← Chapters

လုယန်ဖေ

Vol. 024 Ch. 1193

လုယန်ဖေ

Vol. 024 Ch. 1193

မိုလျိုကုန်းမြေ၏ မိုးရွာသီအတွင်း မနက်ခင်းလေသည်ပင် စိုထိုင်းစ ပါနေသည်။ပြတင်းတံခါးကို တွန်းဖွင့်ရာ တံခါးဘောင်ပေါ်သို့ အပြင်မှ မိုးစက်များ ကျဆင်းလာလေ၏။ အချို့က ဝမ်လင်း၏ မျက်နှာကို လာစင်သည်။

သည်မိုးက အေးလှသည်။

ပြတင်းပေါက်ကနေ မျှော်ကြည့်ပါက အပြင်တွင် မိုးသည်နေ၏။ ခြံဝန်းထဲရှိ ဆေးပင်များက သာမန်ထက် အကြမ်းခံရာ မိုးကြောင့် ၎င်းတို့မှာ မထိခိုက်ပေ။ မိုးသည် ဆေးပင်များပေါ် ကျဆင်းကာ အမြစ်များကို အားဖြစ်စေ၏။

မိုးရေစက်များထံမှ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းတို့ ပျံ့လွင့်သည်။ ဝမ်လင်းက အသက်ဝဝရှုသွင်းရင်း ထီးတစ်ချောင်းကို ထုတ်၊အခန်းထဲကနေ လှမ်းထွက်သည်။

သူ့ခြေသံမှာ ထီးမှ စီးကျလာသည့် မိုးရေသံနှင့် ရောနှော၏။ ဝမ်လင်းက ထိုအသံကို နားထောင်ရင်း လောကရှိ မူလစွမ်းအင်ကို ခံစားသည်။ သူသည် ပျော်ပျော်ရွှင်ရွှင်ပင် ရှေ့သို့ ခပ်ဖြည်းဖြည်း ဆက်လျှောက်သွားသည်။

ရှုယန်၏ ကျင့်ကြံမှုမှာ အဆုံးမသပ်သေး။ သူမသည် တိတ်ဆိတ်စွာ ကျင့်ကြံနေ၍ ပုံရိပ်ယောင်ယင်အဆင့်ကနေ အထည်ဒြပ်ယန်အဆင့်သို့ ချိုးဖျက်နိုင်ရန် ကြိုးစားနေသည်။ သူမသည် ဝမ်လင်း ထွက်လာသည်ကို သတိမပြုမိ၊ သူမသည် ကျင့်ကြံခြင်း၌ နစ်မြုပ်နေခြင်း မရှိလျှင်ပင် ဝမ်လင်း ထွက်ခွာလာမှုကို သိလိမ့်မည် မဟုတ်ပါ။

မူလကလန်သို့ ရောက်လာပြီးသည့်နောက် ဝမ်လင်းက သူ့ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်မထားတော့ပေ။ သူ့ခုလက်ရှိ ကျင့်ကြံမှုအဆင့်အတန်းကြောင့် သူက ဖုံးကွယ်နေရမည်ဟု မခံစားရတော့ပါ။ သို့ရာတွင် မန္တာန်တစ်ခုခု အသုံးမပြုပါက မည်သူကမျှ သူ့ကို ကျင့်ကြံသူတစ်ယောက်ဟု မြင်လိမ့်မည် မဟုတ်ချေ။

နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ မူလစွမ်းအင်က လောကနှင့် သမူဟ ဖြစ်နေရာ ထိုအဖြစ်က သူတို့ကို လောကရှိ မူလစွမ်းအင်များအား အသုံးပြုခွင့် ရရှိစေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်တို့ မလှုပ်ရှားသေးသ၍ မည်သည့်မူလစွမ်းအင်လှိုင်းတို့ကမှ ထွက်ပေါ်လာလိမ့်မည် မဟုတ်ချေ။ ထိုမျှသာဆိုလျှင် လုယန်ဖေကတော့ တစ်ခုခုကို တွေ့မြင်ကောင်း တွေ့မြင်နိုင်သေး၏။

သို့ရာတွင် ဝမ်လင်းထံ၌ မူလရင်းမြစ်အမျှင်တန်း ရှိကာ သူသည် တတိယအဆင့်ကို တွေ့မြင်ခဲ့ဖူးသူ ဖြစ်သည်။ သူက ကောင်းကင်ဘုံအင်ပါယာချင်းလင်၏ အကူအညီဖြင့် တတိယအဆင့်၏ အစွမ်းကို တွေ့ကြုံခဲ့ဖူးသည်။ ထို့အတွက်ကြောင့် သည်ကုန်းမြေရှိ မည်သူကမျှ သူ့ကျင့်ကြံမှုအဆင့်ကို ဖြတ်မြင်နိုင်စွမ်း ရှိကြလိမ့်မည် မဟုတ်ပေ။

သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ထီးတစ်ချောင်းကိုင်၍ ခြံဝန်းထဲကနေ လှမ်းထွက်ကာ မူလကလန်တစ်လျှောက်တွင် စတင် လမ်းလျှောက်သည်။ သူသည် အခြားကျင့်ကြံသူများနှင့် တွေ့၏။ သို့သော် သူတို့အားလုံးက အလျင်စလို ရှိနေရာ တစ်ယောက်နှင့်တစ်ယောက် မနှောက်ယှက်ကြပေ။

ဝမ်လင်းသည် တောင်ဘက်ခြံဝန်းကနေ တောင်ပေါ်သို့ ဆက်တက်သွား၏။ သူသည် မည်သည့်မန္တာန်ကိုမျှ အသုံးမပြု၊ သူ့ခန္ဓာကိုယ်အားဖြင့်သာ တောင်ထိပ်ဆီသို့ သည်အတိုင်း လှမ်းသွားနေခြင်းပင်။

တောင်ထိပ်၌ လေတိုက်ခတ်မှုမှာ အားကောင်း၏။ အကြည့်တစ်ချက်ဖြင့်ပင် တိမ်စိုင်များက ကောင်းကင်ကို ဖုံးအုပ်ကာ ယင်းတို့ထဲမှ လျှပ်စီးများ လင်းလက်၍ မိုးခြိမ်းသံ ခပ်အုပ်အုပ်ကို ထုတ်လွှတ်ပေးသည်။

ဝမ်လင်းသည် စိုစွတ်သည့်လေကို ရှုရှိုက်ရင်း အကွာအဝေးတစ်ခုရှိ မြင်ကွင်းကိုကြည့်ကာ လောကရှိ မူလစွမ်းအင်ကို ခံစားသည်။ ဝမ်လင်း၏ စိတ်နှလုံးကား တည်ငြိမ်သည်။ မဖိတ်ခေါ်ဘဲ ရောက်လာမည့် ဧည့်သည်ကြောင့်သာ မဟုတ်ပါက သူသည် အခုလိုခံစားမှုကို ကျေနပ်မိပေမည်။

သူက သူပင် မသိသော နေရာ၊ တစိမ်းလောကတွင် ရှိနေကာ မိုးသင်းရနံ့ကို ခံစားနေမိသည်။

“မင်း ဘယ်သူလဲ…” အေးစက်စက်အသံတစ်ခု သူ့နောက်ကနေ ထွက်ပေါ်လာသည်။

ဝမ်လင်း၏အသွင်က ပုံမှန်ပင်။ သူသည် သူ့ဘေးပတ်လည်ကို ကြည့်လိုက်ရာ သူ့နောက်ရှိ အမျိုးသမီးတစ်ယောက်ကို တွေ့၏။ ထိုအမျိုးသမီးမှာ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ဆံပင်နက်များမှာ သူမနောက်တွင် ပြန့်ကြဲနေသည်။ ဆံပင်နက်၊အနီရောင်ဝတ်စုံ၊ ခပ်ဖျော့ဖျော့မျက်နှာတို့က သူမကို ပို၍ပင် လှပစေသည်။

ထိုအမျိုးသမီးမှာ အလွွန်နူးညံ့ဟန် ရှိ၏။ သို့သော် ယခုလို မိုးထန်လေထန်သည့်နေ့၌ သူမထံကနေ အထီးကျန်မှုနှင့် အကူအညီမဲ့မှုတို့ကို ပေးစွမ်းနေသည်။ သူမ၏ အရှက်ခွဲခံရမှု ခပ်ဖျော့ဖျော့မှာ ဝမ်လင်း၏မျက်လုံးထဲတွင် ပေါ်လာသည်။

ဝမ်လင်းက တည်ငြိမ်စွာ ပြော၏။ “ငါ့နာမည်က စန်နူး…”

အနီရောင်ဝတ်စုံနှင့်အမျိုးသမီးက ဝမ်လင်းကို အေးစက်စက်ကြည့်ကာ မျက်မှောင်ကြုတ်သည်။ စန်နူး ဆိုသည့် နာမည်က သူမအတွက် လုံးဝ အစိမ်းသပ်သပ် ဖြစ်နေ၏။ ဝမ်လင်းက သေမျိုးတစ်ယောက် ဖြစ်သည်ဟု မခံစားရပါက သူမသည် သူ့ကို တောင်အောက်သို့ မောင်းချပြီးနေပေပြီ။

“စန်နူး…” အမျိုးသမီးက ကလန်သို့ ခေါ်ဆောင်ခဲ့သော သေမျိုး(၃၁)ယောက်တွင် စန်နူး ဆိုသည့် နာမည် ပါကြောင်း မှတ်မိသွားသည်။ သို့ရာတွင် သည်လူက တည်ငြိမ်လွန်း၏။ ထိုတည်ငြိမ်မှုမှာ အတုအယောင် မဟုတ်ပေ။

“ဒီနေရာကနေ ထွက်သွားချေ…” အမျိုးသမီးက အေးစက်စက် ပြောလာသည်။ တကယ်တော့ သူမသည် အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ဖြစ်ရာ သေမျိုးတစ်ယောက်အပေါ်တွင် လှုပ်ရှားမှုတစ်ခု ပြုလုပ်မိမည် မဟုတ်။ သူမက စိတ်အလိုမကျ ဖြစ်နေသော်လည်း သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းသိမ်းထားသည်။

ဝမ်လင်းသည် ပြုံး၏။ သူက အနီရောင်ဝတ်စုံနှင့်အမျိုးသမီးကို ကျော်၍ လှမ်းလျှောက်သွားသည်။ သူသည် လမ်းအတိုင်း သွား၍ ထွက်ခွာဟန် ပြင်သည်။

အနီရောင်ဝတ်စုံနှင့်အမျိုးသမီးက လှည့်၍ ဝမ်လင်းကို ကြည့်၏။ ဝမ်လင်း၏ တည်ငြိမ်မှုက သူမကို အံ့အားသင့်သွားစေသည်။ မူလကလန်တစ်ခုလုံးတွင်ပင် သူမဆရာကလွဲ၍ တပည့်တိုင်းသည် သူမအပေါ် အလွန်စိတ်လှုပ်ရှား၍ လေးစားကြသည်ဟု ဆိုနိုင်၏။ သူမ၏ စီနီယာအစ်ကိုသုံးယောက်သည်ပင် သူမ၏မြင့်မားသည့် ကျင့်ကြံမှုအဆင့်ကြောင့် လေးစားသမှုအချို့ သူမအပေါ် ပြသရပေသည်။

သေမျိုးများဆိုပါက ပြောနေစရာပင် မလိုပေ။ သို့သော် သူမရှေ့ရှိ သည်လူက ထူးဆန်းလွန်းစွာ တည်ငြိမ်နေသည်။

အနီရောင်ဝတ်စုံနှင့်လူ၏ အကြည့်က လျှပ်စီးတန်းအလား ဝမ်လင်း၏ နောက်ကျောကို စူးစိုက်ကြည့်လာသည်။ သေချာစစ်ဆေးကြည့်ပြီးနောက် သူမသည် သူမရှေ့ရှိလူမှာ သေမျိုးတစ်ယောက်သာ ဖြစ်မှန်း ကောက်ချက် ချနိုင်လိုက်သည်။

ထိုအမျိုးသမီးက သက်ပြင်းချ၍ ခပ်တိုးတိုး ဆိုသည်။ “နေဦး…နင် ငါပြောတာကို နားထောင်ပေးဖို့ ဆန္ဒရှိလား…”

လုယန်ဖေမှာ မူလကလန်တွင် အလွန်မြင့်မားသည့် အဆင့်အတန်း ရှိသူ၊ လူများစွာက သူ့ကို အလွန်လေးစားကြသည်။ ထို့အပြင် သူမ၏အဆင့်အတန်းကြောင့် စကားထုတ်ဖော် ပြောရသည်မှာ အချို့အရာများတွင် အဆင်မပြေ ဖြစ်နေ၏။

သူမရှေ့ရှိ လူငယ်က မည်သည့်ကျင့်ကြံမှုအဆင့်မှ ရှိမနေ၊ သေမျိုးတစ်ယောက် ဖြစ်နေ၏။ လုယန်ဖေ၏ အမြင်တွင် သူတို့နှစ်ယောက်ကြား ကွာခြားမှုက မိုးနှင့်မြေကဲ့သို့ ဖြစ်သည်။ ပို၍ အရေးကြီးသည်က လူငယ်၏ တည်ငြိမ်မှုက သူ့အပေါ်ပါ ကူးစက်ခံရသလို ဖြစ်၍ မသိလိုက်မသိဘာသာ သူမကို တည်ငြိမ်လာစေသည်။

သူမသည် သူမ ရင်ဖွင့်ပြောပြချင်သည် တစ်စုံတစ်ယောက်ကို ရှာဖွေချင်မိ၏။ အခုချိန်၌ သည်လို မိုးသည်းနေသည့် တောင်ပေါ်တွင် သူတို့နှစ်ယောက်သာ ရှိနေပုံ ရသည်။

ဝမ်လင်းက စဉ်းစား၏။ သူက လမ်းလျှောက်နေသည်ကို ရပ်တန့်လိုက်သည်။ သူသည် တောင်ထိပ်ပေါ်တွင် ရပ်ကာ အကွာအဝေးတစ်ခုမှ တိမ်နက်ထုကို ကြည့်၍ ခေါင်းညိတ်ပြသည်။

မိုးနှင့်အတူ တောင်ပေါ်လေက တဝီဝီ တိုက်ခတ်လျက်။ လေနှင့်မိုးအပြင် တည်ငြိမ်မှုသာ ရှိ၏။

“ငါ အသက်ဆယ့်သုံးနှစ်တုန်းက ဆရာဟာ ငါ့ကို တပည့်အဖြစ် လက်ခံခဲ့ပြီး ကျင့်ကြံခြင်းလမ်းကြောင်းကို ခြေချစေခဲ့တယ်…” လုယန်ဖေ၏အသံသည် တည်ငြိမ်၏။ အတိတ်ကို အောက်မေ့မှုတို့ ပါသည်။ သူမ၏ အသံက မိုးနှင့်အတူ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

“အာဏာတက်ခြင်းအဆင့်ကို ချိုးဖျက်ဖို့ ရည်ရွယ်တဲ့အခါမှာ ဆရာဟာ ကလန်က ဆေးပင်အများစုကို သုံးပစ်ဖို့ ဆန္ဒ ရှိခဲ့တယ်။ သူဟာ ငါ အာဏာတက်ခြင်းအဆင့်ကို ရောက်ဖို့အတွက် အခြားကလန်ထိ သွားပြီး ငါ့အတွက် ကောင်းကင်ထိုက်တန်ခြင်းဆေးလုံးကို သန့်စင်ပေးနိုင်ဖို့ ကုန်သွယ်ပေးခဲ့တယ်…”

“ငါ အဲ့နှစ်ကို ခုထိ မှတ်မိနေတုန်းပဲ။ ဆရာဟာ ကြယ်တွေကြားထဲ အမဲလိုက်ဖို့လည်း ငါ့ကို ခေါ်သွားပေးခဲ့တယ်။ သူက ငါ့အတွက် မျက်လုံးခြောက်လုံးအနီရောင်မြေခွေးကို ဖမ်းပြီး သုံးနှစ်တိတိ ဒီသားရဲကို ငါ့သက်စောင့်သားရဲ စိတ်ဝိညာဉ် ဖြစ်လာစေခဲ့တယ်…”

လုယန်ဖေသည် ဖြည်းဖြည်းချင်း ခါးခါးသီးသီး ပြောနေသည်။ သူမသည် ဝမ်လင်း နားထောင်သည်၊ နားမထောင်သည်ကို ဂရုမစိုက်၊ မိုးကုပ်စက်ဝိုင်းစွန်းကို ကြည့်ငေးရင်း ခပ်တိုးတိုးချင်း ပြောနေသည်။

“ဆရာ သေသွားခဲ့ပြီ။ အခုကစပြီး ငါ သူ့ကို နောက်ထပ် ဘယ်တော့မှ တွေ့နိုင်တော့မှာ မဟုတ်ဘူး…”

လုယန်ဖေသည် စကား အတော်ပြောခဲ့၏။ ဝမ်လင်းသည် ဘေးတွင် ရပ်နေကာ ငြိမ်ငြိမ်သက်သက် နားထောင်နေသည်။ အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။ သိပ်မကြာခင်တွင်ပင် မွန်းတည့်ချိန်ရောက်လာတော့မည်။ ကောင်းကင်ထက်၌ မိုးရွာသွန်းမှု ပါးသွားကာ တဖြည်းဖြည်း ရပ်တန့်သွားသည်။

အကွာအဝေးတစ်ခုရှိ တိမ်စိုင်အနက်များမှာ ပျောက်ကွယ်ကာ ကောင်းကင်ယံသည် ကြည်လင်လာသည်။ သက်တံရောင်က ကောင်းကင်ထက်၌ ချိတ်ဆွဲကာ ဖော်မပြနိုင်လောက်သည့် အလှတရားကို ပေးစွမ်းနေသည်။

“ခရမ်းရောင်တာအိုကလန်ဟာ ဆရာ့ကို သေစေခဲ့တယ်။ အဲ့နောက် သူတို့ရဲ့ ဂျူနီယာကလန်ခေါင်းဆောင်ဟာ ငါ့ကို သူ့ကျင့်ကြံခြင်းလက်တွဲဖော် ဖြစ်လာစေဖို့အတွက် ကမ်းလှမ်းတဲ့ ကျောက်စိမ်းပြားတစ်ခု ပို့ပေးလာတယ်။ ငါသာ သဘောမတူရင် သူတို့က ငါတို့ ကလန်နဲ့ စစ်ခင်းဖို့အကြောင်း ပင်မကလန်ကို တင်ပြပြီး ငါ့ဆရာ သေဆုံးမှုကနေ အကျိုးအမြတ် ရယူကြလိမ့်မယ်…။ ပင်မကလန်ကလည်း ငါတို့ကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး။ ခရမ်းရောင်တာအိုကလန်ကသာ ဒါကို တောင်းဆိုခဲ့ရင် ပင်မကလန်က သဘောတူညီဖို့ အခွင့်အရေး ရှစ်ဆယ်ရာခိုင်နှုန်းလောက် ရှိတယ်…”

လုယန်ဖေသည် သူမ၏ အောက်နှုတ်ခမ်းကို ကိုက်ထား၏။ သူမ၏ လှပမှု၌ ခါးသပ်ဟန်တို့ ဖြစ်ပေါ်နေသည်။

“စိတ်ပျက်စရာ ကောင်းတာက ငါ့စီနီယာအစ်ကို သုံးယောက်ဟာ ရှေ့ဆက်မတွေးဝံ့ကြဘူး။ ဒီကိစ္စကို ဖြစ်သင့်တယ်လို့ တွေးနေကြတာပဲ…။ သူတို့က ငါ့ကို မူလကလန်ရဲ့ ငြိမ်းချမ်းဖို့အတွက် စတေးပစ်ချင်နေကြတာ။ ဒါပေမယ့်လည်း သူတို့က မူလကလန်ဟာ လူဟိုင် ပိုင်ဆိုင်သွားတာနဲ့ လုံခြုံသွားလိမ့်မယ်လို့များ တကယ်ကြီး ထင်နေကြတာလား…”

လုယန်ဖေ၏မျက်လုံးထဲကနေ မျက်ရည်စီးကြောင်းနှစ်ခု လိမ့်ဆင်းကျလာကာ သူမ၏ ပါးပြင်ထက်ကနေ မြေကြီးပေါ်ထိ ကျဆင်းကာ မိုးရေနှင့် ရောစွက်သွားသည်။ သူမသည် မိုးကုပ်စက်ဝန်းစွန်းရှိ သက်တံကို ကြည့်နေရင်း ခပ်တိုးတိုး ပြောသည်။ “လေနဲ့မိုးပြီးရင် သက်တံ ရှိစမြဲ၊ဒါပေမယ့် ငါ့မူလကလန်ကတော့ မျှော်လင့်ချက်မဲ့နေခဲ့ပြီ…”

ဝမ်လင်း၏အသွင်သည် တည်ငြိမ်၏။ အနီရောင်ဝတ်စုံနှင့် အမျိုးသမီး စကားစသပ်သွားသည်ကို တွေ့သည့်အခါ သူသည် နောက်လှမ်း၍ တောင်စောင်းအတိုင်း ဆင်းလျှောက်သွားသည်။ ထိုအမျိုးသမီးကတော့ သည်တစ်ကြိမ်တွင် သူ့ကိုမတား၊ မိုးကုပ်စက်ဝန်းထံ ငြိမ်သက်စွာ ကြည့်နေသည်။ အချိန်အတန်ကြာပြီးနောက် သူမထံ၌ ပြတ်သားဟန်အမူအရာ ပေါ်ထွက်လာသည်။ သူမ၏မျက်လုံးထဲ၌ သတ်ချင်စိတ်တို့ ပေါ်လာ၏။

သူမသည် ဝမ်လင်း ထွက်သွားသည့်နေရာသို့ လည်ပြန်ကြည့်သည်။

“ဒီလူရဲ့ စိတ်နှလုံးဟာ ငါ့မျိုးဆက် ထိပ်မှာ ရှိတယ်။ သူသာ ကျင့်ကြံခြင်းလမ်းကို လျှောက်လှမ်းရင် သူဟာ အနာဂတ်မှာ ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိလိမ့်မယ်…။ ကံမကောင်းစွာနဲ့…”

ဝမ်လင်းသည် တောင်အောက်သို့ ဆင်းလာကာ ထီးကိုကိုင်၍ ခြံဝန်းထဲသို့ ဝင်ရောက်သည်။ ရှုယန်သည် ဝမ်လင်း အိမ်ပြန်လာချိန်ထိ ကျင့်ကြံနေတုန်း ဖြစ်သည်။ဝမ်လင်းမျက်လုံးက လင်းလက်သွား၏။

“ကျောက်ရီရဲ့ မှတ်ဉာဏ်တွေကနေ တစ်ဆင့် ဒီတိမ်ပင်လယ်ကြယ်အဖွဲ့အစည်းဟာ မဟာမိတ်နဲ့အလုံးစုံကောင်းကင်တို့နဲ့ အတော်လေး ခြားနားမှန်း ငါ သိခဲ့တယ်။ ဒါ့အပြင် ငါဟာ မူလကလန်ရဲ့ အကြီးအကဲစကားကို နားထောင်ခဲ့တော့ ဒီက ကျင့်ကြံသူတော်တော်များများက သားရဲစိတ်ဝိညာဉ်ကို အသုံးပြုပြီး ကျင့်ကြံတဲ့ပုံပဲ။ သူတို့ရဲ့ ဆေးဝါးဖော်စပ်တဲ့ပညာဟာလည်း ထက်မြက်လောက်တယ်။ တိမ်ပင်လယ်ဟာ မြူတွေနဲ့ ပြည့်နှက်နေပြီး မြူအတွင်းမှာ စိတ်ဝိညာဉ်သားရဲတွေပိုင်ဆိုင်တဲ့ လောကတစ်ခု ရှိနိုင်တယ်…”

ဝမ်လင်းသည် စတင် စဉ်းစား၏။ အထူးသဖြင့် သူသည် စောနက အကြီးအကဲ၏ စကားများကိုပင် ကြားလိုက်ရချိန်ကိုပင်။ လူတစ်ယောက်ကို အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိရန် ကူညီပေးနိုင်သည့် ဆေးလုံး အမှန်တကယ် ရှိနေသည်လော။

“ကောင်းကင်ထိုက်တန်ခြင်းဆေးလုံး…” ဝမ်လင်း၏မျက်လုံးထဲကနေ စိတ်ဝင်စားမှု ပေါ်ထွက်လာသည်။

သူက ကျောက်ရီ၏ အာဏာတက်ခြင်းသလင်းကြောင့်သာ မဟုတ်ရင် သူသည် မူလမီးတောက်၏ လောင်ကျွမ်းသွားမည့်အဖြစ်ကို မမေ့သေးပေ။

“ဒီတိမ်ပင်လယ်ကြယ်အဖွဲ့အစည်းမှာ ကျင့်ကြံခြင်းရဲ့ သေခြင်းရှင်ခြင်းကို ဖြတ်ကျော်နိုင်ဖို့အတွက် ကူညီပေးနိုင်တဲ့ ဆေးလုံး တကယ် ရှိနေတာပဲ။ ဒီတော့ တိမ်ပင်လယ်ဟာ ဆေးဝါးပညာရပ်မှာ အထွတ်အထိပ် ရောက်နေပြီလို့ ဆိုနိုင်တယ်။ ဖြစ်နိုင်တာက ကျင့်ကြံသူတွေကို ဒုတိယအဆင့် ရောက်ဖို့အတွက် အကူအညီပေးနိုင်တဲ့ ဆေးလုံးကော ရှိနေနိုင်လောက်လား…”

“ဒါပေမယ့်လည်း ကျင့်ကြံသူတွေဟာ တာအိုကို နားလည်ဖို့ အာရုံစိုက်သင့်တယ်။ ဆေးလုံးတွေဟာ ပြင်ပကူညီတဲ့နည်းလမ်းလို့ပဲ သတ်မှတ်လို့ရမှာ။ ဒါဆိုရင် ဘာကြောင့်များ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းဟာ ဆေးဝါးပညာရပ်မှာ အခုလောက်အဆင့်ထိ ရောက်ရှိခဲ့ကြတာလဲ…”

ဝမ်လင်းသည် မျက်မှောင်ကြုံ့မိ၏။ သို့သော် သိပ်မကြာခင်တွင် သူသည် အေးဆေးပြန်ဖြစ်သွားသည်။

“ဖြစ်နိုင်တာက ဒီဆေးလုံးတွေဟာ နယ်ပယ်ကို နားလည်ဖို့အတွက်များ ကူညီပေးနိုင်တာလား…”

ထိုအကြောင်းကို တွေးမိသည့်အခါ ဝမ်လင်းသည် နှလုံးတစ်ချက် ခုန်သွား၏။ သူသည် အသက်ခပ်ပြင်းပြင်း ရှုထုတ်မိသည်။

အခုချိန်၌ သူ့အမူအရာမှာ ပြောင်းလဲသွား၏။ သူ့အကြည့်သည် သူ့ကိုယ်ပိုင်အိမ်ထဲကနေ ထွင်းဖောက်ကာ ရှုယန်ထံသို့ ကျရောက်သွားသည်။

ထိုအခိုက်အတန့်၌ ရှုယန်သည် သူမ၏မျက်လုံးကို ဖွင့်လာ၏။ သူမသည် သွေးအန်လိုက်ရသည်။ သူမ၏မျက်နှာမှာ ဖြူရောသွားသည်။ သူမသည် အထည်ဒြပ်ယန်အဆင့်သို့ ချိုးဖျက်နိုင်ရန် ကြိုးစားရာ၌ ထပ်မံ ကျရှုံးရပြန်သည်။

ထိုကျရှုံးမှုက သူမ၏မူလစိတ်ဝိညာဉ်ကို ဒဏ်ရာ ရသွားစေသည်။ ရှုယန်သည် သူမ၏ အောက်နှုတ်ခမ်းကို ကိုက်ကာ ပြတ်သားဟန် ဖြစ်ပေါ်သည်။ သူမသည် သိုလှောင်အိတ်ထဲကနေ ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။

သူမသည် ဆေးလုံးကို တုံ့ဆိုင်းခြင်းမရှိ ချေမွပစ်ရာ ဆေးလုံးအနက်ရောင်တစ်ခု လှစ်ပေါ်လာသည်။ ထိုဆေးလုံးအတွင်း၌ ခပ်ဖျော့ဖျော့ စိတ်ဝိညာဉ်အားတစ်ခု ရှိသည်။

“စိတ်ဝိညာဉ်ခွဲခွာခြင်းမရဏဆေးလုံး…” ရှုယန်သည် အံတင်းတင်းကြိတ်ကာ ဆေးလုံးကို မြိုချသည်။ ထိုအခိုက်အတန့်၌ တည်ငြိမ်သောအသံတစ်ခု ပေါ်ထွက်လာသည်။

“ရပ်လိုက်…”

***

All Chapters