ကျင့်ကြံမှုအဆင့် မြင့်လာခြင်း
Vol. 141 Ch. 1953
ဝမ်လင်းက ထိုင်ချလိုက်၏။ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်လေးခုသည် သူ့ကို စောင့်ကြပ်ပေးသည်။ ထိုအနှစ်သာရအစစ်အမှန်ခန္ဓာလေးခုဖြင့်ဆို ဝမ်လင်းသည် ဒီငြိမ်သက်တိတ်ဆိတ်နေသော ကင်းမြှီးကောက်ဘုံကျောင်းအတွင်း၌ သူ၏ကျင့်ကြံမှုအဆင့်ကို တည်တည်ငြိမ်ငြိမ် တိုးတက်အောင် လုပ်နိုင်ပေမည်။
သူက အနှစ်သာရရှစ်ခုနှင့် စိတ်ဝိညာဉ်လေဟာနယ်အထွတ်အထိပ်အဆင့်သို့ ရောက်နှင့်နေခဲ့ပြီး ဖြစ်သည်။ ယနေ့တွင်မူ အရာအားလုံ ကွာခြားသွားပေပြီ။ ဝမ်လင်းထံ၌ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် သုံးခုထပ်မံ ပိုင်ဆိုင်လာသလို ကိုးခုမြောက်အနှစ်သာရကိုလည်း သူ ရရှိခဲ့ပြီ ဖြစ်သည်။
ထိုကိုးခုမြောက်အနှစ်သာရက အရေးပါလှ၏။ ၎င်းမှာ ဝမ်လင်း၏ကျင့်ကြံမှုအဆင့် တိုးတက်လာဖို့အတွက် သော့ချက်တစ်ခုပင်။
အခုအခါ သူ့ထံ၌ အနှစ်သာရကိုးခု ပိုင်ဆိုင်ထားလေပြီ။ ယင်းတို့မှာ သေခြင်းရှင်ခြင်း၊ ကံမ္မ၊ အမှန်နှင့်အမှား၊ အတားအဆီး၊ သတ်ဖြတ်ခြင်း၊ မိုးကြိုး၊ မီး၊ ရေ၊ မြေ တို့ ဖြစ်သည်။
“ဆန်းကြယ်လေဟာနယ်အဆင့်…” ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူက အသက်ဝဝရှိုက်သွင်းလိုက်သည်။ သူ၏ပတ်လည်ရှိ အနှစ်သာရလေးခုခန္ဓာကိုယ်သည် အနှစ်သာရအော်ရာကို သူ၏ခန္ဓာကိုယ်ထဲ ထုတ်လွှတ်သည်။ သူ၏ခန္ဓာကိုယ်တွင်းရှိ အနှစ်သာရလေးခုက မြန်ဆန်စွာ လှည့်ပတ်ပြီး သူကား ဆန်းကြယ်လေဟာနယ်အဆင့်ထံ အရှိန်အဟုန်ဖြင့် ဦးတည်သည်။
စိတ်ဝိညာဉ်လေဟာနယ်နှင့် ဆန်းကြယ်လေဟာနယ်အဆင့်ကြား စကားအားဖြင့် တခွန်းသာ ကွာခြား၏။ သို့သော် ကွဲပြားမှုကတော့ မိုးနှင့်မြေပင်။ ဆန်းကြယ်လေဟာနယ်အဆင့်သို့ ရောက်ဖို့ လူတစ်ယောက်သည် ကောင်းကင်နှင့်မြေကြီးကို နားလည်သဘောပေါက်ဖို့နှင့် အနည်းဆုံး သိမ်မွေ့ဆန်းကြယ်အနှစ်သာရတစ်ခု လိုအပ်ပေသည်။
ဝမ်လင်းသည် ဆန်းကြယ်လေဟာနယ်အဆင့်သို့ ရောက်ရှိသွားသည်နှင့် သူသည် အစွမ်းထက်သူများကြား ခြေလှမ်းနိုင်မည် ဖြစ်၏။ ကလန်ကိုးခုနှင့်အင်အားစုဆယ့်သုံးခုကဲ့သို့ အရာများကလွဲ၍ ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ အတော်လေး အစွမ်းထက်နေပြီဟု ယူဆနိုင်သည်။ ပို၍ အရေးကြီးသည်မှာ ဆန်းကြယ်လေဟာနယ်အဆင့်သို့ ရောက်ရှိပြီးနောက် လူတစ်ယောက်သည် ဆန်းကြယ်မန္တာန်အချို့ကို အသုံးပြုလာနိုင်ခြင်းတည်း။ ယင်းက ဝမ်လင်းအတွက် အလွန်အသုံးမဝင်လှသော်လည်း ဆန်းကြယ်လေဟာနယ်အဆင့်သို့ ရောက်ရှိခြင်းမှာ သူ၏ကျင့်ကြံခြင်းအတွက် ခြေလှမ်းကြီးတစ်ခုပင်။
သူ၏ခန္ဓာကိုယ်ထဲရှိ အနှစ်သာရများသည် ဆက်တိုက်လှည့်ပတ်ပြီး သူ၏စိတ်ဝိညာဉ်လေဟာနယ်နောက်ဆုံးအဆင့်မှာ ရုတ်တရက် တိုးတက်လာ၏။ ထိုတိုးတက်နှုန်းက ကြောက်မက်ဖွယ်ပင်။ မျက်စိတမှိတ်အတွင်း ဝမ်လင်း၏အထက်၌ ပုံရိပ်ယောင်တစ်ခု ပေါ်လာ၏။
၎င်းမှာ တိမ်စုဝေးတစ်ခုဖြစ်၏။ ၎င်းက ဝဲကတော့တစ်ခုအဖြစ်သို့ လှည့်ပတ်သည်။ ဝမ်လင်း၏မူလစိတ်ဝိညာဉ်မှာ ဆင့်ကဲတိုးတက်မှု ဖြစ်လာဟန်ရကာ တောက်ပကျိန်းစပ်သောအလင်းကို ထုတ်လွှတ်လာ၏။ ထိုအလင်းက သူ၏ခန္ဓာကိုယ်တွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သော်လည်း သူ့အရေပြားကနေ ထုတ်လွှတ်ပေးနေသည်ဟု ထင်မှတ်ရသည်။
ခုချိန်၌ ဝမ်လင်းထံတွင် ဖော်ပြ၍မရသော ထည်ဝါမှု ပြည့်နှက်နေသည်။ သည်အခိုက်၌ သူသည် စိတ်ဝိညာဉ်လေဟာနယ်အထွတ်အထိပ်အဆင့်ကို ချိုးဖျက်ကာ ဆန်းကြယ်လေဟာနယ်အစောပိုင်းအဆင့်သို့ ရောက်ရှိလာသည်။
သူ ဆန်းကြယ်လေဟာနယ်အစောပိုင်းအဆင့်သို့ ဝင်ရောက်လာသည့်အခိုက်တွင် ဝမ်လင်းအတွက် သည်လောကရှိ အရာတော်တော်များများသည် ပြောင်းလဲသွား၏။ သူ ရှုပ်ထွေးနေခဲ့သော တော်တော်များများမှာ ရှင်းလင်းလာသည်။
သူက မျက်လုံးဖွင့်ကာ ဘေးဘီပတ်လည်သို့ ကြည့်၏။ သူ၏အကြည့်ထဲ၌ ဉာဏ်ပညာနှင့် ပြည့်နှက်သည်။
“ငါ့အတွက် ဆန်းကြယ်လေဟာနယ်အဆင့်ဟာ ကြားအဆင့်တစ်ခုပဲ။ ငါ့ပန်းတိုင်ဟာ လေဟာနယ်အတိဒုက္ခအဆင့်ကို ရောက်ရှိဖို့ပဲ ဖြစ်တယ်…” ဝမ်လင်း ဆိုသလိုပင် ဆန်းကြယ်လေဟာနယ်အဆင့်မှာ သူ့အတွက် ကြားအဆင့်တစ်ခုသာ ဖြစ်၏။ သူသည် မဟာကံကောင်းမှုကို ရရှိပြီးနောက် အထူးသဖြင့် မီးပြင်းဖိုထံမှ လောက၏စွမ်းအားများက သူ့ထံ စုဝေးလာသည့်နောက် သူ၏မူလစိတ်ဝိညာဉ်သည် ၎င်းကို စုပ်ယူပြီးသည်နှင့် သူ၏ကျင့်ကြံမှုအဆင့်က များစွာ ထပ်မံ တိုးတက်လာလိမ့်မည်။
ပို၍ အရေးကြီးသည်မှာ ဝမ်လင်းထံ၌ အနှစ်သာရကိုးခု ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်၏။ သူက ၎င်းတို့ကို တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်ရန်သာ လိုသည်။ သူ ထိုသို့လုပ်နိုင်ပါက သူသည် ဆန်းကြယ်ဒုက္ခကိုးခုကို ရင်ဆိုင်နိုင်မည် ဖြစ်သည်။
သူ ဆန်းကြယ်ဒုက္ခအဆင့်များကို ဖြတ်ကျော်ပြီးသည်နှင့် လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာချေမည်။
သူ၏အကြည့်၌ ပြတ်သားမှုတို့ ပြည့်နေ၏။ သူက သည်ကံကောင်းမှုကို စောင့်နေခဲ့တာ ကြာမြင့်လွန်းခဲ့ပြီ ဖြစ်သည်။ တုံ့နှေးမနေဘဲ ဝမ်လင်းက အသက်ခပ်ဝဝရှိုက်သွင်းလိုက်ပြီး သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ရှေ့သို့ ညွှန်သည်။
အနှစ်သာရသုံးခုအော်ရာက ဝမ်လင်း၏ရှေ့တွင် လွင့်ဝဲ၏။ ယင်းတို့မှာ မီး၊ မြေနှင့် ရေတို့ ဖြစ်ကာ ဝဲကတော့အတွင်း၌ ရွှေ့လျားနေသည်။
“ဒီအနှစ်သာရသုံးခုဟာ ဒြပ်စင်ငါးခုထဲကပဲ။ ဒီသုံးခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်ရင် ဒါက ငါ့ကို ဆန်းကြယ်လေဟာနယ်အလယ်အဆင့် ရောက်ဖို့ ကူညီပေးလိမ့်မယ်။ ဒီအနှစ်သာရတွေမှာ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်လည်း ပိုင်ဆိုင်ထားသေးတယ်။ ဒါ့ကြောင့် ဒီအနှစ်သာရတွေကို ပေါင်းစပ်လိုက်ရ၍် အနှစ်သာရခန္ဓာကိုယ်တွေဟာ အများကြီး ပိုအစွမ်းထက်လာလိမ့်မယ်…”
ဝမ်လင်း၏မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်၏။ သူ လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ ထိုအခါ သူ့ရှေ့ရှိ အနှစ်သာရသုံးခုသည် ပိုမြန်ဆန်စွာ လှည့်ပတ်လာသည်။ မီးက ပိုရုန့်ရင်းလာ၏။ ရေက လှိုင်းတပိုင်းထလာ၏။ မြေထုက တုန်ယင်၏။
သည်ဒြပ်စင်သုံးခု အနှစ်သာရများသည် လှည့်ပတ်၍ ဆက်တိုက် ထိတိုက်မှု ရှိကြသည်။ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်၏။ သို့သော် ထိုအနှစ်သာရသုံးခုသည် ပေါင်းစည်းမသွားဘဲ ရုတ်တရက် ပြန့်ကြဲသွားသည်။
ဝမ်လင်း၏မျက်လုံးက အရောင်တောက်သွား၏။ သူ့လျှာထိပ်ကို ကိုက်ကာ သွေးထွေးထုတ်လိုက်သည်။ သူသည် ထိုသွေးကို အသုံးပြုကာ အနှစ်သာရသုံးခုကို ထပ်မံ ပေါင်းစပ်ဖို့အတွက် ထိန်းချုပ်စေသည်။
“ရေနဲ့မီးဟာ ဆန့်ကျင်ဘက်ပဲ။ ဒါပေမဲ့ ငါ့အနေနဲ့ မြေကို ကြားခံအဖြစ် အသုံးပြုမယ်။ မြေဟာ ရေကိုလည်း သယ်ဆောင်နိုင်သလို မီးကိုလည်း လောင်ကျွမ်းစေနိုင်တယ်။ ငါ့စိတ်ဆန္ဒ ပါဝင်တဲ့ ငါ့ရဲ့ အနှစ်သာရသွေးနဲ့ဆို ငါဟာ ဒီအနှစ်သာရသုံးခု မပေါင်းစပ်နိုင်ဘူးဆိုတာကို မယုံကြည်ဘူး…”
ဝမ်လင်းက မာန်သွင်းကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို အလျင်အမြန် ဖြစ်ပေါ်စေသည်။
ထိုအနှစ်သာရသုံးခုသည် သူ၏ရှေ့ရှိ ဝဲကတော့အတွင်း၌ ကျယ်လောင်စွာ မြည်ဟိန်း၏။ ဝဲကတော့အတွင်းရှိ ပုံရိပ်က ဆက်တိုက် ပြောင်းလဲနေသည်။ တခါတရံ ကြောက်မက်ဖွယ်သွေးပုံရိပ် ဖြစ်နေ၏။ နောက်တခါ မီးပင်လယ် ဖြစ်နေ၏။ သို့ပေမည့် မီးဖြစ်စေ၊ ရေဖြစ်စေ နှစ်ခုလုံးကို သဲမုန်တိုင်းက ခြုံလွှမ်းထားသည်။
အချိန် ကုန်လွန်လာသည်နှင့်အမျှ ဝဲကတော့အတွင်းရှိ ပုံရိပ်က တလက်လက် ပိုဖြစ်လာသည်။ လပေါင်းများစွာ ကြာပြီးနောက် ဝမ်လင်းသည် ခုနစ်ကြိမ်သွေးများ ထွေးထုတ်၏။ သို့သော် အနှစ်သာရသုံးခုကမူ ပေါင်းစပ်မည့် အရိပ်လက္ခဏာများ ပြသလာသည်။ ဝမ်လင်းကလည်း ပိုတက်ကြစွာ ထိုအနှစ်သာရသုံးခု ရာချီထောင်ချီ ထိပ်တိုက်ပွတ်တိုက်မှု ဖြစ်စေခြင်းကို ထိန်းချုပ်သည်။
နောက်ထပ်ခုနစ်လ ကုန်လွန်သွားခဲ့ပြန်ပြီ။ အနှစ်သာရသုံးခု စတင်ပေါင်းစပ်နေစဉ် ကျယ်လောင်စွာ မြည်ဟိန်းသံ ပဲ့တင်ထပ်သည်။ ဝဲကတော့အတွင်းရှိ ပုံရိပ်များသည် သဲ၊ရေနှင့် မီးတို့ကြား ဖြတ်ခနဲဖြတ်ခနဲ ပြောင်းနေပြီးနောက် နောက်ဆုံးတွင် ယင်းတို့မှာ တစ်ခုနှင့်တစ်ခုထပ်သွားပြီး ပြည့်စုံသောပုံရိပ်တစ်ခုကို ဖွဲ့စည်းလေသည်။
ထိုပုံရိပ်၏ အလယ်၌ မြေကြီး ရှိ၏။ မီးပင်လယ်က အထက်တွင် ရှိကာ အောက်ဘက်တွင်မူ ရေလှိုင်းတပိုး ရှိသည်။ ထိုပုံရိပ် ပြည့်စုံသွားသည်နှင့် အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သုံးခုကလည်း ပေါင်းစပ်မှု စတင်သည်။
ယင်းကာ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သုံးခု ပေါင်းစပ်မှုတည်း။ ဤသည်က ရေ၊မီးနှင့်မြေ ပါဝင်သော အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်အသစ်တစ်ခုကို ဖြစ်စေလိမ့်မည်။ ထိုအနှစ်သာရခန္ဓာကိုယ်သစ်မှာ အမှီအခိုကင်းသော တည်ရှိမှု တစ်ဖုဖြစ်ကာ အနှစ်သာရအစစ်အမှန်ခန္ဓာဟူ၍ပင် ဆက်လက် ခေါ်ဆို၍ မရတော့ပေ။ ၎င်းမှာ ဒြပ်စင်ငါးခုကိုယ်ပွားတစ်ခုနှင့် ပိုတူလာခဲ့ပြီ။
အနှစ်သာရအစစ်အမှန်ခန္ဓာသုံးခုနှင့် ဖန်တီးထားသော ယင်းခန္ဓာကိုယ် ပေါ်လာသည့်အခါ ဝမ်လင်း၏မူလစိတ်ဝိညာဉ်က ထိုခန္ဓာကိုယ်အတွင်းမှ စုဝေးသော စွမ်းအားများကို စတင် စုပ်ယူသည်။ သူ၏ ဆန်းကြယ်လေဟာနယ်အစောပိုင်းအဆင့်က ရုတ်တရက် စတင် မြင့်တက်လာ၏။
၎င်းမှာ ဆန်းကြယ်လေဟာနယ်အလယ်အဆင့်ထိ အရူးအမူး တိုးတက်လာသည်။ ထိုဖြစ်စဉ်က တလတာ ကြာမြင့်သည်။ ဝမ်လင်းက ကျယ်လောင်စွာ ရယ်မော၏။ သူ၏ကျင့်ကြံမှုအဆင့်မှာ ခုဆို ဆန်းကြယ်လေဟာနယ်အလယ်အဆင့်သို့ ရောက်လာခဲ့လေပြီ။
ရှေးဟောင်းအချိန်များတည်းက ဆန်းကြယ်လေဟာနယ်အစောပိုင်းအဆင့်ကနေ အလယ်အဆင့်ကို လပိုင်းအတွင်း ဖြတ်သန်းရောက်ရှိခဲ့သူဟူ၍ မရှိခဲ့ပေ။ အခုကိစ္စသာ အပြင်သို့ ပေါက်ကြားသွားပါက ဝမ်လင်းသည် အာရုံစိုက်ခံရလိမ့်မည်။
သို့သော် ထိုအရာများမှာ ခုမှ အစသာ ရှိသေး၏။
“သတ်ဖြတ်ခြင်းအနှစ်သာရနဲ့ အတားအဆီးအနှစ်သာရတို့ဟာ အထူးအနှစ်သာရတွေပဲ။ ပေါင်းစပ်ဖို့ ခက်ခဲလွန်းတယ်။ ဒါပေမဲ့ ငါဟာ မိုးကြိုးအနှစ်သာရကို အမျှင်တန်းအဖြစ် အသုံးပြုပြီး ဒီအထူးအနှစ်သာရတွေကို ယာယီပေါင်းစပ်နိုင်ရင် ငါ့ကျင့်ကြံမှုအဆင့်ဟာ ဆန်းကြယ်လေဟာနယ်နောက်ဆုံးအဆင့်ထိ ခုန်တက်သွားလိမ့်မယ်…”
“မိုးကြိုးအနှစ်သာရဟာ အစစ်အမှန်အနှစ်သာရခန္ဓာကို ပိုင်ဆိုင်ထားတဲ့အတွက် ဒါဟာ ဖြစ်နိုင်တယ်။ ဒီလို အစစ်အမှန်ခန္ဓာကို ပိုင်ဆိုင်ထားတဲ့အတွက်ကြောင့် ဒီမိုးကြိုးအနှစ်သာရဟာ အထူးအနှစ်သာရခန္ဓာနှစ်ခုအတွက် အများကြီး ပိုအားကောင်းတယ်..”
ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သူ၏မျက်လုံးသည် တောက်ပလာ၏။ မရေမတွက်နိုင်သော သွေးကြောင်းများ ပေါ်လာကာ သူ့ရှေ့၌ အတားအဆီးအနှစ်သာရ ပေါ်လာလေသည်။ တချိန်တည်းမှာ ကြောက်မက်ဖွယ်သဖြတ်ခြင်းအနှစ်သာရက သူ၏ရှေ့တွင် စုဝေးလာ၏။
ထိုအထူးအနှစ်သာရနှစ်ခုသည် ဝမ်လင်း၏ရှေ့တွင် လှည့်ပတ်၏။ ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာထံ လက်ညွှန်လိုက်သည်။
မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာသည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။ ၎င်း၏မျက်လုံးထဲတွင် မိုးကြိုးတို့ ပြည့်သည်။ ၎င်းသည် မိုးကြိုးတန်းတစ်ခုအဖြစ်သို့ မြန်ဆန်စွာ ပြောင်းကာ သတ်ဖြတ်ခြင်းနှင့်အတားအဆီးအနှစ်သာရတို့ကြား၌ ရွှေ့လျားသည်။ ၎င်းက အမျှင်တန်းများအဖြစ် ပြောင်းကာ အထူးအနှစ်သာရနှစ်ခုကို ချိတ်ဆက်၍ ယင်းတို့ကို မြန်ဆန်စွာ ပေါင်းစည်းစေသည်။
ထိုပေါင်းစည်းမှုက ဒြပ်စင်ငါးခုအနှစ်သာရများထက် သာ၍ ခက်ခဲ၏။ တလကြာပြီးနောက်ထိ ဝမ်လင်းသည် မအောင်မြင်သေးပေ။ သတ်ဖြတ်ခြင်းအနှစ်သာရက အလွန်အမင်း လွှမ်းမိုးရန်လို၏။ အတားအဆီးအနှစ်သာရကမူ မိုးကြိုးအနှစ်သာရအတွက် သဘာဝအားဖြင့်ကို တန်ပြန်သည်။ ၎င်းတို့ကို ပေါင်းစပ်ဖို့ ခက်ခဲလွန်းချေသည်။
ဝမ်လင်း၏မျက်လုံးထဲတွင် သွေးစင်းကြောင်းတို့ ပြည့်နေသည်။ သူက အနှစ်သာရသုံးခုကို ကြည့်ကာ မျက်မှောင်ကြုတ်သည်။ သူသည် အခွင့်အရေးတစ်ခုကို တွေ့သည်နှင့် အနှစ်သာရပေါင်းစပ်မှုများသည် မြန်ဆန်စွာ ပြီးမြောက်လိမ့်မည်။ သို့သော် ထိုအခွင့်အရေးသာ မရှိပါက သူ မည်မျှ ကြိုးစားပါစေ အချည်းနှီး ဖြစ်ပေလိမ့်မည်။
“ကံမကောင်းစွာနဲ့ ငါ့မှာ အထူးအနှစ်သာရနှစ်ခုပဲ ပိုင်ဆိုင်ထားတာပဲ။ ငါ့မှာသာ တတိယမြောက်အထူးအနှစ်သာရတစ်ခု ပိုင်ဆိုင်ထားခဲ့ရင် ဒါက ပိုလွယ်သွားမှာ။ ဒါပေမဲ့ ငါ ဆက်ပြီး မစောင့်နိုင်တော့ဘူး။ ငါ ဒါကို ဒီနည်းနဲ့ မလုပ်နိုင်မှတော့ မတူတဲ့တခြားနည်းတစ်ခုနဲ့ ကြိုးစားကြည့်ရမှာပဲ…” ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူက သည်နည်းလမ်းကို ပြောင်းလဲပစ်ပေမည်။ သူ့အနေဖြင့် မိုးကြိုးအနှစ်သာရကို ကြားခံအဖြစ် အသုံးမပြုတော့ဘဲ ၎င်းကို အထူးအနှစ်သာရနှစ်ခုအား စုပ်ယူဖို့ ပင်မခန္ဓာကိုယ်အဖြစ် အသုံးပြုတော့မည် ဖြစ်၏။
ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ အနှစ်သာရသွေးများကို ထွေးထုတ်ပြီး မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို ခြုံလွှမ်းစေသည်။ ထိုအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်က ဝမ်လင်း၏ စိတ်ဆန္ဒ ပါဝင်သော သွေးကို စုပ်ယူပြီးနောက် ၎င်း၏ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ သတ်ဖြတ်ခြင်းနှင့်အတားအဆီးအနှစ်သာရထံ လှမ်းသည်။
“သတ်ဖြတ်ခြင်းကို ပေါင်းစပ်ဖို့ မိုးကြိုးခန္ဓာကို အသုံးပြုမယ်…”
“အတားအဆီးကို ပေါင်းစပ်ဖို့ မိုးကြိုးခန္ဓာကို အသုံးပြုမယ်…”
၎င်းသာ အောင်မြင်သွားသည်နှင့် မိုးကြိုးအနှစ်သာရခန္ဓာကိုယ်သည် မြန်ဆန်စွာ ပြောင်းလဲပြီး အနှစ်သာရသုံးခု ပါဝင်သွားလိမ့်မည်။ မိုးကြိုးသည်ပင် ပြောင်းလဲသွားနိုင်၏။ သို့သော် ထိုသို့သောအရာမှာ ဖြစ်ခဲလှ၏။ ဝမ်လင်းသည် မည်သို့ ဖြစ်လာလိမ့်မည်ကို မသိပေ။ သို့သော် သူက ဤသည်ကို လုပ်ရမည်သာ။
ဖြတ်ခနဲအတွင်း လပေါင်းများစွာ ကုန်လွန်သွား၏။ လပေါင်းများစွာ ကြာမြင့်ပြီးနောက် ယနေ့တွင် မိုးကြိုးအနှစ်သာရခန္ဓာကိုယ်သည် တုန်လှုပ်ဖွယ်အော်ရာကို ပေးစွမ်းလာ၏ ၎င်းက သတ်ဖြတ်ခြင်းနှင့် အတားအဆီးအနှစ်သာရတို့ဖြင့် အောင်အောင်မြင်မြင် ပေါင်းစည်းသွားခဲ့လေပြီ။ ဘန်းခနဲ ပေါက်ကွဲသံနှင့်အတူ ထိုမိုးကြိုးအနှစ်သာရခန္ဓာကိုယ်၏ တုန်လှုပ်ဖွယ်ပြောင်းလဲမှုက ဝမ်လင်းကိုပါ မင်သက်မိသွားစေသည်။