အခန်း ၃၄၃
Vol. 35 Ch. 343
အခန်း (၃၄၃) ကြောင်စင်းကျားလေး ဆန်းပြောင်... ထွက်မပြေးတဲ့အပြင် ငါ့ဆီတောင် ကိုယ်တိုင် ဝင်လာသေးတယ်ပေါ့
ရိုးရိုးကြောင်များနှင့် မြွေပါများမှာ သဘာဝ အမဲလိုက် သတ္တဝါများ ဖြစ်ကြသည်။ မြွေပါများက ကြောင်ပေါက်လေးများကို စားတတ်ကြပြီး တစ်ခါတရံ အုပ်စုဖွဲ့ကာ ဝိုင်းဝန်း တိုက်ခိုက်တတ်ကြသည်။
ထိုနည်းတူစွာပင် အစွမ်းထက်သော ကြောင်စင်းကျားများကလည်း မြွေပါများကို ကိုက်သတ်နိုင်ပြီး မြင်တွေ့သမျှ မြွေပါတိုင်းကို အသေကိုက်သတ်လေ့ ရှိကြသည်။
အချုပ်အားဖြင့် ဆိုရလျှင် အရွယ်ရောက်ပြီးသော ရိုးရိုးကြောင်များက မြွေပါများထက် ပို၍ အစွမ်းထက်ကြသည်။
ထိုသို့သော ဂေဟစနစ်မျိုးက ရွာပတ်ဝန်းကျင်တွင်သာ ရှိတတ်ပြီး မြို့ပေါ်ရှိ အိမ်မွေးကြောင်များ ကတော့ ဤစာရင်းတွင် မပါဝင်ပေ။
အရင်က ဆန်းပြောင် တစ်ကောင် မြွေပါများကို ရင်ဆိုင်ရာတွင် လက်တစ်ဖက်ဖြင့် တစ်ကောင်ကို ရိုက်ချနိုင်ကြောင်း ရွှီယန် မြင်တွေ့ခဲ့ဖူးသည်။
ထို့ကြောင့် လျိုဖူ ၏ ငန်းမွေးမြူရေးခြံတွင် ပြဿနာ ဖြစ်လာသောအခါ ရွှီယန်က ဆန်းပြောင်ကို နှစ်ရက်ခန့် ငှားရမ်းပေးလိုက်ခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် တစ်ရွာတည်းနေ သူငယ်ချင်းများ ဖြစ်ကြရာ ကူညီနိုင်ပါက ကူညီပေးရမည်သာ ဖြစ်သည်။
ရွှီယန် က လယ်ယာခြံဝင်း သို့ ပြန်လာပြီး အခြား တိရစ္ဆာန်လေးများကို ဆက်လက် စောင့်ရှောက်နေလိုက်သည်။
ညဘက်ရောက်သောအခါ...
ည ၁၂ နာရီ... လျိုဖူ လုံးဝ အိပ်မပျော်သေးပေ။
သူက အချိန်ခဏကြာတိုင်း ငန်းတဲ အပြင်ဘက်သို့ သွားရောက်ကာ ငန်းတဲ၏ အခြေအနေကို စစ်ဆေးနေလေသည်။
အကယ်၍ မြွေပါများ လာပါက ဤငန်းအုပ်ကြီးက သေချာပေါက် အော်ဟစ်ကြမည် ဖြစ်သည်။
ထိုအချိန်ကျပါက သူလည်း ငန်းများကို ကာကွယ်ရန် မြွေပါများကို မောင်းထုတ်နိုင်မည် ဖြစ်သည်။
ဤအချိန်တွင် ရွာအစွန်ရှိ လူသူကင်းမဲ့သော လွင်ပြင်တွင် မြွေပါ နှစ်ကောင်က တွင်းထဲမှ ထွက်လာပြီး ပတ်ဝန်းကျင်ကို အကဲခတ်နေကြသည်။
အမဲလိုက်မည့် အချိန် စတင်ပြီ ဖြစ်သည်။
၎င်းတို့က အရင်တုန်းက တောအုပ်ထဲတွင် ကြွက်များနှင့် ယုန်များကိုသာ အမဲလိုက်လေ့ ရှိကြသော်လည်း မကြာသေးမီက အလွန် ဝဖြိုးသော ငန်းများ အများအပြား ရှိသည့် နေရာတစ်ခုကို တွေ့ရှိသွားခဲ့သည်။
နှမြောစရာ ကောင်းသည်က ခြေနှစ်ချောင်း သတ္တဝါ စောင့်ကြပ်နေခြင်းပင်။
၎င်းတို့ လုပ်ရမည်မှာ ခြေနှစ်ချောင်း သတ္တဝါ အနားယူချိန်ကို စောင့်ဆိုင်းပြီး ငန်းတဲထဲသို့ ဝင်ရောက်ကာ ငန်းများကို အသေကိုက်သတ်ပြီး သတ်ဖြတ်ခြင်း၏ အရသာကို ခံစားရန်သာ ဖြစ်သည်။
လျိုဖူ က ၎င်းတို့ကို တကယ်ပင် မစော်ကားခဲ့ဖူးပေ။
မြွေပါများ၏ အမဲလိုက်တတ်သော သဘာဝအရ ငန်းတဲကို တွေ့ရှိပြီး အပြစ်ပေးခြင်း မခံရသောအခါ သတ္တိများ ပိုမို ကြီးမားလာခြင်း ဖြစ်သည်။
လမိုက်ည... လေတိုက်ည... ငန်းသတ်ပြီး အသားစားမည့် အချိန်ပင်။
၎င်းတို့က မှောင်မည်းနေသော ညအချိန်ကို အခွင့်ကောင်းယူကာ တောအုပ်ကို ဖြတ်၍ ရွာအစွန်ဘက်သို့ တောက်လျှောက် ဦးတည်လာကြသည်။
ညဘက်တွင် ခိုးကြောင်ခိုးဝှက် အစာထွက်ရှာသော ကြွက်များနှင့် ယုန်များက ၎င်းတို့၏ လှုပ်ရှားသံများကို ကြားသောအခါ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြပြီး ၎င်းတို့ မြင်သွားမည်ကိုပင် အလွန် စိုးရိမ်နေကြသည်။
သို့သော် ဤမြွေပါ နှစ်ကောင် ကတော့ ထိုအကောင်လေးများနှင့် အချိန်ဖြုန်းနေရန် လုံးဝ ရည်ရွယ်မထားချေ။
မကြာခင်မှာပင် ၎င်းတို့သည် အဝေးမှ ငန်းတဲကို မြင်တွေ့လိုက်ရသည်။
စွန့်စားခန်း ကစားပွဲ တစ်ခု ကစားရာတွင် ပစ္စည်းများ ပေါများသော နေရာအသစ် တစ်ခုကို ဖွင့်နိုင်လိုက်သကဲ့သို့ပင်။
မြွေပါ နှစ်ကောင်စလုံး အလွန် ဝမ်းသာသွားကြပြီး ခုန်ပေါက်ကာ ငန်းတဲဘက်သို့ ပြေးလာကြတော့သည်။
သို့သော် ၎င်းတို့က ယနေ့ တစ်ခုခု မှားယွင်းနေကြောင်းကို သတိထားမိလိုက်ကြသည်။
ခန္ဓာကိုယ်က အေးစိမ့်နေသလို ခံစားလိုက်ရသည်။
ကောင်လေး နှစ်ကောင်က ချက်ချင်းပင် ရပ်တန့်သွားကြပြီး အချင်းချင်း တိုးတိုးတိတ်တိတ် စကားပြောလိုက်ကြသည်။
'မင်း ခံစားမိလား'
'ငါတို့ကို တစ်ခုခုက စိုက်ကြည့်နေသလိုပဲ'
မြွေပါများကလည်း ထိပ်တန်း အမဲလိုက် သတ္တဝါများ ဖြစ်ကြပြီး အမဲလိုက် ကျွမ်းကျင်မှု အလွန် မြင့်မားကြသည်။
၎င်းတို့က အန္တရာယ်ကို လျင်မြန်စွာ အာရုံခံနိုင်ကြသည်။
သို့သော် ငန်းများ တောင်ပံခတ်သံနှင့် ငန်းပေါက်လေးများ၏ အော်သံများကို ကြားသောအခါ မြွေပါ နှစ်ကောင်မှာ ရင်ထဲမှ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ ငန်းတဲဆီသို့ ပြေးလာကြတော့သည်။
ယနေ့ ဤနေရာတွင် ဆရာကြီး အသစ် တစ်ကောင် ရောက်ရှိနေကြောင်းကို ၎င်းတို့ မသိရှိကြချေ။
ဤအချိန်တွင် ကြောင်စင်းကျားလေး ဆန်းပြောင် က ငန်းတဲ၏ ခေါင်မိုးပေါ်တွင် ရပ်နေပြီး မြွေပါ နှစ်ကောင်၏ လှုပ်ရှားမှုများကို ရှင်းလင်းစွာ အကဲခတ်နေလေသည်။
အပူချိန် အာရုံခံ စနစ် ပါဝင်နေသည့် အလားပင် မြွေပါ နှစ်ကောင်က ဤဘက်သို့ လာနေကြောင်းကို ၎င်း မြင်လိုက်ရသောအခါ မျက်လုံးများက အေးစက်သွားပြီး အမိုးပေါ်မှ နံရံပေါ်သို့... ထိုမှတစ်ဆင့် မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်သည်။
လယ်ယာခြံဝင်း ၏ အကြီးအကဲ တစ်ယောက် အနေဖြင့် ဆန်းပြောင် ၏ တိုက်ခိုက်နိုင်စွမ်းကို လျှော့တွက်၍ မရနိုင်ချေ။
ထို့အပြင် ၎င်းက အလွန် သွေးဆူလွယ်ပြီး ရန်ဖြစ်ရသည်ကို သဘောကျလေသည်။ ဤတစ်ကြိမ်က တကယ်ကို အခွင့်ကောင်းပင် ဖြစ်သည်။
မြွေပါ နှစ်ကောင်က ရှေ့သို့ ဆက်လက် ပြေးလာကြသည်။
ငန်းတဲ၏ နံရံနားသို့ ရောက်သောအခါ ၎င်းတို့ အရှေ့တွင် မည်းနက်နေသော ကြောင်အရိပ် တစ်ခု ပိတ်ဆို့နေသည်ကို မြင်တွေ့လိုက်ရသည်။
၎င်းတို့ နှစ်ကောင် ချက်ချင်းပင် ရပ်တန့်သွားကြသည်။
ဆန်းပြောင် ၏ မျက်လုံးများက ၎င်းတို့ကို တင်းတင်းကျပ်ကျပ် စိုက်ကြည့်နေပြီး အနည်းငယ် ကြမ်းတမ်းသည့် အမူအရာ ပါဝင်နေကာ ၎င်း၏ မျက်နှာအမူအရာက အဓိပ္ပာယ် တစ်ခုတည်းသာ ရှိလေသည်။
'ထွက်သွားစမ်း'
မြွေပါ နှစ်ကောင်က အစကတော့ အနည်းငယ် လန့်သွားသော်လည်း ငန်းတဲထဲရှိ ငန်းများကို တွေးမိလိုက်ပြီး ၎င်းတို့က နှစ်ကောင် ရှိနေသဖြင့် နှစ်ကောင် တစ်ကောင် တိုက်ခိုက်မည် ဆိုပါက အနိုင်ရနိုင်မည်ဟု တွေးကာ အနောက်သို့ မဆုတ်တော့ဘဲ ဆန်းပြောင် ရှိရာသို့ ဝိုင်းရံကာ တိုက်ခိုက်လာကြတော့သည်။
၎င်းတို့က တိုက်ခိုက်ရန် ရွေးချယ်ခဲ့ပြီး အမဲလိုက်ရန် ရွေးချယ်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် ကြောင်ကို မစားဖူးသည်မှ မဟုတ်ဘဲ။
ဆန်းပြောင် ၏ ကြောင်ခြေဖဝါးလေးများမှ လက်သည်းများ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
ဤမြင်ကွင်းကို မည်သူကမျှ မမြင်တွေ့လိုက်ရချေ။
အကယ်၍ တစ်ယောက်ယောက်ကသာ ရိုက်ကူးထားမည် ဆိုပါက ၎င်း၏ မျက်နှာအမူအရာက စကားတစ်ခွန်းနှင့် အလွန် လိုက်ဖက်နေမည်ဟု ထင်မြင်ကြမည် ဖြစ်သည်။
'အို... ထွက်မပြေးတဲ့အပြင် ငါ့ဆီတောင် ကိုယ်တိုင် ဝင်လာသေးတယ်ပေါ့'
ဆန်းပြောင် ကတော့ အလွန် သက်သောင့်သက်သာ ရှိနေဆဲပင်။
ကြောင်များက အလွန်အမင်း ကြောက်ရွံ့လာပါက ခန္ဓာကိုယ်ကို ကိုင်းထားပြီး အမွေးများ ထောင်လာတတ်သည်။
ဤသည်မှာ အားနည်းသူများ၏ လက္ခဏာပင်... ကြောင် နှစ်ကောင် ရန်ဖြစ်ပါက ခန္ဓာကိုယ်ကို ကိုင်းထားပြီး အမွေးများ ထောင်နေသော ကြောင်မှာ သေချာပေါက် ကြောက်ရွံ့နေသော အားနည်းသည့် ဘက်မှ ဖြစ်သည်။
အားကောင်းသော ကြောင်များ ကတော့ အလွန် တည်ငြိမ်နေကြပြီး လုံးဝ အမွေးများ ထောင်မလာတတ်ချေ။
မြွေပါ နှစ်ကောင်က ဆန်းပြောင် ကို ဝိုင်းရံကာ တိုက်ခိုက်ရန် အခွင့်အရေး ရှာနေကြသေးသည်။
ဆန်းပြောင် က ၎င်းတို့ကို အခွင့်အရေး မပေးကြောင်း ဘယ်သူက သိမည်နည်း။
နောက်တစ်စက္ကန့်မှာပင် ဆန်းပြောင် က မြွေပါ တစ်ကောင်ဆီသို့ အရှိန်ပြင်းစွာ ခုန်အုပ်သွားသည်ကို မြင်တွေ့လိုက်ရသည်။
မြွေပါက ဘာဖြစ်သွားမှန်း မသိခင်မှာပင် ကြောင်လက်သည်းက ၎င်း၏ ခေါင်းပေါ်သို့ ရိုက်ချလိုက်ပြီ ဖြစ်သည်။
'မြန်လိုက်တာ'
ကြောင်စင်းကျားလေးက ဤမျှ ကြမ်းတမ်းမည်ဟု မြွေပါက ဘယ်တွေးမိမည်နည်း။
ခေါင်းကို အားပြင်းပြင်း တစ်ချက် အရိုက်ခံလိုက်ရပြီး နောက်တစ်စက္ကန့်တွင် ကြောင်စင်းကျားလေးက ၎င်း၏ လည်ကုပ်ကို အနောက်မှနေ၍ ကိုက်ချလိုက်တော့သည်။ လုံးဝကို အပိုင် ဖမ်းမိသွားခြင်းပင်။
ဒုတိယ မြွေပါက ခုန်အုပ်လာပြီး ကြောင်စင်းကျားလေး၏ ကိုယ်ပေါ်သို့ တွယ်တက်ကာ ကြောင်စင်းကျားလေး၏ လည်ကုပ်ကို အနောက်မှနေ၍ ကိုက်ရန် ကြိုးစားလေသည်။
၎င်းတို့ အားလုံးက အလွန် အစွမ်းထက်သော အမဲလိုက် သတ္တဝါများ ဖြစ်ကြပြီး ပြိုင်ဘက်ကို သတ်ရန် မည်သည့်နေရာကို ကိုက်ရမည်ကို သိရှိကြသည်။
သတ္တဝါငယ်များမှာလည်း သတ်ဖြတ်ခြင်း၌ အလွန် ကျွမ်းကျင်ကြပြီး အလွန် မြင့်မားသော ကျွမ်းကျင်မှု ရှိကြသည်။
သို့သော် ကြောင်စင်းကျားလေးကလည်း ထိုနည်းတူစွာပင် သွက်လက်လှသည်။
ဆန်းပြောင် ၏ တုံ့ပြန်မှုက အလွန် မြန်ဆန်လှပြီး ပါးစပ်ကို တစ်ချက် ခါရမ်းကာ မြွေပါကို လွှင့်ပစ်လိုက်ပြီး ဒုတိယ မြွေပါဆီသို့ လှည့်ကြည့်လိုက်သည်။
ဤအချိန်တွင် ဒုတိယ မြွေပါမှာ လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။
၎င်းက ၎င်းထက် အများကြီး ပိုကြီးမားသော အကောင်များကို အမဲလိုက်ခဲ့ဖူးသည်။ ဥပမာ - ငန်းများ... ယုန်များ... ပို၍ ပြောရလျှင် မြွေပါများက သိုးပေါက်လေးများကိုပင် ကိုက်သတ်နိုင်ကြသည်။
သို့သော် ကြောင်စင်းကျားလေးက ၎င်းကို တည့်တည့် ကြည့်လိုက်သောအခါ မြွေပါမှာ ပြိုင်ဘက်က ၎င်းကို လုံးဝ ဖိနှိပ်ထားကြောင်း ခံစားလိုက်ရပြီး ဤမျှ ပြင်းထန်သော ဖိအားနှင့် ကြောက်ရွံ့မှုကို တစ်ခါမှ မခံစားခဲ့ရဖူးချေ။
တိုက်ခိုက်ရေး စွမ်းရည်က လုံးဝ အဆင့်တူ မဟုတ်ချေ။
“ဖြန်း…”
ကြောင်စင်းကျားလေးက ၎င်းကို ပါးတစ်ချက် ရိုက်လိုက်ရာ မြွေပါမှာ မြေပြင်ပေါ်တွင် လိမ့်ထွက်သွားတော့သည်။
ဤအချိန်တွင် မြွေပါ နှစ်ကောင်စလုံး ကြောက်လန့်သွားကြပြီ ဖြစ်သည်။ ၎င်းတို့က သေမင်းနှင့် နီးကပ်နေသည့် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
၎င်းတို့က အလိုအလျောက် ပါးစပ်ဟကာ အော်ဟစ်ရင်း ကြောင်စင်းကျားလေးကို ခြောက်လှန့်ရန် ကြိုးစားကြသည်။
သို့သော် ဆန်းပြောင် ၏ မျက်လုံးများက အေးစက်နေဆဲပင်။
မြွေပါ နှစ်ကောင်က အနောက်သို့ စတင် ထွက်ပြေးကြရာ ကြောင်စင်းကျားလေးက နောက်မှ လိုက်ကာ နှစ်ချက်ခန့် ထပ်ကုတ်လိုက်ပြီး ၎င်းတို့ ကိုယ်ပေါ်တွင် ဒဏ်ရာ အချို့ ထပ်မံ ရရှိစေခဲ့သည်။
ဆန်းပြောင် က ရန်ဖြစ်ရသည်ကို သဘောကျသော်လည်း သတ်ဖြတ်ရသည်ကိုတော့ သဘောမကျချေ။
ကြောင် အချင်းချင်း ရန်ဖြစ်ပါကလည်း တိုက်ခိုက် မောင်းထုတ်လိုက်ရုံဖြင့် ပြီးဆုံးသွားလေ့ ရှိသည်။
ဤအချက်က တောရိုင်း မြွေပါများနှင့် မတူညီချေ... မြွေပါများ ကတော့ အမြဲတမ်း အသေအကြေ တိုက်ခိုက်လေ့ ရှိကြသည်။
မြွေပါ နှစ်ကောင်မှာ နောက်သို့ တစ်ချက်မှ လှည့်မကြည့်ရဲတော့ဘဲ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ဆွဲကာ အမြန်ဆုံး ပြေးလွှားသွားကြတော့သည်။
ဤမျှ ကြောက်စရာကောင်းသော ဖိအားကြောင့် ၎င်းတို့ နှစ်ကောင် ဤနေရာသို့ နောက်တစ်ကြိမ် လာရဲမည် မဟုတ်တော့ချေ။
၎င်းတို့ ထွက်သွားသည်ကို မြင်သောအခါမှသာ ဆန်းပြောင် လည်း အေးအေးဆေးဆေး ပြန်လျှောက်လာခဲ့သည်။
ဤအချိန်တွင် လျိုဖူ က နံရံပေါ်မှနေ၍ ကြည့်နေခဲ့သည်။
ခုနက ကြောင်အော်သံ ကြားလိုက်သဖြင့် သူ ထွက်လာခဲ့ခြင်း ဖြစ်သည်။
တစ်ချက် ကြည့်လိုက်သောအခါ ကြောင်စင်းကျားလေးက မြွေပါများကို မြေပြင်ပေါ်တွင် အလဲအကွဲ ထိုးကြိတ်နေသည်ကို မြင်တွေ့လိုက်ရသည်။
နှမြောစရာ ကောင်းသည်မှာ အသေ မကိုက်သတ်လိုက်ခြင်းပင်... လျိုဖူ ကတော့ နောင်ရေး စိတ်အေးရစေရန် အသေ ကိုက်သတ်လိုက်စေချင်သည်။
"ဒီကြောင်က အရမ်း ကြမ်းတာပဲ... တကယ် အသုံးဝင်တာပဲ"
"ငါလည်း ကြောင်တစ်ကောင် မွေးမှ ဖြစ်မယ်... ကြောင်စင်းကျား ပဲ မွေးရမယ်"
လျိုဖူ ၏ မျက်လုံးများထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာသည်။
'နတ်ကြောင်လေး ပါလား'
'ဒီလောက်တောင် စွမ်းတာလား'
ထိုမြွေပါ နှစ်ကောင်က အလွန် ဉာဏ်များသဖြင့် အရင်က သူ ဖမ်းရန် ကြိုးစားသော်လည်း မမိခဲ့ချေ။
ယခုတော့ ကြောင်စင်းကျားလေးက ပါးအနည်းငယ် ရိုက်လိုက်ရုံဖြင့် ထွက်ပြေးသွားကြပြီ မဟုတ်ပါလော... သူ တစ်ခဏမျှ ငေးမောသွားမိသည်။
ကြောင်စင်းကျားလေး ကတော့ အေးအေးဆေးဆေးပင် လျိုဖူ ကို တစ်ချက်မှ မကြည့်ဘဲ နံရံပေါ်သို့ ပေါ့ပါးစွာ ခုန်တက်သွားပြီး ခြင်းတောင်းထဲသို့ ပြန်ဝင်ကာ အနားယူနေတော့သည်။
၎င်းက ခြင်းတောင်းထဲတွင် အနားယူနေသော်လည်း ၎င်း၏ နားရွက်များ ကတော့ ပတ်ဝန်းကျင်မှ အသံများကို အမြဲတမ်း နားစွင့်နေလေသည်။
မြွေပါများ အနားကပ်လာသည်နှင့် တစ်ပြိုင်နက် ၎င်း ချက်ချင်း သိရှိမည် ဖြစ်သည်။ ဤသည်မှာ ကြောင်များ၏ စွမ်းရည်ပင် ဖြစ်သည်။
တစ်ညတာ ကုန်ဆုံးသွားခဲ့သည်။
နောက်တစ်နေ့တွင် လျိုဖူ နံနက်အိပ်ရာ နိုးသည်နှင့် တစ်ပြိုင်နက် ငန်းတဲ၏ အခြေအနေကို သွားရောက် စစ်ဆေးလိုက်သည်။
ငန်းများ အားလုံး ကျန်းကျန်းမာမာ ရှိနေပြီး ဘာပြဿနာမှ မရှိချေ။
ကြောင်စင်းကျားလေး ကတော့ ခြင်းတောင်းထဲတွင် အေးချမ်းစွာ အိပ်ပျော်နေလေသည်။
လျိုဖူ အလွန် ဝမ်းသာသွားပြီး ကြောင်စင်းကျားလေးကို ပွတ်သပ်ကာ ကျေးဇူးတင်ချင်သော်လည်း ရွှီယန် ပြောထားသည့် စကားကို သတိရသွားကာ လက်ကို ပြန်ရုပ်လိုက်သည်။
မကြာခင်မှာပင် ရွှီယန် က လျှပ်စစ် သုံးဘီးဆိုင်ကယ်လေးကို မောင်းကာ လျိုဖူ ၏ ငန်းတဲဆီသို့ ရောက်လာခဲ့သည်။
"ဘယ်လိုလဲ... မနေ့ညက မြွေပါ လာသေးလား"
ရွှီယန် က လျိုဖူ ကို မြင်သည်နှင့် လှမ်းမေးလိုက်သည်။
"ခြံရှင်ရွှီ... မင်းရဲ့ ကြောင်လေးက တကယ်ကို နတ်ကြောင်လေးပဲ"
"ငါ မနေ့ညက ကိုယ်တိုင် မြင်လိုက်ရတာ... အဲဒီမြွေပါ နှစ်ကောင် ငန်းတဲနား ကပ်လာတာနဲ့ သူက ချက်ချင်း ပြေးထွက်သွားပြီး ပါးနှစ်ချက်လောက် ရိုက်လိုက်တာ မြွေပါတွေ ထွက်ပြေးသွားရော"
"တကယ်ကို စွမ်းလွန်းတယ်"
"ကြောင်မွေးရတာ ဒီလို အကျိုးကျေးဇူး ရှိတာကိုး"
"ငါ မနက်ဖြန်ကျရင် ကြောင် နည်းနည်း သွားမွေးရမယ်"
လျိုဖူ က အလွန် ပျော်ရွှင်နေပြီး ရွှီယန် ၏ ဘေးတွင် လက်ဟန်ခြေဟန်ဖြင့် ပြောပြနေလေသည်။
သူ၏ စကားကို ကြားသောအခါ ရွှီယန် လည်း ပြုံးလိုက်သည်။
ရွှီယန် က ခြင်းတောင်းထဲတွင် မျက်လုံးမှိတ် အနားယူနေသော ကြောင်လေးကို ကြည့်လိုက်သည်။
ကြောင်စင်းကျားလေးက မျက်လုံး မှိတ်ထားသော်လည်း နားရွက်များ ထောင်နေသည်ကို မြင်လိုက်ရသဖြင့် လျိုဖူ ၏ စကားများကို ၎င်း ကြားနေရမည်ဟု ရွှီယန် ထင်လိုက်သည်။
ဒီကြောင်လေးက အလွန် ဉာဏ်များလှပေသည်။
"မြွေပါ နှစ်ကောင်တောင် ဆိုတော့ သူ တော်တော်လေး စွမ်းတာပဲ"
"အရင်က ငါ့ခြံထဲကိုလည်း မြွေပါတွေ လာဖူးတယ်... သူကပဲ မောင်းထုတ်ပေးခဲ့တာ"
"ကြောင်မွေးတာ အကောင်းဆုံးပဲ... ကြွက်တွေကိုလည်း ဖမ်းနိုင်တယ်လေ... ရိုးရိုးကြောင် တွေ မွေးတာ အကောင်းဆုံးပဲ"
"အခုတလော ရွာထဲမှာ ကြောင်ပေါက်လေးတွေ အများကြီး ရှိတယ်... မင်း ကြောင်စင်းကျား တွေ ကြောင်ဝါ တွေ ရှာမွေးလိုက်ပေါ့... အဲဒါတွေက အစွမ်းအထက်ဆုံးပဲ"
ရွှီယန် က ပြုံးကာ ပြန်ဖြေလိုက်သည်။
ထို့နောက် သူက ကြောင်စင်းကျားလေး အနားသို့ သွားကာ နှစ်ချက်ခန့် ပွတ်သပ်ပေးလိုက်ပြီး ကြောင်မုန့် တစ်ချောင်းကို ကျွေးလိုက်သည်။
ကြောင်စင်းကျားလေးက ပါးစပ်ကို ဟကာ တစ်ကိုက်ချင်းစီ ပျော်ရွှင်စွာ စားသောက်နေတော့သည်။
ဒီကောင်လေးက တကယ်ကို စွမ်းလှပေသည်။ လယ်ယာခြံဝင်း ၏ သက်တော်စောင့်ပင်။
ညဘက်ဆိုလျှင် ၎င်းကို အားကိုးရသည်။ အချိန်တော်တော်များများတွင် ရှောင်ဟေးတို့ထက်ပင် ပို၍ အသုံးဝင်သေးသည်။
အထူးသဖြင့် ကြွက်များနှင့် မြွေပါများကို နှိမ်နင်းရာတွင် ပို၍ အသုံးဝင်ပေသည်။
"ဒီကြောင်က တကယ်ကို စွမ်းတာပဲ... ပြီးတော့ တော်တော်လည်း ဉာဏ်ကောင်းတယ်... မင်းပြောတာကို တကယ် နားလည်တာလား"
လျိုဖူ က မနေနိုင်ဘဲ ထပ်မေးလိုက်သည်။
"အတူနေတာ ကြာလာတော့ နည်းနည်းပါးပါး နားလည်တာပေါ့"
"ဒီကောင်လေးက တော်တော် ဉာဏ်ကောင်းတယ်"
ရွှီယန် က ပြုံးကာ ပြန်ဖြေလိုက်သည်။ သူက ကြောင်လေးကို ညင်သာစွာ ပွတ်သပ်ပေးနေသည်။
ကြောင်စင်းကျားလေးက သိသိသာသာကို သဘောကျနေပြီး တင်ပါးလေးပင် အနည်းငယ် ကော့လာသည်ကို တွေ့ရသည်။
ရွှီယန် က ဤကောင်လေး၏ စရိုက်ကို သိထားသဖြင့် သူလည်း ပြုံးလိုက်သည်။
"နောက်ထပ် တစ်ည ထပ်ငှားမယ်... မနက်ဖြန်ကျရင်တော့ ငါ ပြန်ခေါ်သွားတော့မယ်"
"သူ့ကို မထိဖို့တော့ သတိထားပါ... မဟုတ်ရင် သူ ထွက်ပြေးသွားလိမ့်မယ်"
ရွှီယန် က မှာကြားလိုက်သည်။
"စိတ်ချပါ ခြံရှင်ရွှီ... ငါ သူ့ကို လုံးဝ မနှောင့်ယှက်ပါဘူး"
လျိုဖူ က ကြောင်လေး ထွက်ပြေးသွားမည်ကို စိုးရိမ်သဖြင့် အမြန် ကတိပေးလိုက်သည်။
ယခုအခါ သူက ဤကြောင်လေးကိုသာ အားကိုးနေရပြီ ဖြစ်သည်။