အခန်း ၁၃၀၄
Vol. 109 Ch. 1304
အခန်း ၁၃၀၄ -
နဂါးဘာသာစကား။
ယင်းသည် မာကျောသော သတ္တုကိုယ်ထည်များအလား တောက်ပနေကာ ထူးခြားဆန်းကြယ်သည့် သင်္ကေတများကို မှေးမှိန်စွာမြင်နိုင်ချေပြီ။ ထိုသင်္ကေတများသည် ထူးဆန်းပြီး ပုံပျက်နေ၏။
လူတိုင်း အံ့ဩမှင်သပ်ကုန်ကြသည်။ ဤသည်မှာ အရှေ့ပင်လယ်ပြင် နဂါးနန်းတော် ဘာသာစကားဖြစ်ပေမည်။ ထိုစဉ် လေလံပွဲစီစဉ် သူမှ ရှင်းပြလာ၏။
“ ဒီရတနာကို နဂါးနန်းတော်ရဲ့ အပျက်အစီးတွေကနေ ရခဲ့တာပါ လျှို့ဝှက်ပြီး ငါတို့နားမလည်တဲ့ ဘာသာစကားတစ်မျိုးပဲ ဝေလငါးဝိညာဉ်မျိုးနွယ် အကြီးအကဲတွေရဲ့ အဆိုအရ အဲဒီစာလုံးတွေက ...
... နဂါးမျိုးရိုးရဲ့ လျှို့ဝှက်ဘာသာစကား ဖြစ်နိုင်ပြီး အလွန်ကြီးမားတဲ့ လျှို့ဝှက်ချက်တွေ ဖော်ညွှန်းထားတာဖြစ်နိုင်တယ် ကံမကောင်းစွာ ဘယ်သူမှ နားမလည်ခဲ့ဘူး။ ”
ထို့နောက် သူကပင် ခဏရပ်ကာ လူတိုင်းထံဝေ့ကြည့်လျက်၊
“ ဒီဘာသာစကားကို ဖတ်ပြနိုင်တဲ့ သူတိုင်းက ဒီရတနာကို ဈေးခေါ်လို့ရပါတယ်။ ”
-ဟု ကြေငြာလိုက်တော့၏။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ နတ်ဘုရားသားတော် သမီးတော်များဖြစ်သည့် ချင်းကျန်း၊ ရှစ်နင်နှင့် ကျင်းကျိလျူတို့ပင် အသံမထွက်ကြချေ။
သူတို့သည် နဂါးနန်းတော်၏ လျှို့ဝှက်ဘာသာစကား မသိကြောင်းမြင်နိုင်၏။ ဤအချိန်တွင် စုရီက သတိရသွားပြီး လဲကျိထံ ဆက်သွယ်လိုက်သည်။
“ လဲ့ကျိ ... မင်း အဲဒီစာလုံးတွေကို ဖတ်နိုင်လား။”
မျောက်ဝံအိုကြီး၏ စကားအရ တစ်ချိန်ကလဲ့ကျိသည် ကမ္ဘာဦးခေတ်ကြီးတွင် လီဖူယွီ၏အစေခံအဖြစ် ရှင်သန်ခဲ့ဖူး၏။
ထို့ကြောင့် ကမ္ဘာဦးခေတ်တွင် ရှင်သန်ခဲ့သောနဂါးနန်းတော် ဘာသာစကားကို ဗဟုသုတအဖြစ် မြင်ထားနိုင်မည်။
လဲ့ကျိမှ ထိုရတနာများထံ စိုက်ကြည့်ကာ၊
( သခင် ... ဒါက အရှေ့ပင်လယ် နဂါးနန်းတော်ရဲ့ နဂါးမျိုးနွယ်က ဖန်တီးထားတဲ့ ထူးခြားတဲ့ တာအိုဘာသာစာလုံးပါ ...
... ကောင်းကင်တာအိုကို ဘဘ်သူမှ လှည့်စားလို့မရဘူး ကံကြမ္မာဆိုးနဲ့ကံကြမ္မာရဲ့ အရင်းအမြစ်ကြောင့် နဂါးနန်းတော်ဟာ ... နှမြောစရာ ... ။ )
-ဟု ဖတ်ပြလာသည်။
စုရီတစ်ယောက် မျက်ခုံးပင့်လိုက်၏။ လဲ့ကျိသည်အမှန်ပင် နဂါးဘာသာစကားများကို နားလည်နေချေပြီ။
သို့သော် ထိုကြေးပြားများသည် အပိုင်းပိုင်းကွဲအက်နေပြီး မပြည့်မစုံသဖြင့် အဓိပ္ပါယ်ဖော်မရချေ။
( ... ချမ်းသာကြွယ်ဝမှုကြောင့် ကြီးပွားတိုးတက်လာပေမယ့် သေချာပေါက် ပျက်စီးမှုလည်း ရောက်လာလိမ့်မယ် ...
... လောဘဆိုတာ ဒုက္ခအားလုံးရဲ့ အရင်းအမြစ်မို့ ... ပေးချေရတာ အရမ်းများတယ် မဟုတ်သေးဘူး အဲဒါမမှန်ဘူး ...
... လောဘဟာ ကပ်ဘေးရဲ့ တကယ့်အရင်းအမြစ်မို့ ... တကယ်ပေးဆပ်ရရင် မထိုက်တန်ဘူး။ )
အဆုံးတွင် လဲ့ကျိအသံမှာ တိတ်ဆိတ်သွားလေသည်။ စုရီတစ်ယောက် စိတ်ပျက်သွား၏။
ဝါကျမှာ ထိုမျှနှင့် ပြီးဆုံးသွားသည်။ ထပ်မံမရှိတော့ချေ။ မည်သို့ပင်ဆိုစေကာမူ ဤမျှဖတ်နိုင်သည်ကပင် ကျေနပ်စရာဖြစ်၏။
ဤသည်မှာ သမိုင်းမှတ်တမ်းများတွင် ပျောက်ဆုံးနေသော နဂါးနန်းတော်၏ဘာသာ စကား ဖြစ်လေသည်။
“ ဒီကြေးပြားပေါ်က နဂါးနန်းတော်ဘာသာစကားကို ဘယ်သူများ ဖတ်နိုင်မလဲ။ ”
ထိုစဉ် လေလံပွဲစီစဉ်သူသည် တိတ်ဆိတ်နေသောလေထုကို ဖြိုဖျက်လိုက်ကာ မေးမြန်းတော့သည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသော်လည်း မည်သူမျှအသံ မထွက်ကြချေ။ ထို့ကြောင့် လေလံပွဲစီစဉ်သူက သက်ပြင်းချကာ၊
“ ဟုတ်ပါတယ် ... အရှေ့ပင်လယ် နဂါးနန်းတော်ဟာ ရှေးဦးခေတ်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီး အမွေအနှစ်တွေလည်း ပျောက်ဆုံးသွားရပါတယ် ...
... ဒီလိုနဂါးဘာသာစကားကို နားမလည်ကြတာသဘာဝပါပဲ ... ကဲ ဒါဆိုရင် တတိယမြောက် နဂါးနန်းတော် ရှေးဟောင်း ရတနာဆီ ဆက်သွားရအောင်။ ”
-ဟု ပြောကြားလိုက်တော့၏။
“ ခဏနေပါဦး။ ”
ရုတ်တရက် ဟန့်တားသံ ထွက်ပေါ်လာသည်။ ခန်းမတစ်ခုလုံး အသံ လာရာသီးသန့်ခန်းထံ မော့ကြည့်ကုန်၏။
တစ်ယောက်ယောက်သည် နဂါးနန်းတော်ဘာသာစကားကို တကယ်ပင် ဖတ်နိုင်သည်လော။
“ ဟမ့် ... ရှစ်နင်ရဲ့ အဲဒီလက်ပါးစေပဲ။ ”
ချင်းကျန်းက အသံရှင်ကို ချက်ချင်းမှတ်မိသွားပြီး မျက်နှာမည်းမှောင် သွားလေသည်။
တစ်ချိန်တည်းမှာပင် ကျင်းကျလျူ၊ ကုန်းယန်ယုနှင့် ချင်းဝူတို့သည်လည်း မှတ်မိ သွားကြတော့၏။
ချင်းကျန်းနှင့် စုရီတို့သည် ကျောက်စိမ်းပြားတစ်ခုအတွက် ရန်ဖြစ်ခဲ့ကြပြီး ချင်းကျန်းအနိုင်ရထားသည်။
ထို့ကြောင့် တစ်ဖက်လူသည် ရှစ်နင်၏ လက်ပါးစေအဖြစ် လူသိရှင်ကြားဖော်ထုတ်ခြင်း ခံလိုက်ရ၏။
“ လူကြီးမင်း ... တကယ်ပဲ နဂါးဘာသာစကားကို ဖတ်နိုင်တာလား။ ”
လေလံပွဲစီစဉ်သူက စိတ်ဓာတ်များ ပြန်လည်တက်ကြွလာ၏။
“ ဝါကျအနည်းငယ် လောက်ပဲ ဖတ်လို့ရတာပါ သဲသဲကွဲကွဲတော့ အဓိပ္ပါယ် မဖော်နိုင်သေးဘူး ပြောပါ ဒီရတနာအတွက် စျေးနှုန်းကို။ ”
စုရီသည် မူလက ဤရတနာများကို စိတ်မဝင်စားခဲ့သော်ငြားလည်း တခြားမည်သူမျှ ထွက်မလာသည့်နောက် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်လေသည်။
စုရီအသံ ထွက်ပေါ်လာသည်နှင့် ခန်းမတစ်ခုလုံး ဆူညံသံများ ထွက်ပေါ်လာပြီး တီးတိုးပြောဆိုသံများ ပြည့်နှက်သွား၏။
နဂါးဘာသာစကားအပေါ် တစ်စုံတစ်ယောက်သည် အမှန်ပင်နားလည်နိုင် မည်လော။ လေလံပွဲစီစဉ်သူပင် အံ့အားသင့် သွားပြီး၊
“ ငါ့ရဲ့ ရိုင်းပျမှုကိုခွင့်လွှတ်ပေးပါ ... ဒါပေမယ့် ဒီရတနာက အရမ်းအရေးကြီးတာမို့ လူကြီးမင်း တကယ်နားလည်တာမှန်ရဲ့လား။ ”
-ဟု မေးမြန်းလိုက်သည်။
“ ကြေးပြားရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ ပထမစာလုံးကိုးလုံးက ကောင်းကင်တာအိုကို ဘယ်သူမှ လှည့်စားလို့မရဘူး ... ကံကြမ္မာနဲ့ ကံဆိုးမှုတွေရဲ့ အရင်းအမြစ် ... လို့ အဓိပ္ပာယ်ရတယ် နောက်ထပ် ... ။ ”
“ လုံလောက်ပြီ ... ဆက်ပြီး ရွတ်ပြနေစရာမလိုတော့ပါဘူး။ ”
ရုတ်တရက် ထည်ဝါခန့်ညားသော ပုံရိပ်တစ်ရိပ် လေလံပွဲစင်မြင့်ပေါ်သို့ ရောက်ရှိ လာလေသည်။
ထိုသူသည် ချပ်ဝတ်ကိုဝတ်ဆင်ထားပြီး ဆံပင်၊ နှုတ်ခမ်းမွှေးများနှင့် ပါးသိုင်းမွှေးများမှာ မီးခိုးပြာရောင်ဖြစ်၏။ မျက်လုံးများမှာလည်း ထူးခြားလှလေသည်။
သူ့အမည်မှာ ကျင်းဟုန်ယုဖြစ်၏။ ဝေလငါးဝိညာဉ်မျိုးနွယ်စု၏ အလယ်အလတ် အဆင့် အင်မော်တယ်ဘုရင်တစ်ပါးပေပင်။
သူ့ထွက်ပေါ်လာမှုကြောင့် လူတိုင်း တိတ်ဆိတ်ကုန်၏။ ကျင်းဟုန်ယုတစ်ယောက် စုရီရှိနေသော သီးသန့်ခန်းထံမော့ကြည့်ကာ၊
“ နောက်ထပ် အတည်ပြုချက်တွေ မလိုတော့ပါဘူး ဒီကြေးပြားက အဲဒီမှာရှိနေတဲ့ လူကြီးမင်းရဲ့ အပိုင်ပါပဲ။ ”
-ဟု ကြေညာလိုက်သည်။
“ ပြီးတော့ ... လေလံပွဲပြီးတဲ့အခါ လူကြီးမင်းနဲ့တွေ့ဆုံ စကားပြောချင်မိပါတယ် ဒီတောင်းဆိုချက်ကို လိုက်လျောပေးမယ်လို့ မျှော်လင့်ပါတယ်။ ”
“ ကောင်းပြီ ... ။”
စုရီမှ တုန့်ပြန်လိုက်၏။
“ ဟမ့် ... ဝေလငါးဝိညာဉ်မျိုးနွယ်စုမှာ ဒီကြေးပြားနဲ့ဆင်တူတဲ့ နောက်ထပ်ရတနာတွေ အများကြီး ရှိနေပုံရတယ် ...
... တစ်ယောက်ယောက်က အဲဒီရတနာတွေပေါ်က ဘာသာစကားအပေါ် အဓိပ္ပာယ်ဖော်ပေးဖို့ လိုနေပုံပဲ။ ”
ချင်းကျန်းတစ်ယောက် မျက်လုံးများ တောက်ပသွားသည်။ သူတင်မက အခြားသော သူများသည်လည်း ဤမှန်းဆချက်ကို ပေးနိုင်ချေပြီ။
သူတို့နှင့်ကွဲပြားစွာပင် ရှစ်နင်သည် စုရီအပေါ် စိတ်ဝင်စားလာ၏။ တစ်ဖက်လူသည် သူမကဲ့သို့နတ်ဘုံမှလာခြင်း မဟုတ်ဘဲ ဒေသခံ လူငယ်တစ်ယောက်သာဖြစ်သည်။
ဤသို့ ခက်ခဲနက်ရှိုင်းသော ရှေးဦးခေတ်ဘာသာစကားဖြစ်သည့် နဂါးမျိုးရိုး ဘာသာစကားကို ဖတ်ရှုနိုင်နေလိမ့်မည်ဟု မထင်ထားချေ။
တစ်ဖက်တွင် ဝေလငါးမျိုးရိုးသည် ဤရတနာများ လေလံတင်ရောင်းချနေသည်မှာ အမှန်ပင် မရိုးရှင်းကြောင်း မြင်နိုင်သည်။
ပထမတစ်ခုဖြစ်သည့် ထိုက်ဟဲအဆင့် တိုက်ပွဲဝင်ချပ်ဝတ်သည် သူတို့မျိုးနွယ်၏ မဟာ အကြီးအကဲတစ်ပါးအပေါ် ကျရောက်နေသည့် နတ်ဘုရားကပ်ဘေးကို ဖျက်သိမ်းရန်ဖြစ်၏။
ဒုတိယ ဤကြေးပြားမှာမူ နဂါးနန်းတော် တည်နေရာအတွက် အဓိပ္ပာယ်ဖော်ပေးနိုင်သည့် တစ်စုံတစ်ယောက်ရှာဖွေခြင်းပေပင်။
ထို့နောက် ကျင်းဟုန်ယုသည် ဝမ်းသာအားရဖြင့် စုရီအခန်းထံဦးညွှတ်လျက် လှည့်ထွက်သွားခဲ့သည်။
များမကြာခင် ကြေးပြားကိုသေတ္တာထဲ ပြန်ထည့်ကာ အစေခံတစ်ဦးကသီးသန့်အခန်းသို့ လာရောက်ပို့ဆောင်ပေးတော့၏။
“ လေလံပွဲပြီးရင် ... အဲဒီဝေလငါး ဝိညာဉ်မျိုးနွယ်စုနဲ့ ချက်ချင်းတွေ့နိုင်အောင် မင်းစီစဉ်ပါ။ ”
ချင်းကျန်းက ညွှန်ကြားလိုက်သည်။ သူ့ဘေးရှိအဖွားအိုမှ ခေါင်းညိတ်လိုက်တော့၏။ တစ်ဆက်တည်းမှာပင် ချင်းကျန်းသည် ရှစ်နင်ထံမော့ကြည့်ကာ၊
“ ဒီရှစ်နင်ဘေးမှာနေတဲ့ အစေခံက နဂါးဘာသာစကားကို နားလည်နေတယ် သူက ကြိုတင်ပြင်ဆင်ပြီး ရောက်လာတာ သိသာပါတယ် ...
... နဂါးနန်းတော် အပျက်အစီးတွေကို စူးစမ်းလေ့လာဖို့အခွင့်အရေး သူတို့ရရှိသွားမှာ ငါ မလိုလားဘူး။ ”
“ စိတ်ချနေပါ သခင်လေး။ ”
အဖွားအိုမှ တည်ငြိမ်စွာဖြင့် ကတိပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် လေလံခန်းမအတွင်းရှိ အခြားသူများမှလည်း ချင်းကျန်းကဲ့သို့ပင် ဆုံးဖြတ်လာကြ၏။
အချို့သောအင်အားစုများသည် သူတို့၏ လက်အောက်ငယ်သားများကို လေလံရုံပြင်ပသို့ ချက်ချင်းစေလွှတ်ကာ သတင်းဖြန့်ကုန်သည်။
ဤကြေးပြားရှိ ဘာသာစကားသည် နဂါးနန်းတော်ကိုရှာဖွေရာတွင် များစွာသော အထောက်အကူဖြစ်စေမည်။
တစ်ဖက်တွင် သီးသန့်ခန်းအတွင်း စုရီမှ ကြေးပြားများကို စစ်ဆေးနေတော့သည်။ လဲ့ကျိ ပြောကြားခဲ့သည့်နောက် သူ့၌ထင်ကြေးတစ်ခု ရှိနေပြီဖြစ်သည်။
ထိုစဉ်လေလံပွဲစီစဉ်သူသည် တတိယမြောက်ကြေးသေတ္တာကို ထပ်မံ၍ ဖွင့်လှစ်လိုက်ပြီ ဖြစ်၏။
ဤသည်မှာ ရောင်ဝါများ တဖျပ်ဖျပ် လက်နေသော သတ္တုအပြားကြီးများဖြစ်သည်။ လူတိုင်း မျက်လုံးပြူးကုန်၏။
“ အဲဒါ ဘာလဲ ... နဂါးအကြေးခွံလား။ ”
“ ဘယ်လောက် ကြောက်စရာကောင်းတဲ့ ရောင်ဝါလဲ ဒါတကယ်ပဲ နဂါးအကြေးခွံဆိုရင် ထိုက်နယ်ပယ်ရဲ့ အထွတ်အထိပ်မှာရှိနေတဲ့ အစစ်အမှန်နဂါးဆီကနေ လာတာပဲ။ ”
“ ဟမ့် ... ဒီနဂါးအကြေးခွံက ပျက်စီးနေတာလား သွေးတွေစွန်းနေတယ်။”
ဤသည်မှာ မှင်ကဲ့သို့ မည်းနက်နေပြီး နတ်သတ္ထုဖြင့် သွန်းလောင်းထားသည့်အလား မျက်နှာပြင်တွင် သဘာဝအတိုင်း ထူးဆန်းသော တာအိုပုံစံများ ရှိနေသည်။
ခြောက်သွေ့နေသော သွေးစွန်းကွက်တစ်ခုကို ပြတ်သားစွာမြင်နိုင်၏။ ယင်းသည် ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားတစ်ခုကြောင့် နဂါးတစ်ကောင် ဒဏ်ရာရသွားသည့် မြင်ကွင်းပေါ်လာစေသည်။
“ နဂါးအကြေးခွံတွေ ... ။ ”
စုရီ မျက်လုံးများ တောက်ပသွားခဲ့ သော်လည်း နောက်ထပ် လျှို့ဝှက်ဆန်းကြယ်မှု ကိုမူ ချက်ချင်း မခွဲခြားနိုင်သေးချေ။
“ ဒီတတိယမြောက် ရတနာက ထိုက်ရွှမ်အဆင့် ပြိုင်ဘက်ကင်းအစစ်အမှန်နဂါး တစ်ကောင်ရဲ့ ခန္ဓာကိုယ်ကနေ ပြုတ်ကျလာတဲ့ နဂါးအကြေးခွံလို့ ယူဆထားတယ် ...
... သူ့မှာ နှိုင်းယှဉ်လို့မရတဲ့ မဟာတာအိုစွမ်းအင်ပါဝင်နေပြီး ဒါကိုသာ အဓိပ္ပာယ်ဖော်နိုင်ရင် ကြီးမားတဲ့ အခွင့်အလမ်းပါပဲ။ ”
***