← Chapters

အစိမ်းရောင်မိစ္ဆာမီးပြင်းဖို

Vol. 141 Ch. 1950

အစိမ်းရောင်မိစ္ဆာမီးပြင်းဖို

Vol. 141 Ch. 1950

ထိုဓားသွား ပေါ်လာသည့်အခါ မုန်တိုင်းတစ်ခု ဒီအစိမ်းရောင်ဟင်းလင်းပြင်အတွင်း၌ ပေါ်လာ၏။ အက်သံများ ပဲ့တင်ထပ်ကာ သည်ဟင်းလင်းပြင်၌ ရေခဲ ပြည့်နှက်သည်။ အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအို၏ ဝတ်ရုံမှာ မည်သည့်သတ္တုဖြင့် ပြုလုပ်ထားသည်ကို မသိရပေ။ လေအေးက သူ့ထံ နီးကပ်လာသည်နှင့် ၎င်းဝတ်ရုံက  တားဆီးပေးသည်။

သို့သော် သူ၏နောက်မှ တမန်တော်နှစ်ယောက်ကမူ ထိုသို့ ဆန်းကြယ်သောရတနာတစ်ခု မပိုင်ဆိုင်ထားပေ။ အအေးစွမ်းအင်က သူတို့နှစ်ယောက်ထံ နီးကပ်လာသည့်အခါ သူတို့၏အမူအရာများသည် ကြီးစွာ ပြောင်းလဲသွားကာ နောက်ဆုတ်ကြသည်။ သူတို့၏ခန္ဓာကိုယ်များသည် ရေခဲဖြင့် ချက်ခြင်း လွှမ်းကာ သူတို့၏ မျက်ခုံးများသည်ပင် ရေခဲ ဖြစ်ကုန်သည်။

သူတို့၏မျက်နှာများက သေလောက်အောင် ဖြူရောသွားကာ နောက်ဆုတ်လျက် မာန်သွင်းလိုက်ကြ၏။ သူတို့၏ ကျင့်ကြံမှုအပြည့်အဝကို ထုတ်ဖော်မှ သည်အအေးဒဏ်ကို ခုခံနိုင်ရုံမျှသာ ရှိလေသည်။

ထိုသို့ဖြစ်သည်မှာ ဒီယင်ဓား၌ ပိုင်ရှင်မရှိသေးသောကြောင့်ပင်။ ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကသာ ၎င်းပေါ်၌ အမှတ်အသား ပြုလုပ်ပြီး စိတ်ဝိညာဉ်ချပ်ဝတ်ကြောင့် မြင့်မားသွားမည့် သူ့ကျင့်ကြံမှုအဆင့်ဖြင့်ဆို ဒီယင်ဓားက လောကကို မင်သက်သွားစေလောက်အောင်၊ နတ်ဘုရားများ၊ သရဲတစ္ဆေများ ငိုကြွေးသွားစေလောက်သည့်အထိ အစွမ်းထက်သွားပေလိမ့်မည်။

အစိမ်းရောင်မိစ္ဆာတမန်တော်နှစ်ယောက်အတွက် ဒီအအေးဓာတ်ကို ခုခံဖို့ ခက်ခဲလွန်းနေ၏။

ထိုဓားသွားက လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့် ကျင့်ကြံသူများကိုပင် ယှဉ်နိုင်၏။

“အရှင်အစိမ်းရောင်မိစ္ဆာလို လူမျိုးကသာ ဒီယင်ဓားနဲ့ ထိုက်တန်မှာ ဖြစ်တယ်…”

အစိမ်းရောင်ဝတ်ရုံအောက်ရှိ ဖုံးကွယ်နေသော ထိုအဘိုးအို၏မျက်နှာမှာ ထူးခြားစွာ နီရဲနေသည်။ သူ၏မျက်လုံးထဲ၌ ပြတ်သားမှုတို့ ပြည့်နေပြီး သူက ဝမ်လင်း၏ လက်ထဲမှ ဓားသွားက လင်းလက်သွားသည်ကို စောင့်ကြည့်သည်။ ထိုဓားသွားက သဲလွန်စမရှိ ပျောက်ကွယ်သွားသည်ကို တွေ့မြင်သည့်နောက် သူသည် မရယ်မောမိဘဲ မနေနိုင် ဖြစ်သွားရသည်။

သူ ရယ်မောလိုက်စဉ် အပြင်းအထန် ချောင်းဆိုးသွား၏။ သွေးများပင် ထွေးထုတ်လိုက်ရသည်။ သူက အိုမင်းလွန်းနေကာ သက်တမ်းကုန်တော့မည် ဖြစ်၏။

“အခု ဒီခန္ဓာကိုယ်မှာ ကိုးခုမြောက်အနှစ်သာရလည်း ပိုင်ဆိုင်သွားပြီ။ ပိုပြီးလည်း ဖျက်စီးဖို့ ခက်ပြီး ကြံ့ခိုင်မှု ရှိလာပြီး။ မျက်လုံးဟာလည်း ဖိနှိပ်နိုင်စွမ်း ရလာပြီ။ ပြီးတော့ ကောင်းကင်ဘုံဘိုးဘေးရဲ့ ဆံချည်မျှင်ကနေ  သွေးကြောတစ်ခုလည်း ဖြစ်ပေါ်စေခဲ့ပြီ။ ဒီခန္ဓာကိုယ်ရဲ့ ညာလက်မှာလည်း ယင်ဓားသွား ပါဝင်ထားပြီ။ ဒီခန္ဓာကိုယ်ဟာ ပြီးပြည့်စုံလုနီးပါး ဖြစ်လာခဲ့ပြီပဲ…”

“ဒါပေမဲ့ သူ့မှာ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သုံးခုပဲ ပိုင်ဆိုင်ထားသေးတယ်။ ရေအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် လိုအပ်နေတုန်းပဲ။ ငါ့မိသားစုဟာ ဒီခန္ဓာကိုယ်အတွက် လေးခုမြောက်အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် ဖွဲ့စည်းစေဖို့အတွက် နှစ်ပေါင်းမရေမတွက်နိုင်အောင် ပြင်ဆင်ထားခဲ့တယ်…”

အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုက သူ့ဘယ်လက်ကို ဝေ့ယမ်းလိုက်၏။ သူ၏ပတ်လည်ရှိ ပစ္စည်းများသည် လင်းလက်တောက်ပသွားသည်။

“ကောင်းကင်ဘုံပင်လယ်မိခင်စိတ်ဝိညာဉ်…”  ထိုအဘိုးအိုက လက်ဝေ့ယမ်းကာ ပြောလိုက်၏။ တစ္ဆေအလင်းလုံးတစ်ခု ပေါ်လာ၏။ ထိုတစ္ဆေအလင်းလုံးထံမှ အလွန်အမင်း သန့်စင်လှသော ရေအနှစ်သာရအော်ရာ ထွက်ပေါ်နေချေသည်။ ၎င်း၏အတွင်း၌ မည်သည့်အရာရှိသည်ကို မြင်ရဖို့ မဖြစ်နိုင်ပေ။ သို့သော် ထိုအော်ရာဖြင့်ပင် ဒီအစိမ်းရောင်ဟင်းလင်းပြင်အတွင်း၌ ရေလှိုင်းဂယက်အလွှာများ ဖြစ်ပေါ်စေဖို့ လုံလောက်ပေသည်။

ထိုပစ္စည်းသည် သည်အဘိုးအို၏ မိသားစုက စစ်ပွဲတစ်ခု တွေဝေခြင်းမရှိ ကြေညာကာ လုယူခဲ့သောအရာပင်။ ၎င်းကို အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက် ကုသရာ၌ ကူညီပေးဖို့အတွက် လုယူခဲ့ခြင်းပင်။

သို့သော် ဒီအခိုက်၌ ယင်းအဘိုးအိုက ဝမ်လင်း၏ခန္ဓာကိုယ် ပြီးပြည့်စုံစေဖို့အတွက် ၎င်းကို တွေဝေခြင်းမရှိ ထုတ်သုံးလာခဲ့လေပြီ။

“သေမျိုးအိပ်မက်ရေ…”   အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုက သူ့ဘယ်လက်ကို ဝေ့ယမ်း၏။ ဒုတိယမြောက်ပစ္စည်း ပျံသန်းထွက်လာသည်။ ၎င်းမှာ  အနက်ရောင်ပုလင်းတစ်ခု ဖြစ်ပြီး အတွင်း၌ ရေတစ်စက်သာ ပါဝင်သည်။

ထိုပစ္စည်းမှာ အလွန်အဖိုးတန်၏။ ဒီအစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုက မရေမတွက်နိုင်သော သေမျိုးများ၏ အိပ်မက်အတွင်း၌ ၎င်းရေစက်ကို ပျိုးထောင်ခဲ့တာ ဖြစ်၏။ မရေမတွက်နိုင်သော နှစ်များစွာ ကြာပြီးနောက် သူက ထိုသေမျိုးအိပ်မက်ကနေ ၎င်းရေစက်ကို ရိတ်သိမ်းနိုင်ခဲ့တာပင်။ ထိုအိပ်မက်ရေက ပုံရိပ်ယောင်တစ်ခု ဖြစ်သော်ငြားလည်း ၎င်း၌ ရေအနှစ်သာရ၏ အဆုံးစွန်စွမ်းအား ပါဝင်သည်။

“တာအိုနှလုံးသား ပျော်ဝင်အရည်…”

“ရေကောင်းကင်ဘုံသွေး…”

“ကောင်းကင်နဲ့မြေကြီး ရေဇစ်မြစ်…”

အစိမ်းရောင်ဝတ်ရုံအဘိုးအိုက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ထိုပစ္စည်းများသည် ပျံသန်းထွက်သွားသည်။ ယင်းတို့က ဝမ်လင်း၏ အနီးအနားသို့ ရောက်လာသည့်အခါ ပေါက်ကွဲပြီး ဝမ်လင်း၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သည်။ ယင်းတို့က သိပ်သည်းသော ရေအနှစ်သာရအော်ရာကို ထုတ်လွှတ်ပြီး ဝမ်လင်း၏ရေအနှစ်သာရစွမ်းအားကို အရူးအမူး မြင့်တက်သွားစေသည်။

ထိုစွမ်းအားတိုးတက်လာမှုက ဝမ်လင်း လှိုဏ်ဂူလောက ပုံရိပ်ယောင်အတွင်းရှိ တန်လင်းရေကန်အတွင်း၌ တွေ့မြင်ခဲ့ရသော ပုံစံမျိုးပင်။ သူသည် သူ၏ရေအနှစ်သာရအစစ်အမှန်ခန္ဓာ ပြီးပြည့်စုံမှုဆီ ရွှေ့လျားနေသည်ကို စောင့်ကြည့်နေလျက် အမျိုးအမည်မသိစွာ ခံစားနေရသည်။

သူ၏ရေအနှစ်သာရစွမ်းအားကို တိုးတက်စေနိုင်သော ပစ္စည်းများသည် အလွန်ရှားပါးလှ၏။ ဝမ်လင်းသာ ယင်းတို့ကို လိုချင်ပါက သူ့အဖို့ အချိန်ပေးရန် အနည်းဆုံး နှစ်ပေါင်းတစ်ထောင်လောက် လိုပေလိမ့်မည်။ ထိုပစ္စည်းများထဲမှ အချို့က ရှားပါးလွန်းလှသည် မဟုတ်လား။ ဝမ်လင်းအနေဖြင့် ယင်းပစ္စည်းတို့ကို မည်သည့်နေရာကနေ သွားရှာရမှန်းကိုပင် မသိလေပေ။

သို့ပေမည့် အခုအခါတွင်မူ သည်မဟာကံကောင်းမှု ကြုံနေရစဉ်တွင် ယင်းတို့က ရုတ်တရက် ပေါ်လာကာ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာခဲ့လေပြီ။

သူ၏ရှေအနှစ်သာရအစစ်အမှန်ခန္ဓာသည် အကြမ်းတည်ပုံစံ ဖွဲ့စည်းလာခဲ့ပြီ။ သို့ပေမည့် ၎င်းသည် အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် ပေါ်ထွက်လာစေဖို့တော့ အတန်ငယ် လိုအပ်နေသေးသည်။ သို့သော် ထိုအဘိုးအိုက ဝမ်လင်း၏ လေးခုမြောက်အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို ဖွဲ့စည်းပေးခြင်းအပေါ် ယုံကြည်မှု ရှိထားပေ၏။

ရုတ်တရက် ထိုအဘိုးအိုက သူ့လျှာထိပ်ကို ကိုက်ကာ သွေးများစွာ အန်ထုတ်လိုက်၏။ ထိုနောက်တွင် အစိမ်းရောင်ဝတ်ရုံအတွင်း ကွယ်ဝှက်နေသော သူ၏ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ ထိုသွေး၌ သူ့မိသားစုတွင် ကွယ်ဝှက်ထားသော စွမ်းအား ပါဝင်ပေသည်။

ထို့အပြင် သည်သွေးများထဲ၌ သူ၏ ရှစ်နှစ်တာ သက်တမ်းလည်း ပါဝင်ထားသေးသည်။ သွေးမြူက ဝမ်လင်း၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းလာ၏။

သို့ရာတွင် ထိုအဘိုးအိုက မရပ်ပေ။ သူက အံတင်းတင်းကြိတ်ကာ နောက်ထပ်သွေးများ အန်ထုတ်၏။ သူက သူ၏ဘဝသက်တမ်းနောက်ထပ်ရှစ်နှစ်ကို အသုံးပြုလိုက်ပြန်သည်။

ထိုပါးစပ်အပြည့် သွေးလုတ်များ၌ ထိုအဘိုးအို ကလန်၏ အသက်ဓာတ်အားနှင့် အမွေအနှစ်တို့ ပါဝင်၏။ သည်အခိုက်တွင် ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူ့ရေအနှစ်သာရသည် အရူးအမူး စုစည်းလာသည်။ သူ့သွေးက မြန်ဆန်စွာ စတင်လှည့်ပတ်သည်။

ဖြတ်ခနဲအတွင်း လများစွာ ကုန်လွန်သွားခဲ့လေပြီ။ သည်နောက်ပိုင်းတွင် ဝမ်လင်း၏ခန္ဓာကိုယ်မှ ရေအနှစ်သာရအော်ရာ ပေါက်ကွဲထွက်လာကာ သူ၏ခန္ဓာကိုယ်တွင်း၌ လေးခုမြောက်အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် ဖွဲ့စည်းနိုင်ဖို့ သိပ်သည်းလေ၏။

ဤသည်မှာ ရေအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ပင်။

ထိုအခိုက်တွင် အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သည် အိပ်ပျော်နေသလား မှတ်ရပြီး မည်သည့်စိတ်ဆန္ဒမှ မပါဝင်ပေ။ သို့သော် ဝမ်လင်းသာ အလိုရှိပါက သူသည် ၎င်းခန္ဓာကို ထိန်းချုပ်နိုင်ပေလိမ့်မည်။

သို့သော် သူက ဆက်၍ စောင့်နေတုန်းပင်။

ဝမ်လင်းသည် ဒီအချိန်တိုက်ပွဲ၌ တစိတ်တပိုင်း အနိုင်ရနေပြီ ဖြစ်၏။ သူသာ ဆက်လက် အနိုင်လိုချင်ပါက သူသည် ဆက်၍ စောင့်ဆိုင်းရလိမ့်မည်။ သူသည် မည်သည့်အရာကြောင့်မှ စိတ်အာရုံထွေးပြားကာ စွဲဆောင်ခံရ၍ မဖြစ်ပေ။ သူက အဆုံးထိ တိုက်ခိုက်ရလိမ့်မည်။

အစိမ်းရောင်ဝတ်ရုံအဘိုးအို၏ မိသားစု စုဆောင်းခဲ့သော ပစ္စည်းများစွာသည် ဝမ်လင်းအပေါ်၌ အသုံးပြုခဲ့ပြီး ဖြစ်၏။ နောက်ထပ် ပစ္စည်းလေးခု၊ ငါးခုလောက်သာ ကျန်တော့သည်။ ယင်းတို့ထံမှ သိမ်မွေ့ညင်သာသောအလင်းတောက်ပမှုကို ပေးစွမ်းနေ၏။

သို့သော် ထိုအဘိုးအို၏ကြမ်းကြုတ်သောမျက်နှာထက်၌ စိတ်လှုပ်ရှားမှု ပြည့်နေ၏။ သူသည် သူ့သက်တမ်းမှာ ဆယ့်ငါးနှစ်ပင် မပြည့်တော့သည်ကိုပါ မေ့နေပုံ ရသည်။သူ မည်မျှ ကြိုးစားခဲ့ရတာ၊ ပေးဆပ်ခဲ့ရတာကိုပါ မေ့နေဟန် တူ၏။ သူ၏စိတ်ထဲ၌ ရှိနေသော တခုတည်းသောအရာမှာ အရှင်အစိမ်းရောင်မိစ္ဆာ ရောက်ရှိလာမှုကို တွေ့ရဖို့နှင့် အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်၏ ပြန်လည်ရှင်သန်မှုကို တွေ့မြင်ရဖို့ပင်။

“ဒီခန္ဓာကိုယ်ဟာ ပြီးပြည့်စုံသွားခဲ့ပြီ။ အရှင်အစိမ်းရောင်မိစ္ဆာက ဒါကို နှစ်သက်မှာပဲ။ အခု ငါတို့ နောက်ဆုံးပြင်ဆင်မှု လုပ်ရမယ်။ ဒီခန္ဓာကိုယ်ကို အရှင်အစိမ်းရောင်မိစ္ဆာအတွက် ပြီးပြည့်စုံမှု ဖြစ်လာစေဖို့အတွက် ကင်းမြှီးကောက်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲရမယ်…”

အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ ကျန်သည့် ပစ္စည်းများက ဝမ်လင်းထံ ပျံသန်းလာ၏။ ယင်းတို့က အစိတ်စိတ်အမွှာမွှာ ကွဲထွက်ကာ ဝမ်လင်းကို ခြုံလွှမ်းသည်။

အစိမ်းရောင်ဟင်းလင်းပြင်သည် စတင် တုန်ခါလာသည်။ မရေမတွက်နိုင်သော ကင်းမြှီးကောက်များ ပျက်စီးကုန်ကြ၏။ ယင်းတို့က အစိမ်းရောင်အလင်းအဖြစ်သို့ ပြောင်းကာ ဝမ်လင်းထံ ပျံသန်းလာသည်။ အစိမ်းရောင်ဟင်းလင်းပြင်သည် ဝမ်လင်းပတ်လည်၌ စတင် ကြုံ့လာပြီးနောက် ကြီးမားသော အစိမ်းရောင်မီးပြင်းဖိုတစ်ခု ဖြစ်လာသည်။

ထိုမီးပြင်းဖိုက ပေတစ်သောင်းလောက် ရှည်လျား၏။ ၎င်းမှာ လုံးဝ အစိမ်းရောင် ဖြစ်နေကာ အစိမ်းရောင်ကင်းမြှီးကောက်များ၏ အော်ရာ ဖုံးလွှမ်းထားသည်။ ၎င်းထံ၌ ထိုအဘိုးအို ပိုင်ဆိုင်ခဲ့သော ရှားပါးပစ္စည်းများလည်း ပါဝင်သည်။ ၎င်းက ဝမ်လင်း၏ခန္ဓာကိုယ်ကို အသွင်ပုံစံ ပြောင်းလဲပစ်တော့မည်။

“အစိမ်းရောင်မိစ္ဆာတမန်တော်တွေ…မင်းတို့ရဲ့ ကျင့်ကြံမှုကို မီးအဖြစ် ပြောင်းလဲပြီး ဒီမီးပြင်းဖိုကို လောင်စာဖြည့်ကြ…”

ထိုအဘိုးအိုက ချောင်းဆိုးသွားကာ သူ၏ ကြမ်းရှသောအသံက ပဲ့တင်ထပ်လာ၏။

တမန်တော်နှစ်ယောက်သည် တုံ့နှေးမနေဘဲ ရှေ့သို့ လှမ်းကာ မီးပြင်းဖိုကြီးဘေးတွင် ထိုင်ချသည်။ သူတို့၏လက်များဖြင့် ချိပ်ဟန်များ ဖြစ်စေသည်။ သူတို့၏မူလစိတ်ဝိညာဉ်များ ပျံသန်းထွက်လာ၏။ ယင်းတို့က မူလအနှစ်သာရ အမြောက်အများကို ထွေးထုတ်ကာ မီးအဖြစ် ပြောင်းစေပြီး ဒီမီးပြင်းဖိုကို လောင်စာဖြည့်သည်။

ထိုမီးပြင်းဖိုက ဝမ်လင်းကို ဝန်းရံသွားသည့်အခိုက်၌ သူ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ တစီစီအသံများ ထုတ်လွှတ်လာသည်။ တချိန်တည်းမှာ မီးပြင်းဖိုထံမှ အစိမ်းရောင်အခိုးငွေ့အမျှင်တန်းများ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သည်။ ထိုအမျှင်တန်းတစ်ခုစီ၌ အလွန်တရာအားကောင်းလှသော လောက၏ စွမ်းအင် ပါဝင်သည်။

ဤသည်မှာ ရှေးကလန် သို့မဟုတ် ကောင်းကင်ဘုံကလန်မှ အော်ရာ မဟုတ်တပေ။ သို့သော် ထိုစွမ်းအားမှာ လောက၏အပိုင်ပင်။ ထိုစွမ်းအားကို အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်က ပိုင်ဆိုင်၏။ ဝမ်လင်းကလည်း အခုဆို ပိုင်ဆိုင်ထားလေပြီ။

လောက၏စွမ်းအား အမျှင်တန်းများက ဝမ်လင်း၏ခန္ဓာကိုယ်ထဲ အသည်းအသန် ဝင်ရောက်ကြပြီး စုဝေးသည်။ ဝမ်လင်း၏ခန္ဓာကိုယ် အဆုံးမရှိတွင်းတစ်ခုအလား သည်စွမ်းအားကို စုပ်ယူ၏။

သူ၏မူလစိတ်ဝိညာဉ်က ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ အကာအကွယ်အောက်ကနေ ဒီလောကစွမ်းအားကို စိုက်ကြည့်နေ၏။ သူ၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုတို့ ပိုလာသည်။ သို့သော် သူက တင်းခံထားကာ ၎င်းအား မစုပ်ယူသေးပေ။

ယခုတွင် သူ့အဖို့ ဒီခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး လောက၏စွမ်းအားကို စုပ်ယူကာ သူ့ကျင့်ကြံမှုအဆင့်ကို မြင့်တက်စေဖို့ အတွေးတစ်ချက်သာ လို၏။ သို့သော် သူက စောင့်နေ၏။ သူ၏ခန္ဓာကိုယ်ထဲ ပိုပိုများပြားသော စွမ်းအားများ စုဝေးလာတာကို ဆက်၍ စောင့်နေသည်။

သူက ဒီကံကောင်းမှုအတွက် နှစ်ပေါင်းတစ်ရာကျော် စောင့်လာခဲ့ပြီး ဖြစ်၏။ သူ၏မူလစိတ်ဝိညာဉ်သာ စောလျင်စွာ ပေါ်လာပြီး အပြင်ဘက်မှ သတိပြုမိသွားပါက သူ့ဒီကံကောင်းမှုသည် ကြီးစွာ လျော့ကျသွားပေလိမ့်မည်။

အချိန် ကုန်လာ၏။ လောက၏စွမ်းအားက ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ပိုပို ဝင်ရောက်လာသည်။ အဆုံးသပ်၌ ၎င်းက ဝမ်လင်း၏ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးနီးပါးကို သိမ်းပိုက်လာခဲ့ပြီ ဖြစ်၏။ သို့သော် ဝမ်လင်းက စောင့်နေသေးသည်။

တနှစ်၊နှစ်နှစ်၊သုံးနှစ်…။

မျက်စိတမှိတ်အတွင်း ဆယ်နှစ်တာ ကုန်လွန်သွား၏။

သည်ဆယ်နှစ်တာအချိန်အတွင်း အစိမ်းရောင်ဝတ်ရုံဖြင့်အဘိုးအိုက အစိမ်းရောင်မီးပြင်းဖို အပြင်ဘက်တွင် ထိုင်နေ၏။ သူက ထိုမီးပြင်းဖိုကို နီရဲသောမျက်လုံးတို့ဖြင့် စူးစူးနစ်နစ် စိုက်ကြည့်နေသည်။ သူက ဒီအရာအတွက် သူ့တဘဝလုံး သုံးစွဲခဲ့တာ ဖြစ်၏။ သူ့ထံ၌ နေရမည့်အချိန် သိပ်မကျန်တော့ပေ။ သူ၏ခန္ဓာကိုယ်က အားနည်းနေလေပြီ။ သို့သော် သူက ဆက်၍ တောင့်ခံကာ အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက် ပြန်ရှင်သထမြောက်လာမည်ကို မြင်ချင်သည်။

သည်ဆယ်နှစ်အတွင်း မည်သူမျှ မရှိသော ဒီမြူထဲ၌ ဖြတ်သန်းပျံသန်းနေသော အလင်းတန်းသုံးခု ရှိခဲ့သည်ကိုပင် ထိုအစိမ်းရောင်ဝတ်ရုံဖြင့်အဘိုးအိုက အရေးမစိုက်ပေ။

ထိုအလင်းတန်းသုံးခုက ဖြည်းဖြည်းချင်း နီးကပ်လာကာ အလွန်သတိထားနေကြ၏။ ဝမ်လင်းသည် ထိုသုံးယောက်ကို သိပေသည်။ သူတို့မှာ ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ချပ်ဝတ်ကို ပိုင်ဆိုင်ထားသော တခြားသူသုံးယောက်ပင်။

ကောက်ရီကလန်ခေါင်းဆောင်၏ အစီအစဉ်မှာ တချို့အကြောင်းရင်းများကြောင့် နှစ်ပေါင်းတစ်ရာကျော် နောက်ကျခဲ့ပြီး အခုမှ အကောင်အထည် စဖော်နိုင်ခြင်း ဖြစ်၏။

All Chapters