အခန်း ၁၃၀၂
Vol. 109 Ch. 1302
အခန်း ၁၃၀၂ -
ထောင်ခြောက်မိသွားသော မြေခွေ။
များမကြာမီမှာပင် လေလံပွဲတာဝန်ခံသည် ကြယ်ပျံလှေသတင်းပါရှိသော ကျောက်စိမ်းပြား အပေါ် စျေးဖွင့်ပေးလိုက်သည်။
သို့သော် မည်သူမျှ စျေးမပေးချေ။ အဆုံး၌ စုရီသည် အဖွင့်စျေးထက်ပိုသော အင်မော်တယ် ကျောက်စိမ်းသုံးထောင်ဟု အော်ဟစ်လိုက်၏။
သူဈေးနှုန်းကို ကြေညာပြီးနောက် အခြားသော လေလံဆွဲလိုသူနှစ်ဦးသည်ပင် တိတ်ဆိတ်စွာ ဆုတ်ခွာသွားသည်။
“ အင်မော်တယ် ကျောက်စိမ်း တစ်သောင်း။ ”
စုရီတစ်ယောက် ကျောက်စိမ်းပြားကို လွယ်လွယ်ကူကူ ရရှိတော့မည့် ထိုအချိန်မှာပင် ကြည်လင်ပြတ်သားသော အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ချက်ချင်း လူတိုင်းအံ့အားသင့်ကာ ဆူညံသွားကြ၏။ ထူးခြားမှုမရှိသော မှတ်တမ်း တစ်ခုအတွက် ကျောက်စိမ်းသုံးထောင်ဆိုသည့် ဈေးနှုန်းသည် အမှန်ပင်ဖြုန်းတီးလွန်းသည်။
ထိုအရပ်တွင် ကြယ်ပျံလှေရှိသော်မှ ယခုအချိန်တွင် ရွေ့လျားသွားခဲ့ပြီဖြစ်ကြောင်း လူတိုင်းပြောနိုင်ပေမည်။
စုရီမှ မျက်မှောင်ကြုတ်လိုက်သည်။ ဤအသံသည် မနေ့က သတင်းသစ်ပင်အနီးတွင် သူတွေ့ရှိခဲ့သည့် နတ်ဘုရားသားတော်ဖြစ်၏။
တစ်ချိန်တည်းမှာပင် အခြားသီးသန့်အခန်း တစ်ခုအတွင်းရှိ ရှစ်နင်သည်လည်း အနည်းငယ် အံ့အားသင့်သွားသည်။
သူမသည် ဤအသံကို ကြားသည်နှင့် နတ်ဘုရားနယ်မြေမှလာသည့် ချင်းကျန်းပင် ဖြစ်ကြောင်း မှတ်မိလိုက်၏။
သည့်ပြင် စုရီ၏အသံကိုလည်း မှတ်မိသွားခဲ့သည်။ ထို့ကြောင့် သူမအတွက် ဇဝေဇဝါဖြစ်လာစေ၏။
ထိုစဉ်က နတ်အာရုံသည် ချင်းကျန်း၏ အစေခံထံမှဖြစ်နိုင်ပေမည်။ တစ်ဖက်လူသည် ချင်းကျန်းကို တစ်စုံတစ်ရာစော်ကားမိပုံရ၏။
မဟုတ်သော် ချင်းကျန်းမှ ဤမျှအထိ နှောက်ယှက်ချင်နေမည်မဟုတ်ချေ။ ရှစ်နင်က ထိုအတွေးဖြင့် စုရီအသံထွက်ပေါ်လာရာသို့ လှမ်းကြည့်လိုက်မိလေသည်။
ထိုအချိန်တွင် သီးသန့်ခန်းအတွင်း အဘွားအိုသည် ဇဝေဇဝါဖြင့် ချင်းကျန်းထံ မေးမြန်းလိုက်သည်။
“ သခင်လေး ... ဘာလို့ ရုတ်တရက် အဲဒီကျောက်စိမ်းပြားကို စိတ်ဝင်စားသွားတာလဲ။ ”
“ အဲဒီလူငယ်က ရှစ်နင်ရဲ့ လက်အောက်ငယ်သားလို့ မင်းပဲ ပြောခဲ့တယ် မဟုတ်လား။ ”
ချင်းကျန်းက လှောင်ပြုံးဖြင့် ပြန်ဖြေလာသည်။ အဖွားအိုမှ ခေါင်းညိတ်ပြ၏။
“ မှန်ပါတယ် သခင်လေး။ ”
“ ဒါဆို ... ဒီကြယ်ပျံလှေက ဘယ်လိုရတနာမျိုးလဲဆိုတာ ငါအတိအကျ မသိပေမယ့် ရှစ်နင်လို နတ်ဘုရားသမီးတော်က ပစ်မှတ်နေတာဆိုရင် သေချာပေါက် အံ့ဩစရာ ရတနာတစ်ခုပဲ ဖြစ်ရမယ်။ ”
“ ဒါပေမယ့် သခင်လေး ... အဲဒီကျောက်စိမ်းပြားက လှေပေါ်လာခဲ့ဖူးတဲ့ တည်နေရာတစ်ခုကိုပဲ ဖော်ပြတဲ့ မှတ်တမ်းလေး တစ်ခုပါပဲ အဲဒါကိုရဖို့ ပိုက်ဆံအများကြီး သုံးလိုက်တာက ထိုက်တန်ရဲ့လား။ ”
“ ဘာဖြစ်လဲ ... ငါ့မှာပိုက်ဆံတွေ အများကြီးရှိတယ် အသုံးမဝင်ရင်တောင် ရှစ်နင် လိုချင်တဲ့အရာကို ငါလည်းယူနိုင်တယ်ဆိုတာ သူမ သိအောင်လုပ်ရမယ်။ ”
ဤတစ်ကြိမ်တွင် အဘွားအိုသည် စကားဆက်မပြောတော့ချေ။ သူမ၏သခင်လေး အမြင်တွင် ရှစ်နင်အပေါ် အနိုင်ယူခြင်းသည် ပိုက်ဆံထက်ပို၍ အသုံးဝင်နေ၏။
“ အင်မော်တယ် ကျောက်စိမ်း တစ်သောင်းနဲ့တစ်ရာ။ ”
စုရီ၏အသံက လေလံခန်းမထဲ ပဲ့တင်ထပ်သွားသည်။ ဤကဲ့သို့ ပေါ့ပေါ့ပါးပါး စျေးတိုးပေးလိုက်သောကြောင့် လူအများက သူ့ကိုထူးဆန်းစွာ လှမ်းကြည့်ကြ၏။
တစ်ဖက်လူသည် အင်မော်တယ် ကျောက်စိမ်းတစ်သောင်းကို တစ်ကြိမ်တည်းနှင့် ခုန်တက်ပစ်လိုက်သော်လည်း စုရီမှာမူ အနည်းဆုံး သတ်မှတ်ချက်ဖြစ်သည့် ကျောက်စိမ်းတစ်ရာသာ ထပ်တိုးခဲ့၏။
ဤသည်မှာ ရန်စသည့် တန်ပြန် တုန့်ပြန်တိုက်ခိုက်မှု တစ်ခုပေပင်။ ယင်းကို ချင်းကျန်းသည်လည်း သိရှိထား၏။
“ ဟမ့် ... လက်မလျှော့သေးဘူးပေါ့လေ။ ”
ချင်းကျန်းက ရယ်မောလျက် နောက်ထပ်ဈေးနှုန်းတစ်ခုကို ကျယ်လောင်စွာ ကြေညာလိုက်ပြန်သည်။
“ အင်မော်တယ် ကျောက်စိမ်း တစ်သိန်း။ ”
ဤစျေးနှုန်းသည် လူအုပ်ကြီးကို များစွာတုန်လှုပ်စေပြီး လေလံပွဲစီစဉ်သူသည်ပင် အံ့အားသင့်သွားသည်။
ထိုကျောက်စိမ်းပြားသည် မည်သို့မျှ ဤမျှမြင့်မားသော ဈေးနှုန်းနှင့် မထိုက်တန်ချေ။ သို့သော် အချို့လူများအတွက် ဂုဏ်သိက္ခာသည် ငွေကြေးဖြင့် ကန့်သတ်၍ မရချေ။
အထူးသီးသန့်ခန်းအတွင်းမှ လူငယ်နှစ်ဦးသည် ထိုသို့သောလူငယ်များဖြစ်ပုံ ရချေပြီ။
“ တစ်သိန်းနဲ့တစ်ရာ ... ။ ”
“ အဟက် ... နှစ်သိန်း ... ။ ”
ချင်းကျန်းပြောခဲ့သလိုပင် သူ့အတွက် ငွေကြေးသည်အရေးမကြီးဘဲ ရှစ်နင်အပေါ်သို့ အနိုင်ယူရန်သာ စိတ်အားထက်သန်နေ၏။
“ နှစ်သိန်းနဲ့ တစ်ရာ ... ။ ”
စုရီမှ လက်မလျှော့ဘဲ ကပ်လိုက်ပေးနေဆဲပင်။ ချင်းကျန်းတစ်ယောက် လှောင်ပြုံး ပြုံး၏။
“ သုံးသိန်း ... ။ ”
“ သုံးသိန်းနဲ့တစ်ရာ ... ။ ”
“ ငါးသိန်း ... ။ ”
“ ငါးသိန်းနဲ့ တစ်ရာ။ ”
လေလံဈေးနှုန်းမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး လေလံခန်းမကြီးတစ်ခုလုံး ဆူညံပွက်လောရိုက်ကုန်၏။
“ ဟမ့် ... အဲဒီ ကြယ်ပျံလှေက ဘယ်လိုရတနာမျိုးမို့လို့လဲ ဒီလောက်အထိ ဈေးကြီးပေးရအောင်ထိုက်တန်လို့လား။ ”
“ မင်း မမြင်ဘူးလား အဲဒီလှေက ဘယ်လောက်အထိ ထိုက်တန်လဲဆိုတာထက် သူတို့နှစ်ယောက်ရဲ့ ဂုဏ်သိက္ခာက ဘယ်လောက်တန်လဲ ပြချင်နေတာပဲ။ ”
“ မဖြစ်နိုင်ဘူး ဒီကြယ်ပျံလှေမှာ ထူးခြားချက်ရှိရမယ် မဟုတ်ရင် ဘယ်သူမှ ဒီလောက် ငွေကို မဖြုန်းတီးဘူး မြန်မြန် ဒီလှေသတင်းစုံစမ်းကြစမ်း။ ”
ချက်ချင်းဆိုသလိုပင် ခန်းမထဲရှိ လူအုပ်ကြီးသည် မှားယွင်းနေသောအခြေအနေ အပေါ် သတိထားမိလာသည်။
အချို့သော အရေးကြီးပုဂ္ဂိုလ်များက ကြယ်ပျံလှေအကြောင်း မသိသော်မှ သာမန် မဟုတ်ကြောင်း နားလည်လိုက်ကြသည်။
အခြားတစ်ဖက်တွင်မူ ရှစ်နင်သည် ချင်းကျန်းတစ်ယောက် ထိုလူငယ်ကို တမင်ပင် ရည်ရွယ်ပြီး ပစ်မှတ်ထားခြင်းလော၊ သို့မဟုတ် ကြယ်ပျံလှေ၏သဲလွန်စကို အမှန်ပင် သိချင်နေ သည်လော နားမလည်နိုင်တော့ချေ။
“ သခင်မလေး ... ဒီကြယ်ပျံလှေက အင်မော်တယ်နယ်မြေရဲ့ အုပ်စိုးရှင်နတ်ဘုရား အဆင့် ရတနာကိုးပါးထဲက တစ်ပါး ဖြစ်နိုင်မလား။ ”
ရှစ်နင်ဘေးမှ အစေခံအမျိုးသားက မျက်ခုံးပင့်လျက် မေးမြန်းလေသည်။ ရှစ်နင်က ခေါင်းရမ်းပြကာ၊
“ ငါလည်း မသိဘူး။ ”
-ဟု ပြန်ဖြေလိုက်သည်။
“ အင်မော်တယ် ကျောက်စိမ်း တစ်သန်း။ ”
သူတို့ စကားပြောနေစဉ်မှာပင် ချင်းကျန်းသည် ခန်းမတစ်ခုလုံး အသက်မဲ့သွား စေမည့် အလွန်အမင်း မြင့်မားလှသော ဈေးနှုန်းကို ပေးလာခဲ့သည်။
သူ့ဘေးနားမှ အဘွားအိုခမျာ ကျောရိုးတစ်လျှောက်ချွေးများ စိမ့်ထွက်လာကာ အနည်းငယ် တုန်ယင်လာလာ၏။
“ သခင်လေး ... ငါတို့မှာ အသုံးပြုဖို့ ငွေကြေးမလောက်ငှတာမျိုး မရှိနိုင်ပေမယ့် ဒီလိုသာ ဆက်ပြီး ဈေးပေးနေဦးမယ်ဆိုရင် နောက်ပိုင်းမှာ ပေါ်လာမယ့် ...
... နဂါးနန်းတော်ရဲ့ တကယ့်ရတနာကို ရရှိနိုင်မယ့် အခွင့်အရေးကို မလွဲမသွေထိခိုက် သွားပါလိမ့်မယ်။ ”
အဖွားအို၏ ဤတစ်ကြိမ် သတိပေးစကားသည် ချင်းကျန်း၏ မျက်နှာကို အမူအရာပြောင်းလဲသွားစေသည်။
ရှစ်နင်နှင့် ပြိုင်ဆိုင်လိုစိတ် ပြင်းထန်နေသဖြင့် လေလံပွဲအဓိကရတနာများ ထွက်ပေါ်လာခြင်း မရှိသေးကြောင်းကို သူ မော့လျော့နေမိခဲ့သည်။
နဂါးနန်းတော်၏ ရတနာများအတွက် ယှဉ်ပြိုင်မည့် အင်အားကြီးများစွာ ရှိနေသဖြင့် ထိုအချိန်တွင် စျေးနှုန်းများသည် ပြင်းထန်သော ငွေကြေးတိုက်ပွဲတစ်ခု ဖြစ်လာနိုင်ပေမည်။
ယခုပင် ကျောက်စိမ်းပြား တစ်ချပ်တည်းအတွက် ငွေအမြောက်အမြားကို သူ ဖြုန်းတီးနေခြင်းမှာ အလွန်မိုက်မဲရာ ကျနေပေ၏။
“ ကောင်းပြီ ... ငါ နောက်ထပ် လေလံမဆွဲတော့ဘူး သူ့ကိုပဲ ပေးလိုက်မယ် ဒီလောက်ဆိုလုံလောက်ပြီ။ ”
ချင်းကျန်းက အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် လှောင်ပြုံးပြုံးလိုက်ကာ မှတ်ချက်အချို့ ပြောကြားလိုက်သည်။
“ အဲဒီကောင်မလေး ရှစ်နင်ကို ကျောက်စိမ်းပြားတစ်ချပ်အတွက် ငွေအများကြီး ဖြုန်းတီးခွင့်ပေးလိုက်ရတာလည်း သိပ်တော့မဆိုးသေးပါဘူး။ ”
အဘွားအိုက ထိုမှသာ သက်ပြင်းချနိုင်၏။
“ မှန်ပါတယ် သခင်လေးက ထက်မြက်ပါပေတယ်။ ”
သို့သော် သူတို့မျှော်လင့်ထားသကဲ့သို့ တစ်ဖက်အခန်းထဲမှ စျေးပေးသည့်အသံမျိုးမှာ ထွက်မလာတော့ချေ။ ဤတစ်ကြိမ်တွင် ထိုသူမှ ဈေးနှုန်းထပ်မံတိုးမြှင့်ရန် ဆန္ဒမရှိတော့သည့် အလား နှုတ်ဆိတ်သွားခဲ့ခြင်းဖြစ်၏။
“ ဒီကောင်ဘာလုပ်တာလဲ ... ဘာလို့ ရပ်လိုက်တာလဲ။ ”
ချင်းကျန်း၏ အောင်နိုင်သူအပြုံးနှင့် အဘွားအို၏မျက်နှာပေါ်ရှိ သက်သာရာရသော အမူအရာသည် ချက်ချင်းပင် အေးခဲလာ၏။
ခန်းမအတွင်း လေထုသည်ပင် အသက်ရှူသံများ ပျောက်ကွယ်ကုန်ကာ စုရီ အခန်းမှ အသံကို နားစွင့်နေတော့၏။
အဆုံးတွင် လေလံပွဲစီစဉ်သူသည် အသက်ပြင်းပြင်းရှူလိုက်ကာ၊
“ အင်မော်တယ် ကျောက်စိမ်း တစ်သန်း ... တစ်ကြိမ်၊ အင်မော်တယ် ကျောက်စိမ်း နှစ်ကြိမ်၊ အင်မော်တယ်ကျောက်စိမ်း သုံးကြိမ် ... ။ ”
- ဟု အော်ကာ တူကို အပြီးသတ် ထုချလာချေပြီ။ ထိုမြင်ကွင်းကြောင့် ချင်းကျန်း တစ်ယောက် မျက်လုံးပြူးသွားသည်။
အဘွားအိုသည် အဆိုးဆုံးဖြစ်၏။ ဤတူထုသံသည် သူတို့နှစ်ဦးလုံး၏ရင်ဘတ်ကို အပြင်းအထန် ထိုးနှက်လိုက်သလိုပေပင်။
သွေးအန်မတတ် ခံပြင်းသွားကြ၏။ ချင်းကျန်းအတွက် လုံးဝသည်းမခံနိုင်တော့ဘဲ သူ့ရှေ့မှစားပွဲကို လက်သီးဖြင့် ထုလိုက်ကာ ဒေါသနှင့် မတ်တပ်ရပ်လိုက်တော့သည်။
“ ဘန်း ... ။ ”
“ ရှစ်နင် ... မင်း ငါ့ကိုလှည့်စားနေတာလား။ ”
***