အခန်း ၃၄၅
Vol. 35 Ch. 345
အခန်း (၃၄၅) ပုခက်တွင်းမှာတင် အမြစ်ဖြတ်ခံလိုက်ရတဲ့ ကျီးကန်းဖြူ သူခိုးကြီး
ကြောင်သဘာဝအတိုင်း ခိုးကြောင်ခိုးဝှက်နှင့် လျှို့ဝှက်စွာ အကဲခတ်နေသည်။
ရွှီယန်က ခြံဝင်းထဲတွင် ကျီးကန်းဖြူလေးကို အစာကျွေးနေစဉ် ကြောင်စင်းကျားလေး ဆန်းပြောင်က နံရံနောက်မှ ခေါင်းပြူထွက်လာပြီး တိတ်တဆိတ် အကဲခတ်နေလေသည်။
လယ်ယာခြံဝင်းထဲသို့ တိရစ္ဆာန်အသစ် ရောက်လာတိုင်း ဤကောင်လေးက အမြဲတမ်း ဤသို့ပင် ဖြစ်သည်။ အခြေအနေကို အရင် အကဲခတ်မည်။ ၎င်း၏ နေရာကို ခြိမ်းခြောက်နိုင်ခြင်း ရှိမရှိ စဉ်းစားမည်။ သို့မဟုတ် မှားယွင်း မတိုက်ခိုက်မိစေရန် မျက်နှာသစ်များကို အရင် မှတ်သားထားမည် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ငှက်များကလည်း ကြောင်များ၏ အစာစာရင်းထဲတွင် ပါဝင်နေသည် မဟုတ်ပါလော။
ရွှီယန်က ကြောင်စင်းကျားလေးကို မြင်သောအခါ မနေနိုင်ဘဲ လှမ်းခေါ်လိုက်သည်။
"ဆန်းပြောင်... ဒီကိုလာခဲ့... သူငယ်ချင်း အသစ်နဲ့ မိတ်ဆက်ပေးမယ်"
"သူက ရှောင်ပိုင် လေ... ငါ မွေးထားတာ... မင်း သူ့ကို သွားမကိုက်နဲ့နော်"
ထိုစကားကို ကြားသောအခါ ဆန်းပြောင်က နံရံပေါ်သို့ တွယ်တက်သွားပြီး ထိုနေရာတွင်သာ ထိုင်ကာ အမွေးများကို လျှာဖြင့်လျက်၍ သန့်စင်နေပြီး အနားသို့ ရောက်မလာခဲ့ချေ။
သို့သော် ၎င်းက ရွှီယန်၏ စကားကို နားလည်သွားပြီ ဖြစ်သည်။
ဤကြောင်စင်းကျားလေးက ရန်ဖြစ်ရာတွင် အလွန် ကျွမ်းကျင်ရုံသာမက ဉာဏ်ရည်လည်း အလွန် မြင့်မားကာ ရွှီယန်၏ စကားများကို နားလည်နိုင်သည်။ ငယ်စဉ်ကတည်းက လေလွင့်ကြောင် ဖြစ်ခဲ့သောကြောင့် ကြီးထွားမှုနှုန်းက အခြားကြောင်များထက် ပိုမို မြန်ဆန်နေခြင်းလည်း ဖြစ်နိုင်ပေသည်။
ရွှီယန်က ဤကောင်လေးကို အတော်လေး သဘောကျလှသည်။
ကျီးကန်းဖြူလေးကလည်း အလွန် ဉာဏ်ကောင်းပေသည်။
ရွှီယန် အနည်းငယ် လေ့ကျင့်ပေးလိုက်ရုံဖြင့် ဤကောင်လေးက ရိုးရှင်းသော အမိန့်ပေးချက် အချို့ကို တတ်မြောက်သွားခဲ့သည်။
ရွှီယန်က ကျီးကန်းဖြူလေးကို မကာ အပေါ်သို့ ညင်သာစွာ ပင့်တင်ပေးလိုက်ရင်း အမိန့်ပေးလိုက်သည်။
"ရှောင်ပိုင်... တစ်ပတ်လောက် ပျံလိုက်စမ်း"
ရွှီယန်၏ အမိန့်ကို ကြားသည်နှင့် တစ်ပြိုင်နက် ကျီးကန်းဖြူလေးက တောင်ပံများကို ခတ်ကာ ကောင်းကင်ယံတွင် တစ်ပတ် ပျံသန်းလိုက်ပြီးနောက် ရွှီယန်ထံသို့ လျင်မြန်စွာ ပြန်လည် ဆင်းသက်လာခဲ့သည်။
ဤကောင်လေးက အလွန် လှပလှသည်။ တစ်ကိုယ်လုံးရှိ အမွေးများက ဖြူဖွေးနေပြီး ကျက်သရေ မင်္ဂလာရှိခြင်းကို ကိုယ်စားပြုနေသည်။
၎င်းအတွက် ရွှီယန် အများကြီး စိတ်ပူပေးစရာ မလိုချေ။ ၎င်းဘာသာ တောအုပ်ထဲသို့ သွားရောက်ကာ အစာရှာဖွေ စားသောက်နိုင်ပေသည်။ မွေးမြူရသည်မှာ အတော်လေး စိတ်အေးရသည်။
"မဆိုးဘူး... ငှက်ပုတီးလေးနဲ့ စွန်နက်လေး ကြားက ကွက်လပ်ကို ဖြည့်ပေးနိုင်တာပေါ့"
"ဒီကောင်လေးကို မွေးထားရတာလည်း အဆင်ပြေပါတယ်"
ရွှီယန်မှာ အလွန် ကျေနပ်နေမိသည်။
ထို့နောက် သူက ရှောင်ပိုင်ကို ပိုမို ရှုပ်ထွေးသော အမိန့်ပေးချက် အချို့ လေ့ကျင့်ပေးရန် စမ်းသပ်လိုက်သည်။
ဥပမာအနေဖြင့် သူက အချိုရည်ဘူး တစ်ဘူးကို ယူလာပြီး အဖုံးဖွင့်ကာ ကျောက်စရစ်ခဲ အချို့ကို စားပွဲပေါ်တွင် တင်ထားလိုက်သည်။
ရွှီယန်က ကျောက်စရစ်ခဲများကို ကိုက်ချီကာ အချိုရည်ဘူးထဲသို့ ထည့်ရန် ရှောင်ပိုင်ကို အမိန့်ပေးလိုက်သည်။ အကြိမ်အနည်းငယ်မျှ လေ့ကျင့်ပြီးနောက် ရှောင်ပိုင်က ဤလုပ်ရပ်ကို လုံးဝ တတ်မြောက်သွားတော့သည်။
"ဒီလောက်တောင် ဉာဏ်ကောင်းတာလား"
"ဒီလောက် မြန်မြန် တတ်သွားတာပဲ"
ရွှီယန်မှာ အနည်းငယ် အံ့အားသင့်သွားရသည်။ ကျီးကန်းများမှာ အလွန် ဉာဏ်ရည်မြင့်မားသော ငှက်များဖြစ်ကြောင်း အရင်ကတည်းက ကြားဖူးခဲ့သော်လည်း ယခု ကိုယ်တိုင် လေ့ကျင့်ပေးကြည့်မှသာ တကယ်ပင် ထိုအတိုင်း ဖြစ်နေကြောင်း သိလိုက်ရတော့သည်။
ခဏမျှ လေ့ကျင့်ပေးပြီးနောက် ရွှီယန်က ၎င်းအတွက် ငှက်သိုက် တစ်ခု သွားရောက် ပြင်ဆင်ပေးလိုက်သည်။
ငှက်သိုက်မှာ အသင့်ဝယ်ထားခြင်း ဖြစ်သဖြင့် ချိတ်ဆွဲလိုက်ရုံသာ ဖြစ်သည်။ ရှောင်ပိုင် အနေဖြင့် ပြန်လာချင်လျှင် ပြန်လာ၍ ရသလို ပြန်မလာချင်ဘဲ တောအုပ်ထဲတွင် သွားနေမည် ဆိုပါကလည်း ကိစ္စမရှိပေ။
နေ့ရက်များက အရင်တိုင်း အေးချမ်းနေဆဲပင်။
ထိုနေ့ မွန်းလွဲပိုင်းသို့ ရောက်သောအခါ... ရှောင်ပိုင်က ရွှီယန်၏ အရှေ့တွင် ပေါ်လာပြီး ၎င်း၏ နှုတ်သီးထဲတွင် အနီရောင် ယွမ်ငွေစက္ကူ တစ်ရွက်ကို ကိုက်ချီထားလေသည်။
ယွမ် ၁၀၀ တန်...
ရွှီယန် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများပင် ပြာသွားသလို ခံစားလိုက်ရသည်။
"ငါ မျက်စိမှားတာ မဟုတ်ပါဘူးနော်"
"အဲဒါ ပိုက်ဆံတွေလေ"
ရွှီယန်က ကျီးကန်းဖြူလေး အရှေ့သို့ လျှောက်သွားပြီး လက်ကမ်းကာ ၎င်း၏ နှုတ်သီးထဲမှ ယွမ် ၁၀၀ တန် ငွေစက္ကူကို ယူလိုက်သည်။
တကယ်ကြီး ယွမ် ၁၀၀ တန် အစစ် ဖြစ်နေသည်။
"ရှောင်ပိုင်... မင်း ဘယ်ကနေ သွားယူလာတာလဲ"
"ငါ့ကို ပြဿနာတွေ မရှာနဲ့နော်"
"အပြင်ကနေ ကောက်ရလာတာ ဆိုရင်တော့ တော်သေးတာပေါ့... တခြားသူဆီက သွားယူလာတာ ဆိုရင်တော့ ပြဿနာ ကြီးလိမ့်မယ်"
"သူများတွေ ဖမ်းတာ ခံရဦးမယ်..."
ရွှီယန် တစ်ယောက် ရယ်ရခက် ငိုရခက် ဖြစ်သွားတော့သည်။
ဤကျီးကန်းလေးက တကယ်ကို ဉာဏ်ကောင်းလွန်းလှသည်။ ငွေကြေးက အရေးကြီးမှန်း သိသဖြင့် ရွှီယန်ထံသို့ ပိုက်ဆံကို တိုက်ရိုက် သွားချီလာပေးခြင်း ဖြစ်သည်။
သို့သော် ရွှီယန်က ဤငွေကြေး အနည်းငယ်ကို မလိုအပ်သလို ဤကဲ့သို့သော ငွေမျိုးကိုလည်း မလိုချင်ပေ။
အဘယ်ကြောင့်ဆိုသော် ရှောင်ပိုင်က ယွမ် ၁၀၀ ယူလာခြင်းသည် တစ်ယောက်ယောက်ဆီမှ ယွမ် ၁၀၀ ပျောက်သွားပြီ ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။
"ရှောင်ပိုင်... ဒီတစ်ခါတော့ ထားလိုက်တော့... နောက်ဆို သွားမယူနဲ့တော့နော်"
"ဒီလိုလုပ်တာ မကောင်းဘူးလေ..."
ရွှီယန်က လေးနက်သော လေသံဖြင့် ဆုံးမလိုက်သည်။
သူ၏ ဆုံးမစကားက တကယ်ကို ထိရောက်မှု ရှိလှပေသည်။ ကျီးကန်းဖြူလေးက ရွှီယန် ဤအရာကို မကြိုက်ဘူးဟုသာ ထင်သွားတော့သည်။
ရွှီယန်က မကြိုက်၍ မဟုတ်ဘဲ သူ၏ ကိုယ်ပိုင် စည်းမျဉ်းများ ရှိနေသောကြောင့် သက်သက်သာ ဖြစ်သည်။
ဤကိစ္စကြောင့်ပင် အထူးပြု ပိုက်ဆံခိုးမည့် ကျီးကန်းဖြူ သူခိုးကြီး မှာ ပုခက်တွင်းမှာတင် အမြစ်ဖြတ်ခံလိုက်ရတော့သည်။
အကယ်၍ သေချာ မဆုံးမလိုက်ပါက အနာဂတ်တွင် ကျီးကန်းဖြူလေးက ဈေးထဲအထိ သွားကာ ပိုက်ဆံများ လုယူမည်လား ဆိုသည်ကို မည်သူကမျှ ပြောနိုင်မည် မဟုတ်ပေ။ လမ်းမှန်ပေါ်သို့ ရောက်အောင် ဆွဲခေါ်ပေးရမည် ဖြစ်သည်။
ကျီးကန်းဖြူလေးမှာ လယ်ယာခြံဝင်းတွင် လုံးဝ အခြေချသွားပြီ ဖြစ်ပြီး ပေါ်လာသည့် အကြိမ်အရေအတွက်လည်း အလွန် များပြားလှပေသည်။
စွန်နက် ကဲ့သို့ မဟုတ်ချေ။ စွန်နက်က ပုံမှန်အားဖြင့် လယ်ယာခြံဝင်းသို့ လာလေ့မရှိဘဲ ရွှီယန် တောင်ထဲသို့ ဝင်သွားချိန်တွင်သာ ရွှီယန်၏ ပခုံးပေါ်သို့ ဆင်းသက်လာကာ နှုတ်ဆက်လေ့ ရှိသည်။
လယ်ယာခြံဝင်း၏ တည်ဆောက်ရေး လုပ်ငန်းများမှာလည်း စနစ်တကျ ရှိလှသည်။ ယခုအခါ ပတ်ဝန်းကျင် အခြေအနေက အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။
ရွှီယန်က တောအုပ်ထဲရှိ တိရစ္ဆာန်လေးများကို ပြုစုစောင့်ရှောက်ရန် စတင် စဉ်းစားနေလိုက်သည်။
ကျားမိသားစုနှင့် ကျားသစ်မိသားစု နှစ်ခုစလုံး အလွန် အဆင်ပြေနေကြသည်။
ရွှီယန်က အလွန်ဆုံး တောထဲဝင်ပြီး နို့သွားတိုက်ပေးရုံသာ ဖြစ်ပြီး အများကြီး ဝင်မပါတော့ချေ။
နောက်တစ်ချက်ကတော့ ဝက်ဝံမည်း နှစ်ကောင် ဖြစ်ပြီး ယခုအခါ ၎င်းတို့က သစ်တောထဲတွင် အခြေချ နေထိုင်နေကြပြီ ဖြစ်သည်။ ၎င်းတို့လည်း လယ်ယာခြံဝင်း တွင် တရားဝင် နေရာတစ်ခု ရရှိသွားပြီဟု ဆိုနိုင်ပေသည်။
ထိုဘက်တွင် နေထိုင်ရသည်မှာ အတော်လေး ပျော်ရွှင်စရာ ကောင်းလှသည်။ ထင်းရှူးသီးများ ရှိသလို သစ်သီးများလည်း ရှိနေသည်။
ကျောင်းသားများ သစ်ကိုင်းလာကူးတိုင်း ၎င်းတို့က အဝေးသို့ ထွက်ပြေးပုန်းအောင်းနေတတ်ပြီး သစ်တောထဲတွင် ရှိမနေကြချေ။
ကျောင်းသားများ ထွက်သွားမှသာ သစ်တောထဲတွင် ဆက်လက် လှုပ်ရှား သွားလာကြသည်။
ယခုအခါ ကျောင်းသားများ ကလည်း ထိုဝက်ဝံမည်း နှစ်ကောင်ကို မကြောက်ကြတော့ချေ။ တစ်ခါတရံ အဝေးမှ လှမ်းမြင်ပါက ပြုံးရွှင်စွာဖြင့် အပြန်အလှန် စကားအနည်းငယ်ပင် ပြောဆိုတတ်ကြသေးသည်။
နံနက်ပိုင်းတွင် ရွှီယန် အားလပ်နေသဖြင့် ကားမောင်းကာ နောက်ဘက် တောင်ပေါ်သို့ တစ်ပတ်ခန့် လှည့်ပတ် ကြည့်ရှုရန် ထွက်လာခဲ့သည်။
ပန်းသီးသစ်တော်များ မည်သို့ ကြီးထွားလာသည်ကို သွားရောက် စစ်ဆေးကြည့်ရှုခြင်း ဖြစ်သည်။
ပန်းသီးသစ်တော်၏ ယခုလက်ရှိ ဈေးနှုန်းမှာ မျိုးစိတ်အပေါ် မူတည်ပြီး အချို့က မြင့်မားကာ အချို့က နိမ့်ကျလှသည်။
ရွှီယန် ရွေးချယ်ထားသော မျိုးစိတ်များက အားလုံး အလွန် ကောင်းမွန်သဖြင့် အသီးများ ထွက်လာပါက ထွက်ကုန်က လုံးဝ အဆင့်မြင့်နေမည်မှာ သေချာလှသည်။ အချိန်တန်ပါက မည်သို့ ရောင်းချမည် ဆိုသည်ကိုသာ စဉ်းစားရတော့မည် ဖြစ်သည်။
ဝက်ဝံမည်း နှစ်ကောင်က အဝေးမှနေ၍ ရွှီယန်ကို မြင်တွေ့သွားကြသည်။
ထိုအထဲမှ ဝက်ဝံမည်း တစ်ကောင်က အူကြောင်ကြောင်ဖြင့် ရယ်မောလိုက်ပြီး ရွှီယန် ရှိရာသို့ အရှိန်တင်ကာ ပြေးလာတော့သည်။
'အစ်ကိုကြီး လာပြီဟေ့...'
အခြား ဝက်ဝံမည်း တစ်ကောင်က ဤမြင်ကွင်းကို မြင်သောအခါ နောက်မှ လိုက်ပြေးလေသည်။
'ငါ့ကိုလည်း စောင့်ပါဦးဟ...'
ကောင်လေး နှစ်ကောင်စလုံး ဤနေရာတွင် မည်သူက အစ်ကိုကြီး ဖြစ်ကြောင်း ရှင်းလင်းစွာ သိရှိထားကြပုံ ရသည်။
ထို့ကြောင့် ၎င်းတို့က တမင်သက်သက် လာရောက် ဖော်ရွေမှု ပြသနေကြခြင်း ဖြစ်သည်။
ရွှီယန် သစ်တောထဲတွင် လမ်းလျှောက်နေစဉ် ထိုကောင်လေး နှစ်ကောင်က နောက်မှ တကောက်ကောက် လိုက်ပါလာကြသည်။
အခြားသူများသာ ဤမြင်ကွင်းကို မြင်တွေ့သွားပါက ရွှီယန် တစ်ယောက် ဝက်ဝံမည်းများ၏ လက်ချက်ဖြင့် သေတော့မည်ဟု ထင်မှတ်သွားကြမည်မှာ သေချာလှသည်။
လက်တွေ့တွင်မူ ရွှီယန်က ၎င်းတို့ နှစ်ကောင်ကို လုံးဝ ဂရုမစိုက်ဘဲ သစ်ပင်ပေါ်ရှိ ပန်းသီးသစ်တော် ကိုင်းများကိုသာ သေချာ ကြည့်ရှုနေပြီး ဝက်ဝံမည်း နှစ်ကောင်ကတော့ နောက်လိုက်ငယ်လေး နှစ်ကောင် အလား ခြေတစ်လှမ်းမျှ အကွာမခံဘဲ လိုက်ပါနေကြသည်။
"မင်းတို့ နှစ်ကောင် ဟိုဘက်သွားဆော့ကြချေ..."
"ဒီမှာ ဘာမှ မရှိဘူး..."
ရွှီယန်က လက်ကာပြလိုက်သည်။
သူ၏ စကားကို ကြားသောအခါ ဝက်ဝံမည်း နှစ်ကောင်က အူကြောင်ကြောင်ဖြင့် ထိုနေရာတွင်ပင် ထိုင်ချလိုက်ပြီး ဆက်လက် စောင့်ဆိုင်းနေကြတော့သည်။
ရွှီယန်က သစ်တောထဲတွင် တစ်ပတ်ခန့် လှည့်ပတ် ကြည့်ရှုလိုက်သည်။ တကယ်ကို မဆိုးလှချေ။ ကျောင်းသားများ၏ ကိုင်းကူးထားမှုက အလွန် ကောင်းမွန်နေပြီး သူ မျှော်လင့်ထားသည်ထက်ပင် အများကြီး ပိုကောင်းနေသေးသည်။ အပင်ရှင်သန်မှုနှုန်း အလွန် မြင့်မားလှသည်။
ဤအလုပ်က မူလကတည်းက သပ်ရပ်မှု လိုအပ်သော အလုပ်ဖြစ်ပြီး ဂရုတစိုက် လုပ်မလုပ် အပေါ်တွင်သာ မူတည်သည်။
အားလုံးက တက္ကသိုလ် ကျောင်းသားများ ဖြစ်ကြပြီး ရွှီယန်၏ သစ်သီးခြံတွင် လာရောက် ကိုင်းကူးပေးရသဖြင့် ရင်ထဲတွင် ဖိအားများ ရှိနေမည်ဖြစ်ကာ သေချာပေါက် ဂရုတစိုက် လုပ်ဆောင်ပေးခဲ့ကြမည်သာ ဖြစ်သည်။
ထို့ကြောင့် ပန်းသီးသစ်တော် ကိုင်းများ၏ ရှင်သန်မှုနှုန်းက အလွန် မြင့်မားနေခြင်း ဖြစ်သည်။
'ပထမမျိုးဆက် ပန်းသီးသစ်တော် က သိပ်ပြီး ဈေးမကောင်းလှဘူး... ဒုတိယမျိုးဆက်... တတိယမျိုးဆက် အထိ မျိုးစပ်နိုင်ရင်တော့ ဈေးကောင်းရလာမှာ...'
'နောက်ပိုင်းကျရင် ပဉ္စမမျိုးဆက်... ဆဋ္ဌမမျိုးဆက် အထိတောင် မျိုးစပ်နိုင်ရင် ပိုပြီး ဈေးကောင်းရမှာ... စိုက်ပျိုးရေး ပြပွဲတွေကိုတောင် ဝင်ပြလို့ ရနိုင်လောက်တယ်...'
'အခုချိန်အထိ ဒီလောက် ကောင်းတဲ့ ပန်းသီးသစ်တော် မျိုးကို ဘယ်သူမှ မစိုက်နိုင်သေးဘူးလေ...'
ရွှီယန်က စိတ်ထဲတွင် တွက်ချက်နေလိုက်သည်။
စိုက်ပျိုးရေး ပြပွဲများ အကြောင်းကို သူ အတော်လေး နားလည်ထားသည်။ အလွန် အရည်အသွေး ကောင်းမွန်သော စိုက်ပျိုးရေး ထွက်ကုန်များကို ရွေးချယ်ကာ ပြသရခြင်း ဖြစ်သည်။
ရွှီယန်၏ ဘလူးဘယ်ရီ များကလည်း ဖိတ်ကြားခံခဲ့ရဖူးပြီး ရွှီယန် ကိုယ်တိုင် အချို့ကို သွားရောက် ပို့ဆောင်ပေးခဲ့ဖူးသည်။ ဘာပဲဖြစ်ဖြစ် နာမည်ရရန် အခွင့်ကောင်း တစ်ခုပင် မဟုတ်ပါလော။
ထိုနေရာတွင် ပါဝင်ခွင့် ရရှိသော အရာများ အားလုံးက နိုင်ငံအတွင်း အကောင်းဆုံးသော စိုက်ပျိုးရေး ထွက်ကုန်များချည်းသာ ဖြစ်ကြသည်။
ဘဝဆိုသည်မှာ အမြဲတမ်း ပျော်ရွှင်စရာလေးများ ရှာဖွေနေရမည် မဟုတ်ပါလော။
သူက လှည့်ကာ တောင်အောက်ရှိ လယ်ယာခြံဝင်း ဘက်သို့ လှမ်းကြည့်လိုက်သည်။ ဖန်လုံအိမ်များက အစီအရီ ရှိနေပြီး နေထိုင်ရာ ဇုန်ကလည်း ကြည့်ရသည်မှာ သန့်ရှင်း သပ်ရပ်နေပေသည်။
ဤဘက်ရှိ တောရွာလေးတွင် ဤမျှလောက် ဆိုလျှင် အတော်လေး ကောင်းမွန်နေပြီဟု ဆိုနိုင်ပေသည်။
ရွာထဲမှ လူအများအပြားက လယ်ယာခြံဝင်း တွင် လာရောက် အလုပ်လုပ်ချင်ကြသော်လည်း ရွှီယန်က လူမှုရေး ကိစ္စများ အများကြီး ဝင်မပါချင်သဖြင့် အားလုံးကို ငြင်းပယ်ထားခဲ့သည်။
သို့သော် အားလုံးက သူစိုက်ပျိုးသကဲ့သို့ အာလူးများ နေကြာပင်များ စိုက်ပျိုးချင်ပါက ရွှီယန် အနေဖြင့် လိုလိုလားလား ကူညီပေးရန် အဆင်သင့် ရှိနေပေသည်။
သူက တောင်ပေါ်တွင် တစ်ပတ်ခန့် လှည့်ပတ် ကြည့်ရှုပြီးနောက် ဝက်ဝံမည်း နှစ်ကောင်ကို ဘီစကွတ် အနည်းငယ် ကျွေးကာ လယ်ယာခြံဝင်း သို့ ပြန်လည် အနားယူရန် ဆင်းလာခဲ့သည်။
ညဘက်ရောက်သောအခါ ရွှီယန်က ပုံမှန်အတိုင်း ခွေးများကို အစာကျွေးနေလေသည်။
သူက ဝံပုလွေပေါက်လေး၏ ခန္ဓာကိုယ်ကို အကဲခတ် ကြည့်လိုက်ရာ မသိမသာဖြင့် ဤကောင်လေးက အလွန် ကြီးထွားလာပြီး ရှောင်ဟေး နှင့် မာလီနွိုက်ခွေး တို့ထက်ပင် တစ်ပတ်ခန့် ပိုမို ကြီးမားနေပြီ ဖြစ်ကြောင်း သတိထားမိလိုက်သည်။
ကြည့်ရသည်မှာ အလွန် ခန့်ညားလှပေသည်။ အထူးသဖြင့် လည်ပင်းနားရှိ အဖြူရောင် အမွေးများက ပို၍ပင် ထူးခြားနေစေသည်။
"ဒီလောက်တောင် ကြီးလာပြီပဲ..."
ရွှီယန် မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။
"မဆိုးဘူး..."
သူ၏ စကားကို ကြားသောအခါ ဝံပုလွေပေါက်လေးက ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး ၎င်း၏ ပုံစံက အတော်လေး သိမ်မွေ့နေပုံ ရသည်။
ဘာပဲဖြစ်ဖြစ် သားရဲတိရစ္ဆာန် ဖြစ်ရာ အကယ်၍ ကြမ်းတမ်းလာပါက ရွှီယန် အနေဖြင့် ဘာမှ မတတ်နိုင်ဘဲ ၎င်းကို တောထဲသို့ ပြန်လွှတ်ပေးရုံသာ ရှိတော့မည် ဖြစ်သည်။
ယခုအချိန်တွင်တော့ လယ်ယာခြံဝင်း ထဲတွင် ဆက်လက် မွေးမြူထားနိုင်သေးသည်။
ညအချိန်သို့ ရောက်သောအခါ... လရောင်က လင်းထိန်နေပြီး ကြယ်လေးများက ခပ်ကျဲကျဲ သာ ရှိနေသည်။ လယ်ယာခြံဝင်း ထဲမှ အလုပ်သမားများ အားလုံး အိပ်ပျော်သွားကြပြီ ဖြစ်သည်။
ခွေးလေးများက ခြံဝင်းထဲတွင် ဝပ်လျက် အိပ်စက်နေကြသည်။
ထိုအချိန်မှာပင် လယ်ယာခြံဝင်း ၏ အပြင်ဘက်မှ ရှပ်ရှပ်မည်သော အသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
တစ်ခုခုက နေထိုင်ရာ ဇုန်ထဲသို့ ခိုးဝင်လာသကဲ့သို့ပင်။
ပုံမှန်အားဖြင့် ဆိုလျှင် လေလွင့်ခွေးများ ဝင်လာနိုင်ချေ ပိုများပေသည်။ ညဘက်ရောက်တိုင်း ၎င်းတို့က အတော်လေး တက်ကြွလေ့ ရှိကြပြီး တချို့သော ခွေးများက ည ၁၂ နာရီမှ ၁ နာရီ ဝန်းကျင်တွင် အော်ဟစ်ရသည်ကို အလွန် သဘောကျလေ့ ရှိကြရာ ဤအချက်က လူများကို အလွန် အနှောင့်အယှက် ဖြစ်စေသည်။
သို့သော် ယနေ့ည၏ ခံစားချက်ကတော့ မတူညီလှချေ။
ရှောင်ဟေး နှင့် မာလီနွိုက်ခွေး တို့က မျက်လုံး ဖွင့်လာကြပြီး ၎င်းတို့၏ မျက်လုံးများထဲတွင် သတိထားနေသည့် အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။
'ဒီအသံက မျိုးနွယ်တူ တွေနဲ့ မတူဘူးနော်...'
ကောင်လေး နှစ်ကောင်စလုံး မတ်တပ်ရပ်လိုက်ကြပြီး အပြင်ဘက်သို့ ထွက်ရန် ပြင်လိုက်ကြသည်။
ဝံပုလွေပေါက်လေး လည်း နိုးလာခဲ့ပြီ ဖြစ်ပြီး ၎င်းတို့ထက်ပင် ပို၍ လျင်မြန်စွာ အပြင်ဘက်သို့ တိုက်ရိုက် ပြေးထွက်သွားတော့သည်။ ဟက်စကီ ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။ ဤသုံးကောင်က လယ်ယာခြံဝင်း ထဲသို့ ဝင်ရောက်လာသော ဖိတ်ခေါ်မထားသည့် ဧည့်သည်များကို မောင်းထုတ်ရန် ရည်ရွယ်ထားကြသည်။
ကြောင်စင်းကျားလေး က ခေါင်မိုးပေါ်တွင် ဝပ်လျက် ကြည့်နေလေသည်။ ၎င်းက ထိုဧည့်သည်များ၏ မျက်နှာအစစ်အမှန်ကို မြင်တွေ့လိုက်ရသော်လည်း လုံးဝ မလှုပ်ရှားချေ။
ကြောင်စင်းကျားလေး က ၎င်း၏ ကိုယ်ပိုင် စွမ်းရည်ကို အလွန် ကောင်းစွာ သိရှိထားပြီး ကိုယ်လုံးကိုယ်ထည် ကြီးမားသော သားရဲတိရစ္ဆာန်များကို သွားရောက် မောင်းထုတ်လေ့ မရှိပေ။ သို့သော် ပွဲကိုတော့ ကြည့်ရှုနိုင်သေးသည်။
မကြာခင်မှာပင် ခွေးနှစ်ကောင်နှင့် ဝံပုလွေ တစ်ကောင်က လယ်ယာခြံဝင်း ၏ တံခါးဝသို့ ရောက်ရှိလာကြသည်။
အမှောင်ထုထဲတွင် ၎င်းတို့က အစိမ်းရောင် မျက်လုံး နှစ်စုံကို မြင်တွေ့လိုက်ရသည်။
ဝံပုလွေပေါက်လေး နှင့် တူညီသော မျက်လုံးများပင် ဖြစ်သည်။ ဝံပုလွေ နှစ်ကောင် ဖြစ်သည်။
ရှောင်ဟေး နှင့် မာလီနွိုက်ခွေး တို့က အနည်းငယ်မျှ မကြောက်ရွံ့ဘဲ ချက်ချင်းပင် ခန္ဓာကိုယ်ကို ကိုင်းချကာ တိုက်ခိုက်မည့် အနေအထားကို ပြင်ဆင်လိုက်ပြီး အသံနှိမ့်ကာ ဟိန်းဟောက်လိုက်ကြသည်။
ဝံပုလွေပေါက်လေး လည်း ထိုနည်းတူပင် သွားများ ဖြဲပြကာ ပုံမှန်နေ့ရက်များနှင့် လုံးဝ မတူညီသော ကြမ်းတမ်းသည့် ပုံစံကို ပြသနေလေသည်။
ဝံပုလွေ နှစ်ကောင်ကလည်း သတိထားလာကြပြီး ၎င်းတို့၏ အကြည့်များက ဝံပုလွေပေါက်လေး ပေါ်သို့ ကျရောက်သွားသောအခါ ဝံပုလွေပေါက်လေး ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြတော့သည်။
ဝံပုလွေပေါက်လေး က ၎င်းတို့၏ မျိုးနွယ်တူ ဖြစ်ကြောင်းကို ၎င်းတို့ သိရှိသွားကြသည်။
သို့သော် ဤအချိန်တွင် ရှောင်ဟေး နှင့် မာလီနွိုက်ခွေး တို့က အနားသို့ တိုးကပ်လာသဖြင့် ၎င်းတို့က ချက်ချင်းပင် နောက်သို့ လှည့်ကာ ထွက်ပြေးသွားကြတော့သည်။
ထွက်ပြေးသွားချိန်တွင်လည်း တစ်လှမ်း လျှောက်တိုင်း နောက်သို့ တစ်ချက် လှည့်ကြည့်ကာ ဝံပုလွေပေါက်လေး ကို အဆက်မပြတ် လှမ်းကြည့်နေကြသေးသည်။
ဤနှစ်ကောင်က ဝံပုလွေပေါက်လေး ၏ မိဘများ မဟုတ်ကြသလို ဝံပုလွေများတွင်လည်း ကလေးများကို ပြန်လည် မှတ်မိနိုင်စွမ်း မရှိကြချေ။
ဤနှစ်ကောင်က ဝံပုလွေမ နှစ်ကောင် ဖြစ်ပြီး ၎င်းတို့က ဤနေရာသို့ အစာလာရှာရန် ရည်ရွယ်ခဲ့သော်လည်း မမျှော်လင့်ဘဲ ဝံပုလွေပေါက်လေး က ရုတ်တရက် ထွက်လာခဲ့ခြင်း ဖြစ်သည်။
ဝံပုလွေ နှစ်ကောင်စလုံး တစ်ခဏမျှ ကြောင်အမ်းအမ်း ဖြစ်သွားကြတော့သည်။
'ဒီဝံပုလွေ က နည်းနည်း ခန့်နေသလိုပဲ…’