← Chapters

တောင်ကြားထဲ

Vol. 025 Ch. 1204

တောင်ကြားထဲ

Vol. 025 Ch. 1204

သို့ရာတွင် ထိုအဘွားအိုက ဝမ်လင်း၏ အနက်ရောင်လေပြင်းကို လျော့တွက်မိခြင်းပင်။ ခုချိန်၌ ဝမ်လင်းသည် နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကို ရောက်နေပြီး ပေဖန်၏မန္တာန်စွမ်းအားများသည် ၎င်းတို့၏ အစစ်အမှန်သဘာဝကို ပြသလာပေပြီ။ ပို၍ အရေးကြီးသည်က ချင်းလင် သူ့အား ပေးခဲ့သော ကံကောင်းမှုကြုံရပြီးနောက် ဝမ်လင်းသည် ပေဖန်၏ မန္တာန်များကို နက်နက်ရှိုင်းရှိုင်း နားလည်ခဲ့ပေပြီ။

နဂါးနက်ငါးကောင်က အဘွားအို ထွေးထုတ်သည့် အနီရောင်မြူတို့နှင့် ထိပ်တိုက်တွေ့၏။ မိုးကြိုးသံတစ်မျှ တုန်ဟည်း၏။ နဂါးငါးကောင်က မာန်သွင်းဟိန်းကာ အနီရောင်မြူထုကို စုတ်ဖြဲ၍ တစ်ခုတည်းအဖြစ် သိပ်သည်းသည်။

အနက်ရောင်နဂါး ငါးကောင် ပေါင်းစပ်သွားသည်နှင့် ပြင်းထန်သောအော်ရာတစ်ခု ပေါ်လာ၏။ ၎င်းက အနက်ရောင်လှံအဖြစ်သို့ မြန်ဆန်စွာ ပြောင်းသည်။ ၎င်းလှံမှာ အစစ်အမှန် မဟုတ်၊ သို့သော် တုန်လှုပ်ဖွယ်ရာ အော်ရာ ထွက်ပေါ်နေ၏။

လှံ ထိုးထွက်သွားသည်နှင့် ၎င်းက အနက်ရောင်မိုးစက်နှင့် အဆိပ်ချိပ်ဟန်တို့ကို လစ်လျူရှုကာ အဘွားအိုနားသို့ ရောက်ရှိလာသည်။

လျှပ်တပြတ်အတွင်း မြန်ဆန်လွန်း၏။ အဘွားအို လေလုံးသုံးလုံးနှင့် မြွေငယ်တို့ကို ထွေးထုတ်ပြီးချင်းချင်းမှာပင် လှံနက်က သူမနှင့် ပေတစ်ရာပင် မလိုတော့ပေ။

ပြင်းထန်သော အေးစက်စက် လေပြင်းက အဘွားအို၏အမူအရာကို ကြီးစွာ ပြောင်းလဲသွားစေ၏။ သူမ၏မျက်နှာထက်ရှိ အရေးအကြောင်းများပါ လေပြင်းကြောင့် တွန့်ကုန်ကာ သူမ၏ မျက်လုံးသူငယ်အိမ်ပင် ကြုံ့ကာ နောက်သို့ အမြန် ဆုတ်သည်။

သူမက ဝမ်လင်းကို တိုက်ခိုက်မည့် မန္တာန်များကို ထိန်းချုပ်နိုင်ဖို့ပင် အချိန်မရဘဲ ချိပ်ဟန်တစ်ခုကို အမြန် ဖြစ်စေ၏။ သူမ၏ ရှုံ့တွတွ အရေပြားပေါ်တွင် အနက်ရောင်ကြေးခွံများ ပေါ်လာပေပြီ။ ထိုအခိုက်၌ သူမသည် လူသားပုံစံ မပေါက်တော့၊ လူတစ်ပိုင်း၊သားရဲတစ်ပိုင်းပုံ ပိုပေါက်နေသည်။

ဝမ်လင်း၏ မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ် ပေါ်လာ၏။ သူက လေထဲ၌ လွင့်ဝဲနေသည်။ ပထမဆုံး ရောက်ရှိလာသည်က ရုပ်တုအကြည့်ကြောင့် ဖြစ်ပေါ်သည့် ချိပ်ဟန်ပင်။ ၎င်းက မြန်လွန်းကာ ဝမ်လင်း၏ ရင်ဘက်နားသို့ နီးကပ်လာသည်။

ရှောင်ဖို့ အချိန်မရှိပေ။ သို့သော် ဝမ်လင်းက နောက်သို့လည်း မဆုတ်လိုချေ။ ထိုအဘွားအို၏ ကျင့်ကြံမှုက သူ့ထက် အနည်းငယ်သာ မြင့်၏။ သူမ၏ တိုက်ခိုက်မှုများက ရက်စက်လှသည်။ သို့သော် ဝမ်လင်းသည် နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများကို သတ်ပစ်ခဲ့ပြီးသူ တစ်ယောက်ပင်။

ရဲ့ရင်သူမှာ ကျဉ်းတည်းကျပ်တည်းတွင် အနိုင်ရတတ်ပေ၏။ အဆိပ်ချိပ်ဟန် အနား ရောက်လာချိန်၌ ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ ရှေ့သို့ တွန်းထုတ်သည်။ သူက ထိုအဆိပ်ချိပ်ဟန်နှင့် ခုနစ်လက်မသာ လိုတော့သည်။

ထိုအခိုက်အတန့်၌ ဝမ်လင်းက သူ့ဘယ်လက်ကို သူ့လက်ဝါးနောက်သို့ အလွန်မြန်သောနှုန်းဖြင့် ညွှန်၏။ သူ လက်ညွှန်တိုင်း တုန်ဟည်းသံ ပဲ့တင်ထပ်သည်။ ပေတစ်သောင်းအတွင်း မူလစွမ်းအင်အားလုံးက ကြောက်မက်ဖွယ် နည်းဖြင့် ထိန်းချုပ်ခြင်း ခံရကာ ဝမ်လင်း၏ လက်ချောင်းထိပ်သို့ လာရောက်စုဝေးကာ သူ့လက်ဝါးတစ်လျှောက်သို့ စီးဆင်းသည်။

ထိုအဖြစ်အပျက်မှာ ခဏတာသာ ကြာမြင့်သည်။ အဆိပ်က ဝမ်လင်း၏ လက်ဝါးနား နီးကပ်လာချိန်၌ ဝမ်လင်း၏လက်ဝါးထံကနေ မြေကြီးထုအက်ကွဲသံတစ်မျှ ထွက်ပေါ်ကာ ပျံ့လွင့်သည်။

ထိုဖိသိပ်အားအောက်တွင် အဘွားအို၏ အနက်ရောင်မိုးစက်များသည် သူ့ အနားသို့ ကပ်မလာနိုင်တော့ဘဲ လွင့်စင်ကုန်သည်။

ပေါက်ကွဲသံမှာ မိုးကြိုးပစ်သံထက် ကျယ်၏။ ဝမ်လင်းသည် ထိုအသံကို တောင့်မခံနိုင် ဖြစ်ရကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

ထိုအဆိပ်ချိပ်ဟန်က တုန်ယင်၏။ မရေမတွက်နိုင်သော အက်ကြောင်းများ ၎င်းပေါ်၌ ပေါ်လာပြီးနောက် တစစီ ပျက်စီးသွားသည်။ ဝမ်လင်းလက်ဝါးမှ ကြောက်မက်ဖွယ်မူလစွမ်းအင်သည် တစစီဖြစ်သွားသည့် အနက်ရောင်ချိပ်ဟန်ကို လွင့်စင်စေကာ ရုပ်တုရင်ဘက်ပေါ်သို့ ကျရောက်စေသည်။

ရုပ်တုရင်ဘက်ပေါ်တွင် အနက်ရောင်လက်ဝါးရာတစ်ခု ပေါ်လာကာ အက်ကြောင်းနှစ်ခု ရုပ်တုတစ်လျှောက် ပျံ့နှံ့သည်။ ထို့နောက် ရုပ်တုသည် တစစီ ဖြစ်သွားလေ၏။

ထိုအခိုက်အတန့်တွင် ဝမ်လင်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သည်။ မြွေငယ်သည် တုန်ခါလှိုင်းကို အားဖြင့် ချိုးဖျက်ကာ ဝမ်လင်းထံ တိုးဝင်လာနေသည်။ ၎င်းက မြွေတွန်သံပေးကာ အဆုံးစွန်အဆိပ်ငွေ့များကို ထွေးထုတ်သည်။

ဝမ်လင်းအသွင်က သုန်မှုန်သွားလျက် သူသည် လေဟာနယ်ထဲသို့ လက်ဆန့်ထုတ်ကာ သူ့သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်သည်။ အမျိုးသမီးအလောင်းကောင် လှမ်းထွက်လာ၏။ ဝမ်လင်း အမိန့်ပေးစရာ မလိုဘဲ သူမက မြွေငယ်ထံ တရကြမ်း တိုးဝင်သည်။

ဝမ်လင်းက ငွေရောင်အမျိုးသမီးအလောင်းနှင့် မြွေငယ်တို့ကို ခုန်ကျော်ကာ ထိုအဘွားအိုထံ တိုက်ရိုက် တိုးဝင်လာလေ၏။

အဘွားအို၏အသွင်မှာ ကြီးစွာ ပြောင်းလဲကာ လှံနက်ကို ရှောင်ဖို့ ကြိုးစားရင်း ဆက်ပြေးရန် ပြင်သည်။ သို့ရာတွင် လှံနက်က သူမထံသို့ ထပ်ကြပ်မကွာ လိုက်လာသည့်အပြင် မြန်သထက် မြန်လာသည်။

ဝမ်လင်းက သူမ၏ သတ်ဖြတ်ခြင်းအစီအရင်ထံကနေ လှမ်းလျှောက်ထွက်လာသည်ကို တွေ့မြင်သည့်အခါ သူမ၏မျက်နှာမှာ ပို၍ပင် သုန်မှုန်လာတော့သည်။ သူမက လျှာကိုက်ကာ ပိုများပြားသည့် အဆိပ်များကို ထွေးထုတ်ရန်ပြင်စဉ် ဝမ်လင်းက သူမအား လက်ညွှန်သည်။

ရပ်တန့်ခြင်း…။

မရေမတွက်နိုင်သော မမြင်ရသည့် အမျှင်တန်းများ လောကတွင် ရုတ်တရက် ပေါ်လာကာ ထိုအဘွားအိုကို ထွေးပတ်သည်။ ရပ်တန့်ခြင်း ဟူသည့် စကားလုံးက သူမ၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် တုန်ယင်သွားစေ၏။

သူမ၏ ပါးစပ်ကနေ အစိမ်းရောင်အခိုးငွေ့များ ထွက်လာကာ ချက်ခြင်းပင် အလန့်တကြား အော်ဟစ်ရသည်။ ပါးစပ်အပြည့် သွေးအဆိပ်များက ထွေးထုတ်လိုက်နိုင်ခြင်းမရှိ ထိုအစား သူမလည်ချောင်းအတိုင်း ပြန်ဝင်စီးဆင်းသွားသည်။ သူမသည် အလန့်တကြား အော်ဟစ်ရင်း သူမ၏ခန္ဓာကိုယ် အစိတ်အပိုင်းများစွာမှာ ပုတ်သိုးပျက်စီးလာသည်။

ထိုအခိုက်မှာပင် လှံနက်က နီးကပ်လာကာ ထိုအဘွားအို၏ ရင်ဘက်ကို ထွင်းဖောက်သွားသည်။ ထိုအခါ သူမ၏ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်သွားသည်။

အဘွားအို၏အော်သံက ရုတ်တရက် ရပ်တန့်သွားသည်။ သူမ၏ခန္ဓာကိုယ်က သွေးကန်အဖြစ် ပျက်စီးသွားရ၏။ သူမ၏အားနည်းသွားသော မူလစိတ်ဝိညာဉ်မှာ ထွက်ပြေးဟန် ပြင်စဉ် ဝမ်လင်းက လက်ဝေ့ယမ်း၍ ၎င်းကို ဖမ်းယူသည်။

တိုက်ပွဲမှာ တိုတောင်းသော်လည်း ဝမ်လင်းက အန္တရာယ်များလှသဖြင့် စိုးရွှံ့မိနေဆဲပင်။ ထိုအဘွားအို၏ အဆိပ်မန္တာန်များက သူမနှင့် ကျင့်ကြံခြင်းအဆင့်တူသူများကို အနိုင်ရဖို့ရာ လုံလောက်ပေသည်။ ကျင့်ကြံမှုအဆင့် ပိုမြင့်သူများသည်ပင် ကြိုတင်မပြင်ဆင်ပါက သူမ၏ အဆိပ်ကို ခံစားသွားရနိုင်၏။

ဝမ်လင်းသည် လူသတ်သည်မှာ ရိုးနေပေပြီ။ သို့သော် ယနေ့တွင် သူက အကြောင်းရင်းမရှိ သတ်ပစ်ခဲ့ခြင်းပင်။ သူက ထိုအဘွားအိုကို သိပင်မသိပေ။ သူမကသာ သူ့အား သတ်ပစ်ဖို့ မကြိုးစားလာပါက သူသည် အခုလို အကြောင်းရင်းမရှိဘဲ သတ်လိမ့်မည် မဟုတ်ခဲ့ပေ။

ငွေရောင်အမျိုးသမီးနှင့် တိုက်ခိုက်နေသော မြွေငယ်က ရုတ်တရက် တုန်ယင်လာကာ အဘွားအို၏မူလစိတ်ဝိညာဉ်ကို ဖမ်းစီးပြီးနောက် ၎င်းက အားနည်းလာတော့သည်။ သိပ်မကြာခင်တွင် ငွေရောင်အမျိုးသမီးက မြွေငယ်ကို ဖမ်းစီးနိုင်သွား၏။

ထိုအခိုက်အတန့်၌ လူဝံနက်က တိုက်ပွဲကွင်းပြင်သို့ ကျော်လွန်ကာ အရိုးခေါင်းရှစ်ခု ဝန်းရံထားသည့် တောင်ကြားထဲသို့ ဝင်ရောက်၏။ သားရဲအုပ်ကလည်း တောင်ကြားထဲသို့ ဝင်လာသည်။

အဘွားအို သေဆုံးသွားခဲ့ပြီ ဖြစ်သည့်အတွက်ကြောင့် အရိုးခေါင်းရှစ်ခုမှာ မတည်မငြိမ် ဖြစ်လာသည်။ ၎င်းတို့အား ချိတ်ဆက်ထားသည့်အလင်းမှာလည်း ပျက်စီးသွားပေပြီ။

ဝမ်လင်းသည် အကွာအဝေးတစ်ခုရှိ လူဝံနက်ကို ကြည့်၏။ လူဝံနက်က သူ့အမိန့်အရ ဆက်၍ ပြေးနေဆဲပင်။ သားရဲအုပ်က တောင်ကြားထဲသို့ လိုက်ဝင်လာရင်း မြေကြီးထုသည် တုန်ခါနေသည်။

အချို့ကြမ်းကြုတ်သည့်သားရဲများက ဝမ်လင်းထံ ဦးတည်ဝင်လာလို၏။ သို့သော် သူ့အင်္ကျီလက်ကို ဝေ့ယမ်းသည်နှင့် ၎င်းတို့အားလုံး သေဆုံးရသည်။

သားရဲများက သူ့ကို ချန်ထားကာ လူဝံနက်နောက်သို့သာ ဆက်လိုက်ကြတော့၏။

ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ပို၍ မတည်မငြိမ်ဖြစ်လာသော အရိုးခေါင်းရှစ်ခုကို စူးစိုက်ကြည့်သည်။ ၎င်းတို့က ပျက်စီးတော့မည့်ကဲ့သို့ ရှိ၏။ ဝမ်လင်းသည် သေချာကြည့်ကာ အရိုးခေါင်းများထဲမှ တစ်ခု အနားသို့ ရောက်လာပြီး သူ့လက်ဝါးဖြင့် ရိုက်ချသည်။

ထိုအရိုးခေါင်းမှာ တုန်ယင်၍ ၎င်းပတ်လည်ရှိ တစ္ဆေအလင်းမှာ လွင့်ပြယ်သွားသည်။ ထို့နောက် ၎င်းက လက်သီးစုပ်ခန့်အရွယ် အရိုးခေါင်းဖြစ်သည့်အထိ ကျုံ့သွားပြီး ငြိမ်သက်သည်။

ဝမ်လင်းသည် ကျန်သည့်အရိုးခေါင်းခုနစ်ခုကိုလည်း တူညီစွာ ချိပ်ပိတ်သည်။ ဤအရိုးခေါင်းရှစ်ခုမှာ အစီအရင်တစ်ခုအဖြစ် ချခင်းထားသည်မှာ ရှင်း၏။ ဝမ်လင်းက ၎င်းတို့ကို သိမ်းဆည်းခြင်းမပြုဘဲ ချိပ်ပိတ်၍သာ ထား၏။ သူသည် တောင်ကြားထဲတွင် ဘာရှိသည်ကို မသိသေးပေ။ သူ့နတ်ဘုရားအာရုံက မြူများကို မထွင်းဖောက်နိုင်သောကြောင့် ဖြစ်၏။

သူသည် တောင်ကြားထဲသို့ သတိထားကာ ဝင်လာ၏။ အရိုးခေါင်းများပေါ်ရှိ ချိပ်ပိတ်မှုကို ဖယ်ရှားကာ မူလအတိုင်း ပိတ်လှောင်မှု ဖြစ်စေရန် အတွေးတစ်ချက်သာ လိုသည်။

တောင်ကြားသည် ကြီးမားလွန်းခြင်း မရှိပေ။ ပထမဆုံး ဝမ်လင်းတွေ့လိုက်သည်က အလောင်းတစ်ခုပင်။ ထိုအလောင်းသည် ပုတ်ပွနေ၏။အမျိုးသားအလောင်း ဖြစ်သည်။ ၎င်းထံကနေ မသတီစရာ အနံ့အသက်တို့ ထွက်နေသည်။

မျက်မှောင်ကြုံ့သွားပြီးနောက် ဝမ်လင်းက ရှေ့သို့ ဆက်လျှောက်လာသည်။ သိပ်မကြာခင်တွင် သူသည် တောင်ကြားအလယ်သို့ ရောက်လာ၏။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ရာ မသေခင် အဆိပ်မိထားသည့် အလောင်းလေးလောင်းနှင့်အတူ ထိုင်နေသည့် ပုံရိပ်တစ်ခုကို တွေ့သည်။

“ငါ့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…” ထိုနေရာတွင် ထိုင်နေသူထံကနေ အားနည်းသောအသံ ထွက်ပေါ်လာသည်။

ဝမ်လင်း၏အမူအရာက တည်ငြိမ်လျက်၊ သူသည် ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာကာ သူ့ရှေ့ရှိ အရာရာကို တွေ့မြင်သည်။

အလောင်းလေးလောင်းလုံးမှာ ပုတ်သိုးနေကြပေပြီ။ သူတို့၏ မျက်လုံးတို့က နက်မှောင်နေသည်။ ၎င်းတို့ထံကနေလည်း တူညီသော မသတီစရာအနံ့ လှိုင်ထွက်နေ၏။

ထိုင်နေသူက သက်လတ်ပိုင်းအရွယ် ရှိ၏။ သူ့မျက်နှာမှာ သွေးမရှိသည့်အလား ဖြူရောနေသည်။ သူ့မျက်ခုံးနှစ်ခုကြား၌ အနက်ရောင်လိုင်းတစ်ခု ရှိသည်။ သူ့မူလစိတ်ဝိညာဉ်သည်ပင် သေခြင်းရှင်ခြင်းမျဉ်းပေါ်သို့ ကျရောက်နေ၏။ သူ့ကိုယ်ထဲရှိ အဆိပ် ထကြွနေသည်မှာ ရှင်းပေသည်။ ထိုအဆိပ်က သာမန်မဟုတ်၊ အလွန်ပြင်းမည့် အဆိပ်မျိုး ဖြစ်၏။

“နိဗ္ဗာနသန့်စင်ခြင်း နောက်ဆုံးအဆင့်…” ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ နိဗ္ဗာနသန့်စင်ခြင်းနောက်ဆုံးအဆင့်ကိုပင် သေစေနိုင်သည့် အဆိပ်က ခုနစ်ခုမြောက်ကောင်းကင်ဘုံအဆိပ်နှင့် ယှဉ်နိုင်ပေ၏။

“ရောင်းရင်းကျင့်ကြံသူကကော ကျောက်စိမ်းပြားနဲ့ ဆေးဖော်စပ်နည်းအတွက် ရောက်လာခဲ့တာလား။ သင် ဘယ်ကလန်ကလဲတောင့် ငါ မသိဘူး။ ဒါပေမဘ့် ဒီပစ္စည်းနှစ်ခုကို သင် ရရှိလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ ငါ သင့်ကို မပေးရင်တောင် သင့်မှာ ငါ့ သိုလှောင်နေရာလွတ်ကို ဖွင့်နိုင်မယ့် နည်းလမ်း ရှိတယ်လို့လည်း ငါ ယုံတယ်။ ထားလိုက်ပါတော့လေ…ငါ သင့်ကို ဒီပစ္စည်းနှစ်ခုပေးမယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး ဒီထောင်ချီခရမ်းတီကောင်အဆိပ်ကနေ ခံစားနေရတာ ရပ်တန့်သွားအောင် ငါ့ကို သတ်ပေးပါ…”

သက်လတ်ပိုင်းလူ၏ မျက်နှာထက်တွင် ခါးသီးမှုတို့ ပြည့်နေသည်။

ဝမ်လင်းသည် မြေပြင်ထက်ရှိ အလောင်းလေးလောင်းကို ကြည့်ကာ တိတ်ဆိတ်စွာ စဉ်းစားနေ၏။ ထို့နောက် သူက သက်လတ်ပိုင်းလူကို ကြည့်ကာ ခေါင်းညိတ်ပြသည်။

“ဒီလေးယောက်က ငါ့တပည့်တွေပဲ။ ငါ့ကို ကာကွယ်ဖို့အတွက် သူတို့ဟာ အဆိပ်ငါးပါးကလန်က ဟိုအဘွားကြီးရဲ့ အဆိပ် မိခဲ့ပြီး သေခဲ့ရတာ…”

ထိုသက်လတ်ပိုင်းလူ၏ မျက်လုံးထဲတွင် ဝမ်းနည်းမှုတို့ ရှိနေ၏။ သည်လေးယောက်မှာ သူ့ နောက်ဆုံးတပည့်များ ဖြစ်ကြသည်။ မတော်တဆသာ ဖြစ်မလာခဲ့ပါကသူတို့သည် တဖြည်းဖြည်းဖြင့် ကလန်တွင် ခေါင်းဆောင်များ ဖြစ်လာနိုင်ကြသည့် သူများပင်။

“ငါ့ခန္ဓာကိုယ်ထဲက အဆိပ်ကြောင့် ငါ မူလစွမ်းအင်ကို အသုံးမပြုနိုင်ဘူး။ ဒါ့ကြောင့် ငါ့ သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်ဖို့ ငါ့ကို မူလစွမ်းအင်အမျှင်တန်းတစ်ခုလောက် ပေးငှားပါ။ ငါ သင့်အတွက် ကျောက်စိမ်းပြားနဲ့ ဆေးဖော်စပ်နည်းကို ထုတ်ပေးပါ့မယ်။ အဲ့နောက် သင်က ငါ့ကို မြန်မြန် သတ်ပေးပါ။ လောဘကြီးပြီး ပိုင်ဆိုင်လိုစိတ်အတွက် ငါဟာ အခုလိုမျိုး အဆုံးသပ်ခဲ့ရတယ်။ ငါ့တပည့်တွေတောင်မှာ ပါခဲ့ရတယ်…”

သက်လတ်ပိုင်းလူ၏ မျက်နှာထက်ရှိ ခါးသီးမှုမှာ ပို၍ ဆိုးလာ၏။

ဝမ်လင်းသည် စကားတစ်ခွန်းမှမဆို၊ သူ့ညာလက်ကို ရှေ့သို့ မြှောက်ကာ တွန်းထုတ်၏။ မူလစွမ်းအင်အမျှင်တန်းတစ်ခုသည် သက်လတ်ပိုင်းလူထံသို့ တိုးဝင်သွား၏။ သက်လတ်ပိုင်းလူနှင့် သုံးလက်မအကွာသို့ ရောက်သည့်အခါ ထိုမူလစွမ်းအင်သည် ရုတ်တရက် ပြောင်းလဲသွားသည်။

***

All Chapters