← Chapters

အခန်း ၁၂၉၇

Vol. 109 Ch. 1297

အခန်း ၁၂၉၇

Vol. 109 Ch. 1297

အခန်း ၁၂၉၇ -ချီဖူဖန်းထံမှ သတင်း ... ။

“ ဝုန်း ... ။ ”

ရုတ်တရက် မြစ်ရေအတွင်းမှ ငါးကြီးတစ်ကောင် ဝုန်းခနဲတိုးထွက်လာပြီး တစ်စုံတစ်ရာကို အန်ထုတ်ပစ်လိုက်သည်။

ဤသည်မှာ အနက်ရောင်ဝတ် အမျိုးသားတစ်ဦးပေပင်။ အရိုးတည်ဆောက်ပုံ အရ သန်မာသော်လည်း ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ အလွန်ပိန်ပါးလှပြီး အချိန်ကာလ၏ ရင့်ရော်မှု အမှတ်အသားများ ပေါ်လွင်နေသည်။

သူသည် အပြင်းအထန် ဒဏ်ရာ ရရှိထားသည်မှာ ထင်ရှားသည်။ မျက်နှာသည် ဖြူဖျော့နေပြီး သွေးများခြောက်နေသော ဓားဒဏ်ရာတစ်ခုကျော်ပြင်၌ ထင်နေ၏။

“ အား ... ။ ”

အနက်ဝတ်လူသည် မြေပြင်မှ ထရပ်လိုက်စဉ် ဒဏ်ရာကို မတော်တဆထိမိ လိုက်သောကြောင့် တွန့်လိမ်သွားရသည်။

“ ကံကောင်းတယ် ... ဒီတစ်ခေါက် လိုက်လံသတ်ဖြတ်မှုကနေ လွတ်မြောက်မယ် မထင်ခဲ့မိဘူး ... ။ ”

အနက်ဝတ်သူက စိတ်သက်သာရာရသွားဟန်ဖြင့် ရေရွတ်လိုက် လေသည်။ စုရီသည်သာ ထိုသူကိုမြင်သော် ချီဖူဖန်းအဖြစ် ချက်ချင်း မှတ်မိပေလိမ့်မည်။

စုရီသည် ချီဖူဖန်းကို ကျင်းပြည်နယ်ရှိ အဖြူရောင်သမင်တောင်၌ ပြန်၍တွေ့ဆုံခဲ့ရကာ တာဝန်တစ်ခု ထပ်မံပေးအပ်လိုက်လေသည်။

ယင်းသည် နဂါးခြင်္သေ့မျိုးနွယ်အတွက် နောက်ကွယ်မှတရားခံကို စုံစမ်းပေးရန်အတွက် ဖြစ်ချေ၏။

ယခုအခါတွင် ချီဖူဖန်းသည် အဖိုးတန်လှသော သဲလွန်စအချို့ကို အမှန်ပင် စုံစမ်းတွေ့ရှိခဲ့ရပြီဖြစ်သည်။ သို့သော် အကျိုးဆက်မှာ သေလုမျောပါးပေပင်။

“ ဟမ့် ... ။ ”

ရုတ်တရက် ဝေးလံသော ကောင်းကင်ယံတွင် လေခွင်းသံများ ထွက်ပေါ် လာသည်။ ဓားသမားတစ်စုသည် အလင်းတန်း အလား ရောက်ရှိလာခြင်းဖြစ်၏။

“ ဟမ့် ... ဒီကောင်တွေ လက်မလျော့သေးဘူးလား။ ”

ချီဖူဖန်းခမျာ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး လှည့်ထွက်ကာ ထွက်ပြေးရန် ပြင်လိုက်တော့သည်။

တစ်ဆက်တည်းမှာပင် စုရီပေးထားသော ဓားတံဆိပ်တစ်ခုကိုလည်း ထုတ်ယူလိုက်သည်။ ဤသည်မှာ စုရီပေးထားသော တံဆိပ်ဖြစ်၏။

အသက်အန္တရာယ်ကြုံလာသော် အသက်သွင်းခြင်းဖြင့် သူ့လမ်းကိုဖယ်ရှားနိုင် ပေမည်။

ကျောက်စိမ်းအလင်း မြင့်မြတ်မြေ။ ပထမတန်းစား ရှေးဟောင်းကောင်းချီးမင်္ဂလာ နယ်မြေအတွင်း စုရီတစ်ယောက် ငြိမ်သက်စွာ တရားထိုင်နေသည်။

ဤတစ်ကြိမ်တွင် ဝိညာဉ် တစ်သောင်းဂိုဏ်းကို ဖျက်ဆီးခြင်းမှ ရရှိခဲ့သော ရတနာများနှင့် အရင်းအမြစ်များသည် အလွန်အမင်း များပြားလှလေသည်။

သူသည် သူတော်စင်အင်မော်တယ် အဆင့်သို့ တက်ရောက်လာပြီးနောက် သာမန် အင်မော်တယ်ဘုရင်အဆင့် ဆေးဖက်ဝင် အပင်များမှာ အသုံးမဝင်တော့ချေ။

သို့သော် မည်သို့ပင် ဆိုစေကာမူ ဤရတနာများကို ထာဝရညအကယ်ဒမီအတွက် တည်ထောင်ရာတွင် ပြန်လည်အသုံးချနိုင်မည်။

ဝိညာဉ်တစ်သောင်းဂိုဏ်းသည် တကယ်ပင် ကြွယ်ဝသော ဂိုဏ်းကြီးပေပင်။ နှစ်အနည်းငယ် အတွင်း ရတနာများစွာကို စုဆောင်ထားနိုင်၏။

ထို့ပြင် မြင့်မြတ်မြေသုံးပါးမှလည်း တန်ဖိုးကြီးသော လက်ဆောင်များကို အသီးသီး လာရောက် ပေးအပ်ထားခဲ့ကြသည်။

ထိုရတနာများသည် သူတော်စင် အင်မော်တယ်ရတနာများနှင့် ၎င်းအထက် ရတနာများဖြစ်ချေ၏။

သူတို့အတွက်မူ ဝိညာဉ်တစ်သောင်း ဂိုဏ်းကြီးကို ဖယ်ရှားပေးခြင်းသည်ကြီးစွာသော ကောင်းမှုဖြစ်ချေပြီ။

ကျောက်စိမ်းအလင်း မြင့်မြတ်မြေသည်ပင် သူတော်စင်အောက်ရတနာများကို သိမ်းယူကာ သူတော်စင်နှင့်အထက် ပစ္စည်းများဖြင့် အစားထိုးလက်ဆောင်ပေးခဲ့ကြ၏။

“ ဖရူး ... ။”

တစ်ဖက်တွင် ကောင်းကင်ဆန္ဒ ဆေးမီးဖိုသည် သင်းပျံ့သောရနံ့များထုတ်ပြကာ ဆေးလုံးအချို့ အန်ထုတ်လာသည်။

ဤကာလအတွင်း သူသည် အရမ်းအလုပ်များခဲ့၏။ တောင်ငယ်တစ်ခုကဲ့သို့ ပုံနေသော အဖိုးတန်ပစ္စည်းများကို ဆေးပြားများ သို့မဟုတ် လက်နက်များအဖြစ် မနားတမ်း သန့်စင်ပေးခဲ့ရသည်။

သူ့ကဲ့သို့ပင် ပြင်ပရှိ ကျောက်စိမ်းမြင့်မြတ်မြေသည်လည်း အလွန် အလုပ်များနေ၏။

ဝိညာဉ်တစ်သောင်းဂိုဏ်း၏ အကြွင်းအကျန်များကို လိုက်လံဖမ်းဆီးရန်နှင့် လက်အောက်ခံ နယ်မြေများရှိ အရင်းအမြစ်များ အပေါ် လိုက်လံသိမ်းယူနေရသည်။

ဝေလငါးတစ်ကောင် လဲပြိုလျှင် အရာအားလုံး အသက်ဝင်လာသည်ဟူသကဲ့သို့ ဝိညာဉ်တစ်သောင်းဂိုဏ်း ပျက်စီးသွားခြင်းမှ ခေါင်းဆောင်မဲ့သွားသော အင်အားစုများကို သူတို့လက်အောက်သို့ စုစည်းစေခဲ့၏။

နှစ်ရက်အကြာတွင်။ စုရီသည် တရားထိုင်ရာမှ နိုးထလာသည်။ သူ့ဒဏ်ရာများ လုံးဝပျောက်ကင်းသွားပြီး ကျင့်ကြံမှုတွင်လည်း သိသိသာသာ တိုးတက်နေတော့၏။

အထူးသဖြင့် ကမ္ဘာတစ်သောင်း နတ်သစ်ပင်လေး၏အကူအညီနှင့် တာအိုများကို သူတော်စင်အဆင့်သို့ မြင့်တင်လာနိုင်ပြီဖြစ်၏။

အင်မော်တယ်နယ်ပယ်၏ အဆင့်လေးဆင့်တွင် အမည်ခံအင်မော်တယ်နှင့် ဗလာ နယ်ပယ်အဆင့်သည် အုတ်မြစ်ကို တည်ဆောက်ရ၏။

သူတော်စင်အဆင့်တွင်မူ တာအိုကို သူတော်စင်အဆင့်ထိ သန့်စင်ခြင်း ဖြစ်သည်။ အများစုသည် ဤအဆင့်တွင် သူတော်စင် တာအိုကို မသန့်စင်နိုင်သဖြင့် ကျင့်ကြံမှုမှာ ရပ်တန့်ကုန်ကြ၏။

ကြိုးစားအားထုတ်မှုနှင့် ဆေးဘက်ဝင်အပင်များ သောက်သုံးခြင်းသည် ကျင့်ကြံမှုထံ တိုးတက်စေသော်လည်း တာအိုကို သန့်စင်ရာ၌မူ အသုံးမဝင်တော့ချေ။

ဤအဆင့်သည် ကျင့်ကြံသူတစ်ဦး၏ ပါရမီ၊ဇွဲနှင့် ကြိုးစားအားထုတ်မှုကိုစမ်းသပ်ခြင်း ဖြစ်သည်။ အရည်အသွေးမြင့်မားသော နိယာမ အချို့ကို ကျွမ်းကျင်အောင်မလုပ်နိုင်ပါက အင်မော်တယ်ဘုရင် ဖြစ်လာရန် အခွင့်အလမ်း ဆုံးရှုံးမည်ဖြစ်၏။

သို့သော် ဤသို့သောအခက်အခဲသည် စုရီအတွက်မူ အတားအဆီး မဟုတ်ချေ။ သူတွင် ‘တာအိုအားလုံးမူလသို့ပြန်ခြင်း’ဟူသော နည်းလမ်း ပိုင်ဆိုင်ထား၏။

“ ..... ။ ”

ရုတ်တရက် စုရီက တံဆိပ်တစ်ခုကို ထုတ်ယူကာ နတ်အာရုံဖြင့် စစ်ဆေးလိုက်သည်။ အတွင်း၌ ချီဖူဖန်းတစ်ယောက် ထာဝရည အကယ်ဒမီတွင် တွေ့ဆုံရန် ချိန်းဆိုထားသော သတင်းပေပင်။

နဂါးခြင်္သေ့မျိုးနွယ်စု ပျောက်ကွယ်ရသည့် သတင်းစုံစမ်းစစ်ဆေးရာတွင် ရန်သူများထံပါးမှ မဆုတ်မနစ် လိုက်လံရှာဖွေနှုတ်ပိတ်မှုကြောင့် ဓားတံဆိပ်ကိုသုံးခဲ့ရပြီး အန္တရာယ်ကင်းစွာ စောင့်ဆိုင်းနေကြောင်း တင်ပြထား၏။

“ ဟမ့် ... နဂါးခြင်္သေ့မျိုးနွယ်စု ပျက်စီးရတဲ့အကြောင်းရင်းကို စုံစမ်းတာက ချီဖူဖမ်းကို တကယ်ပဲကပ်ဘေးတစ်ခုနဲ့ ကြုံတွေ့စေရတာလား။ ”

စုရီတစ်ယောက် တံဆိပ်ကိုကိုင်ကာ မျက်မှောင်ကြုတ်လိုက်သည်။ မူလက သူသည် ဤနေရာတွင် ခဏတာ တံခါးပိတ်ကျင့်ကြံရန် စီစဉ်ထားသော်လည်း ရပ်တန့်ရပေတော့မည်။

တွန့်ဆုတ်ခြင်းမရှိ မတ်တပ်ထရပ်ပြီး လျှို့ဝှက်နယ်မြေမှ လှမ်းထွက်လာခဲ့လေသည်။ ခမ်းနားလှသော ခန်းမကြီးတစ်ခုအတွင်းတွင် ထျန်ရွှမ်ကျိသည်လည်း ပြုံးရယ်လျက် ဝိုင်သောက်နေ၏။

မီးတောက်လင်းယုန်သည် ဝိညာဉ်အသားများကို စားသောက်နေခဲ့ကာ အင်မော်တယ်ဘုရင်ခုန်ရီမှ ပြုံးရွှင်စွာ ဧည့်ခံနေသည်။

ယင်ရှုတစ်ယောက် စီနီယာများ စားပွဲဝိုင်းတွင် တိတ်ဆိတ်စွာထိုင်နေစဉ် စုရီ ရောက်ရှိလာသည်ကို မြင်သောအခါ ဦးစွာ မော့ကြည့်လိုက်လေသည်။

စုရီမှ စကားတစ်ခွန်းမျှ မဆိုဘဲ မီးတောက်လင်းယုန်ကို တိုက်ရိုက်ကြည့်ကာ၊

“ ရမ္မက်ကြီးတဲ့ငှက်လေး ... ငါ့ကို ထာဝရညအကယ်ဒမီဆီ လိုက်ပို့ပေးပါ။ ”

-ဟု အမိန့်ပေးလိုက်သည်။

မီးတာက်လင်းယုန်မှ တွန့်ဆုတ်ခြင်းမရှိ သဘောတူလိုက်သည်။ မည်သူသည် ဝမ်ယဲ့ကို အလုပ်အကျွေးပြုရန် ငြင်းဆန်ဝံ့မည်နည်း။

“ အဖိုးကြီးဝမ် ... တစ်ခုခု ဖြစ်သွားလို့လား။ ”

ထျန်ရွှမ်ကျိက စုရီမျက်နှာအမူအရာကို မော့ကြည့်ကာ မမေးဘဲ မနေနိုင်ခဲ့ချေ။ စုရီမှ ခေါင်းရမ်းပြကာ၊

“ ဘာမှ မစိုးရိမ်နဲ့ ... ငါကိုယ်တိုင် ကိုင်တွယ်နိုင်တယ်။ ”

-ဟု တုန်ပြန်ကာ လှည့်ထွက် သွားတော့သည်။ မီးတောက်လင်းယုန်မှလည်း ခန်းမကြီးထွက်ပေါက်ထံ ဦးတည်လိုပ်ပါလာ၏။

“ ဖရူး ... ။ ”

များမကြာမီ ကျယ်လောင်သော အသံနှင့်အတူ ပေတစ်ထောင်ခန့် မြင့်မားသည့် လင်းယုန်ကြီးတစ်ကောင် ပေါ်လာသည်။

စုရီက ‌ကျောပြင်ပေါ် ခုန်တက်ကာ အဝေးသို့မျှော်ကြည့်လိုက်၏။ မီးတောက်များ တောက်လောင်လာကာ မီးတောက်လင်းယုန်မှ မိုးကုပ်စက်ဝိုင်းထံသို့ လှစ်ခနဲပျံသန်းသည်။

မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။ ထျန်ရွှမ်ကျိမှ သက်ပြင်း တိုးတိုးလေးချသည်။

“ ဒီတစ်ခါတော့ ဘယ်သူတွေ ကံဆိုးကြဦးမလဲ မသိဘူး။ ”

စုရီတစ်ယောက် စိတ်ဆိုးနေသည်ကို သူမြင်နိုင်၏။ တစ်စုံတစ်ယောက် ကံဆိုးမှုနှင့် ကြုံတွေ့ရန် ကံကြမ္မာက ပြဋ္ဌာန်းထားချေပြီ။

“ ဒီတစ်ကြိမ် ခွဲခွာပြီးရင် ... ဧကရာဇ်သခင်ကို ဘယ်တော့များမှ ပြန်တွေ့ နိုင်ဦးမလဲ မသိဘူး ... ။ ”

ယင်ရှုက ဝမ်းနည်းစွာ ပြောလိုက်သည်။ ဤမတိုင်မီ တစ်ဖက်လူသာ ထွက်လာခဲ့ပါက လမ်းညွှန်ချက်အချို့ တောင်းခံလိုခဲ့၏။ ယခုအခါ ထိုအခွင့်အရေး မရှိတော့ချေ။

“ တစ်နေ့နေ့တော့ ငါတို့ ပြန်ဆုံရမှာပါ။ ”

အင်မော်တယ်ဘုရင် ခုန်ရီမှ ညင်သာစွာ ပြောလိုက်သည်။ သို့သော် ထာဝရညဧကရာဇ် ကဲ့သို့ ပုဂ္ဂိုလ်မျိုးသည် ခေါင်းကိုသာမြင်နိုင်ပြီး အမြီးကိုမမြင်ရသော နဂါးတစ်ကောင်ပေပင်။

ယနေ့ ထွက်ခွာသွားပြီးနောက် မကြာမီအချိန်အတွင်း ပြန်လည်တွေ့ဆုံရန် ခက်ခဲချေ၏။

“ ကောင်မလေး ... အတွေးလွန်မနေနဲ့ စီနီယာက မင်းရဲ့ဘိုးဘေးနဲ့ ခေတ်ပြိုင်တစ်ဦးပဲ သူ့မျက်လုံးထဲမှာ မင်းက အရမ်းငယ်လွန်းတဲ့ ကလေးတစ်ယောက်ပဲ ရှိသေးတယ်။ ”

ထျန်ရွှမ်ကျိမှ ယင်ရှုကို သတိပေးလိုက်သည်။ ယင်ရှုတစ်ယောက် မျက်နှာနီရဲသွားပြီး၊

“ ဒါက ... ဧကရာဇ်ကို လေးစားရတဲ့ စီနီယာတစ်ယောက်လို့မြင်တာပါ ဘယ်လိုလုပ် အခြားအတွေးတွေ ရှိနိုင်မှာလဲ။ ”

-ဟု တုန့်ပြန်လိုက်သည်။ သို့သော် သူမ စကားသည်မဆုံးသေးချေ။ တစ်ယောက်တည်း စိတ်ထဲမှလည်း တီးတိုး ရေရွတ်နေခဲ့၏။

( ဧကရာဇ်က အသက်(၃၀)အရွယ် လူငယ်အဖြစ် ပြန်လည်ဝင်စားပြီးပြီဖြစ်လို့ အခု ငါ့လိုလူငယ်တစ်ယောက် မဟုတ်လား။ )

တစ်ချိန်တည်းမှာပင် စုရီသည်လည်း မီးတောက်လင်ယုန်ငယ်ပေါ်တွင် စီးနင်းလျက် အလျင်လိုနေခဲ့သည်။

ဤငှက်သည် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဟုန်ဖြင့် ကောင်းကင်ကို ဖြတ်သန်းကာ မိုးကြိုးလျှပ်စီးကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေသည်။

သူ့ကျင့်ကြံမှုသည် အင်မော်တယ်ဘုရင် အထွတ်အထိပ်ဖြစ်ပြီး မွေးရာပါလျင်မြန်သော အဟုန်ကို ပိုင်ဆိုင်ထား၏။

ထိုအမြန်နှုန်းအတိုင်းဆိုသော် တစ်ရက်အတွင်း ထာဝရညအကယ်ဒမီသို့ ရောက်ရှိနိုင်မည်။

“ ဓားတစ်သောင်း အင်မော်တယ်ဂိုဏ်းက တကယ်ပဲ သတ္တိရှိနေတာလား။ ”

စုရီက အချက်အလက်များကို ပြန်ပြောင်းသုံးသပ်နေခဲ့သည်။ ဓားတစ်သောင်း အင်မော်တယ်ဂိုဏ်းဟူသည် တစ်ချိန်က သူ့မိတ်ဆွေတစ်ဦး၏ အင်အားစုဖြစ်၏။

အဘယ်ကြောင့် ဤသို့ ပြုလုပ်ခဲ့သည်ကို နားမလည်နိုင်သေးချေ။ သည်ပြင် ထိုဂိုဏ်းသည် သူ့ကို လုပ်ကြံသတ်ဖြတ်ရာ၌လည်း ပါဝင်ထား လေသည်။

ဓားတစ်သောင်း အင်မော်တယ်ဂိုဏ်း၏ ‘ဓားကျောက်တိုင်’သည်ပင် ဝမ်ယဲ ထားခဲ့သော လက်ဆောင်တစ်ခု ဖြစ်၏။

တစ်ရက်အကြာတွင် တိမ်ထူထပ်ပြီး မှောင်မိုက်နေသော မိုးတိမ်များ ဖုံးလွှမ်းနေသည့် ဖူရှင်းတောင်သို့ ရောက်ရှိလာသည်။

“ ကောင်းပြီ ... လုံလောက်ပြီ။ ”

စုရီက မီးတောက်လင်းယုန်ကို ပြောကြားကာမြေပြင်ပေါ် ဆင်းသက်လိုက် တော့၏။ ထို့နောက် ကောင်းကင်ဆန္ဒမီးဖိုထံမှ အင်မော်တယ်ဘုရင်အဆင့် ဆေးပြားတစ်ပြား ထုတ်ယူကာ ပစ်ပေးလိုက်သည်။

“ မင်း ပြန်လို့ရပြီ။ ”

မီးတောက်လင်းယုန်တစ်ယောက် ခရီးအဝေးကြီးကို ပျံသန်းလာရသဖြင့် မောပန်း နေပြီဖြစ်ရာ ဆေးပြားတစ်ပြားကို ပါးစပ်ဟကာ မျိုချလိုက်ရသည်။ ထိုစဉ် စုရီပုံရိပ်သည် ဖူရှင်းတောင်တန်းထံသို့ ပျံသန်းဝင်ရောက်ကာ ပျောက်ကွယ်သွားပြီ ဖြစ်ချေ၏။

***

All Chapters