မိုးကြိုးကို အသုံးချ၍ စိတ်ဝိညာဉ်ကို ဖယ်ရှားခြင်
Vol. 141 Ch. 1944
လပေါင်းများစွာ ကြာပြီးနောက် အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ အလယ်ဗဟိုနေရာ။ သည်နေရာ၌ ကြီးမားသော အစိမ်းရောင်ရွှံ့နွံအိုင်ကြီးများ ရှိနေပြီး ပျက်စီးယိုယွင်းမှု အငွေ့အသက်ကို ပေးစွမ်းနေသည်။ ထိုနေရာကို အစိမ်းရောင်မြူများက ဖုံးလွှမ်းထားချေသည်။
သည်ရွှံ့နွံအိုင်ကြီးက ကီလိုမီတာထောင်သောင်းချီကို ဖုံးလွှမ်းထားကာ ဤနေရာ၌ မိုးထိမြင့်မားသော အဆောက်အဦတစ်ခုသာ ရှိလေသည်။ ထိုအဆောက်အဦမှာ ဧရာမကင်းမြှီးကောက်တစ်ကောင်၏ ပုံစံ ရှိသည်။
ထိုကင်းမြှီးကောက်က ပေသောင်းချီကြီးမားပြီး ၎င်းက ရွှံ့နွ့အိုင်ပေါ်တွင် လဲလျောင်းတည်ရှိကာ အလွန်အသက်ဝင်လှသည်။ ၎င်းထံမှ ပြင်းထန်အားကောင်းသော မိစ္ဆာစွမ်းအင်ကို ထုတ်လွှတ်ပေးနေသဖြင့် ကျင့်ကြံသူများသည် အနားသို့ ကပ်လာနိုင်ကြလိမ့်မည် မဟုတ်ပေ။ ထိုမိစ္ဆာစွမ်းအင်က သူတို့၏ခန္ဓာကိုယ်များထဲ ဝင်ရောက်သွားခဲ့ပါ သူတို့အား ရူးသွားစေနိုင်သည်။
ကလန်ခေါင်းဆောင်မှ လွဲ၍ မိစ္ဆာတာအိုကလန်မှ ကျင့်ကြံသူအားလုံးသည် ကလန်သို့ ပြန်ရောက်လာခဲ့ကြပေပြီ။ ကလန်ခေါင်းဆောင်တစ်ယောက်သာ ဝမ်လင်းနှင့်အတူ အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်ဘုံကျောင်းအပြင်သို့ ရောက်လာခဲ့သည်။
သူ၏ကျင့်ကြံမှုအဆင့်ဖြင့် ဒီနေရာမှ မိစ္ဆာစွမ်းအင်တို့က သူ့အပေါ် သက်ရောက်မှု မရှိပေ။
အခုအခါ၌ ကလန်ခေါင်းဆောင်က ကြီးမားသောကင်းမြှီးကောက်အဆောက်အဦဘေးတွင် ပေါ်လာခဲ့သည်။ သူ ပေါ်လာသည့်နောက်တွင် ထိုကင်းမြှီးကောက်အဆောက်အဦအောက်မှ အားနည်းသော ချောင်းဟန့်သံတစ်သံ ထွက်ပေါ်လာသည်။
ထိုချောင်းဆိုးသံက အားပျော့လှသော်လည်း တိတ်ဆိတ်နေသာ ဒီပတ်ဝန်းကျင်၌ ရှင်းလင်းစွာ ကြားရသည်။
ထိုချောင်းဟန့်သံ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခြင်းနှင့်အတူ ပုံရိပ်သုံးခုက ကင်းမြှီးကောက်၏ပါးစပ်ထံမှ တဖြည်းဖြည်း လှမ်းလျှောက်ထွက်လာ၏။
ထိုပုံရိပ်သုံးခုကြား၌ နောက်ဘက်မှ နှစ်ယောက်သည် အစိမ်းရောင်တာအိုဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ သူတို့၏ဝတ်ရုံများပေါ်၌ ကင်းမြှီးကောက်အမှတ်အသား ရှိသည်။ ထိုသူနှစ်ယောက်မှာ သက်လတ်ပိုင်းအရွယ်ရှိကာ လေဟာနယ်အတိဒုက္ခအလယ်အဆင့် အော်ရာများကို ပေးစွမ်းကုန်၏။ မည်သည့်စိတ်ခံစားချက်မျှ မရှိလေသည့်အလား သူတို့၏အမူအရာများက အေးစက်နေ၏။
သူတို့နှစ်ယောက်က အစိမ်းရောင်ဝတ်စုံဖြင့်အဘိုးအိုတစ်ယောက်ကို အစောင့်အကြပ်များကဲ့သို့ ဝန်းရံပေးထားသည်။ ထိုအဘိုးအိုက အတော့်ကို အိုမင်းကာ သူ လှမ်းလျှောက်လာသည်နှင့် ချောင်းသံ ထွက်ပေါ်လာသည်။
ထိုချောင်းဆိုးနေသော အဘိုးအိုက ရှတတအသံဖြင့် မေးလာ၏။ “မင်း အဲ့လူကို ခေါ်လာနိုင်ခဲ့လား…”
တာအိုမိစ္ဆာကလန်ခေါင်းဆောင်က ထိုအဘိုးအိုအပေါ် အလွန်ယဉ်ကျေးစွာ ဆက်ဆံသည်။ သူက လက်နှစ်ဖက်ဆုပ်ကာ ခေါင်းညိတ်လိုက်သည်။
“ငါ သူ့ကို ဒီနေရာဆီ ခေါ်လာခဲ့ပါတယ်။ ကျီစီတချက် ကြည့်လိုက်ပါ…”
သူ ထိုသို့ ပြောလိုက်ပြီးနောက် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ အဖြူအနက်ဖုံးလွှမ်းထားသော ပုံရိပ်တစ်ခု ပေါ်လာ၏။ ၎င်းက နေရာတွင် မလှုပ်မယှက် ထိုင်ကာ မျက်လုံးမှိတ်ထားသော ဝမ်လင်း၏ပုံရိပ်ပင်။
“သိပ်ကောင်းတယ်။ သူဟာ အစိမ်းရောင်မိစ္ဆာကုန်းမြေအတွက် ကံကောင်းမှုကို ဖြစ်စေပြီး အရှင်အစိမ်းရောင်မိစ္ဆာကို ကျေနပ်စေလိမ့်မယ်…”
ထိုအဘိုးအိုက မော့ကြည့်၏။ သူ၏မျက်နှာကို မမြင်ရသော်လည်း အစိမ်းရောင်ဝတ်ရုံအတွင်းရှိ သူ၏နတ်ဆိုးဆန်သော မျက်လုံးတို့ဖြင့် ဝမ်လင်းကို ကျေနပ်စွာ ကြည့်ရှုသည်။
မိစ္ဆာတာအိုကလန်ခေါင်းဆောင်က ဖြည်းဖြည်းချင်း ပြောလာ၏။ “သူ့ကို ဖမ်းလာနိုင်ဖို့အတွက် ကျုပ်ရဲ့ မိစ္ဆာတာအိုကလန်က တန်ဖိုးကြီးကြီးမားမား ပေးခဲ့ရတယ်…”
“အရှင်အစိမ်းရောင်မိစ္ဆာ ပြန်အသက်ရှင်လာနိုင်တာနဲ့ မင်းကို ကတိပေးထားတဲ့ ဆုလဒ်ကို ရလိမ့်မယ်။ ဒါပေမဲ့ ဒီလူ့ကို ဖိနှိပ်ဖို့ ငါ့အနေနဲ့ မင်းရဲ့ မဟာမိစ္ဆာတာအိုဥပဒေသ လိုအပ်လိမ့်မယ်…။ ဘာလုပ်ရမယ်ဆိုတာ မင်း သိပါတယ်။ သူ့ရဲ့ မူလစိတ်ဝိညာဉ်၊ သူ့စိတ်၊သူ့မှတ်ဉာဏ်တွေကို ဖျက်စီးဖျောက်ဖျက်ပစ်ရမယ်…”
ထိုအဘိုးအို၏အသံက ရှတတ ဖြစ်နေပြီး သူက ဝမ်လင်းကို စိတ်လှုပ်တရှား ကြည့်သည်။
“ဒီလူဟာ အတော်လေး သန်မာလှတယ်။ သူ့စိတ်နဲ့မှတ်ဉာဏ်တွေကို ဖျက်စီးပစ်ဖို့ လွယ်လိမ့်မှာ မဟုတ်ဘူး…” မိစ္ဆာတာအိုကလန်ခေါင်းဆောင်က ပြုံးလိုက်၏။ သူက ချက်ခြင်း မစတင်သေးပေ။
“အဟွတ်…အနာဂတ်မှာ အစိမ်းရောင်မိစ္ဆာကုန်းမြေမှာ မိစ္ဆာတာအိုကလန်တစ်ခုပဲ ရှိလိမ့်မယ်…” စကားပြောလိုက်ပြီးနောက် အစိမ်းရောင်ဝတ်ရုံအတွင်းရှိ အဘိုးအိုက အချိန်အတန်ကြာ ချောင်းဆက်ဆိုးနေသည်။
“ကောင်းပါပြီ။ ကျီစီက စကားခံထားခဲ့ပြီပဲ။ ကျုပ်ခွန်အားပြည့်နဲ့ မိစ္ဆာတာအိုအသွင်ပြောင်းခြင်း မျိုးစေ့ကို စိုက်ပျိုးဖို့ မဟာမိစ္ဆာတာအိုကို အသုံးပြုပါ့မယ်။ သူ့ကိုယ်ပိုင်စိတ်ကို ဖျက်စီးပစ်လိုက်မယ်…” မိစ္ဆာတာအိုကလန်ခေါင်းဆောင်က ရယ်မောကာ ဆက်လက် တုံ့ဆိုင်းမနေတော့ပေ။ သူ့ညာလက်က အလင်းကို ထွင်းဖောက်ကာ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြား လက်ညွှန်၏။ သူက ဝမ်လင်းကို ခြုံလွှမ်းထားသော အဖြူအနက်အလင်းကို ဖမ်းဆုပ်ကာ ကြီးမားသောကင်းမြှီးကောက်အဆောင်အဦအတွင်းသို့ ပစ်သွင်းလိုက်သည်။
ဝမ်လင်းသည် ထိုကင်းမြှီးကောက်အဆောက်အဦထဲ တဝီဝီမြည်ကာ ပစ်သွင်းခံလိုက်ရသည်။ သူ ကျရောက်သွားချိန်၌ ကင်းမြှီးကောက်၏အနောက်ဘက်တွင် ဝဲကတော့ကြီးတစ်ခုပေါ်လာကာ သူ့အား စုပ်ယူသွားသည်။
“သူ့ခန္ဓာကိုယ်ထဲမှာ အနှစ်သာရရှစ်ခုတောင် ရှိတယ်။ တစ်ခုကတော့ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ပါ ဖွဲ့စည်းထားပြီးနေပြီ။ ဒီရှစ်ခုထဲမှာ ငါနဲ့တူတဲ့ တစ်ခုက မိုးကြိုးအနှစ်သာရပဲ…”
“ဒီမိုးကြိုးအနှစ်သာရကို ချိတ်ဆက်မှုတစ်ခုအဖြစ် အသုံးပြုပြီး သူ့စိတ်နဲ့မှတ်ဉာဏ်ကို ဖျက်စီးပစ်လိုက်မယ်…”
မိစ္ဆာတာအိုကလန်ခေါင်းဆောင်က ထိုင်ချလိုက်၏။ သူက မျက်လုံးမှိတ်ကာ မလှုပ်မယှက် ရှိသည်။
ကင်းမြှီးကောက်ပါးစပ်ဝရှိ အစိမ်းရောင်ဝတ်ရုံအဘိုးအိုက လှည့်၍ အတွင်းသို့ လျှောက်လာ၏။ ချေင်းဆိုးသံက တဖြည်းဖြည်း လွင့်ပါးသွားကာ အစိမ်းရောင်မိစ္ဆာတမန်တော်နှစ်ယောက်က စကားတခွန်းမှ မဆိုဘဲ သည်ကင်းမြှီးကောက်အတွင်း ပျောက်ကွယ်သွားကြသည်။
သည်ကင်းမြှီးကောက်အဆောက်အဦအတွင်းနက်ပိုင်း၌ အစိမ်းရောင်အလင်းများ ပြည့်နှက်နေသော လေဟာနယ်တစ်ခု ရှိသည်။ ထိုအလင်းတစ်ခုစိသည် အစိမ်းရောင်ကင်းမြှီးကောက် စိတ်ဝိညာဉ်များ ဖြစ်ကြ၏။ ယင်းတို့က သည်လေဟာနယ်ဟင်းလင်းပြင်တွင် စုဝေးကာ အဆက်မပြတ် မြည်ဟည်းနေသည်။
ဝမ်လင်းက ဒီဟင်းလင်းပြင်အတွင်း၌ မလှုပ်မယှက် ထိုင်နေသည်။ သူ့ကို မရေမတွက်နိုင်သော အစိမ်းရောင်ကင်းမြှီးကောက်များက ခြုံလွှမ်းစုဝေးထား၏။
သူ၏ခန္ဓာကိုယ်က မလှုပ်ရှားပေ။ သို့သော် သူ့ညာမျက်လုံးထဲတွင်မူ မိုးကြိုးလင်းလက်မှု ရှိ၏။ ထိုအနှစ်သာရတစ်ခုကသာ သူ၏ခန္ဓာကိုယ် တလျှောက် အရူးအမူး ရွှေ့လျားနေသည်။ ၎င်းမှာ မိုးကြိုးအနှစ်သာရပင်။
ထိုမိုးကြိုးအနှစ်သာရ ရွှေ့လျားနေစဉ် သူ၏ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်နေ၏။ မိုးကြိုးစက်ဝန်းရောင်ဝါများက သူ၏ခန္ဓာကိုယ်ထံမှ ပျံ့လွင့်နေသည်။
အခုအခါ၌ ဝမ်လင်းက မေ့မြောနေသည်။ သူ၏စိတ်နှင့်စိတ်ဝိညာဉ်မှာ မည်သည့်လှုပ်ရှားမှုမျှ မရှိဘဲ ငြိမ်သက်နေ၏။ သို့သော်လည်း အပြင်လူများဖြစ်သော ကျီစီ သို့မဟုတ် မိစ္ဆာတာအိုကလန်ခေါင်းဆောင်တို့သည် ဝမ်လင်း၏စိတ်ဝိညာဉ်အတွင်း၌ ပုတီးစေ့တစ်ခု ဖြည်းဖြည်းချင်း လှည့်ပတ်နေသည်ကို မမြင်နိုင်ကြပေ။
၎င်း တကြိမ်လှည့်ပတ်လိုက်တိုင်း ဝမ်လင်း၏ စိတ်ဝိညာဉ်၊ စိတ်နှင့် မှတ်ဉာဏ်များသည် အနည်းငယ် တုန်ယင်ကာ ခပ်ဖျော့ဖျော့အလင်းလွှာတစ်ခု၏ ကာကွယ်ပေးခြင်းကို ခံရသည်။
ထိုအခါ၌ သူက သူ့ခန္ဓာကိုယ်ကနေ ခွဲထွက်နေသည့်အလား။ သူ၏ ဒီထူးခြားသော အခြေအနေတွင် သူ့မိုးကြိုးအနှစ်သာရက ပိုအစွမ်းထက်လာကာ တခြားအနှစ်သာရများထက် သာလွန်လာ၏။ ၎င်းက အနှစ်သာရအစစ်အမှန်ခန္ဓာ ဖွဲ့စည်းပြီးသော မီးအနှစ်သာရနှင့် မယှဉ်သာသေးသော်လည်း ထိုစွမ်းအားသို့ တဖြည်းဖြည်း နီးကပ်လာနေ၏။
ဝမ်လင်း၏ခန္ဓာကိုယ်နှင့် ကလန်ခေါင်းဆောင်၏ ခန္ဓာကိုယ်တို့ကြားတွင် မမြင်ရသောလမ်းကြောင်းတစ်ခု ဖန်တီးထားသည့်အလား။
အချိန် တဖြည်းဖြည်း ကုန်လာခဲ့သည်။ ဖြတ်ခနဲအတွင်း လပေါင်းများစွာ ကုန်လွန်လာ၏။
သည်လများအတွင်း ဝမ်လင်း၏မိုးကြိုးအနှစ်သာရက ပို၍ သန်မာလာခဲ့သည်။ သူက ကလန်ခေါင်းဆောင်၏ ကိုယ်ပိုင်စိတ်ဆန္ဒပါဝင်သော မိုးကြိုးအနှစ်သာရကို အဆက်မပြတ် စုပ်ယူနေ၏။
သည်လအနည်းငယ်အတွင်း အပြင်ဘက်တွင် ထိုင်နေသော မိစ္ဆာတာအိုကလန်ခေါင်းဆောင်က မျက်မှောင်ကြုတ်လာ၏။ သူက ဝမ်လင်း၏မိုးကြိုးအနှစ်သာရက သူ့မိုးကြိုးအနှစ်သာရ များစွာကို စုပ်ယူပြီး ခုထိ ၎င်း၏ကိုယ်ပိုင်စိတ်န္ဒ မဟုတ်သေးဘဲ ရှိနေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
သူ၏ မူလအစီအစဉ်မျာ တလလောက်ဖြင့် သူ့မိုးကြိုးအနှစ်သာရက ဝမ်လင်း၏မိုးကြိုးအနှစ်သာရကို လုံးဝ အစားထိုးပစ်မည် ဟူ၍ပင်။ သူ့မိုးကြိုးအနှစ်သာရ၌ သူ့စိတ်ဆန္ဒ ပါဝင်သည့်အတွက်ကြောင့် သူက ထိုနည်းလမ်းကို သုံးကာ ကျီစီ၏တောင်းဆိုမှုအတိုင်း ဝမ်လင်း၏ နတ်ဘုရားအာရုံနှင့် မှတ်ဉာဏ်များကို ပြီးပြည့်စုံစွာ ဖယ်ရှားပစ်နိုင်လေမည်။
ကျီစီ၏ တောင်းဆိုမှုကြောင့်သာ မဟုတ်ပါက သူက ဝမ်လင်း၏စိတ်ကို ဖယ်ရှားပစ်ဖို့ တခြားနည်းလမ်းပေါင်းသောင်းချီထဲမှ တစ်ခုကို အသုံးပြုခဲ့မည် ဖြစ်၏။ သို့သော် ထိုနည်းလမ်းများက အလွန်အကြမ်းဆန်ကာ အထိအခိုက် ကျန်ရှိနိုင်သည်။ အသေးငယ်ဆုံး အထိအခိုက်တစ်ခုကပင် အနာဂတ် အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက် ပြန်အသက်ရှင်ခြင်းအပေါ် သက်ရောက်မှု ရှိသွားနိုင်သည်။
လေးလမြောက်၏ တရက်၌ မိစ္ဆာတာအိုသခင်က ဆက်လက်တောင့်ခံမထားနိုင်တော့ဘဲ ပြောလာ၏။ “ကျီစီ…ငါ သင့်အကူအညီလိုတယ်။ မဟုတ်ရင် သင် တောင်းဆိုတာကို လုပ်ဆောင်ပေးဖို့ အလွန်ခက်သွားလိမ့်မယ်…”
သူသည် အကူအညီမဲ့သလို ခံစားမိရ၏။ သူ၏မိုးကြိုးအနှစ်သာရ အားလုံးနီးပါးက ဝမ်လင်း၏ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သွားသော်လည်း ၎င်းက ဝမ်လင်း၏အနှစ်သာရကို ၎င်း၏ကိုယ်ပိုင်စိတ်ဆန္ဒဖြစ်ပေါ်ဖို့ အစားမထိုးနိုင်သေးချေ။
ထိုသည်က ထူးဆန်းလှ၏။ ဝမ်လင်း၏ခန္ဓာကိုယ်တွင်း၌ သူ့စိတ်ဆန္ဒကို စုပ်ယူနေသော ဝဲကတော့တစ်ခု ရှိနေသည့်အလား။ အမှန်ကလည်း သူ ထင်နေသလိုပင်။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ လှည့်ပတ်တိုင်း ဝမ်လင်းကို ကာကွယ်ပေးထားခြင်းအပြင် ၎င်းက ဝမ်လင်း၏ခန္ဓာကိုယ်တွင်း ဝင်လာသော မိုးကြိုးတို့ကို စုပ်ယူပစ်လေ၏။
“ငါ ဒီမှာ ရှိတယ်…။ အဟွတ်…” ကင်းမြှီးကောက်ထံမှ ခပ်ရှရှ ရှေးဟောင်းအသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံ ပြော၍ မဆုံးခင်မှာပင် ချောင်းဆိုးသံက အချိန်အတန်ကြာ ထွက်ပေါ်နေ၏။ ထို့နောက်မှ သည်အသံ ထပ်မံ ထွက်ပေါ်လာသည်။
“ငါ့မှာ မိုးကြိုးအင်ပါယာကုန်းမြေက ရခဲ့တဲ့ မိုးကြိုးအင်ပါယာပုတီးစေ့နှစ်စေ့ ရှိတယ်။ အစတုန်းကတော့ အရှင်နိုးထလာမှာ ငါ ဒီပုတီးစေ့တွေကို ပေးမလို့။ အခုတော့ ငါ မင်းကို တစ်ခု ပေးလိုက်မယ်…”
ထိုအသံ ထွက်ပေါ်လာပြီး မီးခိုးရောင်လျှပ်စီး လင်းလက်သွား၏။ ကင်းမြှီးကောက်က တောက်ပလင်းထင်းကာ အလင်းတန်းတစ်ခုသည် မိစ္ဆာတာအိုကလန်ခေါင်းဆောင်ထံ ပျံသန်းလာလေ၏။
၎င်းက ချက်ခြင်း နီးကပ်လာကာ လက်သီးဆုပ်ခန့်ပုတီးစေ့အဖြစ်သို့ ပြောင်းသည်။ ထိုပုတီးစေ့က မရေမတွက်နိုင်သော မိုးကြိုးတန်းများနှင့် ပြည့်နေပြီး အတွင်း၌ စစ်ရထားအရိပ်တစ်ခု ရှိသည်။ ထိုစစ်ရထားပေါ်တွင် ဝိုးတဝါးပုံရိပ်တစ်ခု ရှိနေကာ ထိုပုံရိပ်က မိုးကြိုးတို့၏ အင်ပါယာအလား ထင်မှတ်ရသည်။
မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ ကျင့်ကြံမှုအဆင့်၊ ဗဟုသုတတို့ဖြင့် သူက စိတ်နှလုံးတချက် ခုန်ပေါက်သွားမိ၏။ သူ၏မျက်လုံးထံမှ ထူးခြားသောအလင်းတစ်ခု ထွက်ပေါ်ကာ သူက ထိုအကြံကို ခဏတာ ရုန်းကန်ပြီးမှ ပြန်လက်လျှော့ထားလိုက်၏။ ၎င်းမှာ ပြန်ရှင်သန်လာပြီးနောက် အစိမ်းရောင်ကင်းမြှီးကောက်အတွက် လက်ဆောင်ပင်။ ထို့ကြောင့် သူ့အနေဖြင့် ၎င်းပုတီးစေ့ကို မယူဆောင်ရဲပေ။ ဝမ်လင်း၏ နတ်ဘုရားအာရုံနှင့် မှတ်ဉာဏ်တို့ကို ဖယ်ရှားပစ်ရမည့် အချက်ကြောင့်သာ မဟုတ်ပါက ကျီစီသည် ၎င်းမိုးကြိုးပုတီးစေ့ကို လုံးဝ ထုတ်လာလိမ့်မည် မဟုတ်ပေ။
မိစ္ဆာတာအိုကလန်ခေါင်းဆောင်က ဆက်၍ တုံ့ဆိုင်းမနေတော့ပေ။ သူက ပါးစပ်ဟကာ ရှိုက်သွင်းလိုက်၏။ မရေမတွက်နိုင်သော မိုးကြိုးအမျှင်တန်းများက သူ၏ပါးစပ်အတွင်းသို့ ပျံသန်းဝင်ကာ သူ၏ ဝါးမြိုတာကို ခံလိုက်ရ၏။ သူ ယင်းတို့ကို သိမ်းဆည်းမထားနိုင်ခင်မှာပင် မဟာမိစ္ဆာတာအိုဥပဒေကြောင့် ထိုမိုးကြိုးအမျှင်တန်းတို့သည် ဝမ်လင်း၏ခန္ဓာကိုယ်တွင်း ရောက်ရှိသွားကြ၏။
အစိမ်းရောင်ဟင်းလင်းပြင်ရှိ ကင်းမြှီးကောက်အတွင်းပိုင်း၌ ဝမ်လင်း၏ခန္ဓာကိုယ်က အပြင်းအထန် တုန်ခါနေ၏။ သူ၏ခန္ဓာကိုယ်ထဲရှိ မိုးကြိုးအနှစ်သာရက ရုတ်တရက် များစွာ ပိုအစွမ်းထက်လာကာ မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် ဖွဲ့စည်းမည့် အရိပ်အယောင်များ ပေါ်လာတော့သည်။