အခန်း ၁၂၉၈
Vol. 109 Ch. 1298
အခန်း ၁၂၉၈ -
ကျင့်ကြံမှုကို အလောတကြီး မြင့်တင်ခြင်း ... ။
နှစ်ရက်အကြာတွင် ရိုးရှင်းသော အဝတ်အစားများနှင့် ဆံထိုးငယ်တစ်ချောင်း ကိုင်ဆောင်ထားသော အမျိုးသမီးတစ်ဦးသည် အဝေးရှိ တောင်ကြီးထံ မျှော်ကြည့်နေ၏။ သူမဘေးတွင် ခွေးဝါကြီး တစ်ကောင်ပါ ရှိလေသည်။
ဤသည်မှာ စစ်မှန်သောပုဂ္ဂိုလ် ဟုန်ယွမ်ဖြစ်သည်။ မကြာသေးမီက သူတို့သည် အခက်အခဲများစွာကို ဖြတ်ကျော်ကာ အင်မော်တယ်မြေသို့ ရောက်ရှိလာခဲ့၏။
လမ်းခရီးတွင် ပြင်းထန်သော အာကာသမုန်တိုင်းများကြောင့် သူမသည်ပင် ဒဏ်ရာများ ပြင်းစွာရရှိလာသည်။
ထိုဒဏ်ရာများကို ကုသရန် ဆိတ်ငြိမ်သောအရပ်သို့ ရှာဖွေကာ ကုသခဲ့ရ၏။ ယနေ့တွင် လုံးဝပျောက်ကင်း သွားပြီ ဖြစ်ရာ ခရီးဆက်ရန် ပြင်ဆင်လာခြင်းပေပင်။
စုရီသည် သေမျိုးလောကတွင် ကျောက်စိမ်းပြားတစ်ပြား ပေးအပ်ခဲ့ပြီး ခွန်ဝူ နတ်ဘုရားသစ်ပင်ပေါ် ထားရှိပေးရန် တောင်းဆိုခဲ့ဖူးသည်။
တာအိုစုသည် သုံးနှစ်အတွင်း ကောင်းကင်ဘုရင်များကိုပင် နှိမ်နင်းနိုင်သော ခွန်အားပိုင်ဆိုင်လာကြောင်း ကြားသိပြီးနောက် သူမသည်ပင် အံ့အားသင့်ရသည်။
“ မိန်းကလေး ... မျိုးနွယ်စုဝင်တွေကို ဆက်သွယ်လို့ရရဲ့လား။ ”
ထိုစဉ် ရှင်းချွဲသည် ခေါင်းမော့ကာ ရုတ်တရက်မေးမြန်းလာလေသည်။ ဟုန်ယွမ်မှ ခေါင်းရမ်းပြကာ၊
“ မရဘူး ဓမ္မအဆုံးခေတ်မှာ အများကြီးဖြစ်ပျက်ခဲ့ပုံရတယ် ... ဒီနေ့ခေတ် အင်မော်တယ်မြေဟာ ငါတို့ သိထားတဲ့ ပုံစံ မဟုတ်တော့ဘူး … ။ ”
-ဟု ညင်သာစွာ ပြန်ဖြေသည်။
သူမမျိုးနွယ်မှာ နန်ရွှမ်းနင်မျိုးနွယ်စု ဖြစ်သည်။ ထိုစဉ်အချိန်က သူမ၏ဘိုးဘေးသည် ဗဟိုအင်မော်တယ် ရုံးတော်ကို အုပ်ချုပ်ခဲ့သော သတ္တမမြောက်ဧကရာဇ်ပေပင်။
ဓမ္မအဆုံးခေတ်တွင် သူတို့မျိုးရိုးသည် အင်အားစုနှစ်ခုခွဲကာ ရှောင်တိမ်းရန်ကြိုးစားခဲ့ ရသည်။ ပထမအုပ်စုသည် အန္တရာယ်များသော ခရီးစဉ်ကို ဖြတ်သန်းကာ သေမျိုးလောကသို့ ပုန်းအောင်းခြင်းဖြစ်၏။
ကျန်အင်အားစုသည် ရှင်သန်ရပ်တည်ရေးအတွက် အချိန်မြစ်ကြီးထံ ခရီးဆက်ခဲ့သည်။ ယခုမူ အင်မော်တယ်မြေတွင် သူမ၏ မျိုးနွယ်စုဝင် တစ်ယောက်မျှ မကျန်တော့ကြောင်း သိရှိလာ၏။
“ ဒါဆို ဧကရာဇ်သခင်ကို အရင်သွားရှာကြရအောင် ... ။ ”
ရှင်ချွဲက စိတ်အားထက်သန်စွာ အကြံပြုလာသည်။ သူတို့သည် အင်မော်တယ် နယ်မြေသို့ ခြေချလိုက်သည်နှင့် စုရီ၏ ဂုဏ်သတင်းကို ဦးစွာကြားခဲ့ရ၏။
ထိုကလေးသည် အမှန်ပင် ဝမ်ယဲ့ဝင်စားသူဖြစ်ချေပြီ။ မယုံနိုင်စရာပေပင်။ ထိုစဉ်က သူ့မောက်မာမှုများသည် တစ်ဖက်လူ အမြင်၌ မည်မျှ ရယ်စရာကောင်းနေကြောင်း မတွေးတက်အောင်ပေပင်။
ဟုန်ယွမ်သည်ပင် စုရီကို ဓားရူးအဖြစ်သာ ထင်မှတ်ခဲ့သည်။ ယခု သူမ မည်မျှ ညံ့ဖျင်းလှပြီး နုံအခဲ့ကြောင်း မြင်နိုင်၏။
အင်မော်တယ်ဘုရင် ခေါင်းဆောင် ဓားရူးဆိုသူသည် သည်မျှမြင့်မြတ်လွန်းလှသော ဧကရာဇ်သခင်ကို မည်သို့ယှဉ်နိုင်မည်နည်း။
ခေတ်တစ်ခေတ်ကို အုပ်စိုးခဲ့သော ခေတ်၏သခင်တစ်ပါးဟူသည် အမှန်တကယ် အထွတ်အထိပ် အတုမဲ့အုပ်စိုးရှင်ပေပင်။
ဓားရူးအယောက်တစ်ရာ ပေါင်းထည့်ခဲ့လျှင်ပင် အရည်အချင်းပြည့်မီမည် မဟုတ်ချေ။ အငြင်းပွားဖွယ်မရှိ ဧကရာဇ်များ၏ သခင်ဖြစ်၏။
“ ကောင်းပြီ ... ခွန်ဝူသစ်ပင်ကို ရှာပြီးရင်ငါတို့ ဧကရာဇ်သခင်ဆီ သွားပြီးတော့ ဂါရဝပြုကြမယ်။ ”
ဟုန်ယွမ်မှ အတည်ပြုလိုက်သည်။ ရှင်ချွဲတစ်ယောက် အမြီးကို နှံ့ကာ စိတ်လှုပ်ရှား နေတော့၏။
ထာဝရညအကယ်ဒမီ အပျက်အစီးမြေ မြေအောက်နန်းတော်တွင် စုရီသည် ချီဖူဖန်းနှင့် တွေ့ဆုံနေ၏။ သူတို့ဘေးတွင် အင်မော်တယ် ဘုရင်လျူယွင်၊ ဖန်မောင်နှစ်မနှင့် လူအချို့ရှိနေသည်။
“ အင်မော်တယ်နယ်မြေဟာ မကြာခင် မငြိမ်မသက်ဖြစ်လာတော့မှာ သေချာနေပါတယ် ငါ့ရန်သူတွေက မင်းတို့ကို သေချာပေါက် အလိုရှိလာလိမ့်မယ် ဒါကြောင့် အားလုံးဒီမှာ နေပြီးတော့ ကျင့်ကြံကြပါ။ ”
စုရီက ဝိုင်တစ်ခွက်ကို မော့သောက်ကာ ပြောကြားလိုက်၏။ ချီဖူဖန်း၏ တွေ့ရှိချက်အရ ဓားတစ်သောင်း အင်မော်တယ်ဂိုဏ်းမှ ဘိုးဘေး ထွက်ခွာပြီးနောက် ဂိုဏ်းချုပ်ရာထူးတွင် အပြောင်းအလဲဖြစ်ခဲ့သည်။
ထို့ကြောင့် ထိုဂိုဏ်းသည် ယခင်ကဲ့သို့ ရပ်တည်ချက်မျိုးမရှိတော့ဘဲ ဝမ်ယဲ့ဝင်စားသူကို လိုက်လံရှာဖွေရာတွင် ပါဝင်လာခြင်းဖြစ်သည်။
သည့်ပြင် နဂါးခြင်္သေ့မျိုးရိုးကိုလည်း သူနှင့်အတူ ရန်သူများထံ လက်နက်ချအညံ့ခံပြီး ဝမ်ယဲ့၏ လျှို့ဝှက်ချက်များ ထုတ်ဖော်ရန် တောင်းဆိုခဲ့သည်။
သို့သော် နဂါးခြင်္သေ့မျိုးရိုးသည် ထိုသို့သောသစ္စာဖောက်မှုမျိုးကို ရွံရှာသဖြင့် ပြင်းပြင်ထန်ထန် ငြင်းဆန်လိုက်၏။
ဤနည်းဖြင့် ဓားတစ်သောင်း အင်မော်တယ်ဂိုဏ်းနှင့် ထိုက်ချင်ဂိုဏ်းကဲ့သို့ ဂိုဏ်းကြီးငါးဂိုဏ်းပူးပေါင်းကာ တစ်ညတည်း ဝင်ရောက် စီးနင်းဖျက်ဆီးခဲ့ခြင်းဖြစ်ချေပြီ။
ပစ်မှတ်အားလုံးသည် ဝမ်ယဲ့ထံ ဦးတည်နေသောကြောင့် ဤသတင်းသည် စုရီ အပေါ် များစွာ မသက်မသာဖြစ်စေခဲ့သည်။
ထို့ကြောင့် သူ့ကျင့်ကြံမှု တိုးတက်ရန် များစွာအလျင်လိုလာပြီဖြစ်၏။ အထူးသဖြင့် နတ်ဘုရားသားတော်ကို လမ်းညွှန်ပေးနေသည့် ဝိညာဉ်တစ်သောင်းဂိုဏ်းကဲ့သို့ အခြားသော နတ်ကျွန်များစွာရှိနေနိုင်သည်။
များမကြာခင် အင်မော်တယ်မြေတွင် နတ်ဘုရားသားတော်များကို မြင်လာတော့မည် ဖြစ်၏။ ထိုအချိန်တွင် အဆိုပါ သားတော်များမှာ သေချာပေါက်သူ့ထံ ဦးတည်သော ပစ်မှတ်များ ဖန်တီးလာပေမည်။
ဆိုလိုသည်မှာ သူ့တွင် တံငါသည်ကဲ့သို့ ရန်သူများနှင့် ဝမ်ယဲ့ဘဝရန်သူဟောင်းများကို ရင်ဆိုင်ရန် လိုအပ်နေပြီဖြစ်၏။
ကောင်းကင်တာအို ပြောင်းလဲမှုတွင် ဟွမ်ထျန်းကဲ့သို့ တွင်းအောင်းဖားအိုများမှလည်း သေချာပေါက် ရပ်ကြည့်နေမည် မဟုတ်ချေ။
သစ်ရွက်များကြွေကျခြင်းဖြင့် ဆောင်းဦးရာသီရောက်ရှိတော့မည်ကို မှန်းဆ နိုင်သလို သိရှိရသမျှ အချက်အလက်များအရ မုန်တိုင်းကြီး တိုက်ခတ်လာနေပြီဖြစ်၏။
ထိုအချိန်တွင် အမြင့်ဆုံးလှိုင်းများကို ဖန်တီးထားသော သူသည် မုန်တိုင်း၏မျက်လုံး ပေပင်။ ဤသို့ရှုပ်ထွေးမှုများကြား သူ့အနားရှိ လူအများမှာ ဧကန်စင်စစ်ညိတွယ်ကြပေမည်။
သူတို့အားလုံးကို ကာကွယ်ရန် မဖြစ်နိုင်သော်လည်း တတ်နိုင်သမျှ ကြိုးစားရ ပေမည်။ ထို့နောက်တွင် တစ်ယာက်တည်း ကျင့်ကြံခြင်းထဲ နစ်မြုပ်သွားတော့သည်။
နွေဦးနှင့် ဆောင်းဦး အာကာသသည် ဖရိုဖရဲစွမ်းအင်များဖြင့် ပြည့်နှက်လွန်းနေသော နယ်မြေတစ်ခုဖြစ်သည်။ ထိုနယ်မြေသည် သဘာဝအတိုင်း မွေးဖွားလာသည့် ရတနာနယ်မြေဖြစ်၏။
အတွင်းရှိ အချိန်သည် ရပ်တန့်နေသည့် အလား နှေးကွေးလေသည်။ နယ်မြေအတွင်းရှိ တစ်နှစ်သည် ပြင်ပတွင် တစ်ရက်ဖြစ်ချေ၏။
တစ်ချိန်က ဝမ်ယဲ့သည် အချိန်မြစ်ကို စူးစမ်းလေ့လာစဉ် ဤမျှအံ့ဖွယ်အာကာပြင်ပေါ် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဤနည်းဖြင့် ထိုအာကာပြင်ကို အလုံပိတ်လိုက်ကာ ထာဝရညအကယ်ဒမီထံ သူ ယူဆောင်ခဲ့ခြင်းဖြစ်၏။
အချိန်များတရွေ့ရွေ့ ကုန်ဆုံးလာနေသည်။ အာကာပြင်အတွင်း စုရီတစ်ယောက်(၃)နှစ်တိုင် ကုန်ဆုံးသွား၏။
ဤကာလအတွင်း တာအိုများကို သူတော်စင်အဆင့်မြင့်တင်ကာ ကျင့်ကြံမှုအပေါ် အလယ်အလတ်သူတော်စင်အဆင့်ထိ ရယူနိုင် ခဲ့လေသည်။
ဆိုလိုသည်မှာ ကျင့်ကြံမှုသည် ခွက်အပြည့် ရေများလျှံကျနေသည့်အလား စီးဆင်းနေသဖြင့် လွယ်ကူခဲ့ခြင်းဖြစ်လေသည်။
ယင်းသည် အဆုံးမဟုတ်ချေ။ အလယ်အလတ်ပြီးပြည့်စုံမှုသို့ ဆိုက်ရောက်ကာ နောက်ဆုံးအဆင့်ထိ တက်ရောက်နိုင်ရန် ခြေတစ်လှမ်းသာ လိုလာခဲ့၏။
ယင်းကြောင့် စုရီသည် အတင်းအကျပ် မလုပ်တော့ဘဲ ဓားတာအိုကို ပြန်လည်သန့်စင် သုံးသပ်ရန် နောက်ထပ်(၃)နှစ်အချိန်ယူသည်။
ဤနှစ်များအတွင်း ကောင်းကင်ဆန္ဒ ဆေးမီးဖိုသည် သူ စုဆောင်းထားသမျှ ရတနာ အားလုံးကို အသွင်ပြောင်းပေးခဲ့၏။
အင်မော်တယ်ဘုရင် အဆင့် ဆေးပြားများနှင့်၊ အင်မော်တယ်ဘုရင်အဆင့် လက်နက်များပေပင်။
တစ်ဖက်တွင် ကောင်းကင်ဆန္ဒ ဆေးမီးဖိုသည်လည်း သိသာထင်ရှားလှသော ပြောင်းလဲမှုများ ပေါ်လာခဲ့သည်။
ထိပ်တန်းအဆင့် ဆေးဝါးများကို ဆေးဖော်စပ်ခအဖြစ် အသုံးပြုခွင့်ရရှိခြင်းသည် အမှန်ပင် အကျိုးရှိခဲ့ချေပြီ။
များမကြာမီ ဆယ်နှစ်ကုန်လွန်လာ၏။ စုရီ၏ကျင့်ကြံမှုသည် သူတော်စင်အင်မော်တယ် နှောင်းပိုင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့လေသည်။
ထို့ပြင်သေမျိုးဓားသည်လည်း အပြာရောင်မှသည် နက်ရှိုင်းသောကောင်းကင် အလား နက်ပြာရောင်ဖြစ်လာ၏။
၎င်း၏စွမ်းအားသည် ယခင်ကထက် အနည်းဆုံး(၅၀%) ပိုမိုအားကောင်းလာခဲ့သည်။ အခြားတစ်ဖက်တွင် သူ့အတွက် သက်သာရာ ရစေသည်မှာ လဲ့ကျိဝိညာဉ်သည် အနည်းငယ် ပြန်လည်ကောင်းမွန်လာခြင်းဖြစ်၏။
အတိတ်မှတ်ဉာဏ်များကို ပြန်လည် ရယူနိုင်ခြင်း မရှိသေးသော်လည်း များမကြာခင် အထွတ်အထိပ်အခြေအနေသို့ ပြန်လည် ရရှိနိုင်ပေမည်။
တစ်ဖက်တွင် ကမ္ဘာတစ်သောင်း သစ်ပင်သည်လည်း ကျောက်စိမ်းတုံးကဲ့သို့ လုံးဝ ရှင်းသန့်ကြည်လင်လာခြင်းဖြစ်သည်။
မကြာခင် အရွယ်ရောက်တော့မည့် လက္ခဏာပင် ပြသနေ၏။ တစ်ချိန်တည်းမှာပင် ဟုန်ယွမ်နှင့် ရှင်းချွဲသည် စွန့်ပစ်နယ်မြေတစ်ခု အတွင်း ဖြတ်သန်းနေသည်။
“ မိန်းကလေး ... ငါတို့တစ်နေကုန်နဲ့ တစ်ညလုံး မြေကြီးထဲကို သုံးပေလောက်တူးပြီး ရှာဖွေခဲ့ကြတယ် ခွန်ဝူနတ်ဘုရားသစ်ပင်ရဲ့ အရိပ်အယောင်တောင် မမြင်ရဘူး ...
... ဒီသစ်ပင်ဟာ အဲဒီကပ်ဘေးမှာ ပျက်စီးသွားလိမ့်မယ် ထင်ရပါတယ် မဟုတ်ရင် တွေ့သင့်ပြီမဟုတ်လား။ ”
ရှင်းချွဲမှ ပြောကြားလိုက်သည်။ ဟုန်ယွမ်စ်ယောက် အတွေးထဲ နစ်မြုပ်သွားကာ တိတ်ဆိတ်နေခဲ့၏။ ထို့နောက် ရုတ်တရက် သူမ သတိရသွားပြီး စုရီပေးခဲ့သော တံဆိပ်ကို ထုတ်ယူကြည့်လိုက်သည်။
တံဆိပ်အတွင်း ရှုပ်ထွေးပွေလီသော တာအိုအမိန့်များဖြင့် ရေးသားထားသည့်မြေပုံ တစ်ခု ပါရှိချေပြီ။
ထိုမြေပုံကိုဖတ်ရှုရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်မှ အချည်းနှီးပင်။ ဤတစ်ကြိမ် နောက်ဆုံးဖတ်ရှုရန် ဆုံးဖြတ်လိုက်၏။
မအောင်မြင်သော် မစ်ရှင်ကို စွန့်လွှတ်ကာ ထွက်ခွာရန် ကြံရွယ်လိုက်သည်။ သို့သော် သူမ နတ်အာရုံကို သွန်းလောင်းလိုက်သောအခါတွင် ထူးခြားမှုတစ်ခု မြင်လိုက်ရ၏။
ယင်းမှာ မြေပုံသည် အလင်းရောင်များ စူးရှစွာတောက်ပလာခြင်းပေပင်။ တစ်ချိန်တည်း မှာပင် လူသူကင်းမဲ့နေသော အပျက်အစီးမြေ၌ အမည်မဲ့စွမ်းအင်လှိုင်းတစ်ခု ပေါ်လာခဲ့၏။
ထိုစွမ်းအားသည် တံဆိပ်အတွင်းမှ အလင်းရောင်များနှင့် ချိတ်ဆက်ကာ ပုံရိပ်များ ပေါ်လာချေပြီ။
“ ဒါဘာလဲ ... ။ ”
ထိုမြင်းကွင်းကြောင့် ရှင်းချွဲမှ အံ့အားသင့်သွားသည်။ အိပ်မက်ဆန်လွန်းသော မြူခိုးများ နေရာအနှံ့အပြားတွင် ရုတ်တရက် ရစ်သိုင်းလာကာ လျှို့ဝှက်ဆန်းကြယ်သည့် အာကာသဝင်ပေါက်တစ်ခုပေါ်လာ၏။
“ ငါသိတယ် ... တာအိုစုပေးခဲ့တဲ့ ဒီတံဆိပ်ဟာ သေချာပေါက်သာမန်မဟုတ်ဘူး ... လာ သွားကြည့်ရအောင် ... ။ ”
စစ်မှန်သောလူသားဟုန်ယွမ်၏ မျက်ဝန်းများတွင် တက်ကြွမှုများ ပေါ်လာ၏။ မမျှော်လင့်သော မတော်ဆမှုများသာ မရှိသော် ခွန်ဝူသစ်ပင်သည် ထိုအရပ်တွင် ရှိနေနိုင်မည်။
ချက်ချင်းပင် နှစ်ယောက်သား အာကာသဝင်ပေါက်အတွင်း လှမ်းဝင်သွားခဲ့၏။ သူတို့နှစ်ယောက်ပုံရိပ် ပျောက်ကွယ်သွား သည်နှင့် ဝင်ပေါက်သည် မြူများအဖြစ် ပြန်၍ ပျောက်ကွယ်သွားချေပြီ။
ညသည် မင်ကဲ့သို့ မည်းနက်နေပြီး အပျက်အစီးများအတွင်း လူသူကင်းမဲ့သွား၏။ မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သလိုပေပင်။
***