မိုးကြိုး
Vol. 141 Ch. 1954
မိုးကြိုး၊ လောက၏ အဆုံးစွန်စွမ်းအား။ ၎င်းက နံပါတ်တစ်စွမ်းအား မဟုတ်သော်ငြားလည်း အစွမ်းထက်လှသော စွမ်းအားမည်၏။
မိုးကြိုးသည် ကောင်းကင်နှင့်မြေကြီး၏ ခွန်အား ဖြစ်ကာ လောက၏ အထက်တွင် ရှင်သန်သည်။ ၎င်းသည် အောက်ဘက်သို့ မကြာဆိုသလို ဆင်းသက်လာချိန်၌ ကျယ်လောင်စွာ တုန်ဟည်းသံတို့က မိုးမြေ၏ ဒေါသပုန်ထသည့်အလား။
ဝမ်လင်း၏ မိုးကြိုးအနှစ်သာရက ရှေးဟောင်းမိုးကြိုးနဂါး၏ခန္ဓာကိုယ်တဝက်မှ မွေးဖွားခဲ့ခြင်း ဖြစ်၏။ ထိုနဂါးက မိုးကြိုးတို့၏စွမ်းအားကို ခံနိုင်ရည်ရှိစွာ ဖန်တီးခံထားရသော အရာ ဖြစ်ချေ၏။
ထိုရှေးဟောင်းမိုးကြိုးနဂါးတဝက်ဖြင့် ဝမ်လင်းသည် အနှစ်သာရကို အစပျိုးနိုင်ခဲ့ခြင်းပင်။ ထို့နောက်တွင် ပြန့်ကြဲမိုးကြိုးကလန်၏ မိုးကြိုးကို စုပ်ယူပြီးနောက် သူ၏အနှစ်သာရက ပြီးပြည့်စုံဖို့ ခြေတလှမ်းမျှသာ လိုအပ်ခဲ့၏။
ထိုခြေတလှမ်းက ဖြတ်သန်းဖို့ မလွယ်ပါ။ သို့သော် ဝမ်လင်းက တခြားမိုးကြိုးများနှင့်အတူ နောက်ထပ်လမ်းကြောင်းတစ်ခုကို ဖန်တီးခဲ့၏။ သူက မိုးကြိုးဖားပြုတ်၏ စိတ်ဝိညာဉ်နှင့် သူ၏ဂျိနယ်ပယ်တို့ကို အသုံးပြုကာ အတူတကွမိုးကြိုးများကို ပြီးပြည့်စုံစေခဲ့သဖြင့် သူ၏ မိုးကြိုးအနှစ်သာရမှာ ပြီးပြည့်စုံလုနီးပါး ဖြစ်ခဲ့သည်။
ထို့နောက်တွင် လွန်ခဲ့သောနှစ်တစ်ရာက အင်မောတယ်ကောင်းကင်ဘုံနယ်မြေပေါ်၌ မိစ္ဆာတာအိုကလန်ခေါင်းဆောင်၏ မတူညီသော မိုးကြိုးအနှစ်သာရကို ဝမ်လင်း၏မိုးကြိုးအနှစ်သာရအတွင်းသို့ သွန်းလောင်းခဲ့ချေသည်။ သူက မိုးကြိုးအင်ပါယာပုတီးစေ့နှစ်စေ့ကိုပင် ဝါးမြိုခဲ့ပြီး ယင်းတို့၏စွမ်းအားက ဝမ်လင်းထံ ကူးပြောင်းခဲ့သည်။
သည်အဖြစ်အပျက်တို့ကြောင့် ဝမ်လင်း၏မိုးကြိုးအနှစ်သာရသည် အံ့ချီးဖွယ်ကောင်းအောင် ပြောင်းလဲခဲ့ကာ ဒီမိုးကြိုးအနှစ်သာအစစ်အမှန်ခန္ဓာကိုယ်တစ်ခုကို သိပ်သည်းဖွဲ့စည်းနိုင်ခဲ့ခြင်းပင်။
ဒီမိုးကြိုးအနှစ်သာရခန္ဓာကိုယ်၌ ၎င်း၏ကိုယ်ပိုင်စိတ်ဆန္ဒရှိ၏။ သို့သော် ထိုစိတ်ဆန္ဒအများစုကမူ ဝမ်လင်း၏အပိုင်ပင်။
ဝမ်လင်းသည် သူ၏ မရည်ရွယ်သောလုပ်ဆောင်မှုက သူ့မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်၌ ခုလိုတိုက်ရိုက်ပြောင်းလဲမှုမျိုး ဖြစ်စေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
သတ်ဖြတ်ခြင်းအနှစ်သာရက အထူးအနှစ်သာရတစ်ခု ဖြစ်၏။ ၎င်း၏စွမ်းအားကို မမြင်ရနိုင်ပေ။ ၎င်းသည် အတိုင်းမသိအဆုံးမဲ့သတ်ဖြတ်ခြင်းနှင့် ဖွဲ့စည်းထားခြင်းပင်။ သို့ပေမည့် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းတစ်ခု ဖြစ်၏။ ထို့ကြောင့် ၎င်းမှာ အထူးအနှစ်သာရတစ်ခု ဖြစ်နေခဲ့ခြင်းပင်။
သတ်ဖြတ်ခြင်းအနှစ်သာရ၌ အံ့မခန်းသတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပါဝင်သည်။ ၎င်းသည် လောက၏ လုပ်ဆောင်ပုံကိုပါ ပြောင်းလဲစေနိုင်သည်။ ယင်းကား သာမန်အနှစ်သာရများထက် များစွာ ပိုအစွမ်းထက်ချေသည်။
အတိတ်တုန်းက ချင်းရွှေ၏ သတ်ဖြတ်ခြင်းအနှစ်သာရက သူ့ကို သူ့ထက်ကျင့်ကြံမှုအဆင့်မြင့်သူများနှင့် ယှဉ်တိုက်ခိုက်နိုင်စေခဲ့သည်။ ဤသည်က ထိုအနှစ်သာရ မည်မျှအစွမ်းထက်သည်ကို ပြသသည်။
ဝမ်လင်းက သတ်ဖြတ်ခြင်းအနှစ်သာရကို များများစားစား အသုံးမပြုခဲ့ပေ။ သူက ၎င်းကို လွှမ်းမိုးနိုင်သော အော်ရာကို ဖန်တီးလိုမှသာ အသုံးပြုခဲ့တာ များ၏။ သို့သော် ၎င်းက မိုးကြိုးအနှစ်သာရနှင့် ပေါင်းစပ်သည့်အခါ၌ ရုတ်တရက် ပြောင်းလဲလာခဲ့ပြီ။
ထိုပြောင်းလဲမှုက ဝမ်လင်းပင် စိတ်ကူးကြည့်၍ မရနိုင်သော အရာတစ်ခု ဖြစ်နေသည်။ သည်လိုအရာမျိုးက ဖြစ်ခဲလှသည်။ မိုးကြိုးပေါင်းစပ်မှုနှင့် သတ်ဖြတ်ခြင်းက အရာအားလုံး၏ အထက်တွင်ရှိသော သတ်ဖြတ်မှုပုံစံတစ်မျိုး ဖြစ်လာခဲ့၏။ ၎င်းက သက်ရှိအားလုံးကို ဖျက်စီးပစ်နိုင်သည်။
ပို၍ အရေးကြီးသည်မှာ ထိုသတ်ဖြတ်ခြင်း၌ တာဝန်တစ်ခု ရှိခြင်းတည်း။ ထိုတာဝန်မှာ သတ်ဖြတ်ခြင်းပေါ်လာသည်နှင့် အဆုံးသပ်စေပြီးမှ ပြန်ပျောက်ကွယ်မည့် တာဝန်ပင်။
ရှေးဟောင်းဒဏ္ဍာရီများအရ မိုးကောင်းကင်က ဒေါသပုန်ထသည့်အခါ၌ ၎င်းက မိုးကြိုးကို သုံး၍ လောကကို ဖျက်စီးသည် ဟူ၍ ဖြစ်၏။ မိုးကြိုးသည် အစောပိုင်းအချိန်များတည်းက သက်ရှိများကို အပြစ်ပေးဖို့ရာအတွက် တည်ရှိခဲ့တာ မဟုတ်လား။ လောက၏ ကမောကမပျက်စီးချိန်အတွင်း သည်သတ်ဖြတ်ခြင်းမိုးကြိုးက ပေါ်လာလိမ့်မည်။
ဝမ်လင်း၏မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာက သတ်ဖြတ်ခြင်းအနှစ်သာရနှင့် ပေါင်းစပ်ပြီးနောက် ထိုမိုးကြိုးက ပြောင်းလဲလာခဲ့ပြီ ဖြစ်၏။ ယင်းတို့ ပေါင်းစပ်သွားသည့်အခါ ဖန်တီးမပေါ်ပေါက်လာသင့်သော တစုံတစ်ခု မွေးဖွားလာခဲ့၏။ သို့တည်းမဟုတ် ကျင့်ကြံသူများ မထိန်းချုပ်နိုင်သော တစုံတစ်ခု ပေါ်ထွက်လာခဲ့၏။ မိုးကောင်းကင်၏ အမျက်ဒေါသ၊ သတ်ဖြတ်ခြင်းမိုးကြိုး။
ဝမ်လင်းသည် သူ၏ရှေ့ရှိ မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို မင်သက်စွာ စိုက်ကြည့်မိနေ၏။ သူသည် ထိုအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ပေါ်၌ မိုးကြိုးအရိပ်အယောင်ကို မမြင်တွေ့ရပေ။ သို့သော် သူ၏နတ်ဘုရားအာရုံဖြင့် သူက သည်ခန္ဓာကိုယ်တွင် ဖြည်းဖြည်းချင်း ရွှေ့လျားနေသော ကြောက်မက်ဖွယ်မိုးကြိုးတန်းတစ်ခုကို ခံစားမိနိုင်သည်။
ထိုမိုးကြိုးတန်း၌ ဝမ်လင်း၏ဦးရေပြားကို ထုံထိုင်းသွားစေသော စွမ်းအား ပါဝင်သည်။ ထိုမိုးကြိုးကိုသာ သူ၏အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကနေ ထုတ်လွှတ်လိုက်ပါက ၎င်းသည် တုန်လှုပ်ဖွယ်ကောင်းလှမည့် အဖျက်အစီးစွမ်းအားကို ပိုင်ဆိုင်လိမ့်မည်။
ဝမ်လင်းသည် ခက်ခက်ခဲခဲ သတွေးမျိုချလိုက်ရပြီး ပင့်သက်ရှိုက်မိ၏။ သူက သူ၏ မရည်ရွယ်သော လုပ်ဆောင်မှုက ဒီလောက် ကြောက်မက်ဖွယ်ကောင်းလှသည့် မိုးကြိုးကို ဖန်တီးလိုက်မိပြီကို ခံမှန်းမိသည်။
သူ၏ မိုးကြိုး ထုတ်လွှတ်လာသည်နှင့် သူ့ကိုယ်ပိုင်ခန္ဓာကိုယ်သည်ပင် ဖျက်စီးခံရနိုင်၏။ သည်ခံစားချက်က အားကောင်းလှသဖြင့် သူသည် ဒီပေါင်းစည်းမှုကို ချက်ခြင်း ရပ်ပစ်မိသည်။
သူက ဒီမိုးကြိုးမှာ လောက၌ ပေါ်မလာသင့်သော မိုးကြိုးဟု ခံစားမိနေသည်။ သို့မဟုတ် ၎င်းက အခုချိန်၌ မပေါ်လာသင့်သေးသော အရာဟု သူ ခံစားမိသည်။
ထိုမိုးကြိုးက သူ၏အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လှည့်ပတ်ကာ အက်ကွဲသံများကို ထုတ်လွှတ်၏။ ထိုအက်ကွဲသံများသည် ဒီတိတ်ဆိတ်နေသော ကင်းမြှီးကောက်ဘုံကျောင်းထဲ၌ ရှင်းလင်းစွာ ဖြစ်ပေါ်နေသည်။ ဝမ်လင်းသည် ထိုမိုးကြိုးက မတည်မငြိမ်ဖြစ်သည့် အရိပ်အယောင် ပြသလာချိန်၌ သူ၏မျက်လုံးသူငယ်အိမ် ကြုံ့မိသွားသည်။
၎င်းထံမှ ပေးစွမ်းနေသော အော်ရာအမျှင်အတန်းက ကင်းမြှီးကောက်ဘုံကျောင်းအတွင်းမှ စိမ့်ထွက်ကာ ချက်ခြင်း အစိမ်းရောင်မိစ္ဆာကုန်းမြေတခွင်သို့ ပျံ့နှံ့သွားသည်။ သက်ရှိဖြစ်တည်မှုအတိုင်းမှာ တုန်ယင်သွားသည်။ ယင်းတို့သည် ဖျက်စီးခံရတော့မလို ထင်ယောင်ထင်မှား ဖြစ်ကုန်၏။
သို့ပေမည့် ထိုအမျှင်တန်းက ပေါ်လာပြီး ချက်ခြင်းလိုလို ပြန်ပျောက်ကွယ်သွား၏။ အရာအားလုံးက လျှပ်တပြတ်ဆန်လှသဖြင့် မည်သည့်မဟာအင်ပါယာ၏ အာရုံကိုမျှ မစိုက်မိစေခဲ့ပေ။
“ဒီမိုးကြိုးသာ ပေါက်ကွဲသွားတာနဲ့ ဒီအစိမ်းရောင်မိစ္ဆာကုန်းမြေဟာ…” ဝမ်လင်းသည် ကြောက်ရွှံ့မှု ဖြစ်ခဲ၏။ သို့သော် သည်တကြိမ်၌ သူသည် သူ ဖန်တီးလိုက်မိသော မိုးကြိုးအပေါ် ထိတ်လန့်မှု ခံစားမိနေ၏။
ထိုသတ်ဖြတ်ခြင်းမိုးကြိုးက မတည်မငြိမ် ဖြစ်လာသည်နှင့် ဝမ်လင်း၏ မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သည် အတားအဆီးအနှစ်သာရနှင့် သမူဟဖြစ်စွာ စတင် ပေါင်းစပ်သည်။ ထိုအတားအဆီးအနှစ်သာရမှာ ဥပဒေသနှင့်စည်းမျဉ်း ဖြစ်၏။ ၎င်းက ကြီးမားသောပိုက်ကွန်တစ်ခုအဖြစ် ဖွဲ့စည်းကာ မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို ခြုံလွှမ်းသည်။
မိုးကြိုးသည် ဥပဒေသများနှင့် စည်းမျဉ်းများ ပါဝင်သည်။ သို့သော် ယင်းကား ကောင်းကင်နှင့်မြေကြီးက ဖန်တီးထားခြင်းပင်။ သို့သော် ဒီမိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာတွင်မူ ဝမ်လင်း၏စိတ်ဆန္ဒနှင့် အတားအဆီးအနှစ်သာရ ပိုင်ဆိုင်ထားခြင်းတို့ကြောင့် ဒီမိုးကြိုးကမူ ကောင်းကင်နှင့်မြေကြီး၏ ထိန်းချုပ်ခြင်းကို မခံရတော့ပေ။ ၎င်းသည် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
ထိုပြောင်းလဲမှု ရလဒ်ကြောင့် သည်မိုးကြိုးတန်း၌ ပါဝင်သော ဥပဒေသနှင့်စည်းမျဉ်းများမှာ ဝမ်လင်၏အပိုင် ဖြစ်လာခဲ့လေပြီ။ သတ်ဖြတ်ခြင်းမိုးကြိုးသည် သူ၏အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်နှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်ကာ မတည်မငြိမ်ဖြစ်မှုကလည်း ပျောက်ကွယ်သွားတော့သည်။
ဒီတိုတောင်းလှသော အချိန်အတွင်း ဝမ်လင်း၏နှဖူးထက်၌ ချွေးစီးများ ပြန်နေလေပြီ။ သူသည် သူ့ရှေ့ရှိ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို ကြည့်ကာ အိပ်မက်မက်သလို ခံစားမိနေ၏။
ထိုအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်(ဝါ) ကိုယ်ပွား၏ ပုံပန်းသွင်ပြင်သည် အရင်နှင့် အတူတူပင်။ ၎င်းက တည်ငြိမ်စွာသာ ရပ်နေ၏။ သို့သော် ဝမ်လင်း၏အမြင်အရမူ ၎င်းသည် အရင်နှင့် လုံးဝ ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။
လူတစ်ယောက်သည် ထိုအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ပေါ်၌ မည်သည့်မိုးကြိုး အရိပ်အယောင်ကိုမျှ မြင်ရလိမ့်မည် မဟုတ်ပါ။ ခန္ဓာကိုယ်၏အတွင်းအပြင်၌ အတားအဆီးများ ခြုံလွှမ်းထားကာ သတ်ဖြတ်ခြင်းမိုးကြိုးကို ထွေးခြုံပေးထား၏။
ဝမ်လင်းသည် သူ၏အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို ကြည့်ကာ ငြိမ်သက်စွာ စဉ်းစားနေ၏။
သူသည် ငြိမ်သက်စွာ စဉ်းစားနေလျက် သူ၏ဆန်းကြယ်လေဟာနယ်အလယ်အဆင့် ကျင့်ကြံမှုက ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ သူ၏စွမ်းအားက မုန်တိုင်းတစ်ခုကို ဖြစ်စေကာ မြန်ဆန်စွာ လှည့်ပတ်၍ ဝဲကတော့တစ်ခု ဖြစ်လာတော့သည်။
တကြိမ်လှည့်ပတ်တိုင်း ဝမ်လင်း၏ကျင့်ကြံမှုက ကြီးစွာ တိုးတက်လာ၏။ သူသည် လောက၏စွမ်းအားကို စုပ်ယူခဲ့ရုံသာမက အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်အတွင်း စွမ်းအားက သူ၏ခန္ဓာကိုယ်တွင်း၌ စုဝေးခဲ့လေပြီ။
လောင်စာတစ်ခုအဖြစ် သည်အားနှင့်အတူ ဝမ်လင်း၏ဆံပင်ဖြူတို့က လွင့်ဝဲနေ၏။ တစီစီအသံများ ပဲ့တင်ထပ်ကာ သူ၏မျက်လုံးသည် အရောင်တောက်နေသည်။ သူ၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအားက တိုးသထက် တိုးလာပြီး အထွတ်အထိပ်ထိ ရောက်လာ၏။ ထို့နောက်တွင် ကျယ်လောင်စွာ မြည်ဟိန်းသံတစ်သံ ပဲ့တင်ထပ်သည်။
ရုတ်တရက် သူက ဆန်းကြယ်လေဟာနယ်အလယ်အဆင့်ကနေ နောက်ဆုံးအဆင့်ထိ ရောက်ရှိသွားသည်။
ဆန်းကြယ်လေဟာနယ်နောက်ဆုံးအဆင့်။
ဝမ်လင်း၏မျက်လုံးထဲရှိ သံသယများ လွင့်ပြယ်သွားကာ ခိုင်မာပြတ်သားမှု အစားထိုးလာသည်။
သတ်ဖြတ်ခြင်းမိုးကြိုးက သူ၏စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေ၏။ သူသည် ထိုသတ်ဖြတ်ခြင်းမိုးကြိုး ပေါ်လာသည့်အခါ၌ စိတ်နှလုံးပင် တချက် ခုန်ပေါက်မိသွားသည်။
သည်ပြောင်းလဲမှုများကို မဟာအင်ပါယာတစ်ယောက်ပင် ခံစားမိလိမ့်မည် မဟုတ်ပေ။ ဝမ်လင်းသည်သာ ၎င်းကို ခံစားနိုင်၏။ အကြောင်းမှာ ၎င်းမိုးကြိုးကို သူက ဖန်တီးထားပြီး သူ၏အနှစ်သာရနှင့်စိတ်ဆန္ဒ ပါဝင်သောကြောင့်ပင်။
ဝမ်လင်းသည် ဒီသတ်ဖြတ်ခြင်းမိုးကြိုးအကြောင်း ဆက်မတွေးတော့ပေ။ သူ ဆန်းကြယ်လေဟာနယ်နောက်ဆုံးအဆင့်သို့ ရောက်လာသည့်အခါ၌ သူက သူ၏ နောက်ဆုံးကျန်နေသေးသော ဆန်းကြယ်အနှစ်သာရသုံးခုကို ကြည့်၏။
သေခြင်းရှင်ခြင်း၊ ကံမ္မနှင့် အမှန်အမှား။
သည်ဆန်းကြယ်အနှစ်သာရသုံးခုကို တခုတည်းအဖြစ်သို့ ပေါင်းစပ်ပြီးသည်နှင့် သူ၏အနှစ်သာရကိုးခုသည် သုံးခု ဖြစ်လာပြီး သူက ဆန်းကြယ်လေဟာနယ်နောက်ဆုံးအဆင့်ကနေ အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်၏။ ထို့နောက် သူသည် ဆန်းကြယ်ဒုက္ခကိုးခုကို ဖြတ်သန်းနိုင်လိမ့်မည်။
သူသာ ထိုဆန်းကြယ်ဒုက္ခကိုးခုကို ချိုးဖျက်ပြီးသည်နှင့် လေဟာနယ်အတိဒုက္ခအဆင့်သို့ ခြေလှမ်းနိုင်ပြီ ဖြစ်သည်။
သူ၏တိုက်ပွဲဝင်စွမ်းရည်နှင့်ဆို သူသာ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်သို့ ရောက်သွားသည်နှင့် သူသည် လေဟာနယ်အတိဒုက္ခအထွတ်အထိပ်အဆင့်ကျင့်ကြံသူများကို ယှဉ်တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။ သူသည် မဟာအင်ပါယာများအောက်၌ နံပါတစ်ပင် ဖြစ်လာနိုင်သေးသည်။
တခြားအားဖြင့် ဆိုရသော် သူသည် မဟာအင်ပါယာတဝက် ဖြစ်လာနိုင်မည်ဟု ပြော၍ ရသည်။
သည်လိုစွမ်းအားဖြင့်ဆို သူ မသွားရောက်နိုင်သော နေရာ မရှိတော့ပေ။ မည်သူကမျှလည်း သူ့အပေါ် လက်လွတ်စပယ် မကောင်းကြံဝံ့တော့မည်၊ အသုံးချဝံ့တော့မည် မဟုတ်ပါ။
အကြောင်းမှာ သူ ဝမ်လင်းကား အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ ဆယ်ယောက်မြောက်အသန်မာဆုံးပုဂ္ဂိုလ်ဖြစ်လာနိုင်သောကြောင့်ပင်။
ဝမ်လင်းသည် သူ့အနှစ်သာရများကို ပေါင်းစပ်ကာ ကျန်သည့်ဆန်းကြယ်အနှစ်သာရများကို စိုက်ကြည့်နေစဉ်အတွင်း အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ အပြင်ဘက်၊ အရှေ့ပိုင်းကုန်းမြေ၏ အပြင်ဘက်၊ ကောင်းကင်ဘုံသားများ၏ နယ်မြေ အပြင်ဘက်၊ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတစ်ခုလုံး၏ အပြင်ဘက်တနေရာတွင်တော့…။
အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသည် လောကတစ်ခု ဖြစ်သည်ဆိုလျှင် ထိုလောက၏ အပြင်ဘက်တွင် လေဟာနယ်ကဲ့သို့ ဟင်းလင်းပြင်တစ်ခု ရှိလိမ့်မည်သာ။
အင်မောတယ်ကောင်းကင်ဘုံကုန်းမြေနှင့် အလွန်ကွာဝေးသော နေရာတစ်ခုတွင် တခြားကုန်းမြေတစ်ခု ရှိနေ၏။ ထိုကုန်းမြေသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေနှင့် မယှဉ်နိုင်ပေ။ ၎င်းပေါ်၌ မည်သည့်သက်ရှိအရိပ်အယောင်မျှလည်း ရှိမနေပါ။
လူတစ်ယောက်သည် ထိုကုန်းမြေပေါ်၌ အပျက်အစီးသေခြင်းအငွေ့အသက်ကိုသာ မြင်နိုငလိမ့်မည်။ ဒီနေရာတွင် သက်ရှိများစွာ ရှိခဲ့လျှင်ပင် ကပ်ဘေးတစ်ခုကြောင့် အားလုံးသေဆုံးခဲ့ပြီးပုံ ပေါ်သည်။
ထိုကုန်းမြေ၏အလယ်၌ ကြီးမားသောရုပ်တုကြီးနှင့်အတူ မြို့ပျက်ကြီးတစ်ခု ရှိလေ၏။ ထိုရုပ်တုမှာ အမျိုးသမီးတစ်ယောက်၏ ရုပ်တုပင်။ သို့သော် ၎င်းရုပ်တု၏ အများစုမှာ ပျက်စီးပြိုပျက်နေသည် ဖြစ်၍ ခန္ဓာကိုယ်တဝက်သာ ကျန်တော့သည်။ ထိုရုပ်တုပေါ်၌ ထိုင်နေသော သက်လတ်ပိုင်းလူတစ်ယောက်ရှိသည်။
ထိုလူသည် သာမန်ဟုသာ ထင်ရ၏။ သို့ပေမည့် သူ့ထံ၌ တုန်လှုပ်ဖွယ်ကောင်းလှသည့် ဆံပင်ရှည်ကို ပိုင်ဆိုင်ထားသည်။ သူ၏ဆံပင်ရှည်မှာ ပေတစ်ထောင်နီးပါးလောက်ကို ရှိ၏။ ၎င်းက ရုပ်တု၏ ပျက်စီးနေသော အစိတ်အပိုင်းအများစုအပေါ် တွဲလွဲကျဆင်းနေသည်။
ဝမ်လင်း၏မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သည် သတ်ဖြတ်ခြင်းအနှစ်သာရနှင့် ပေါင်းစပ်ကာ သတ်ဖြတ်ခြင်းမိုးကြိုး မွေးဖွားလာသည့်အခါ၌ ထိုသက်လတ်ပိုင်းလူသည် မရေမတွက်နိုင်သောနှစ်များစွာ အိပ်ပျော်နေရာကနေ နိုးထလာပုံရကာ သူ၏မျက်လုံးသည် ပွင့်ဟလာသည်။
သူ၏မျက်လုံးထဲ၌ မျက်လုံးသူငယ်အိမ် မရှိ၊ သေခြင်းအတိပြီးသော လေဟာနယ်ချိုင့်တစ်ခုသာ ရှိသည်။
သူသည် အကွာအဝေးတစ်ခုထံ လှမ်းကြည့်ကာ သူ၏မျက်လုံးထဲ၌ ဖြတ်ခနဲ အလင်းရောင် တောက်ပသွားသည်။