အချိန်ကုန်ဆုံးမှု
Vol. 141 Ch. 1947
အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုနှင့် တမန်တော်နှစ်ယောက် ထွက်သွားသည့်အခါ၌ ဝမ်လင်း၏ခန္ဓာကိုယ်မှာ ဒီအစိမ်းရောင်ဟင်းလင်းပြင်အတွင်း မလှုပ်မယှက် ကျန်နေခဲ့သည်။ မရမတွက်နိုင်သော အစိမ်းရောင်အလင်းအစက်အပြောက်များက ဆက်တိုက် လင်းလက်နေ၏။
ထိုအလင်းအမျှင်တန်းတစ်ခုစီတွင် အစိမ်းရောင်ကင်းမြှီးကောက်အရိပ်တစ်ခု ပိုင်ဆိုင်ထားကာ သည်အစိမ်းရောင်ဟင်းလင်းပြင်တွင် ပြည့်လျှံနေသည်။
အချိန်တဖြည်းဖြည်း ကုန်ဆုံးလာ၏။ ဖြတ်ခနဲအတွင်း သုံးလတာ ကုန်လွန်သွားခဲ့သည်။ ဒီသုံးလအတွင်း ဝမ်လင်းက ထိုင်နေဆဲပင်။ သူ၏ထံမှ မည်သည့်လှုပ်ရှားမှု၊ သို့တည်းမဟုတ် မည်သည့်အသက်ဓာတ်မျှ ထွက်ပေါ်နေခြင်း မရှိပေ။ သူ၏ခန္ဓာကိုယ်ကို အစိမ်းရောင်အလင်းဖြင့် ဖုံးလွှမ်းထားသည်။ အနီးကပ်ကြည့်ပါက သူ့ခန္ဓာကိုယ်အနှံ့တွင် မရေမတွက်နိုင်သော အစိမ်းရောင်ကင်းမြှီးကောက်များ ပျံ့နှံ့နေသည်ကို တွေ့နိုင်လိမ့်မည်။
သည်သုံးလတာ အတောအတွင်း ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ အကာအကွယ်ပေးမှုကို ခံထားလျက် ဖြည်းဖြည်းချင်း စောင့်ဆိုင်းနေ၏။ သူသည် သူ ခံစားမိခဲ့သော မဟာကံကောင်းမှုအတွက် လုံလောက်အောင် စိတ်ရှည်ရပေမည်။
အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုက အလွန်သံသယများကာ သတိရှိလှ၏။ ဝမ်လင်းသည် ထိုအဘိုးအို အလွယ်တကူ ထွက်သွားမည်ဟု မယုံပေ။
ဝမ်လင်းသည် သူ့အပေါ် မည်သည့်စမ်းသပ်မှုများ ရောက်ရှိလာမည်ကို မခန့်မှန်းမိသော်လည်း သူက ကြိုပြင်ဆင်ထား၏။ သူသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ အကာအကွယ်အောက်၌ တည်ငြိမ်စွာ စောင့်ဆိုင်းနေသည်။
သူက သူ့ခန္ဓာကိုယ်တလွှား ဖုံးလွှမ်းထားသော အစိမ်းရောင်ကင်းမြှီးကောက်များကို ခွင့်ပြုထား၏။ အချို့ဆို သူ၏ ပါးစပ်နှင့်နှာခေါင်းများထဲထိပင် ဝင်ရောက်ကြကုန်၏။ သို့သော် သူက မည်သို့မျှ မလုပ်ပေ။
အချိန် ထပ်မံ ကုန်လာပြန်၏။ သုံးလ၊ သုံးလ၊ သုံးလဖြင့် မကြာမီတွင် ထိုအဘိုးအို ထွက်သွားပြီးနောက် ဒီအစိမ်းရောင်ဟင်းလင်းပြင်အတွင်း ဝမ်လင်းအနေဖြင့် အချိန်တစ်နှစ် ကုန်ဆုံးလာခဲ့၏။
သူ၏ခုလက်ရှိ ကျင့်ကြံမှုအဆင့်သို့ ရောက်လာပြီးနောက် သူ့ခန္ဓာကိုယ်မှာ နှစ်ပေါင်းထောင်သောင်းချီထိ ပျက်စီးဆွေးမြေ့လိမ့်မည် မဟုတ်ပေ။ သူ၏ခန္ဓာကိုယ်မှာ ဒီတစ်နှစ်အတွင်း မပြောင်းလဲခဲ့ပေ။ သို့သော် ပို၍ များပြားသော အစိမ်းရောင်ကင်းမြှီးကောက်များက သူ့ခန္ဓာကိုယ်ကို ပိုဖုံးလွှမ်းလာ၏။
သည်အစိမ်းရောင်ဟင်းလင်းပြင်အတွင်း၌ ကင်းမြှီးကောက်များသည် ဝမ်လင်းကို သူတို့၏ တစိတ်တပိုင်း ဖြစ်သည်ဟုပင် ယူဆလာကြ၏။
သည်အခိုက်၌ သည်အစိမ်းရောင်ဟင်းလင်းပြင်အတွင်းရှိ ဤမြင်ကွင်းကို တွေ့မြင်ရသူတိုင်းမှာ တုန်လှုပ်မိကြလိမ့်မည်။
ဝမ်လင်းက ဆက်၍ မတည်ရှိလေတော့။ ကျန်နေသည့်အရာဟူ၍ လူသားအသွင်အရိပ်တစ်ခုမျှသာ။
သို့သော် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွင်း၌မူ ဝမ်လင်း၏မူလစိတ်ဝိညာဉ်က ရှေးဟောင်းရေတွင်းကြီးတစ်ခုအလား တည်ငြိမ်စွာ ရှိနေပြီး မည်သည့် လှိုင်းဂယက်ထမှုကိုမျှ မထုတ်ဖော်ပေ။
သည်နှစ်အတွင်း အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုက ထပ်မံ ပေါ်မလာခဲ့ပေ။ သူသည် ဝမ်လင်းကို မေ့သွားသည့်အလား။ ဒီကင်းမြှီးကောက်အဆောက်အဦထဲ၌ မည်သူတစ်ဦးတစ်ယောက်မျှ မရှိသည့်ပုံ ပေါ်၏။
သည်တိတ်ဆိတ်မှုအောက်၌ ထူးခြားသောအော်ရာတစ်ခု မွေးဖွားလာခဲ့သည်။
တစ်နှစ်၊ နှစ်နှစ်။ သုံးနှစ်…။
သည်နေ့တွင် လေးနှစ်မြောက်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့လေပြီ။ ကင်းမြှီးကောက်အဆောက်အဦအတွင်းရှိ အစိမ်းရောင်ဟင်းလင်းပြင်ထဲ၌ ဝမ်လင်း၏မူလစိတ်ဝိညာဉ်က ရုန်းကန်နေရ၏။ သူသည် စောင့်နေခဲ့တာ လေးနှစ်တာ ရှိလာခဲ့လေပြီ။
သည်လေးနှစ်အတွင်း အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုသည် လုံးဝ မပေါ်လာခဲ့ပေ။ သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေသော အစိမ်းရောင်ကင်းမြှီးကောက်များကြောင့် ဝမ်လင်း၏ခန္ဓာကိုယ်မှာ ထူးဆန်းသောပြောင်းလဲမှုတစ်ခု ဖြစ်ပွားလေ၏။
သူ့ဒွာရပေါက်ပေါင်း (၁၀၈၀၀၀)ခုကနေ အစိမ်းရောင်အလင်းများသည် ဥများကဲ့သို့ ထွက်ပေါ်လာ၏။ ထိုအလင်းများက လွန်ခဲ့သောနှစ်နှစ်တည်းက ပေါ်လာခဲ့ခြင်း ဖြစ်ပြီး ယင်းတို့ ချိုးဖျက်သည့်နောက်တွင် ဝမ်လင်း၏ အသွေးအသားတို့ကို စုပ်ယူပြီး ကင်းမြှီးကောက်ပေါက်များ ဖြစ်ထွန်းလာကြသည်။
ထိုကင်းမြှီးကောက်များက ဝမ်လင်း၏ခန္ဓာကိုယ်ကို အသိုက်အမြုံတစ်ခု၊ အာဟာရရင်းမြစ်တစ်ခုကဲ့သို့ အသုံးပြုကြသည်။ လေးနှစ်ကြာပြီးနောက် ဒီဟင်းလင်းပြင်တွင် ကင်းမြှီးကောက်အရေအတွက်မှာ နှစ်ဆတိုးလာခဲ့သည်။ ယင်းတို့က ဝမ်လင်းကို ဖုံးလွှမ်းရုံသာမက မြေပြင်တလွှားတွင်လည်း ဖုံးလွှမ်းထားချေသည်။ ၎င်းမှာ တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုတည်း။
ကင်းမြှီးကောက်ပေါက်များ၏ ထွက်ပေါ်လာမှုက ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်တွင် အရေးအကြောင်းများ ပေါ်လာစေသည်။ သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း သွေ့ခြောက်ရလေ၏။ အကြောင်းမှာ ထိုကင်းမြှီးကောက်များက အာဟာရအတွက် သူ့ခန္ဓာကိုယ်ကို စုပ်ယူအသုံးပြုခြင်းကြောင့်ပင်။
ထိုအခါ ဝမ်လင်းထံ၌ သူ့ခန္ဓာကိုယ်ကို ပြန်မထိန်းချုပ်၊ မကြာမီ ထွက်မသွားပါက သူ လုံးဝ ထွက်သွားနိုင်စွမ်း မရှိတော့မည်ဟု ကောင်းကောင်းကြီး ခံစားမိနေ၏။
သူက အစိမ်းရောင်ဝတ်စုံဖြင့်အဘိုးအို ဘာကြောင့် မပေါ်လာခဲ့သည်၊ စမ်းသပ်မှုများ သူ့အပေါ်သို့ ထပ်မံ မပြုလုပ်သည်ကို နားလည်၏။ အကြောင်းမှာ အချိန်က အကောင်းဆုံးစမ်းသပ်မှု မဟုတ်လား။
တစုံတစ်ခုကို ဖြတ်သန်းမြင်ရဖို့၊ အမှန်တရားကို ရှာဖွေဖို့အတွက် အချိန်ထက် ကောင်းမွန်သည့်အရာ မရှိလေပေ။
ဝမ်လင်းက ထိုအဘိုးအိုသည် သူ့အပေါ်၌ အလွန်ရက်စက်သောစမ်းသပ်မှုတစ်ခု စတင်နေပြီမှန်းကို ခန့်မှန်းမိ၏။ သည်စမ်းသပ်မှုက ထိုအဘိုးအိုကို စိတ်ကျေနပ်စေမှ ထိုသူက သူ့မူလအစီအစဉ်ကို အပြီးသပ်လေမည် ဖြစ်၏။
ဝမ်လင်းသည် ဒီစမ်းသပ်မှု၏ ရလဒ်က ထိုအဘိုးအိုအတွက် စိတ်ကျေနပ်မှု မဖြစ်စေပါက မည်သို့ အကျိုးဆက်ဖြစ်မည်ကို မသိပေ။
မည်သည့်ပြဿနာမှ မရှိဘဲ သူ့ခန္ဓာကိုယ်ကသာ သွေ့ခြောက်သွားခြင်း မရှိပါက ဝမ်လင်းအနေဖြင့် နှစ်ပေါင်းတစ်ထောင်၊ တစ်သောင်းထိ စောင့်ဆိုင်၏။ သူသည် အမှန်တကယ် စောင့်ချင်ပါက သူ၏ ပြတ်သားမှုကြောင့် သူသည် သည်းခံနိုင်စွမ်း ရှိသူ မဟုတ်လား။
သို့ပေမည့် ခုခါ၌ သူ၏သွေ့ခြောက်နေသောခန္ဓာကိုယ်က ဝမ်လင်းကို ရုန်းကန်မှု ဖြစ်စေ၏။ အရာအားလုံးမှာ သူ့ ထင်မြင်ချက်သပ်သပ်သာ ဖြစ်သည့်အတွက်ကြောင့် သူ၏ ခိုင်မာသောယုံကြည်ချက်ပင် လှုပ်ခါရလေပြီ။
သူ၏ ထင်မြင်ချက်သာ မှားယွင်းပြီး အခုချိန် သူ ထွက်မသွားပါက သူ၏ခန္ဓာကိုယ်သည် လုံးဝ သွေ့ခြောက်သွားကာ သူသည် အစစ်အမှန်အခွင့်အရေး လွဲချောရလိမ့်မည်။ ထိုအခါကျလျှင် သူသည် ဒီနေရာ၌ ထာဝရ ချောင်ပိတ်မိသွားနိုင်သည်။
ဤသည်က ရွေးချယ်မှုတစ်ခု ဖြစ်၏။ ထိုရွေးချယ်မှုကား ဝမ်လင်းကို ရုန်းကန်စေသည်။
သည်ရုန်းကန်မှုက တစ်နှစ်လောက် ကြာ၏။ ငါးနှစ်မြောက်တွင် အနှီရုန်းကန်မှုက ပပျောက်သွားတော့သည်။ ဝမ်လင်းသည် တခြားအတွေးများကို ဖြတ်တောက်ပစ်လိုက်တော့၏။ သူက သူ့ကိုယ်ပိုင် ထင်မြင်ချက်အပေါ် ရူးသွပ်ဖွယ် ကောင်းအောင် ယုံကြည်ချက်ထား၍ ဆက်စောင့်နေတော့သည်။
ခြောက်နှစ်မြောက်၊ ခုနစ်နှစ်မြောက်၊ ရှစ်နှစ်မြောက်…။ သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေ့ခြောက်မှုက သူ့တကိုယ်လုံးနီးပါးကို ပျံ့နှံ့ခဲ့ပေပြီ။ သို့ပေမည့် သူ၏စိတ်ကမူ ခုထိ မလှုပ်ရှားသေးချေ။ သူ ဆက်စောင့်နေ၏။
ကိုးနှစ်မြောက်၊ ဆယ်နှစ်မြောက်။ သူ၏ခန္ဓာကိုယ်ကို ကင်းမြှီးကောက်မြောက်များစွာက ဖုံးလွှမ်းထားပြီး မည်သည့်အာဟာရဓာတ်မှ မရှိတော့သော အရိုးစုတစ်ခုနှင့် တူလာခဲ့ပေပြီ။ သူ၏ခန္ဓာကိုယ်မှာ လေပြေတချက် တိုက်ခတ်လျှင်ပင် ပျက်စီးသွားတော့မလားဟု ထင်ရ၏။ သို့သော် ဝမ်လင်းကမူ ဆက်စောင့်နေဆဲသာ။
ဆယ်နှစ်။ သူက ဒီအစိမ်းရောင်ဟင်းလင်းပြင်အတွင်း၌ ဆယ်နှစ်စောင့်နေ၏။ လွန်ခဲ့သောဆယ်နှစ်အတွက် အပြင်ဘက်ကမ္ဘာတွင် မည်သို့ ဖြစ်ပျက်နေသည်ကို သူ မသိနိုင်ပေ။ အစိမ်းရောင်မိစ္ဆာကုန်းမြေနှင့် ကောင်းကင်ဘုံနွားထီးကုန်းမြေတို့ကြားတိုက်ပွဲက ခုထိ ဆက်ဖြစ်နေသေးသလား၊ သို့တည်းမဟုတ် အဆုံးသပ်သွားခဲ့ပြီလား။
ဒီဆယ်နှစ်အတွင်း ဝမ်လင်း၏မူလစိတ်ဝိညာဉ်က သူ၏ခန္ဓာကိုယ်ကို မထိန်းချုပ်ဘဲ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ အကာအကွယ်အောက်၌ ပုန်းကွယ်နေလျက် ရှိသည်။ သူက သူ့စိတ်ရှည်ခိုင်မာမှုကို အသုံးပြုကာ အလောင်းအစား လုပ်ထားပေသည်။
သူ၏ယုံကြည်မှုကို ထောက်ပံ့ပေးသော အရာမှာ သူ့ ဆုံးဖြတ်ချက်နှင့် သုံးသပ်ချက်သာ ဖြစ်၏။ ထိုအစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုက သေမျိုးတစ်ယောက်သာ ဖြစ်မှန်း သိသာ၏။ သို့ပေမည့် ဝမ်လင်းက ထိုသူ့ထံမှ ထိတ်လန့်ဖွယ်အငွေ့အသက်ကို ခံစားမိ၏။ ထိုအဘိုးအိုက မိစ္ဆာတာအိုကလန်ခေါင်းဆောင်ကိုပင် ယဉ်ယဉ်ကျေးကျေး ပြုမူစေသူ ဖြစ်သည်။ ထို့အတွက် ဝမ်လင်းသည် မဆင်မခြင် လှုပ်ရှားမှုတစ်ခု ပြုလုပ်မိသည်နှင့် သူသည် အန္တရာယ်ကြီးကြီးမားမား ရင်ဆိုင်ရလိမ့်မည်။
ဒီအစိမ်းရောင်ကင်းမြှီးကောက်ဘုံကျောင်းအတွင်း၌ သူ မသိသော လျှို့ဝှက်ချက်များစွာ ရှိနေ၏။ ပို၍ အရေးကြီးသည်မှာ ထိုအစိမ်းရောင်ဝတ်ရုံအဘိုးအိုက သေမျိုးတစ်ယောက် ဖြစ်သည့်အတွက်ကြောင့် သူ၏သက်တမ်းမှာ ရှည်ကြာလွန်းလိမ့်မည် မဟုတ်ခြင်းပင်။
အချိန်ပြိုင်ပွဲကား တစ်ယောက်နှင့်တစ်ယောက်ကြား စိတ်ရှည်သည်းခံမှု ပြိုင်ပွဲတည်း။
သို့ပေမည့် ဝမ်လင်း၏ ထင်မြင်ချက်မှာ မှန်သည်။
အခုအခါ၌ သူက ဒီကင်းမြှီးကောက်အဆောက်အဦအတွင်း၌ လှိုဏ်ဂူတစ်ခု ရှိနေသည်ကို မသိပေ။ ထိုနေရာတွင် အစိမ်းရောင်ဝတ်စုံဖြင့်အဘိုးအိုက ထိုင်နေလျက် ရှိပြီး သူ၏ရှေ့တွင်လည်း အစိမ်းရောင်ကြေးမုံတချပ် ရှိနေသည်။ ထိုကြေးမုံက ဝမ်လင်း ရှိနေသော အစိမ်းရောင်ဟင်းလင်းပြင်အတွင်းရှိ အရာအားလုံးကို ပြသပေးနေသည်။
သည်ဆယ်နှစ်တာအတွင်း ဝမ်လင်းသာ စောင့်နေရသည်မဟုတ်ပေ။ ထိုအဘိုးအိုကလည်း စောင့်နေရတာ ဖြစ်၏။
သူ၏သက်တမ်းကား အကန့်အသတ် ရှိ၏။ လျှို့ဝှက်မန္တာန်က သူ့ကို ပိုမို အသက်ရှည်စေသော်လည်း ကျီစီမျိုးဆက်တိုင်းသည် အများဆုံးမှ နှစ်ပေါင်းသုံးထောင်သာ ရှင်သန်နိုင်ကြ၏။
သူက အခု အသက်နှစ်ထောင်ရှစ်ရာကျော် လာခဲ့ပြီး သေခြင်းတရားနှင့် အတော်လေး နီးကပ်လာခဲ့ပေပြီ။
“အချိန်ဟာ အမှန်တရားကို တွေ့မြင်ရဖို့ အကောင်းဆုံး နည်းလမ်းပဲ။ အရှင်အစိမ်းရောင်မိစ္ဆာအတွက် ငါ ဘေးကင်းအောင် အကောင်းဆုံး လုပ်ဆောင်ရမယ်။ သူ့ရဲ့ စိတ် အမှန်တကယ် ဆုံးရှုံးသွားခဲ့ပြီလား။ ဒါမှမဟုတ် သူ ဟန်ဆောင်နေလားဆိုတာကို သိရဖို့ ငါ သေချာအောင် စောင့်ကြည့်ရမှာပဲ…”
သူက စိတ်မရှည်မဖြစ်ပေ။ သူက ဒီဘုံကျောင်းအတွင်း၌ နှစ်ပေါင်းနှစ်ထောင်ကျော် ရှင်သန်ခဲ့ပြီး အချိန်ကုန်ဆုံးမှုနှင့် အသားကျနေခဲ့သူ မဟုတ်လား။
နှစ်နှစ်၊ သုံးနှစ်၊ လေးနှစ်…။ နောက်ထပ် ဆယ်စုနှစ်တစ်ခုသည် ဝမ်လင်းနှင့် ထိုအဘိုးအိုတို့ တစ်ယောက်နှင့်တစ်ယောက် စောင့်နေကြစဉ်မှာ ကုန်ဆုံးလာခဲ့သည်။ ဤသည်မှ အစွန်းရောက်ကာ ရက်စက်လှသော တိုက်ပွဲတစ်ခု ဖြစ်၏။ ကျင့်ကြံသူများကြားက သာမန်တိုက်ပွဲများထက် များစွာ ပိုကြမ်းသည်။ အကြောင်းမှာ သူတို့က အချိန်နှင့် တိုက်ခိုက်နေသောကြောင့်ပင်။
ဒီအချိန်တိုက်ပွဲမှာ ငြိမ်သက်၏။ မည်သည့်ပဋိပက္ခမှ မရှိပါ။ သို့ပေမည့် အန္တရာယ်နှင့် ပြည့်နှက်သည်။ အစိမ်းရောင်ဝတ်ရုံအဘိုးအို၏ မိသားစုက သည်အတွက် နှစ်ပေါင်းမရေမတွက်နိုင်အောင် ပြင်ဆင်ထားခဲ့ရတာ ဖြစ်သည်။ သူတို့သည် အရှုံးမခံနိုင်ပေ။
ဝမ်လင်းသည်လည်း အရှုံးမခံနိုင်ပေ။ အခုချိန်၌ သူ၏အရိုးများသည်ပင် အားနည်းလာခဲ့ပြီ ဖြစ်၏။ သူ၏ခန္ဓာကိုယ်ကသာ ရှေးတောက်ခန္ဓာကိုယ် မဟုတ်ပါက လွန်ခဲ့သောနှစ်များတည်းက သူ့ခန္ဓာကိုယ်သည် အဟောသိကံ ဖြစ်သွားခဲ့လောက်ပေပြီ။
သည်အစိမ်းရောင်ဟင်းလင်းပြင်တွင် အခုအခါ၌ အစိမ်းရောင်ကင်းမြှီးကောက်များ ဖုံးလွှမ်း ပြည့်နှက်နေချေသည်။
သည်နှစ်ပေါင်းနှစ်ဆယ်အတွင်း ဝမ်လင်း၏စိတ်က တစ်စက်လေးမျှ မလှုပ်ရှားပေ။ သူသည် သူ့ကိုယ်ပိုင်ယုံကြည်ချက်ထံ၌သာ နစ်မြုပ်ထား၏။ အခုအနေထားမှာ သူ့ဘဝ၌ ဖြစ်ခဲလှသော ကြီးကြီးကြီးမားမား အလောင်းအစားတစ်ခု မဟုတ်လား။
“ငါ လုံးဝ ရှုံးမှာ မဟုတ်ဘူး…” ထိုစကားက ဝမ်လင်းကို နှစ်ပေါင်းနှစ်ဆယ်နီးပါး ထောက်ပိုးပေးထားသည်။
ဖြတ်ခနဲအတွင်း နောက်ထပ်နှစ်ပေါင်းနှစ်ဆယ် ကုန်လွန်လာခဲ့ပြန်ပြီ။ ဝမ်လင်းသည် နေရာတစ်ခုတွင် နှစ်ပေါင်းလေးဆယ် နေထိုင်သည်မှာ ရှိခဲလှ၏။ သူက သူ့ခန္ဓာကိုယ်ကို လက်လွှတ်ထားကာ သူ၏မူလစိတ်ဝိညာဉ်မှာလည်း လူသေကောင်လို ပြုမူထားသည်။
သူ၏ရှေးတောက်ခန္ဓာကိုယ်သည်ပင် နှစ်ပေါင်းလေးဆယ်ကြာပြီးနောက် လုံးဝ သေဆုံးတော့မည့် အရိပ်အယောင်များ ပြသလာသည်။
အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုကလည်း စောင့်နေဆဲပင်။ လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်အတွင်း၌ သူသည် နေ့စဉ်လိုအပ်ချက်များမှလွဲ၍ သူ့အချိန်အားလုံးကို ကြေးမုံထံသို့ ကြည့်ပြီး ငြိမ်သက်စွာ စောင့်နေခြင်းအားဖြင့် ကုန်ဆုံးစေခဲ့သည်။
နှစ်ပေါင်းလေးဆယ်။ နှစ်ပေါင်းလေးဆယ်။ ဝမ်လင်းသည် အချိန်ကုန်ဆုံးမှုနှင့် အသားကျလာပြီးနောက် စုစုပေါင်း နှစ်ပေါင်းရှစ်ဆယ် ရှိလာခဲ့လေပြီ။
နှစ်ပေါင်းရှစ်ဆယ်မြောက်၏ ယနေ့တွင် အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုသည် စိတ်မရှည်ဟန် အရိပ်အမြွက် ထုတ်ဖော်လာ၏။ သူသည် အသိစိတ်ရှိနေသော လူတစ်ယောက်အနေဖြင့် နှစ်ပေါင်းရှစ်ဆယ်လုံး အခုလို အခြေအနေကို တင်းခံ၊တောင့်ခံထားနိုင်လိမ့်မည်ဟု မယုံကြည်ပေ။
ပို၍ အရေးကြီးသည်မှာ သူ၏ သက်တမ်းက များများစားစား မကျန်တော့ခြင်းပင်။
သူ၏ရှေ့တွင် ရွေးချယ်မှု ရှိလာတော့၏။ ဤသည်မှာ အတိတ်တုန်းက ဝမ်လင်း ရင်ဆိုင်ခဲ့ရသော စောင့်မည်လား၊ မစောင့်တော့ဘူးလားဟူသော ရွေးချယ်မှုနှင့် အတူတူပင်။