အခန်း ၃၄၆
Vol. 35 Ch. 346
အခန်း (၃၄၆) သာယာသော ဆောင်းဦးရာသီတွင် တည်သီးလှန်းခြင်းနှင့် အင်တာနက်တစ်ခွင်မှ စိန်ခေါ်မှုများ
နောက်တစ်နေ့ နံနက် ရွှီယန် နိုးလာချိန်တွင် လယ်ယာခြံဝင်း၏ ညဘက်၌ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သူ လုံးဝ မသိရှိခဲ့ပေ။
သူ ခြံဝင်းထဲမှ ထွက်လာသောအခါ ခွေးများက သူ့ကို ဝိုင်းကြည့်နေကြသည်ကို မြင်လိုက်ရပြီး ထိုကောင်လေးများက ပုံမှန်အတိုင်း ချစ်စရာကောင်းအောင် လုပ်ပြနေသည်ဟုသာ ထင်မှတ်လိုက်သည်။ အမြဲတမ်း ချစ်စရာကောင်းသော ပုံစံလေးများဖြင့်သာ ရှိနေကြသည်။
ရွှီယန်က ၎င်းတို့ကို အစာအနည်းငယ် ကျွေးလိုက်ပြီးနောက် ရွာထဲသို့ တစ်ခေါက်သွားရန် စီစဉ်လိုက်သည်။
ယနေ့ တည်သီး သွားခူးမည် ဖြစ်သည်။ ဆောင်းဦးရာသီ၏ လေပြေအေးနှင့် ရာသီဥတုက သာယာနေသဖြင့် တည်သီးခြောက် လုပ်ရန် အတိအကျပင် ဖြစ်ပေသည်။
ရွှီယန်က ရှောင်ဟေး နှင့် ယွမ်ပေါင် တို့ကို ခေါ်ကာ ရွာဘက်သို့ ဦးတည်လျှောက်သွားရင်း လမ်းကြုံတဆစ် လမ်းလျှောက်ထွက်ခဲ့သည်။
ရွာထဲမှ လူအနည်းငယ်က ဝါးခြင်းတောင်းများကိုယ်စီ လွယ်ထားလျက် မျက်နှာချင်းဆိုင်မှ လျှောက်လာကြသည်။ သူတို့က တောင်ပေါ်တက်ပြီး တောထွက်ပစ္စည်း ရှာဖွေကြမည် ဖြစ်သည်။
ဆောင်းဦးရာသီတွင် တောင်ပေါ်၌ တောဟင်းရွက်များနှင့် တောသစ်သီးများ အတော်လေး ပေါများသဖြင့် သွားရောက်ရှာဖွေခြင်းက အတော်လေး ကောင်းမွန်လှပေသည်။
ရွှီယန်သည် အခုတလော ကျားများနှင့် ကျားသစ်များကို သွားကြည့်ရင်း လမ်းကြုံ၍ တောဟင်းရွက်များ တွေ့ပါကလည်း နည်းနည်းပါးပါး တူးယူလေ့ရှိသည်။
ယခု သူ တောင်ပေါ်သွားခြင်းက ပိုက်ဆံရှာရန် မဟုတ်တော့ဘဲ စားချင်သည့် အရာများကိုသာ တူးယူရန် ဖြစ်နေပြီဖြစ်သည်။
ဥပမာ ယနေ့ဆိုလျှင် ရွာသားတစ်ယောက်၏ အိမ်သို့သွားပြီး တည်သီး အနည်းငယ် သွားခူးမည် ဖြစ်သည်။ ထိုရွာသား နာမည်မှာ မာလျန် ဖြစ်ပြီး ရွှီဟုန်ရှန်း နှင့် ဆက်ဆံရေး အတော်လေး ကောင်းမွန်သဖြင့် ရွှီယန်ကလည်း သူ၏အိမ်ကို ရင်းနှီးနေသည်။
ဤရက်ပိုင်း မာလျန် ၏ ခြံထဲရှိ တည်သီးပင်များ မှည့်နေပြီဖြစ်ရာ ခူးဆွတ်ရမည့် အချိန်သို့ ရောက်နေပြီဖြစ်သည်။
ထို့ကြောင့် ရွှီယန်လည်း ဝမ်းသာအားရ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ရှောင်ဟေး နှင့် ယွမ်ပေါင် တို့ကတော့ နောက်မှ ပျော်ပျော်ပါးပါး လိုက်ပါလာကြသည်။ လမ်းတွင် ၎င်းတို့က ရွာထဲရှိ ခွေးအုပ်စုနှင့် ဆုံတွေ့ခဲ့သည်။ ရွာခွေးများက ရှောင်ဟေး နှင့် ယွမ်ပေါင် တို့ကို လှမ်းကြည့်ကာ အတူတူ ဆော့ရန် လှမ်းခေါ်နေကြခြင်း ဖြစ်သည်။
၎င်းတို့ နှစ်ကောင်က ခဏမျှ တွေဝေသွားသော်လည်း ရွှီယန် နောက်သို့သာ ဆက်လိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။ သခင်ရှိသော ခွေးများကတော့ မတူညီတော့ပေ။
မကြာခင်မှာပင် ရွှီယန်သည် မာလျန် ၏ ခြံဝင်းထဲသို့ ရောက်လာခဲ့သည်။ ထိုနေရာတွင် အရပ်မြင့်မြင့် တည်သီးပင် အတော်များများ ရှိနေသည်။
"ရွှီယန်... လာပြီလား..."
မာလျန်က ရွှီယန်ကို မြင်သောအခါ ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။ ယခုအခါ ရွှီယန်မှာ သူဌေးကြီး ဖြစ်နေပြီဖြစ်ရာ ကိစ္စရှိပါက အနည်းနှင့်အများ ကူညီပေးနိုင်သဖြင့် အားလုံးက သူနှင့် ဆက်ဆံရသည်ကို သဘောကျကြသည်။
"ဟုတ်တယ်ဗျ... တည်သီး နည်းနည်း လာခူးတာ... ဦးလေးတို့ခြံက တည်သီး အကြီးကြီးတွေက အပြင်မှာ ဝယ်လို့မှ မရတာ..."
ရွှီယန်က ပြုံးကာ ပြန်ဖြေလိုက်သည်။
"အခု တည်သီးတွေက သိပ်မမှည့်သေးဘူးကွ... နည်းနည်း ချဉ်နေဦးမယ်... နှစ်ရက်လောက်တော့ စောင့်ရဦးမယ်..."
"ဒါမှမဟုတ်ရင်လည်း ခူးပြီး ရက်နည်းနည်းလောက် ထားထားလိုက်ရင်တော့ ရပါတယ်..."
မာလျန်က ချက်ချင်း ပြောလိုက်သည်။
"ရပါတယ်ဗျ... ဒီလောက်ဆို လုံလောက်ပြီ... ကျွန်တော်က တည်သီးခြောက်လေး လုပ်ပြီး သရေစာ အဖြစ် စားမလို့ပါ..."
ရွှီယန်က သစ်ပင်ပေါ်ရှိ တည်သီးများကို ကြည့်ရင်း ဆက်ပြောလိုက်သည်။ သစ်ပင်ပေါ်မှ တည်သီးများက အရွယ်အစား မသေးလှသဖြင့် တည်သီးခြောက် လုပ်လိုက်ပါက သေချာပေါက် အရသာရှိမည်မှာ အမှန်ပင်။
"အေးအေး... ခူးလေ... ကြိုက်သလောက် ယူသွား..."
"ငါစိုက်ထားတဲ့ တည်သီးကတော့ လုံးဝ အပြစ်ပြောစရာ မရှိစေရဘူး... ပတ်ဝန်းကျင်က ရွာတွေထဲမှာတောင် ငါစိုက်တဲ့ တည်သီးထက် ကောင်းတာ ရှာတွေ့မှာ မဟုတ်ဘူး..."
မာလျန်က အနည်းငယ် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
"အဲဒါကတော့ တကယ်ကို ဟုတ်ပါတယ်..."
ဤအချက်ကိုတော့ ရွှီယန်လည်း ဝန်ခံရမည်သာ ဖြစ်သည်။ မာလျန်၏ တည်သီးများက တကယ်ကို အရသာရှိလှသည်။
ထို့နောက် သူက တည်သီးများကို စတင် ခူးဆွတ်ပါတော့သည်။
တည်သီး တစ်လုံးချင်းစီက အတော်လေး ကြီးမားသဖြင့် အလုံးအနည်းငယ် ခူးလိုက်ရုံဖြင့် ပလတ်စတစ်အိတ်က ပြည့်ဖောင်းသွားလေသည်။
ရွှီယန်က ဘယ်လိုပဲဖြစ်ဖြစ် အိတ်နှစ်အိတ်စာလောက်တော့ ခူးမှ စားရသည်မှာ အားရလိမ့်မည်ဟု တွေးလိုက်သည်။
ထိုအချိန်တွင် ရှောင်ဟေးက မြေကြီးပေါ် ပြုတ်ကျပြီး ကွဲကြေနေသော တည်သီးများကို မြင်လိုက်သည်။ လူများကတော့ သေချာပေါက် စားမည် မဟုတ်တော့ပေ။
ရှောင်ဟေးက အနားကပ်သွားပြီး တည်သီး၏ အပေါ်ယံ အခွံကို လျှာဖြင့် လျက်ကြည့်လိုက်သည်။ တစ်ချက် လျက်လိုက်သည်နှင့် တစ်ပြိုင်နက် သူက ချက်ချင်း သွားများဖြဲပြပြီး အသံထွက် ညည်းတွားတော့သည်။ ပါးစပ်ထဲတွင် မသန့်ရှင်းသော အရာတစ်ခုခုကို စားမိလိုက်သကဲ့သို့ ခံစားလိုက်ရသည့် ပုံပင်။
ယွမ်ပေါင် က သူ၏ ပုံစံကို မြင်သောအခါ မျက်နှာပေါ်တွင် စူးစမ်းချင်စိတ်များ အပြည့်ဖြင့် ပွဲကြည့်နေလေသည်။ မျက်လုံးများထဲတွင်လည်း မေးခွန်းထုတ်ချင်နေသည့် အရိပ်အယောင်များ ပါဝင်နေပုံရသည်။
'ဘာဖြစ်သွားတာလဲ... နတ်ဖမ်းစားခံလိုက်ရတာလား...'
ရွှီယန်ကတော့ မနေနိုင်ဘဲ ရယ်မောလိုက်သည်။
"တည်သီးက မမှည့်သေးတော့ နည်းနည်း ဖန်နေသေးတယ်... စားလိုက်ရင် ပါးစပ်ထဲမှာ နေရခက်သွားမှာပေါ့..."
ထို့နောက် သူက ရှောင်ဟေးအတွက် ရေတစ်ဇလုံ ခပ်ပေးလိုက်ပြီး လျှာကို ဆေးကြောခိုင်းလိုက်မှ အနည်းငယ် သက်သာသွားတော့သည်။
ဤဒေသတွင်တော့ တည်သီးက အတော်လေး ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်။ တည်သီးခြောက် လုပ်၍ရသလို ရေခဲတည်သီး အဖြစ်လည်း လုပ်စား၍ ရလေသည်။
အခြေခံအားဖြင့် ဆောင်းတွင်း နှစ်သစ်ကူးအချိန် ရောက်ပါက အိမ်တိုင်းလိုလိုတွင် မရှိမဖြစ် ပါဝင်သော အရာတစ်ခု ဖြစ်နေပြီ ဖြစ်သည်။
ဤအရာကို ရွှီယန်က ငယ်စဉ်ကတည်းက စားရသည်ကို သဘောကျသည်။ အထူးသဖြင့် နှစ်သစ်ကူး အချိန်များတွင် ဆိုလျှင် အိမ်၌ ဖရဲစေ့ မြေပဲ သကြားလုံးများနှင့် တည်သီးခြောက်များ ထည့်ထားသော ပလတ်စတစ် ခြင်းတောင်း တစ်လုံး အမြဲ အဆင်သင့် ရှိနေတတ်သည်။ ထိုခြင်းတောင်းက အိမ်တိုင်းလိုလိုတွင် ရှိနေပြီး နှစ်သစ်ကူးသည်နှင့် ထုတ်လာလေ့ရှိကြသည်။
ရွှီယန်က တည်သီးခြောက် စားရသည်ကို အထူး သဘောကျပြီး ထိုအထဲမှ တည်သီးခြောက်က အကောင်းဆုံးဟု ခံစားရသည်။ ယခု ပြန်တွေးကြည့်ပါကလည်း တော်တော်လေး လွမ်းဆွတ်မိလေသည်။
ဤနှစ်နှစ်အတွင်းတွင်တော့ သူက အကြိုက်ပြောင်းသွားပြီး သကြားလိမ္မော်သီးကို ပိုကြိုက်လာခဲ့သည်။ နွေဦးပွဲတော် ရုပ်သံအစီအစဉ် ကြည့်သည့်အချိန်တွင် သကြားလိမ္မော်သီးများ အများကြီး စားနိုင်ပေသည်။
ရွာထဲတွင် တည်သီးစိုက်သူ မနည်းသော်လည်း မာလျန်တို့ အိမ်မှ တည်သီးများက အကြီးဆုံးပင် ဖြစ်သည်။
ရွှီယန်က အိတ်နှစ်အိတ်စာ ခူးလိုက်ပြီး မာလျန်ကို နှုတ်ဆက်ကာ တည်သီးများကို ဆွဲ၍ ပြန်ထွက်လာခဲ့သည်။
ဤသည်က သူတို့ဘက်တွင် အလွန် တွေ့ရများသော ကိစ္စတစ်ခု ဖြစ်သည်။ ဆက်ဆံရေးကောင်းသော လယ်သမားများက ပုံမှန်အချိန်များတွင် တစ်ခုခု မှည့်လာပြီဆိုပါက အချင်းချင်း ပေးကမ်းကြ အချင်းချင်း ခူးယူကြသည်မှာ သိပ်ကို သဘာဝကျလှပေသည်။
ရွှီယန်က နှစ်တိုင်း နှစ်သစ်ကူးအချိန် ရောက်လျှင် လယ်ယာခြံဝင်းမှ အလုပ်သမားများအတွက် နှစ်သစ်ကူး လက်ဆောင်များ စီစဉ်ပေးသလို ရွှီဟုန်ရှန်း အတွက်လည်း အချို့ ဝယ်ပေးပြီး လူမှုရေး သွားလုပ်ခိုင်းလေ့ရှိသည်။ ထိုအထဲတွင် မာလျန် လည်း ပါဝင်လေသည်။
တချို့က မြို့ကြီးပြကြီးများ၏ အေးစက်မှုကို သဘောကျသလို တချို့ကလည်း ရွာထဲရှိ လူမှုရေး ဆက်ဆံမှုများကို သဘောကျကြသည်။ ကိုယ့်အားသာချက်နှင့် ကိုယ်ပင် ဖြစ်သည်။
ရွှီယန်က တည်သီးများကို ဆွဲပြီး ပျော်ပျော်ရွှင်ရွှင်ဖြင့် အိမ်ပြန် လျှောက်လာခဲ့သည်။ သူက နေ့တိုင်း ဤသို့ပင် အေးဆေးနေခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမှ အလုပ်သွားလုပ်စရာ မလိုသည် မဟုတ်ပါလော။
တည်သီးလှန်းခြင်းကလည်း မဆိုးသော ကိစ္စတစ်ခုပင်။ ရွှီယန်က ဗီဒီယိုလေး တစ်ခုလောက် တင်ရန် ရည်ရွယ်လိုက်ပြီး လီဆန်းကို ခေါ်ကာ ဗီဒီယို ရိုက်ခိုင်းလိုက်သည်။
လီဆန်းက ခြေထောက် သိပ်မကောင်းသော်လည်း လက်ကတော့ တော်တော် ငြိမ်လှသည်။ သူရိုက်သော ဗီဒီယို၏ ငြိမ်သက်မှုက ကင်မရာထောက်တိုင် တစ်ခုနှင့်တောင် ယှဉ်၍ရနိုင်ပေသည်။
"ဗီဒီယို နည်းနည်းလောက် တင်မှဖြစ်တော့မယ်... နောက်ကွယ်မှာ နေ့တိုင်း ရေတွက်လို့တောင် မရတဲ့ မက်ဆေ့ချ်တွေ လာနေတာ..."
"ဆက်ပြီး ပေါ်မလာရင်တော့ လူတွေရဲ့ ဆဲတာကို ခံရတော့မယ်ထင်တယ်..."
ရွှီယန်က လီဆန်းကို ခေါ်ပြီးနောက် ရိုက်ကူးရေး ကိစ္စများကို စီစဉ်နေလေသည်။
သူက မီးဖိုချောင်ထဲမှနေ၍ အခွံနွှာသည့် ဓားအနည်းငယ်ကို ယူလာပြီး တည်သီးများကို အခွံခွာရင်း ကင်မရာကို ကြည့်ကာ ရှင်းပြလိုက်သည်။
"ဒီနေ့ တည်သီးခြောက်လေး နည်းနည်း လုပ်မလို့... ဒါက ရွာထဲကနေ သွားခူးလာတဲ့ တည်သီး အကြီးကြီးတွေလေ... ဒီအရွယ်အစားက အပြင်မှာ တွေ့ရခဲတယ်..."
"ကိုယ်တိုင် လှန်းတဲ့ တည်သီးက အရသာလည်း ပိုရှိတယ်..."
ရွှီယန်က စကားပြောရင်း တည်သီးများကို အခွံခွာနေသည်။
ဤသည်က သေသေချာချာ လုပ်ရမည့် အလုပ်တစ်ခုပင်။ သို့သော် ရွှီယန်က မူလကတည်းက လက်မြန်သူ ဖြစ်သဖြင့် အချိန်သိပ်မကြာခင်မှာပင် တည်သီးအခွံများကို ပြောင်စင်အောင် ခွာနိုင်သွားလေသည်။
တကယ်တမ်းတွင် တည်သီးလှန်းခြင်းကလည်း နည်းစနစ် ရှိပေသည်။ သေချာလှန်းနိုင်ပါက ထွက်လာသော တည်သီးခြောက်က နီရဲနေပြီး ကြည့်လိုက်သည်နှင့်ပင် အရသာရှိမှန်း သိသာစေသည်။
သေချာ မလှန်းတတ်ပါကတော့ မည်းမည်းသည်းသည်း အတုံးကြီး တစ်တုံး ဖြစ်သွားမည်သာ ဖြစ်သည်။
ရွှီယန်က တည်သီးလှန်းသည့် နည်းစနစ်ကို သိထားသည်။ အရင်ဆုံး အခွံကို ပြောင်စင်အောင် ခွာရမည် ဖြစ်သည်။ ထိုသို့လုပ်မှသာ ရေဓာတ်များ ပိုပြီး လျင်မြန်စွာ အငွေ့ပျံသွားမည် ဖြစ်သည်။
ထို့နောက် ရေနွေးပူပူထဲတွင် စက္ကန့် ၃၀ ခန့် ပြုတ်ပြီး ပိုးသတ်ရမည် ဖြစ်သည်။
ပြီးသည်နှင့် အပြင်တွင် ထုတ်လှန်းထားရုံပင်။ မဖြစ်မနေ နေသာသော ရက်ဆက်တိုက် အချိန်ကို ရွေးချယ်ရမည် ဖြစ်သည်။ ထိုသို့ လုပ်မှသာ လှန်းလိုက်သော တည်သီးခြောက်က အကောင်းဆုံး ဖြစ်လာမည် ဖြစ်သည်။
ရွှီယန်က အလုပ်လုပ်ပြီးသွားသောအခါ တည်သီးများကို လေဝင်လေထွက်ကောင်းပြီး ခြောက်သွေ့သော နံရံပေါ်ရှိ နေရာတစ်ခုတွင် တင်ထားလိုက်သည်။ ငှက်များ စားမည်ကို ကာကွယ်ရန်အတွက် အပေါ်မှနေ၍ ပိုက်ကွန်ပါးလေး တစ်ထပ် ဖုံးအုပ်ထားလိုက်သည်။
ငှက်များက တည်သီးစားရသည်ကို အတော်လေး သဘောကျတတ်ကြပေသည်။
ထိုအချိန်တွင် ကြောင်စင်းကျားလေး ဆန်းပြောင်က ချက်ချင်း ပေါ်လာခဲ့သည်။ ၎င်းက နံရံပေါ် ခုန်တက်သွားပြီး တည်သီးများ ထည့်ထားသော ဝါးခြင်းတောင်းဘေးသို့ သွားကာ အနံ့ခံကြည့်လိုက်သည်။ ဤအရာက ဘာအရာကောင်းလေးလဲ ဆိုပြီး စူးစမ်းချင်နေပုံပင်။
"ဆန်းပြောင်... အခု စားလို့ မရသေးဘူး..."
"မင်းက သေချာ စောင့်ကြည့်ပေးထားဦး... စာကလေးတွေ လာစားသွားတာမျိုး အဖြစ်မခံနဲ့နော်..."
"တည်သီးခြောက် ဖြစ်သွားမှ မင်းကို ကျွေးမယ်..."
ရွှီယန်က ကြောင်စင်းကျားလေး၏ ခေါင်းကို ပွတ်သပ်ပြီး ချော့မော့ပြောဆိုလိုက်သည်။
ကြောင်စင်းကျားလေးက ဤသို့ ပွတ်သပ်ခံလိုက်ရသောအခါ တည်သီး၏ အရသာကို စူးစမ်းရန် လက်လျှော့လိုက်တော့သည်။
အလုပ်များ အားလုံး ပြီးသွားသောအခါ ရွှီယန်က ဗီဒီယိုကို အနည်းငယ် တည်းဖြတ်လိုက်ပြီး သူ၏ ဗီဒီယိုအကောင့်အောက်တွင် တင်လိုက်သည်။
နောက်ရက် အနည်းငယ်နေလျှင် တောင်ပေါ်သွားပြီး တောထွက်ပစ္စည်း ရှာမည့်အကြောင်းကိုလည်း ကြိုတင် ကြေညာလိုက်ပါသေးသည်။
မှတ်ချက်ပေးသည့် နေရာတွင် ချက်ချင်း ပြည့်နှက်သွားတော့သည်။
[အသက်ဝင်လာပြီ... လောင်ရွှီ တစ်ယောက် ပြန်အသက်ဝင်လာပြီဟေ့...]
[မိုက်တယ်ကွာ... ဒီလောက်တောင် နှိမ့်ချနေတာလား... သတင်းတွေထဲမှာ နာမည်ကြီးနေတာ ဘယ်နှစ်ရက်တောင် ရှိနေပြီလဲ... အခုထိ မျက်နှာတောင် မပြသေးဘူး...]
[ဟားဟားဟား... လယ်ယာခြံဝင်းထဲမှာ အေးအေးဆေးဆေး တည်သီးတောင် လှန်းနေသေးတယ်...]
[လမ်းသွားလမ်းလာတွေ ရိုက်ထားတဲ့ ဗီဒီယိုတွေ ငါကြည့်ဖူးတယ်... လောင်ရွှီက ပုံမှန်ဆို တော်တော်လေး အေးအေးဆေးဆေး နေတာ... ခွေးလေးတွေ ခေါ်ပြီး ရွာထဲမှာ လမ်းလျှောက်နေတတ်တာ...]
[ဒီတည်သီးတွေကို မဲဖောက်ပေးမှာလား... ငါ စားချင်လို့...]
မှတ်ချက်များက အထူး စည်ကားနေပေသည်။ ရွှီယန်က အားသည့်အချိန်လေး ဝင်ကြည့်လိုက်ပြီး အခြား မှတ်ချက်များကို ပြန်စာမပြန်သော်လည်း တည်သီးစားချင်သည့် မှတ်ချက်ကိုတော့ ဤသို့ ပြန်စာရေးလိုက်သည်။
"မဲမဖောက်ပေးပါဘူး... ကိုယ့်ဘာသာကိုယ် စားမှာပါ..."
သူ၏ ရိုးရှင်းပွင့်လင်းလှသော အဖြေကို မြင်ရသောအခါ အားလုံးက ပိုပြီး စားချင်လာကြတော့သည်။
ယခုအခါတွင် သူက ထိပ်တန်း အဆင့်၌ ရှိနေပြီ ဖြစ်ရာ လူအများအပြားက ရွှီယန်၏ ဗီဒီယိုကို ကြည့်ပြီး စိတ်ကူးရကာ တည်သီးများ စတင် လှန်းလာကြသည်။
ဘဝကို မြတ်နိုးသူများက တည်သီးများ ဝယ်ယူကာ သူတို့ကိုယ်တိုင် တည်သီးလှန်းသည့် ဖြစ်စဉ်များကို စတင် မှတ်တမ်းတင်လာကြသည်။ သို့သော် အားလုံး၏ ရလဒ်များကတော့ ထူးဆန်း အံ့ဩဖွယ်ရာများ ဖြစ်နေခဲ့သည်။
နှစ်ရက် ကြာပြီးနောက်။
ရွှီယန်က သူလှန်းထားသော တည်သီးခြောက်များကို သွားစစ်ဆေးကြည့်လိုက်ရာ တည်သီးခြောက်များက နီရဲပြီး ဝိုင်းစက်နေကာ အောက်ခြေတွင်တောင် အဖြူရောင် အမှုန့်လေးများ ကပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
ဤသည်မှာ လုံးဝ အကောင်းဆုံး တည်သီးခြောက်ပင် ဖြစ်သည်။ ဘာဟင်းခတ်အမွှေးအကြိုင်မှ ထည့်စရာ မလိုဘဲ တိုက်ရိုက် စားလိုက်ရုံဖြင့်ပင် ပြီးပြည့်စုံသည်ဟု ဆိုနိုင်ပေသည်။
ရွှီယန်က ဗီဒီယို တစ်ခု ထပ်တင်လိုက်သည်။ ဤမျှ ပြီးပြည့်စုံသော တည်သီးခြောက်ကို မြင်ရသောအခါ အားလုံးက ထပ်မံ အားကျသွားကြပြန်သည်။
[ဘုရားရေ... ကြည့်ရတာ အရမ်း အရသာရှိမယ့်ပုံပဲ...]
[လောင်ရွှီရဲ့ နည်းစနစ်က တကယ်ကို ကြမ်းတာပဲ...]
[ဒီလူက ဘယ်လိုလုပ် အကုန်လုံး တတ်နေရတာလဲ...]
[မင်းပဲ ပို့ပေးမလား... ဒါမှမဟုတ် ငါပဲ လာခိုးရမလား...]
အားလုံးက ဝိုင်းဝန်း မှတ်ချက် ပေးနေကြသည်။ ရွှီယန်၏ တည်သီး ဗီဒီယိုက လိုက်ခ် အရေအတွက် မနည်းလှပေ။
ထို့နောက် ပိုပြီး စိတ်ဝင်စားစရာကောင်းသော ကိစ္စတစ်ခု ပေါ်လာခဲ့သည်။ အင်တာနက်သုံးစွဲသူ အတော်များများက သူတို့ကိုယ်တိုင် လှန်းထားသော တည်သီးများကို အင်တာနက်ပေါ်တွင် ဝေမျှလာကြသည်။
အင်တာနက်သုံးစွဲသူ တစ်ယောက်က ဓာတ်ပုံနှင့်တကွ တင်ပြီး မေးလာသည်။
[ငါလှန်းထားတဲ့ တည်သီးက ဘာလို့ မည်းမည်းသည်းသည်း ကြီးတွေ ဖြစ်နေပြီး တွန့်လိမ်နေတယ်လို့ ခံစားရတာလဲ ဘယ်သူ ကြည့်ပေးနိုင်မလဲ...]
အောက်တွင် လာပြန်ဖြေထားလေသည်။
[လခွမ်း... ပွင့်ပွင့်လင်းလင်း ပြောရရင် အနီးကပ် မကြည့်ရင် ငါက အခြောက်လှန်းထားတဲ့ ချေးတုံးကြီးလို့တောင် ထင်နေတာ...]
နောက်တစ်ယောက်ကလည်း ထပ်မေးထားသည်။
[ငါ့တည်သီး အောက်ခြေမှာ ကပ်နေတဲ့ အမှုန့်တွေက ဘာလို့ အစိမ်းရောင် ဖြစ်နေတာလဲ ကြည့်ပေးကြပါဦး...]
အောက်တွင် ဝင်ဖြေထားပြန်သည်။
[အဲဒါက မှိုတက်နေတာလေ... မိုက်တယ်ဟေ့... တည်သီးလှန်းတာတောင် မှိုတွေ တက်လာတယ်ဆိုတော့ ပတ်ဝန်းကျင်က တော်တော် စိုစွတ်နေတာပဲ...]
လူတိုင်း လှန်းထားသော တည်သီးများက ထူးဆန်း အံ့ဩဖွယ်ရာများ ဖြစ်နေပေသည်။ ထို့ကြောင့်ပင် တည်သီးလှန်းသည် ဆိုတာက နည်းစနစ် လိုအပ်သော အလုပ်တစ်ခု ဖြစ်ကြောင်း အားလုံး ပိုပြီး သဘောပေါက်သွားကြတော့သည်။ ဤအထဲတွင် လျှို့ဝှက်ချက်များ ရှိနေပေသည်။ ရွှီယန် ကသာ အတော်ဆုံးပင် ဖြစ်သည်။
ရွှီယန်ကလည်း တည်သီးလှန်းသည့် ဗီဒီယို အများအပြားကို တွေ့ခဲ့ရသည်။ သူက အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်မိသည်။
အထူးသဖြင့် အခြောက်လှန်းထားသော ချေးတုံး နှင့် မှိုတက်နေသော တည်သီး ဆိုသည့် ဗီဒီယို နှစ်ခု၏ လိုက်ခ် အရေအတွက်က သူ့ဗီဒီယိုထက်တောင် ပိုများနေလုနီးပါး ဖြစ်နေပြီဖြစ်သည်။
ရွှီယန်က ထိုအထဲမှ ဗီဒီယို တစ်ခုကိုတောင် လိုက်ခ် သွားပေးလိုက်ပါသေးသည်။
မူရင်း ဗီဒီယိုပိုင်ရှင် ကတော့ မမျှော်လင့်ဘဲ ဂုဏ်ပြုခံလိုက်ရသလို ခံစားသွားရပြီး ရွှီယန်ထံမှ တည်သီး ဘယ်လိုလှန်းရမည် ဆိုသည်ကို သေချာ သင်ယူရဦးမည်ဟု ပြောလာသည်။ နောက်တစ်ကြိမ်တွင်တော့ ရွှီယန်လှန်းသလို နီရဲနေအောင် လှန်းနိုင်ရန် ကြိုးစားသွားမည်တဲ့လေ။