နောက်ဆုံးအသက်ရှုခြင်း
Vol. 141 Ch. 1951
အစိမ်းရောင်မီးပြင်းဖို အပြင်ဘက်၌ တမန်တော်နှစ်ယောက်သည် ဆယ်နှစ်လုံး သူတို့၏ အနှစ်သာရစွမ်းအင်များကို အသုံးပြုပေးထားသည်။ သို့ဖြစ်၍ အခုအခါ၌ သူတို့၏မူလစိတ်ဝိညာဉ်များသည် အားနည်းနေလေပြီ။ သူတို့က နောက်ထပ် အချိန်များများစားစား တောင့်ခံထားနိုင်တော့မည် မဟုတ်ပါ။
နောက်ပိုင်းရက်များစွာ၌ တမန်တော်နှစ်ယောက်ထဲမှ တစ်ယောက်၏ မူလစိတ်ဝိညာဉ်သည် သူ့မူလအနှစ်သာရ နောက်ဆုံးလက်ကျန်ကို ထုတ်လွှတ်ပေး၏။ ထို့နောက် သူ၏မူလစိတ်ဝိညာဉ်သည် လွင့်ပြယ်သွားကာ သူ၏ခန္ဓာကိုယ်မှာ အောက်သို့ ပြုတ်ကျပြီး သူ သေဆုံးသွားတော့သည်။
နောက်ထပ်အမွှေးတိုင်တတိုင်ဝက်စာ ကြာပြီးနောက် တခြားတမန်တော်၏ မူလစိတ်ဝိညာဉ်လည်း လွင့်ပျောက်သွား၏။
ထိုအဘိုးအိုနှင့် အချိန်အကြာကြီး အတူရှိခဲ့သော ထိုတမန်တော်နှစ်ယောက်၏ သေဆုံးခြင်းက သူ၏အမူအရာကို မပြောင်းလဲသွားစေပေ။ ထိုအဘိုးအိုထံမှလည်း သေခြင်းအော်ရာ ပေးစွမ်းလာကာ သူသည် သေလုသေခင်အနေထားသို့ ရောက်လာခဲ့လေပြီ။ သူ၏အားကောင်းလှသော စိတ်ဆန္ဒကသာ သူ့ကို ထောက်ပိုးမပေးထားပါက သူ သေသွားခဲ့လောက်ပြီ ဖြစ်သည်။
သူၑမျက်လုံးတို့က နီရဲနေ၏။ အခု သေခါနီးအချိန်ထိ သူ၏မျက်လုံးတို့မှာ စိတ်လှုပ်ရှားမှုတို့ ပြည့်နေ၏။ သည်အခိုက်၌ သူ၏ စိတ်လှုပ်ရှားမှုသည် ပေါက်ကွဲထွက်သည့်အထိ မြင့်တက်သွားသည်။
သူ၏အားနည်းလှသော ခန္ဓာကိုယ်က အောက်သို့ ထိုင်ကျသွား၏။ သူက မော့ကြည့်လာသည်။ သူ၏မျက်နှာတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်ကာ သူက ကြမ်းရှသောအသံဖြင့် ကျယ်လောင်စွာ ပြောလာသည်။
“အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်ရဲ့ ကျီစီအဖြစ် ငါ့အဆင့်အတန်းနဲ့ ငါဟာ အရှင်အစိမ်းရောင်မိစ္ဆာကို ဖိတ်ကြားပါတယ်။ အရှင် ဆင်းသက်လာပေးပါ။ ဒီကျွန်အိုကြီးက အရှင်အစိမ်းရောင်မိစ္ဆာ ပိုင်စိုးဖို့အတွက် ဒီခန္ဓာကိုယ်ကို ပြင်ဆင်ပေးထားပါတယ်…”
ထိုအဘိုးအိုက အမျိုးအမည် မသိရသော ရှေးဟောင်းမန္တာန်ကို ရွတ်ဆို၏။ မကြာမီတွင် သူ၏အသံက ဒီဧရိယာတွင် ပြည့်နှက်သည်။
ကင်းမြှီးကောက်အဆောက်အဦက တဖြည်းဖြည်း တုန်ခါလာ၏။ အမှုန့်အမွှားများ လေထဲ မြောက်တက် လွင့်စင်ကာ အားကောင်းလှသော စိတ်ဝိညာဉ်အော်ရာတစ်ခု နိုးထလာသည်ဟု ထင်ရပြီး ထိုအော်ရာ ဖြည်းဖြည်းချင်း ပျံ့လွင့်လာသည်။
ထိုအစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုက စိတ်လှုပ်တရှား မော့ကြည့်လာ၏။ ကင်းမြှီးကောက်အဆောက်အဦက တုန်ယင်လာပြီး အစိမ်းရောင်အခိုးအငွေ့အမျှင်တန်းကိုးခုသည် မတူညီသောအရပ်ကိုးမျက်နှာမှာ စုဝေးလာကြသည်။ ထိုအစိမ်းရောင်အခိုးငွေ့များသည် မီးပြင်းဖိုအထက်၌ စုဝေးကာ ဧရာမအရိပ်တစ်ခု ဖြစ်ပေါ်လာသည်။
ထိုအရိပ်က ပေထောင်သောင်းချီ ကြီးမား၏။ ၎င်းမှာ အစိမ်းရောင်ကင်းမြှီးကောက်တစ်ကောင်ပင်။
ထိုကင်းမြှီးကောက်သည် ဒဏ်ရာများနှင့် ပြည့်နေ၏။ ၎င်း၏အော်ရာမှာလည်း အားနည်းသည်။ သို့သော် ၎င်းက ဖော်ပြ၍မရသောဖိအားတစ်ခုကို ထုတ်လွှတ်သည်။ ထိုဖိအားအောက်တွင် အစိမ်းရောင်မိစ္ဆာကုန်းမြေတခုလုံးပင် တုန်ယင်လာဟန် ထင်ရသည်။
ထိုအရိပ်က ဖိနှိပ်ခံထားရသော ပင်မစိတ်ဝိညာဉ်၏ အစိတ်အပိုင်းပင်။ သူ၏ပင်မစိတ်ဝိညာဉ်ကမူ မထွက်ခွာနိုင်ပေ။ စိတ်ဝိညာဉ်အမျှင်တန်းကိုသာ ထုတ်လွှတ်နိုင်၏။ သို့ပေမည့် ထိုစိတ်ဝိညာဉ်အမျှင်တန်းက ခန္ဓာကိုယ်တစ်ခုကိုသာ ရခဲ့ပါက ၎င်းသည် ဖိနှိပ်ခံထားရသော ပင်မစိတ်ဝိညာဉ်ကို ပြန်စုပ်ယူကာ အမှန်တကယ် ရှင်သန်ထမြောက်လာနိုင်မည် ဖြစ်၏။
ထိုဧရာမကင်းမြှီးကောက်က ၎င်း၏မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လာ၏။ ၎င်း၏မျက်လုံးက အေးစက်ကာ ရက်စက်မှုအတိပြီးသည်။ ၎င်း၏မျက်လုံးထံမှ အရာအားလုံး၏အထက်တွင် ရှိသောအော်ရာကို ပေးစွမ်းသည်။ ၎င်းက အောက်သို့ ငုံ့ကြည့်လာသည်။
“ဒီအရှင်ကို ခေါ်လိုက်တာ မင်းလား…” အလွန်တရာအေးစက်လှသော အသံက ပဲ့တင်ထပ်သည်။ ၎င်းအသံက ဥပဒေသအလား။ ချက်ခြင်းပင် လောကကို တုန်ခါစေသည်။
သို့ပေမည့် မည်သို့ပင်ဖြစ်စေ ထိုကင်းမြှီးကောက်က ၎င်း၏အားနည်းမှုကို မဖုံးကွယ်ထားနိုင်ပေ။ ၎င်းမှာ အမှန်တကယ် အားနည်းနေ၏။
အစိမ်းရောင်ဝတ်ရုံဖြင့်အဘိုးအိုက တုန်ယင်သွားကာ ထိုစိတ်ဝိညာဉ်ထံ ဦးညွှတ်လိုက်၏။
“ဒီကျွန်အိုကြီးက အရှင်အစိမ်းရောင်မိစ္ဆာကို နှုတ်ဆက်ပါတယ်။ ဒီကျွန်အိုက အရှင်အတွက် ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်တစ်ခုကို ပြင်ဆင်ထားပါတယ်။ ဒီခန္ဓာကိုယ်မှာ နတ်ဘုရားအာရုံ၊ မူလစိတ်ဝိညာဉ် မကျန်ရစ်တော့ပါဘူး။ ဒါ့ကြောင့် အရှင်ရဲ့ ခန္ဓာပိုင်စိုးမှုအပေါ် သက်ရောက်မှု ရှိလိမ့်မှာ မဟုတ်ပါဘူး…”
အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုက အတော်လေး စိတ်လှုပ်တရှား ဖြစ်နေ၏။ သူ၏အသံက ထပ်မံ ကြမ်းရှခြင်း မရှိတော့ပေ။
သူက ဖိနှိပ်ခံရပြီးနောက် အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်သည် အလွန်တရာ အားနည်းနေတာကို သိ၏။ သည်နေရာတွင် ရှိနေသည်မှာ ၎င်း၏ စိတ်ဝိညာဉ်အမျှင်တန်းတစ်ခုသာ။ ထို့ကြောင့်လည်း သူက အကြိမ်များစွာ စမ်းသပ်ခဲ့ခြင်းပင်။ အကြောင်းမှာ ခန္ဓာကိုယ်ထဲ၌ မူလစိတ်ဝိညာဉ်သာ ရှိနေခဲ့ပါက ပိုင်စိုးခြင်းဖြစ်စဉ်အတွင်း ပြဿနာများ ဖြစ်လာပေလိမ့်မည်။
ထိုပြဿနာက အရာအားလုံးကို အဟောသိကံ ဖြစ်သွားစေနိုင်သည်။ အားနည်းသော အစိမ်းရောင်ကင်းမြှီးကောက်က ဒဏ်ရာအပြင်းအထန်ရခြင်းနှင့် အဆုံးသပ်သွားနိုင်၏။
အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအို ထိုသို့ ပြောလိုက်သည့်နောက် ကင်းမြှီးကောက်ကြီး၏ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားသည်။ ၎င်းက မီးပြင်းဖိုကို ကြည့်၏။ ၎င်းက အတွင်းရှိ ဝမ်လင်းကို တွေ့မြင်သည့်ပုံ ရ၏။
၎င်း၏အကြည့်က ဝမ်လင်း၏ခန္ဓာကိုယ်ကို ကိုးကြိိမ်တိုင် ဖြတ်သန်းသွားသည်။ သို့သော် ၎င်းသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို မထောက်လှမ်းနိုင်သည် ဖြစ်ရာ အတွင်းရှိ ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကို မြင်နိုင်ဖို့ကတော့ ပိုဝေးသွားလေပြီ။
အချိန်အတန်ကြာပြီးနောက် ထိုကင်းမြှီးကောက်စိတ်ဝိညာဉ်က ၎င်း၏အကြည့်ကို ပြန်ရုတ်သိမ်းသည်။
“အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုက နေရာတွင် ဒူးထောက်ကာ စိတ်လှုပ်တရှား ပြောသည်။ အရှင်အစိမ်းရောင်မိစ္ဆာ၊ ဒီကျွန်အိုကြီးက အရှင်ရဲ့ လိုအပ်ချက်တွေအတိုင်း အသွင်ပြောင်းလဲခြင်းကို ပြီးမြောက်စေထားပါပြီ။ မူလစိတ်ဝိညာဉ် အရိပ်အယောင် လုံးဝ မကျန်ရစ်တော့ပါဘူး…”
“မင်း…တော်တယ်။ ဒီအရှင် ပြန်ရှင်သန်လာပြီးရင် မင်း ချီးမြှောက်ခံရမယ်…” ဧရာမအစိမ်းရောင်ကင်းမြှီးကောက် စိတ်ဝိညာဉ်က လှိုင်းဂယက်များ စေလွှတ်သည်။ထို့နောက် ရုတ်တရက် ရွှေ့လျား၏။ ဖြတ်ခနဲအတွင်း ၎င်းက အစိမ်းရောင်မီးပြင်းဖိုကို ထွင်းဖောက်ကာ ဝမ်လင်းအနား ရောက်သွားသည်။
ဝမ်လင်း၏မူလစိတ်ဝိညာဉ်က ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွင်း၌သာ ပုန်းကွယ်နေပြီး မလှုပ်ရှားသေးပေ။
ဆယ်နှစ်တာ စောင့်ဆိုင်းပြီးနောက် သူသည် ဆက်၍ စောင့်နေ၏။ သူသည် သူ့ထံ ရောက်လာသည့် ကံကောင်းမှုတစ်ခုကိုသာ စောင့်နေသည် မဟုတ်၊ သူ့ထံ ပိုရဲတင်းသော စိတ်ကူး ရှိနေ၏။ အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုက အလွန်သတိရှ၏။ သူ့ကို ထပ်ခါထပ်ခါ စမ်းသပ်ခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲ၌သာ မူလစိတ်ဝိညာဉ် ရှိနေမှန်း အရိပ်အယောင် ပေါ်သွားခဲ့ပါက ခန္ဓာပိုင်စိုးခြင်းသည် ကျရှုံးသွားနိုင်သည်ကို ပြသနေ၏။ ထိုအခါကျလျှင် အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်သည် ပြန်လည်ထမြောက်လာနိုင်တော့မည် မဟုတ်ပေ။
ထိုသို့ဖြစ်မှတော့ သူသည် အဆုံးသပ်အချိန်ထိ လောင်းကြေးထပ်ရလိမ့်မည်။ သူက အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက် ရောက်ရှိလာမည်ကို စောင့်နေခြင်းပင်။ ၎င်းက သူ့ကို ဝါးမြိလိုပါက သူလည်း ပြန်ဝါးမြိုပစ်မည် ဖြစ်၏။
ဒီကင်းမြှီးကောက်စိတ်ဝိညာဉ်က အလွန်အစွမ်းထက်ပုံ ပေါ်၏။ သို့ပေမည့်လည်း အမှန်ကမူ ၎င်းသည် ဒဏ်ရာအပြင်းအထန် ရထားကာ ဖိနှိပ်ခံထားရဆဲ ဖြစ်၏။ ထို့အပြင် ၎င်းမူလစိတ်ဝိညာဉ်၏ အမျှင်တန်းကသာ ဒီနေရာတွင် ရှိနေခြင်း မဟုတ်လား။ ထိုကင်းမြှီးကောက်စိတ်ဝိညာဉ်သည် ဝမ်လင်းထံ ချက်ခြင်း မဝင်လာပေ။ ၎င်း၏နတ်ဘုရားအာရုံကို ကြိမ်ဖန်များစွာ ဖြန့်ကျက်စစ်ဆေး၏။ ထိုသို့ပြုလုပ်ပြီး စိတ်အနည်းငယ် အေးသွားမှသာ ၎င်းက ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်။
သို့တောင်မှ ၎င်းသည် ဝမ်လင်း၏ခန္ဓာကိုယ်ကို ချက်ခြင်း မပိုင်ဆိုးသေးပေ။
အချိန် ဖြည်းဖြည်းချင်း ကုန်လာပြီး သုံးရက်တာ ကုန်လွန်ခဲ့ပေပြီ။ သည်သုံးရက်ကြာ စောင့်ကြည့်ပြီးမှ ၎င်းသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ထပ်တိုး ဝင်ရောက်သည်။
မည်သို့ပင်ဖြစ်စေ ၎င်းက ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကို မမြင်နိုင်ချေ။ ဝမ်လင်းကမူ ၎င်းကို တွေ့မြင်၏။ ဝမ်လင်းသည် ထိုကင်းမြှီးကောက်စိတ်ဝိညာဉ် သူ၏ခန္ဓာကိုယ်ထဲ ဖြည်းဖြည်းချင်း ဝင်ရောက်ကာ ပျံ့နှံ့လာသည်ကို စောင့်ကြည့်နေ၏။ သို့သော် ၎င်းက ခန္ဓာပိုင်စိုးခြင်းကို မစတင်သေးပေ။ ထိုကင်းမြှီးကောက်၏ သတိထားမှုက အကန့်အသတ်ပင် ရောက်လာ၏။
ထိုသည်က ၎င်းမည်မျှ အားနည်းတာကို ပြသနေ၏။
ဝမ်လင်း၏မူလစိတ်ဝိညာဉ်က မလှုပ်ရှားပေ။ သူက စောင့်နေဆဲသာ။ သူသာ ခုချိန်၌ တိုက်ခိုက်လိုက်ပါက ထိုကင်းမြှီးကောက်သည် ချက်ခြင်း ထွက်သွားပေလိမ့်မည်။ အကြောင်းမှာ ၎င်းက ခန္ဓာပိုင်စိုးခြင်းကို မစတင်ရသေးသောကြောင့် ဖြစ်၏။ ခန္ဓာပိုင်စိုးခြင်းကို စတင်ပါက ၎င်းအဖို့ လွယ်လွယ်ကူကူ ထွက်သွားဖို့ မဖြစ်နိုင်တော့ပေ။ ထိုသည်က ဝမ်လင်းအတွက် အကောင်းဆုံးအခွင့်အရေး ဖြစ်လာလိမ့်မည်။
ဝမ်လင်း၏မူလစိတ်ဝိညာဉ်က အေးစက်စက်အကြည့်ကို လှစ်ဟဖော်၏။ သူက သူသာ ဒီကင်းမြှီးကောက်စိတ်ဝိညာဉ်ကို ဝါးမြိုပြီးနောက် သူ၏ကျင့်ကြံမှုအဆင့် မည်မျှ ဖြစ်လာမည်ကို မသိပေ။ သို့ပေမည့် ဤသည်က သူ့အတွက် မဟာကံကောင်းမှုကြီး ဖြစ်လာမည်ဟု ခံစားချက် ရနေ၏။
သူက ဒီကံကောင်းမှုကို ရဖို့ သူ့ခန္ဓာကိုယ်ကို တည်ကြက်အဖြစ် အသုံးချကာ လုံလောက်အောင် စိတ်ရှည်သည်းခံခဲ့ရပေ၏။
အစိမ်းရောင်မီးပြင်းဖို အပြင်ဘက်၌ အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုသည် စိတ်လှုပ်ရှားခြင်းကြီးစွာ စောင့်နေ၏။ သူသည် ထိုကင်းမြှီးကောက် ပိုင်စိုးခြင်းကို ပြီးမြောက်မည်အား စောင့်နေခြင်း ဖြစ်သည်။ သူသာ ပြီးပြည့်စုံသောပိုင်စိုးမှုကို တွေ့မြင်ပါက ငရဲတွင်ပင် ပြုံးနေနိုင်လိမ့်မည် ဖြစ်၏။
ခုနစ်ရက်ကြာပြီးနောက် ထိုအစိမ်းရောင်ကင်းမြှီးကောက်စိတ်ဝိညာဉ်သည် ၎င်း၏စိတ်ရှည်မှုကို ဆုံးရှုံးလာပုံ ရ၏။၎င်းခန္ဓာကိုယ်၏ အစိတ်အပိုင်းက ဝမ်လင်းထံ ဝင်ရောက်လာကာ ဝမ်လင်းခန္ဓာကိုယ်၏ ခုနစ်ဆယ်ရာခိုင်နှုန်းကို သိမ်းပိုက်သည်။
၎င်းသည် စိတ်ချလက်ချ ဖြစ်နေပုံပေါ်၏။ ၎င်းက ပိုင်စိုးခြင်းကို စတင်တော့သည်။ ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ ၎င်း၏စိတ်ဝိညာဉ်က အရူးအမူး ပျံ့နှံ့ကာ သူ့စိတ်ထံ ရွှေ့လျားလာသည်။ ၎င်းက ဝမ်လင်း၏စိတ်ထဲ ဝင်ရောက်လာသည့်အခါ၌ ၎င်းက မူလစိတ်ဝိညာဉ်တစ်ခု၏ မည်သည့်အရိပ်အယောင်ကိုမျှ မတွေ့ပေ။ ၎င်းသည် ချက်ခြင်း စိတ်လှုပ်တရှား ဖြစ်လာသည်။
၎င်းက သည်လိုပြီးပြည့်စုံသောအခွင့်အရေးကို စောင့်နေခဲ့ရတာ နှစ်ပေါင်းပင် မရေနိုင်တော့ပေ။ နောက်ဆုံးတွင်တော့ ၎င်းက ခန္ဓာပိုင်စိုးခြင်းကို စတင်နိုင်ခဲ့ပြီ ဖြစ်သည်။
အခုအခါ၌ ၎င်း၏ စိတ်ဝိညာဉ်အစိတ်အပိုင်း အမြောက်အများက ဝမ်လင်းထံ ဝင်ရောက်လာသည်။ ဝမ်လင်း၏စိတ်ထဲ၌ ကင်းမြှီးကောက်ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာ၏။ ထိုပုံရိပ်ကသာ လုံးဝ ဖွဲ့စည်းသွားပါက ခန္ဓာပိုင်စိုးခြင်းသည် အပြီးသပ်ပေလိမ့်မည်။
သို့ပေမည့် ထိုပုံရိပ် တဝက်မျှ ဖွဲ့စည်းပြီးရုံ ရှိသေး ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထံမှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
သူ ပေါ်လာသည့်အခါ၌ သူသည် ဖွဲ့စည်းပြီးသော ကင်းမြှီးကောက်အရိပ်၏ဦးခေါင်းပိုင်းနေရာထံ ဦးတည်ဝင်လာ၏။ သူ နီးကပ်လာသည့်အခါ ၎င်းကို စတင် ဝါးမြိုတော့သည်။
မည်သည်မန္တာန်မှှျ၊ စွမ်းအားမျှ မဟုတ်လေဘဲ ဝါးမြိုခြင်းစွမ်းအားသပ်သပ်မျှသာ ဖြစ်၏။ ကင်းမြှီးကောက်စိတ်ဝိညာဉ်က စူးဝါးစွာ အော်သံ ပြု၏။ ၎င်းက သည်ခန္ဓာကိုယ်တွင်း၌ မူလစိတ်ဝိညာဉ်တစ်ခု ရှိနေဆဲ ဖြစ်မည်ဟု လုံးဝ မထင်ထားတော့ပေ။ ဝမ်လင်း၏ ရုတ်တရက် ပေါ်လာမှုက ၎င်းကို သတိလက်လွတ် ဖြစ်သွားစေသည်။
၎င်းသည် အလွန်အားနည်းနေသော်လည်း ဝမ်လင်းက ၎င်းကို စတင်ဝါးမြိုသည့်အခါ၌ ကြမ်းတမ်းလာ၏။ ၎င်းက ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကို စတင်ခုခံမှု ပြုသည်။ ဝါးမြိုခြင်း၏ ကြမ်းတမ်းသောတိုက်ပွဲက ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ စတင်လေ၏။
သို့ပေမည့် ထိုကင်းမြှီးကောက်က လုံးဝ ပြင်ဆင်ထားခြင်း မရှိပေ။ ဝမ်လင်းကမူ နှစ်ပေါင်းတစ်ရာကျော် ကြိုပြင်ဆင်ထားခဲ့တာ မဟုတ်လား။ ဝမ်လင်းက အရူးအမူး ဖြစ်လာကာ အသည်းအသန် ဝါးမြိုသည်။
အချိန် ချက်ခြင်း ကုန်လွန်လာ၏။ အမွှေးတိုင်တတိုင်စာမျှ ကုန်ဆုံးပြီးနောက် ဝမ်လင်းနှင့် ကင်းမြှီးကောက်ကြား ဝါးမြိုခြင်းက အန္တရာယ်အနေထားသို့ ရောက်လာ၏။ ထိုကင်းမြှီးကောက် ဆက်တိုက် အော်ဟစ်နေသည်။ ၎င်းသည် အားနည်း၏။ ၎င်း၏စိတ်ဝိညာဉ် တစိတ်တပိုင်းသာလည်း ဖြစ်နေသေးသည်။ နှစ်ပေါင်းတစ်ရာကျော် တင်ကြိုပြင်ဆင်ထားခဲ့သော ဝမ်လင်းနှင့် ဆန့်ကျင်ရသည့်အခါ ၎င်းသည် တဖြည်းဖြည်း အရှုံးဘက် ရောက်လာသည်။
အပြင်လူများက ဝမ်လင်း၏ခန္ဓာကိုယ်တွင်းရှိ အန္တရာယ်များလှသော ဒီတိုက်ပွဲကို ခံစားမိနိုင်ကြမည် မဟုတ်ပါ။ အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုက ကင်းမြှီးကောက်၏အစိတ်အပိုင်းအများစု ဝင်ရောက်သွားသော မီးပြင်းဖိုကို စိတ်လှုပ်တရှား ကြည့်နေ၏။ ထိုစဉ် သူ မင်သက်သွားသည်။
“ဒါက…” သူသည် အရှင်အစိမ်းရောင်မိစ္ဆာက တခုခုမှားနေသည့်အလား ဒီပိုင်စိုးမှုဖြစ်စဉ်အတွင်း ဘာကြောင့် တုန်ယင်နေသည်ကို စိတ်ကူး၍ပင် မကြည့်နိုင် ဖြစ်နေ၏။ သို့ပေမည့် ထိုအဘိုးအိုသည် အတန်တော့ စိတ်ချလက်ချ ဖြစ်နေတုန်းပင်။
“ဒီခန္ဓာကိုယ်ကို အရှင်အနေနဲ့ မကျေနပ်လို့ ခန္ဓာစိုးမိုးခြင်း ဖြစ်စဉ်အတွင်း ၎င်းကို ပြန်အသွင်ပြောင်းနေတာကြောင့် ဒီလို ဖြစ်ရတာ နေမယ်…” ထိုအဘိုးအိုက သည်လိုတွေးမိလေလေ သူက ပို၍ ပြုံးမိလာ၏။ အရှင်အစိမ်းရောင်မိစ္ဆာကိုယ်တိုင် ဒီခန္ဓာကိုယ်ကို အသွင်ပြောင်းခြင်းက ၎င်းခန္ဓာ၏ တန်ဖိုးကို ပြသနေသည် မဟုတ်လား။
သူက မီးပြင်းဖိုပေါ်ရှိ တုန်ခါနေသော ကင်းမြှီးကောက်စိတ်ဝိညာဉ်ကို ကြည့်ကာ သူ့အပြုံးက ပိုပီပြင်လာ၏။
ဝမ်လင်း၏ခန္ဓာကိုယ်တွင်း၌မူ ဝမ်လင်းနှင့်ကင်းမြှီးကောက်စိတ်ဝိညာဉ်တို့သည် တစ်ယောက်နှင့်တစ်ယောက် အကြိမ်တစ်သောင်းထက် မနည်း ဝါးမြိုနေကြ၏။ ဝမ်လင်းက ပိုပို၍ ရူးသွပ်လာသည်။ သူသည် နှစ်ပေါင်းတစ်ရာကျော် ပြင်ဆင်ပြီး စိတ်ရှည်စွာ စောင့်နေခဲ့ရတာ မဟုတ်လား။ ထို့အတွက် သူသည် ဒီကင်းမြှီးကောက်စိတ်ဝိညာဉ်က သူ့ကို ဝါးမြိုခွင့် မည်သို့ ပေးပါ့မည်နည်း။
ဝမ်လင်း၏ရူးသွပ်မှုက ကင်းမြှီးကောက်စိတ်ဝိညာဉ်ကို အဆုံးစွန်ကြောက်ရွှံ့မှုအား ခံစားမိစေ၏။ ၎င်းသည် အားနည်းနှင့်ပြီး ဖြစ်သည်။ မရေမတွက်နိုင်အောင် ဝါးမြိုခံရသည့်နောက် ၎င်းက နောက်ဆုတ်မည့် အရိပ်အယောင် ပြလာသည်။ ၎င်းက သည်စိတ်ဝိညာဉ်အမျှင်တန်းကို သိပ်သည်းဖို့အတွက် နှစ်ပေါင်းမရေမတွက်နိုင်အောင် အချိန်ယူခဲ့ရသည်။ ထိုအမျှင်တန်းပျောက်ကွယ်သွားသည်နှင့် ၎င်းအဖို့ နိုးထရှင်သနိုင်မည့် အခွင့်အရေး ရှိလာတော့မည် မဟုတ်ပေ။
ခုချိန်၌ ၎င်းက ကျီစီမိသားစုကို အရိုးထဲကနေ မုန်းတီးနေလေပြီ။ ၎င်း၏အမြင်အရ သည်အရာများအားလုံးမှာ ကျီစီကြောင့် ဖြစ်ရသည် မဟုတ်လား။
၎င်းက နောက်ဆုတ်ဖို့ ဆုံးဖြတ်ချက်ချသည့်အခါ ဟိန်းအော်သံပေး၍ အလျင်အမြန် နောက်ဆုတ်တော့၏။ သို့သော် ဝမ်လင်းက လိုက်လံလာကာ အရူးအမူး ဆက်တိုက် ဝါးမြိုသည်။ ထိုသည်က ယင်းကင်းမြှီးကောက်စိတ်ဝိညာဉ်ကို ပို၍ ထိတ်လန့်ကြောက်ရွှံ့စေသည်။
၎င်းသည် အမြန်နောက်ဆုတ်၏။ နောက်ဆုံးတွင် ဝမ်လင်း၏ဦးခေါင်းထံမှ ထွက်လာနိုင်သည်။ ၎င်းက ဝမ်လင်း၏ခန္ဓာကိုယ်မှ ထွက်ခွာတော့မည့် အခါ၌ ဝမ်လင်းက အားပါးတရ ဝါးမြိုပစ်လာရာ ၎င်းကို အော်မြည်သွားစေ၏။ ၎င်းသည် ဝမ်လင်း၏ခန္ဓာကိုယ်မှ အမြန် ပျံသန်းထွက်၏။ သို့သော် ၎င်း၏ကြီးမားသော ခန္ဓာကိုယ်မှာ တဝက်တိတိ ကြုံ့သွားခဲ့လေပြီ။ ၎င်း အပြင်ဘက်သို့ ရောက်သွားသည့်အခါ ကောင်းကင်ထက်သို့ အလန့်တကြား ပြေးလေသည်။
အစိမ်းရောင်ဝတ်ရုံဖြင့်အဘိုးအိုက ထိုသည်ကို တွေ့မြင်ကာ သူ မင်သက်သွား၏။ သူ၏မျက်လုံးထံမှ စိတ်ရှုပ်ထွေးမှု လှစ်ဟပေါ်သည်။
ထိုကင်းမြှီးကောက်စိတ်ဝိညာဉ် ထွက်သွားသည့်နောက် ဝမ်လင်း၏မူလစိတ်ဝိညာဉ်က သူ၏ခန္ဓာကိုယ်ကို ချက်ခြင်း ခြုံလွှမ်းပစ်၏။ မီးပြင်းဖိုအတွင်း၌ ထိုင်နေလျက် သူက ဒီနှစ်ပေါင်းတစ်ရာကျော်အတွင်း ပထမဆုံးအကြိမ် မျက်လုံး ဖွင့်လာသည်။
သူ မျက်လုံးဖွင့်လာသည့်အခါ၌ လောကမှာ တုန်ခါ၏။ သူ၏ပတ်လည်ရှိ မီးပြင်းဖိုသည် အစိတ်စိတ် ပျက်စီးသွားသည်။
“မီးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်…” ဝမ်လင်းက မာန်သွင်း၏။ မီးပင်လယ်တစ်ခု သူ၏ဘယ်မျက်လုံးတွင် မြင့်တက်လာသည်။ မီးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သည် သူ့နောက်တွင် ပေါ်လာ၏။
“မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်…” ဝမ်လင်းက မာန်သွင်း၏။ သူ၏ညာမျက်လုံးတွင် မိုးကြိုးလင်းလက်သည်။ မိစ္ဆာတာအိုကလန်ခေါင်းဆောင်ကြောင့် ဖြစ်ပေါ်လာသော မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်က ဝမ်လင်း၏စိတ်ဆန္ဒနှင့် သမူဟဖြစ်စွာ ပေါင်းစပ်ပြီး သူ့နောက်တွင် ပေါ်လာသည်။
“မြေအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်…” ဝမ်လင်းက ကောင်းကင်ထက်သို့ မာန်သွင်းလိုက်၏။ အဝါရောင်အလင်းက သူ၏ဒွာရပေါက်ပေါင်း (၁၀၈၀၀၀)ကနေ ထွက်ပေါ်လာကာ သူ့နောက်တွင် တတိယမြောက်အနှစ်သာရအစစ်အမှန်ခန္ဓာကို ဖြစ်ပေါ်သည်။
“ရေအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်…” ရေအနှစ်သာရအစစ်အမှန်ခန္ဓာက ဝမ်လင်း၏သွေးနှင့် ပေါင်းစပ်၏။ သည်အခိုက်တွင် ဝမ်လင်း၏သွေးကြောများက ဖောင်းကြွလာကာ သူ၏နောက်တွင် အရိပ်တစ်ခု ပေါ်လာ၏။ ၎င်းက ဝမ်လင်း၏ လေးခုမြောက် အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်အဖြစ် မြန်ဆန်စွာ ဖွဲ့စည်းသည်။
ထိုအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်လေးခု ပေါ်လာသည့်နောက် ဝမ်လင်း၏အော်ရာ အစပြုလာ၏။ သူ၏ကျင့်ကြံမှုကလည်း အရင်အတိုင်းပင်။ သို့သော် သူက သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ဖို့သာ လိုပြီး သူ၏ကျင့်ကြံမှုအဆင့်သည် အတွေးတချက်ဖြင့်ပင် များစွာ တိုးတက်လာလိမ့်မည် ဖြစ်သည်။
သို့ရာတွင် အခုအခါက တည်ငြိမ်အောင် လုပ်ရမည့် အချိန် မဟုတ်သေးပေ။ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်လေးခု ပေါ်လာသည့်နောက် ဝမ်လင်း၏မျက်လုံးထံမှ ရွှေရောင်အလင်း ထုတ်လွှတ်လာ၏။ ထိုရွှေရောင်အလင်း၌ ဖိနှိပ်ခြင်း ပါဝင်သည်။ သူက ထွက်ပြေးသွားသော ကင်းမြှီးကောက်စိတ်ဝိညာဉ်ကို လှမ်းကြည့်သည်။
ထိုကင်းမြှီးကောက်စိတ်ဝိညာဉ်သည် နာကျင်စူးဝါးစွာ အော်လိုက်ရ၏။ ၎င်းက ကောင်းကင်ဘုံဘိုးဘေး၏ ကောင်းကင်ဘုံဓားထံမှ အော်ရာကို ခံစားမိသည်။ ၎င်း၏စိတ်ဝိညာဉ်က ဝမ်လင်း၏ စိုက်ကြည့်ခြင်း ခံရသည့်နောက် တုန်ယင်သည်။
အချိန်ကား ပဓာနပင်။ ဝမ်လင်းသည် သူ့ညာလက်ကို ချက်ခြင်းပင့်မြှောက်၏။ သူ၏ညာလက်ဝါးမှ ကိုးလက်မယင်ဓားသည် ထိုးထွက်လာ၏။ သူက စူးရှရှ နာကျင်မှုကို ခံစားရပေသည်။ ထိုဓားသွားက သူ၏ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်များ၏ ညာလက်များထံမှလည်း အလားတူ ထိုးထွက်လာ၏။ ယင်းဓားသွားများသည် ကင်းမြှီးကောက်စိတ်ဝိညာဉ်ထံ ခုတ်ပိုင်းကျရောက်လာသည်။
အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုက ထိုအဖြစ်သနစ်များကို စောင့်ကြည့်နေလျက် ပါးစပ်အပြည့် သွေးအန်ထုတ်လိုက်ရ၏။ သူ၏မျက်လုံးသည် ပြူးကျယ်ကာ သူသည် ဒေါသကြောင့် သေဆုံးသွားတော့သည်။ သူက ဒေါသထွက်လွန်းသဖြင့် သေဆုံးသည့်အထိ ဖြစ်သွားခဲ့ရသည်။