အခန်း ၃၅၀
Vol. 35 Ch. 350
အခန်း (၃၅၀) လောင်ရွှီ... မင်း ဘယ်ရောက်နေတာလဲဟ
ရွှီယန်သည် မြက်ခင်းပြင် အနက်ပိုင်းရှိ ပျက်စီးနေသော သစ်သားအိမ်ဟောင်းလေးထဲတွင် တစ်ညတာ အိပ်စက်ခဲ့သည်။ ဝံပုလွေပေါက်လေးက အိမ်ထဲတွင် ဝပ်နေလေသည်။
ညဘက်၌ အတော်လေး နွေးထွေးလှသည်ဟု ဆိုရမည်။ ဤဒေသ၏ အဓိက ထူးခြားချက်မှာ လေပြင်းတိုက်ခတ်ခြင်း ဖြစ်ရာ လေကွယ်သည့် နေရာလေးတစ်ခု ရှိနေပါက မည်သည့် ပြဿနာမျှ မရှိနိုင်တော့ချေ။
နောက်တစ်နေ့တွင် ရွှီယန်သည် သစ်တောထဲ၌ ဆက်လက် လမ်းလျှောက်နေခဲ့သည်။ သူက မြေပုံကို ထုတ်ယူလိုက်ပြီး တိရစ္ဆာန်များ ပေါ်လာနိုင်မည့် နေရာများကို မှန်းဆနေလိုက်သည်။
"အထဲကို ဆက်သွားရင် အယ်လ်ခ်သမင်တွေ ရှိလောက်တယ်... သူတို့လည်း ပထမအဆင့် ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်ပဲလေ..."
"အယ်လ်ခ်သမင်တွေက အရမ်းကြီးတယ်လို့ အမြဲ ကြားဖူးတယ်... ကိုယ်တိုင် မျက်မြင်တွေ့ရရင်တော့ ဒီခရီးက လာရကျိုးနပ်ပြီပေါ့..."
ရွှီယန်က တောနက်ထဲသို့ ဆက်သွားရန် ရည်ရွယ်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပုံမှန်အတိုင်း ပြန်လည် စတင်နေပြီဖြစ်ကာ လူဦးရေမှာလည်း လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
ရွှေဝါရောင် လွင်ပြင်ကျယ်ကြီးထဲ၌ လူတစ်ယောက်နှင့် ဝံပုလွေတစ်ကောင် ရှိနေသည်။
ရွှီယန်သည် ရွှေရောင်မြေပုံဖြင့် စွန့်စားခန်း ဂိမ်းတစ်ခုထဲသို့ ဝင်ရောက်သွားသကဲ့သို့ပင်။
သူ၏ ယခု တိုက်ရိုက်ထုတ်လွှင့်မှုမှာ အလွန်ကို အံ့မခန်း ဖြစ်နေလေသည်။ ထို့ပြင် ရွှီယန်က တစ်ခါတစ်ရံမှသာ သဘာဝဗဟုသုတများကို ရှင်းပြတတ်ပြီး အခြားသော လိုက်ဖ်လွှင့်သူများနှင့် ယှဉ်ပါက စကားပြောဆိုမှု အလွန် နည်းပါးလှသည်။ ဤအချက်ကပင် သူ့ကို ပို၍ ဆရာကြီး တစ်ယောက်အလား ခံစားရစေသည်။
"အခု ကျွန်တော် ရောက်နေတဲ့ နေရာက အရမ်းကို အတွင်းကျနေပြီဗျ..."
"ဒီဘက်မှာက လူသူကင်းမဲ့ပြီး သစ်တောထဲမှာ တောရိုင်းတိရစ္ဆာန်တွေ အများကြီး ရှိတယ်... တကယ့်ကို တိရစ္ဆာန်တွေရဲ့ ပရဒိသုဘုံပဲ..."
"ဒါကြောင့် အရာရာကို သတိထားရမယ်..."
ရွှီယန်က ပရိသတ်များကို ပြောလိုက်သည်။ သူသည် ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်ရန် ဟိုဟိုဒီဒီ ကြည့်ရှုနေလေသည်။
ယနေ့ ကံကောင်းသည်ဟု ဆိုရမည်။ ရှေ့သို့ လျှောက်သွားရင်း ရေတိမ်ပိုင်းလေး တစ်ခုကို တွေ့လိုက်ရကာ ထိုနေရာတွင် ဟင်္သာအုပ်ကြီး တစ်အုပ်က တောင်ဘက်သို့ ပျံသန်းရန် ပြင်ဆင်နေကြသည်။
ထိုအချိန်အတွင်း ရွှီယန်က ငှက်ကျား အချို့နှင့် ကြိုးကြာဖြူ အချို့ကိုပါ မြင်တွေ့လိုက်ရသည်။
ကြိုးကြာဖြူကိုမူ ဓာတ်ပုံရိုက်ပြီးသွားပြီ ဖြစ်သည်။ ငှက်ကျားက ပထမအဆင့် ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်ဖြစ်၍ ငါးမှတ် ရရှိလိုက်ပြီး ဟင်္သာက ဒုတိယအဆင့် ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်ဖြစ်၍ သုံးမှတ် ရရှိလေသည်။
ချက်ချင်းပင် ရှစ်မှတ် ရရှိလိုက်ရာ ရွှီယန်၏ စုစုပေါင်း ရမှတ်မှာ ၂၉ မှတ်သို့ ရောက်ရှိသွားခဲ့သည်။
တကယ်ကို လျင်မြန်လှပေသည်။
"ဒီငှက်တွေက မရွှေ့ပြောင်းကြသေးဘူးပဲ... ပုံမှန်ဆိုရင် စက်တင်ဘာလလယ်ဆို ဆောင်းခိုငှက်တွေ တောင်ဘက်ကို စတင် ပျံသန်းကြပြီလေ..."
"ဒီနှစ်က ရာသီဥတု ပိုနွေးနေလို့ ထင်တယ်..."
ရွှီယန်က ရေတိမ်ပိုင်းရှိ ရေပျော်ငှက်များကို ကြည့်ရှုရင်း ပျော်ရွှင်စွာ ရှင်းပြနေလေသည်။
ဆောင်းခိုငှက်များမှာ လူသူကင်းမဲ့သော ရေစပ်ဒေသများနှင့် ရွှံ့ညွန်ဒေသများတွင် နေထိုင်လေ့ရှိကြပြီး ရှင်ကျန်း... တိဗက်... အရှေ့မြောက်ပိုင်းနှင့် အတွင်းမွန်ဂိုလီးယား ဒေသများ၌ ပိုမို များပြားပေသည်။
ပုံမှန်အချိန်များတွင် မြင်တွေ့ရခဲလှသည်။
အင်တာနက် သုံးစွဲသူများ ကလည်း ကောင်းမွန်စွာ ရှင်သန်နေသော ရေပျော်ငှက်များကို ကြည့်ရင်း စိတ်သက်သာရာ ရသွားကြသည်။
အဘယ်ကြောင့်ဆိုသော် ပြည်တွင်း၌ ဤသို့သော တောရိုင်းတိရစ္ဆာန်များ ရှင်သန်နေထိုင်ရာ ဒေသများ ရှိနေသေးကြောင်းကို မြင်တွေ့ရခဲလှသောကြောင့် ဖြစ်သည်။ ယခုအခါ နေရာအတော်များများကို လူသားများက နေရာယူထားကြပြီဖြစ်ရာ ဤတိရစ္ဆာန်များလည်း ကမ္ဘာမြေ၏ နေထိုင်သူများ ဖြစ်ကြောင်းကို မေ့လုနီးပါး ဖြစ်နေကြပြီ ဖြစ်သည်။
လူတစ်ယောက်နှင့် ဝံပုလွေတစ်ကောင်က အဝေးမှနေ၍ ရပ်ကြည့်နေကြသည်။
လေက အနည်းငယ် ကြမ်းတမ်းစွာ တိုက်ခတ်နေပြီး ဝံပုလွေပေါက်လေး၏ အမွေးများမှာ လေကြောင့် အနည်းငယ် ဖွာလန်နေသော်လည်း ၎င်းအတွက်မူ မည်သည့် သက်ရောက်မှုမျှ မရှိချေ။ ပို၍ပင် ခန့်ညားနေသကဲ့သို့ ရှိလေသည်။
ထိုအချိန်မှာပင် ငှက်ကျားများက တစ်ပြိုင်နက်တည်း ပျံတက်သွားပြီး တောင်ဘက်သို့ တန်းတန်းမတ်မတ် ပျံသန်းသွားကြသည်ကို မြင်တွေ့လိုက်ရသည်။
ဟင်္သာများကလည်း အချင်းချင်း ခေါ်ဝေါ်ကာ ပျံတက်ရန် ပြင်ဆင်နေကြသည်။
ရေကန်လေးပေါ်တွင် ချက်ချင်းဆိုသလို စည်ကားသွားတော့သည်။
စောစောရောက်ခြင်းထက် အချိန်ကိုက် ရောက်ရှိခြင်းက ပိုကောင်းသည်ဟု ဆိုရမည်။ ဤဟင်္သာများက ရွှီယန်ကို အထူး စောင့်ဆိုင်းနေသည့်အလားပင်။ သူ ရောက်လာသည်နှင့် ဟင်္သာရေကန် ကပွဲလေးကို ကပြဖျော်ဖြေလိုက်ခြင်း ဖြစ်သည်။
"သူတို့ ပျံတော့မယ်..."
"တိုက်တိုက်ဆိုင်ဆိုင်ပဲ..."
"အတော်ပဲ... ကျွန်တော် အမီရောက်လာတာ..."
ရွှီယန်က အနည်းငယ် အံ့ဩစွာဖြင့် ပြောလိုက်သည်။
သူ ခဏမျှ စောင့်ကြည့်နေလိုက်ရာ ဟင်္သာများ စုရုံးပြီးသည်နှင့် သုံးလေးကောင်စီ ရှေ့ဆင့်နောက်ဆင့် ပျံတက်သွားကြသည်ကို မြင်တွေ့လိုက်ရသည်။
တစ်ကောင်ပြီးတစ်ကောင် ပျံတက်သွားခြင်းက တကယ်ကို ခမ်းနားသော မြင်ကွင်းပင် ဖြစ်သည်။
ရေတိမ်ပိုင်းလေးတွင် ဘာမျှ မကျန်ရစ်တော့ဘဲ ဟင်္သာမွေးလေးများသာ ကျန်ရစ်ခဲ့သည်အထိ ဖြစ်သည်။
အင်တာနက် သုံးစွဲသူများကလည်း ဤမြင်ကွင်းကို အထူး နှစ်သက် သဘောကျနေကြလေသည်။
[အရမ်းလှတာပဲ...]
[ကျေးဇူးပါ လောင်ရွှီရေ... ဒီလိုမြင်ကွင်းမျိုးက တကယ်ကို ရှားပါတယ်...]
[လောင်ရွှီ လိုက်ဖ်လွှင့်တာကို ကြည့်တဲ့သူတွေက အဆင့်အတန်းရှိတဲ့ သူတွေချည်းပဲ... ဒီမြင်ကွင်းက တကယ်မိုက်တယ်...]
ရွှီယန်ကတော့ ရေတိမ်ပိုင်းလေးကို ကြည့်ရှုနေဆဲပင်။ ဒဏ်ရာရ၍ မပျံသန်းနိုင်သော ဟင်္သာ တစ်ကောင်... နှစ်ကောင်ခန့် ကျန်ရစ်နေမည်လားဟု တွေးကာ စောင့်ကြည့်နေခြင်း ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ မည်သည့်အရာမျှ မတွေ့ရချေ။ ရေတိမ်ပိုင်းလေးမှာ ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။
"ဟင်္သာတွေ အကုန်လုံး ပျံသွားပြီ... သူတို့အုပ်စုက အချင်းချင်း အတော်လေး ကူညီကြတာပဲ..."
ရွှီယန်က သက်ပြင်းချလိုက်ပြီးနောက် ခရီးဆက်ခဲ့လေသည်။
သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ထူးခြားသော စွန့်စားခန်း တစ်ခုပင် ဖြစ်သည်။
လူများက သူစိမ်းပြင်ပ ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း စိတ်လှုပ်ရှားမှုလေးများ ရရှိနေကြသည်။
မကြာခင်မှာပင် ရွှီယန်က လွင်ပြင်ကို ဖြတ်ကျော်ကာ သစ်တောဒေသ တစ်ခုအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
အတွင်းသို့ အနည်းငယ် ဝင်သွားပြီးနောက် သူ တစ်ခုခု ထူးခြားနေကြောင်း ခံစားလိုက်ရသည်။
"နည်းနည်း ထူးဆန်းတယ်နော်..."
ရွှီယန်က သစ်တောအလယ်တွင် ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ သတိထား၍ ပြောလိုက်သည်။
ဤသို့သော ပုံစံကို မြင်သောအခါ အင်တာနက် သုံးစွဲသူများမှာ ချက်ချင်းပင် စူးစမ်းချင်စိတ်များ ဖြစ်ပေါ်သွားကြတော့သည်။
[လောင်ရွှီ... ဘာဖြစ်လို့လဲ...]
[ငါတို့ကို မခြောက်ပါနဲ့ဟ...]
ရွှီယန်က သေချာ ကြည့်ရှုပြီး ဆက်ပြောလိုက်သည်။
"ဒီနေရာက နည်းနည်း တိတ်ဆိတ်လွန်းနေတယ်လို့ မထင်ဘူးလား... ငှက်တွေလည်း သိပ်မရှိဘူး..."
"ဒီလောက်ကြီးတဲ့ တောအုပ်ကြီးထဲမှာ ငှက်တွေလည်း မရှိဘူး... ရှဉ့်တွေ... ယုန်တွေ လှုပ်ရှားတဲ့ အရိပ်အယောင်လည်း မတွေ့ရဘူး..."
"အဲဒါကြောင့် ထူးဆန်းတယ်လို့ ထင်တာ..."
ထို့နောက် သူက ဆက်လက် သုံးသပ်လိုက်သည်။
"အမှားအယွင်း မရှိဘူးဆိုရင် ဒီမှာ ကြီးမားတဲ့ တောရိုင်းတိရစ္ဆာန်တွေ နေထိုင်လိမ့်မယ်... ဘာအကောင်လဲ ဆိုတာတော့ ကျွန်တော်လည်း မသိသေးဘူး..."
"ကျားသစ် ဖြစ်ဖြစ်... တောကြောင်ကြီး ဖြစ်ဖြစ် နေမှာပေါ့..."
"ဒါမှမဟုတ် ဝက်ဝံလည်း ဖြစ်နိုင်တယ်..."
အင်တာနက် သုံးစွဲသူများမှာ သူ၏ စကားကို ကြားပြီး အံ့ဩမှင်တက်သွားကြလေသည်။
'ဟင်... ဒါကိုတောင် ခံစားလို့ ရတယ်လား...'
[လောင်ရွှီ... မင်း တမင်သက်သက် လုပ်နေတာ မဟုတ်လား... ဘယ်မှာ တောရိုင်းတိရစ္ဆာန် ရှိလို့လဲ...]
[ဒီလို တောနက်ကြီးထဲမှာ တစ်ယောက်တည်း ရှိနေတာကို ပါးစပ် မဖွာပါနဲ့ဟ...]
[ဒီလိုဖြစ်နေတာတောင် မင်းက အေးအေးဆေးဆေးပဲလား...]
[ဆက်မပြောပါနဲ့တော့... မင်းက တကယ်ကို မကြောက်ဘူးပဲ...]
အားလုံးက ရွှီယန်၏ စကားကို အံ့ဩဆွံ့အ နေကြလေသည်။
တောနက်ကြီးထဲတွင် လက်ရှိ ရောက်နေသူမှာ သူ မဟုတ်သည့်အလား မည်သို့များ ဤမျှ အေးအေးဆေးဆေး နေနိုင်ရသနည်း ဟု တွေးနေမိကြသည်။
ရွှီယန်က အနည်းငယ် သတိထားလိုက်ပြီး ဝံပုလွေပေါက်လေးကို ငြိမ်ငြိမ်နေရန် လက်ဟန်ဖြင့် အချက်ပြလိုက်သည်။
ထို့နောက် ဝံပုလွေပေါက်လေးက ချက်ချင်းပင် ဝပ်သွားကာ သတိအနေအထားဖြင့် ရွှီယန်၏ အနောက်မှ တိတ်တဆိတ် လိုက်ပါလာသည်ကို အင်တာနက် သုံးစွဲသူများ မြင်တွေ့လိုက်ကြရသည်။
ဤဝံပုလွေလေးက တကယ်ကို အံ့မခန်းပင်။ အရမ်းကို ဉာဏ်ကောင်းလွန်းလှပေသည်။
ရွှီယန် ဆက်လက် လျှောက်သွားသောအခါ မကြာခင်မှာပင် သူ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့လေသည်။
ရွှီယန်သည် သစ်ပင်များကြားရှိ ကွက်လပ်မှနေ၍ အဝေးရှိ သစ်ပင်ကြီးဘေးတွင် ဝက်ဝံညို တစ်ကောင် အိပ်စက်နေသည်ကို မြင်တွေ့လိုက်ရသည်။
ထိုအကောင်က သက်သောင့်သက်သာ အနားယူနေခြင်း ဖြစ်သည်။ အိပ်ပျော်နေသည့်အတွက် ရွှီယန်ကို မမြင်တွေ့ချေ။
"ဟိုမှာကြည့်... ဝက်ဝံညို ထပ်တွေ့ပြန်ပြီ..."
"ငါ ထူးဆန်းတယ်လို့ ထင်နေတာ..."
ရွှီယန်က ရှေ့သို့ လက်ညှိုးထိုးပြရင်း အသံနှိမ့်ကာ ပြောလိုက်သည်။
ဒရုန်းက ရှေ့သို့ ရိုက်ကူးလိုက်ပြီး ကင်မရာကို ဆွဲယူလိုက်သောအခါ အင်တာနက် သုံးစွဲသူများလည်း သေချာစွာ မြင်တွေ့လိုက်ရသည်။
တကယ်ပင် ဝက်ဝံညို ရှိနေခြင်း ဖြစ်သည်။
ထိုကိုယ်လုံးကိုယ်ထည်နှင့် ခေါင်းကို ကြည့်လိုက်သည်နှင့်ပင် ကြောက်စရာကောင်းမှန်း သိသာလှပေသည်။
[လခွမ်း... တကယ်ပဲ ဝက်ဝံညို ရှိနေတာပဲ...]
[သူ့ရဲ့ ခံစားချက်က တကယ် မှန်နေတာပဲ...]
[မဟုတ်ရင် လူတစ်ယောက်တည်း တောနက်ကြီးထဲမှာ အသက်ရှင်နိုင်မယ် ထင်နေလို့လား... တကယ် စွမ်းရည်ရှိရမှာပေါ့...]
[သူ ပိုက်ဆံအများကြီး ရနေတာကို ငါ နည်းနည်းလေးမှ အားမကျဘူးဟေ့...]
မှတ်ချက်များက ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။
အင်တာနက် သုံးစွဲသူများမှာ ရွှီယန်၏ စွမ်းရည်ကို ထပ်မံ၍ အံ့ဩသွားကြပြန်သည်။
ဤသည်က ရွှီယန် ကိုယ်တိုင် လေ့ကျင့်ထားသော စွမ်းရည်ပင် ဖြစ်သည်။ ဝက်ဝံညိုက သူ့ကို ကြည့်မနေသဖြင့် အန္တရာယ် အာရုံခံစွမ်းရည်က အလုပ်မလုပ်ခဲ့ချေ။ ရွှီယန် ကိုယ်တိုင်က ထူးဆန်းနေသည်ဟု ခံစားမိခြင်း သက်သက်သာ ဖြစ်သည်။
တောင်ပေါ်တွင် အချိန်ကြာကြာ လမ်းလျှောက်ဖူးပါက မည်သည့် နေရာများတွင် အန္တရာယ် ရှိနိုင်သည်ကို အမြဲတမ်း ခံစားမိတတ်ပေသည်။
ရွှီယန်က ဖုန်းကို ထုတ်ယူပြီး ဝက်ဝံညိုကို ဓာတ်ပုံတစ်ပုံ ရိုက်ယူလိုက်သည်။
ရမှတ် ၃ မှတ် ထပ်တိုးပြီး လက်ရှိ ရမှတ် ၃၂ မှတ် သို့ ရောက်ရှိသွားသည်။
ထို့နောက် သူက ဝံပုလွေပေါက်လေးကို လက်ယပ်ခေါ်လိုက်ပြီး ဝက်ဝံညိုနှင့် ဆန့်ကျင်ဘက်သို့ ထွက်ခွာလာခဲ့သည်။
အမြန်ပြေးမှသာ ရမည် ဖြစ်သည်။ ဝက်ဝံညိုက သူ့ကို မြင်သွားပြီး လိုက်လာပါက ပြေး၍တောင် လွတ်မည် မဟုတ်ချေ။
ဤသစ်တောထဲတွင် ဝက်ဝံညိုများ အများအပြား ရှိပုံရသည်။ ၎င်းတို့က ဝက်ဝံညိုများ လှုပ်ရှားသည့် နယ်မြေထဲသို့ ရောက်ရှိလာခြင်းပင် ဖြစ်ရမည်။
အနည်းငယ် ဝေးကွာသော နေရာသို့ ရောက်သောအခါ ရွှီယန်က အင်တာနက် သုံးစွဲသူများကို ပြောလိုက်သည်။
"ကျွန်တော် လမ်းတစ်လျှောက်လုံး ဝက်ဝံညို အနည်းဆုံး နှစ်ကောင်လောက် မြင်ခဲ့ရတယ်... ဒီသစ်တောထဲမှာ ဝက်ဝံညို အရေအတွက် အတော်လေး များတယ်ဆိုတာ သေချာတယ်..."
"ဘာပဲဖြစ်ဖြစ် အားလုံး သတိထားပါ... ကျေးဇူးပြုပြီး ဒီလိုနေရာတွေကို ပေါ့ပေါ့ဆဆ ဝင်မလာပါနဲ့..."
"ဝက်ဝံညိုတွေ ဒေါသထွက်ရင် တကယ်ကို လူသေနိုင်ပါတယ်..."
သူ ဤသို့ ပြောလိုက်သောအခါ အားလုံးကလည်း သဘောတူ ခေါင်းညိတ်လိုက်ကြသည်။
တချို့က နာမည်ကြီးချင်ကြသော်လည်း တချို့ကတော့ ကိုယ့်အသက်ကို ပို၍ တန်ဖိုးထားကြလေသည်။
တောင်ပေါ်တွင် ထူးဆန်းမှုများ ရှိပြီး သရဲတစ္ဆေများ ရှိသည်ဟု ပြောဆိုပါက မယုံကြည်သော ရုပ်ဝါဒီသမားများက အုံလုံးဖွဲ့ကာ သွားရောက်ကြမည် ဖြစ်သည်။
သို့သော် တောင်ပေါ်တွင် ဝက်ဝံညိုများ အများအပြား ရှိသည်ဟု ပြောလိုက်ပါက အားလုံး ငြိမ်ကျသွားကြမည်သာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဝက်ဝံညိုများက တကယ်ကို လူစားတတ်သောကြောင့်ပင်။
ရွှီယန်က အတွင်းသို့ ဆက်လက် လျှောက်သွားခဲ့သည်။
သူ လမ်းလျှောက်နေသည်မှာ နှစ်ရက် ဆက်တိုက် ရှိနေပြီဖြစ်ရာ အတော်လေး အတွင်းကျကျသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့ပြင် ထွက်ရန်အတွက် လမ်းတိုလည်း မရှိချေ။ ပြန်ထွက်မည် ဆိုပါက မူလလမ်းအတိုင်းသာ ပြန်လည် ထွက်ခွာရမည် ဖြစ်သည်။
ကံကောင်းသည်မှာ သူ၏ ဦးတည်ချက် မှတ်သားနိုင်စွမ်းက ကောင်းမွန်သဖြင့် တောနက်ကြီးထဲတွင်တောင် မျက်စိလည်မည် မဟုတ်ခြင်းပင်။
နာရီအတော်ကြာ ဆက်လက် လျှောက်လာပြီးနောက် ရွှီယန်က ရှေ့တွင် ရွှံ့ညွန်ဒေသ အကျယ်ကြီး တစ်ခု ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုနေရာတွင် ညစ်ပတ်နေသော ရေကန်ကြီး တချို့လည်း ရှိနေလေသည်။
ရွှီယန်က နေရာမှန်သို့ ရောက်လာပြီဟု ခံစားလိုက်ရသည်။
ဤနေရာက အယ်လ်ခ်သမင်များ နေထိုင်ရန် အသင့်တော်ဆုံး နေရာပင် ဖြစ်သည်။
ထို့ပြင် ရွှံ့ညွန်ဒေသ ဘေးရှိ ခြေရာများအရ ဤနေရာတွင် အယ်လ်ခ်သမင်များ အများအပြား ရှိနေကြောင်း သေချာလှပေသည်။
"နောက်ဆုံးတော့ တွေ့ပြီ... ကျွန်တော် ဒီတောထဲ လာတာ ဒီတောရိုင်းတိရစ္ဆာန်တွေကို ကြည့်ဖို့ပါပဲ..."
"အယ်လ်ခ်သမင် လေ..."
"သူက ကမ္ဘာပေါ်မှာ အကြီးဆုံး သမင်မျိုးစိတ်ပါ... နိုင်ငံခြားမှာတော့ အများကြီး ရှိပေမဲ့ ကျွန်တော်တို့ နိုင်ငံမှာတော့ အရေအတွက် နည်းပါတယ်... ကာကွယ်စောင့်ရှောက်ရေး အဆင့်က ပထမအဆင့်ပါ..."
"မန်ချူးဘာသာစကားနဲ့တော့ သူ့ကို ဟန်တာဟန် လို့ ခေါ်တယ်... တချို့ကလည်း ဟန် လို့ ခေါ်ကြတယ်..."
"အယ်လ်ခ်သမင်ကို မြင်ရင် အားလုံးက ထူးခြားတယ်လို့ ထင်ကြမှာပါ..."
ရွှီယန်က ရေကန်ကို ကြည့်ရင်း အားလုံးကို ပြောပြနေလေသည်။
အင်တာနက် သုံးစွဲသူများ ကတော့ အနည်းငယ် ဇဝေဇဝါ ဖြစ်နေကြသည်။
'အကြီးဆုံး သမင်မျိုးစိတ် ဟုတ်လား... ဘယ်လောက်တောင် ကြီးနိုင်လို့လဲ...'
ယခုအချိန်တွင် တောင်ပေါ်၌ မြူနှင်းများ အနည်းငယ် ကျဆင်းနေပြီး တောင်ပေါ် ပတ်ဝန်းကျင်ကို မှုန်ဝါးဝါး ခံစားချက်မျိုး ဖြစ်ပေါ်စေသည်။
ထိုအချိန်မှာပင် အဝေးရှိ သစ်တောထဲမှနေ၍ တိရစ္ဆာန် တချို့၏ အရိပ်များက မြူခိုးများကြားမှ ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။
ရွှီယန်က ချက်ချင်းပင် အဝေးသို့ လှမ်းကြည့်လိုက်သည်။
ဒရုန်းကင်မရာ ကလည်း ထိုဘက်သို့ လှည့်သွားလေသည်။
ထို့နောက် အင်တာနက် သုံးစွဲသူများက အံ့မခန်း မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။
ကိုယ်လုံးကိုယ်ထည် ကြီးမားသော တိရစ္ဆာန် ခုနစ်ကောင် ရှစ်ကောင်ခန့်က တစ်လှမ်းချင်းစီဖြင့် ဖြည်းညင်းစွာ လျှောက်လာနေသည်ကို မြင်လိုက်ရသည်။
၎င်းတို့၏ ခန္ဓာကိုယ်များက အလွန် ကြီးမားလှပြီး ဖိအားများ အပြည့်ပါဝင်နေသည်။
အယ်လ်ခ်သမင်များ၏ ပခုံးအမြင့်က နှစ်မီတာ နီးပါးခန့် ရှိလေသည်။ ခေါင်းနှင့် သမင်ချိုကိုပါ ထည့်တွက်မည် ဆိုလျှင် လူတစ်ယောက်ထက် အများကြီး ပိုမြင့်မားပေသည်။
၎င်းတို့၏ ကိုယ်အရှည်မှာ ၂ ဒသမ ၆ မီတာခန့်အထိ ရှိနိုင်လေသည်။ ထရပ်ကားငယ်လေး တစ်စီးနှင့်တောင် ယှဉ်နိုင်သည့် ခံစားချက်ပင်။
တစ်ကောင်တည်း ရှိနေလျှင်တောင် အရမ်း ကြီးမားနေပြီ ဖြစ်သည်။ ယခုကဲ့သို့ အုပ်စုလိုက်ကြီး ထွက်လာသောအခါ ဂျိုင်းယင့် ကမ္ဘာထဲမှ မြေတုန်ဟည်းခြင်း လိုမျိုးတောင် ခံစားရစေသည်။
[လခွမ်း... ဘယ်လိုလုပ် အဲဒီလောက် ကြီးနေတာလဲ...]
[ဒါက ပြည်တွင်းမှာပဲလား...]
[လောင်ရွှီ... မင်း ဘယ်ရောက်နေတာလဲဟ... သမင်က ဒီလောက်တောင် ကြီးရသလား...]
မကြာခင်မှာပင် အယ်လ်ခ်သမင်များက ရွှီယန်၏ အနားသို့ ရောက်ရှိလာခဲ့သည်။
အားလုံးက သေချာစွာ မြင်တွေ့လိုက်ကြရသည်။
အယ်လ်ခ်သမင်များ၏ ရှေ့တွင် လူသားဆိုသည်က အရမ်းကို သေးငယ်သွားသကဲ့သို့ ရှိလေသည်။
ဤကမ္ဘာကြီးတွင် တကယ်ကို ထူးဆန်းမှုများ ရှိနေပေသည်။
ဤမျှ ကြီးမားသော သမင်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးကြသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်များမှာလည်း အလွန်ပင် စည်ကားသွားတော့သည်။