← Chapters

ဆံချည်မျှင်တစ်ခု

Vol. 024 Ch. 1197

ဆံချည်မျှင်တစ်ခု

Vol. 024 Ch. 1197

သက်တံ့အောက်တွင် ဝဲလွင့်နေသည့် ဆံပင်ဖြူများသည် မူလကလန်၏ မဟာအကြီးအကဲလေးယောက်၏ မျက်လုံးထဲတွင် ထာဝရ စွဲထင်ပေတော့မည်။ လေထဲ၌ သွေးညှီနံ့ လှိုင်နေ၏။ မူလစိတ်ဝိညာဉ် ပျက်စီးမှုကနေ ထွက်ပေါ်သည့် တုန်ခါလှိုင်းက ဤနေရာတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့မှန်းကို ညွှန်းဆိုနေသည်။

နိဗ္ဗာနသန့်စင်ခြင်းအဆင့်တစ်ယောက်၏ သေဆုံးမှုက ခဏတာသာ ကြာမြင့်ခဲ့ပေသည်။

ထိုမြင်ကွင်းသည် သူတို့လေးယောက်၏ ရင်ကို ထိမှန်သည်။

သူတို့၏အမြင်တွင် ဆံဖြူလူမှာ ပုံရိပ်တစ်ခုမျှသာ ဖြစ်၏။ သူတို့သည် နှေးသင်ဟု ထင်၏။အမှန်တကယ်တွင်တော့ ထိုပုံရိပ်မှာ လျှပ်စီးတန်းအလား အနက်ရောင်စိတ်ဝိညာဉ်သားရဲ ပေါ်ရှိ ခရမ်းရောင်လူငယ်ထံသို့ တိုးဝင်သွားနေခြင်းပင်။

ခရမ်းရောင်ဝတ်စုံဖြင့်လူငယ် ဝါ ရူဒီက ပုံရိပ်ယောင်ယင်အဆင့်တွင်သာ ရှိသော်လည်း သူ့မြင့်မားသည့် အဆင့်အတန်းကြောင့် သူက အခုလိုမျိုး အန္တရာယ်ကို လုံးဝ မတွေ့ကြုံဖူးခဲ့ပေ။

မူလတုန်းက သူသည် သည်ခရီးကို လွယ်ကူအဆင်ပြေ ပျော်ဖို့ ကောင်းမည်ဟု တွေးထင်ခဲ့၏။ သူက စုန်ဝူဒီ၏ ကာကွယ်မှု၊ ခရမ်းရောင်တာအိုကလန်၏ လူငယ်သခင် ဆိုသည့် အဆင့်အတန်းကြောင့် အဆင့်ငါးနယ်မြေတွင် သူလုပ်ချင်တာ လုပ်နိုင်ခဲ့ပေသည်။

သူက ယခုလိုမျိုး ဖြစ်လာလိမ့်မည်ဟု လုံးဝ ထင်မထားမိခဲ့ပေ။ အခုချိန်ထိ သူက ဆံဖြူလူငယ်ကြောင့် စုန်ဝူဒီ အသတ်ခံလိုက်ရသည်ကို မယုံကြည်နိုင် ဖြစ်နေသေးသည်။စုန်ဝူဒီ၏ မူလစိတ်ဝိညာဉ်သည်ပင် မလွတ်မြောက်နိုင်ခဲ့သည် မဟုတ်လော။

ဆံဖြူလူသည် သူ့အတွက် ကြောက်လန့်စရာ အကောင်းဆုံးသားရဲ ဖြစ်လာခဲ့ပေပြီ။ ထိုပုံရိပ်က သူ့နားသို့ ရောက်လာသည့်အခါ သူ့အော်သံမှာ ပိုကျယ်လောင်လာသည်။

“ငါဟာ ခရမ်းရောင်တာအိုကလန်ရဲ့ လူငယ်သခင်ပဲ။ သင် ငါ့ကို သတ်ရင် ငါ့အဖေ၊ လုယန်ကုန်းဟာ မိုလျိုကုန်းမြေတစ်ခုလုံးကို သုတ်သင်ပစ်လိမ့်မယ်…”

သူသည် ကြောက်နေမိသည်။ အခုလောက် ဘယ်တုန်းကမျှ မကြောက်ခဲ့ဖူးပေ။ ဆံဖြူလူ၏ပုံရိပ်က အနားရောက်လာကာ သူ့အမြင်ကို ဝေဝါးသွားစေလေသည်။

သူ့အောက်ရှိ အနက်ရောင်စိတ်ဝိညာဉ်သားရဲမှာ တုန်တုန်ယင်ယင် နောက်သို့ ဆက်ဆုတ်နေသည်။ ထိုသားရဲမှာ ဉာဏ်ရည်ရှိရာ ဝမ်လင်းအပေါ် ကြောက်ရွှံ့မှုက သူ့သခင်ထက် အားနည်းခြင်း မရှိပေ။

ရူဒီသည် ကြောက်ရွှံ့မှုကြောင့် ရူးတော့မတတ် ဖြစ်နေ၏။ သူက အဆုတ်ထဲကနေ အားကုန် အော်သည်။ “သင် ငါ့ကို နည်းနည်း ဒဏ်ရာရစေတာနဲ့ ငါ့ခရမ်းရောင်တာအိုကလန်ဟာ သင့်ဘဝ နောက်ဆုံးအချိန်ကို ရောက်ရှိသွားစေလိမ့်မယ်…” သူ့ညာလက်ဖြင့် သိုလှောင်အိတ်ကို ထိ၏။ သူက အနက်ရောင်ကြာပွင့်ကို ထုတ်ယူသည်။

ကြာပွင့်မှာ လုံးဝ နက်မှောင်ကာ နတ်ဆိုးဆန်ဆန် ပွင့်လန်းလာသည်။ ၎င်းက ထူးဆန်းသောလူငယ်၏ တွန့်လိမ်နေသော မျက်နှာထက်သို့ ထူးဆန်းသောအလင်းဖြင့် ခြုံလွှမ်းစေသည်။ သူက သူ့အဖေ သူ့အား ပေးခဲ့သော ရတနာကို အသုံးပြုရန် ပြင်စဉ် လက်ချောင်းတစ်ခုမှာ သူ့ရှေ့သို့ ကျရောက်လာသည်။ ထိုလက်ချောင်းက ညင်သာဟန် ပေါ်သည်။ သို့သော် ၎င်းက သူ့မျက်ခုံးနှစ်ခုကြားသို့ ချက်ခြင်း ကျရောက်သွားသည်။ ပေါက်ကွဲသံနှင့်အတူ လူငယ်သည် သွေးအန်လိုက်ရသည်။ သူ့အမြင်သည် ဝေဝါးသွားသည်။ သူ့မျက်လုံးကနေ သွေးစီးကြောင်းနှစ်ခု လိမ့်ဆင်းကျလာသည်။ သူ့ခန္ဓာကိုယ်က ကြိုးပျက်စွန်ကဲ့သို့ လွင့်စင်သွားကာ သူ့ခန္ဓာကိုယ်ကနေ တစီစီအသံများ ထွက်ပေါ်လာသည်။ သူ့ထံမှ သွေးများ ပန်းထွက်ကာ ကောင်းကင်ကို သွေးစွန်းစေသည်။ ဤမြင်ကွင်းကား တုန်လှုပ်ဖွယ်ရာပင်။

သူ့မူလစိတ်ဝိညာဉ်သည် ပျက်စီးသွား၏။ ထိုအခိုက်အတန့်၌ သူသည် သူ့နှလုံးခုန်ပေါက်သံကို ခံစားရ၏။ သူ့နှလုံးခုန်သံမှာ အားနည်းသထက် အားနည်းလာ၏။ သူသည် တဖြည်းဖြည်းဖြင့် မှိန်ဖျော့ကာ မည်သည့်အသံကိုမျှ ဆက်၍ မကြားနိုင်တော့ပေ။

ဤအခိုက်အတန့်၌ မဟာအကြီးအကဲလေးယောက်၏ တိုက်ရိုက်တပည့်များ ရောက်ရှိလာကြသည်။ သူတို့ မြင်လိုက်ရသည်က သွေးအလိမ်းလိမ်းနှင့်သူ တစ်ယောက် အနက်ရောင်စိတ်ဝိညာဉ်သားရဲ ပေါ်ကနေ လွင့်စင်ကျသွားခြင်းကိုပင်။ ထိုလူသည် အသွေးအသားပုံအဖြစ် ပေါက်ကွဲထွက်ကာ ကောင်းကင်ထက်ကနေ လိမ့်ဆင်းကျသွားသည်။

သက်တံအောက်ရှိ သွေးမြူအတွင်း၌ အဖြူရောင်ပုံရိပ်ကတော့ သူတို့၏နှလုံးသားထဲတွင် ကမ္ဗည်းထိုးသွားခဲ့ပေပြီ။

ရှုယန်က သူမရှေ့ရှိ ထိုပုံရိပ်ကို စူးစိုက်ကြည့်ရင် ပြင်းပြင်းထန်ထန် တုန်ယင်နေမိသည်။ သူမသည် အောက်နှုတ်ခမ်းကို ကိုက်ထား၏။ သူမ၏မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်နေသည်။

ရူဒီ သေသွားခဲ့ပေပြီ။ သူ့ခန္ဓာကိုယ်နှင့်မူလစိတ်ဝိညာဉ်တို့မှာ သူ့ဦးလေး စုန်ဝူဒီကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။ ပွင့်လတ်စ ကြာပွင့်မှာ ဝမ်လင်း၏ လက်ထဲတွင် ရှိနေ၏။

ရူဒီကို ထိတ်လန့်စေသူက ဝမ်လင်းမဟုတ်ဘဲ သည်အဆင့်ငါးနယ်မြေ၏ ဒေသခံတစ်ယောက်ယောက်သာ ဖြစ်ပါက ထိုသူတို့သည် ရူဒီကို သတ်ဝံ့ကြလိမ့်မည် မဟုတ်ပေ။

တကယ်တော့ အဆင့်ငါးနယ်မြေအတွင်း ခရမ်းရောင်တိမ်ကလန်က ထိပ်ဆုံးဆယ်ခုကို ဝင်လောက်သည့်အထိ လုံလောက်အောင် အစွမ်းထက်ပေသည်။ အရေးကြီးဆုံးကတော့ လုယန်ကုန်း ဟူသည့် အမည်ပင်။ သူသည် အလွန်ပါရမီကောင်း၏။ အဆင့်ငါးနယ်မြေအတွင်း သူသည် အလွန်ကျော်ကြားသည်။

သို့ရာတွင် ထိုခြိမ်းခြောက်နိုင်မှုအားလုံးက ဝမ်လင်းရှေ့တွင် အသုံးမဝင်ပေ။ လုယန်ကုန်းနှင့် ခရမ်းရောင်တိမ်ကလန်လောက်က ဝမ်လင်း၏ အမြင်တွင် ခြိမ်းခြောက်နိုင်သည့် တည်ရှိမှုဟုပင် မထင်ပေ။

အလုံးစုံကောင်းကင်၏ မိုးကြိုးကောင်းကင်ဘုံသား၊ ဟင်္သာငှက်နတ်အင်ပါယာ၊ ကောင်းကင်ဘုံအင်ပါယာပေဖန် တို့၏ မျိုးဆက်ခြား တပည့်၊ ကောင်းကင်ဘုံအရှင်သခင် ချင်းရွှေ၏ ဂျူနီယာညီ၊ သို့တည်းမဟုတ် ကောင်းကင်ဘုံအင်ပါယာချင်းလင်ကို နိုးထစေခဲ့သူ ဝမ်လင်းသည် ခရမ်းရောင်တာအိုကလန်ထက် များစွာ ပိုဝိတ်ကြီးကြပေသည်။

ဝမ်လင်း၏ နှစ်ပေါင်းတစ်ထောင်ကျော် ကျင့်ကြံခြင်းအတွေ့အကြုံက လုယန်ကုန်း ယှဉ်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပေ။ ခရမ်းရောင်တာအိုကလန်၏ ခြိမ်းခြောက်မှုက သူ့အတွက် ပြက်လုံးတစ်ခုသာ၊ ၎င်းကလန်က ထာဆန်၏ ဆံချည်မျှင်တစ်ခုဖြင့်ပင် ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ စိတ်ဝိညာဉ်သားရဲက ဝမ်လင်း၏ သိမ်းဆည်းခြင်းကို ခံလိုက်ရတော့၏။ ၎င်းက တစ်စက်ကလေးပင် မခုခံဝံ့ချေ။

ကောင်းကင်သည် လင်းလင်းချင်းချင်း ရှိလှ၏။နေမင်းနှ့င်အတူ နေ့သစ်ရောက်လာခဲ့ပြီ။ သက်တံမှာ ဝေဝေဝါးဝါး မဟုတ်တော့၊ ပို၍ ကြည်လင် တောက်ပလာသည်။ ၎င်းသည် ကောင်းကင်တစ်ခွင် ဖြန့်ကျက်ကာ ညင်သာသောအလင်းကို ပေးသည်။

ဝမ်လင်း၏ ဆံပင်ဖြူများက လွင့်ဝဲနေ၏။ ခြေတစ်လှမ်းဖြင့်ပင် သူသည် ပျောက်ကွယ်သွားတော့သည်။

အစကနေ အဆုံးထိ မူလကလန်မှ မည်သည့်ကျင့်ကြံသူမျှ ဝမ်လင်း၏ မျက်နှာကို မမြင်လိုက်ရပေ။ သူတို့သည် ထိုလွှမ်းမိုးနိုင်သည့်ပုံရိပ်၊ နှင်းကဲ့သို့ ဆံပင်ရှည်များကိုသာ တွေ့လိုက်ရပေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ လုံးဝ ငြိမ်သက်တိတ်ဆိတ်နေသည်။ လူတိုင်း၏ အသက်ရှုသံမှာ လေးလံနေ၏။လုယန်ဖေကလွဲ၍ အကြီးအကဲများသည် တစ်ယောက်နှင့်တစ်ယောက် တုန်တုန်လှုပ်လှုပ် ကြည့်မိကြ၏။ အချိန်တိုအတွင်း သူတို့၏ မျှော်လင့်ချက်မဲ့မှု၊ ဝမ်းနည်းမှုတို့အစား တုန်လှုပ်မှုက အစားထိုးသွားခဲ့ပေပြီ။ အဖြစ်အပျက်မှာ မြန်လွန်း၏။ အခုထိ သူတို့သည် အိပ်မက်ဟု ခံစားနေရသည်။

“သူ…သူက ဘယ်သူလဲ…”

“ဒီစီနီယာက ဘာကြောင့် မူလကလန်ကို ကူညီပေးခဲ့တာလဲ…”

“စုန်ဝူဒီကို ချက်ခြင်း သတ်ပစ်တာ၊ သူ…သူ့ကျင့်ကြံမှုအဆင့်က ဘယ်အဆင့်လဲ…”

“သူက ဆံပင်ဖြူ ပိုင်ဆိုင်ထားတယ်…” လုယန်ဖေသည် ခပ်တိုးတိုး ဆို၏။ ထို့နောက် သူမက ခပ်ဖျော့ဖျော့ ပြုံးသည်။ ထိုအပြုံးမှာ သူမ၏ ဆရာ ဒဏ်ရာအပြင်းအထန် ရပြီးချိန်ကတည်းကနေစလျှင် အခုမှ ပြန်ပေါ်လာခဲ့ခြင်းပင်။

သူမမျက်နှာထက်ရှိ အပြုံးမှ ပန်းများဖူးပွင့်သည့်အလား။ ကျက်သရေရှိမှုမှု၊ အလှတရားတို့နှင့် တင့်တယ်လေ၏။

သူမ၏ စီနီယာအစ်ကို သုံးယောက်ကတော့ ဝမ်လင်း ပျောက်ကွယ်သွားသည့် နေရာကို ကြည့်ကာ အတွေးများနေ၏။ သူတို့သည် တိတ်တဆိတ် စဉ်းစားနေကြသည်။ သို့ရာတွင် သူတို့စိတ်နှလုံးထဲရှိ တုန်လှုပ်မှုကြောင့် သူတို့သည် တည်ငြိမ်အောင် မလုပ်နိုင် ဖြစ်ရသည်။

အချိန်ခဏတာ တိတ်ဆိတ်သွားကြပြီးနောက် အကြီးအကဲများ၏ တိုက်ရိုက်တပည့်များသည် ဝမ်းပမ်းတသာ ထအော်ကြ၏။ သူတို့သည် မူလကလန်သို့ အကြီးအကဲများနှင့်အတူ ပြန်လာကြလေ၏။

“ခရမ်းရောင်တိမ်ကလန်က သူတို့ စုန်ဝူဒီနဲ့ရူဒီတို့ သေဆုံးတာကို ကြားရင် ဒီတိုင်း ကြောင်တောင်တောင် ထိုင်နေကြမှာ မဟုတ်ဘူး…”

အကြီးအကဲလေးယောက်သည် ပျံသန်းနေကြရင်း သူတို့ထဲမှ အဘိုးအိုတစ်ယောက်က သူ့တုန်လှုပ်မှုကို ဖိနှိပ်ကာ ကျန်သည့်သုံးယောက်ထံ ထိုသို့ သတင်းစကားပါး၏။

“ဆရာ မသေခင်က သူဟာ မြောက်ပိုင်း၊ ဆံပင်ဖြူ လို့ စကားနှစ်ခွန်း ပြောခဲ့တယ်။ ဒီစီနီယာဟာ ဆရာ ပြောခဲ့တဲ့လူများ ဖြစ်နိုင်နေမလား။ ကြည့်ရတာ ငါတို့ မူလကလန်ဟာ အဆုံးမသပ်သွားသေးဘူးပဲ…”

“ဒါပေမယ့်လည်း ဒီစီနီယာက ဘယ်သူလဲ။ သူဟာ ငါတို့မူလကလန်နဲ့ တစိတ်တပိုင်း ပတ်သတ်နေတာလား…။ငါဟာ သေမျိုးသုံးဆယ့်တစ်ယောက်လုံးကို လေ့လာကြည့်ပြီးပြီး ဒါပေမယ့် ဘာတစ်ခုမှ မတွေ့ခဲ့ဖူး…”

“သူက ငါတို့ကို တစ်ကြိမ် ကူညီပေးဖို့ ဆန္ဒရှိမှတော့ သူ ဒုတိယအကြိမ်လည်း ကူညီပေးကောင်း ပေးနိုင်မှာပါ…” လုယန်ဖေ၏ ပြတ်သားသော နတ်ဘုရားအာရုံဖြင့် စကားက အခြားသုံးယောက်ကို တိတ်ဆိတ်စွာ စဉ်းစားသွားစေသည်။

“ခုမှ ရှာနေလဲ အသုံးမဝင်ဘူး။ ဒီစီနီယာက ငါတို့ကို မရှာစေချင်မှတော့ ဒီအတိုင်းပဲ ထားလိုက်ကြရအောင်…” လုယန်ဖေ၏ မျက်လုံးတို့က တောက်ပ၏။ သူမက နောက်တစ်ကြိမ် ထပ်ပြုံးသည်။ သူ့ညာလက်ဖြင့် သိုလှောင်အိတ်ကို ထိကာ အတွင်းရှိ ပန်းချီကားဟောင်းကို ဖျက်စီးရန် အားတစ်ခု ပို့လွှတ်လိုက်၏။

မူလကလန်မှလူများ ကလန်သို့ ပြန်ရောက်ဖို့ သိပ်မကြာလိုက်ပေ။ သူတို့အားလုံးသည် လူစုခွဲကာ စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက်နေ၏။ လုယန်ဖေသည် တောင်ပိုင်းရှိ တောင်ပေါ်ရှိ သူမ၏ နေအိမ်သို့ မပြန်သေးပေ။ ထိုအစား သူက ရှုယန်၏ ဆေးပင်ခြံဝန်းထံသို့ သွားခဲ့သည်။

အမျိုးသမီးနှစ်ယောက်သည် စွဲဆောင်မှုရှိလှ၏။ သူတို့ အတူရပ်နေသည့်အခါ အသက်ရှုမှားလောက်သည့် မြင်ကွင်းမျိုးကို ဖြစ်စေသည်။ အကွာအဝေးတစ်ခုမှ သူတို့အား လှမ်းမြင့်သည့် အချို့တပည့်များသည်ပင် မိန်းမောသွားမိကြ၏။ သို့ရာတွင် လုယန်ဖေ၏ အဆင့်အတန်းကို တွေးမိသည်နှင့် သူတို့သည် အလျင်အမြန် သတိဝင်ကာ သူတို့ကို နှုတ်ဆက်ရန် လာကြ၏။ သို့သော် ရှုယန်က သူတို့ကို လက်ဝေ့ယမ်းကာ ထွက်သွားစေ၏။

“ဆရာ…သူ…သူက ဒီမှာ နေခဲ့တယ်…” သူမဆရာကို စကားပြောလိုက်ရင်း ရှုယန်၏ နှလုံးခုန်သံမှာ မြန်နေ၏။

အဆင့်ငါးနယ်မြေ၏ ကြယ်မြူခိုးများအတွင်း မိုလျိုကုန်းမြေထက် သုံးဆ ရှိသည့် ခရမ်းရောင်ကုန်းမြေတစ်ခု ရှိ၏။ အကွာအဝေးတစ်ခုမှ ကြည့်ပါက ထိုကုန်းမြေသည် ကြမ်းကြုတ်သည့် သားရဲကြီးတစ်ကောင် ခွေ၍ ကောင်းကင်ကို စူးစူးရဲရဲ ကြည့်နေဟန်ဖြင့်ပင် ဆင်တူနေသည်။

မိုလျိုကုန်းမြေနှင့် ကွာခြားသည်က ၎င်းကုန်းမြေထက်တွင် ညင်သာသောအလင်းကို ထုတ်လွှတ်စေပြီး ကုန်းမြေကို ခြုံလွှမ်းပေးသည့် အနက်ရောင်မျှော်စင်ကြီး လေးခုတိတိ ရှိနေခြင်းပင်။

ဤအခိုက်အတန့်၌ ကြယ်မြူခိုးသည် စတင် လှည့်လည်ကာ အော်သံတစ်ခု ကပ်ပါလာသည်။ ပေတစ်ထောင်ခန့်မြင့်မားသည့် ကျားကြီးတစ်ကောင်သည် မြူထဲကနေ တဟုန်ထိုး ထွက်လာကာ ခရမ်းရောင်ကုန်းမြေကို အမုန်းတရားများနှင့် ကြည့်သည်။ ၎င်းက ထိုကုန်းမြေထံမှ ကျားမတစ်ကောင်၏ ထိတ်လန့်နာကျင်စွာအော်သံကို ခပ်ရေးရေး ကြားရပေသည်။

၎င်းက ဟိန်းသံပေးရင်း ကုန်းမြေထံ လျှပ်စီးတန်းအလား ရွှေ့လျားလာသည်။

၎င်းသည် မြန်လွန်းသဖြင့် ကုန်းမြေထံ မျက်စိတစ်မှိတ်အတွင်း နီးကပ်လာသည်။ ၎င်းသည် ဂြိုဟ်ပတ်လည်ရှိ အလင်းအတားအဆီးနှင့် ထိတိုက်မိရာ အတားအဆီးသည် တဖျပ်ဖျပ် အပြင်းအထန် လင်းလက်သွားသည်။

ကျားပုံစံသားရဲကြီးက နောက်ထပ် ဟိန်းသံပြုကာ တစ်ဖန် တိုးဝင်လာသည်။ သို့ရာတွင် ထိုအခိုက်အတန့်၌ ခရမ်းရောင်အလင်းတန်းတစ်ခုသည် ၎င်းထံ အံ့မခန်းအမြန်နှုန်းဖြင့် တိုးဝင်လာ၏။ ထိုအလင်းထဲ၌ သက်လတ်ပိုင်းလူ တစ်ယောက်ပါသည်။ သူက ခရမ်းရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူက ခမ်းနားထည်ဝါသည့်ဟန် ပေါ်၏။

သူက မြန်လွန်းသဖြင့် သူ့နောက်တွင် ပုံရိပ်ယောင်များ အထပ်ထပ် ကျန်ခဲ့၏။ သူက ချက်ခြင်းပင် အရံအတားကို ချိုးဖျက်ကာ ကြယ်များကြားတွင် ပေါ်လာ၏။ သူ့လက်ဝေ့ယမ်းမှုနှင့်အတူ ခရမ်းရောင်အလင်း ပေါ်လာကာ ကျားကြီးအား လွှမ်းခြုံသွားသည်။

“သန့်စင်စမ်း…” သူ့အေးစက်စက်အသံသည် ပဲ့တင်ထပ်၏။ ခရမ်းရောင်အလင်းသည် ကြမ်းကြုတ်သည့်သားရဲကို ဝန်းရံသွားပြီး ဧရာမမီးပြင်းဖိုအဖြစ်သို့ ပြောင်းလဲစေသည်။ ခပ်အုပ်အုပ်အသံများ၊ဟိန်းသံများ ထွက်ပေါ်လာ၏။ သို့သော် ယင်းအသံများသည် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။

“ကလန်ခေါင်းဆောင်ကို ဂုဏ်ပြုပါတယ်။ နောက်ထပ် ကြယ်ကျားသားရဲကို လှည့်စားဖမ်းယူနိုင်ခဲ့ပြန်ပြီ။ ကလန်ခေါင်းဆောင်အတွက် ကျားအရိုးဓားကို သန့်စင်နိုင်ဖို့အတွက် အချိန်သိပ်ကြာလောက်တော့မှာ မဟုတ်ဘူး…” ရယ်သံတစ်ခု ပေါ်လာ၏။ ထို့နောက် ခရမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုတစ်ယောက်သည် ထိုသူ့ဘေးတွင် ပေါ်လာလေသည်။

All Chapters