အခန်း ၁၃၀၃
Vol. 109 Ch. 1303
အခန်း ၁၃၀၃ -
နဂါးနန်းတော်မှ ရတနာများ။
ဤအသံသည် ကျယ်လောင်စွာဖြင့် လေလံခန်းမအတွင်း လုံးဝပင်ပဲ့တင်ထပ်သွား တော့သည်။
ယင်းကြောင့် စုရီမှာ အံ့ဩသွားသည်။ သူသည် အင်မော်တယ် ကျောက်စိမ်းတစ်သန်း မရှိတော့သဖြင့် လက်လျှော့လိုက်ခြင်းဖြစ်၏။
ယင်းသည် အဘယ့်ကြောင့် အခြားသူတစ်ဦးအမည်ကို ခေါ်ဆိုကာ ထိုသူမှ ပေါက်ကွဲနေသည့်အပေါ် နားမလည်နိုင်ခဲ့ချေ။
“ ချင်းကျန်း ... နင်ဘာကို ဆိုလိုတာလဲ။ ”
ကြည်လင်ပြီး သာယာနာ ပျော်ဖွယ်ကောင်းသော မိန်းကလေးရှစ်နင်၏ အသံက အခြားအခန်းမှ ထွက်ပေါ်လာ၏။
သူမသည်လည်း မကျေမနပ် ဖြစ်နေသည်။ ဤပြဿနာသည် မည်သို့ သူမထံ ရောက်ရှိလာ သနည်း။ ချင်းကျန်းမှ နှာခေါင်းရှုံကာ၊
“ မင်းဘာလို့ ရိုးသားချင်ယောင် ဆောင်နေရတာလဲ။ ”
-ဟု တုန့်ပြန်၏။
“ အိုး ... အဲဒီကျောက်စိမ်းပြားကို အပြိုင်ဈေးပေးခဲ့တာ မင်းမဟုတ်ဘူးလား အခု မင်းလေလံအောင်သွားပြီဆိုတော့ ဘာလို့ ငါ့ကို လာပြီး ဒေါသထွက်နေရတာလဲ။ ”
ရှစ်နင်မှ သည်းမခံနိုင်တော့ဘဲ ဒေါသဖြင့်တုန့်ပြန်လိုက်၏။ သို့တိုင်ချင်းကျန်းက ဂရုမစိုက်ဘဲ၊
“ မင်းက အခုထိတောင် ဝန်မခံဘူးပေါ့ ... ကောင်းပြီ ... အဲဒီ ငါနဲ့ဈေးပြိုင်ပေးနေတဲ့လူက မင်းတို့ရဲ့ အဖွဲ့ဝင် တစ်ယောက်ဆိုတာကို ငါမသိဘူးထင်နေတာလား။ ”
-ဟု တုန့်ပြန်အော်ဟစ်လိုက်၏။
ရှစ်နင်မှ မျက်မှောင်ကြုတ်လိုက်သည်။ ချင်းကျန်းစကားများအရ အကြောင်းရင်းများကို သူမ နားလည်လာ၏။
ချင်းကျန်းသည် ထိုလူငယ်ကို သူမ၏အဖွဲ့ဝင်အဖြစ်ယူဆကာ ယှဉ်ပြိုင်နေခြင်း ဖြစ်ချေပြီ။ မည်မျှ ရူးသွပ်ပြီး ရယ်စရာကောင်း သနည်း။
ရှစ်နင်ဘေးမှ အစေခံအမျိုးသားက အော်ဟစ်လှောင်ပြောင် လုနီးပါး ဖြစ်သွားခဲ့၏။ ထိုနတ်ဘုရားသားတော်ဖြစ်သူ ချင်းကျန်းသည် မာနကြီးပြီး ရူးမိုက်လွန်းချေပြီ။ သူ မည်မျှ လူပြက်ဆန်ခဲ့ကြောင်း သိပုံမရချေ။
“ ဟမ့် ... ဘာလို့ ဘာမှ ပြန်မပြောနိုင်တော့တာလဲ မင်းအကြံအစည်ကို ငါမြင်သွားမယ်လို့ မထင်ဘူး မဟုတ်လား။ ”
ချင်းကျန်းက ပို၍ ဒေါသထွက်လာသည်။ ဈေးနှုန်းကို ဤမျှအထိမြှင့်တင်ပေးပြီး လွှတ်ပေး လိုက်ခြင်းဖြင့် ရှစ်နင်အပေါ်လှည့်စားနိုင်သူ အဖြစ် ဂုဏ်ယူစရာပေပင်။
ယခုမူ မြေခွေးတစ်ကောင်သည် ကိုယ်တိုင်ဆင်ထားသော ထောင်ချောက်ထဲသို့ သက်ဆင်းသွားသည်နှင့်တူနေ၏။
“ ငါ နင်နဲ့ ဒီလိုကလေးကလား အသေးအဖွဲလေးတွေကစားဖို့ စိတ်မဝင်စားဘူး နင်အတွေးလွန်နေပြီ။ ”
ရှစ်နင်မှ အမှန်တရားကို အကျယ်တဝင့် ရှင်းမပြဘဲ ချန်ထားခဲ့သည်။ မဟုတ်သော် ရှင်းပြ လိုက်ခြင်းဖြင့် ချင်းကျန်းသည် ရှက်စိတ်ကြောင့် လေလံပွဲအပြီး ထိုလူငယ်ကို ဒုက္ခပေးနိုင်၏။
“ ငါ အတွေးလွန်နေတာ ဟုတ်လား၊ ဟားဟားဟား ... ကောင်းပြီ ... ဒီအကြွေးကို ငါ မှတ်ထားမယ်။ ”
ဆုံးရှုံးသွားသော အင်မော်တယ် ကျောက်စိမ်းတစ်သန်းထံ နှမြောခြင်းဟူသည် ရှစ်နင်၏လှည့်စားမှုကို ခံလိုက်ရသည်ဟူသော ခံစားချက်ကဲ့သို့ နာကျင်စရာ မကောင်းခဲ့ချေ။
“ ဒီရှစ်နင်က တကယ်မဆိုးဘူး။ ”
သူတို့စကားဝိုင်းကို နားထောင်နေသော စုရီသည် တစ်ဖက်မိန်းကလေးအပေါ် စိတ်ထဲမှ ချီးကျူးလိုက်မိသည်။
သူတို့နှစ်ဦး၏ ဆုံတွေ့မှုများကို ပြန်လည်စဉ်းစားကြည့်လျှင် ပထမဆုံးအကြိမ်၌ ထိုမိန်းကလေးထံမှ တော်ဝင်ကိုးပါး နတ်ဘုရား စမ်းရေရရှိခဲ့သည်။
ဒုတိယအကြိမ်တွင် ထူးဆန်းသော နတ်ဘုရားအာရုံ၏ ခြေရာခံမှုကို သတိပြုမိပြီး သူ့ထံသတိပေး၏။
ယခု တတိယအကြိမ်တွင်မူ ချင်းကျန်းဆိုသည့် နတ်ဘုရားသားတော်ထံမှ ဒေါသကိုကာကွယ်ပေးရန် အမှန်တရားအား ဖုံးကွယ်ပေးထားသည်။
ထိုကဲ့သို့သော သတ္တိရှိမှုနှင့် ရက်ရောသော စရိုက်လက္ခာများသည် ကျင့်ကြံသူများကြားတွင် အလွန်ပင် ရှားပါးလှပေသည်။
တစ်ဖက်တွင် စုရီသည် ချင်းကျန်း၏ အမည်ကိုမှတ်သားထားကာ လွယ်လွယ်ကူကူ လွှတ်ပေးရန် စိတ်ကူးမရှိတော့ချေ။
အထူးသဖြင့် တစ်ဖက်လူ၏ ဘေးမှအဘွားအိုသည် နတ်အာရုံဖြင့် သူ့အပေါ် တိတ်တိတ်လေး စောင့်ကြည့်ခဲ့ပြီး ယနေ့တွင် ကြယ်ပျံလှေသတင်းကို ထပ်မံလုယူသွားသည်။
ထို့ကြောင့် ဤအကြွေးနှစ်ခုလုံးကို ချင်းကျန်းနှင့် မလွဲမသွေ ပြန်၍ရှင်းလင်းရမည် ဖြစ်သည်။ ဤစိတ်ဝင်စားစရာကောင်းသော ဇာတ်လမ်းတိုလေး ပြီးဆုံးသွားပြီးနောက် လေလံပွဲမှာ ဆက်သွားနေသည်။
နောက်ဆုံးတွင် လူတိုင်းစိတ်လှုပ်ရှားစွာ မျှော်လင့်နေသည့် နဂါးနန်းတော်မှရတနာများ လေလံတင်ရန် စတင်လာပြီဖြစ်၏။
ခန်းမအတွင်းရှိ လူအားလုံး၏ အကြည့်များသည် လေလံစင်မြင့်ကြီးပေါ်ရှိ ကျောက်စိမ်းစားပွဲထံသို့သာ ရောက်ရှိနေသည်။
ထိုကျောက်စိမ်းစားပွဲပေါ်တွင် အစီအရင်များဖြင့် တံဆိပ်ခတ်ထားသော ရှေးဟောင်း ကြေးသေတ္တာသုံးလုံးရှိနေ၏။
၎င်းသေတ္တာတစ်ခုစီ၏ အတွင်း၌ နဂါးနန်းတော်မှ ရရှိထားသော ထူးခြားသည့် ရတနာတစ်ခုစီ ပါရှိလေသည်။
“ အားလုံးပဲ ... အခု လေလံတင်မယ့် ပထမဆုံး ရတနာကတော့ နဂါးနန်းတော်ရဲ့ ရှေးဟောင်းပစ္စည်း တိုက်ပွဲဝင်ချပ်ဝတ် တစ်ထည်ပါပဲ ...
... ငါတို့ရဲ့ အဆင့်မြင့် ရတနာ အကဲဖြတ်ပညာရှင်တွေရဲ့ စမ်းသပ်ချက်အရ ဒါဟာ ရှေးဦးခေတ်ကတည်းက ကျန်ရစ်ခဲ့တဲ့ ထိုက်ဟဲအဆင့်ရတနာဖြစ်ပါတယ် ...
... ဒီတိုက်ပွဲချပ်ဝတ်မှာ ပျက်စီးနေတဲ့ နေရာအချို့ရှိနေပေမယ့် လက်ရှိခေတ်မှာတော့ အကောင်းဆုံး ခံခုကာကွယ်ရေးချပ်ဝတ်အဖြစ် သတ်မှတ်နိုင်တုန်းပါပဲ။ ”
ဤကြေငြာချက်ကြောင့် လူတိုင်း၏ အကြည့်များသည် ကြေးသေတ္တာထံ ကျရောက် သွားလေသည်။
“ ထိုက်ဟဲအဆင့် တိုက်ပွဲဝင်ချပ်ဝတ်လား။ ”
အခြားအသုံးဝင်ပုံများကို ဘေးဖယ်ထားလျှင်ပင် ဤအဆင့်တစ်ခုတည်း ဖြင့်ပင် အတုမဲ့ရတနာဖြစ်ထိုက်ချေ၏။
စုရီသည်လည်း စိတ်ဝင်စားလာသည်။ ယင်းသည် ထိုချပ်ဝတ်၏ အရည်အသွေးကြောင့် မဟုတ်ချေ။ ဝေလငါးဝိညာဉ်မျိုးနွယ်စုအနေဖြင့် ဤသို့သောထိပ်တန်းရတနာကို အဘယ်ကြောင့် အပြင်လူများထံ ရောင်းချနေရသနည်း။
ဆိုလိုသည်မှာ ဤရတနာနောက်တွင် အလွန်လေးနက်သော လျှို့ဝှက်ချက်တစ်ခုရှိနေ ရပေဦးမည်။
ဓမ္မအဆုံးခေတ် မတိုင်မီကပင် ထိုက်ကျင်းအဆင့် ရတနာများသည် အလွန် ရှားပါး၏။ ၎င်းတို့အားလုံးနီးပါးကို ထိုက်ကျင်း အဆင့် ကျွမ်းကျင်သူများရှိသော အင်အားစုများ သာလျှင် ဖန်တီးနိုင်သည်။
ထို့ကြောင့် ဤလောကတွင် ထိုက်ကျင်းအဆင့် ရတနာတစ်ခု ပေါ်လာတိုင်း မလွဲမသွေ ပြင်းထန်သော သွေးထွက်သံယို အမှုများ ဖြစ်ပေါ်လာပေလိမ့်မည်။
လက်ရှိ အင်မော်တယ်နယ်မြေတွင်မူ ထိုက်နယ်မြေရတနာများသည် ရှားပါးလွန်းပြီး နှစ်ပေါင်းတစ်သောင်းလျှင် တစ်ကြိမ်ခန့်သာ ပေါ်လာတတ်၏။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဝေလငါးဝိညာဉ်မျိုးနွယ်စုသည် နဂါးနန်းတော် ရတနာကိုရရှိပြီးနောက် ပြင်ပသို့ လေလံတင် ရောင်းချခြင်းမှာ အလွန်ထူးဆန်း၏။
“ ဒီရတနာမှာ တစ်ခုခု မှားနေလို့လား မဟုတ်ရင် ဘယ်လူမိုက်ကလေလံတင်ရောင်းဖို့ စဉ်းစားဝံ့မှာလဲ။ ”
အဖိုးကြီးတစ်ဦးက မေးမြန်းလိုက်သည်။ ယခင်စိတ်လှုပ်ရှားနေသော ပတ်ဝန်းကျင်သည် သူ့မေးခွန်းကြောင့် ချက်ချင်းတိတ်ဆိတ်သွား၏။ လေလံပွဲစီစဉ်သူက၊
“ ရိုးရိုးသားသား ပြောရရင်တော့ ... ဒီချပ်ဝတ်ကို ကျင်းလုံ(ရေနဂါး)မျိုးနွယ်စုသာ ဝတ်ဆင်နိုင်မဲ့ ရတနာပါပဲ။ ”
-ဟု ရိုးသားစွာ ဝန်ခံလာသည်။
ထိုအခါမှသာ လူတိုင်း သံသယများ ပြေပျောက်ကုန်၏။ ဤတိုက်ပွဲသံချပ်ကာသည် အလွန်ထူးခြားသော်လည်း လူတိုင်းအတွက် အသုံးမဝင်ချေ။ ဝေလကငါးမျိုးနွယ်သည်ပင် ချွင်းချက်မရှိဖြစ်သည်။
“ ဘယ်လို လေလံဆွဲရမလဲ။ ”
သို့တိုင် စိတ်ဝင်သူများသည်လည်း ရှိနေသေးသည်။ လေလံပွဲစီစဉ်သူက ထိုသူထံ ပြန်ကြည့်ကာ၊
“ ဝေလငါးဝိညာဉ်မျိုးနွယ်စုမှာ တောင်းဆိုချက်တစ်ခုရှိတယ် သူတို့မျိုးနွယ်စုရဲ့ ထိုက်ဝူအဆင့် အကြီးအကဲတစ်ယောက်ဟာ နတ်ဘုရားကပ်ဘေးတစ်ခုမှာ ပါဝင် ပတ်သက်နေခဲ့တယ် ...
... အဲဒီဒုက္ခကို သက်သာစေဖို့ ကူညီပေးနိုင်သူတိုင်း ဒီတိုက်ပွဲဝင်ချပ်ဝတ်ကို ပိုင်ဆိုင်ခွင့်ရလိမ့်မယ်။ ”
-ဟု ပြောကြားလိုက်သည်။ ချက်ချင်းပင် လူအများစုမှာ စိတ်ပျက်အေးစက်သွားကြသည်။ ဤတောင်းဆိုချက်သည် အရမ်းမြင့်မားလွန်း၏။
တစ်စုံတစ်ယောက်သည် နတ်ဘုရား၏ဘေးဒုက္ခကို ဖြေရှင်းနိုင်သော် အတိတ်တွင် ဤမျှများပြားသော အင်အားစုများ မည်သို့ ပျောက်ကွယ်ကုန်မည်နည်း။
သို့သော် ထိုအခြေအနေက စုရီ၏ နှလုံးသားထဲရှိ တစ်စုံတစ်ခုကို နှိုးဆွပေးခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူ့တွင် ဤပြဿနာကို ဖြေရှင်းနိုင်သည့် နည်းလမ်းတစ်ခု ရှိနေ၏။
သို့သော် ဤအချိန်မှာပင် တစ်စုံတစ်ယောက်က သူ့ထက်ဦးအောင် ပြောကြားလာသည်။
“ ဒီအတွက် ဘယ်လိုတောင်းဆိုမှုမျိုး ဖြစ်မလဲလို့တွေးနေတာ ဒီပြဿနာဆိုရင်တော့ ငါကူညီနိုင်တယ်လို့ ပြောလိုက်ပါ။ ”
ဤသည်မှာ ချင်းကျန်းဖြစ်၏။ သူ၏ပေါ့ပေါ့တန်တန် စကားကြောင့် အခန်းထဲ ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။
“ ချင်းကျန်း ... မင်းလုပ်နိုင်ရင် ငါတို့ကော ဘာလို့ မလုပ်နိုင်ရမှာလဲ။ ”
ရုတ်တရက် ခိုင်မာပြတ်သားသည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ချင်းကျန်းမှ လှောင်ပြောင်ဟန်ဖြင့်၊
“ ကျင်းကျိလျူ ... မင်း ငါ့ကို ယှဉ်ပြိုင်ချင်တာလား ကောင်းပြီ ကစားကြတာပေါ့။ ”
-ဟု စိန်ခေါ်လိုက်သည်။ လေထုမှာ ချက်ချင်းပင် တင်းမာလာပြီး ယမ်းမှုန့်ရနံ့များနှင့် ပြည့်နှက်သွားတော့၏။
စုရီမှ မျက်ခုံးပင့်လိုက်သည်။ ကျင်းကျိလျူဆိုသူသည်လည်း နတ်ဘုရား သားတော်ဖြစ်နိုင်ပေမည်။ မဟုတ်သော် ချင်းကျန်းကို ရန်စဝံ့မည်မဟုတ်ချေ။
ဤလေလံပွဲတွင် နတ်ဘုရား၏ သားသမီးများနှင့် အကြီးအကဲများသေချာပေါက် ပါဝင်လာမည်ကို နားလည်လိုက်၏။
“ ဟမ့် ... ငါသိချင်တာက ... ဒီမှာရှိတဲ့ လူအများကြီးက ဒီကိစ္စကို ဖြေရှင်းနိုင်ကြတယ် ဆိုရင် အဲဒီတိုက်ပွဲဝင်သံချပ်ကာအတွက် ဘယ်လိုဆက်ပြီး ယှဉ်ပြိုင်ကြမလဲ။ ”
တစ်စုံတစ်ယောက်မှ မေးမြန်းလေသည်။ လေလံပွဲစီစဉ်သူက ထိုအသံထွက်ပေါ်လာသည့် သီးသန့်ခန်းထံသို့ မော့ကြည့်ကာ၊
“ ဝေလငါးဝိညာဉ်မျိုးနွယ်စုရဲ့ ကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းရှိရုံနဲ့ မလုံလောက်ပါဘူး ဒီတိုက်ပွဲဝင်သံချပ်ကာကို စိတ်ဝင်စားရင် ရှစ်သန်းကနေစပြီး လေလံဆွဲရမှာပါ။ ”
-ဟု ဖြည့်စွက်လိုက်သည်။
ဆိုလိုသည် ဤလေလံဆွဲခြင်းသည် အပိုဆုကြေးတစ်ခုသာဖြစ်ကြောင်း ပြောလိုခြင်း ဖြစ်ချေပြီ။ ဝေလငါးဝိညာဉ်မျိုးနွယ်စုအတွက် တွက်ဆထားပြီးဖြစ်၏။
“ ဒါဆို လေလံဆွဲကြရအောင်။ ”
ချင်းကျန်းက တည်ငြိမ်စွာ ပြောကြားလိုက်သည်။ စုရီမှခဏမျှစဉ်းစားပြီး အဆုံးတွင် လက်လျှော့လိုက်သည်။ ယင်းသည် ရေနဂါးမျိုးနွယ်ဝင်များသာ အသုံးပြုနိုင်သဖြင့် သူ့တွင်ရှိလျှင်ပင် အသုံးမဝင်ချေ။
ဤနတ်ဘုရားသားတော်များအတွက် သည်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ သူတို့၏ စစ်မှန်သောရည်ရွယ်ချက်မှာ နဂါး နန်းတော်၏ သတင်းများရရှိရန်ဖြစ်၏။
များမကြာခင် လေလံပွဲသည် မြန်မြန်ဆန်ဆန်စတင်လာခဲ့ပြီး အဟုန်ပြင်းစွာ ဆက်သွားနေသည်။ အံ့ဩစရာကောင်းသည့် စျေးနှုန်းသို့ ရောက်လာသောကြောင့် လူအများအပြား တုန်လှုပ်လာ၏။
အစမှအဆုံးတိုင် စုရီမှာမူ စောင့်ကြည့်နေခဲ့သည်။ လေလံဆွဲသူများ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်မှ သူတို့၏ ပြတ်သားသော စျေးပေးသံများအရ နတ်ဘုရားသားတော် ငါးပါးရှိနေ၏။
ချင်းကျန်း၊ ကျင်းကျိလျူနှင့် ရှစ်နင်တို့ သုံးဦးအပြင် အခြားသော နတ်ဘုရားသားတော် နှစ်ပါး ပါဝင်သည်။
ထိုနှစ်ဦးသည် ကုန်းယန်ယုနှင့် အမျိုးသမီးချင်းဝူဖြစ်သည်။ ဤအချင်းအရာများ အရ အနာဂါတ်တွင် ထိုသို့သောလူငယ်များ ပိုမိုများပြားလာမည်ဟု သတိပေးနေ၏။
သို့သော် လက်ရှိအင်မော်တယ်မြေသည် ထိုနတ်ဘုရားသားတော်များနှင့် ပတ်သတ်သည့် သတင်းများကို ထိန်ချိန်ထားလေရာ မည်သူမျှ သိရှိခြင်းမရှိချေ။
အဆုံးတွင် တိုက်ပွဲဝင်သံချပ်ကာသည် ကုန်းယန်ယုလက်ထဲသို့ ကျရောက်သွားခဲ့ကာ (၃၉)သန်းနှင့် ဝယ်ယူသွားသည်။
ဤသည်မှာ ထိုက်ကျင်းအဆင့်မှ တွင်းအောင်းဖားအိုကြီးများပင် တုန်လှုပ်စေမည့် ပမာဏမျိုးဖြစ်၏။ စုရီခမျာ ဤနတ်သားများ၏ ချမ်းသာကြွယ်ဝမှုကို မနာလိုဖြစ်လာသည်။
ထိုနတ်ဘုရားသားတော်များကိုသာ ဖမ်းဆီးလုယက်နိုင်ပါက မြောက်များစွာသော အရင်းအမြစ်များ သေချောပေါက်ရနိုင်မည်။
များမကြာမီတွင် ကြေးသေတ္တာထဲ တံဆိပ်ခတ်ထားသော တိုက်ပွဲဝင်သံချပ်ကာကို ကုန်းယန်ယု၏ သီးသန့်အခန်းသို့ ပေးပို့ခဲ့၏။
ထို့နောက် လေလံပွဲစီစဉ်သူသည် နဂါးနန်းတော် ဒုတိယရတနာကိုလေလံတင်ရန် ပြင်ဆင်လာသည်။ ဤတစ်ကြိမ်တွင် ရတနာကို လူတိုင်းမြင်နိုင်အောင် ထုတ်ပြပေး၏။
ယင်းသည် တစ်ပေခန့်ရှည်သော သံချေးတက်နေသည့် ကြေးပြားများသာဖြစ်ပြီး အနားသတ်များ ကျိုးပဲ့ပျက်စီးနေချေပြီ။
***