အခန်း ၃၄၈
Vol. 35 Ch. 348
အခန်း (၃၄၈) ဟင်... သူက အခု ဒီလောက်တောင် မိုက်နေတာလား
ရတနာသွားရှာရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။
ဤကဲ့သို့သော လောကီလောက၏ ထူးဆန်းသည့် အတွေ့အကြုံများက ရွှီယန်ကို အမြဲတမ်း စိတ်လှုပ်ရှားစေမြဲ ဖြစ်သည်။
ဟူလွန်ပေ့အော် သစ်တောနယ်မြေ။
လူအများစု မသိကြသော အချက်တစ်ခု ရှိနေပေသည်။ ပြည်တွင်း၌ သစ်တောဖုံးလွှမ်းမှု အများဆုံး ဒေသမှာ တကယ်တမ်းတွင် အတွင်းမွန်ဂိုလီးယား ဒေသပင် ဖြစ်သည်။
လူအများက ထိုနေရာတွင် ကျယ်ပြန့်သော မြက်ခင်းပြင်ကြီးများသာ ရှိသည်ဟု ထင်မှတ်ထားကြသော်လည်း လက်တွေ့တွင်မူ သစ်တောများက ပို၍ပင် များပြားလှပေသည်။
ထိုဘက်တွင် ဝံပုလွေများ ရှိနေနိုင်သဖြင့် ရွှီယန်က ရှောင်ဟေးနှင့် မာလီနွိုက်ခွေး ယွမ်ပေါင်တို့ကို မခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။
အဓိက အကြောင်းရင်းမှာ လူသူကင်းမဲ့သော နေရာတွင် အန္တရာယ်ကြုံ၍ ရင်ဆိုင်ရပါက ရှောင်ဟေးနှင့် ယွမ်ပေါင်တို့ သေချာပေါက် ဒဏ်ရာရရှိသွားနိုင်သောကြောင့် ဖြစ်သည်။ တောဝံပုလွေများ၏ တိုက်ခိုက်နိုင်စွမ်းက တကယ်ကို ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လှပေသည်။
သို့သော် သူက ဝံပုလွေပေါက်လေးကိုတော့ ခေါ်သွားရန် စိတ်ကူးရှိနေသည်။
ဝံပုလွေပေါက်လေး၏ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ တောင့်တင်းသန်မာနေပြီဖြစ်ကာ အခြား ဝံပုလွေများနှင့် တွေ့ဆုံပါကလည်း မျိုးနွယ်တူများ ဖြစ်သဖြင့် အဆင်ပြေနိုင်ပေသည်။
ထို့ကြောင့် ရွှီယန်က သစ်တောဦးစီးဌာနသို့ ဖုန်းဆက်၍ ဤကိစ္စကို မေးမြန်းလိုက်သည်။ ပုံမှန်အားဖြင့် တောရိုင်းတိရစ္ဆာန်များကို သယ်ယူပို့ဆောင်ခွင့် မရှိသော်လည်း သင့်လျော်သော အကြောင်းပြချက် ပေးနိုင်ပါကတော့ ခွင့်ပြုချက် ရရှိနိုင်ပေသည်။
ရွှီယန်က ဝံပုလွေပေါက်လေးကို တောထဲ ပြန်လွှတ်ရန် နေရာသွားရှာမည် ဟူသော အကြောင်းပြချက်ဖြင့် ခွင့်ပြုချက် တောင်းခံလိုက်သည်။
တကယ်တမ်း ထိုနေရာသို့ ရောက်သွားချိန်တွင် နေရာမသင့်တော်ဟု အကြောင်းပြကာ လယ်ယာခြံဝင်းသို့ ပြန်ခေါ်လာမည် ဖြစ်သည်။ သို့ဆိုလျှင် ပြဿနာ ရှိတော့မည် မဟုတ်ချေ။
ဘာပဲဖြစ်ဖြစ် သစ်တောဦးစီးဌာန ကလည်း ဝံပုလွေပေါက်လေးကို တောထဲ ပြန်လွှတ်သင့်ကြောင်း အရင်က ပြောဆိုခဲ့ဖူးသည်။ တောစောင့်များ လာရောက် စစ်ဆေးစဉ်ကတောင် ဝံပုလွေပေါက်လေးကို တောထဲ လွှတ်ကြည့်ပြီး စမ်းသပ်ခဲ့သေးသည်။ သို့သော် ဝံပုလွေပေါက်လေး ကိုယ်တိုင်က ထွက်မသွားချင်သဖြင့် လယ်ယာခြံဝင်းသို့ ၎င်းဘာသာ ပြန်လာခဲ့ခြင်း ဖြစ်သည်။
ကိစ္စက ဤသို့ဖြင့် အဆင်ပြေသွားတော့သည်။
ရွှီယန် ထွက်ခွာရန် ပြင်ဆင်နေစဉ် ကျီးကန်းဖြူလေးက သူ၏ ပခုံးပေါ်သို့ ပျံသန်းလာခဲ့သည်။
ဤကောင်လေးက ရွှီယန် ခရီးဝေး ထွက်တော့မည်ကို သိနေပုံရပြီး ချက်ချင်း အနားကပ်လာခြင်း ဖြစ်သည်။ ၎င်းကလည်း အတူ လိုက်ပါချင်နေသည့် ပုံပင်။
"မင်းလည်း လိုက်မလို့လား..."
"ရတယ်လေ... မင်းကတော့ အန္တရာယ်ကင်းပါတယ်..."
ရွှီယန်က လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်။
နောက်တစ်နေ့။
ရွှီယန်က မာဝန်ကို လမ်းကြမ်းသုံးကားကို မောင်းခိုင်းကာ ဟူလွန်ပေ့အော် ဘက်သို့ တောက်လျှောက် ထွက်ခွာလာခဲ့သည်။
တာ့ရှင်းအန်းလင်း ၏ နေရာအတော်များများက ဟူလွန်ပေ့အော် တွင် ရှိသော်လည်း ရွှီယန် သွားမည့် နေရာက ထိုနေရာ မဟုတ်ဘဲ ပို၍ နက်ရှိုင်းသော နေရာသို့ ဖြစ်သည်။
အင်တာနက်တွင် ကြိုတင် ကြေညာထားခဲ့သဖြင့် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေသူ အတော်လေး များပြားလှပေသည်။
"ခြံရှင်... အတွင်းမွန်ဂိုလီးယား ရဲ့ အနက်ပိုင်း လူသူကင်းမဲ့တဲ့ နေရာဆိုတာ တကယ်ကို လူခြေတိတ်တာ... ကားမောင်းပြီး တစ်ရက်လောက် သွားရင်တောင် လူရိပ်လူယောင် တွေ့ရဖို့ မသေချာဘူး..."
"ခြေလျင် ခရီးသွားမယ်ဆိုရင် သိပ်အန္တရာယ် မများလွန်းဘူးလား..."
မာဝန်က အနည်းငယ် စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
ထိုနေရာမှနေ၍ မြောက်ဘက်သို့ ဆက်သွားပါက ပို၍ ကျယ်ပြောသော ဆိုက်ဘေးရီးယား ဒေသသို့ ရောက်ရှိမည် ဖြစ်သည်။
ဆိုက်ဘေးရီးယား တွင် ကျားများ၊ ကြောက်စရာကောင်းသော တောဝက်ကြီးများ၊ ထို့ပြင် ဝက်ဝံညိုများနှင့် ဝက်ဝံမည်းများ ရှိနေတတ်သည်။
အတွင်းမွန်ဂိုလီးယား သစ်တောများထဲတွင်လည်း ထိုအကောင်များ မရှိဘူးဟု မည်သူမျှ တပ်အပ် မပြောနိုင်ချေ။
"ကိစ္စမရှိပါဘူး... အဲဒီလောက် အန္တရာယ်များတဲ့ နေရာတွေကိုတောင် ဖြတ်ကျော်လာခဲ့ပြီးပြီပဲ..."
"ငါ သေချာ ပြင်ဆင်ထားပါတယ်..."
ရွှီယန်က အမြဲတမ်း သေချာ ပြင်ဆင်ထားလေ့ ရှိသည်။ ထို့ပြင် သူလုပ်သမျှ အရာအားလုံးက အစစ်အမှန်များချည်းသာ ဖြစ်သည်။
ဤသို့ဖြင့် သွားမည့်နေရာကို သေချာ သတ်မှတ်ပြီးနောက် လမ်းကြမ်းသုံးကားက ရှေ့သို့ တောက်လျှောက် မောင်းနှင်သွားတော့သည်။
ဒုတိယနေ့ နံနက်ပိုင်းတွင် ကားက အတွင်းမွန်ဂိုလီးယား မြက်ခင်းပြင်သို့ ရောက်ရှိလာပြီး ဟူလွန်ပေ့အော် ၏ ရှုခင်းကြည့် ကားလမ်းမပေါ်တွင် မောင်းနှင်နေသည်။
လမ်းဘေး တစ်ဖက်တစ်ချက်စီရှိ မြက်များ အကုန် ခြောက်သွေ့နေပြီး အပေါ်တွင် လိပ်ထားသော မြက်ထုံးလေးများ တစ်ခုပြီးတစ်ခု ပြန့်ကျဲနေကာ အဝါရောင် ကိတ်မုန့်လေးများနှင့် တူနေပေသည်။
ဆောင်းတွင်း မရောက်ခင် မွေးမြူရေးသမားများက မြက်ရိတ်ပြီး ဆောင်းခိုရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ရွှီယန် မလာခင်က အလုပ်သမားများကို မှာကြားခဲ့သော အလုပ်မှာလည်း မြက်ရိတ်ရန်ပင် ဖြစ်သည်။
ဤရက်ပိုင်း လီဆန်း နှင့် ဝမ်ဝူ တို့ အဖွဲ့မှာ လယ်ယာခြံဝင်းမှ မြက်များကို ရိတ်ပြီး ရောင်းချရန် စုပုံနေရသည်နှင့်ပင် အလုပ်များနေကြလေသည်။
မြက်ခင်းပြင်၏ ရှုခင်းက အလွန် လျောက်ပတ်ပြီး အထီးကျန်ဆန်သော ခံစားချက်ကိုပါ ပေးစွမ်းလေသည်။ ဤသို့သော ခံစားချက်မျိုးက မြက်ခင်းပြင်ပေါ်တွင်သာ ရရှိနိုင်ခြင်း ဖြစ်သည်။
ရွှီယန်က ပြတင်းပေါက် ဘေးမှ ရှုခင်းများကို ကြည့်ရင်း စိတ်ထဲတွင် အတော်လေး မျှော်လင့်နေမိသည်။
'ဒီရှုခင်းတွေက ကြည့်ရတာ မဆိုးပါဘူး... မြက်ခင်းပြင်ပေါ်မှာ မွေးမြူရေးခြံ အကြီးကြီး တစ်ခု ဖွင့်ပြီး နေလို့ရရင်လည်း ကောင်းမှာပဲ...'
'ဒါပေမယ့် မွေးမြူရေးခြံတွေက အများနဲ့ အဆက်အသွယ် ပြတ်နေတတ်တယ်... ပတ်ဝန်းကျင် ရှုခင်းတွေကို ကြည့်တာ ကြာလာရင်လည်း ရိုးသွားနိုင်တယ်... ရွာတွေ မြို့တွေကို သွားဖို့ ကားနဲ့ နာရီပေါင်းများစွာ မောင်းရနိုင်တာမို့ သိပ်တော့ အဆင်မပြေလှဘူး...'
ကားက မြက်ခင်းပြင် ရှုခင်းကြည့် လမ်းမကို ဖြတ်ကျော်ကာ ဘုသစ်တောအုပ်ကြီးများ ထဲသို့ ဝင်လာသောအခါ လမ်းပေါ်တွင် ကားများ ပိုများလာသည်။
လမ်းက ဖြောင့်တန်းပြီး သန့်ရှင်းနေကာ ဘေးတစ်ဖက်တစ်ချက်တွင်တော့ အဝါရောင် ဘုသစ်ပင်များ အစုလိုက် အပြုံလိုက် ရှိနေသည်။ သစ်ရွက်များက တကယ်ကို ရွှေဝါရောင် စစ်စစ်ဖြစ်ပြီး အခြား အရောင်များ နည်းနည်းလေးမျှတောင် မပါဝင်ချေ။
တောင်ပေါ်ရှိ သစ်တောများကဲ့သို့ ဆောင်းဦးရောက်လျှင် အဝါရောင် အနီရောင် အစိမ်းရောင်များ ရောနှောကာ ရောင်စုံ ဖြစ်မနေပေ။
"ဒီဘက်က သစ်တောတွေ တကယ် မဆိုးဘူးနော်... ဒီက သစ်ပင်ကြီး နည်းနည်းလောက်ကို မြို့ထဲမှာ ထားလိုက်ရင်တောင် ရှုခင်း ဖြစ်သွားနိုင်တယ်..."
"ဒီမှာက သောင်းနဲ့ သိန်းနဲ့ချီ ရှိနေတာ..."
မာဝန်က ပတ်ဝန်းကျင်ရှိ အဝါရောင် သစ်ပင်များကို ကြည့်ရင်း မနေနိုင်ဘဲ ပြောလိုက်သည်။
ရွှီယန်က ခေါင်းညိတ်လိုက်သည်။ မာဝန် ပြောသည်က တကယ် မှန်ကန်ပေသည်။ မြို့ကြီးများတွင် ဆောင်းဦးရာသီ သစ်ရွက်ကြွေသည်ကို သွားကြည့်ကြသော နေရာများ ဆိုသည်မှာ တကယ်တမ်းကျတော့ သစ်ပင်ကြီး အနည်းငယ်သာ ရှိခြင်း ဖြစ်သည်။
ဝံပုလွေပေါက်လေး ကလည်း ပြတင်းပေါက်တွင် မှီလျက် အပြင်ဘက်သို့ ကြည့်နေလေသည်။ စောစောက အပြင်ရှိ နွားများနှင့် သိုးများကို တွေ့စဉ်က သူ အနည်းငယ် ဂဏာမငြိမ် ဖြစ်နေသေးသည်။
သေချာသည်ကတော့ ၎င်းက သွားစားချင်၍ မဟုတ်ဘဲ သွားရောက် ကျောင်းချင်သောကြောင့် ဖြစ်သည်။ တစ်ခါတစ်ရံ လယ်ယာခြံဝင်းတွင် သိုးကျောင်းပါက ၎င်းက ရှောင်ဟေး၊ ယွမ်ပေါင်တို့နှင့် အတူ သိုးကျောင်းလေ့ ရှိသည် မဟုတ်ပါလော။
သတ်မှတ်ထားသော နေရာသို့ ရောက်သောအခါ ရွှီယန်က မြေပုံကို ကြည့်လိုက်သည်။
"အေး... ဒီနားမှာပဲ မင်း ငါ့ကို ချပေးခဲ့တော့... ငါ့ဘာသာ ဝင်သွားလိုက်မယ်..."
"အထဲမှာ နှစ်ရက်လောက် နေမယ်လို့ မှန်းထားတယ်... နှစ်ရက်နေရင် ငါ မင်းကို ဖုန်းခေါ်လိုက်မယ်..."
"မင်း ရွာလေး တစ်ရွာ ရှာပြီး နားနေလိုက်ပါ..."
ရွှီယန်က မာဝန်ကို အစီအစဉ်များ ပြောပြလိုက်သည်။
"ဟုတ်ကဲ့ ခြံရှင်... စိတ်ချပါ..."
မာဝန်က ချက်ချင်း ပြန်ဖြေလိုက်သည်။
သူဌေးတစ်ယောက်အတွက် ကားဆရာ ဆိုသည်မှာ အရေးကြီးသော ရာထူးတစ်ခု ဖြစ်သလို လယ်ယာခြံဝင်း၏ ရာထူးကောင်း တစ်ခုလည်း ဖြစ်ပေသည်။ မာဝန်က အလုပ်ကို အလွန် ကြိုးစားလုပ်ကိုင်ပြီး ဤအခွင့်အရေးကိုလည်း အလွန် တန်ဖိုးထားသည်။
ထို့နောက် ရွှီယန်က အစားအသောက် အနည်းငယ် စားသောက်လိုက်ပြီး အားဖြည့်အချိုရည် နှစ်ဘူး သောက်ကာ ဝံပုလွေပေါက်လေးနှင့် ကျီးကန်းဖြူလေးကို ခေါ်ဆောင်၍ ရှင်းလင်းကျယ်ဝန်းသော သစ်တောကြီးထဲသို့ စတင် လမ်းလျှောက် ဝင်ရောက်သွားတော့သည်။
ဒရုန်းက အမြင့်သို့ ပျံတက်သွားပြီး တိုက်ရိုက်ထုတ်လွှင့်မှု စတင်လိုက်ပြီ ဖြစ်သည်။
အင်တာနက် သုံးစွဲသူ အများအပြား ဝင်ရောက်လာကြတော့သည်။
[ပထမဆုံး...]
[လောင်ရွှီ လိုက်ဖ် လွှင့်ပြီဟေ့...]
[အသက်ရှင်လျက် တွေ့ရတာပဲ...]
[မိုက်တယ်ကွာ... ဘယ်လောက်တောင် ကြာသွားပြီလဲ... နောက်ဆုံးတော့ လိုက်ဖ် ပြန်လွှင့်ပြီ... မင်း အနားယူသွားပြီလို့တောင် ထင်နေတာ...]
အားလုံးက အထူး တက်ကြွနေကြသည်။
ပရိသတ်များ၏ အာရုံစိုက်မှုက တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းပေါ်သို့ ရောက်သွားသောအခါ အလွန် လှပသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။ ရွှေရောင် သစ်တောကြီးက ရွှေရောင် ဆီဆေးပန်းချီကား တစ်ချပ်အလားပင်။ ကျောပိုးအိတ် လွယ်ထားသော လူတစ်ယောက်... ခန့်ညားသော ဝံပုလွေပေါက်လေး တစ်ကောင်... ထို့ပြင် ပခုံးပေါ်တွင်က အဖြူရောင် ငှက်တစ်ကောင်...
'ဟင်... ဒီလောက်တောင် မိုက်နေတာလား...'
အားလုံး အနည်းငယ် အူကြောင်ကြောင် ဖြစ်သွားကြသည်။
ရင်းနှီးနေသော တောင်တက်အင်္ကျီကိုသာ မမြင်ရပါက ချန်နယ် မှားဝင်လာသည်ဟုတောင် ထင်မှတ်မိကြမည်မှာ သေချာလှသည်။
[လခွမ်း... ဒါ ဘယ်နေရာလဲ... အရမ်း လှတာပဲ...]
[လောင်ရွှီ ဘယ်ရောက်နေတာလဲ...]
လူအများက ဤကဲ့သို့သော ရှုခင်းမျိုးကို ကြည့်ရှုရင်း အံ့ဩမှင်တက်နေကြသည်။ တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ လူဦးရေက လျင်မြန်စွာ မြင့်တက်လာသည်။ ၃ သောင်း... ၅ သောင်း... မကြာခင်မှာပင် ဂဏန်းက ၁ သိန်း ကျော်လွန်သွားပြီ ဖြစ်သည်။
တကယ်ကို ထိပ်တန်း အဆင့်ပင် ဖြစ်သည်။
ရွှီယန်က အဝါရောင် သစ်တောထဲတွင် လမ်းလျှောက်ရင်း စုပုံနေသော သစ်ရွက်ကြွေများကို နင်းကာ ပြောလိုက်သည်။
"ကျွန်တော် အခု ရောက်နေတာက ဟူလွန်ပေ့အော် သစ်တောပါ... ဒီကနေ မြောက်ဘက်ကို တောက်လျှောက် သွားရင် ကျယ်ပြောတဲ့ လူသူကင်းမဲ့တဲ့ နေရာကို ရောက်မှာပါ..."
"ဒီဘက်မှာက သစ်တောတွေနဲ့ မြက်ခင်းပြင်တွေ အဓိက ရှိပြီး မြေမျက်နှာပြင်ကလည်း အနိမ့်အမြင့် ရှိတော့ မွေးမြူရေးသမားတွေက ဒီဘက်မှာ မနေကြပါဘူး..."
"မြောက်ဘက်ကို ဆက်သွားရင် တောင်တန်းတွေက မြေမျက်နှာပြင်ကို နှစ်ပိုင်း ပိုင်းထားတယ်... အဲဒါက ဟူလွန်ပေ့အော် နဲ့ ဆိုက်ဘေးရီးယား ရဲ့ နယ်နိမိတ်ပါပဲ... အဲဒီကို ဖြတ်သွားရင် ရုရှား နယ်နိမိတ်ကို ရောက်မှာပါ..."
"ဒါပေမယ့် အဲဒီအထိက အဝေးကြီးပါ... သွားမယ်ဆိုရင် လဝက်လောက်တောင် ကြာနိုင်တယ်..."
"ကျွန်တော်က လူသူကင်းမဲ့တဲ့ နေရာရဲ့ အနက်ပိုင်းမှာ နည်းနည်းပါးပါး သွားလှုပ်ရှားရုံတင်ပါ..."
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းက အထူး လှပနေပြီး ဖော်ပြ၍ မရနိုင်အောင် လှပလွန်းလှပေသည်။
ဟူလွန်ပေ့အော် ၏ ဆောင်းဦးရာသီ ဆိုသည်မှာ ကျောင်းသုံးစာအုပ်များထဲတွင် ဖော်ပြထားသော ဆောင်းဦးရာသီမျိုးပင် ဖြစ်သည်။
ရွှေဝါရောင် အတိ ပြီးနေပြီး လေထုကလည်း သန့်ရှင်းနေသည်။ သစ်ရွက်ကြွေများ အများကြီး စုပုံနေသော်လည်း မြင်ကွင်းကတော့ အလွန် သန့်ရှင်းနေပုံ ရသည်။
ဝံပုလွေပေါက်လေး ကလည်း ရွှီယန်၏ အနောက်မှ လိုက်ပါလာပြီး အလွန် ပျော်ရွှင်နေပုံ ရသည်။ ၎င်းက ခုန်ပေါက်ပြေးလွှားကာ ပတ်ဝန်းကျင်ကို အကဲခတ်နေပြီး ခန္ဓာကိုယ်ထဲမှ တောရိုင်း သဘာဝများ နိုးထလာသကဲ့သို့ ခံစားနေရသည်။
ကျီးကန်းဖြူလေး ကတော့ ရွှီယန်ကို ပတ်၍ ပျံသန်းနေလေသည်။ တစ်ခါတစ်ရံ ပျောက်ကွယ်သွားသည်အထိ ပျံသန်းသွားပြီး မကြာခင် ပြန်လည် ရောက်ရှိလာတတ်သည်။
ဤကောင်လေးက အလွန် ဉာဏ်ကောင်းမှန်း ရွှီယန် သိထားသဖြင့် အဝေးသို့ သွားရောက် ဆော့ကစားခြင်းကို အလိုလိုက်ထားလိုက်သည်။
ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှုက တကယ်ကို အရင်နေ့များနှင့် မတူညီလှချေ။
ရှုခင်းက အတော်လေး ထူးခြားပြီး မြင်ကွင်းကလည်း အလွန် လှပလွန်းလှပေသည်။
[အဲဒီ ငှက်ဖြူလေးက ဘာလဲ... လောင်ရွှီ မွေးထားတာလား...]
[ဟင်... အခု တိုက်ရိုက်ထုတ်လွှင့်တာတွေက ဒီလောက်တောင် မိုက်နေတာလား... တကယ်ကို နာမည်ကြီးလာတော့ ပိုကြည့်ကောင်းလာတာပဲ...]
[လောင်ရွှီက အမြဲတမ်း မိုက်ပြီးသားပါနော်... ရုပ်ရည်ကို သဘောကျတဲ့ ပရိသတ်တွေလည်း အများကြီးပဲ...]
[ဟူလွန်ပေ့အော် အနက်ပိုင်းက လူသူကင်းမဲ့တဲ့ နေရာ ဟုတ်လား... အဲဒီနေရာက အရမ်း အန္တရာယ်များတာနော်... မွေးမြူရေးသမားတွေတောင် တစ်ယောက်တည်း မသွားရဲဘူး... နွားတွေ သိုးတွေ သွားရှာရင်တောင် သုံးလေးယောက် အတူတူ သွားရတာ...]
[ဟုတ်တယ်... လှတာကို မကြည့်နဲ့... ဒီလိုနေရာမျိုးက အရမ်း အန္တရာယ်များတယ်... ဘယ်သူမှ အနက်ပိုင်းအထိ မသွားရဲဘူး...]
အားလုံးက ဝိုင်းဝန်း ဆွေးနွေးနေကြလေသည်။
ခရီးအတော်ဝေးဝေး လျှောက်လာပြီးနောက် ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ အကြိမ်ရေကို ကြည့်ရှုလိုက်သည်။ ၁၆ ကြိမ် စုဆောင်းထားပြီးပြီဖြစ်ရာ အကြိမ်ရေ ပြည့်နေပြီ ဖြစ်သည်။
'ဒီဘက်မှာ သုံးပစ်မှ ဖြစ်မယ်...'
ရွှီယန် ကတော့ ရှားပါး ရတနာရှာဖွေရေး တာဝန်တစ်ခုလောက် ရရှိရန် မျှော်လင့်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ဤနယ်မြေ၏ ရတနာရှာဖွေရေး အဆင့်က အလွန် ကောင်းမွန်နေသောကြောင့် ဖြစ်သည်။ သို့သော် သူ ပို၍ အတွင်းကျကျ ဆက်သွားရန် လိုအပ်သေးပေသည်။
အဝါရောင် သစ်တောအုပ်ကြီးကို ဖြတ်သန်းလာသောအခါ ရှေ့တွင် အဝါရောင် လွင်ပြင်ကြီး တစ်ခု ပေါ်လာခဲ့သည်။
မြက်များ အကုန် ခြောက်သွေ့နေပြီး မြက်ခင်းပြင်က အနိမ့်အမြင့် ဖြစ်နေသည်။ လွင်ပြင်ပေါ်တွင် မြစ်တစ်စင်းက တွန့်လိမ် ကွေ့ကောက်စွာ စီးဆင်းနေပြီး အစအဆုံးကိုတောင် မမြင်ရချေ။
ဤမြင်ကွင်းက အားလုံးကို ထပ်မံ အံ့အားသင့်သွားစေပြန်သည်။
"ဒါက အာဂူနာ မြစ်ပါ... အရှည်က အတော်လေး အံ့ဩစရာ ကောင်းတယ်... အခြေခံအားဖြင့် မြက်ခင်းပြင်ပေါ်မှာ ကန့်လန့်ဖြတ် စီးဆင်းနေတာပါ..."
"ဒီဘက်ဒေသရဲ့ အသက်သွေးကြောလို့လည်း ခေါ်လို့ရပါတယ်... တိရစ္ဆာန်တွေ အကုန်လုံးက ဒီမြစ်ကို မှီခိုပြီး အသက်ရှင်နေကြတာပါ..."
ရွှီယန်က အဝေးကို ကြည့်ရင်း အားလုံးကို ရှင်းပြလိုက်သည်။
ထိုအချိန်မှာပင် အဝေးရှိ မြစ်ကွေ့လေး တစ်နေရာ၌ တစ်ခုခု ရှိနေသည်ကို သူ မြင်တွေ့လိုက်ရသည်။
ထို့ကြောင့် ရွှီယန်က မှန်ပြောင်းကို ထုတ်ယူကာ ထိုနေရာသို့ ကြည့်ရှုလိုက်သည်။ ဤသည်ကို မြင်သောအခါ အင်တာနက် သုံးစွဲသူများက သူ တကယ်ကို ပရော်ဖက်ရှင်နယ် ဆန်ပြီး ပစ္စည်းကိရိယာများ အစုံအလင် ပါရှိကြောင်း ရယ်မောရင်း ပြောဆိုကြပြန်သည်။
"ဝက်ဝံညိုပဲ... အဲဒီမှာ ငါးဖမ်းနေတယ်... ဆောင်းတွင်း ရောက်တော့မှာဆိုတော့ ဒီကောင်တွေက ဆောင်းခိုဖို့ နေရာရှာဖို့ ပြင်နေကြပြီ... အဲဒါကြောင့် အများကြီး စားကြတယ်..."
"သူတို့နဲ့ ခပ်ဝေးဝေး နေရမယ်... အခုချိန်မှာ ဝက်ဝံညိုတွေရဲ့ အမဲလိုက်ချင်စိတ်က အရမ်း မြင့်မားနေတယ်..."
ရွှီယန်က မှန်ပြောင်းကို ချကာ ပြောလိုက်သည်။
တစ်ခဏချင်းမှာပင် အင်တာနက် သုံးစွဲသူများ၏ မျက်နှာအမူအရာများ အနည်းငယ် တင်းမာသွားကြတော့သည်။
'ဟင်... ဝက်ဝံညို ဟုတ်လား... ချက်ချင်း တွေ့လိုက်ရတာပဲလား...'
အစကတော့ ဤနေရာက အလွန် လှပကာ အလွန် ကျယ်ဝန်းပြီး လေထုကလည်း သန့်ရှင်းသည်ဟု ထင်မြင်နေကြခြင်း ဖြစ်သည်။ ယခုတော့ ဤနေရာတွင် အန္တရာယ် အငွေ့အသက်များ ပိုမို များပြားလာသည်ဟု ခံစားလိုက်ကြရသည်။
အဘယ်ကြောင့်ဆိုသော် ထိုအရာက ဝက်ဝံညို ဖြစ်နေပြီး ဆိုက်ဘေးရီးယား ဝက်ဝံညို ဖြစ်နေသောကြောင့်ပင်။
ထိုအကောင်၏ တိုက်ခိုက်ရေး စွမ်းရည်က သာမန် ဝက်ဝံများနှင့် ယှဉ်၍ရနိုင်သည် မဟုတ်ချေ။
ရွှီယန်မှလွဲ၍ မည်သူမျှ ဤသို့သော နေရာမျိုးသို့ မလာရဲဟုသာ ပြောရတော့မည် ဖြစ်သည်။
"ရှောင်လန်... သွားမယ်..."
ရွှီယန်က ဝံပုလွေပေါက်လေး ငေးမောနေသည်ကို မြင်သောအခါ အမြန် ခေါ်လိုက်သည်။
ဝံပုလွေပေါက်လေးက အမြန် လိုက်ပါလာခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု လူဦးရေက နံပါတ်တစ် နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ လူအများက ဤသို့သော စိတ်လှုပ်ရှားစရာ ကောင်းသည့် တိုက်ရိုက်ထုတ်လွှင့်မှုကို မြင်တွေ့ရခဲလှပေသည်။
မြင်ကွင်းတိုင်းက ရုပ်ရှင်ကား တစ်ကားနှင့်တောင် ယှဉ်၍ ရနိုင်ပေသည်။ တကယ်ကို ရှားပါးလွန်းလှပေသည်။