ကိုးခုမြောက်အနှစ်သာရ
Vol. 141 Ch. 1948
သူက ဆက်စောင့်ရန် ဆုံးဖြတ်လိုက်၏။ သူ့သက်တမ်းမှာ နှစ်ပေါင်းခြောက်ဆယ်နီးပါး ကျန်သေးပေ၏။ သူသည် သူ့မိသားစုတာဝန်များကို နောက်မျိုးဆက်ထံ မကမ်းလှမ်းချင်တော့ပေ။
နှစ်ပေါင်းရှစ်ဆယ်က လူတစ်ယောက်၏ တဘဝလုံးစာ လုံလောက်၏။ ဝမ်လင်းအတွက်ကမူ သည်နှစ်ပေါင်းရှစ်ဆယ်လုံးကို အစိမ်းရောင်ကင်းမြှီးကောက်ဘုံကျောင်းအတွင်း၌ ကုန်ဆုံးခဲ့သည်။
သည်နှစ်ပေါင်းရှစ်ဆယ်အတွင်း သူက မည်သည့်စွမ်းအင်ကိုမျှ မစုပ်ယူနိုင်ခဲ့သလို ကျင့်ကြံခြင်းလည်း မပြုလုပ်နိုင်ခဲ့ပေ။ သူသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ အကာအကွယ်အောက်၌ စောင့်နေရုံသာ တတ်နိုင်ခဲ့သည်။ ငြိမ်သက်စွာ စောင့်နေရင်း သူက အဘိုးအိုတစ်ယောက်ကဲ့သို့ ဖြစ်လာဟန် တူသည်။ အရာများစွာနှင့် မှတ်ဉာဏ်များက ဝေဝါးလာကုန်သည်။
သူက အရာတော်တော်များများကို မေ့သွား၏။ ကောင်းကင်ဘုံနွားထီးကုန်းမြေ ဖြစ်စေ၊ လှိုဏ်ဂူလောကဖြစ်စေ ထိုသည်တို့နှင့် ပတ်သတ်သည့် တော်တော်များများ မှတ်ဉာဏ်များကို မေ့သွားသည့်ပုံ ရသည်။ သူသည် တဖြည်းဖြည်း အန္တရာယ်အခြေအနေတွင်း ရှိနေသည်ကိုပင် မေ့သွားခဲ့သည်။ သူက လောကနှင့် တသားတည်း ပေါင်းစပ်သွားပုံ ရသော ဖော်ပြ၍မရသော အခြေအနေသို့ ရောက်ရှိသွား၏။
သို့ပေမည့်လည်း သူ၏စိတ်ထဲတွင်မူ သူ လုံးဝ မမေ့နိုင်သော၊ မမေ့ပစ်ချင်သော ပုံရိပ်အချို့ကမူ ရှိနေဆဲပင်။ ထိုပုံရိပ်များထဲ၌ သူ့မိဘများ၊ သူ့ချစ်လှစွာသော ကုချင်းတီးခတ်သည့်အမျိုးသမီးလီမူဝမ်တို့ ပါဝင်ချေသည်။
တချို့လူများက သူတို့၏ တဘဝလုံး အလုပ်ရှုပ်နေကာ ပြန်လည်မွေးဖွားခြင်း၏ ရည်ရွယ်ချက်ကို မေ့သွားတတ်ကြသည်။
တချို့လူများက သာမန်ဘဝဖြင့် နေထိုင်ကြကာ သူတို့သေဆုံးခါနီးမှ ကြယ်များကို မော့ကြည့်ပြီး သူတို့၏ လိုက်လံရှာဖွေမှုအပေါ် မေ့ပျောက်ခဲ့ပြီကို ရုတ်တရက် အမှတ်ရတတ်ကြသည်။
အချိန် ကုန်လာ၏။ သည်တစ်ကြိမ်၌ နှစ်ပေါင်းသုံးဆယ် ကုန်လွန်လာခဲ့ပြန်ပြီ။ ဝမ်လင်းက နှစ်ပေါင်းတစ်ရာတစ်ဆယ့်နီးပါး သည်းခံတောင့်ခံပြီးနောက် အစိမ်းရောင်ဝတ်ရုံဖြင့်အဘိုးအိုက ဆုံးဖြတ်ချက်တစ်ခု ပြုလုပ်လာ၏။
သူက ဆက်၍ မစောင့်နိုင်တော့ပေ။ သူ့ သက်တမ်းမှာလည်း နှစ်ပေါင်းသုံးဆယ်ပင် မကျန်တော့ပေ။ သူ့အနေဖြင့် ဝမ်လင်းကို ဆက်လက် စမ်းသပ်ကြည့်ဖို့လည်း မလိုတော့ပေ။ သူက တစုံတစ်ယောက်သည် ခုလိုမျိုးအခြေအနေနှင့် နှစ်ပေါင်းတစ်ရာတစ်ဆယ့် သည်းခံတောင့်ခံနိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။ ဤသည်ကား ကျင့်ကြံခြင်း မဟုတ်၊ သေခြင်းတရားဆီ လျှောက်လှမ်းနေသည့် အနေအထား မဟုတ်လား။
သူက ဝမ်လင်း၏ခန္ဓာကိုယ်က လုံးဝ အသုံးမဝင် ဖြစ်လာသည်ကို မြင်၏။ ရှေ့တည်းက သူ တင်ကြို၍ ပြင်ဆင်မှုများ မပြုလုပ်ထားခဲ့ပါက ၎င်းခန္ဓာကိုယ်သည် ကင်းမြှီးကောက်များကြောင့် ဖျက်စီးခံနေရပြီး ဖြစ်သည်။
အကယ်၍ မူလစိတ်ဝိညာဉ် သည်နေရာတွင် ရှိနေခဲ့လျှင်ပင် ရုပ်ပိုင်းခန္ဓာကိုယ် ဖျက်စီးခံလိုက်ရသည်နှင့် မူလစိတ်ဝိညာဉ်သည်လည်း ကင်းမြှီးကောက်များကြောင့် ဖျက်စီးခံရမည်သာ။ သူသည် တစုံတစ်ယောက်က သေခြင်းတရားကို သည်အတိုင်း ထိုင်စောင့်နေလိမ့်မည်ဟု မယုံကြည်ပါ။
နှစ်ပေါင်း(၁၁၀)မြောက်နှစ်၏ ယနေ့တွင် အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုက ထရပ်လာ၏။ သူက ဝမ်လင်းရှိသော ဟင်းလင်းပြင်ထံ တမန်တော်နှစ်ယောက်ကို ဝန်းရံပြီး လျှောက်လှမ်းလာ၏။ သူ၏ ချောင်းဆိုးခြင်းက ပိုဆိုးဝါးလာခဲ့သည်။
မကြာမီတွင် ဒီကင်းမြှီးကောက်အဆောက်အဦအတွင်း၌ ချောင်းသံ ကြားလာရသည်။
အစိမ်းရောင်ဟင်းလင်းပြင်အတွင်း၌ ထိုအဘိုးအို၏ အားနည်းသောပုံရိပ်က လှိုင်းဂယက်များထံမှ လှမ်းထွက်လာ၏။ သူက ကင်းမြှီးကောက်များ ဖုံးလွှမ်းထားသော ဝမ်လင်း၏ခန္ဓာကိုယ်ကို ကြည့်ကာ တအောင့် စဉ်းစားသည်။
“မင်း ကြားနိုင်၊မကြားနိုင်တော့ ငါ မသိဘူး။ မင်း ကြားနိုင်ခဲ့မယ်ဆိုရင် ဒီအဘိုးအိုက မင်းရဲ့ စိတ်ရှည်သည်းခံမှုကို လေးစားပါတယ်။ ဒီလိုဝန်းကျင်မှာ နှစ်ပေါင်းတစ်ရာကျော် သည်းခံတောင့်ခံနိုင်ဖို့ဆိုတာ ဒီအဘိုးအိုတောင် လုပ်နိုင်တဲ့အရာ မဟုတ်ဘူး…”
“ကောင်းကင်ဘုံနွားထီးကုန်းမြေနဲ့ အစိမ်းရောင်မိစ္ဆာကုန်းမြေကြားက တိုက်ပွဲဟာ တမန်တော်တွေ ခံစားနိုင်မိပုံအရဆို နောက်ဆုံးအခြေအနေ ရောက်နေပြီ…”
အစိမ်းရောင်ဝတ်ရုံအဘိုးအိုက ရုတ်တရက် သူ့စကားကို ရပ်တန့်၏။
အချိန်အတန်ကြာပြီးနောက်မှ သူ၏အသံသည် ဒီအစိမ်းရောင်ဟင်းလင်းပြင်တွင် ထပ်မံ ထွက်ပေါ်လာသည်။
“မင်း ကြားနိုင်ခဲ့မယ်ဆိုရင်၊ မင်းသာ တကယ် တောင့်ခံနိုင်ခဲ့တယ်ဆိုရင် မင်းအနေနဲ့ ဒီမဟာကံကောင်းမှုကို ရရှိပြီးတဲ့နောက် အစိမ်းရောင်မိစ္ဆာကုန်းမြေကို အခက်မတွေ့စေဖို့ ငါ မျှော်လင့်မိပါတယ်။ မင်းသာ ဒီလိုလုပ်ဆောင်ပေးမယ်ဆိုရင် မင်းရဲ့အသိစိတ်ရှိနေခဲ့သေးရင်တောင် ဒီအဘိုးအိုအနေနဲ့ မင်းကို ဒီကံကောင်းမှုလက်ဆောင်ကို လိုလိုလားလား ပေးအုံးမှာ…”
အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုက ခပ်တိုးတိုး ရေရွတ်နေ၏။
“ငါဟာ အိုလွန်းနေပြီ။ နောက်ဆယ်စုနှစ်အနည်းငယ်ဆို ငါ သေတော့မှာ။ ငါဟာ ဒီနှစ်တွေမှာ ပင်ပန်းလွန်းခဲ့ပြီ။ ငါ့မိသားစုရဲ့ တာဝန်ဟာ ဒီနေရာကို စောင့်ကြပ်ဖို့ပဲ…”
“ငါ သေပြီးတဲ့နောက် မင်းအနေနဲ့ ငါ့အရိုးပြာကို ဒီနေရာမှာ မြှုပ်နှံ့မယ့် ငါ့ အရိုးပြာတွေကို ဗဟိုကုန်းမြေဆီ ယူသွားပေးဖို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့နေရာဟာ ငါ့မိသားစုရဲ့ မွေးရပ်မြေဖြစ်လို့ပဲ…”
ထိုအဘိုးအို၏စကားများအရ သူသည် မသေခင်နောက်ဆုံးစကားများကို ခပ်တိုးတိုး ရေရွတ်နေပုံ ပေါ်၏။
သို့သော်။
သူ့ညာလက် ဝတ်ရုံအောက်တွင် ကျောက်စိမ်းပြားတစ်ခုကို ကွယ်ဝှက်ထားပေ၏။ ထိုကျောက်စိမ်းပြားက အစိမ်းရောင်ရှိကာ အသုံးပြုဖို့ ကျင့်ကြံခြင်း မလိုအပ်ပေ။ ကျီစီမျိုးဆက်တိုင်းကသာ ၎င်းကို အသုံးပြုနိုင်၏။ ၎င်း၏ အဓိကအခန်းကဏ္ဍမှာ အရာဝတ္ထုများကို ဖျက်စီးခြင်း အပြင် အနီးအနားရှိ စိတ်အာရုံလှိုင်းများကို ထောက်လှမ်းဖို့ ဖြစ်သည်။
ဝမ်လင်း၏စိတ်ကသာ လှုပ်ရှားမှု အရိပ်အယောင် ပြသသည်နှင့် သူက ထိုကျောက်စိမ်းပြားဖြင့် ဝမ်လင်း၏စိတ်ကို သတ်ပစ်ဖို့ တွေဝေနေမည် မဟုတ်ပေ။ အမှန်တော့ သူသည် သူ အစောပိုင်းက ခပ်ဖွဖွရေရွတ်ခဲ့သော စကားလုံးများကဲ့သို့ ကြင်နာမှု ပြည့်ဝသူ မဟုတ်ပါ။ ထိုစကားများက သူ၏နောက်ဆုံးစမ်းသပ်မှုပင်။
သူ စကားပြောပြီး အချိန်အတန်ကြာပြီးနောက် သူ့လက်ထဲရှိ ကျောက်စိမ်းပြားက မည်သည့်တုန့်ပြန်မှုကိုမျှ မပြပေ။ အစိမ်းရောင်ဝတ်ရုံဖြင့်အဘိုးအိုက စိတ်အေးသွားတော့၏။ သူက ကျောက်စိမ်းပြားကို သိမ်းဆည်းကာ များပြားလှသော ကင်းမြှီးကောက်များကို ကြည့်၏။ ရုတ်တရက် သူ့လျှာထိပ်ကို ကိုက်ကာ သွေးများ ထွေးထုတ်လိုက်သည်။
ထိုသွေးများ ပေါ်လာသည့်အခါ၌ ၎င်းတို့က အောက်ဘက်ရှိ ဟင်းလင်းပြင်ပေါ်သို့ ပြန့်ကြဲသွား၏။ ကင်းမြှီးကောက်အားလုံး တစီစီ အော်မြည်ကာ နောက်သို့ အရူးအမူး ဆုတ်ကုန်သည်။ ထိုအခါ ယင်းကင်းမြှီးကောက်များအောက်မှ ဝမ်လင်း၏သွေ့ခြောက်နေသော ခန္ဓာကိုယ် လှစ်ဟပေါ်လာ၏။
“အနှစ်သာရရှစ်ခု၊ တစ်ခု လိုအပ်နေတုန်းပဲ…” ထိုအဘိုးအိုက ခပ်တိုးတိုး ရေရွတ်၏။ ထို့နောက် သူ့ညာလက်ကို ပင့်မြှောက်သည်။ သူ့ဝတ်ရုံကို ပင့်မကာ အစိမ်းရောင်အမွှေးအမျှင်များ ဖုံးနေသော သူ၏ညာလက်ပေါ်လာ၏။ ထိုလက်က သွေ့ခြောက်နေ၏။
သည်အခိုက်တွင် သူ၏ညာလက်ပေါ်ရှိ အစိမ်းရောင်အမွှေးအမျှင်များ ကျွတ်ထွက်ကာ အဝါရောင်အလင်းတစ်ခု သူ့အား ဝန်းရံသည်။ သူ့လက်က တဖြည်းဖြည်း အရည်ပျော်ကျလာပြီး မြေဝါရောင်ပုတီးစေ့သုံးခု ပျံသန်းထွက်လာ၏။
“ဒီမုန့်မြေကမ္ဘာပုတီးစေ့သုံးလုံးနဲ့ဆို မင်းဟာ မြေအနှစ်သာရကို ဖွဲ့စည်းနိုင်စွမ်း ရှိသင့်တယ်…” အဘိုးအို၏အသက်ရှုသံက အနည်းငယ် ကြမ်းလာ၏။ သူက ညာလက်ကို ပင့်မြှောက်သည်။ ထိုပုတီးစေ့သုံးခုက ဝမ်လင်းထံ ပျံသန်းလာသည်။ ပုတီးစေ့တစ်စေ့က ဝမ်လင်းမျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွား၏။ တစ်စေ့က သူ့ရင်ဘက်၊ နောက်ဆုံးတစ်စေ့ကတော့ သူ့ ဒျန်တျန်ထဲသို့ ဝင်ရောက်သွားလေသည်။
ထိုပုတီးစေ့သုံးစေ့ ဝမ်လင်း၏ခန္ဓာကိုယ်တွင်း ဝင်ရောက်သွားသည့်အခါ သူ့ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူ၏ခန္ဓာကိုယ်ထံမှ တလျှံလျှံတောက်ပသော မြေဝါရောင်အလင်း ထုတ်လွှတ်လာသည်။
ထိုအလင်း ပျံ့နှံ့သည့်အခါ၌ ပတ်ဝန်းကျင်ရှိ ကင်းမြှီးကောက်များသည် တစီစီအော်မြည်လျက် နောက်ဆုတ်ကြသည်။ ယင်းတို့က သည်အလင်းအပေါ် အတော်လေး ဓာတ်မတည့်ပုံရသည်။ ထိုအလင်းက နာရီများစွာ လင်းလက်ပြီးနောက် မြေလွှာခပ်ပါးပါးတစ်ခုက ဝမ်လင်းကို ခြုံလွှမ်း၏။
မြေကြီးလွှာ ဖုံးလွှမ်းသွားသည့်နောက် ဝမ်လင်းသည် ရွှံ့လူသားတစ်ယောက် ဖြစ်လာပြီး မလှုပ်မယှက် ရှိသည်။
အချိန် ကုန်ဆုံးလာသည်။ အစိမ်းရောင်ဝတ်ရုံအဘိုးအိုသည် မထွက်သွားပေ။ သူက ထိုင်ချကာ ဝမ်လင်းထံ အလေးအနက်ဟန်ပန်ဖြင့် ကြည့်သည်။ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကြာအောင် မက်ခဲ့ရသော သူ့မိသားစု၏ အိပ်မက်သည် အောင်မြင်ခါနီးနေပြီ ဖြစ်၏။ ထို့ကြောင့် ဤသည်က သူ့အတွက် အလွန်အရေးကြီးပေသည်။
သုံးရက်ကြာပြီးနောက် ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်ရှိ မြေလွှာခပ်ပါးပါးက တစ်စက်လေးမျှ မပြောင်းလဲသွားပေ။ အဘိုးအို၏မျက်လုံးထဲ၌ အံ့အားသင့်ဟန်အရိပ်အမြွက် ဖြစ်ပေါ်သည်။
“မုန့်မြေကမ္ဘာပုတီးစေ့သုံးစေ့ဟာ မလုံလောက်သေးဘူးလား။ သူ့ခန္ဓာကိုယ်ထဲက မြေအနှစ်သာရကို သေးငယ်တဲ့ပြီးပြည့်စုံစေမှုကိုပဲ ဖြစ်စေခဲ့တယ်…”
ထိုအဘိုးအိုသည် မျက်မှောင်ကြုတ်၏။ သူ့ဘယ်လက်ဖြင့် သူ့မျက်ခုံးနှစ်ခုကြားသို့ ဖိချသည်။ သူက အထူးနည်းလမ်းအချို့ကို အသုံးပြုကာ သဲမှုန့်သုံးမှုန့်ကို ထုတ်ယူသည်။
ထိုသဲမှုန့်သုံးမှုန့်သည် အနီရောင်ရင့်ရင့် ရှိ၏။ ယင်းတို့က သွေးဖြင့် စွန်းထင်းထားသည့်အလား။
သူ့လက်ထဲရှိ ထိုသဲမှုန့်တို့ကို ကြည့်ကာ အဘိုးအိုသည် သက်ပြင်းချသည်။ သူ၏မိသားစုများက သည်သဲမှုန့်သုံးခုကို ရဖို့အတွက် နှစ်ပေါင်းများစွာ အားစိုက်ထုတ်ခဲ့ရ၏။ ထိုသဲမှုန့်သုံးခုသည် ကောင်းကင်ဘုံဘိုးဘေး ကုန်းမြေများကို ဖန်တီးခဲ့ချိန်က မြေအနှစ်သာရနှင့် ပြည့်နှက်နေသော သဲမှုန့်ကိုးမှုန့်၏ တစိတ်တပိုင်းဟု ဆိုကြသည်။
သဲမှုန့်သုံးမှုန့်အပြင် တခြားသဲမှုန့်ငါးခုကိုမူ မြေအနှစ်သာရအတွက် လူအများက စုပ်ယူခဲ့ကြ၏။ နောက်ဆုံးတစ်ခုကမူ အင်ပါယာမြို့တော် တည်ဆောက်ထားသော နေရာရှိ ကုန်းမြေအဖြစ်သို့ ပြောင်းလဲသွားခဲ့ပေသည်။
ထိုပစ္စည်းက အလွန်အမင်း တန်ဖိုးကြီးလှ၏။ အလွန်နည်းပါးသောသူများကသာ ၎င်းကို တွေ့မြင်ဖူးသည်။ ထိုအဘိုးအိုက ဝမ်လင်းထံသို့ ၎င်းသဲမှုန့်ကို တွေဝေခြင်းမရှိ လှမ်းပစ်လိုက်၏။
ထိုသဲမှုန့် ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည့်အခါ ကျယ်လောင်စွာ တုန်ဟည်းသံ ပေါက်ကွဲထွက်သည်။ သူ၏ခန္ဓာကိုယ် ပတ်လည်ရှိ မြေအလွှာပါးက မြန်ဆန်စွာ ကြီးမားလာပြီး မကြာမီတွင် ဝမ်လင်းအား ပေကိုးဆယ်ခန့် မြေကြီးအလုံးတစ်ခုက ခြုံလွှမ်းသွားချေသည်။
ထိုမြေကြီးအလုံးထံမှ အလွန်အမင်း အားကောင်းလှသော မြေအနှစ်သာရကို ထုတ်လွှတ်နေ၏။ ၎င်းအလုံး ကြုံ့ကာ ပျောက်ကွယ်သွားဖို့ ကိုးရက်လောက် ကြာသည်။ ထို့နောက်တွင် ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ ၎င်းက ထပ်မံ ပျံ့နှံ့လာပြန်၏။ ထိုနည်းနှယ် ရှစ်ကြိမ်တိုင် ဖြစ်ပြီးနောက် ၎င်း၏ အကျိုးသက်ရောက်မှုမှာ ဆုံးရှုံးသွားတော့သည်။
သို့ပေမည့်လည်း ၎င်း၏အကျိုးသက်ရောက်မှု ဆုံးရှုံးသွားသည့်နောက် အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုက ဒုတိယမြောက်သဲမှုန့်ကို ပစ်လွှတ်လိုက်သည်။ ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ နောက်ထပ် ကျယ်လောင်စွာ မြည်ဟိန်းသံ ထွက်ပေါ်သည်။ ထို့နောက်တွင် မြေအနှစ်သာရက တဖန် စတင်လှည့်ပတ်ပြန်သည်။
သည်တကြိမ်၌ ၎င်းက ကိုးကြိမ်တိုင် လှည့်ပတ်၏။ ကိုးကြိမ် ပြည့်မောက်သွားသည့်နောက် ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ မြေအနှစ်သာရ မြောက်များစွာ မြင့်တက်လာသည်။ ကိုးခုမြောက်အနှစ်သာရ သူ၏ခန္ဓာကိုယ်တွင် ထည့်ပေါင်းသွားချေပြီ။
သို့ပေမည် ဤသည်မှာ အဆုံးသပ် မဟုတ်သေးပေ။ ကိုးခုမြောက်မြေအနှစ်သာရ ဖွဲ့စည်းပြီးနောက် ထိုသဲမှုန်၏ မြေအနှစ်သာရစွမ်းအားမှာ အားလုံး မကုန်ဆုံးသေးပေ။ ၎င်းက မြန်ဆန်စွာပင် ကိုးခုမြောက်အနှစ်သာရအတွက် အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် ဖွဲ့စည်းဖို့ အရှိန်အဟုန်နှင့် ဦးတည်သည်။
အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုက စိတ်လှုပ်တရှား ထရပ်ကာ သူ့ဘယ်လက်ကို ဝေ့ယမ်းပြီး တတိယမြောက်သဲမှုန့်ကို ဝမ်လင်းထံ ပစ်သွင်းပြန်သည်။ ထိုမြေအနှစ်သာရ မြင့်တက်လာသည့်အခါ၌ ဝမ်လင်း၏ သွေ့ခြောက်နေသော ခန္ဓာကိုယ်က ချက်ခြင်း ပြန်ကောင်းမွန်လာ၏။ သူ၏ဒဏ်ရာများအားလုံး ပပျောက်လာသည်။
သူ့မြေအနှစ်သာရက ချက်ခြင်း ချဲ့ကားကာ တတိယမြောက်သဲမှုန့်ထံမှ မြေအနှစ်သာရအားလုံးကို စုပ်ယူသည်။ထိုအခါ တတိယမြောက်အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် ဖြစ်ပေါ်မည့် အရိပ်အယောင်များ ပြသလာသည်။
သို့ပေမည့် ဝမ်လင်း၏ စိတ်ဆန္ဒမပါဘဲ သည်အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်က ပြည့်ပြည့်ဝဝ ဖွဲ့စည်းနိုင်လိမ့်မည် မဟုတ်ပါ။ ဝမ်လင်း၏မူလစိတ်ဝိညာဉ်က ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထံမှ ထွက်လာခဲ့ပါက သူသည် မြေနှင့်မိုးကြိုးအနှစ်သာရ အစစ်အမှန်ခန္ဓာကိုယ်များကို သိမ်းပိုက်နိုင်မည် ဖြစ်၏။ သူက အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သုံးခုနှင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာလေမည်။
အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သုံးခုနှင့်ဆို သူသည် စိတ်ဝိညာဉ်လေဟာနယ်အထွတ်အထိပ်အဆင့်တွင် ရှိနေသေးလျှင်ပင် သူ၏ခွန်အားကား များစွာ မြင့်တက်လာမည် ဖြစ်၏။
သည့်အပြင် ဝမ်လင်းထံ၌ အခုအခါ အနှစ်သာရကိုးခု ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်၏။ သူ၏ မူလစိတ်ဝိညာဉ် ပေါ်လာသည်နှင့် သူက ထိုအနှစ်သာရကိုးခုကို အသုံးပြုကာ ဆန်းကြယ်လေဟာနယ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်အုံးမည်ပင်။
“ဒီလူရဲ့ ခန္ဓာကိုယ်မှာ ဆန်းကြယ်အနှစ်သာရသုံးခုနဲ့ အထူးအနှစ်သာရနှစ်ခု ပိုင်ဆိုင်ထားသေးတယ်။ ကျန်တဲ့လေးခုကတော့ အထည်ဒြပ်အနှစ်သာရတွေပဲ။ ငါ့မှာ ဆန်းကြယ်အနှစ်သာရနဲ့ အထူးအနှစ်သာရတို့အတွက် အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် ဖွဲ့စည်းစေနိုင်မယ့် နည်းလမ်း မရှိဘူး။ ဒါပေမဲ့ ငါ့မှာ လေးခုမြောက်အထည်ဒြပ်အနှစ်သာရ ထပ်ပေါ်လာစေဖို့တော့ နည်းလမ်းတော့ ရှိတယ်…”
အစိမ်းရောင်ဝတ်ရုံဖြင့်အဘိုးအိုသည် စိတ်လှုပ်တရှား ဖြစ်နေချေ၏။