← Chapters

အခန်း ၁၃၀၆

Vol. 109 Ch. 1306

အခန်း ၁၃၀၆

Vol. 109 Ch. 1306

အခန်း ၁၃၀၆ -

လီရွှမ်ကြွယ် ... ။

စုရီရရှိခဲ့သော အထူးအခွင့်အရေးနှင့် ဆက်ဆံမှုသည် လူအများကို မနာလိုစရာများ ဖြစ်လာစေခဲ့သည်။ သို့သော် ဝေလငါးဝိညာဉ် မျိုးနွယ်သည် သူ့ထံမှ အကူအညီတစ်စုံတစ်ရာ လိုအပ်နေကြောင်း လူတိုင်းမြင်နိုင်၏။

သို့သော် သူတို့အားလုံးကို အံ့အားသင့်သွားစေသည်မှာ စုရီသည် သူ၏ တောင်းဆိုချက်ကို ထုတ်ပြောလာခြင်းဖြစ်၏။

“ ငါနဲ့အတူ မိန်းကလေးရှစ်နင်က ဝေလငါးဝိညာဉ်မျိုးနွယ်ရဲ့ နဂါးဘာသာစကား အပေါ် အဓိပ္ပာယ်ဖွင့်ပေးမယ်။ ”

ထိုစကားကြောင့် ရှစ်နင်ခမျာ အံ့အားသင့်သွားလေသည်။ သူမ ဘေးနားမှ အစေခံအမျိုးသားက တိုးတိုးလေး မှတ်ချက်ပေးလာ၏။

“ ဒီကလေးက မဆိုးဘူး ... သခင်မလေး သူ့အပေါ် ကြင်နာခဲ့တယ်ဆိုတာကို ပြန်ဆပ်ဖို့ ဆန္ဒရှိနေတယ်။ ”

ရှစ်နင်တစ်ယောက် မျက်ဝန်းများထဲ အလင်းရောင်များ တောက်ပသွားခဲ့သော်လည်း တုန့်ပြန်စကားမဆိုခဲ့ချေ။

ဤအချိန်တွင် ချင်းကျန်းမှ နှာခေါင်းရှုံ့လျက်ဖြင့်၊

“ ရှစ်နင် ... မင်းရဲ့အစေခံက တကယ့်ကိုရယ်ချင်စရာပဲ အစေခံတစ်ယောက် အနေနဲ့ မင်းကို မိန်းကလေးရှစ်နင်အဖြစ် ခေါ်ဝံ့တယ်လား။ ”

-ဟု လှောင်ပြောင်လိုက်၏။

ယင်းသည် စုရီအပေါ် မည်မျှ မနာလိုဖြစ်နေကြောင်းကို ထင်ရှားစွာပြသ နေချေပြီ။ ဤနည်းဖြင့် စုရီနှင့် ရှစ်နင်ကြား အက်ကြောင်းကို ဖန်တီးလိုက်ခြင်းဖြစ်၏။

“ ချင်းကျန်း ... ငါ့ကိစ္စတွေကို ဝင်ရောက်စွက်ဖက်ဖို့ မင်းမှာ ဘာအခွင့်အရေး ရှိလို့လဲ ... မင်းထပ်ပြီး မလေးမစားလုပ်လာရင် လေလံပွဲပြီးတာနဲ့ ငါအလည်လာခဲ့မယ်။ ”

ရှစ်နင်မှ တုံ့ပြန်လိုက်သည်။ ချင်းကျန်းက မျက်ဝန်းများမှေးစင်းသွားပြီး လှောင်ပြုံးများဖြင့်၊

“ မင်း ... ငါနဲ့ ယှဉ်ပြိုင်ချင်တာလား၊ ကောင်းပြီ ... ဒါဆိုနဂါးနန်းတော်အပျက်အစီး နယ်မြေရောက်ရင် ငါတို့တွေ့ကြမယ်။”

-ဟု ပြောကြားလိုက်၏။

ပတ်ဝန်းကျင်တစ်ခုလုံး ဖိအားများ သက်ဆင်းလာသော်လည်း ထိုချင်းကျန်းသည် ရှစ်နင်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် သတ္တိ မရှိသေးကြောင်း မြင်နိုင်ချေပြီ။

“ ဝေလငါးဝိညာဉ်မျိုးနွယ်စုကို ... ငါ သူတို့ရဲ့စည်းကမ်းချက်ကို သဘောတူတယ်လို့ အကြောင်းပြန်ပေးပါ။ ”

ထို့နောက် ချင်းကျန်းက ပြတ်သားစွာ ပြောကြားလိုက်သည်။ လေလံခန်းမအတွင်းတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး လေလံပွဲစီစဉ်သူမှ ပြုံးလျက် ချီးကျူးစကားဆိုတော့၏။

“ သခင်လေးချင်း ပါဝင်မယ်ဆိုရင် နဂါးနန်းတော်အပျက်အစီးတွေမှာ အများကြီး ရိတ်သိမ်းနိုင်ပါလိမ့်မယ်။ ”

များမကြာခင် ကျင်းကျိလျူ၊ကုန်းယန်ယု၊ ချင်းဝူနှင့် အခြားသော အင်မော်တယ်ဘုရင်များ တစ်ယောက်ပြီးတစ်ယောက် သဘောတူခဲ့၏။

အဆုံးတွင် လူတိုင်းသည် နဂါးနန်းတော် အပျက်အစီးထံ ဝင်ရောက်ရန် ဝေလငါးဝိညာဉ် မျိုးနွယ်စု၏ အကူအညီကို လိုအပ်နေသေး၏။

လေလံပွဲ ပြီးဆုံးသွားသည့်အခါ နဂါးနန်းတော်အပျက်အစီးများသို့ လိုက်ပါမည့် သူများ သီးသန့်ခန်းအတွင်း စုရုံးစေခဲ့သည်။

ထိုမှသာလျှင် လူတိုင်းသည် စုရီ၏ ရုပ်သွင်ကိုမြင်ကြ၏။ ရိုးရှင်းသောအဖြူရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ငယ်ရွယ်သော မျက်နှာနှင့် သာလွန်သောလေထုရှိနေသည်။

သို့သော် ဤမျှသာဖြစ်၏။ အခြား မည်သည့်အရာကိုမျှ လူတိုင်းမမြင်နိုင်ကြချေ။ ထို့ကြောင့် ချင်းဝူဆိုသည့် မိန်းကလေးက၊

“ ညီမရှစ်နင် ... မင်းရဲ့ လက်အောက်ငယ်သားက တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ ... သူက မူလကို ဖုံးကွယ်ထားရုံတင်မကဘဲ သူ့ရဲ့ ကျင့်ကြံမှု အဆင့်ကိုလည်း ဖုံးကွယ်ထားတယ်။ ”

-ဟု လှောင်ပြောင်လိုက်၏။

ထိုစကားကြားသောအခါမှသာ လူအများသည် မျက်ဝန်းများတောက်ပကုန်ပြီး စုရီရုပ်ရည်၌ တစ်စုံတစ်ရာ ထူးခြားနေကြောင်း ခံစားချက်အပေါ် နားလည်လိုက်တော့၏။

စုရီမှ ချင်းဝူထံ လှမ်းကြည့်လိုက်သည်။ ထိုအမျိုးသမီးသည် လက်ရှည်အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ဆံပင်ကို မြင့်မြင့်ထုံးထားကာ အသွင်အပြင်မှာ လှပထင်ရှား၏။

သူမ၏ မျက်ဆန်များသည် ရှားပါး ကြည်လင်ကာ အပြာရောင်ဖြစ်၏။ သူမဘေး၌ ဆံပင်ဖရိုဖရဲနှင့် နှာခေါင်းကြီးကြီး အနက်ဝတ် အဖိုးအိုတစ်ယောက် မတ်တပ်အိပ်နေသည်။

စုရီ၏ အကြည့်က ချင်းဝူထံ ရောက်ရှိသွားသည့်အခါတွင် ထိုအဖိုးအိုသည် မျက်လုံးပွင့်လာပြီး အေးစက်စွာပြန်ကြည့်၏။

ထိုခဏ၌ စုရီသည် ဓားတစ်လက် သူ့အရေပြားကိုကုပ်ခြစ်လာသကဲ့သို့ စူးရှသော နာကျင်မှုခံစားလိုက်ရသဖြင့် မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်မိသည်။

ရှစ်နင်က ယဉ်ကျေးစွာ လှုပ်ရှားလျက် သူမ၏အစေခံကို စုရီအနားခေါ်ဆောင်လာ၏။ ထို့နောက် သူမက ချင်းဝူထံ ပြန်ကြည့်ကာ၊

“ ချင်းဝူ ... ဒါက မင်းနဲ့ဘာဆိုင်လို့လဲ။ ”

- ဟု မေးမြန်းသည်။

ဤသည်မှာ ရိုးရှင်းသော မေးခွန်း တစ်ခုမျှသာဖြစ်သော်လည်း အလေးချိန်သည် နတ်တောင်ကြီးတစ်လုံး အလားပေပင်။

ချင်းဝူမှ မျက်မှောင်ကြုတ်လျက်ဖြင့် အဆုံးတွင် ချိုသာစွာ ပြုံးရယ်ပြလိုက်ကာ၊

“ အခွင့်အရေးရရင် မင်းရဲ့အဲဒီအစေခံ မျက်နှာအသွင်အပြင်ကို ငါမြင်ချင်ပါသေးတယ်။ ”

- ဟု ဆိုကာ စုရီထံမှ မျက်နှာလွှဲသွားတော့သည်။ သို့သော် စုရီနှင့် ပတ်သက်သည့် အကြောင်းအရာသည် ထိုမျှနှင့် မပြီးဆုံးခဲ့ချေ။ ကျင်းကျိလျူမှ အပြုံးများဖြင့် အနားသို့လျှောက်လှမ်းလာကာ၊

“ မိန်းကလေးရှစ်နင် ... မင်းရဲ့ အစေခံလေးက နဂါးဘာသာစကားကိုတောင် အဓိပ္ပာယ်ဖော်နိုင်တာပဲ ဘာလို့ငါတို့နဲ့ မိတ်မဆက်ပေးရတာလဲ။ ”

-ဟု ပြောကြားလာ၏။

သူသည် နှင်းလိုဖြူဆွတ်နေသော ဝတ်ရုံကိုဝတ်ဆင်ထားပြီး ဆံပင်များသေသပ်စွာ ထုံးဖွဲ့ထား၏။ သူ့ဘေးတွင် အသက်လတ်ပိုင်း အရွယ် အမျိုးသမီးတစ်ဦး လိုက်ပါလာသည်။

ရှစ်နင်မှ ပြန်မဖြေချေ။ အဘယ့်ကြောင့် ဆိုသော် သူမသည်လည်း စုရီနာမည်နှင့်မူလကို မသိသောကြောင့်ဖြစ်၏။

“ လီရွှမ်ကြွယ်။ ”

စုရီက ဝင်ဖြေပေးလိုက်သည်။ လီသည် လီဖူယွီအမည်မှ မျိုးရိုးကိုယူပြီး ရွှမ်ကြွယ်သည် နဝမဘဝစုရွှမ်ကြွယ်၏ အမည်ဖြစ်သည်။

“ လီရွှမ်ကြွယ်လား ... ။ ”

လူအများက စဉ်းစားကြသော်လည်း ဤနာမည်ကို ကြားဖူးခြင်းမရှိချေ။ ကျင်းကျိလျူ သည်ပင် အနည်းငယ် တွေဝေသွားပြီးနောက်၊

“ လီရွှမ်ကြွယ် ... ကောင်းတယ် မဆိုးဘူး ငါမင်းကို မှတ်ထားလိုက်မယ်။ ”

-ဟု ပြုံးလျက် ပြောကြားသည်။ ဤအချိန်တွင် ရှစ်နင်၏အသံသည် စုရီနားထဲသို့ ရောက်ရှိလာ၏။

“ ငါ တောင်းပန်ပါတယ် ... ငါ့ကြောင့် နင့်ကိုအထင်လွဲသွားကြပြီ နင်စိတ်မဆိုးဘူး ဆိုရင်တော့ နဂါးနန်းတော် အပျက်အစီးတွေထဲ ရောက်တဲ့အခါ ငါနဲ့ပူးပေါင်းနိုင်ပါတယ်။ ”

စုရီတစ်ယောက် အံ့အားသင့်သွားကာ ရှစ်နင်ထံပြန်ကြည့်လိုက်၏။ အလွန်ထူးခြားပြီး မြင့်မြတ်သော အဆင့်အတန်းရှိသည့် သူမသည် ဤသို့တောင်းပန်လိမ့်မည်ဟု မထင်ထားချေ။

စိတ်နေစိတ်ထားနှင့် စရိုက်သည် အမှန်ပင်ကောင်းမွန်လေသည်။ သူမ၏ရုပ်ရည် အသွင်အပြင်သည်လည်း ကျက်သရေရှိ၏။ စုရီမှ ပြုံးလိုက်သည်။

ရှစ်နင်က စုရီထံမှ အဖြေမရသဖြင့် ဆက်မပြောတော့ဘဲ အကြောင်းအရာကို ပြောင်းလဲလိုက်သည်။

“ တာအိုလီ ... နင်ငါ့မူလကို ခန့်မှန်းထားပြီးပြီလား။ ”

“ ချင်းကျန်း၊ ကျင်းကျိလျူတို့လိုပဲ မင်းလည်း အင်‌မော်တယ်နယ်မြေကမဟုတ်တာ လောက်ပဲ ခန့်မှန်းထားနိုင်ပါတယ်။ ”

“ တာအိုလီမှာ ... တကယ်ပဲ ထက်မြက်လွန်းတဲ့ မျက်လုံးတွေရှိတယ်။ ”

တစ်ဖက်လူသည် ထူးခြားပုံမပြခဲ့ သော်လည်း နဂါးဘာသာစကားကိုနားလည်ကာ သူမ၏ မူလကို မှန်းဆနိုင်နေ၏။

ယခုအချိန်ထိ သူမတို့အားလုံးကို နတ်ဘုရားသားတော်များဖြစ်ကြောင့် မည်သူမျှ မသိကြသေးချေ။ ဤအချက်က စုရီအပေါ် သူမ အမြင်များ ပြောင်းလဲသွား၏။

“ ဒီည အချိန်ရရင် ... ငါတို့စကားပြောကြမလား။ ”

ရှစ်နင်မှ ဖိတ်ကြားလိုက်သည်။ စုရီက ခေါင်းညိတ်လျက်၊

“ ကောင်းပြီ ‌... ။ ”

-ဟု တုန့်ပြန်၏။

သူသည် နတ်ဘုရားများအတွက် ရန်သူဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေ၌ ရှစ်နင်နှင့် ပိုမိုနီးကပ်စွာဆက်ဆံသော် သူ၏ သရုပ်မှန်ကို သိရှိသွားနိုင်မည်။

မီးနှင့် ကစားသကဲ့သို့ပေပင်။ သို့သော် တစ်ဖက်တွင်လည်း နတ်ဘုံအကြောင်း သိရှိရန် လိုနေသေးသည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် ဒုက္ခကိုရှောင်ရှားရန် မကြိုးစားတော့ချေ။

ဤသည်မှာ နှစ်ဦးသာ စိတ်ချင်းဆက်သွယ်နေခြင်းဖြစ်၏။ ထိုအချိန်၌ လေလံပွဲစီစဉ်သူနှင့် ဝေလငါးဝိညာဉ်မျိုးနွယ်၏ အင်မော်တယ်ဘုရင် ကျင်းဟုန်ယုတို့သည် သူတို့ရှေ့သို့ ရောက်လာကြသည်။

“ တာအိုမိတ်ဆွေတို့ ... ငါတို့ဟာ တစ်လအတွင်း နဂါးနန်းတော်အပျက်အစီး နယ်မြေတွေဆီ ထွက်ခွာဖို့ ဆုံးဖြတ်ထားတယ် ဒါကြောင့် အားလုံး တစ်လအတွင်း ...

... အရှေ့ပင်လယ် သစ်ရိုင်းကျွန်းဆီ အရောက်လာဖို့ အားလုံးကိုအသိပေးချင်ပါတယ် မဟုတ်ရင် ဘယ်သူမှ စောင့်နေချင်ကြမှာ မဟုတ်ပါဘူး။ ”

ကျင်းဟုန်ယုက လေးနက်သောအသံဖြင့် ပြောကြားလျက် ကျောက်စိမ်းပြားများထုတ်ကာ လူတိုင်းထံ ဝေငှပေး လိုက်လေသည်။

“ သစ်ရိုင်းကျွန်းရဲ့ တည်နေရာကို ဒီကျောက်စိမ်းပြားတွေထဲမှာ ထည့်သွင်းဖော်ပြ ပေးထားပါတယ်။ ”

“ ဘာလို့ တစ်လတောင် စောင့်ရမှာလဲ။ ”

ချင်းကျန်းက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။ ကျင်းဟုန်ယုတစ်ယောက် ခဏမျှ တွန့်ဆုတ်နေပြီးမှ အဆုံး၌ရှင်းပြလာ၏။

“ ဒီခရီးမှာ အင်‌မော်တယ်မြေအနှံ့က အင်အားစုအသီးသီးရဲ့ ထိပ်တန်းကျွမ်းကျင်သူ အများကြီး ပါဝင်လာမှာမို့ သူတို့ကို စောင့်ရပါမယ်။ ”

ထိုအဖြေကြောင့် လူအချို့မှာ မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြစ်လာ၏။ ယင်းသည် ပြိုင်ဆိုင်မှု ပြင်းထန်မည်ဖြစ်ကြောင်း ဆိုရာရောက်ပေသည်။

“ သူတို့ကော တာအိုကျမ်းကျိန်ရလား။ ”

“ ဟုတ်ပါတယ် ... ငါ့မျိုးနွယ်က လူတိုင်းကိုတန်းတူဆက်ဆံမှာပါ ငါတို့စည်းမျဉ်း အပေါ် လူတိုင်းလိုက်နာရပါမယ် ဒါပေမယ့် ... ”

ဤနေရာတွင် ကျင်းဟုန်ယုက စုရီထံကြည့်ပြီး ပြုံးပြကာ၊

“ တာအိုလီနဲ့ တာအိုရှစ်နင်တို့ကတော့ ချွင်းချက်ပါပဲ။ ”

-ဟု ပြောကြားလိုက်သည်။

ထိုခဏတွင် စုရီအပေါ် လူတိုင်း၏ အကြည့်များက ရှုပ်ထွေးစွာကျဆင်းသွားသည်။ မနာလိုမှု၊ မကျေနပ်မှုနှင့်အတူ အေးစက်သော သတ်ဖြတ်လိုသည့် အရိပ်အယောင်များပင် ပေါ်လာလေသည်။

အမြင့်ဆုံးသစ်ပင်သည် လေဒဏ်ကို အရင်ဆုံးခံရချေ၏။ လူတစ်ဦးသည် လူအုပ်ထဲ ထင်ရှားပေါ်လွင်နေပါက မလိုလားအပ်သော အမုန်းတရားများကို ခံရနိုင်ခြေများလေသည်။ ဤသည်မှာ လူ့သဘာဝဖြစ်၏။

“ အားလုံးပဲ ... ငါတို့မျိုးနွယ်စုက ဒီနဂါးအကြေးခွံကို ခဏနေရင် သိမ်းဆည်းမှာမို့ လျှို့ဝှက်ချက်တွေကို လေ့လာချင်ရင် အခုပဲ စတင်ကြပါ။ ”

ကျင်းဟုန်ယုက ပြုံး၍ ပြောသည်။ ချက်ချင်းပင် လူတိုင်း၏ မျက်နှာအမူအရာများ နူးညံ့သွားပြီး အကြည့်များက သွေးစွန်းနေသော နဂါးအကြေးခွံများထံ ရောက်ရှိသွားကြ၏။

ထို့နောက် ကျင်းဟုန်ယုက စုရီထံသို့ ချဉ်းကပ်လာပြီး ပြုံးလျက် နှုတ်ဆက်လေသည်။

“ တာအိုလီ ... ငါတို့သီးသန့်စကားပြောဖို့ နေရာတစ်ခုခုကို သွားကြမလား။ ”

ကျင်းဟုန်ယုက စုရီတစ်ဦးတည်းအပေါ် ဤမျှစိတ်အားထက်သန်စွာ ဆက်ဆံနေသည်ကို ကြည့်ခြင်းဖြင့် နဂါးဘာသာစကား၏ အဓိပ္ပာယ် ဖော်နိုင်သူသည် မည်မျှအရေးပါမှန်း သဘောပေါက်သွားကြသည်။

“ မိန်းကလေးရှစ်နင် ... မင်းဆန္ဒရှိရင် ငါနဲ့အတူလိုက်လာနိုင်တယ်။ ”

စုရီက ရှစ်နင်ကို ကြည့်ကာ ဖိတ်ကြားလိုက်သည်။ ရှစ်နင်မှအံ့အားသင့်လျက် စုရီ၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ခဲ့ချေ။

ဤသည်မှာ ကျေးဇူးဆပ်ခြင်းပင်လော၊ သူမအပေါ် ဆန်းပြားသောအတွေးများပင်လော၊ သို့မဟုတ် သူမပုံရိပ်ကို အသုံးပြုခြင်းပင်လော။

မည်သို့ပင်ဆိုစေကာမူ သူမ ရှိနေလျှင် သူမကိုကြောက်ရွံ့သဖြင့် ဝေလငါးဝိညာဉ်မျိုးရိုး အနေဖြင့် ဤလူငယ်ကို အန္တရာယ်ပြုဝံ့မည် မဟုတ်ချေ။

“ ကောင်းပါပြီ ... ငါလိုက်ခဲ့မယ်။ ”

တစ်ဖက်တွင် ကျင်းဟုန်ယုသည် အနည်းငယ် တွန့်ဆုတ်သွားသော်လည်း အဆုံး၌ သဘောတူလိုက်ပြီး စုရီ၊ ရှစ်နင်တို့နှင့်အတူ ချက်ချင်းထွက်ခွာလာတော့၏။

***

All Chapters