အခန်း ၃၄၇
Vol. 35 Ch. 347
အခန်း (၃၄၇) ဝံပုလွေပေါက်လေး၏ မထင်မှတ်ထားသော အတွေ့အကြုံနှင့် လယ်ယာခြံဝင်း အပြင်ဘက်မှ တောဝံပုလွေများ
တည်သီးခြောက်များ၏ အရသာမှာ အံ့ဩစရာ ကောင်းလောက်အောင်ပင် အရသာရှိလှပေသည်။
နူးညံ့အိစက်နေပြီး အလွန်ချိုမြိန်ကာ အချဉ်ဓာတ် အနည်းငယ်မျှပင် မရှိချေ။
ရွှီယန် စားနေစဉ်မှာပင် ကြောင်စင်းကျားလေးက သူ၏ရှေ့သို့ ရောက်လာပြီး မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ထို့နောက် အမြီးကို ခြေထောက်ပေါ်တွင် တစ်ပတ်ရစ်ပတ်ထားပြီး သူ့ကို မော့ကြည့်နေလေသည်။
ထိုကောင်လေး တည်သီးခြောက် လာတောင်းနေခြင်း ဖြစ်ကြောင်းကို ရွှီယန် ချက်ချင်း သိလိုက်သည်။
လွန်ခဲ့သော နှစ်ရက်က တည်သီးလှန်းစဉ်က ရွှီယန်သည် ထိုကြောင်လေးကို စာကလေးများ လာမစားအောင် စောင့်ကြည့်ခိုင်းခဲ့သည်။
သေချာစောင့်ကြည့်ပေးပါက တည်သီးခြောက် ကျွေးမည်ဟုလည်း ပြောခဲ့ဖူးသည်။
ယခုတော့ သူက လာတောင်းခြင်းပင် ဖြစ်သည်။
ရွှီယန်နှင့် ဆန်းပြောင်တို့မှာ အချင်းချင်း အတော်လေး နားလည်မှုရှိကြပြီး တစ်ယောက် ဆိုလိုသည်ကို နောက်တစ်ယောက်က ကောင်းစွာ သဘောပေါက်ကြသည်။
အချိန်အတော်ကြာသည်အထိ ဆန်းပြောင်က သူ့ကိုယ်သူ အထီးကျန်သော အထွတ်အထိပ်မှ ခေါင်းဆောင်တစ်ယောက်အလား ခံစားနေခဲ့ခြင်း ဖြစ်သည်။
၎င်း၏ အမြင်တွင်မူ ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အမြင့်ဆုံးဖြစ်ပြီး ဉာဏ်ရည်မှာလည်း အမြင့်ဆုံးပင် ဖြစ်ကာ ဤကမ္ဘာကြီး၏ ဘုရင်တစ်ပါးဟုတောင် ဆိုနိုင်ပေသည်။
သေချာသည်ကတော့ လောလောဆယ် ၎င်းမြင်နေရသော ကမ္ဘာ ဆိုသည်မှာ ရွာလေးတစ်ရွာစာခန့်သာ ကျယ်ဝန်းခြင်း ဖြစ်သည်။
သို့သော်လည်း ကိုယ့်ကိုယ်ကိုယ် အလွန်စွမ်းသည်ဟု ထင်မြင်နေခြင်းကိုတော့ မည်သူမျှ တားဆီး၍ မရနိုင်ပေ။
ရွှီယန်နှင့် တွေ့သောအခါမှသာ ရွှီယန်သည်လည်း စွမ်းအင်ကြီးမားသူ တစ်ယောက်ဖြစ်ကြောင်းကို ကြောင်လေးက အသိအမှတ်ပြုလာခဲ့သည်။
ဤသည်မှာ အတော်လေး မြင့်မားသော အသိအမှတ်ပြုမှုပင် ဖြစ်သည်။
ရွှီယန်ကတော့ ဤကြောင်လေးကို ချစ်စရာကောင်းပြီး ကြွက်လည်း ဖမ်းနိုင်သည်ဟု ရိုးရိုးရှင်းရှင်းသာ တွေးထားခြင်း ဖြစ်သည်။
မွေးမြူထားရသည်မှာ အတော်လေး ပျော်စရာကောင်းလှပေသည်။
ရွှီယန်က တည်သီးခြောက် တစ်ခုကို ထုတ်ယူကာ ကြောင်စင်းကျားလေးဆီသို့ လှမ်းပေးလိုက်သည်ကို မြင်တွေ့လိုက်ရသည်။
ကြောင်လေးက တည်သီးခြောက်ကို မြင်သောအခါ ပါးစပ်ကို အကျယ်ကြီးဟပြီး ညင်သာစွာ ကိုက်လိုက်ရာ အစွယ်နှစ်ချောင်းက တည်သီးခြောက်ထဲသို့ စိုက်ဝင်သွားတော့သည်။
ထိုသို့ ကိုက်လိုက်ခြင်းက ပြဿနာ မရှိသော်လည်း အစွယ်များက တည်သီးခြောက်ထဲတွင် နစ်ဝင်သွားပြီး ပြန်ဆွဲထုတ်၍ မရတော့ခြင်းက ပြဿနာပင် ဖြစ်သည်။
တည်သီးခြောက်က ၎င်း၏ ပါးစပ်ထဲတွင် တစ်ဆို့နေတော့သည်။
ကြောင်လေးက ပါးစပ်ကို အကျယ်ကြီးဟပြီး ကြိုးစားကြည့်သော်လည်း ပြန်ဆွဲထုတ်၍ မရသေးချေ။
၎င်း အတော်လေး လန့်သွားပြီး ခေါင်းကို ရမ်းခါနေကာ ခန္ဓာကိုယ်မှာလည်း လိုက်ပါ လှုပ်ရမ်းနေတော့သည်။
ရွှီယန် ချက်ချင်း ရယ်မောလိုက်မိသည်။
"ဘယ်လိုဖြစ်ပြီး တစ်ဆို့သွားရတာလဲ..."
သူ အမြန် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကြောင်လေး၏ ခေါင်းကို အရင်ဆုံး ငြိမ်အောင် ကိုင်ထားလိုက်သည်။ ထို့နောက် တည်သီးခြောက်ကို ဖိထားပြီး ကြောင်လေး၏ အစွယ်များကို ပြန်ဆွဲထုတ်ပေးလိုက်သည်။
အစွယ်များ ပြန်ထွက်လာသည်နှင့် ကြောင်လေးက ချက်ချင်း နောက်ဆုတ်သွားပြီး တည်သီးခြောက်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေလေသည်။
'ဒီအရာက တော်တော် ထူးဆန်းတယ်... ငါ့အသက်ကိုတောင် နှုတ်ယူသွားတော့မလို့ပဲ...'
၎င်း တွေးနေပုံရသည်။
၎င်း၏ သတိထားနေမှုကို ရွှီယန် ရိပ်မိလိုက်သည်။ ထို့ပြင် လက်ထဲက တည်သီးခြောက်မှာလည်း စား၍ မရတော့သဖြင့် ကြောင်လေးရှိရာဘက်သို့ လှမ်းပစ်ပေးလိုက်သည်။
ဖောင်း...
တည်သီးခြောက်က မျဉ်းကွေးလေးတစ်ခု ဆွဲကာ ကြောင်လေး၏ ရှေ့သို့ ကျသွားသည်။
ကြောင်လေးက နေရာမှာတင် ခုန်ပေါက်ပြီး နောက်ပြန် လွင့်စင်သွားလေသည်။ ထို့နောက် လှည့်ကာ ခပ်သုတ်သုတ် ပြေးထွက်သွားတော့သည်။
ဤမြင်ကွင်းကို ကြည့်ပြီး ရွှီယန် အတော်လေး အံ့ဩမှင်တက်သွားရသည်။
"ဟေ..."
"ဆန်းပြောင်... မင်းက ရွာကြောင်တွေရဲ့ ခေါင်းဆောင်လေ... တည်သီးခြောက်ကို ကြောက်တယ်ပေါ့..."
ရွှီယန် မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။
ကြောင်လေးက ဘာမှ ပြန်မတုံ့ပြန်ဘဲ ခြေလှမ်းကျဲကျဲဖြင့် အမြန် ပြေးထွက်သွားတော့သည်။
၎င်းက တည်သီးခြောက်ကို ကြောက်သည်ဟု မယူဆဘဲ ဤအရာနှင့် မပတ်သက်ချင်ဟုသာ တွေးထားခြင်း ဖြစ်သည်။
၎င်းကတော့ အစွမ်းအထက်ဆုံးသူပင် ဖြစ်သည်။
ထိုအချိန်မှာပင် ရှောင်ဟေးက မြေကြီးပေါ်မှ တည်သီးခြောက်ကို မြင်သောအခါ အမြန်ပြေးလာပြီး တစ်ကိုက်တည်းနှင့် ပါးစပ်ထဲ ကိုက်ချီလိုက်သည်။ ထို့နောက် အားရပါးရ ဝါးစားပြီးနောက် တည်သီးခြောက်ကို မြိုချလိုက်တော့သည်။
ဤကောင်လေးကတော့ တော်တော် မြန်ဆန်လှပေသည်။
ရွှီယန်လည်း သဘောကျသွားသည်။
ဘဝကတော့ အတော်လေး အေးချမ်းနေဆဲပင်။
လောလောဆယ် ဘာကိစ္စ ကြီးကြီးမားမားမှ မရှိသဖြင့် စားစရာများကိုသာ လေ့လာနေဖြစ်သည်။
စဉ်းစားကြည့်တော့ အပြင်ကို နည်းနည်းပါးပါး ထွက်လည်သင့်ပြီဟု ထင်မိသည်။ ယခုဆိုလျှင် လူများက သူ့အပေါ် တော်တော်လေး မျှော်လင့်နေကြပြီ မဟုတ်ပါလော။
ထိုမျှော်လင့်ချက်များက တစ်ခါတရံ သူ့ကို ဖိအား အနည်းငယ် ပေးသလိုပင်။
လူကြိုက်များလာပါက ဖိအားကတော့ အမြဲရှိစမြဲပင် ဖြစ်သည်။
ဥပမာ သူက တည်သီးလှန်းသည့် ဗီဒီယိုလေး တစ်ခု တင်လိုက်ရုံဖြင့် လူအများကြီးက လိုက်လံ အတုခိုးကြသည်။
ကြည့်ရသည်မှာ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းလှပေသည်။
လယ်ယာခြံဝင်းတွင် အလုပ် သိပ်မများသဖြင့် ရွှီယန်က တောတောင်ရှာဖွေရန် နောက်ထပ် စဉ်းစားနေပြန်သည်။
ညဘက်ရောက်သောအခါ ရွှီယန် ဂိမ်းနည်းနည်းဆော့ပြီး မျက်နှာသစ်ကာ အိပ်ရာဝင်သွားတော့သည်။
လယ်ယာခြံဝင်း အပြင်ဘက်တွင်တော့ ရှပ်ရှပ်မည်သော အသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။
ဝံပုလွေ နှစ်ကောင်က လယ်ယာခြံဝင်း၏ အရှေ့တံခါးမှ တစ်ဆင့် ခြံဝင်းထဲသို့ တိတ်တဆိတ် ဝင်လာကြသည်။
ဝံပုလွေများ၏ လှုပ်ရှားမှု နယ်ပယ်က အတော်လေး ကျယ်ဝန်းလှသည်။ အထူးသဖြင့် ညဘက်များတွင် ဖြစ်သည်။
မိုးလင်းခါနီး အချိန်ရောက်မှသာ တောနက်ထဲသို့ ပြန်ပြီး အနားယူကြခြင်း ဖြစ်သည်။
အပြင်မှ အသံများကြောင့် ခွေးလေးများနှင့် ဝံပုလွေပေါက်လေးတို့ သတိထားမိသွားကြသည်။
၎င်းတို့က ချက်ချင်း အပြင်သို့ ပြေးထွက်လာပြီး တိုက်ခိုက်မည့် အနေအထားဖြင့် အသင့်ပြင်ထားလိုက်ကြသည်။
ရှောင်ဟေးနှင့် မာလီနွိုက်ခွေးတို့က သတိပေးသော အသံများဖြင့် ဟောင်လိုက်ကြသည်။
ထိုဝံပုလွေ နှစ်ကောင်က ရန်လိုသော ရည်ရွယ်ချက် မရှိချေ။ ၎င်းတို့ကို မြင်သည်နှင့် ချက်ချင်း နောက်ပြန်လှည့်ပြေးကြတော့သည်။
အပြင်မှ အသံများကို ရွှီယန် ကြားလိုက်ရသည်။ သူ ချက်ချင်း ထပြီး အနွေးထည် အထူကြီး တစ်ထည်ခြုံကာ အပြင်ထွက်လာခဲ့သည်။
ခွေးဟောင်သည် ဆိုလျှင်တော့ ကိစ္စတစ်ခုခု ရှိ၍ပင် ဖြစ်သည်။
လယ်ယာခြံဝင်းက ခပ်လှမ်းလှမ်းတွင် ရှိပြီး ပတ်ဝန်းကျင်၌ အိမ်များ သိပ်မရှိသဖြင့် တောရိုင်းတိရစ္ဆာန်များ ရောက်လာရန် အခွင့်အလမ်း ပိုများလေသည်။
ရွှီယန်က သူ၏ လှံရှည်ကြီးကို တိုက်ရိုက် ကိုင်ဆောင်လာခဲ့သည်။
ဤသည်က ကျောက်ကျီလုံ နှင့် ပုံစံတူ လှံရှည်ကြီး ဖြစ်သည်။ သာမန် သားရဲများ ဆိုလျှင်တော့ တကယ်ကို မခံနိုင်ပေ။
ရွှီယန် အပြင်ထွက်လာသောအခါ လယ်ယာခြံဝင်း အပြင်ဘက်၌ ဝံပုလွေ နှစ်ကောင်က ဤဘက်သို့ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
"ဝံပုလွေ..."
"လခွမ်း..."
ဤဘက်တွင် ဝံပုလွေများ ရှိနေခြင်းက သိပ်ကောင်းသော ကိစ္စ မဟုတ်ချေ။
အကယ်၍ ကြောင်များကို ဖြစ်စေ ကြက် ဘဲ ငန်းများကို ဖြစ်စေ ကိုက်ချီသွားပါက သာမန်ကိစ္စပင် ဖြစ်သည်။
တောဝံပုလွေများက ကြောင်များကို အမဲလိုက်တတ်သည် ဆိုတာက အဆန်းတော့ မဟုတ်ပေ။
အကယ်၍ အုပ်စုကြီးသော ဝံပုလွေအုပ် ဆိုလျှင် ခြံထဲရှိ သိုးများကိုတောင် ဝင်ရောက် တိုက်ခိုက်တတ်သေးသည်။
ရွှီယန်က အနည်းငယ် သတိထားလိုက်ပြီး ပတ်ဝန်းကျင်ကို သေချာ ကြည့်လိုက်သော်လည်း အခြား ဝံပုလွေများ၏ အရိပ်အယောင်ကိုတော့ မတွေ့ရချေ။
"ဘာဖြစ်တာလဲ..."
ရွှီယန် သေချာ ကြည့်လိုက်တော့မှ ထိုဝံပုလွေ နှစ်ကောင်၏ အကြည့်များက ဝံပုလွေပေါက်လေးထံသို့ ရောက်ရှိနေကြောင်း သတိထားမိသွားသည်။
"ရှောင်လန်... မင်း သူတို့နဲ့ သိလို့လား..."
ရွှီယန်က ဝံပုလွေပေါက်လေးဘက် လှည့်ကာ မေးလိုက်သည်။
ဝံပုလွေပေါက်လေးက နားမလည်သည့် ပုံစံလေး လုပ်ပြလေသည်။
"မသိဘူးလား... ဒါဆို သူတို့က မင်းဆီ လာတာလား..."
ရွှီယန်လည်း အတော်လေး နားမလည် ဖြစ်သွားရသည်။
ဝံပုလွေပေါက်လေးက အဝေးမှ ဝံပုလွေ နှစ်ကောင်ကို ကြည့်နေသည်။ ဤသည်က သူနှင့် မျိုးနွယ်တူများကို ဒုတိယအကြိမ် တွေ့ဖူးခြင်းပင်။
ပထမအကြိမ် ကလည်း ဤဝံပုလွေ နှစ်ကောင်ပင် ဖြစ်သည်။
ဝံပုလွေပေါက်လေးက ဉာဏ်ကောင်းလှသည်။ သူ့ရှေ့မှ ဤနှစ်ကောင်ကမှ သူ့၏ မျိုးနွယ်တူများ ဖြစ်ကြောင်းကို သူ သိရှိသွားသည်။
ရှောင်ဟေးနှင့် ယွမ်ပေါင်ကို ကြည့်ပြီး ဘာကြောင့် ဤအစ်ကိုကြီး နှစ်ယောက်က အရပ်မရှည်တာလဲ ဆိုတာကိုလည်း သူ နားလည်သွားတော့သည်။
'မျိုးနွယ်မှ မတူတာကိုး...'
၎င်း တွေးလိုက်မိသည်။
ဝံပုလွေပေါက်လေး ကတော့ ဘာမှ မထူးဆန်းပေ။ လယ်ယာခြံဝင်းတွင် နေရသည်မှာ အတော်လေး ကောင်းမွန်လှသည် မဟုတ်ပါလော။
၎င်းက ရွှီယန်၏ ဘေးတွင် နေရသည်ကို သဘောကျသလို ရှောင်ဟေးနှင့် အတူတူ ဆော့ကစားရသည်ကိုလည်း သဘောကျသည်။
ထို့ကြောင့် အရှေ့မှ ဝံပုလွေ နှစ်ကောင်အပေါ်တွင် သူ ဘာအမြင်မှ မရှိချေ။
ထိုအချိန်တွင် ဝံပုလွေ နှစ်ကောင်က ရွှီယန်ကို အလွယ်တကူ သွားစ၍ မရမှန်း သိသွားပြီး လှည့်ပြေးသွားကြရာ မကြာခင်မှာပင် ပျောက်ကွယ်သွားတော့သည်။
"ထူးဆန်းတယ်..."
"ရှောင်ဟေး... သူတို့ ထပ်ဝင်လာရင် မင်းတို့ ဟောင်ကြနော်..."
ဝံပုလွေများ ထွက်သွားသည်ကို မြင်သောအခါ ရွှီယန်လည်း လှံရှည်ကို ဆွဲပြီး အိပ်ရာ ပြန်ဝင်သွားတော့သည်။
ညသန်းခေါင် ရောက်သည့်တိုင်အောင်ပင်။
ဝံပုလွေပေါက်လေးက အပြင်မှ အသံများကို ပြန်လည် ကြားရပြန်သည်။
သူ ချက်ချင်း နိုးလာခဲ့သည်။
အဝေးမှနေ၍ ကြားရသော ဝံပုလွေ အူသံပင် ဖြစ်သည်။
ဝံပုလွေပေါက်လေး၏ ခန္ဓာကိုယ်ထဲတွင် တစ်ခုခုကို လှုံ့ဆော်လိုက်သလို ခံစားလိုက်ရပြီး သူလည်း လိုက်အူချင်စိတ်များ ပေါ်လာတော့သည်။
ထို့နောက် သူ ထပြီး လယ်ယာခြံဝင်း အပြင်ဘက်သို့ တိုက်ရိုက် ထွက်လာခဲ့သည်။
ရှောင်ဟေးနှင့် ယွမ်ပေါင်တို့ ကတော့ ဤအသံများကို မကြားရဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြတုန်းပင်။
ဝံပုလွေပေါက်လေး ထွက်သွားသည်ကို ၎င်းတို့ သတိမထားမိကြချေ။
ဝံပုလွေပေါက်လေးက လယ်ယာခြံဝင်း အပြင်ဘက်သို့ ထွက်လာပြီး ကျယ်ဝန်းသော လွင်ပြင်ထဲသို့ ရောက်လာခဲ့သည်။
ဤနေရာက မြက်ရိုင်းများ ပေါက်နေပြီး ချောက်များ အများကြီးရှိသော လူသူကင်းမဲ့သည့် နေရာတစ်ခု ဖြစ်သည်။
ကောင်းကင်ယံကတော့ မှောင်မည်းနေသည်။
ဝံပုလွေပေါက်လေးက ဝံပုလွေ နှစ်ကောင်ကို သတိထားပြီး ကြည့်လိုက်သည်။
ဝံပုလွေ နှစ်ကောင်က ဝံပုလွေပေါက်လေး တစ်ကောင်တည်း ထွက်လာသည်ကို မြင်သောအခါ ချက်ချင်း ပြေးလာကြတော့သည်။
ကြည့်ရသည်မှာ အတော်လေး စိတ်လှုပ်ရှားနေပုံပင်။
ဝံပုလွေပေါက်လေးက ၎င်းတို့ထံတွင် ရန်လိုသည့် ရည်ရွယ်ချက် မရှိကြောင်းကို ခံစားလိုက်ရသည်။
ရှိလျှင်တောင် ပြဿနာ မရှိပေ။ ဝံပုလွေပေါက်လေး၏ ခန္ဓာကိုယ်က ၎င်းတို့ထက် နည်းနည်း ပိုကြီးပြီး ခွန်အားလည်း ပိုရှိသည်လေ။
သူ၏ စွမ်းရည်အပေါ်တွင် သူ ယုံကြည်မှု ရှိလေသည်။
အမှောင်ထဲတွင် ဝံပုလွေ နှစ်ကောင်က ဝံပုလွေပေါက်လေး အနားသို့ ကပ်လာကြသည်။
၎င်းတို့က အရင်ဆုံး အနီးကပ် နှုတ်ဆက်ကြပြီး ဖြည်းဖြည်းချင်း ချဉ်းကပ်လာကြလေသည်။
အရင်က အေးစက်နေပုံရသော မျက်လုံးများက ယခုတော့ အနည်းငယ် ဖော်ရွေပြီး အောက်ကျို့သည့် အမူအရာများ ပါဝင်နေသည်။
နားရွက်များကလည်း အလိုလို နောက်သို့ လန်နေတော့သည်။
ထိုပုံစံက ဝံပုလွေပေါက်လေးကို နည်းနည်း နားမလည်ဖြစ်သွားစေသည်။
အဘယ်ကြောင့်ဆိုသော် ရွှီယန်၏ ရှေ့တွင် သူလည်း ဤသို့ပင် လုပ်တတ်သောကြောင့် ဖြစ်သည်။
ထို့နောက် ဝံပုလွေ နှစ်ကောင်က ပိုပိုပြီး နီးကပ်လာကာ ဝံပုလွေပေါက်လေး၏ အနားတွင် လာရောက် ပွတ်သီးပွတ်သပ် လုပ်နေကြတော့သည်။
ဝံပုလွေပေါက်လေးလို အတွေ့အကြုံမရှိသေးသော အကောင်လေးက ဤသို့သော မြင်ကွင်းမျိုးကို ဘယ်လိုလုပ် မြင်ဖူးမည်နည်း။
သူက ငယ်စဉ်ကတည်းက လိမ္မာရေးခြားရှိသော ကလေးလေး တစ်ယောက်ပင် ဖြစ်သည်။
'မင်းတို့ ဘာလုပ်နေတာလဲ...'
ဝံပုလွေပေါက်လေးက ခန္ဓာကိုယ်တွင် တစ်ခုခု ထူးဆန်းနေသလို ခံစားရပြီး နားမလည်စွာဖြင့် တွေးလိုက်သည်။
ဝံပုလွေ နှစ်ကောင်က ပိုပြီး စိတ်လှုပ်ရှားလာကြသည်။
ဝံပုလွေပေါက်လေး၏ ခေါင်းကို လာပွတ်နေကြတော့သည်။
ဝံပုလွေပေါက်လေးက တဖြည်းဖြည်းနှင့် အတော်လေး ဇိမ်ရှိသလို ခံစားလာရသည်။
သူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံကလည်း မူလကတည်းက ကောင်းမွန်နေသည် မဟုတ်ပါလော။ ထို့နောက် မှောင်မည်းနေသော လွင်ပြင်ထဲတွင်တော့ ဖော်ပြ၍ မရနိုင်သော ကိစ္စရပ်အချို့ ဖြစ်ပျက်သွားခဲ့တော့သည်။
နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်သောအခါ...
ရွှီယန် အစောကြီး ထလာပြီး ခွေးလေးများကို ခေါ်ကာ မနက်ခင်း ပြေးရန် စီစဉ်လိုက်သည်။
မနက်ခင်း ရွာလေးက ရှင်းလင်းကျယ်ဝန်းပြီး လေထုက အထူး သန့်ရှင်းလတ်ဆတ်သဖြင့် ပြေးရန် အကောင်းဆုံးပင် ဖြစ်သည်။
သို့သော် သူ နှစ်ခွန်းလောက် ခေါ်ပေမယ့် ဝံပုလွေပေါက်လေးက ခွေးအိမ်ထဲတွင် လှဲနေပြီး ဘာမှ လှုပ်ရှားမှု မရှိချေ။
ရှောင်ဟေးနှင့် မာလီနွိုက်ခွေး ကတော့ အမြန် ပြေးလာကြသည်။
"ရှောင်လန်... ဘာဖြစ်လို့လဲ... မနေ့ညက ကောင်းကောင်း မအိပ်ရဘူးလား..."
ရွှီယန်က သူ့မှာ ကိစ္စတစ်ခုခု ရှိနေသလားဟု စိုးရိမ်တကြီး မေးလိုက်သည်။
ရှောင်ဟေးက ဝံပုလွေပေါက်လေးကို တစ်ချက်ကြည့်ပြီး အူကြောင်ကြောင် အပြုံးလေး ပြုံးလိုက်လေသည်။
ဝံပုလွေပေါက်လေး ဘာလုပ်ခဲ့သည် ဆိုတာကို သူ အသိဆုံးပင်။
ရွာပတ်ဝန်းကျင်မှာ တောခွေးတွေ အများကြီးရှိပြီး ရှောင်ဟေးကလည်း အတော်လေး ကြမ်းတမ်းတဲ့ အကောင်ဆိုတော့ ဒီလိုကိစ္စတွေကို အစောကြီးကတည်းက ကြုံဖူးနေပြီလေ။
လယ်ယာခြံဝင်းထဲက ခွေးလေးတွေက တစ်ကောင်မှ အေးအေးဆေးဆေး နေတဲ့အကောင်တွေ မဟုတ်ပါဘူး။
ရွှီယန်ရှေ့မှာသာ အမြဲတမ်း လိမ္မာနေကြတာ ဖြစ်သည်။
ဝံပုလွေပေါက်လေးက ရွှီယန်ကို အမြီးလေး ရမ်းပြလိုက်သည်။ ရွှီယန်ကတော့ သူ နေမကောင်းဘူးထင်ပြီး ဆက်အိပ်ခိုင်းလိုက်တော့သည်။
ထို့နောက် ရွှီယန်က ရှောင်ဟေးနှင့် ယွမ်ပေါင်ကို ခေါ်ကာ ရွာအပြင်ဘက်သို့ ပြေးရန် ထွက်လာခဲ့သည်။
အလွန် သာယာသော နေ့တစ်နေ့ပင် ဖြစ်သည်။
'ဒီနေ့ တောင်ပေါ်သွားပြီး ကျားသစ်မိသားစုကို သွားကြည့်မယ်... မနက်ဖြန် တောင်ပေါ်သွားပြီး ကျားမိသားစုကို သွားကြည့်မယ်... အဲဒီနောက်တော့ အပြင်သွားပြီး ကိစ္စတစ်ခုခု လုပ်ဖို့ အချိန်တန်ပြီ...'
မနက်ခင်း ပြေးပြီး ပြန်ရောက်သောအခါ ရွှီယန် အခန်းထဲသို့ ပြန်ဝင်ပြီး ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို ထုတ်ယူကာ ပြည်တွင်းမြေပုံပေါ်ရှိ ဒေသအသီးသီး၏ ရတနာရှာဖွေရေး အဆင့်များကို ကြည့်လိုက်သည်။
ချန်ပိုင်တောင်တန်းက ညံ့တယ်... ချင်လင်းတောင်တန်းက ကောင်းတယ်... ခွန်းလွန်တောင်က ပုံမှန်... တာ့ရှင်းအန်းလင်းက ပုံမှန်...
နေရာတွေ အရမ်းများလွန်းသဖြင့် ရွှီယန် မျက်စိပင် လည်သွားရသည်။
သို့သော် မကြာခင်မှာပင် သူ၏ အကြည့်များက နေရာတစ်ခုတွင် ရပ်တန့်သွားတော့သည်။
ဟူလွန်ပေ့အော် သစ်တောနယ်မြေ...
ဟူလွန်ပေ့အော် သည် ကျယ်ပြန့်သော မြက်ခင်းပြင်များဖြင့် ပြည်တွင်းတွင် နာမည်ကြီးလေသည်။ သို့သော် ဟူလွန်ပေ့အော် သစ်တောနယ်မြေ၏ အကျယ်အဝန်းမှာ မြက်ခင်းပြင် အကျယ်အဝန်းထက် ပိုကြီးကြောင်းကို ရွှီယန် သေချာ သိထားသည်။
ထို့ပြင် ထိုဘက်ရှိ ဆောင်းဦးရာသီ သစ်ရွက်များက အထူး လှပပေသည်။
ဆောင်းတွင်း မရောက်ခင်လေးက ဆောင်းဦး အလှကို ခံစားရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။
အရေးအကြီးဆုံးကတော့ ဟူလွန်ပေ့အော် သစ်တောနယ်မြေ၏ အဆင့်က အရမ်းကောင်းတယ် ဟု ပြနေခြင်းပင် ဖြစ်သည်။
ရွှေရောင်ဖြင့် အရမ်းကောင်းတယ် ဟူသော စာလုံး နှစ်လုံးကို မြင်သည်နှင့် ရွှီယန် စိတ်လှုပ်ရှားသွားတော့သည်။
ဤသည်က တကယ်ကို သွားသင့်သော နေရာကောင်း တစ်ခုပင် ဖြစ်သည်။
ထို့ပြင် သိပ်လည်း မဝေးလှပေ။
တောင်ဘက်ရှိ နေရာများထက်တော့ ပိုနီးပေသည်။
ထို့နောက် သူက ရှောင်ဟေးနှင့် မာလီနွိုက်ခွေးကို လှမ်းကြည့်လိုက်သည်။
"သစ်တောထဲမှာ ဝံပုလွေတွေ ရှိတယ်နော်... မင်းတို့ နှစ်ကောင် လိုက်မှာလား..."
သူက မေးလိုက်သည်။
ခွေးလေး နှစ်ကောင်က ချက်ချင်းပင် အမြီးလေးများ ရမ်းကာ လျှောက်လာကြတော့သည်။
ကြည့်ရသည်မှာ ၎င်းတို့ နှစ်ကောင်စလုံး လိုက်ရန် ဆုံးဖြတ်ထားပုံပင်။