အခန်း ၁၈၃
Vol. 13 Ch. 183
အခန်း (၁၈၃) - အတုအယောင်လိုက်လျောခြင်း
"မင်းရဲ... အား”
ချောင်ဖင်ဟိုင် ဓားကို ဆွဲထုတ်ဖို့ ပြင်လိုက်စဉ်မှာပင် သူ့ဒူးခေါင်းနောက်ပိုင်းကို အားပြင်းပြင်းနှင့် ကန်ချခံလိုက်ရသည်။
ခြေထောက်တွေ ကျိုးတော့မလို ခံစားလိုက်ရပြီး အားမစိုက်နိုင်တော့ဘဲ ချောင်ဖင်ဟိုင် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။
သူ့ကို ကန်ထုတ်လိုက်သူမှာ ကျောက်ဖေး ၏ ကိုယ်ပွားပင် ဖြစ်သည်။
မှော်ပညာကို မသုံးထားသော်လည်း ကျောက်ဖေး၏ လက်ရှိခွန်အားသည် သူ၏ သွေးနှင့် ချီစွမ်းအင်သက်သက်ဖြင့်ပင် တတိယအဆင့် သိုင်းသမားတစ်ယောက်နှင့် ညီမျှနေပြီဖြစ်သည်။
ချောင်ဖင်ဟိုင်မှာ ပဉ္စမအဆင့် သိုင်းသမားတစ်ယောက်ဖြစ်သော်လည်း ကျောက်ဖေးနှင့် ယှဉ်လိုက်ပါက သူ၏ ခွန်အားမှာ လွန်စွာ အားနည်းနေသည်။
ထိုစဉ် စစ်သည်နှစ်ဦး ရှေ့သို့တက်လာပြီး သူ့လက်နှစ်ဖက်ကို နောက်သို့ လိမ်ချိုးလိုက်ရာ သူ၏ခါးတွင် ချိတ်ဆွဲထားသော ဝံပုလွေစွယ် အဆင်တန်ဆာများမှာ "တချွင်ချွင်" မြည်
လျက် မြေပြင်ပေါ်သို့ ပြန့်ကျဲသွားသည်။
"ကျောက်ဖင် မင်း အသေဆိုးနဲ့သေလိမ့်မယ်”
ရုံးတော်၏ ခြံဝင်းထဲသို့ ဆွဲခေါ်သွားခံရစဉ် ချောင်ဖင်ဟိုင် မှာ အသံကုန်ဟစ်၍ ကျိန်ဆဲသည်။ "ငါတို့ ချင်းဟယ်ခရိုင်ကို သိမ်းနိုင်တဲ့အချိန်ကျရင် မင်းတို့ကို..."
"ဖြန်း”
တုတ်နှင့် ရိုက်နှက်သည့်အသံ ပထမဆုံးအကြိမ် ပဲ့တင်ထပ်သွားပြီးနောက် ချောင်ဖင်ဟိုင် ကျိန်ဆဲသံများမှာ အော်ဟစ်သံများကြားတွင် ပျောက်ကွယ်သွားတော့သည်။
ခရိုင်ရုံးတော်ရှေ့ကို ဖြတ်သွားသူအချို့မှာ ရပ်ကြည့်နေကြသည်။
"ဒီကောင်က ခေါင်းဝါတပ် သူပုန်တွေရဲ့ အရာရှိပဲတဲ့၊ သံတမန်အဖြစ် လာတာတဲ့လေ..." ဟု တစ်ယောက်က တိုးတိုးပြောလိုက်သည်။
"ခံထိုက်ပါတယ်”မုန့်ဖုတ်ရောင်းသည့် အဘိုးအိုတစ်ဦးက မြေပြင်ပေါ်သို့ တံတွေးထွေးရင်း ခါးသီးစွာပြောသည်၊ "လွန်ခဲ့တဲ့ နှစ်လက ငါ့သမီးလေးကို ဒီတိရစ္ဆာန်တွေ အဓမ္မကျင့်ခဲ့တာ။ ငါ့သမီးသနားစရာလေး၊ အဲဒီညကပဲ မြစ်ထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်..."
"ငါ့အဒေါ်တို့ မိသားစု နန်ရှန်ခရိုင်မှာ နေတာ။ လအတော်ကြာပြီ ဘာသတင်းမှ မရဘူး။ စစ်တပ်အတွက် စားနပ်ရိက္ခာအဖြစ် အသုံးချခံလိုက်ရပြီလို့ပဲ ငါထင်တယ်..."
"ဒီကျိန်စာသင့်တဲ့ ခေါင်းဝါသူပုန်တွေကိုစောစောကတည်းက သတ်ပစ်ဖို့ကောင်းတာ၊ အခုတော့ ချင်းဟယ်ခရိုင်ကိုတောင် လာပြီး ဒုက္ခပေးရဲသေးတယ်..."
လူအုပ်ကြီး တိုးပွားလာပြီး ဒေါသစိတ်များမှာလည်း တစ်ယောက်နှင့်တစ်ယောက် ပြောဆိုရင်း ပိုမိုမြင့်တက်လာသည်။
သို့သော် အချို့သူများမှာမူ စိုးရိမ်စိတ်ဖြင့် မျက်မှောင်ကြုတ်နေကြသည်။ ခေါင်းဝါသူပုန်တပ်မှာ အင်အားကြီးမားလွန်းသဖြင့် ယခုတစ်ကြိမ် ရှုံးနိမ့်သွားပါက ချင်းဟယ်ခရိုင်မှာ အေးချမ်းစွာ လွတ်မြောက်
နိုင်တော့မည် မဟုတ်ပေ။
ချောင်ဖင်ဟိုင်မှာ စစ်ဖက်ဆိုင်ရာ တုတ်နှင့် အချက် ၂၀ အရိုက်ခံရပြီးချိန်တွင် စကားတစ်ခွန်းမျှပင် ပီသအောင် မပြောနိုင်တော့ပေ။
ထိုအခိုက် တာဝန်ကျအရာရှိက သူ့ခြေအိတ်ထဲမှ တောက်ပနေသော ဓားမြောင်တစ်ချောင်းကို ထုတ်လိုက်သည်။
"ခရိုင်ဝန်က မင်းကို ဘယ်တော့မှ မေ့မသွားမယ့် သင်ခန်းစာပေးခိုင်းထားတယ်"
အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် သွေးစွန်းနေသော နားရွက်တစ်ဖက်မှာ မြေမှုန်များကြားသို့ ပြုတ်ကျသွားသည်။
ချောင်ဖင်ဟိုင် ဝက်တစ်ကောင်လို အော်ဟစ်နေစဉ်မှာပင် အရာရှိက ကျန်နားရွက်ကိုလည်း ဖြတ်ထုတ်လိုက်ပြီး ထောင့်တွင် ကပ်နေသော လမ်းဘေးခွေးတစ်ကောင်ကို ပစ်ကျွေးလိုက်သည်။
"ထွက်သွားတော့" စစ်သည်တစ်ဦးက ချောင်
ဖင်ဟိုင်ကို နောက်ကျောမှ ကန်ထုတ်လိုက်သည်၊ "မင်းတို့ရဲ့ ခေါင်းဝါသူပုန်တွေကို ဒီသတင်းစကား ပြန်ပြောလိုက်ဦး..."
သူက သွေးစွန်းနေသော ဓားမြောင်ကို နေရောင်အောက်တွင် ဝှေ့ယမ်းပြလိုက်သည်။ "နောက်တစ်ခါ လာရင် နားရွက်လောက်နဲ့ ပြီးမှာမဟုတ်ဘူး"
"ကောင်းလိုက်တာ”
"တိမ်နီတပ်မတော်က တကယ်တော်တာပဲ”
ပတ်ဝန်းကျင်မှ လူအုပ်ကြီး၏ အားပေးသံများ ဆူညံသွားသည်။
ချောင်ဖင်ဟိုင်၏ နောက်လိုက်နှစ်ဦးမှာ ခေါင်းငုံ့လျက် ရှေ့သို့တိုးလာကြသည်။
ချောင်ဖင်ဟိုင်၏ မျက်နှာမှာ ပြာနှမ်းနေပြီး သေနေသော ခွေးတစ်ကောင်ကဲ့သို့ အသယ်ဆောင်ခံသွားရသည်။
ခေါင်းဝါသူပုန်တို့၏ ရွှေရောင်ကောင်းကင်
သူတော်စင်ကိုယ်စားလှယ်အဖြစ် လာရောက်သော်လည်း ယခုကဲ့သို့ အရှက်တကွဲ ဖြစ်သွားခြင်းမှာ လွန်စွာ အရှက်ရစရာ ဖြစ်သည်။
သူ ပြန်သွားလျှင်လည်း အဆင်ပြေမည်
မဟုတ်ပေ။
ထို့အပြင် သူသည် စစ်ဗျူဟာမှူး၏ တပည့်ကို တိမ်နီတပ်မတော်လက်မှ ကယ်တင်ရန်အတွက် ညွှန်ကြားချက်ကိုလည်း ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
ထိုကိစ္စမှာ သူ၏ ခရီးစဉ်တွင် ပိုမိုအရေးကြီးသော ရည်ရွယ်ချက် ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော်လည်း ကျောက်ဖေးနှင့် တွေ့ဆုံစဉ် ထိုကိစ္စကို ပြောပြရန် အခွင့်အရေးပင် မရလိုက်ပေ။
ယွဲ့စဲ၏ ဒုတိယထပ်ရှိ အဆင့်မြင့်အခန်းတစ်
ခန်းအတွင်း။
လီချင်းမင်သည် လက်ဖက်ရည်ခွက်ကို ကိုင်လိုက်ပြီး တက်လာသော အငွေ့များဖြင့် သူ၏ တုန်ရီနေသော လက်ချောင်းများကို ဖုံးကွယ်ထားလိုက်သည်။
လက်ဖက်ရည်မှာ အကောင်းဆုံး 'ယွန်းဝူ' လက်ဖက်ရည်ဖြစ်သော်လည်း သူ၏ခံစားချက်မှာမူ ခါးသက်နေသည်။
"အစ်ကိုကြီး ရှောင်တို့ ဝေးလံတဲ့အရပ်ကနေ လာရတာ မောပန်းနေမှာပါ"
လီချင်းမင်သည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး အောက်ကျို့သော အပြုံးတစ်ခုနှင့် ပြောလိုက်သည်၊ "ဒါပေမဲ့ အစ်ကိုကြီး ကျူက လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ရုတ်တရက် အပြောင်းအရွှေ့ခံလိုက်ရလို့ပါ။ တိမ်နီတပ်မတော်က အစောင့်အကြပ် တင်းကျပ်တဲ့အတွက် ကျွန်တော်တို့ စုံစမ်းဖို့ အချိန်လိုဦးမှာပါ..."
"ခွမ်း”
ရှောင်ချန်းချင်သည် သူ၏ အရိုးထွက်နေသော လက်ဖြင့် စားပွဲကို ရိုက်ချလိုက်သဖြင့် လက်ဖက်ရည်ခွက်မှာ တုန်ခါသွားသည်။
သူ၏ အနက်ရောင်ဝတ်ရုံပေါ်မှ ငွေရောင်အစင်းကြောင်းများမှာ ဖယောင်းတိုင်မီးရောင်အောက်တွင် ပင့်ကူအိမ်ကဲ့သို့ အေးစက်စွာ တောက်ပနေသည်။
"အသုံးမကျတဲ့ကောင်၊ အဖိုးတန်တဲ့ သတင်းအချက်အလက်လေးတောင် မရှာနိုင်ဘူးလား”
"အစ်ကိုကြီး ဝမ်က မင်းကို ဆင်ခြေပေးဖို့ လွှတ်လိုက်တာ မဟုတ်ဘူး”
ရှောင်ချန်းချင်းမှာ အလွန်ဒေါသထွက်
နေသည်။ သူတို့ ဒီမြို့ထဲရောက်တာ ဒီနေ့မနက်ကမှ ဖြစ်သည်။
ရှောင်ချန်းချင်မှာ မြေကြီးမှော်ပညာကို သုံးပြီး မြို့ထဲရှိ ထောင်အားလုံးကို လျှို့ဝှက်စစ်ဆေးခဲ့သေးသည်။
ထောင်ထိန်းနှစ်ယောက် ပြောနေသည်ကို ကြားမှသာ ကျူစုန်ယွင်တစ်ယောက် သူတို့မသိလိုက်ဘဲ နှစ်ရက်ကတည်းက အပြောင်းအရွှေ့ခံလိုက်ရကြောင်း သိခဲ့ရသည်။
သူတို့သည် လီချင်းမင်၏ အလကားစကားလုံးများကို နားထောင်ရင်း နံနက်ခင်းတစ်ဝက်ကျော်အောင် စောင့်ဆိုင်းခဲ့ရသဖြင့် အလွန်ဒေါသထွက်နေခြင်း ဖြစ်သည်။
အခန်းထဲတွင် ရှောင်ချန်းချင်နှင့် လီချင်းမင်တို့အပြင် အခြားလူနှစ်ဦးလည်း ရှိသေးသည်။
ထိုအမျိုးသားမှာ လင်ဖုန်းဖြစ်ပြီး ရုပ်ရည်မှာ သာမန်ဖြစ်သော်လည်း မျက်ခုံးထူပြီး မျက်လုံးကြီးကာ ရန်လိုသော အမူအရာရှိသည်။
အမျိုးသမီးမှာ လျိုယွဲ့မိန်ဖြစ်ပြီး လှပကာ ဆွဲဆောင်မှုရှိသော ကိုယ်ခန္ဓာရှိသော်လည်း သူမ၏ အမူအရာတွင် မရိုးသားမှုများ ရှိနေသဖြင့် သူတစ်ပါးက ရင်းနှီးရန် ခက်ခဲသည်။
ထိုသူနှစ်ဦးမှာ ရှောင်ချန်းချင်၏ တပည့်များ ဖြစ်ကြသည်။
ထိုအချိန်တွင် ညာဘက်တွင်ထိုင်နေသော လင်ဖုန်းက သူ၏ ဝါကျင့်နေသော သွားများကို ပေါ်အောင် ဖြဲကာ ရယ်မောလိုက်သည်။
"ဆရာ၊ ကျွန်တော်ထင်တာတော့ ဒီကောင် တိမ်နီတပ်မတော်ဆီ တကယ်ပဲ သစ္စာဖောက်သွားတာ ဖြစ်မယ်ထင်တယ်"
သူ၏ ထူထဲသော လက်ချောင်းများမှာ ခါးတွင်ချိတ်ထားသည့် ဓားမြောင်တစ်ချောင်းကို ပွတ်သပ်နေသည်။
ထိုဓားမြောင်၏ လက်ကိုင်မှာ လူ၏အရွတ်ကြောများဖြင့် ရစ်ပတ်ထားခြင်းဖြစ်သည်။
လီချင်းမင်ကို သူကြည့်နေသည့်အကြည့်တွင် လူသတ်လိုသော အငွေ့အသက်များ လွှမ်းခြုံနေသည်။
သူသည် ရှောင်ချန်းချင်၏ တပည့်မဖြစ်ခင်ကတည်းက သိုင်းလောကတွင် ရက်စက်ကြမ်းကြုတ်သူတစ်ဦးဖြစ်ပြီး သိုင်းပညာမှာ အထက်တန်းအဆင့်သို့ ရောက်ရှိနေသူဖြစ်သည်။
နောက်ပိုင်းတွင် ကံကောင်းထောက်မစွာဖြင့် ဝိညာဉ်အမြစ်နိုးထလာခဲ့ပြီး ရှောင်ချန်းချင်၏ တပည့်အဖြစ် ခေါ်ယူခြင်း ခံခဲ့ရသည်။
သို့သော်လည်း သူသည် သိုင်းပညာကို စွန့်လွှတ်လိုက်ခြင်း မရှိပေ။
နောက်ဆုံးတွင် သူသည် တပည့်ဖြစ်လာသည်မှာ မကြာသေးသလို သူ၏ မှော်စွမ်းအားမှာလည်း အဖိုးတန်လွန်းသောကြောင့် ဓားဖြင့် လူကို တိုက်ရိုက်သတ်ဖြတ်ရသည်ကသာ ပို၍ ကျေနပ်ဖွယ်ကောင်းသည်ဟု သူခံစားရသည်။
"ကျွန်တော် အပြစ်ကင်းပါတယ်”
လင်ဖုန်း၏ အကြည့်အောက်တွင် လီချင်းမင်မှာ ဦးခေါင်းတစ်ခုလုံး ကျိန်းစပ်လာသလို ခံစားလိုက်ရပြီး အမြန်ပင် ထရပ်ကာ ခုခံပြောဆိုလိုက်သည်။
"ကျွန်တော် အခု တိမ်နီတပ်မတော်အတွက် အလုပ်လုပ်ပေးနေပေမဲ့ ကျွန်တော်ဟာ ဂုဏ်သိက္ခာရှိတဲ့ ကျင့်ကြံသူတစ်ယောက်ပါ။ ဒီလို သူပုန်အုပ်စုမျိုးဆီ ကျွန်တော်က ဘယ်လိုလုပ်ပြီး အညံ့ခံနိုင်မှာလဲဗျာ?"
"အစ်ကိုကြီးရှောင်၊ အကိုက ဉာဏ်ပညာကြီးမားသူပါ။ ကျွန်တော်သာ တကယ်ပဲ သစ္စာဖောက်ဆိုရင် ခင်ဗျားတို့ကို လာတွေ့ဖို့ ဘာလို့ အန္တရာယ်ခံမှာလဲ? ကျွန်တော်သာဆိုရင် အကိုတို့ရဲ့ နေရာကို တိမ်နီတပ်မတော်ဆီ အသိပေးပြီး သူတို့ကို ဒီကို ခေါ်လာခိုင်းလိုက်မှာပေါ့။"
"ကျွန်တော် တိမ်နီတပ်မတော်ထဲ ဝင်တာ မကြာသေးတဲ့အတွက် သူတို့ရဲ့ ယုံကြည်မှုကို မရသေးပါဘူး။ အစ်ကိုကြီး ကျူဘယ်ရောက်နေလဲဆိုတာ ကျွန်တော် တကယ်မသိတာပါ။ ကျွန်တော့်ကို ငါးရက်လောက် အချိန်ပေးပါ... ငါးရက်ပဲ... ဒီငါးရက်အတွင်း အစ်ကိုကြီး ကျူး ဘယ်ရောက်နေလဲဆိုတာ ကျွန်တော် သေချာပေါက် စုံစမ်းပေးပါ့မယ်။"
တကယ်တော့ လီချင်းမင်ကိုယ်တိုင်လည်း အခြေအနေကို သိပ်နားမလည်ပေ။
သူသည် ရှောင်ချန်းချင်တို့၏ နေရာကို ကျောက်ဖေးထံသို့ အသိပေးပြီးဖြစ်သော်လည်း ကျောက်ဖေးက ဘာကြောင့် ဒီနေ့ညအထိ စောင့်ဆိုင်းပြီးမှ အရေးယူရန် တောင်းဆိုနေသလဲဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်သည်။
တပ်မတော်၏ ခေါင်းဆောင်ဖြစ်သူက အမှားအယွင်းမရှိစေရန် ပြင်ဆင်မှုများ ပိုလုပ်ချင်တာ ဖြစ်နိုင်မည်လား။
သို့သော် လီချင်းမင်မှာမူ တွေးတောရန် ပျင်းရိနေပြီး အစီအစဉ်အတိုင်းသာ ဆက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။
"ငါးရက်လား? နောက်ထပ် ငါးရက်လောက် ကြာဦးမှာဆိုရင် မင်းက ငါတို့အတွက် ဘာအသုံးဝင်တော့မှာလဲ?"
လျိုယွဲ့မိန် ရုတ်တရက် တိုးတိုးလေး ရယ်မောလိုက်သည်။
သူမ၏ ဖြူဖွေးသွယ်လျသော လက်ချောင်းများဖြင့် ဆံပင်စကို လှည့်ပတ်ကစားနေပြီး လက်ကောက်ဝတ်မှ ငွေလည်တီးလေးများမှာ တချွင်ချွင်မြည်နေသည်။ “မောင်လေးလီ၊ မင်းကို ငါတို့ မယုံတာမဟုတ်ပါဘူး။ ဒါပေမဲ့ မင်းဒီကိစ္စကို ကိုင်တွယ်ပုံက အရမ်းကို ပေါ့ဆနေတဲ့အတွက် ငါတို့ တကယ်ပဲ စိတ်မကျေမနပ် ဖြစ်ရတယ်။"
"မင်းနားလည်ထားဖို့က အစ်ကိုကြီး ကျူတစ်ယောက် တိမ်နီတပ်မတော်လက်ထဲ ရောက်သွားတာက မင်းကို ကယ်ရင်းနဲ့မှ ဖြစ်သွားတာလေ။ မင်းဒီလောက် ပေါ့ဆလို့ မရဘူး။"
"မဟုတ်ရင်တော့ အစ်ကိုကြီး ကျူတစ်ခုခုဖြစ်သွားရင် ငါတို့က မင်းကို ဘာမှလုပ်မှာမဟုတ်ပေမဲ့ အကြီးအကဲဝမ် ကတော့ မင်းကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူးနော်။"
ထိုခြောက်ခြားဖွယ် စကားလုံးများကြောင့် လီချင်းမင်၏ ကျောရိုးတစ်လျှောက် အေးစက်သွားသည်။
အထူးသဖြင့် အကြီးအကဲဝမ်၏ ပြစ်ဒဏ်ပေးပုံများကို တွေးမိလိုက်ချိန်တွင် လီချင်းမင်မှာ ကြောက်လန့်စိတ်များ တဖွားဖွားပေါ်လာသည်။
ထိုသူမှာ အရေခွံခွာခြင်း၊ အရွတ်ကြောထုတ်ခြင်း၊ ဝိညာဉ်ကို ပြုပြင်ခြင်းတို့ကို သာမန်ကိစ္စရပ်တစ်ခုလို သဘောထားလေ့ရှိသည့် အလွန်ရက်စက်သော သူဖြစ်သည်။
ဝမ်ပုယန်၏ တပည့်များကို ပြစ်မှားမိသူတိုင်း ကောင်းကောင်းမွန်မွန် အဆုံးသတ်ရသည်ကို တစ်ခါမျှ မကြားဖူးပေ။
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျွန်တော် နားလည်ပါတယ်။ အစ်ကိုကြီး ကျူကို ကယ်ဖို့ ကျွန်တော် တိမ်နီတပ်မတော်ထဲ ဝင်ခဲ့တာပါ။”
“ တကယ်တော့ ပြီးခဲ့တဲ့ရက်တွေက အစ်ကိုကြီးကျူအတွက် စိုးရိမ်လွန်းလို့ အိပ်မပျော်၊ စားမဝင်ဖြစ်နေတာပါ။ သူ့နေရာမှာ ကျွန်တော်ပဲ အစားထိုးခံလိုက်ရရင် ကောင်းမယ်လို့တောင် တွေးမိပါတယ်..."
လီချင်းမင်၏ မျက်နှာမှာ ဝမ်းနည်းပူဆွေးနေသည့်ပုံစံကို သရုပ်ဆောင်လိုက်သည်။
"တော်တော့”
လျူယွဲ့မိန်မှာ စိတ်မရှည်တော့သဖြင့် လီချင်းမင်၏ အပိုစကားများကို နားမထောင်ချင်တော့ပေ။ သူမက ပြတ်သားစွာ ပြောလိုက်သည်၊ "ကျူစုန်ယွင်ဘယ်ရောက်နေလဲဆိုတာ ဘယ်လောက်မြန်မြန် စုံစမ်းပေးနိုင်မလဲ?"