အခန်း ၁၈၄
Vol. 13 Ch. 184
အခန်း (၁၈၄) - ငွေကြေးအလွဲသုံးစားပြုခြင်း
လီချင်းမင် တစ်ယောက် နတ်ဆိုးတစ်သောင်းဂိုဏ်းကို သစ္စာဖောက်ပြီး တိမ်နီတပ်မတော်ထံ ခိုလှုံရဲလိမ့်မည်ဟု သူတို့ လုံးဝမယုံကြည်ကြပေ။
လီချင်းမင် ပြောခဲ့သည့်အတိုင်း သူသည် မည်မျှပင် ရုပ်ဆိုးအကျည်းတန်သော စိတ်ထားရှိသူဖြစ်စေ၊ ဂုဏ်သိက္ခာရှိသည့် ကျင့်ကြံသူတစ်ဦးဖြစ်နေဆဲပင်။
သို့ဖြစ်ရာ သာမန်လူသားအုပ်စုတစ်ခုကို သူ ဘယ်လိုလုပ်ပြီး စိတ်ရင်းအမှန်ဖြင့် သစ္စာခံနိုင်ပါမည်နည်း။
ထိုလူသားများသည် သူ့ကို ဝိညာဉ်ရေးရာပစ္စည်းအနည်းငယ် ပေးနိုင်လျှင်ပင် အများဆုံးဖြစ်ပေလိမ့်မည်။ မှော်အတတ်ပညာများကို သင်ကြားပေးနိုင်ပါ့မလား။
အကြီးအကဲဝမ်နှင့် အခြားသူများမှာမူ ခေါင်းဝါသူပုန်တပ်ကို ထောက်ပံ့နေကြသော်လည်း သူတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ မိမိတို့အတွက် ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များကို လုယက်ရန်သာဖြစ်သည်။
အသက်ရှည်ခြင်းနှင့် နတ်ဘုရားဖြစ်ခြင်းမှာ ကျင့်ကြံသူများ၏ အကြီးမားဆုံး ပန်းတိုင်ဖြစ်သည်။
အကယ်၍ မသေမျိုး မဖြစ်နိုင်လျှင်ပင် နောက်ထပ်နှစ်ပေါင်း ရာနှင့်ချီ၍ အသက်ရှည်နိုင်ခြင်းမှာ သာမန်လူတို့၏ စည်းစိမ်ဥစ္စာထက် ပိုမိုမြတ်နိုးဖွယ်ကောင်းသည် မဟုတ်ပါလော။
သို့သော် သူတို့အမြင်တွင် လီချင်းမင်မှာ ဂိုဏ်းကို သစ္စာဖောက်မည်မဟုတ်သော်လည်း လိမ်လည်လှည့်ဖြားရန် ဝန်လေးမည်မဟုတ်ဟု ယူဆထားသည်။
ကျူစုန်ယွင်ကို စိုးရိမ်လွန်း၍ အိပ်မပျော် စားမဝင်ဖြစ်နေသည်ဆိုသော လီချင်းမင်၏ စကားကိုလည်း အဓိပ္ပာယ်မရှိသော စကားလုံးများအဖြစ်သာ သူတို့ သတ်မှတ်လိုက်သည်။
သူတို့သည် သူတို့၏ စံနှုန်းအတိုင်းသာ သူတစ်ပါးကို တိုင်းတာကြပြီး လီချင်းမင်ကဲ့သို့သူမျိုးမှာ ထိုမျှကြင်နာတတ်မည်ဟု မယုံကြည်ကြပေ။
လီချင်းမင်သည် ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် သွားများကို ကြိတ်ကာ ပြောလိုက်သည်၊ "လေးရက်... ကျွန်တော့်ကို နောက်ထပ် လေးရက်လောက် အချိန်ပေးပါ..."
လျူယွဲ့မိန်က ချက်ချင်းပင် ငြင်းပယ်လိုက်သည်၊ "မဖြစ်နိုင်ဘူး၊ အချိန်ကြာလွန်းတယ်"
လီချင်းမင် ထပ်မံ၍ သွားကြိတ်ကာ ပြောသည်၊ "ဒါဆိုရင် သုံးရက်..."
လျူယွဲ့မိန်မှာ ဒေါသနှင့်အတူ ရယ်မောလိုက်သည်၊ "မောင်လေးလီ၊ ဒါက ဟင်းသီးဟင်းရွက် ဈေးတန်းလို့ ထင်နေတာလား၊ မင်းစိတ်ကြိုက် ဈေးဆစ်နေဖို့?"
လင်ဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး "ညီလေးလီ၊ ဘာပဲဖြစ်ဖြစ် မင်း ဒီနေ့ပဲ ရှင်းရှင်းလင်းလင်း ဖြေရှင်းချက် ပေးရမယ်”ဟု ဆိုသည်။
"ဒီနေ့အတွင်းမှာလား? ဟား... ကျွန်တော့်ကို သတ်လိုက်တာကမှ ပိုကောင်းဦးမယ်။ တိမ်နီတပ်မတော်က ကျွန်တော့်လက်အောက်ခံ မဟုတ်ဘူးလေ။ တစ်ရက်အတွင်းမှာ သတင်းအချက်အလက်ကို ဘယ်လိုရှာပေးရမှာလဲ?" ဟု လီချင်းမင်က အော်ဟစ်လိုက်သည်။
"ဟား၊ ငါ မင်းကို မသတ်ရဲဘူးလို့ ထင်နေတာလား?"
လင်ဖုန်းက ရက်စက်စွာ ပြုံးလိုက်ပြီး သူ၏ ရှည်လျားသော ဓားကို အနည်းငယ် ဆွဲထုတ်လိုက်သည်။
အခန်းအတွင်းရှိ အပူချိန်မှာ ရုတ်တရက် ကျဆင်းသွားသလိုပင် အေးစက်သော လေထုကို ဖြစ်ပေါ်စေသည်။
"တော်တော့၊ အားလုံးပါးစပ်ပိတ်ထားကြ”
ရှောင်ချန်းချင်က စားပွဲကို ခေါက်လိုက်သဖြင့် ထိုသူနှစ်ဦးမှာ ငြင်းခုံခြင်း ရပ်တန့်သွားသည်။
သူသည် လီချင်းမင်ကို အေးစက်သော အကြည့်ဖြင့် ကြည့်ကာ အေးစက်သောအသံဖြင့် မေးလိုက်သည်၊ "နောက်ဆုံးတစ်ခါပဲ မေးမယ်၊ ကျူစုန်ယွင်ဘယ်ရောက်နေလဲဆိုတာ ဘယ်လောက်မြန်မြန် ရှာပေးနိုင်မလဲ?"
"မင်းက နောက်ထပ် နှစ်ရက် သုံးရက် ကြာဦးမယ်လို့ ထင်နေသေးရင်တော့ အခုပဲ ထွက်သွားတော့”
လီချင်းမင်၏ မျက်နှာမှာ တင်းမာနေသည်။
ခဏမျှ စဉ်းစားပြီးနောက် ခက်ခက်ခဲခဲ ပြောလိုက်သည်၊ "ကျွန်တော်သိသလောက်တော့ တိမ်နီတပ်မတော်က အစ်ကိုကြီးကျူကို ညတိုင်းလိုလို စစ်ဆေးမေးမြန်းနေတယ်။ သူတို့က သူ့ဆီကနေ ကျင့်ကြံခြင်းဆိုင်ရာ အတတ်ပညာတွေကို အတင်းအကျပ် ထုတ်ယူချင်နေတာပါ။"
"ဒီညလည်း အဲဒီအတိုင်းပဲ ဖြစ်မှာပါ။ ကျွန်တော် သူတို့ရဲ့ စစ်ဆေးရေးအဖွဲ့ထဲကို ဝင်ရောက်ဖို့ ကြိုးစားကြည့်လို့ ရပေမဲ့ ခက်ခဲပါတယ်။ တကယ်ပြောရရင်တော့ ကျွန်တော် သိပ်မသေချာဘူး..."
"အစ်ကိုကြီး ကျူကို စစ်ဆေးနေတဲ့သူက တိမ်နီတပ်မတော်ကို ခိုလှုံလာတဲ့ ကျင့်ကြံသူတစ်ယောက်၊ သူ့နာမည်က ကျန်းဟိုင်တဲ့။"
"ကျန်းဟိုင်က အလွန်တပ်မက်တတ်သူပါ။ ကျွန်တော်က သူ့ကို ဝိညာဉ်ပစ္စည်းအချို့ ပေးနိုင်မယ်ဆိုရင် ကျွန်တော့်ရဲ့ ဂိုဏ်းတူအစ်ကိုအပေါ် ဂရုစိုက်ချင်ယောင်ဆောင်ပြီး သူ ကျွန်တော့်ကို အခွင့်အရေး တစ်ခုခု ပေးကောင်းပေးလိမ့်မယ်။"
"ဒါပေမဲ့..."
ထိုသို့ပြောရင်း လီချင်းမင်က အခက်အခဲရှိနေသည့်ပုံစံဖြင့် ရှောင်ချန်းချင်ကို ကြည့်ကာ ခါးသီးစွာ ပြောလိုက်သည်၊ "ကျွန်တော့်ဆီမှာ ဝိညာဉ်ပစ္စည်း နှစ်ခုရှိခဲ့ပေမဲ့ တိမ်နီတပ်မတော်က ဖမ်းဆီးလိုက်တုန်းက သူတို့ သိမ်းသွားကြတယ်။ ကျောက်ဖေးက ဘယ်တော့ ပြန်ပေးမယ်ဆိုတာ တစ်ခါမှ မပြောသေးဘူး..."
သူသည် စကားရပ်လိုက်ပြီး ပို၍ပင် ခါးသီးသော အမူအရာဖြင့် ငြိမ်သက်သွားသည်။
ရှောင်ချန်းချင်၏ မျက်ခွံမှာ တုန်ခါသွားပြီး မျက်နှာမှာလည်း မည်းမှောင်လာသည်။
သူသည် အိတ်ကပ်ထဲမှ အနီရောင်ဆေးခြယ်ထားသော သစ်သားသေတ္တာတစ်လုံးကို ထုတ်လိုက်သည်။
"ဒီထဲမှာ ခရမ်းရောင်ဝိညာဉ်သဲ သုံးအောင်စပါရှိတယ်။ နောက်ပိုင်းမှာ အဲဒီ ကျန်းဟိုင်ကို ပေးလိုက်
ပါ။"
လီချင်းမင်မှာ ဝမ်းသာစိတ်ကို ချိုးနှိမ်ထားရသော်လည်း မျက်နှာမှာမူ အခက်အခဲရှိနေသည့်အတိုင်း ဟန်ဆောင်ထားဆဲပင်။ "အစ်ကိုကြီး ရှောင် မသိလို့ပါ။ ကျန်းဟိုင်က အမြဲတပ်မက်သူမို့ ဝိညာဉ်ပစ္စည်းလေးတစ်ခုလောက်နဲ့တော့ သူ့ကို မြှားခေါ်နိုင်မှာ မဟုတ်ဘူးထင်တယ်..."
သူစကားမဆုံးခင်မှာပင် လင်ဖုန်းက မနေနိုင်တော့ဘဲ အေးစက်စွာ ရယ်မော၍ ဖြတ်ပြောလိုက်သည်၊ "ဝိညာဉ်ရတနာတွေက မြေကြီးပေါ်က ဟင်းသီးဟင်းရွက်တွေလို့ ထင်နေတာလား? မင်းရဲ့ လိုချင်စိတ်ကလည်း ကြီးလှချည်လား၊ တစ်ခုနဲ့ မလောက်ဘူးပေါ့... ညီငယ်လီ၊ မင်း ဒီအခွင့်အရေးကို အသုံးချပြီး ကိုယ့်အိတ်ထဲ ထည့်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား?"
လီချင်းမင်မှာ ချွေးပြန်သွားပြီး အမြန်ပင် ရှင်းပြလိုက်သည်၊ "အစ်ကိုကြီး၊ အထင်မှားနေပါပြီ။ ကျွန်တော် ဘယ်လိုလုပ် ရဲပါ့မလား? ဒါက အစ်ကိုကြီး ကျူအတွက် ရှင်သန်ရေးနဲ့သေရေး ကိစ္စဆိုတာ အစ်ကိုကြီးတို့ သိသင့်ပါတယ်။"
"ကျွန်တော် နည်းနည်း လောဘကြီးတာကို ဝန်ခံပါတယ်။ ဒါပေမဲ့ ဒီလိုအရေးကြီးတဲ့ကိစ္စမှာတော့ အမှားမလုပ်ရဲပါဘူး။ အစ်ကိုကြီး ကျူသာ မရှိရင် အကြီးအကဲဝမ်က ကျွန်တော့်ကို လွှတ်ပေးမှာမဟုတ်ဘူး..."
လီချင်းမင်မှာ စိုးရိမ်လွန်းသဖြင့် စကားလုံးများပင် ရှုပ်ထွေးသွားသည်။
"ဘုန်း”
ရုတ်တရက် အသံကျယ်ကြီးတစ်ခု မြည်ဟည်းသွားသည်။
ရှောင်ချန်းချင်သည် နောက်ထပ် အနီရောင်သစ်သားသေတ္တာတစ်လုံးကို ထပ်ထုတ်လိုက်သည်။
သူသည် လီချင်းမင်ကို အေးစက်သော အကြည့်များဖြင့် ကြည့်လိုက်သည်။
"ဒီသေတ္တာထဲမှာ မင်းရှင်းအနက်ရောင် ကျောက်စိမ်းငါးကျပ်သား ပါတယ်”
သူ၏ ဂိုဏ်းအတွင်း အဆင့်အတန်းနှင့် ရာထူးဖြင့်ဆိုလျှင်ပင် ဝိညာဉ်ပစ္စည်းနှစ်ခုကို ဆက်တိုက်ပေးလိုက်ရသည့်အတွက် သူ စိတ်မကောင်းဖြစ်ရသည်။
"ဆရာ၊ ဒီ မင်းရှင်းအနက်ရောင် ကျောက်စိမ်းဆိုတာ ဆရာ ကျွန်တော့်အတွက် အိပ်မက်ဆိုး ဖိနှိပ်ခြင်းအတတ်ပညာကျင့်ဖို့ ပြင်ဆင်ထားတာ မဟုတ်ဘူးလား?"
လင်ဖုန်းက အံ့ဩစွာ အော်ဟစ်မေးမြန်းလိုက်သည်။
ရှောင်ချန်းချင်းက ကဲ့ရဲ့လိုက်သည်၊ "အဲဒီ အတတ်ပညာက ဘာများကြီးကျယ်လို့လဲ? မင်း နောက်ထပ် ဂုဏ်ပြုချက်တွေ များများရအောင် ကြိုးစားပြီး ပိုကောင်းတဲ့ မှော်အတတ်နဲ့ လဲလှယ်လိုက်ပေါ့”
လင်ဖုန်းမှာ မုန်းတီးစိတ်ဖြင့် သွားများကို တင်းတင်းကြိတ်ထားမိသည်။
အမှတ်စုဆောင်းခြင်းဆိုသည်မှာ ပြောသလောက် မလွယ်ကူပေ
သူသည် ရှောင်ချန်းချင်ကို စောဒကမတက်ရဲသော်လည်း လီချင်းမင်ကိုကြည့်လိုက်သည့်အကြည့်မှာ အရှင်လတ်လတ် ဝါးစားတော့မည့်နှယ် ဖြစ်နေသည်။
"အစ်ကိုကြီး ရှောင်၊ စိတ်ချပါ။ ဒီဝိညာဉ်ပစ္စည်းနှစ်ခုနဲ့ဆိုရင် ကျွန်တော်တို့ အောင်မြင်ဖို့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းတော့ သေချာသွားပြီ..."
စကားပြောရင်း လီချင်းမင်သည် ရှောင်ချန်းချင်၏ မျက်နှာမှာ ပိုမိုမည်းမှောင်လာသည်ကို သတိပြုမိသဖြင့် အသံကို ချက်ချင်းပြောင်းလိုက်သည်၊ "မဟုတ်ပါဘူး၊ အစ်ကိုကြီး ကျူဘယ်ရောက်နေလဲဆိုတာ ရှာတွေ့ဖို့ အနည်းဆုံး ၇၀ ဒါမှမဟုတ် ၈၀ ရာခိုင်နှုန်း သေချာသွားပြီလို့ ပြောတာပါ။"
တကယ်တမ်းတွင် သူသည် ရှောင်ချန်းချင်ထံမှ ဝိညာဉ်ပစ္စည်း အနည်းငယ် ထပ်မံလိမ်ညာယူလိုသေးသည်။
သို့သော် ရှောင်ချန်းချင်း၏ မျက်နှာထားကိုကြည့်ရသည်မှာ ချစ်ရသူကို ဆုံးရှုံးလိုက်ရသည့်နှယ် ဝမ်းနည်းပူဆွေးနေသဖြင့် သူသာ စကားထပ်ပြောမိပါက ရှောင်ချန်းချင်၏ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားပြီး အသက်ပါ အန္တရာယ်ရှိနိုင်သည်ဟု တွေးမိသည်။
ထို့ကြောင့် အဆင်သင့်အချိန်တွင် ရပ်တန့်လိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။
လီချင်းမင်မှာ ဝိညာဉ်ပစ္စည်းနှစ်ခုကို အိတ်ကပ်ထဲသို့ ပျော်ရွှင်စွာ ထည့်လိုက်သည်။
“လင်ဖုန်းဆိုတဲ့ အရူးက ငါ့ကို ကိုယ်ကျိုးရှာနေတယ်လို့ စွပ်စွဲရဲသေးတယ်ပေါ့? ဒါက ငါ့ကို အထင်သေးတာပဲ။ ငါက အကျိုးအမြတ်အားလုံးကို တစ်ယောက်တည်း သိမ်းပိုက်ဖို့ ကြိုးစားနေတာပါကွာ”ဟု သူတွေးမိသည်။
'အင်း... မဟုတ်သေးဘူး၊ ဝိညာဉ်ပစ္စည်းတစ်ခုကိုတော့ ခရိုင်ဝန်ဆီ ပေးအပ်ရဦးမယ်။'
သူသည် တိမ်နီတပ်မတော်ထံ စိတ်ရင်းမှန်ဖြင့် သစ္စာခံရန် ဆုံးဖြတ်ထားပြီးဖြစ်သဖြင့် ခရိုင်ဝန်ကို ကျေနပ်အောင် လုပ်ရမည်
ဖြစ်သည်။
ရေတိုအကျိုးအမြတ်အတွက် ရေရှည်အကျိုးကို သူ မစွန့်လွှတ်နိုင်ပေ။
ခရိုင်ဝန်သာ စိတ်ကြည်လင်နေပါက သူ့ကို ရာထူးတိုးပေးကောင်း ပေးနိုင်မည်မဟုတ်ပါလော။
ယခုအချိန်တွင်တော့ ဝိညာဉ်ပစ္စည်းနှစ်ခုကို လိမ်လည်ရယူနိုင်ခဲ့သဖြင့် ဝမ်းသာလွန်းနေသော်လည်း လီချင်းမင်မှာမူ ကြောက်ရွံ့တုန်လှုပ်နေသည့်ဟန်ကို ဆက်လက်သရုပ်ဆောင်ထားသည်။
ရှောင်ချန်းချင်ထံမှ ပစ္စည်းများရပြီးနောက် သူသည် နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
ထို့နောက် ရှောင်ချန်ချင်းက ဆက်လက်၍ “ဒီတစ်ခါ မင်းသာ သတင်းအချက်အလက် ပေးနိုင်ပြီး ကျူစုန်ယွင်ကို ကယ်တင်ဖို့ ကူညီပေးနိုင်မယ်ဆိုရင် မင်းရဲ့ အပြစ်တွေအတွက် လျော်ကြေးပေးရုံတင်မကဘူး၊ မင်းအတွက် အစ်ကိုကြီးဝမ်ဆီမှာ ငါ တစ်ခွန်းကောင်း ပြောပေးဦးမယ်။”
“အစ်ကိုကြီးဝမ်က အမြဲတမ်း ရက်ရောသူဖြစ်ပြီး အချိန်တန်ရင် မင်းကို သေချာပေါက် ဆုလာဘ်ချီးမြှင့်မှာပါ။ ဝိညာဉ်ရေးရာပစ္စည်းတွေတင်မကဘူး၊ မှော်ပညာရပ်တွေတောင် ပေးကောင်းပေးနိုင်တယ်။”
“ဟုတ်ကဲ့၊ တပည့်က အကာအကွယ်မှူးရှောင်နှင့် အကြီးအကဲဝမ်တို့ အစ်ကိုကြီးကျူကို ကယ်တင်နိုင်စေရန်အတွက် အသက်ပေးပြီး ကြိုးစားပါမယ်”
လီချင်းမင်သည် အလွန်အမင်း ကျေးဇူးတင်ဟန်ဆောင်လိုက်သည်။
အမှန်စင်စစ် သူသည် စက်ဆုပ်ရွံရှာမှုတို့ဖြင့် ပြည့်နှက်နေသည်။
ဤရက်ပိုင်းအတွင်း သူသည် တိမ်နီတပ်မတော်အတွက် အလုပ်လုပ်ပေးနေသည်မှာ ကြာပြီဖြစ်သည်။
ခရိုင်ဝန်သည် ဆုပေးဒဏ်ပေးရာတွင် တရားမျှတသည်။
ဝိညာဉ်ရေးရာပစ္စည်းများသာမက မှော်ပညာရပ်များကိုပင် သူရရှိခဲ့ပြီးဖြစ်သည်။
ရှောင်ချန်ချင်သည် မည်မျှပင် ရက်ရောသည်ဆိုစေ၊ သူ့ထက် ပို၍ရက်ရောနိုင်ပါ့မလား။
ထို့နောက် သူသည် လက်နှစ်ဖက်ကို ယှဉ်၍ ဆုပ်ကိုင်ကာ “အကာအကွယ်မှူးရှောင်မှာ နောက်ထပ် ညွှန်ကြားချက်များ မရှိတော့ဘူးဆိုရင် တပည့် အလုပ်သွားလုပ်ပါတော့မယ်”
ဟု ဆိုလိုက်သည်။
“သွားတော့။”
ရှောင်ချန်ချင်က လက်ကို ဝှေ့ယမ်းပြလိုက်သည်။
လီချင်းမင်သည် လှည့်၍ တံခါးပေါက်ဆီသို့ လျှောက်သွားလိုက်သည်။
ထိုအခိုက် ရှောင်ချန်းချင်က ဆက်ပြောလိုက်သည်၊ "အောါ ၊ မင်းကို သတိပေးဖို့ မေ့နေလို့။"
"မင်း ခုနက သောက်လိုက်တဲ့ လက်ဖက်ရည်ထဲမှာ ငါ နှလုံးသားကိုစားတဲ့ အဆိပ်ပိုးအနည်းငယ် ထည့်ထားပေးတယ်။"
"ဘာ... ဘာတဲ့..."
လီချင်းမင်မှာ ရုတ်တရက် အနောက်သို့ လှည့်ကြည့်လိုက်သည်။
သူ၏ မျက်နှာမှာ ကြောက်လန့်မှုကြောင့် သေလူတစ်ယောက်ကဲ့သို့ ဖြူဖျော့သွားသည်။
ဤတစ်ကြိမ်တွင်မူ သူသည် သရုပ်ဆောင်နေခြင်းမဟုတ်ဘဲ အမှန်တကယ်ပင် အသက်ရှူမှားလောက်အောင် ကြောက်လန့်သွားခြင်းဖြစ်သည်။
သူသည် နှလုံးသားကိုစားတဲ့ အဆိပ်ပိုး၏ စွမ်းအားကို ကောင်းစွာသိထားသည်။
အကယ်၍ ထိုပိုးကောင်ကို စွဲကပ်ခံရသူသည် ၁၂ နာရီအတွင်း အဆိပ်ဖြေဆေး မသောက်နိုင်ပါက ၎င်းတို့၏ နှလုံးသားကို ပိုးကောင်များက အပြီးတိုင် စားသောက်သွားလိမ့်မည်
ဖြစ်သည်။
ပို၍ ကြောက်စရာကောင်းသည်မှာ သေဆုံးခါနီး နောက်ဆုံးနာရီများတွင် ပိုးကောင်များ ကိုက်စားနေသည့် အလွန်ပြင်းထန်သော နာကျင်မှုကို အသက်ရှင်လျက်နှင့် ခံစားရမည်ဖြစ်ပြီး ထိုဝေဒနာမှာ သေခြင်းထက်ပင် ပိုမိုဆိုးရွားလှသည်။