ကျမ်းသုံးကျမ်း၏ ဆူးများ
Vol. 99 Ch. 1382
တောင်ပင်လယ်လောက၏ ဂန္တဝင်ကျမ်းသုံးကျမ်းကို အားထုတ်ခြင်းက ကျမ်းဆရာတစ်ဦး ဖြစ်လာစေနိုင်ကြောင်း တစ်ခါက ကြက်တူရွေး ပြောခဲ့ဖူးသည်။ ကျမ်းဆရာဆိုသော ဒဏ္ဍာရီလာပုဂ္ဂိုလ်များနှင့် တစ်ခါမှ မဆုံတွေ့ခဲ့ဖူးသဖြင့် သူတို့မည်မျှအစွမ်းထက်သလဲ မန်ဟို အမြဲစိတ်ကူးကြည့်ခဲ့ဖူး၏။
သူတို့က ... တောင်ပင်လယ်သခင်များ၏အထက်၌ တည်ရှိသော ပုဂ္ဂိုလ်များဖြစ်သယောင် ထင်ခဲ့ရသည်။
သို့သော် အထက်ပါအကြောင်းအရာများက ဒဏ္ဍာရီများတွင် ဖော်ပြခဲ့သည့်အရာများသာ ရှိသေးသည်။ ဤစစ်ပွဲတွင် အနှစ်သာရ ၈ ခုအဆင့် ပါရာဂွန်အမျိုးသမီးပေါ်လာသည့်အခါ မန်ဟိုသည် ကျမ်းဆရာသုံးပါးကို မြင်တွေ့လိုက်ရပြီး သူတို့ကိုယ်ပေါ်တွင် အင်ပါယာသခင်အငွေ့အသက်များကို တွေ့လိုက်ရ၏။
ကျမ်းဆရာများကား အင်ပါယာသခင်များနှင့် ညီမျှလေသည်။
အမှန်တွင် မန်ဟိုမှာ ကျမ်းဆရာသုံးဦးမှ ထုတ်လွှတ်နေသော အငွေ့အသက်များအတွင်း၌ ထူးဆန်းသောအရာတစ်ခု ရှိနေကြောင်း သတိမထားမိဘဲ မနေခဲ့ပေ။ သို့ရာတွင် သူ စစ်မြေပြင်ထက်၌ ပေါ်လာခဲ့သည့်အချိန်၌ ကျမ်းဆရာသုံးပါးက အမျိုးသမီးပါရာဂွန်ကို ချုပ်နှောင်ဖို့ ပြင်နေခဲ့လေပြီ။ ထို့အပြင် သူကိုယ်တိုင်မှာလည်း ရန်သူဆယ်ယောက်နှင့် တိုက်ခိုက်ခဲ့ရ၍ သူတို့အား အသေအချာအကဲခတ်ရန် အချိန်မရခဲ့ပေ။ သို့သော် သူ၏နှလုံးသားအတွင်း၌ သံသယရှိနေခဲ့၏။
ကြက်တူရွေးပြောစကားအရ တောင်ပင်လယ်လောကအတွင်းတွင် မြင့်မြတ်သောဝိညာဉ်ကျမ်းစာ၌ မြင့်မြတ်သောဝိညာဉ်ကျမ်းဆရာ၊ တာအိုနတ်ဘုရားကျမ်းစာ၌ တာအိုနတ်ဘုရားကျမ်းဆရာရှိခဲ့သော်လည်း ကောင်းကင်ဖျက်စီးကျမ်းစာမှာတော့ ... ကောင်းကင်ဖျက်စီးကျမ်းဆရာတစ်ဦးကို မွေးထုတ်မပေးနိုင်ခဲ့ပေ။
သို့ထိတိုင် ဤအခိုက်အတန့်တွင် သုံးယောက်အနက် အားအနည်းဆုံးဖြစ်၍ သေလုမျောပါး ခြောက်ကပ်ပိန်ချုံးနေပြီဖြစ်သော်လည်း ကောင်းကင်ဖျက်စီးကျမ်းဆရာတစ်ဦး အမှန်စင်စစ် ရှိနေကြောင်း သိသာထင်ရှားပေသည်။ ကြည့်ရခြင်းအားဖြင့် သူ၏သေဆုံးနေမှုက စည်းကို အားနည်းလာစေပြီး အနှစ်သာရ ၈ ခု ပါရာဂွန် ချိုးဖျက်နိုင်အောင် အခွင့်အရေးပေးနေပုံရသည်။
မန်ဟိုမှာ ထိုကဲ့သို့ကိစ္စများကို စဉ်းစားဖို့ အချိန်မရခဲ့သော်လည်း ယခုတော့ ... ကျမ်းဆရာများ၏တန်ခိုးကို သူ မျက်မြင်တွေ့နေရပြီဖြစ်သည်။
အနှစ်သာရ ၈ ခု ပါရာဂွန်က သူမ၏စကားသံ ပဲ့တင်ထပ်နေသည့်အချိန်မှာပင် ချုပ်နှောင်အမှတ်အသားကို လှမ်းထိလိုက်၏။ ချက်ချင်းဆိုသလို တြိဂံစည်းမှာ ပြတ်တောက်စပြုလာသည်။ ထိုအခါ သူမပတ်ပတ်လည်ရှိ ဧရိယာမှာ ထင်ထားသည့်အတိုင်း ပရမ်းပတာ ဖြစ်သွား၏။ စည်းထဲတွင် ပါရှိသည့် စွမ်းအားကြောင့် ၎င်းပြိုကွဲသွားသည်နှင့် ပါရာဂွန်ကို ချုပ်ထားသည့် မရေမတွက်နိုင်သောအမျှင်များမှာ တုန်ခါစပြုလာတော့သည်။
သူတို့မှာ ကြာကြာမတောင့်ခံနိုင်တော့သဖြင့် စည်းပျက်စီးသွားလျှင်ချင်း ထိုအမျှင်များမှ တစ်မျှင်ပြီးတစ်မျှင် ပျောက်ကွယ်လာသည်။ ကောင်းကင်ဖျက်စီးကျမ်းဆရာ ထိန်းပေးထားသော ဧရိယာမှာ ထိုအမျှင်များ ပထမဆုံးကင်းမဲ့သွားသည့် နေရာဖြစ်၏။
ထို့နောက် အတိုင်းထက်အလွန် ပိန်ချုံးခြောက်ကပ်နေသော ကျန်ကျမ်းဆရာနှစ်ယောက်၏ ဧရိယာ။ ကျမ်းဆရာတစ်ယောက်စီ၏အနောက်ရှိ တပည့်များလည်း အလားတူ အရိုးပေါ်အရေတင်သာ ကျန်တော့သည်။
ဝုန်းးးးးးးးးး
စည်းပြိုကွဲနေစဉ် အနှစ်သာရ ၈ ခု ပါရာဂွန်က ထွက်ဖို့ ပြင်သည်။ အပြင်ရောက်သည်နှင့် သူမသည် အနှစ်သာရ ၈ ခု ကျင့်ကြံခြင်းအခြေခံကို ထုတ်လွှတ်လိမ့်မည်။ သူမလမ်းကို ပိတ်နိုင်သူ မရှိသည့်အချက်ကို ထည့်တွက်လျှင် စစ်ပွဲကား လျင်မြန်စွာ ပြီးဆုံးသွားလိမ့်မည်။ တောင်ပင်လယ်လောကအနေဖြင့် အင်မော်တယ်နတ်ဘုရားလောကနှင့် နတ်ဆိုးလောကတို့ ရောက်လာသည်ကိုပင် မြင်တွေ့နိုင်တော့မည်မဟုတ်ပေ။ လောကတစ်ခုလုံး ချေမှုန်းခံလိုက်ရပြီး လောကသူလောကသားအားလုံး သုတ်သင်ခံလိုက်ရလိမ့်မည်။
သို့သော် ဤအခိုက်အတန့်တွင် မြင့်မြတ်သောဝိညာဉ်ကျမ်းဆရာက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ၎င်းတို့သည် ဆန်းပြားစွာ တောက်ပလာ၏။ သူ့အနောက်ရှိ တပည့်လည်း မျက်လုံးဖွင့်လိုက်ပြီး သူ၏အမူအရာက ဤအခိုက်အတန့်အတွက် တစ်ဘဝလုံး ပြင်ဆင်ခဲ့သည့်အလား တည်ငြိမ်အေးချမ်းနေသည်။
“ဝေအာ” ကျမ်းဆရာက ပြောသည်။ “မင်းဟာ အသက်ခုနစ်အရွယ်ကတည်းက ငါ့ကို ဆရာအဖြစ် သတ်မှတ်ခဲ့တယ်။ အဲဒီနှစ်တွေတစ်လျှောက်လုံး .. ငါ မင်းအပေါ် ဆရာမပီသခဲ့မိဘူး”
“ဆရာ ကျွန်တော် နောင်တမရဘူး” အရိုးစုလို လူငယ်က ပြန်ဖြေသည်။ “ဒီဘဝပြီးလို့ နောက်ဘဝသာ ရှိခဲ့ရင်လေ ဆရာ .. ကျွန်တော် ဆရာ့ကို ကျွန်တော့်ဆရာလို့ ခေါ်ခွင့်ရချင်ပါသေးတယ်”
တစ်ချက်လေးမှ တွန့်ဆုတ်မနေဘဲ သူသည် အဆုံးမဲ့ကျမ်းစာစွမ်းအား ဖြစ်လာဖို့ သူ၏အသက်ဓာတ်အားလုံးကိုသာမက ဝိညာဉ်ကိုပင် စတေးလျက် ရုတ်တရက် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားတော့သည်။ ထိုစွမ်းအားတို့က သူ့ဆရာ၊ မြင့်မြတ်သော ဝိညာဉ်ကျမ်းဆရာထဲ ဝင်ရောက်ပေါင်းစည်းသွား၏။
ထိုအခိုက်အတန့်တွင် မြင့်မြတ်သောဝိညာဉ်ကျမ်းဆရာ၏အသွေးအသားတို့သည် တစ်ဖန် သန်မာလာပြီး သူ၏မျက်လုံးများက တဝင်းဝင်းတောက်ပလာသည်။ သူသည် ရာနှုန်းပြည့်အားပြန်ပြည့်သွားသော်လည်း သူ၏ချီနှင့်သွေး၊ ဝိညာဉ်စွမ်းအားနှင့် ကျင့်ကြံခြင်းအခြေခံ၊ သူနှင့်ပတ်သက်သမျှအရာအားလုံးက သူ့နဖူးပေါ်တွင် စုဝေးသွားသဖြင့် သူ့တစ်ကိုယ်လုံး လျင်မြန်စွာ ခြောက်ကပ်လာပြန်၏။
ထို့နောက် သူ့နဖူးသည် ဖောက်ခနဲ ပွင့်ကာ ... သွေးရောင်ဆူးတစ်ဆူး ပျံထွက်သွားသည်။
ထိုဆူး၏ပတ်ပတ်လည်တွင် မြင့်မြတ်သောဝိညာဉ်ကျမ်းစာ၏ သင်္ကေတများ ရစ်သိုင်းလှည့်ပတ်နေ၏။ ထိုဆူးကား အရိုးမှ ပြုလုပ်ထားခြင်းဖြစ်ပြီး ဆရာတပည့်နှစ်ယောက် စတေးခဲ့သော အရာရာတိုင်း၏ အစုအဝေးလည်း ဖြစ်သည်။ ၎င်းတို့အားလုံးက .... မြင့်မြတ်သောဝိညာဉ်ဆူးအဖြစ် ပေါင်းစည်းသွားခဲ့လေသည်။
ထိုဆူးပေါ်လာလျှင်ချင်း မြင့်မြတ်သောဝိညာဉ်ကျမ်းဆရာမှာ မျက်လုံးမှိတ်လျက် သေဆုံးသွားတော့သည်။ သူ၏အမူအရာသည် တည်ငြိမ်နေသော်လည်း ဝမ်းနည်းမှုနှင့် မိမိကိုယ်ကို အပြစ်တင်နေသောအရိပ်အယောင်များကို မြင်ရနိုင်သည်...
တောင်ပင်လယ်လောကက သူ့ကို အပြစ်မတင်သလို၊ သူ့တပည့်ကလည်း အပြစ်မတင်သည့်တိုင် ... သူ့မှာ သူ့တပည့်အပေါ် ဆရာ,မပီသစွာ ဆက်ဆံမိခဲ့သည့်အတွက် နောင်တရနေ၏။
“အကယ်၍များ နောင်ဘဝဆိုတာ ရှိခဲ့ရင်...”
ရွှီးးးး
မြင့်မြတ်သောဝိညာဉ်ကျမ်းဆရာနှင့် သူ့တပည့်မှ ဖော်ဆောင်ခဲ့သော မြင့်မြတ်သောဝိညာဉ်ကျမ်းစာသည် အနှစ်သာရ ၈ ခု ပါရာဂွန်ထံ မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ပြေးဝင်သွား၏။
အမျိုးသမီးပါရာဂွန်၏မျက်နှာမှာ ပထမဆုံးအကြိမ် ရိပ်ခနဲ ဖြစ်သွားသည်။ ပြိုကွဲနေသော စည်း၏ဖရိုဖရဲများက သူမကို ဝန်းရံထားသောကြောင့် သူမမှာ ဟန့်တားခံခဲ့ရ၍ ကြောက်မက်ဖွယ်ဆူးက သူမကို ချောင်ပိတ်ထားခဲ့လေပြီ။
သူမ ဘယ်လိုမှ မလွတ်တော့သည်သာ။
ကြည့်ရခြင်းအားဖြင့် သူမကို ချုပ်နှောင်ခြင်းက သူမအတွက် ခင်းထားသော ထောင်ချောက်၏အခန်းကဏ္ဍလေးတစ်ခုသာ ဖြစ်ဟန်တူ၏။ တကယ့်အစီအစဉ်က စည်းပျက်စီးသွားသောအခါ ... မိမိကိုယ်ကို စတေးရန်ပင်။
ဆူးသည် အနှစ်သာရ ၈ ခု ပါရာဂွန်၏ နှလုံးနေရာအထိ တောက်လျှောက်ဖောက်ဝင်သွား၏။ စူးစူးဝါးဝါးအော်သံကြီး ထွက်လာသည့်အချိန်မှာပင် တာအိုနတ်ဘုရားကျမ်းဆရာက မျက်လုံးဖွင့်လိုက်သည်။
တာအိုနတ်ဘုရားကျမ်းဆရာ သက်ပြင်းချသည့်အခါ သူ့အနောက်ရှိ တပည့်ဖြစ်သူက အပူအပင်မရှိ ရယ်သည်။ “ဆရာရယ် နောင်တရနေစရာမလိုပါဘူးဗျာ။ ကျွန်တော်က ဒီကျမ်းစာရဲ့ အစောင့်မဟုတ်လား။ ဘယ်လိုအဆုံးသတ်ရမယ်ဆိုတာလည်း သိထားပြီးသား။ ကျွန်တော့်စိတ်ကိုလည်း ပြင်ဆင်ထားခဲ့ပြီးပြီ။ ဆရာ၊ ဆရာက ကျွန်တော့်ကို ဘဝတစ်ခုပေးခဲ့တယ်။ ဆရာ့ကို ထပ်မစောင့်ရှောက်ပေးနိုင်တော့မှာကိုပဲ ကျွန်တော် နောင်တရမိပါတယ်
“ဆရာ ကျွန်တော့်ကို ခွင့်ပြုပါ...”
တပည့်သည် ပေါက်ကွဲသွားပြီး သူ့ဆရာ၊ တာအိုနတ်ဘုရားကျမ်းဆရာကိုယ်ထဲ ဝင်ရောက်သွားသော ကျမ်းစာသင်္ကေတများ ဖြစ်သွား၏။
တာအိုနတ်ဘုရားကျမ်းဆရာ၏ ခန္ဓာကိုယ်မှာ ချက်ချင်း သက်သာသွားသည်။ သူက သက်ပြင်းဖွဖွချရင်း ခေါင်းညိတ်ပြီးနောက် တွန့်ဆုတ်မနေဘဲ သူ၏ချီနှင့်သွေး၊ အသက်စွမ်းအား၊ ဝိညာဉ်နှင့် သူ၏အရာရာတိုင်းကို သူ့နဖူးပေါ်တွင် စုဝေးစေလိုက်သည်။
ဆူးတစ်ချောင်းကား ဝုန်းခနဲ ပျံထွက်သွားသည်။
၎င်းက ... တာအိုနတ်ဘုရားဆူး ဖြစ်၏။
ဆူးသည် အဆုံးမဲ့နတ်ဘုရားအာရုံတို့ဖြင့် ပြည့်နှက်နေရာ ၎င်းတဟုန်ထိုးသွားနေစဉ် မိုးနှင့်မြေမှာ ပြင်းပြင်းထန်ထန် တုန်ခါနေတော့၏။ အမျိုးသမီးပါရာဂွန်မှာ ပထမဆုံး ချူပ်နှောင်စည်း၏သက်ရောက်မှုများကြောင့် ပိတ်မိနေခဲ့၍ မြင့်မြတ်သောဝိညာဉ်ဆူးကို မရှောင်နိုင်ခဲ့ပေ။ ယခုတွင် မြင့်မြတ်သောဝိညာဉ်ဆူးက သူမကိုယ်ထဲ စိုက်ဝင်နေပြီဖြစ်ရာ သူမအနေဖြင့် .... တာအိုနတ်ဘုရားဆူးကို မည်ကဲ့သို့ရှောင်နိုင်တော့မည်နည်း။
ဆူးသည် ပါရာဂွန်၏နဖူးကို စိုက်၍ ဦးနှောက်ထဲအထိ စိုက်ဝင်သွားတော့၏။
သူမပါးစပ်မှ သွေးပျက်စွာ အော်သံကြီးထွက်လာပြီး သူမတစ်ကိုယ်လုံး တဆတ်ဆတ် တုန်သွားသည်။ သူမက ဆံပင်ဖွာလန်ကြဲနှင့် နောက်ဆုတ်၍ ချုပ်နှောင်စည်းထဲမှ ရုန်းထွက်နိုင်လိုက်ပြီး စိုက်ဝင်နေသောဆူးနှစ်ချောင်းကို ပြန်ထုတ်ဖို့ သူမ၏ကျင့်ကြံခြင်းအခြေခံကို အသည်းအသန် လှည့်ပတ်တော့သည်။ ထိုဆူးနှစ်ချောင်းထံမှ အန္တရာယ်ကို သူမ ခံစားနေရ၏။
သို့သော် ဤအခိုက်အတန့်တွင် ဆိုးဆိုးရွားရွားခြောက်ကပ်နေခဲ့ပြီးသား ကောင်းကင်ဖျက်စီးကျမ်းဆရာက မျက်လုံးဖွင့်လိုက်သည်။
သူကား မသေသေးပေ။
မျက်လုံးဖွင့်လိုက်သည့်အခါ သူသည် ကောင်းကင်ဖျက်စီးကျမ်းဆရာမဟုတ်တော့ဘဲ တခြားတစ်ယောက်ဖြစ်သွားသည့်အလား သူ၏မျက်လုံးများက ပြောင်းလဲသွားခဲ့၏။
သူက ထွက်ပြေးနေသော အနှစ်သာရ ၈ ခု ပါရာဂွန်ကို ကြည့်ကာ သက်ပြင်းချသည်။ သူ သက်ပြင်းချနေစဉ် သူ့အနောက်ရှိ လူငယ်သည် မရေမတွက်နိုင်သော ကျမ်းစာသင်္ကေတများအသွင် ပြောင်းကာ ကောင်းကင်ဖျက်စီးကျမ်းဆရာ၏ကိုယ်ထဲ ဝင်ရောက်လာ၏။
လူငယ်က စကားတစ်ခွန်းမှမဆိုဘဲ သေဆုံးသွားခဲ့လေပြီ။ သို့သော် သူ၏မျက်ဝန်းများတွင် ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်နေခဲ့သည်။ သူ၏အပြုအမူများတွင် တွန့်ဆုတ်သောအရိပ်အယောင်တစ်စုံတရာမှ မမြင်ခဲ့ရပေ။
ကောင်းကင်ဖျက်စီးကျမ်းဆရာ ထိုသင်္ကေတများကို စုပ်ယူနေစဉ် အသက်ပြင်းပြင်းရှူလိုက်သံကို ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် အဘိုးအို၏အရှိန်အဝါသည် ပို၍ပင် ထူးဆန်းလာ၏။
မြင့်တက်လာနေသော သူ၏ကျင့်ကြံခြင်းအခြေခံက သူ့အရှိန်အဝါကို ပို၍ထူးဆန်းလာစေပုံရသည်။
“ငါက .. တကယ်တော့ ကောင်းကင်ဖျက်စီးကျမ်းဆရာမဟုတ်ဘူး” သူသည် အမှတ်တရများကို ပြန်တွေးနေသည့်အလား တိုးညှင်းစွာ ပြောလိုက်၏။ နဝမတောင်ပင်လယ်ကို လှမ်းကြည့်လိုက်စဉ် သူ့မျက်နှာထက်၌ ဝမ်းနည်းနေသောအမူအရာ ပေါ်လာသည်။ ထို့နောက် သူ့အကြည့်က စစ်တပ်အတွင်းရှိ ဖန်မျိုးနွယ်စုနှင့် နောက်ဆုံး..... မန်ဟို့အပေါ် ကျရောက်သွားသည်။
ထိုအကြည့်တွင် ... မခွဲခွာလိုစိတ်နှင့်အတူ ရင်မောခြင်း၊ ဝမ်းနည်းခြင်းတို့ ပါဝင်နေသည်။ ထို့နောက် မန်ဟို့ကို ကြည့်လိုက်သောအခါ သူ၏သွေးသားကို ကြည့်နေသကဲ့သို့ ချစ်ခြင်းမေတ္တာတို့ ပြည့်နှက်နေ၏။
“ဟိုအာ ၊ မြေးလေး အရွယ်ရောက်လာပြီပဲ....” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဘာကြောင့်မှန်းမသိသော်လည်း မန်ဟိုမှာ ကောင်းကင်ဖျက်စီးကျမ်းဆရာကို မြင်လျှင် ရင်တဒိန်းဒိန်းခုန်လာသည်။ ရင်းနှီးသောခံစားချက်က ပေါက်ဖွားလာသဖြင့် သူ့မှာ တုန်ရီလာပြီး အသက်ပင်ကောင်းကောင်း မရှူနိုင်တော့ပေ....
“အဲဒါ....” သူ့မှာ မိုးကြိုးဖြင့်ပစ်ချခံလိုက်သလို ခံစားလိုက်ရသည်။ ဤပုဂ္ဂိုလ်မှာ သူစိမ်းဖြစ်သင့်သော်လည်း ထိုမျက်ဝန်းများက သူ့အား ကလေးတုန်းက အမှတ်တရများကို ပြန်အမှတ်ရသွားစေသည်။ သူ့ကို နူးညံ့ကြင်နာစွာ ထွေးပိုက်ထားသော အဘိုးအိုတစ်ဦးကို သူ မြင်ယောင်လိုက်၏။ ထိုအဘိုးအို၏မျက်ဝန်းများက ဤမျက်ဝန်းများနှင့် တစ်ထေရာတည်းပင်။
“ဘိုးဘိုးဖန်....” သူက လှမ်းအော်သည်။
ဤအခိုက်အတန့်တွင် ဖန်မျိုးနွယ်တိုင်း ကောင်းကင်ဖျက်စီးကျမ်းဆရာ၏အကြည့်ကို တုံ့ပြန်ကြသည်။ သူ့ကို လှမ်းကြည့်လိုက်သည့်အခါ သူတို့၏မျက်နှာများထက်တွင် မယုံကြည်နိုင်မှုနှင့် အံ့ဩမှုတို့ ဖြတ်ပြေးသွားသည်။
ရုတ်တရက် ကောင်းကင်ဖျက်စီးကျမ်းဆရာ၏မျက်နှာသည် ပြောင်းလဲစပြုလာ၏။ ယခုတွင် ၎င်းသည် ဖန်ရှုံ့ဖုန်းနှင့် ဆင်သလို၊ မန်ဟိုနှင့်လည်း ဆင်နေလေပြီ။ သူ့မျက်နှာမှာ ... စိတ်မဆိုးဘဲနှင့် ခြိမ်းခြောက်နိုင်ပုံရသည်။
သူကား ... မန်ဟို့အဘိုး၊ ဖန်ရှုံ့ဖုန်း၏အဖေ၊ ပင်ကိုယ်ပါရမီနှင့် အမြော်အမြင်နှစ်မျိုးလုံးတွင် ထူးချွန်သော ဖန်မျိုးနွယ်စု၏မဟာအကြီးအကဲဟောင်းဖြစ်သည်။
သူကား .. ဖန်ဟဲ့ဟိုင် ဟု အမည်တွင်ပေ၏။
လွန်ခဲ့သောနှစ်ပေါင်းများစွာက သူနှင့်ဘိုးဘိုးမန်တို့သည် မန်ဟို့ကို ကယ်တင်ပေးဖို့ အပြင်သူတစ်ယောက်အား သွားရှာခဲ့ကြ၏။ ထိုအပြင်သူက ပေါ်လာခဲ့သော်လည်း သူတို့ကတော့ ထိုကတည်းက ပျောက်ချင်းမလှပျောက်ကွယ်သွားခဲ့သည်။ မန်ဟို အဋ္ဌမတောင်ပင်လယ်သို့ သွား၍ ဘိုးဘိုးမန်က အဋ္ဌမတောင်ပင်လယ်သခင်ဖြစ်နေသည်ကို မတွေ့ခင်အထိပင်။
သူ့မှာ ဘိုးဘိုးမန်ကို ပြန်တွေ့ပြီးကတည်းက ... ဘိုးဘိုးဖန် ဘယ်များရောက်နေမလဲ ဟု တွေးနေခဲ့မိသည်။ ဘိုးဘိုးမန်က ဘိုးဘိုးဖန် ဤလောကထဲတွင် မရှိကြောင်း ပြောခဲ့သေးသည်။
သို့သော် ဤအခိုက်အတန့်တွင် ကောင်းကင်ဖျက်စီးကျမ်းဆရာ၏မျက်နှာကို မြင်တွေ့ပြီးနောက် ဤလူသည် သူ့မှတ်ဉာဏ်ထဲကလူ ... သူ၏ဘိုးဘိုးဖန်ဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် သူ့မှာ ချာချာလည်သွားတော့သည်။
“ဒါပေမဲ့ ဘိုးဘိုးဖန် လောကထဲမှာ မရှိဘူးလို့ ဘိုးဘိုးမန်က ဘာကြောင့်ပြောခဲ့တာလဲ” ယင်းက သူ့စိတ်ထဲ၌ ချက်ချင်းပေါ်လာသော မေးခွန်းဖြစ်သည်။
ဤအခိုက်အတန့်တွင် ကောင်းကင်ဖျက်စီးကျမ်းဆရာ ဖန်ဟဲ့ဟိုင်က အကြည့်လွှဲလိုက်သည်။ ရက်စက်သောပြတ်သားမှုအပြည့်ဖြင့် သူက ဆုတ်ခွာနေသည့် အနှစ်သာရ ၈ ခုပါရာဂွန်ကို ကြည့်ပြီးနောက် သူ၏နဖူးမှာ ပေါက်ကွဲသွားတော့သည်။
“ကောင်းကင်ဖျက်စီး ... ဆူး”