← Chapters

ကမ်းလှမ်းခြင်း

Vol. 141 Ch. 1952

ကမ်းလှမ်းခြင်း

Vol. 141 Ch. 1952

“ငါ မုန်းတယ်…” ထိုစကားတို့မှာ အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအို မသေခင် အော်ဟစ်သွားခဲ့သော စကားနှစ်ခွန်းဖြစ်၏။ သူ၏ဉာဏ်ပညာဖြင့် သူသည် မည်သို့ဖြစ်ပျက်သွားသည်ကို နားလည်သည်။ သူသည် ဝမ်လင်းက သူ ပေးထားခဲ့သော ဖိနှိပ်ခြင်းမျက်လုံးနှင့် ယင်ဓားသွားတို့ကို အစိမ်းရောင်ကင်းမြှီးကောက်ပေါ်သို့ အသုံးပြုသည်ကို ကြည့်မြင်ခဲ့ရ၏။

ထိုမြင်ကွင်းက သူ့ကို နှလုံးကွဲကြေသည့်အထိ ဒေါသဖြစ်သွားစေခဲ့သည်။ သူသည် သက်တမ်းလည်း သိပ်မကျန်တော့သည်ဖြစ်ရာ သွေးအန်ပြီး သေဆုံးသွားတော့သည်။

သူက ဝမ်လင်းကို ကြံ့ခိုင်သောခန္ဓာကိုယ်၊ လောကကို ဖိနှိပ်ဖို့ မျက်လုံးများ၊ ကောင်းကင်ဘုံဘိုးဘေး၏ ဆံချည်မျှင်၊ ယင်ဓားသွား၊ မြေအနှစ်သာရတို့ကို ပေးခဲ့ပေ၏။ ထိုသည်တို့အပြင် သူက ဝမ်လင်းကို အနှစ်သာရခန္ဓာကိုယ်နှစ်ခု ဖွဲ့စည်းနိုင်ဖို့ပါ ကူညီပေးခဲ့သေးသည်။

ထိုအရာများအားလုံးကို သူ ပေးခဲ့ခြင်း ဖြစ်၏။

သူ၏မျက်လုံးမှာ ဒေါသကြောင့် ပြူးကျယ်နေပြီး သူ့မျက်လုံးထဲတွင် ကြောက်မက်ဖွယ်အမုန်းတရား ပြည့်နေသည်။ သူ သေသွားခဲ့တာတောင်မှ ထိုအမုန်းက ဆက်ရှိနေသေး၏။ ယင်းအမုန်းတရားက တစ္ဆေတစ်ကောင်အဖြစ်သို့ ပြောင်းသွားသည့်အလား။

ဝမ်လင်းသည် ထိုသေဆုံးသွားသော အဘိုးအိုအပေါ် အာရုံစိုက်နေဖို့ အချိန်မရှိပေ။ သူက ရှေ့သို့ ခုန်ထွက်ကာ ညာလက်ဓားသွားကို ပင့်မြှောက်၏။ သူ၏ အနှစ်သာရခန္ဓာလေးခုမှာလည်း ထို့အတူပင်။ သူက ထွက်ပြေးနေသော အစိမ်းရောင်ကင်းမြှီးကောက်စိတ်ဝိညာဉ်ထံ ခုတ်ပိုင်းချလိုက်၏။

အစိမ်းရောင်ကင်းမြှီးကောက်စိတ်ဝိညာဉ်မှာလည်း မုန်းတီးမှုတို့ ပြည့်နေ၏။ သူက သူ့ကို အခုလိုအခြေအနေဖြင့် အဆုံးသပ်စေသော အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုကို မုန်းတီးနေခြင်းပင်။ သို့သော် ထိုအဘိုးအိုက သေသွားခဲ့ပြီ ဖြစ်၍ ၎င်း၏ဒေါသကို ပုန်ချဖို့ နေရာမရှိတော့ပေ။ ၎င်းက သည်အခိုက်၌ အန္တရာယ်လည်း ကြုံ့နေရသည်ဖြစ်၍ ထွက်ပြေးဖို့သာ တတ်နိုင်တော့သည်။

အဝေးမှ ကြည့်ပါက ဤမြင်ကွင်းမှာ တုန်လှုပ်ဖွယ်ကောင်း၏။ အစိမ်းရောင်မီးပြင်းဖိုက ပျက်စီးသွားနေဆဲ၊ အစိတ်အပိုင်းများက လွင့်ကြဲလျက်။ အစိမ်းရောင်ကင်းမြှီးကောက်စိတ်ဝိညာဉ်သည် စူးဝါးစွာ အော်ဟစ်ကာ ထွက်ပြေးနေ၏။ ၎င်း၏နောက်တွင် ဝမ်လင်း၏ဆံပင်ဖြူတို့က လွင့်ဝဲလျက် သူက အစွမ်းထက်အော်ရာနှင့်အတူ နောက်မှ လိုက်လံသည်။ သူ့လက်ထဲရှိ ဓားသွားကို ပင့်မြှောက်၍ သူ၏အနှစ်သာရခန္ဓာလေးခုနှင့်အတူ ခုတ်ပိုင်းချသည်။

သည်အခိုက်၌ လှိုင်းဂယက်များ ထကာ အလင်းတန်းသုံးခုက နီးကပ်လာ၏။ သို့ပေမည့် သူတို့၏ခန္ဓာကိုယ်များ လှစ်ဟပေါ်လာသည့်အခါ သူတို့သုံးယောက်သည် တုန်ယင်သွားကြသည်။ သူတို့သည် ဖြစ်ပျက်နေပုံကို ကြည့်ကာ မယုံကြည်နိုင် ဖြစ်နေသည်။

ထိုရောက်ရှိလာသော သုံးယောက်မှ ဝမ်လင်းအပြင် ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ချပ်ဝတ်ကို ပိုင်ဆိုင်ခဲ့ကြသော ယွမ်ရီဖန်၊ ထျန်ကျာနှင့် အဘိုးအိုတိမ်စွန်းတို့ ဖြစ်၏။

သူတို့သည် အစိမ်းရောင်ကင်းမြှီးကောက်ဘုံကျောင်းထံ တချို့အကြောင်းရင်းများကြောင့် နှစ်ပေါင်းတစ်ရာကျော်ကြာပြီးမှ ရောက်လာခဲ့တာ ဖြစ်၏။ ဒီဘုံကျောင်းသို့ လာရောက်သည့် ခရီးစဉ်က အလွန်ခက်ခဲနေ၏။ သို့သော် သူတို့ ဒီဘုံကျောင်းထံ ရောက်လာသည့်နောက် လမ်းကြောင်းက အဆင်ပြေချောမွတ်နေ၏။ သူတို့သည် မည်သည့်အရာကိုမျှ မတွေ့ကြုံခဲ့ရဘဲ ဘုံကျောင်း၏အတွင်းပိုင်းထိ ရောက်လာနိုင်ခဲ့သည်။

သို့ပေမည့်လည်း သူတို့ကို စောင့်နေသည့်အရာမှာ စိတ်ဝိညာဉ်ကိုပါ လှုပ်ခါစေသည့် ဓားသွားပင်။

“ဝမ်လင်း…။ သူ ဒီမှာ တကယ်ပဲ ရှိနေတယ်…” ယွမ်ရီဖန်နှင့် ထျန်ကျာတို့မှာ မင်သက်သွားကြ၏။

“သူ မသေသေးဘူးလား…” တိမ်စွန်း၏မျက်လုံးသူငယ်အိမ် ကြုံ့သွားကာ သူသည် တုန်လှုပ်မှုတို့ ပြည့်နှက်သွား၏။

ထိုဓားသွား ပိုင်းချလာ၏။ ထို့နောက် ကင်းမြှီးကောက်စိတ်ဝိညာဉ်၏ စူးစူးဝါးဝါးအော်သံက အကန့်အသတ် တိုင်လာသည်။ ၎င်းက တုန်ယင်နေကာ ခုခံလိုသည်။ သို့သော် ၎င်းက ဝမ်လင်း၏ဓားသွားတစ်ခုကိုသာ ရင်ဆိုင်ရတာ မဟုတ်ပေ။ အနှစ်သာရအစစ်အမှန်လေးခု၏ ဓားသွားများကလည်း တိုးဝင်လာနေသည် မဟုတ်လား။

ပထမဆုံးဓားသွား နီးကပ်လာချိန်၌ ကင်းမြှီးကောက်စိတ်ဝိညာဉ်က တွန့်ခေါက်ကာ ရှောင်တိမ်းဖို့ ကြိုးစားသည်။ ဒုတိယနှင့် တတိယဓားသွားများ ရောက်လာသည်။ သို့သော် ကင်းမြှီးကောက်စိတ်ဝိညာဉ်သည် အားလုံးကို မရှောင်နိုင်ပေ။ ၎င်းသည် ရုတ်တရက် လှည့်ကာ အစိမ်းရောင်မြူများကို ထွေးထုတ်၏။

ကျယ်လောင်စွာ တုန်ဟည်းသံများ လောကတခွင် ပဲ့တင်ထပ်သည်။ ထိုကင်းမြှီးကောက်စိတ်ဝိညာဉ်က နာကျင်စူးရှစွာ အော်ဟစ်လိုက်ရပြီး ဓားသွားငါးခုကြောင့် အစိတ်အပိုင်းခြောက်ခုအဖြစ် ပိုင်းဖြတ်ခြင်း ခံလိုက်ရသည်။

ထိုအစိတ်အပိုင်းများထဲမှ လေးခုမှာ ဝမ်လင်း၏ စုပ်ယူခြင်းကို ခံလိုက်ရ၏။ ယင်းတို့က ဝမ်လင်းပတ်လည်တွင် အခိုးအငွေ့အမျှင်တန်းများအဖြစ်သို့ ပြောင်းသည်။

ကျန်သည့်အစိတ်အပိုင်းနှစ်ခုက အကွာအဝေးတစ်ခုထံ မြန်ဆန်စွာ ထွက်ပြေးကြသည်။ ယင်းတို့က ကင်းမြှီးကောက်အဆောက်အဦထဲတွင် ပျောက်ကွယ်သွားကာ မည်သည့်နေရာသို့ ရောက်သွားသည်ကို မသိရနိုင်ပေ။

ပတ်ဝန်းကျင်တစ်ခုလုံး တဖြည်းဖြည်း ပြန်တည်ငြိမ်လာသည်။ ယွမ်ရီဖန်နှင့် တခြားသူများ၏ အသက်ရှုသံကို ဒီငြိမ်သက်တိတ်ဆိတ်သွားသော ကင်းမြှီးကောက်ဘုံကျောင်းအတွင်း၌ ရှင်းလင်းစွာ ကြားနေရသည်။

ဝမ်လင်းသည် နေရာတွင် လွင့်မြောနေ၏။ သူ့ပတ်လည်ရှိ မြူက စိတ်ဝိညာဉ်အားအမျှင်တန်းခုနစ်ခုအဖြစ်သို့ ပြောင်းကာ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ သူ့ညာလက်၌ ဓားသွားကိုမူ ကိုင်ထားဆဲ ဖြစ်၏။ သူ၏အစစ်အမှန်အနှစ်သာရလေးခု ခန္ဓာကိုယ်များသည် နေရာတွင် အေးတိအေးစက်ဟန်ဖြင့် ရပ်နေ၏။ သူ၏အကြည့်က ယွမ်ရီဖန်နှင့် တခြားသူများပေါ်သို့ ဝေ့ဝိုက်ကျရောက်သွားသည်။

“ထွက်သွားကြ…” ဝမ်လင်းက စကားများများဆို၊ တခွန်းသာ ဆိုလိုက်၏။ သို့သော် သူ ထိုသို့ ပြောလာသည့်အခါ သူ၏ခန္ဓာကိုယ်ထံမှ တုန်လှုပ်ဖွယ်အော်ရာတစ်ခု ပေါက်ကွဲထွက်လာ၏။ သူ၏အကြည့်က ထိုသူတို့ပေါ် ကျရောက်လာသည့်အခါ၌ ယွမ်ရီဖန်၏ စိတ်နှလုံးမှာ တုန်ယင်စွာ ခံစားလိုက်ရသည်။ ဝမ်လင်းသည် သူ၏လျှို့ဝှက်ချက်အားလုံးကို ဖြတ်မြင်နေနိုင်သည့်အလား သူ ခံစားမိရ၏။

ကံကောင်းစွာဖြင့် ထိုခံစားချက်က ခဏတာသာ ကြာပြီး ပြန်ပျောက်ကွယ်သွားခြင်းပင်။ မဟုတ်ပါက သူသည် တုန်ယင်ကာ စကားမဆိုနိုင်ပင် ဖြစ်ရလိမ့်မည်။

ထျန်ကျာ၏စိတ်ထဲ၌လည်း အလားတူ ခံစားမိ၏။ ဝမ်လင်းကို စိုက်ကြည့်နေရင်း သူမ၏မျက်နှာက သေလောက်အောင် ဖြူရောသွားသည်။ နှစ်ပေါင်းတစ်ရာလောက်သာ ကြာမြင့်ပြီးနောက် ဝမ်လင်း၏အကြည့်က သူမကို ထိုမျှ အထိတ်တလန့် ဖြစ်စေလိမ့်မည်ဟု မယုံကြည်နိုင် ဖြစ်မိသည်။

ထိုအကြည့်က လောကကို ဖြတ်ပိုင်းစေနိုင်လောက်အောင် ထက်ရှလှသည်။

သူတို့နှစ်ယောက်နှင့် ယှဉ်ပါက တိမ်စွန်း၏ခံစားချက်က ပိုဆိုးဝါး၏။ သူသည် ဝမ်လင်းကို အရင်က တိုက်ခိုက်ခဲ့ဖူးပြီး ဝမ်လင်းက သူ့ကို အလွယ်တကူ လွှတ်မပေးခဲ့ပေ။ တိမ်စွန်းထံ ထိုအကြည့် ကျရောက်သွားသည့်အခါ သူ့နှဖူးထက်တွင် ချွေးများစို့လာ၏။ သူ၏နားထဲတွင် ဟိန်းခနဲ မြည်ဟည်းကာ သူသည် လောက၏ စွန့်ပယ်ခြင်းကို ခံလိုက်ရသည့်အလား။ သူသည် ကောင်းကင်နှင့်မြေကြီး၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည့်နှယ်။

ထိုခံစားချက်သည် သူ့ကို ရူးသွပ်စေလုနီးပါး ဖြစ်သွားစေ၏။ တိမ်စွန်းက နောက်သို့ အသည်းအသန် ဆုတ်သွား၏။ ကီလိုမီတာထောင်ချီ ဆုတ်သွားပြီးမှသာ သူ အနည်းငယ် သက်သာရ ရသွား၏။ သူ၏တကိုယ်လုံးမှာ ချွေးများ ရွှဲနစ်နေ၏။

ယွမ်ရီဖန်နှင့် ထျန်ကျာတို့လည်း နောက်ဆုတ်သည်။ သူတို့နှစ်ယောက်က ဝမ်လင်း၏ ဖိနှိပ်ခြင်းကို မခံရပေ။ ထို့ကြောင့် သူတို့က တိမ်စွန်းလောက် အရှက်တကွဲ နောက်ဆုတ်လိုက်ရခြင်း မရှိပေ။ သို့ပေမည့် ယွမ်ရီဖန်သည် ခါးသီးစွာ ခံစားမိနေ၏။ သူသည် နှစ်ပေါင်းတစ်ရာ ကြာပြီးနောက် ဝမ်လင်းကို ဒီနေရာ၌ တွေ့မြင်ရချိန်၌ ခုလိုမြင်ကွင်းမျိုးကို တွေ့ရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားမိခဲ့ပေ။

သူတို့သုံးယောက်က ငြိမ်သက်စွာ စဉ်းစားလျက် တဖြည်းဖြည်း နောက်ဆုတ်၏။ သူတို့က ကင်းမြှီးကောက်ဘုံကျောင်းထံမှ ထွက်မသွားသော်လည်း ဝမ်လင်းနှင့် အဝေးတွင် ရပ်လိုက်ကြ၏။ သူတို့သည် တာဝန်ကို အပြီးသပ်ရအုံးမည် ဖြစ်၏။ ဒီဘုံကျောင်းက လုံးဝ ဖျက်စီးမခံရသေးပေ။

သို့သော် ဝမ်လင်း၏ တည်ရှိမှုက သူတို့ကို မဆင်မခြင် မလှုပ်ရှားစေဝံ့ ဖြစ်စေ၏။ ထျန်ကျာက အကွာအဝေးတစ်ခုထံ လှမ်းကြည့်သည်။ သူ၏မျက်လုံးထဲ၌ မယုံကြည်နိုင် ဖြစ်ပေါ်လာခဲ့၏။ သူမက ငြိမ်သက်နေသည်။ သူမ၏စိတ်မှာ ယောင်ယက်ခတ်နေမိ၏။

ဝမ်လင်းက လေထဲတွင် မားမား ရပ်နေပြီး သေဆုံးသွားသော အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုကို ကြည့်သည်။ ဝမ်လင်းက အတော့်ကို တည်ငြိမ်စွာ ရှိနေ၏။ သည်လူက ဝမ်လင်းကို သတ်ပစ်ချင်သော စိတ်ဆန္ဒရည်ရွယ်ချက်ကလွဲ၍ သူ့အား ကြီးစွာ အကူအညီပေးခဲ့သူ ဖြစ်သည် မဟုတ်လား။

ထိုသူက သူ့ကို မည်မျှ များပြားသော ကံကောင်းမှုကို ပေးခဲ့သည် ဖြစ်စေ ဝမ်လင်းအနေဖြင့် မည်သည့်ကျေးဇူးတင်စိတ်ကိုမျှ မခံစားမိပေ။ ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ရုံ ရှိသေး သူ့ထံမှ ခပ်တိုးတိုး အံ့အားတသင့်အသံ ထွက်ပေါ်သွားပြီး သူက ထိုအဘိုးအိုကို ထပ်ကြည့်သည်။

သူသည် ထိုအဘိုးအို၏ခန္ဓာကိုယ်ထံမှ အနက်ရောင်အခိုးအငွေ့အမျှင်တန်းတစ်ခု ထွက်ပေါ်ကာ သူ၏ဦးခေါင်းထဲ၌ သိပ်သည်းပြီး လက်သီးဆုပ်ခန့်အရွယ် မြူတိမ်တစ်ခု ဖွဲ့စည်းသည်ကို မြင်လိုက်၏။ ထိုမြူ၌ အမုန်းတရားနှင့်အဆုံးစွန်အေးစက်မှု ပြည့်နေသည်။ ၎င်းက ပတ်ဝန်းကျင်ကိုပါ ချက်ခြင်း အေးသွားစေသည်။

“ဒါက…”  ဝမ်လင်းက စိတ်လှုပ်ရှားသွားကာ သူ့နတ်ဘုရားအာရုံဖြင့် ထိုမြူလွှာနက်ထံ ဝေ့ခတ်ကြည့်ရှုသည်။ သူ့နတ်ဘုရားအာရုံက ထိုမြူလွှာနှင့် ထိမိသည့်အခါ ရှတတကြမ်းတမ်းတမ်းအသံတစ်သံ သူ့စိတ်ထဲတွင် မြည်ဟိန်းသွား၏။

“ငါ မုန်းတယ်…”

“ငါ မုန်းတယ်…”

ထိုအသံက ကြမ်းလှ၏။ ဝမ်လင်း၏စိတ်နှလုံးကိုပင် တချက်ခုန်သွားစေကာ သူ၏မျက်လုံးကို နီရဲတောက်ပသွားစေသည်။

”တစ္ဆေစိတ်ဝိညာဉ်…။ ဒီလူဟာ သေပြီးတဲ့နောက် အလွန်အားကောင်းလှတဲ့ တစ္ဆေစိတ်ဝိညာဉ် ဖြစ်သွားတာပဲ။ ဒီတစ္ဆေစိတ်ဝိညာဉ်ဟာ အဆုံးစွန်မြက်ခင်းပြင်တုန်းက လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူ တစ္ဆေစိတ်ဝိညာဉ်ထက် အများကြီး ပိုအစွမ်းထက်တယ်။ ဒါဟာ အထွတ်အထိပ်အထက်အဆင့် အရည်အသွေးပဲ။ ပြီးပြည့်စုံတဲ့ အရည်အသွေးနီးနီးတောင် ဖြစ်နေပြီ…”

ဝမ်လင်း၏မျက်လုံးက တောက်ပသွား၏။ သူက သူ့အင်္ကျီလက်အိုးကို ချက်ခြင်း ဝေ့ယမ်းလိုက်သည်။ အစိမ်းရောင်ဝတ်ရုံအဘိုးအိုကြောင့် ဖြစ်ပေါ်လာသော တစ္ဆေစိတ်ဝိညာဉ်က ဝမ်လင်းထံ ပျံသန်းလာပြီး သိမ်းဆည်းခြင်း ခံလိုက်ရသည်။

ထိုတစ္ဆေစိတ်ဝိညာဉ်နှင့် အဆုံးစွန်မြက်ခင်းပြင်မှ တစ္ဆေစိတ်ဝိညာဉ်တို့ဖြင့်ဆို ဝမ်လင်းသည် ပြီးပြည့်စုံလုနီးပါးအဆင့် ရှိသည့် တစ္ဆေရွက်ဖျင်တစ်ခုကို သန့်စင်နိုင်မည်ဟု ယုံကြည်ချက် ရှိ၏။

သည်တစ္ဆေရွက်ဖျင်နှင့် ဝမ်လင်း ပိုင်ဆိုင်ထားသော ဒုစရိုက်တစ္ဆေရွက်ဖျင်တို့ဖြင့်ဆို သူသည် ပြီးပြည့်စုံလုနီးပါး ပုံရိပ်ယောင်မန္တာန်များကို ထုတ်ဖော်နိုင်လိမ့်မည်။

အစိမ်းရောင်ဝတ်ရုံအဘိုးအိုက ဝမ်လင်းကို ကံကောင်းမှုများ ပေးခဲ့ရုံသာမက သူ သေပြီးသည့်အထိပင် ဝမ်လင်းကို ခုလိုမျိုး အကျိုးဖြစ်စေခဲ့ပြန်သည်။

တစ္ဆေရွက်ဖျင်ကို သိမ်းဆည်းပြီးနောက် ဝမ်လင်းက ထူးခြားသောအမူအရာ ဖြစ်ပေါ်၏။ သူက အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်သည်။ အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းချလိုက်၏။

သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ အဘိုးအို၏ခန္ဓာကိုယ်သည် ပြာမှုန့်များအဖြစ်သို့ ပျောက်ကွယ်သွားပြီး အစိမ်းရောင်ဝတ်ရုံသာ ကျန်ခဲ့တော့သည်။

ထိုဝတ်ရုံကို လှမ်းယူပြီးနောက် ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် ၎င်းကို စစ်ဆေးကြည့်လိုက်သည်။ ထိုပစ္စည်းက အလွန်ထူးခြား၏။ သူ၏နတ်ဘုရားအာရုံဖြင့် ၎င်းကို ထွင်းဖောက်နိုင်ခြင်း မရှိဘဲ အတွင်းဘက်သို့ မမြင်နိုင်ချေ။ အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ထိုဝတ်ရုံကို သိမ်းဆည်းလိုက်၏။

ထိုအစိမ်းရောင်ဝတ်ရုံအဘိုးအိုက ဝမ်လင်းကို အရာအားလုံး ပေးခဲ့သည်ဟု ဆိုနိုင်ပေသည်။

ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူ၏ကျင့်ကြံမှုသည် တိုးတက်မည့် အရိပ်အယောင် ပြသလာသည်။ သူက အသက်ဝဝရှိုက်သွင်းလိုက်၏။ သူ၏မျက်လုံးထဲ၌ စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ပြသလာသည်။

“ငါ့ကျင့်ကြံမှုအဆင့် ဘယ်လောက် တိုးတက်မလဲ ကြည့်ရဖို့ အချိန်ကြပြီ။ အရင်တုန်းက ငါ့ကျင့်ကြံမှုအဆင့်က နိမ့်ပါးလွန်းတယ်။ အခုနောက်ပိုင်းတော့ ဒီအင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ငါ မြင့်မြင့်မားမား ရပ်တည်နိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ…”

“ပြီးတော့ မိစ္ဆာတာအိုကလန်၊ ငါ ဒီနှစ်ပေါင်းတစ်ရာအတွင်း လုံးဝ မေ့မသွားတဲ့ ကျိန်ဆိုမှုတစ်ခု ပြုလုပ်ခဲ့တယ်…”  ဝမ်လင်းသည် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်၏။ သူ မျက်လုံးမှိတ်လိုက်သည့်အခါ၌ သူနှင့် ရင်းနှီးသိဖူးသော လူသားဦးခေါင်းများကို မြင်ယောင်မိသည်။ ထိုသူများမှာ သူ အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်တွင် ရှိခဲ့စဉ်က သိခဲ့သူများ ဖြစ်သည်။

All Chapters