← Chapters

ဖျက်ဆီးခြင်း

Vol. 182 Ch. 2594

ဖျက်ဆီးခြင်း

Vol. 182 Ch. 2594

တစ်ကိုယ်လုံး အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် ရီဖူရှင်းမှာ လှံရှည်တစ်ချောင်းကို ကိုင်ထား၏။ သူက နတ်တောင်ကုန်းအရှေ့တွင်ရပ်၍ အောက်ရှိ ကျင့်ကြံသူများကို ကြည့်ရှုလိုက်သည်။

သူ့ထံမှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုထွက်လာပြီး နတ်အလင်းတစ်ခု ထွက်ပေါ်လာ၏။ အနန္တတောင်ကုန်း၏အရှေ့တွင် ကျင့်ကြံသူအားလုံးသည် သူတို့ရှေ့ရှိ ခံ့ညားထည်ဝါသော်လည်း ကြောက်မက်ဖွယ်ကောင်းသည့် လူကို တုန်တုန်ယင်ယင်ဖြင့် ကြည့်နေကြသည်။

ဝှီး...

လှံသည် လေထဲသို့ ပျံထွက်သွား၏။ ကောင်းကင်ထက်တွင် အဆုံးမဲ့ လှံအရိပ်များထွက်ပေါ်လာသည်။ ၎င်းတို့မှာ အကန့်အသတ်မဲ့ပြီး ကြီးမားကာ ထိုနေရာကို ဖိနှိပ်ထား၏။

အောက်ရှိ ကျင့်ကြံသူအားလုံးသည် သူတို့၏ မဟာလမ်းစဉ်အရှိန်အဝါကို အဆုံးအစွန်အထိ ထုတ်လွှတ်လိုက်ကြသည်။

“သေစမ်း…”

ရီဖူရှင်းထံမှ ရေခဲတမျှ အေးစက်သော အသံတစ်သံထွက်ပေါ်လာ၏။ ရုတ်ခြည်းအတွင်းမှာပင် လှံရှည်ကျဆင်းလာပြီး မရေမတွက်နိုင်အောင်များပြားသော လှံအရိပ်များသည် ကောင်းကင်နှင့်မြေကြီးကို ဖောက်ထွင်းသွားသည်။ ၎င်းတို့သည် အောက်ရှိ မြေပေါ်သို့ ကျသွားကြ၏။ အချိန်တစ်ခုအထိ ထိုစွမ်းအားကြီးအဖျက်စွမ်းအားသည် ထိုရှေးဟောင်းတောင်ထွတ်များကို စိစိညက်ညက်ကြေသည်အထိ ပွတ်တိုက်ဖျက်ဆီးသွားသည်။ အဆောက်အဦးအားလုံး ပြိုကျပျက်စီးသွားပြီး ထိုကျင့်ကြံသူများမှာလည်း မရှုမလှသေဆုံးပျောက်ကွယ်သွားကြလေသည်။

လှံချက်တစ်ချက်ဖြင့်ပင် အောက်ဘက်ရှိ ကျင့်ကြံသူအားလုံးသေဆုံးသွားပြီး သေဆုံးသွားသော လူအရေအတွက် အတိအကျကို မသိရပေ။

ထိုအချိန်တွင် အနန္တတောင်ကုန်း၏ အခြားတစ်ဖက်တွင် တောက်ပစွာလင်းလက်လာ၏။ ကျင့်ကြံသူများသည် လေပေါ်သို့ ပျံတက်လာကြပြီး အနန္တတောင်ကုန်းပတ်ပတ်လည်တွင် ဝန်းရံလိုက်ကြသည်။ သူတို့ထဲတွင် ကပ်ဘေးအဆင့်ကျင့်ကြံသူများ၏ အရိပ်လက္ခဏာအနည်းငယ်ကို တွေ့ရ၏။ နတ်တောင်ကုန်းမှနေ၍ ဆံပင်အဖြူရောင်နှင့် လူတစ်ယောက် ထွက်လာ၏။ ထိုလူသည် လွန်စွာအသက်ကြီးနေပြီဖြစ်သည်။ ထိုသူသည် တောင်မှ သိပ်၍ထွက်လေ့ထွက်ထမရှိသော ရှေးဟောင်းအကြီးအကဲတစ်ဦး ဖြစ်နိုင်သည်။

သို့သော် ယခုတွင် အနန္တတောင်ကုန်းသည် လက်ထဲတွင် လှံတစ်ချောင်းကိုင်ထားသော ရီဖူရှင်း၏ တစ်ကိုယ်တော်ကျူးကျော်မှုကို ခံနေရပြီဖြစ်သဖြင့် သူတို့အားလုံးသည် ထွက်လာရလေတော့သည်။

“မင်းက သေလမ်းရှာနေတာလား”

နတ်တောင်ကုန်းမှနေ၍ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာ၏။ ရုတ်တရက် ကြောက်မက်ဖွယ် နတ်အလင်းများ ဖြာထွက်လာပြီး ရီဖူရှင်း၏အထက် ကောင်းကင်ပေါ်တွင် ကြောက်မက်ဖွယ် ဓားကွန်ရက်ကြီးတစ်ခု ပေါ်ပေါက်လာသည်။

ဓားကွန်ရက်ထဲတွင် ကြောက်မက်ဖွယ် အလင်းတစ်ခု တောက်ပနေပြီး ရီဖူရှင်းရှိနေသောနေရာသို့ နတ်တောင်ကုန်းများစွာ ကျဆင်းလာ၏။ ၎င်းတို့သည် ပတ်ဝန်းကျင်နေရာကို ချိပ်ပိတ်လိုက်သည်။ ဓားကွန်ရက်၏အလယ်တွင် အမြင့်ဆုံးစွမ်းအားတစ်ခုသည် အနန္တနတ်ဓားများကို ဖန်တီးနေသည်။

ထိုထိပ်သီးများသည် ရိပ်ခနဲလှုပ်ရှားသွားပြီး ဓားကွန်ရက်၏ နေရာအသီးသီးတွင် ပေါ်လာကြလေသည်။ သူတို့သည် ပူးပေါင်း၍ အနန္တဓားကွန်ရက်ကို အားဖြည့်လိုက်ကြ၏။

“သတ်...”

သူတို့၏မျက်လုံးများသည် အားကောင်းသော သတ်ဖြတ်လိုသည့်အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။ ရုတ်တရက် လောကကိုထွင်းဖောက်နိုင်စွမ်းရှိသည့် ဧရာမနတ်ဓားကြီးသည် ရီဖူရှင်းထံသို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာ၏။

ထို့နောက် ဒုတိယတစ်ချောင်းထပ်မံကျဆင်းလာပြီး ယင်းဒုတိယတစ်ချောင်းနောက်မှ တတိယတစ်ချောင်း လိုက်ပါလာ၏။ ထိုနတ်ဓားများသည် ကြီးမားပြီး နတ်ကွန်ရက်မှ ဖြစ်ပေါ်လာခြင်းဖြစ်ကာ ဤလောကကို ထွင်းဖောက်သွားနိုင်စွမ်းရှိလေသည်။ နတ်ကွန်ရက်ထဲတွင် ရီဖူရှင်းသည် မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ ၎င်း၏ ပြင်းထန်သော တိုက်ခိုက်မှုကို မရှောင်ရှားနိုင်ပေ။

ရီဖူရှင်းက ထိုအားအကောင်းဆုံးတိုက်ခိုက်စွမ်းအားကို ခံစားလိုက်ရသည်။ ထို့နောက် သူ့ပတ်ပတ်လည်တွင် အကြွင်းမဲ့နယ်ပယ်တစ်ခု ပေါ်ပေါက်လာသည်။ သူ့အား ကြယ်တာရာနတ်အလင်းများက ဝန်းရံသွား၏။ ကြယ်တာရာများသည် ကောင်းကင်ထဲတွင် ၎င်းတို့၏စည်းချက်အတိုင်း ရွေ့လျားနေသည်။ နတ်ဓားများ ကျဆင်းလာသောအခါ ၎င်းတို့သည် ကောင်းကင်မှ ကြယ်တာရာများနှင့် ထိခတ်သွားပြီး ပြင်းထန်ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်လာစေလေသည်။

သူက ခေါင်း‌မော့၍ နတ်ကွန်ရက်ကို ကြည့်လိုက်သည်။ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် သတ်မိန့်တစ်ခုကို ထုတ်ပြန်ခဲ့သဖြင့် သူတို့နှစ်ဖက်သည် တစ်ဖက်ဖက်က ပျက်သုဉ်းသွားသည်အထိ ထိုသတ်မိန့်ထဲတွင် ပိတ်မိနေတော့မည်ဖြစ်သည်။ ထို့ကြောင့် သူက ဤနေရာသို့ လာခဲ့ခြင်းဖြစ်သည်။ ပို၍အရေးကြီးသည်မှာ သူက ကောင်းကင်ဒေသမှ ကျင့်ကြံသူအားလုံး၏ရင်ထဲသို့ အကြောက်တရာများ သွင်းလိုခြင်းဖြစ်သည်။ ထိုမှသာ မည်သူမှ သတ်မိန့်ကို နာခံဝံ့ကြမည်မဟုတ်ပေ။ သူဟောက်ထျန်းမြို့တွင် ပြုလုပ်ခဲ့မှုက မလုံလောက်သေးပေ။

သို့သော် သူက ရှေးဟောင်းနတ်ဘုရားကလန်များကို ဖျက်ဆီးပစ်နိုင်သည်ဟု တွေးနေသည်။ အနည်းဆုံးအနေဖြင့် သူသည် ရှေးဟောင်းနတ်ဘုရားကလန်များ၏ အင်အားအစစ်အမှန်ကို စမ်းသပ်နိုင်၏။

ဟောက်ထျန်းမြို့ထဲတွင် သူက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခု၏ ဝန်းရံဖမ်းချုပ်ခြင်းမှ လွတ်မြောက်လာခဲ့သည်မှာ ဗုဒ္ဓရောင်ဝါခြေလှမ်းကြောင့်ဖြစ်သည်။ မဟုတ်လျှင် သူသည် ဟောင်းထျန်းမြို့ထဲသို့ စွန့်စား၍ ဝင်သွားမည်မဟုတ်ပေ။

သို့သော် ယနေ့တွင် အနန္တတောင်ကုန်းနှင့် ၎င်း၏အင်အားအစစ်အမှန်ကို စွမ်းသပ်နိုင်ရန် အခွင့်အရေးတစ်ခု ရှိနေပေပြီ။

သူက လှံကိုကိုင်လျှက် ပို၍မြင့်သော ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ ကောင်းကင်ထဲရှိ ကြယ်တာရာများသည် သူ့အတွက် ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို ကာရံပေးနေသည်။

ဝုန်း...

သူ့လက်ထဲရှိ လှံရှည်သည် နတ်ကွန်ရက်ကို ထိမှန်သွားပြီး ကွန်ရက်ပေါ်တွင် အက်ကြောင်းများပေါ်လာစေ၏။ နောက်ဆုံးတွင် ၎င်းသည် ပြိုကျပျက်စီးသွားလေသည်။ အနန္တတောင်ကုန်းမှ ထိုကျင့်ကြံသူအားလုံးသည် နောက်သို့လွင့်သွားကြပြီး ခပ်သဲ့သဲ့ ညည်းတွားလိုက်သည်။

သို့သော် တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ကျဆင်းလာ၏။ ထိုအရှိန်အဝါသည် အဆုံးမဲ့သော ဧရာမလက်ဖဝါးပြင်ကြီးမှ ထွက်ပေါ်လာခြင်းပင်။ ယင်းဧရာမလက်ဖဝါးကြီးသည် ကောင်းကင်ကို လွှမ်းခြုံသွားသည်။ ၎င်းသည် ရီဖူရှင်းပစ်လွှတ်လိုက်သော လှံရှည်ကို တိုက်ရိုက် ရိုက်ချလိုက်၏။

ကျယ်လောင်သောအသံကြီးတစ်သံနှင့်အတူ ရီဖူရှင်း၏ခန္ဓာကိုယ်မှာ မြေကြီးအတွင်းသို့ ရိုက်ချခံလိုက်ရသည်။ အောက်ဘက်နေရာတွင် အကန့်အသတ်မဲ့ နတ်ချိပ်စည်းတစ်ခု ထွက်ပေါ်လာပြီး ကျယ်ဝန်းသောနေရာကို ကာရံသွား၏။ အကယ်၍ ‌ထိုအောက်ဘက်နေရာတွင် တစ်စုံတစ်ယောက်သာ ရှိခဲ့ပါက သူတို့မှာလည်း ထိုဧရာလက်ဖဝါးပြင်ကြီး၏ ဖိနှိပ်မှုကို ခံလိုက်ရမည်ဖြစ်သည်။ သို့သော် ထိုကျင့်ကြံသူများသည် ရီဖူရှင်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီးဖြစ်လေသည်။

ဝုန်း...

ရီဖူရှင်းက မြေပြင်ကို ဖောက်ထွက်လာပြီး ကောင်းကင်ထက်သို့ ထပ်မံပျံတက်သွားလိုက်သည်။ သူက အနန္တတောင်ကုန်းထိပ်တွင် တင်ပျဉ်ခွေထိုင်နေသည့် လူတစ်ယောက်ကို ကြည့်လိုက်သည်။ ထိုလူ၏ အဖြူရောင်ဆံပင်များနှင့် ဝတ်ရုံရှည်မှာ လေထဲတွင် ဝဲလွင့်နေကြသည်။ သူ၏အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်း၏။ သူသည် အလွန်အိုမင်းနေပြီဖြစ်ပြီး အနန္တတောင်ကုန်း၏ စွမ်းအားကြီးလူအိုကြီးတစ်ယောက် ဖြစ်ပေသည်။

“ဒုတိယကပ်ဘေးအဆင့် ကျင့်ကြံသူ...”

ရီဖူရှင်းက ထိုအဘိုးအိုကို လှမ်းကြည့်လိုက်ပြီး အစောက တိုက်ခိုက်မှုသည် ထိုအဘိုးအိုထံမှဖြစ်ကြောင်း သိလိုက်သည်။

မျှော်လင့်ထားသကဲ့သို့ပင် ရှေးဟောင်းနတ်ဘုရားကလန်များတွင် စွမ်းအားကြီးလူအိုကြီးများ ပုန်းကွယ်နေကြလေသည်။ ထို့အပြင် ဒုတိယကပ်ဘေးအဆင့်ရှိသည့် ကျင့်ကြံသူများသည် တစ်ယောက်ထက်မက ရှိပေသည်။

“ငါက သီးခြားကျင့်ကြံနေခဲ့တာ နှစ်ပေါင်းများစွာကြာပြီ။ မင်းနဲ့ အနန္တတောင်ကုန်းကြားမှာ ဘာရန်ငြိုးတွေရှိတယ်၊ မင်းကဘာလို့ အဆင့်နိမ့်တဲ့ ကျင့်ကြံသူတွေကို ဘာလို့ရက်ရက်စက်စက်သတ်ပစ်ရတယ်ဆိုတာတွေကို ငါမသိဘူး”

အဘိုးအိုက မျက်လုံးမှိတ်လျှက် ပြောလိုက်သည်။ သူ၏အသံသည် ဧရာမခေါင်းလောင်းကြီးကဲ့သို့ ပဲ့တင်ထပ်သွားပြီး ကောင်းကင်ထက်တွင် ပျံ့လွင့်သွားသည်။ အနန္တတောင်ကုန်း ပတ်ပတ်လည်တွင် ကျင့်ကြံသူများစွာသည် သူ့ကို အံ့ဩတကြီးကြည့်ရှုနေကြသည်။ အနန္တတောင်ကုန်း၏ လူအများစုပင် သူရှိနေကြောင်းကို မသိခဲ့ကြပေ။

“အဲဒီအကြောင်းကိုတော့ ဆရာကြီးက အနန္တတောင်ကုန်းက လူတွေကိုပဲ မေးကြည့်လိုက်ပါ...”

ရီဖူရှင်းက ပြန်ပြောလိုက်သည်။ သူက ထိုသို့ပြောပြီးနောက်တွင် ထိုနေရာမှ ရုတ်ခြည်းပျောက်ကွယ်သွားသည်။ ထို့နောက်တွင် သူရှိနေခဲ့သောနေရာတွင် ကြောက်မက်ဖွယ် အဖျက်ဓားကွန်ရက်များ အဆက်မပြတ်ထွက်ပေါ်လာ၏။ အကယ်၍ ရီဖူရှင်းသာ အနည်းငယ်သတိလက်လွတ်ဖြစ်ခဲ့လျှင် ယခုတွင် သူသည် ထောင်ချောက်အတွင်းသို့ ရောက်ရှိသွားလောက်ပြီဖြစ်သည်။

ထိုအဘိုးအိုသည် အလွန်ဉာဏ်နီဉာဏ်နက်များပေသည်။

“ရန်ငြိုးက ဘာကြောင့်ပဲဖြစ်ဖြစ် မင်က အနန္တတောင်ကုန်းက ကျင့်ကြံသူတွေအများကြီးကို သတ်ခဲ့ပြီးပြီ... အဲဒီတော့ ငါ့မှာ မင်းကိုသတ်ရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး”

အဘိုးအိုက အေးစက်စွာပြောလိုက်သည်။ သူ၏အသံပျောက်ကွယ်သွားသည်နှင့် သူ့ထံမှနေ၍ အားကောင်းသောဖိအားတစ်ခု ရုတ်ခြည်းထွက်ပေါ်လာ၏။

ထိုအခိုက်တွင် ယင်းနတ်တောင်ကုန်းပေါ်၌ အတုမဲ့နတ်အလင်းတစ်ခုမှာလည်း ရုတ်တရက် လင်းလက်လာ၏။

ထိုအဘိုးအိုနှင့် နတ်တောင်ကုန်းသည် တစ်သားတည်းဖြစ်သွားသည်ဟု ထင်ရလေသည်။

ဝုန်း...ဝုန်း..ဝုန်း...

ကျယ်ပြောသောကုန်းမြေတွင် အနန္တတောင်ကုန်းကို ဗဟိုပြု၍ နတ်တောင်ကုန်းအများအပြား ပေါ်ထွက်လာ၏။ ၎င်းတို့သည် ကျယ်ပြောသောနေရာကို ချိပ်ပိတ်လိုက်လေသည်။ ထိုနေရာမှနေ၍ ကြောက်မက်ဖွယ်စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး အားပြင်းစွာဖိနှိပ်ထားသဖြင့် အနန္တတောင်ကုန်းမှ ကျင့်ကြံသူများပင် မြေပေါ်တွင် တွားသွားရ‌တော့မလို ခံစားနေရသည်။

သူတို့အားလုံးသည် အားကောင်းသော နတ်စွမ်းအားကို ခံစားနေကြရသည်။ သူတို့သည် နတ်တောင်ကုန်းကို မော့ကြည့်လိုက်သောအခါ လွန်စွာကိုင်းရှိုင်းသော မျက်နှာထားဖြစ်သွားကြသည်။

ရွှီး...

နတ်အလင်းတစ်ခု ကျဆင်းလာပြီး ရီဖူရှင်း၏ခန္ဓာကိုယ်ကို တိုက်ရိုက်ဖောက်ထွင်းကာ ရုတ်ခြည်းအတွင်း ဖျက်ဆီးပစ်လိုက်ပြီး အမှုန်ဖြစ်သွားစေလေသည်။

အဘိုးအိုသည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး ထိုနေရာဘက်သို့ ကြည့်လိုက်သည်။ သူက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ထိုရီဖူရှင်းမှာ ရီဖူရှင်းအစစ်မဟုတ်ပေ။

သူ လှည့်ဖျားခဲ့လိုက်ရပေပြီ။

သူက ခေါင်းမော့၍ အပြင်သို့ကြည့်လိုက်သည်။ နတ်တောင်များကာရံထားသော အပြင်ဘက်တွင် ဝတ်စုံဖြူနှင့်လူတစ်ယောက် ရပ်နေသည်။ ထို့ကြောင့် အဘိုးအိုသည် အလွန်အမင်းတုန်လှုပ်သွားသည်။ သူသည် မည်မျှလျင်မြန်ပေသနည်း။ သူက နတ်တောင်ကုန်းများအတွင်းမှ ရုတ်ခြည်းအတွင်း လွတ်မြောက်သွားလေသည်။

“ဒီနေ့ ကျုပ် ဒီကိုလာခဲ့တာ အကြီးအကဲကို အနှောင့်အယှက်ဖြစ်စေမိပြီ။ ကျုပ် အခွင့်အရေးရမှ နောက်တစ်ခေါက် ထပ်လာတော့မယ်”

ရီဖူရှင်းက အပြင်မှနေ၍ ပြောလိုက်သည်။

“ဒါပေမဲ့ အနန္တတောင်ကုန်းက ကျင့်ကြံသူတွေကတော့ နောက်ပိုင်းအပြင်သွားရင် ဂရုစိုက်ဖို့တော့ လိုလိမ့်မယ်။ တကယ်လို့ သူတို့သာ ဒီနေရာကနေ ထွက်လာခဲ့ရင် ဒီနေ့လို ကံကောင်းချင်မှ ကောင်းလိမ့်မယ်”

သူက ထိုသို့ပြောပြီးနောက်တွင် ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားလေသည်။

အနန္တတောင်ကုန်းထိပ်တွင် ဆံပင်ဖြူများနှင့် အဘိုးအိုသည် မျက်မှောင်ကြုတ်၍ ထိုင်နေသည်။ သူ‌က အေးစက်စွာ ပြောလိုက်သည်။

“ငါတို့ ဘယ်လိုများ အဲဒီလိုကိုင်တွယ်ရခက်တဲ့ လူမျိုးနဲ့ ရန်သူဖြစ်နေရတာလဲ”

သူက ရီဖူရှင်းနှင့် ခေတ္တမျှသာ ရင်ဆိုင်လိုက်ရသော်လည်း ရီဖူရှင်း၏တည်ရှိမှုသည် အနန္တတောင်ကုန်းအတွက် အလွန်ကြီးမားသောအန္တရာယ်ဖြစ်ကြောင်း ကောင်းစွာသိရှိသွားသည်။ အကယ်၍ သူတို့သာ ရီဖူရှင်းကို ရှင်းမပစ်နိုင်လျှင် အနန္တတောင်ကုန်းသည် ကြီးမားသောအန္တရာယ်များနှင့် တွေ့ကြုံရပေလိမ့်မည်။

အနန္တတောင်ကုန်းမှ ကျင့်ကြံသူတစ်ဦးသည် သူ့ကို ရီဖူရှင်းနှင့်ရန်သူဖြစ်နေရသည့်အကြောင်းကို ပြောပြလိုက်သည်။ ဆံပင်ဖြူနှင့်အကြီးအကဲသည် စိုးရိမ်ပုံပေါ်သွားသည်။ ပြဿနာက ထင်ထားသည်ထက် ကြီးမားနေ၏။

အချိန်အတော်ကြာပြီးနောက်တွင် လူတစ်စုသည် နတ်တောင်ကုန်းထိပ်သို့ ကောင်းကင်ပေါ်မှနေ၍ ဆင်းသက်လာကြသည်။ အနန္တတောင်ကုန်းပေါ်ရှိ လူများသည် ဦးညွှတ်ကာ အရိုအသေပေး၍ နှုတ်ဆက်လိုက်ကြသည်။

“တောင်ကုန်းဆရာသခင်...”

အနန္တတောင်ကုန်း၏ တောင်ကုန်းဆရာသခင်သည် အောက်ဘက်ရှိ မြေပြင်ကိုကြည့်လိုက်ပြီး မျက်လုံးများအေးစက်လာ၏။ သူက အပျက်အစီးများမှလွဲ၍ အခြားမည်သည့်အရာကိုမှ မမြင်ခဲ့ရပေ။ သူသည် လမ်းမှာပင် ရီဖူရှင်းက အနန္တတောင်ကုန်းသို့ သွားခဲ့သည်ဟူသောသတင်းကို ရရှိခဲ့သည်။ ရီဖူရှင်းသည် ဤနေရာသို့လာ၍ သတ်ဖြတ်ဝံ့လောက်အောင် ရဲတင်းပေသည်။

ရီဖူရှင်းသည် ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျွမ်းကျင်သဖြင့် သူလုပ်ချင်သည်ကို သူလုပ်ချင်သည့်အချိန်တွင် လုပ်နိုင်နေသည်။

“ဆရာဦးလေး...”

တောင်ကုန်းဆရာသခင်သည် ဆံပင်ဖြူနှင့် အကြီးအကဲကို ခေါ်လိုက်သည်။ ထိုအဘိုးအိုသည် တောင်ကုန်းဆရာသခင်၏ ဆရာဦးလေးဖြစ်နေပေသည်။ သူသည် စွမ်းအားကြီးပြီး ရိုသေလေးစားခြင်းခံရသူတစ်ဦးဖြစ်ကာ တောင်ကုန်းဆရာသခင်ထက် များစွာဝါကြီးသူဖြစ်သည်။

ဆံပင်ဖြူနှင့် အကြီးအကဲသည် တောင်ကုန်းဆရာသခင်ကို ကြည့်လိုက်သည်။

“ငါ သူနဲ့ တိုက်ခိုက်ခဲ့ပေမယ့် သူ့ကို မဖမ်းနိုင်ခဲ့ဘူး။ နတ်တောင်တွေရဲ့ စွမ်းအားထွက်လာတာနဲ့ သူက ချက်ချင်းသိသွားပြီး နောက်မှာ သူရဲ့ကိုယ်ပွားတည်ကြက်တစ်ခုကိုပဲ ချန်ထားခဲ့ပြီး အောင်အောင်မြင်မြင် ထွက်ပြေးသွားနိုင်ခဲ့တယ်... အဲဒါက ကိုယ်ပွားဆိုတာတောင် ငါမသိနိုင်ခဲ့ဘူး”

အနန္တတောင်ကုန်း၏ တောင်ကုန်းဆရာသခင်သည် မျက်နှာပျက်သွားသည်။ သူ၏ဆရာဦးလေးသည် နတ်တောင်များ၏အကူအညီဖြင့်ပင် ရန်သူကို မဖမ်းချုပ်နိုင်ခဲ့ပေ။ ရီဖူရှင်းမှာ လွတ်မြောက်သွားခဲ့သည်။

အနန္တတောင်ကုန်းမှ ကျင့်ကြံသူများစွာသည် အချည်းနှီးသေသွားခဲ့ရလေသည်။

“ရန်ငြိုးက ‌တော်တော်နက်ရှိုင်းလို့လား။ ရန်ငြိုးကို ဖြေဖျောက်ဖို့ ဖြစ်နိုင်ချေရှိလား”

ဆံပင်ဖြူနှင့် အကြီးအကဲက မေးလိုက်သည်။

အနန္တတောင်ကုန်း၏ တောင်ကုန်းဆရာသခင်က ခေါင်းခါလိုက်သည်။

“ကျုပ် သိသလောက်တော့ သူ့ရဲ့အကျင့်စရိုက်အရ ရန်ငြိုးကို ဖြေဖျောက်ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး။ အခု ကျုပ်တို့က သူသေ၊ ကိုယ်သေ အခြေအနေကို ရောက်နေပြီ။ ကျုပ်တို့ထဲက တစ်ဘက်ဘက် ပျက်သုဉ်းသွားမှာပဲ ဒီကိစ္စက အဆုံးသတ်သွားလိမ့်မယ်”

“နည်းလမ်းတစ်ခုရှာဖို့ကြိုးစားပြီး သူ့ကို မြန်မြန်သတ်ပစ်ရမယ်။ သူ့ကို ကြာရှည် အသက်ရှင်ခွင့် ပေးထားလို့မရဘူး”

အဘိုးအိုသည် တောင်ကုန်းဆရာသခင်၏စကားများကို ကြားသောအခါ အထက်ပါအတိုင်းပြောလိုက်သည်။

“ဂရုတော့စိုက်ပါ... သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ရန်ဟောင်အဆင့်ကိုးပဲရှိတယ် ဆိုပေမယ့် သူ့ရဲ့ တိုက်ခိုက်စွမ်းရည်က ဒုတိယကပ်ဘေးအဆင့်မှာ ရှိလောက်တယ်”

“ဒုတိယကပ်ဘေးအဆင့် ဟုတ်လား...”

အနန္တတောင်ကုန်း၏ တောင်ကုန်းဆရာသခင်က မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။ ဟောက်ထျန်းမြို့တွင် ရီဖူရှင်းသည် ပထမကပ်ဘေးအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်နိုင်သည့် စွမ်းရည်ကိုသာ ထုတ်ပြခဲ့လေသည်။ သို့သော် သူက ဒုတိယကပ်ဘေးအဆင့်ကျင့်ကြံသူများကို အမြဲရှောင်ခဲ့ပြီး သူတို့ကို မတိုက်ခိုက်ခဲ့ပေ။

ရီဖူရှင်းက သူတို့ကို ထိပ်တိုက်ရင်မဆိုင်ဝံ့ဟု သူတို့ယုံကြည်ခဲ့ကြသည်။ သူလွတ်မြောက်သွားခြင်းမှာ ဗုဒ္ဓရောင်ဝါခြေလှမ်းကြောင့်သာဖြစ်သည်ဟု သူတို့ထင်ခဲ့ကြသည်။

သို့သော် ယခုတွင် သူ၏ဆရာဦးလေသည်သည် ရီဖူရှင်းက ဒုတိယကပ်ဘေးအဆင့်ရှိသည့် တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားနိုင်ကြောင်း သုံးသပ်နေသည်။

“အင်း...”

အဘိုးအိုက ခေါင်းညိတ်လိုက်သည်။

“သူက မဟာအစောင့်အရှောက်ကွန်ရက်ကို အပြင်ကနေပြီး ဖျက်ဆီးသွားခဲ့တယ်... ပြီးတော့ ငါတို့ကျင့်ကြံသူတွေ ဆင်ထားတဲ့ အနန္တကွန်ရက်ကိုလည်း ဖောက်ထွက်နိုင်ခဲ့တယ်။ အဲဒီလို တိုက်ခိုက်စွမ်းရည်မျိုးက ဒုတိယကပ်ဘေးအဆင့်မှာ ဖြစ်လောက်မှာပဲ”

“ဆရာဦးလေး... သူက ရန်ဟောင်အထွတ်အထိပ်အဆင့်မှာပဲ ရှိသေးတာဆိုတော့ အဲဒါက ဖြစ်နိုင်ပါ့မလား...”

တောင်ကုန်းဆရာသခင်က မရွှင်ပျသောမျက်နှာထားဖြင့် မေးလိုက်သည်။

“သူက သူ့ရဲ့ အရှိန်အဝါကို ဖုံးကွယ်ထားတာလဲဖြစ်နိုင်တယ်... ဒါမှမဟုတ် သူက ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသွားပြီဆိုတဲ့ကိစ္စကို အထူးနည်းလမ်းတွေသုံးပြီး ဖုံးကွယ်ထားတာလည်းဖြစ်နိုင်တယ်...”

ဆံပင်ဖြူနှင့် အကြီးအကဲက ပြောလိုက်သည်။ သူက နောက်ထပ်ဖြစ်နိုင်ချေတစ်ခုကိုလည်း တွေးတောခဲ့သည်။ သို့သော် ထိုအတွေးသည် တဒင်္ဂအတွေးမျှသာဖြစ်သဖြင့် များစွာထပ်၍ တွေးတောမနေခဲ့ပေ။ ထိုကဲ့သို့သော ဖြစ်နိုင်ချေမျိုးကို ချက်ချင်းပင် ပယ်လိုက်နိုင်သည်မဟုတ်ပါလား။ ထိုကဲ့သို့ ဖြစ်နိုင်ချေသည် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။

“ဒီတော့ သူက တကယ်ပဲ ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသွားပြီလား...”

အနန္တတောင်ကုန်း၏ တောင်ကုန်းဆရာသခင်သည် အဝေးသို့ကြည့်၍ ထိုဖြစ်နိုင်ချေကို စတင်သဘောပေါက်လာ၏။ အကယ်၍ ရီဖူရှင်းပိုင်ဆိုင်ထားသည်မှာ အမှန်ပင် ဒုတိယကပ်ဘေးအဆင့် စွမ်းအားဖြစ်ပါက သူသည် ပထမကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ခဲ့ပြီးဖြစ်ရပေမည်။ သူ၏အံ့အားသင့်ဖွယ် ပါရမီကြောင့် သူ၏ တိုက်ခိုက်စွမ်းရည်က သူ၏အစစ်အမှန်အဆင့်ထက် များစွာမြင့်မားနေခြင်းဖြစ်ရပေမည်။

သို့သော် ရီဖူရှင်းသည် ယခင်က သူ၏စွမ်းရည်အစစ်အမှန်ကို ထုတ်မပြဖူးခဲ့ပေ။  သူထိုသို့လုပ်ခဲ့ခြင်းမှာ သူတို့ကို သူ၏စွမ်းရည်အား မှားယွင်းစွာ လျှော့တွက်စေလို၍ပေလော။

သူတို့သည် ယခုမှစ၍ အလွန်ဂရုစိုက်ရတော့မည့်ပုံပင်။

အကန့်အသတ်မဲ့ကုန်းမြေတွင် အနန္တတောင်ကုန်းအပြင် အခြားအင်အားစုတစ်စုလည်း ရှိပေသေးသည်။ ၎င်းသည် နတ်ဘုရားမာန်ဟုန်တောင်ကုန်းဖြစ်သည်။ ၎င်းသည် အကန့်အသတ်မဲ့ကုန်းမြေတွင် နံပါတ်နှစ်နတ်တောင်ကုန်းဖြစ်ပြီး ၎င်း၏အင်အားမှာလည်း ကြောက်မက်ဖွယ်ကောင်း၏။

သို့သော် ယနေ့တွင် နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ မိုင်သောင်းချီပတ်လည်အတွင်း၌ လူများစွာသည် အံ့အားသင့်နေကြသည်။ သူတို့သည် နတ်ဘုရားမာန်ဟုန်တောင်ကုန်းသို့ အလျင်အမြန်သွားနေကြခြင်းဖြစ်ပြီး သူတို့ရှေ့ရှိမြင်ကွင်းကိုကြည့်ကာ အံ့အားသင့်နေကြခြင်းပင်။

နတ်တောင်ကုန်းသည် နှစ်ပိုင်းဖြတ်ခံထားရပြီး ပြတ်နေသောအပိုင်းသည် သူတို့ရှိနေသောနေရာတွင် ပြိုကျပျက်စီးနေသည်။ နတ်ဘုရားမာန်ဟုန်တောင်ကုန်းပေါ်ရှိ ခမ်းနားသောအဆောက်အဦးအားလုံးသည် ဖျက်ဆီးခံခဲ့ရပြီး တောင်ပုံရာပုံပြိုကျနေကြသည်။ ၎င်းတို့သည် အပျက်အစီးများအဖြစ် ပြောင်းလဲသွားပေပြီ။ တစ်ချိန်က တော်ဝင်မြေဖြစ်ခဲ့သော နေရာသည် ယခုတွင် အပျက်အစီးများသာ ကျန်ခဲ့လေသည်။

မကြာ‌သေးခင်က နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ထူထပ်နေရာသည် ဘေးအန္တရာယ်တစ်ခု တွေ့ကြုံခဲ့ရလေသည်။ ငွေဖြူရောင်ဆံပင်နှင့် ကျင့်ကြံသူတစ်ဦးသည် လှံတစ်ချောင်းကိုကိုင်လျှက် နတ်ဘုရားမာန်ဟုန်တောင်ကုန်းကို တစ်ကိုယ်တော် ဖျက်ဆီးခဲ့လေသည်။

ကောင်းကင်ထက်မှနေ၍ စွမ်းအားကြီးအရှိန်အဝါတစ်ခု ကျဆင်းလာပြီး လူများစွာ ဆင်းသက်လာ၏။ သူတို့သည် သူတို့ရှေ့ရှိ မြင်ကွင်းကိုကြည့်၍ သူတို့၏သွေးများဆူပွက်လာ၏ကို ခံစားလိုက်ရသည်။

သူတို့သည် ဟောက်ထျန်းမြို့သို့ သွားခဲ့ခြင်းဖြစ်ပြီး သူတို့ပြန်လာချိန်တွင် သူတို့၏တောင်ကုန်းသည် ဖျက်ဆီးခံရပြီးဖြစ်နေမည်ဟု မမျှော်လင့်ခဲ့ကြပေ။ သူတို့၏မဟာအစောင့်အရှောက်ကွန်ရက်သည်ပင် နတ်ဘုရားမာန်ဟုန်တောင်ကုန်းကို ပျက်စီးမည့်ဘေးမှ မကာကွယ်နိုင်ခဲ့ပေ။

“ရီဖူရှင်း...”

နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ သခင်သည် ကြောက်မက်ဖွယ် သတ်ဖြတ်လိုသည့်အငွေ့အသက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအငွေ့အသက်သည် ထိုအကန့်အသတ်မဲ့နေရာကို လွှမ်းခြုံသွားသည်။ သူက ရီဖူရှင်းသေဆုံးသွားသည်အထိ ရပ်တန့်မည်မဟုတ်ကြောင်း ကျိန်ဆိုလိုက်သည်။

အကန့်အသတ်မဲ့ကုန်းမြေတွင် အဓိက နတ်တောင်ကြီးနှစ်တောင်သည် တိုက်ခိုက်ခဲ့ရလေသည်။ အနန္တတောင်ကုန်းသည် အဆုံးအရှုံး၊ အသေအပျောက် များခဲ့၏။ ထို့အပြင် နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ အလုံးစုံပျက်စီးမှုသတင်းသည် ကောင်းကင်ဒေသတစ်ခွင်လုံးကို တုန်လှုပ်သွားစေလေသည်။

All Chapters