အခန်း ၁၃၀၀
Vol. 109 Ch. 1300
အခန်း ၁၃၀၀ -
ကျန်းလုံဈေး။
ကျန်းလုံဈေးမြို့သည် ဆည်းဆာမြူမြို့တော်တွင် တည်ရှိနေသော လျှို့ဝှက်ကမ္ဘာငယ်တစ်ခု ဖြစ်သည်။
အင်မော်တယ်နယ်မြေရှိ အဓိကမှောင်ခိုဈေးမြို့ကြီး သုံးမြို့အနက်မှ တစ်ခုဖြစ်၏။
အထူးသဖြင့် ကျန်းလုံဈေးမြို့၏ အုတ်မြစ်သည် အခြားသောစျေးမြို့များအနက် အစောဆုံး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
အခြားစျေးမြို့များတွင် မတွေ့နိုင်သည့် ရှားပါးရတနာများနှင့် ဆန်းပြားထူးခြားလှသော ရတနာအမျိုးမျိုးကို မြင်တွေ့နိုင်မည်။
အကြောင်းမှာ ဤနေရာသည် အရှေ့ပင်လယ်နှင့် အနီးစပ်ဆုံးဒေသဖြစ်ကာ ထိုဒေသမှထွက်ရှိသည့် ရှားပါးရတနာများကို ကောင်းစွာ စုဆောင်းထားနိုင်ခြင်းဖြစ်သည်။
စုရီက ကျန်းလုံစျေးမြို့အတွင်း ဝင်ရောက်လိုက်ပြီး သူ့အတွက်အသုံးမလိုသော ရတနာများကို ရောင်းချခဲ့၏။
အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း (၃)သိန်းနီးပါး ရရှိလာသည်။ ထို့နောက် သူသည် ကျန်းလုံဈေးတစ်ဝိုက်တွင် လိုအပ်သည်များကို လှည့်လည်ကြည့်ရှုနေခဲ့၏။
ဝေလငါးဝိညာဉ်မျိုးနွယ်စုမှ ကျင်းပမည့် လေလံပွဲကို မနက်ဖြန်ညတွင် ဤကျန်းလုံစျေးရှိ ကျောက်မျက်မျှော်စင်၌ ကျင်းပမည်ဖြစ်သည်။
လေလံပွဲဝင်ခွင့်လက်မှတ်များမှာ ကြာမြင့်စွာကတည်းက ရောင်းကုန်သွားခဲ့သဖြင့် စုရီတစ်ယောက် ပေါက်စျေးထက် သုံးဆပိုပြီး ပေးဝယ်လိုက်ရသည်။
“ ဒီအဆင့်(၅) နတ်သစ်သားအတွက် ဘယ်လောက်ပေးရမလဲ။ ”
စုရီက ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်ကာ မေးမြန်းလိုက်သည်။ ဆိုင်ရှင်က မော့ကြည့်ကာ၊
“ အင်မော်တယ်ကျောက်စိမ်း ရှစ်ထောင် လျော့ဈေးမရှိဘူး။ ”
-ဟု ပြန်ဖြေ၏။
“ သုံးရာရရင် ငါယူမယ်။ ”
“ တာအိုအစ်ကို ... မင်း ဘယ်လိုလုပ် ဒီလောက်အထိ ဈေးနှိမ်ဆစ်နိုင်ရတာလဲ ဒါက ဓားပြတိုက်တာနဲ့ ဘာများကွာလို့လဲ။ ”
“ ကောင်းပြီ ငါမနှောက်ယှက်တော့ဘူး။ ”
“ ဟမ့် ... ကောင်းပြီ၊ ကောင်းပြီ၊ ငါအရှုံးခံပြီးတော့ရောင်းပေးမယ် ယူလိုက်ပါ ... မိတ်ဆွေဖွဲ့တဲ့အနေနဲ့ ပေးလိုက်မယ်။ ”
စုရီမှ ပြုံးလျက် အင်မော်တယ် ကျောက်တုံးများပေးချေလိုက်သည်။ ဆိုင်ရှင်၏ နာကျင်နေသောအမူအရာကို လျစ်လျူရှုကာ လှည့်ထွက်လာခဲ့၏။
ကျန်းလုံဈေးရှိ ကုန်သည်များသည် အတွေ့အကြုံရှိသော ကုန်သည်ကြီးများဖြစ်ပြီး လိမ္မာပါးနပ်ကြသည်။
“ အပြာရောင်ဝိညာဉ်သတ္ထုကို အင်မော်တယ်ကျောက်စိမ်း သုံးထောင်ပေးမယ် ဒီသွေးအကြေးခွံကိုးရွက်နွယ်ပင် အတွက်တော့ ဆယ်တုံး ဘယ်လိုလဲ ရရင်ယူမယ် မရရင် ငါထွက်သွားမယ်။ ”
“ မိုးတိမ်မြူ နတ်ဘုရားမြေဆီလွှာရဲ့ တန်ကြေးကို အမှန်ကန်ဆုံးဈေးနှုန်းပဲ ပြောပါ မဟုတ်ရင် ငါမယူတော့ဘူး။ ”
စုရီတစ်ယောက် လမ်းတလျှောက် လိုအပ်သောရတနာများစွာကို သူ့စိတ်ကြိုက် စျေးပေးကာ ဆက်လက်ဝယ်ယူနေခဲ့သည်။
ဤရတနာများသည် လဲ့ကျိအတွက် ရည်ရွယ်ချေ၏။ အချို့သည် ကမ္ဘာတစ်သောင်း သစ်ပင်အတွက်ဖြစ်သည်။ ယင်းတို့ကို ပြင်ပတွင် တွေ့ရှိနိုင်သော်လည်း ကျန်းလုံဈေးတွင်သာ ထိုသို့တစ်ပြိုင်နက်တည်း အများအပြား ဝယ်ယူနိုင်ချေပြီ။
ဤသည်မှာ ကျန်းလုံဈေး၏ အားသာချက်ဖြစ်၏။ ထူးခြားဆန်းပြားသော ပစ္စည်းများကို အရေအတွက်မြောက်များစွာ တပြိုင်နက်တည်းဝယ်ယူနိုင်မည်။
ထို့ပြင် မိမိတို့အလိုရှိသောရတနာကို မရရှိပါက သတင်းစကားသစ်ပင်တွင် ရတနာ ရှာဖွေခြင်းမစ်ရှင်များ ကပ်ထားနိုင်သည်။
ရှာဖွေနေသော ရတနာ၊ အရည်အသွေးနှင့် ပေးအပ်မည့်ဆုလာဘ်ကို ရေးသားထားခြင်းဖြင့် အချိန်တိုအတွင်း ရောင်းချသူတစ်ဦးဦးသည် တံခါးလာခေါက်ပေလိမ့်မည်။
စုရီတစ်ယောက် ဝိညာဉ် ပြန်လည် သန့်စင်ခြင်းနှင့်သက်ဆိုင်သော ဆေးဖက်ဝင် အပင်များစာရင်းကို မစ်ရှင်ချပေးထားခဲ့၏။
အရည်အသွေးမြင့်မားသော် သူပေးမည့် ဆုလာဘ်ဈေးနှုန်းသည်လည်း မြင့်မားနေမည် ဖြစ်ရာ အလွန်ဆွဲဆောင်မှု ရှိချေ၏။
ထို့ကြောင့် သူ၏ ရတနာရှာဖွေခြင်း မစ်ရှင်သည် အခြားသူများ၏ အာရုံစိုက်မှုကို ချက်ချင်းရရှိလာခဲ့သည်။
အချိန်တိုအတွင်း ပွဲစားများနှင့် ပြန်လည်ရောင်းချလိုသူ အများအပြားသည် အကျိုးအမြတ်အတွက် ချိတ်ဆက်ကုန်၏။
ဤသည်မှာ လောကကြီး၏ အလုပ်လုပ်ပုံပေပင်။ အကျိုးအမြတ်များအတွက် လူအများမှ အလုပ်လုပ်ပေးရန် ဆန္ဒရှိကြ၏။
သို့သော် လုံလောက်သော တန်ဖိုးတစ်ခုဖြစ်ရန် လိုအပ်နေချေသည်။ ထိုနေ့ နေ့လယ်ခင်းအချိန်တွင် စုရီသည် သတင်း သစ်ပင်ရှေ့သို့ ပြန်လည်ရောက်ရှိလာ၏။
လူအုပ်ကြီးသည် သူ့ကိုမျှော်လင့်တကြီး စောင့်ဆိုင်းနေ၏။ သို့သော် သူတို့ရတနာများမှာ ထိပ်တန်းအဆင့်မဟုတ်ချေ။ သာမန်မျှသာ ဖြစ်နေသည်။
စဉ်းစားရွေးချယ်စရာ အနည်းငယ်သာ ပါရှိသည်။ စုရီသည် ငြင်းပယ်ခြင်းမပြုတော့ဘဲ အားလုံးကိုဝယ်ယူခဲ့၏။
သူထွက်ခွာတော့မည့်အချိန်တွင် အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားတစ်ဦးသည် ရုတ်တရက် မစ်ရှင်တစ်ခုချပေးနေသည်ကို မြင်လိုက်ရ၏။
ဤသည်မှာ အရပ်ရှည်ပြီး ချောမောလွန်းသော လူငယ်တစ်ယောက်၏ ပုံတူဖြစ်လေသည်။
အသါင်အပြင်အရ မောက်မာလွန်းပြီး ကြီးစိုးကာ သာလွန်ထူးခြားသောလေထုကို ပေးဆောင်နေ၏။ ကျောက်စိမ်းရောင်ဝတ်လုံမှာ လေထဲတဖျပ်ဖျပ်ခတ်နေဟန် လက်နှစ်ဖက်ကို နောက်ပို့ထားလေသည်။
(အမည်-စုရီ။
ကျင့်ကြံမှု- သူတော်စင်အင်မော်တယ် နှောင်းပိုင်းအဆင့်(ခန့်မှန်း)။
အထက်ပါလူငယ်သတင်းကို ပေးနိုင်သူအတွက် အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း (၆)သိန်း ချီးမြှင့်မည်။
ပုန်းအောင်းရာ တည်နေရာကို သတင်းပေးနိုင်သူထံ အဆင့်မြင့်အင်မော်တယ် ကျောက်စိမ်း (၁)သန်းပေးအပ်မည်။
အသက်ရှင်လျက် ဖမ်းဆီးနိုင်ပါက အဆင့်မြင့်အင်မော်တယ် ကျောက်စိမ်း (၃)သန်း ရရှိမည်။
မစ်ရှင်အတွက် ဆက်သွယ်ရန်။ ထိုက်ချင်းဂိုဏ်း၊ ထိုက်ယီဂိုဏ်း၊ ရှန်ဟော်ဂိုဏ်း၊ လင်းလောင်းနတ်ဘုရားဂိုဏ်း၊ ချန်ရွှမ်တောင် ဂိုဏ်းနှင့် ချန်ယွမ်ဓားဂိုဏ်း။ )
ဤမစ်ရှင်ကို ကပ်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိလူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။
“ ဒါဆို စုရီက တကယ်ပဲ အရှေ့ဘက်ပင်လယ်ကို လာနေတာလား သူ့လို လူကို အဲဒီဂိုဏ်းကြီးတွေက ဘာလို့ အမဲလိုက်နေတာလဲ။ ”
“ ကြည့်ရတာ စုရီက သူ့အခြေအနေ မဟန်တော့တာသိလို့ အရှေ့ပင်လယ်ဘက်ကို ထွက်ပြေးဖို့ ကြံနေတာများလား။ ”
“ ဘာလို့ အရှေ့ပင်လယ်လဲ။ ”
“ ဟမ့် ... အရှေ့ပင်လယ်က အင်မော်တယ်နယ်မြေရဲ့ အဓိက တားမြစ်ဇုန် ရှိရာ ဒေသမဟုတ်လား သမိုင်းတစ်လျှောက်မှာ အဲဒီအထွတ်အထိပ် ပုဂ္ဂိုလ်တွေအကုန်လုံး ပုန်းအောင်းရာနယ်မြေလေ။ ”
လူအများသည် စုရီ၏မူလကို မသိကြသော်လည်း ဂုဏ်သတင်းများအပေါ် ကြားသိထားကြ၏။
တစ်ဖက်လူသည် အင်မော်တယ်တံခါးမှ ဝင်ရောက်လာသော သေမျိုးတစ်ယောက်ဖြစ်ပြီး ဂိုဏ်းကြီးခြောက်ဂိုဏ်းနှင့် ရန်ငြိုးရှိထားသည်။
ကောင်းကင်ဘုံအမဲလိုက်ပွဲမှ အစပြုကာ မြူနက်တောင်ကြားတိုက်ပွဲအထိ အင်မော်တယ် ဘုရင်များစွာကို သတ်ဖြတ်ခဲ့၏။
ထို့ကြောင့် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှာ အလွတ်မပေးလိုကြသည်မှာ သဘာဝပေပင်။ တစ်ဖက်တွင် စုရီသည် မစ်ရှင်ကိုဖတ်ရှုပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
သူ့ပုံတူမှာ အမှန်ပင် အသက်ဝင်၏။ ကျွမ်းကျင်သူတစ်ဦး၏ လက်ရာဖြစ်ကြောင်း ထင်ရှားသည်။
သို့သော် ဆုကြေးငွေမှာမူ အရမ်းနည်းလွန်းလေသည်။ အသက်ရှင်လျက် ဖမ်းဆီးခြင်းအတွက် သုံးသန်းသည် ရယ်စရာ ပေပင်။
ထိုဂိုဏ်းကြီး ခြောက်ဂိုဏ်းသည် တွန့်တိုလွန်းလှသည်။ သည့်ထက်မြင့်မားသော ဆုကြေးပမာဏမျိုးသည်သာ ထုတ်ပြန်ခဲ့သော် သူ့ကိုယ်သူရောင်းစားရန် စဉ်းစားမိမည်ဖြစ်၏။
သို့သော် ဤသည်ပင် အဓိပ္ပါယ်ရှိနေ၏။ အင်မော်တယ်ဘုရင်များကို သတ်နိုင်နေသော တစ်စုံတစ်ယောက်အပေါ် မည်သူသည် သတ္တိရှိစွာ လှုပ်ရှားဝံ့မည်နည်း။
ဆိုလိုသည်မှာ ဂိုဏ်းကြီးခြောက်ဂိုဏ်း အနေဖြင့် သူ အရှေ့ပင်လယ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ကြေငြာလိုက်ခြင်းဖြစ်၏။
ယင်းသည် သံသယဝင်စရာပေပင်။ သူ အရှေ့ပင်လယ်တွင် ရှိနေကြောင်း မည်သူ့ထံ သတင်းပေးလိုသနည်း။
ဂိုဏ်းကြီးခြောက်ဂိုဏ်းကိုပင် ဂရုမစိုက်ခဲ့သော သူ့လိုလူတစ်ယောက်အပေါ် မည်သို့သော အင်အားစုလေးများသည် အပြစ်ပြုဝံ့မည်နည်း။
စုရီတစ်ယောက် အတွေးထဲ နစ်မြုပ်နေစဉ်မှာပင် နောက်ထပ်မစ်ရှင်တစ်ခု လာရောက် ထုတ်ပြန်လာသည်။
ဤမစ်ရှင်တွင်လည်း စုရီ၏ ပုံတူပါဝင်နေသည်။ သို့သော်လည်း စာသားမှာမူ လုံးဝကွဲပြားနေချေ၏။
( စုရီသည် ဝိညာဉ်တစ်သောင်းဂိုဏ်းကို ဖျက်ဆီးလိုက်ကာ နတ်ဘုရားသားတော်အပေါ် အပြစ်ပြုခဲ့၏။
လွန်ခဲ့သောသုံးရက်က ထိုစုရီသည် နဂါးနက်စျေးမြို့သခင် နဂါးနီနှင့်ဆက်သွယ်ကာ အရှေ့ပင်လယ်ကို ထွက်ခွာကြောင်း သတင်း ရရှိထားသည်။
ထို့ကြောင့် စုရီသတင်းပေးနိုင်သူသည် နတ်ဆိုးဟွမ်ထျန်း၏ အထူးဧည့်သည်တော် တစ်ပါးဖြစ်ပေမည်။ ဆက်သွယ်ရန် ထိုက်ချင်ဂိုဏ်း။ )
ဤမစ်ရှင်ကို မြင်သောအခါ လူတိုင်း တုန်လှုပ်သွားတော့၏။ စုရီသည် အမှန်တကယ် ရဲရင့်လွန်းချေပြီ။ နတ်ဘုရားတစ်ပါး၏ နောက်ခံ ရရှိထားသော ဂိုဏ်းကြီးကိုပင် ဖျက်ဆီးကာ နတ်ဘုရားသားတော်ထံ နှောက်ယှက်ဝံ့၏။
မည်သို့သော ရူးမိုက်မှုမျိုးပေနည်း။ လူအုပ်ကြီးမှာ လုံးဝ တုန်လှုပ်နေ၏။ နတ်ဘုရား သားတော်ဟူသည် သူတို့အတွက် သစ်လွင်သော တည်ရှိမှုများဖြစ်သည်။
သို့သော် ထိုစုရီဆိုသူသည် အမှန်ပင် အဆိုပါတည်ရှိမှုများအပေါ် မရောက်ရှိမီကပင် ရန်ငြိုးဖွဲ့လိုက်ပြီဖြစ်၏။
“ ဟမ့် ... ဒါဆို စုရီက ဒီကျန်းလုံစျေးမှာ ရှိနေနိုင်မလား။ ”
“ သေချာတာပေါ့ ... ကျောက်မျက်မျှော်စင်မှာ ဝေလငါးမျိုးနွယ်စုရဲ့ ကြီးကျယ်တဲ့လေလံပွဲရှိတယ် ဘယ်သူမဆို ဒီသတင်းရရင် သေချာပေါက်လာမှာပဲ။ ”
စုရီတစ်ယောက် ပတ်ဝန်းကျင်မှ စကားများကိုကြားသောအခါ စကားမပြော နိုင်အောင် ဖြစ်သွားရလေသည်။
ဤလူများ၏ ထင်ကြေးချက်များမှာ အခြေအမြစ်မရှိသော်လည်း ဧကန်မုချမှန်နေခဲ့ ချေပြီ။ သည့်ပြင် ဂိုဏ်းကြီးခြောက်ဂိုဏ်း၏ ရည်ရွယ်ချက်ကိုလည်း သူမှန်းဆလာနိုင်၏။
ဆိုလိုသည်မှာ ဤမစ်ရှင်သည် နတ်ဘုရားသားတော်များထံ သူ့သတင်းကို ပေးပို့လိုက်ခြင်းဖြစ်သည်။
နတ်ဘုရားသားတော်များသည် နတ်ဘုံမှ ဆင်းသက်လာကြသော ပါရမီရှင်လူငယ်များ ပေပင်။ ထို့ကြောင့် ယနေ့ အင်မော်တယ်မြေ၏ လှိုင်းခုံးထိပ်တွင်ရပ်နေသော မည်သူ့ကိုမဆို အနိုင်ယူလိုသည်မှာ သဘာဝပေပင်။
ဤနည်းဖြင့် အင်မော်တယ်မြေ၏ အသိအမှတ်ပြုမှုကိုရရှိကာ ကောင်းကင်တာအို ကောင်းချီးများပိုင်ဆိုင်နိုင်မည်။ ယင်းသည် မမြင်နိုင်သော်လည်း အမှန်ရှိ၏။
ရွှေခေတ်တွင် နတ်ဘုရားနယ်ပယ်သို့ တက်ရောက်ရန် အခွင့်အလမ်းများ ထွက်ပေါ် လာသောအခါ ထိုကောင်းချီရလူငယ်များသည် အခြားသူများထက် ပို၍အသိအမှတ်ပြုခံရ၏။
ဤနည်းဖြင့် ခေတ်ကာလဥပဒေများကို စုစည်းရာတွင် အထောက်အကူ ပေးနိုင်ပေမည်။ ထိုယူဆချက်သည် စုရီကို ပြုံးမိစေ၏။
မည်သို့ပင်ဆိုစေကာမူ မျှော်လင့်ထားသည့်အတိုင်း ထိုမုန်တိုင်းကြီးမှာ သူ့နှင့်အတူ အရှေ့ပင်လယ်သို့ လိုက်ပါလာပြီ ဖြစ်သည်။
သို့သော် အရှေ့ပင်လယ်သည် ကျယ်ပြောလွန်းသဖြင့် သူသည်သာဆန္ဒမရှိက ရှာတွေ့ရန် မဖြစ်နိုင်ချေ။
“ ဒီမစ်ရှင်က အခြားသူတွေကို သေချာပေါက်ဆွဲဆောင်နေတာပဲ ငါတို့အတွက် စုရီကိုဖမ်းဖို့ ခက်ခဲလာနိုင်တယ်။ ”
ထိုစဉ် သေသပ်လွန်းသော အနက်ရောင်ဝတ်ရုံဖြင့် အမျိုးသားတစ်ဦးသည် မစ်ရှင်များထံ ငေးကြည့်လျက်ညည်းတွား၏။
သူ့ဘေး၌ အဘွားအိုတစ်ဦးရပ်နေပြီး လည်ပင်းတွင် လက်သီးဆုပ်အရွယ်ခန့်ရှိသော အဖြူရောင်အရိုးပုတီးကို ဆွဲထားချေ၏။
အသွင်အပြင်အရ အေးစက်နေကာ ခြိမ်းခြောက်မှုအပြည့်ရှိနေသော တြိဂံပုံသဏ္ဍန် မျက်ဝန်းများရှိလေသည်။
စုရီအကြည့်များ သူမထံ ရောက်ရှိသွားသောအခါ ထိုအဘွားအိုသည် ချက်ချင်း လှည့်ကြည့်လာ၏။
ထိုခဏအတွင်း အဆိပ်ပြင်းသော မြွေတစ်ကောင်၏ အကြည့်ခံရသလို ခံစားရကာ စုရီကို မသက်မသာ ဖြစ်လာစေသည်။
သို့သော် ဤကာလသည် ခဏမျှသာဖြစ်ပြီး အဘွားအိုမှမျက်နှာလွှဲသွား၏။ သူမကသူ့ဘေးမှ လူငယ်ထံ ပြန်ကြည့်ကာ၊
“ သခင်လေး ... ရလဒ်က အဆုံးထိ မသေချာသေးဘူး ဒီလိုကောက်ချက်မျိုးချဖို့ အတွက် စောနေပါသေးတယ်။ ”
-ဟု နှစ်သိမ့်လိုက်သည်။
အနက်ရောင် ဝတ်စုံဝတ်လူငယ်မှ ခေါင်းညိတ်ပြကာ၊
“ ကောင်းပြီ ... တည်းခိုခန်းကို အရင်သွားကြစို့ အဲဒီလေလံပွဲမှာ နဂါးနန်းတော် အပျက်အစီးတွေရဲ့ တည်နေရာကိုရှာတွေ့နိုင်ဖို့ မျှော်လင့်ရတာပဲ ... ။ ”
-ဟု ဆိုလျက် နှစ်ဦးသား ချက်ချင်း ထွက်ခွာသွားကြတော့သည်။
စုရီက လူအုပ်အတွင်း သာမန် ခရီးသွားတစ်ယောက်ကဲ့သို့ ငြိမ်သက်စွာရပ်ပြီး ကျန်ရစ်ခဲ့လေသည်။
တစ်ဖက်တွင် လူငယ်နှင့်အဖွားအိုတို့မှာ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း လူအုပ်ထဲ နတ်အာရုံတစ်ခု ချန်ထားခဲ့သည်ကိုမူ မည်သူမျှမသိလိုက်ချေ။
***