းပြည်ထဲမှာ သူမရှိနေတော့သော်လည်း တိုင်းပြည်ထဲ၌ တိုတမ်တစ်ခု သူဆောက်လုပ်ပြီးနောက် မရေမတွက်နိုင်သော ပြည်သူပြည်သားများထံမှ ယုံကြည်မှုစွမ်းအားကို ရရှိသွားသည်။ သူက နေ့စဉ်နေ့တိုင်း ပမာဏများပြားသော ယုံကြည်မှုစွမ်းအားကို ရရှိသွားသည်။ ထိုယုံကြည်မှုစွမ်းအားသည် ဝူတိုင်းပြည်၏ အလယ်မှာတည်ရှိသော တိုတမ်ထဲမှာ စုဝေးသွားသည်။ ယုံကြည်မှုစွမ်းအား ကိန်းအောင်းလာသည့်အခါ တိုတမ်က ထူးခြားဆန်းကြယ်လာသည်။ တိုတမ်က အမှန်တကယ် တန်ခိုးရှိလာသည်။
နေ့စဉ်နေ့တိုင်း တိုတမ်က ပိုပြီးလျှို့ဝှက်ဆန်းကြယ်လာသည်။ ထို့ပြင် တိုတမ်၏ အလင်းရောင်ဖြန့်ကြက်မှုဧရိယာက တစ်နေ့တစ်ခြား ပိုပိုတိုးပွားလာသည်။ တိုတမ်က အမှန်တကယ် အသက်ရှိလာဟန်ရပြီး လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါနှင့် အထွတ်အမြတ်ဩဇာအာဏာ အရှိန်အဝါကို အလိုအလျောက် ထုတ်လွှတ်နေသည်။
ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းမှာ တိုတမ်ကို ယုံကြည်မှုစွမ်းအားက သန့်စင်ပေးနေသောကြောင့် ဖြစ်သည်။ သုံးနှစ်ကြာပြီးနောက် တိုတမ်က အပြည့်အဝ သန့်စင်ခံလိုက်ရပြီး ယုံကြည်မှုစွမ်းအား အမြောက်အမြားကို စုဆောင်းမိသွားသည်။ ထို့ပြင် တိုတမ်နှင့် သူ့ကြားမှာ လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခု ရှိလာသည်။
သူတို့ကြားမှာ မိုင်ပေါင်းထောင်ချီ ကွာဝေးနေသည့်တိုင် ထိုဆက်သွယ်မှုက အလွန်ထင်ရှားသည်။ အကယ်၍ သူသာ ဆန္ဒရှိမည်ဆိုလျှင် သူ၏ မိစ္ဆာအာရုံကို တိုတမ်ထဲသို့ စေလွှတ်နိုင်သည်။
သို့သော်လည်း ကံမကောင်းစွာပင် သူ၏ လက်ရှိစွမ်းအားက ကျောက်စိမ်းပြားထဲမှ နောက်ထပ် အဆင့်များကို ကြည့်ရန် မလုံလောက်သေးပေ။ ယုံကြည်မှုစွမ်းအားနှင့်ပတ်သက်သော အရာများက အမြဲတမ်း ဝေဝါးနေသည်။ ဤသည်မှာ မြူခိုးအလွှာတစ်ခုက သူ့အမြင်ကို ပိတ်ဆို့ထားသည့်အလားပင်။ သို့ဖြစ်၍ သူက နောက်ထပ် မည်သို့ဆက်လုပ်ရမည်ဖြစ်ကြောင်း မသိပေ။ သူ၏ မိစ္ဆာအာရုံက တိုတမ်ထဲသို့ ဝင်ရောက်သွားလျှင်ပင် မည်သည့်စွမ်းအားကိုမှ အသုံးပြုနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း တိုတမ်က ဝူတိုင်းပြည်တစ်ခုလုံးကို အမှန်တကယ် အကာအကွယ်ပေးနိုင်သည်။
သူသေချာမှတ်မိနေသည်မှာ သေမျိုးလောကမှ သူပြန်ရောက်လာပြီး နှစ်ဝက်အကြာတွင် ဝူတိုင်းပြည်ထဲမှ လူသားထောင်သောင်းချီက တိုတမ်အရှေ့မှာ ဒူးထောက်၍ လေးနက်စွာ ဆုတောင်းခဲ့ကြသည်။ သူတို့က တိုတမ်၏ အကာအကွယ်ပေးမှုကို တောင်းခံကြသည်။
ထိုအချိန်တွင် တိုတမ်နှင့် သူ့ကြားမှ ဆက်သွယ်မှုကြောင့် သီရှီထျန်က သူ၏ မိစ္ဆာအာရုံကို တိုတမ်ဆီသို့ ပို့လွှတ်လိုက်သည်။ လူသားထောင်သောင်းချီက တစ်စုတစ်စည်းတည်း ဆုတောင်းမှုက သူ၏ နှလုံးသားထဲမှာ စူးစမ်းလိုစိတ် ဖြစ်ပေါ်စေသည်။ တိုတမ်ထဲသို့ သူ၏ မိစ္ဆာအာရုံကို စေလွှတ်လိုက်သည့်အခါ အကြောင်းအရင်းကို သူနားလည်သွားသည်။
ထိုအချိန်တွင် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် မသေမျိုးကျင့်ကြံသူတချို့က ဝူတိုင်းပြည်၏ ကောင်းကင်ယံမှာ အပြင်းအထန် တိုက်ခိုက်နေကြသည်။ မန္တန်အမျိုးမျိုးက တိုက်ပွဲအတွင်းမှာ ထွက်ပေါ်လာသည်။ တိုက်ပွဲက အလွန်ပြင်းထန်သည်။ ရံဖန်ရံခါ အားကောင်းသော မန္တန်များက နန်းမြို့တော်အပေါ်သို့ ကျဆင်းလာလေ့ရှိသည်။
နန်းမြို့တော်ထဲမှာ နေထိုင်ကြသော လူအများစုက သေမျိုးများဖြစ်ကြသည်။ အကယ်၍ ထိုမန္တန်များသာ သူတို့အပေါ်သို့ ပြုတ်ကျလာမည်ဆိုလျှင် သူတို့က လေထဲမှာ ချက်ချင်း အငွေ့ပျံသွားလိမ့်မည်။ ထို့ကြောင့် ဝူတိုင်းသူပြည်သားများသည် သူတို့၏ အခက်အခဲကို တိုတမ်ထံ ပြော၍ ဆုတောင်းကြသည်။
သေခြင်းရှင်ခြင်းကဲ့သို့ အရေးကြီးအချိန်မှာ သူတို့က တိုတမ်ကို ယုံကြည်အားကိုးလိုက်ကြသည်။ ထိုအချိန်မှာ သီရှီထျန်က တိုတမ်၏ စွမ်းအားကို ပထမဆုံးအကြိမ် အသုံးပြုလိုက်သည်။ တိုတမ်က နန်းမြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားမည့် နတ်ဘုရားအလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ နတ်ဘုရားအလင်းတန်းများ၏ ကာကွယ်ပေးမှုကြောင့် တိုက်ခိုက်မှုအားလုံးက လွင့်ပြယ်သွားသည်။ သူတို့က နတ်ဘုရားအလင်း၏ ကာကွယ်ပေးမှုကို မချိုးဖြတ်နိုင်ကြချေ။ ထိုမျှသာ မဟုတ်ပေ။ ကောင်းကင်ယံမှာ တိုက်ခိုက်နေကြသော မသေမျိုးကျင့်ကြံသူများသည်လည်း အဝေးသို့ မောင်းထုတ်ခံလိုက်ကြရသည်။
ထိုအခိုက်အတန့်မှာ သီရှီထျန်သည် တိုတမ်ထဲမှ ယုံကြည်မှုစွမ်းအားက မည်မျှအံ့ဖွယ်ကောင်းကြောင်း ပထမဆုံးအကြိမ် သူနားလည်သဘောပေါက်သွားသည်။ ထိုအဖြစ်အပျက်ပြီးနောက် ဝူတိုင်းပြည်ထဲမှ မည်သူမှ တိုတမ်ကို သံသယမရှိကြတော့ချေ။ ဝူတိုင်းသူပြည်သားအားလုံးက တိုတမ်ကို နှစ်နှစ်ကာကာ ယုံကြည်ကိုးကွယ်သွားကြသည်။ ယုံကြည်ကိုးကွယ်သူများ ပိုမိုများပြားလာသည့်အခါ ယုံကြည်မှုစွမ်းအားသည်လည်း အဆမတန် တိုးပွားလာသည်။
“ ဟဲ ဟဲ ဟဲ… ငါက ဘယ်သူလဲ မင်းမသိချင်စမ်းပါနဲ့… ငါပြောပြရင်တောင် မင်းသိမှာမှမဟုတ်တာ… ဒါပေမဲ့ ဒီတစ်ကြိမ် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေဆီ ငါဝင်လာတာ အကြောင်းအရင်းနှစ်ခု ရှိတယ်… ပထမတစ်ခုက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက ဘယ်လောက် အံ့ဩဖို့ကောင်းလဲဆိုတာ ငါမြင်ချင်လို့ပဲ… ဒုတိယတစ်ခုကတော့ ငါ့တူမလေးကို အဖော်ပြုပေးဖို့ပဲ… ကိစ္စတစ်ခုကို မင်းမသိလောက်သေးဘူး… အဲ့ဒီငတုံးမလေးက မင်းကို ပြောပြမှာ မဟုတ်ဘူး… တကယ်တော့ သူက ဒီကိုလာဖို့အတွက် နှစ်တစ်ရာတံခါးပိတ်ကျင့်ကြံပါ့မယ်ဆိုတဲ့ ကတိကို ပေးခဲ့ရတယ်… မင်း သူ့ကို စိတ်ပျက်အောင် မလုပ်မိဖို့ ငါမျှော်လင့်တယ်… မဟုတ်ရင်တော့… ”
သက်လတ်ပိုင်းအရွယ် ကွန်ဖြူးရှပ်ကျောင်းတော်သားက စကားကို ဆက်မပြောပေ။ သို့သော်လည်း သူဆိုလိုချင်သော အဓိပ္ပာယ်က အလွန်ရှင်းလင်းသည်။ နောက်ဆုံးစကားကို သူပြောသည့်အခါ သူ၏ လေသံက ပုံမှန်မဟုတ်ဘဲ အေးစက်နေသည်။
ထိုခြိမ်းခြောက်မှုက သီရှီထျန်ကို မျက်ခုံးပင့်တင်သွားစေသည်။
သူ၏ မျက်လုံးက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ ကွန်ဖြူးရှပ်ကျောင်းတော်သား၏ စကားများက သူ့နှလုံးသားကို အမှန်တကယ် လှုပ်ခတ်သွားစေသည်။
အကယ်၍ တစ်ဖက်လူသာ ထိုအကြောင်းကို မပြောခဲ့လျှင် ကိုတိုမီက သူ့ကို လာတွေ့ရန်သက်သက်ဖြင့် နှစ်ပေါင်းတစ်ရာတံခါးပိတ်ကျင့်ကြံမည်ဟု ကတိပေးခဲ့ကြောင်း မည်သည့်အခါမှ သူသိလိမ့်မည် မဟုတ်ချေ။
‘ မင်းက ငါ့ကို လာတွေ့ဖို့သက်သက်နဲ့ နှစ်ပေါင်းတစ်ရာတံခါးပိတ်ကျင့်ကြံမယ်လို့ ကတိပေးခဲ့တယ်လား… ငတုံးမလေး… ဘယ်လောက်တောင် တုံးလိုက်လဲ… မိန်းကလေးတစ်ယောက်ကို ငါနာကျင်စေခဲ့မိပြီ… နောက်ထပ်တစ်ယောက်ကို ငါမထိခိုက်စေချင်တော့ဘူး… ပိုက်ဆံအကြွေးက ဆပ်ရလွယ်ပေမဲ့ အချစ်အကြွေးကိုတော့ ငါဘယ်လိုဆပ်ရပါ့မလဲ ’