သနားစရာကောင်းသောဝမ်ရှောင်
Vol. 182 Ch. 2596
စီဝေ့ကြယ်ကောင်းကင်အပြင်တွင် ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် စီဝေ့ကြယ်ကောင်းကင်နှင့် အတော်ဝေးဝေးမှာပင် ရပ်တန့်လိုက်လေသည်။ သူတို့သည် အနီးသို့ များစွာကပ်မသွားလိုပေ။
ရီဖူရှင်းသည် အရှင်စီဝေ့၏ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နိုင်ပြီး သူပိုင်ဆိုင်သော အဖျက်စွမ်းအားသည် အံ့အားသင့်ရလောက်အောင် ကြောက်မက်ဖွယ်ကောင်း၏။ သူတို့သည် အလွန်နီးကပ်သွားလျှင် ထိုစွမ်းအားကို ခံနိုင်ရည်ရှိလောက်မည်မဟုတ်ပေ။
ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် မဟာတပ်ဖွဲ့ခြောက်ဖွဲ့ဖြင့် ရောက်ရှိလာ၏။ ကောင်းကင်ဒေသမှ အခြားထိပ်သီးအင်အားစုများမှာလည်း နောက်မှ လိုက်လာခဲ့သည်။ သို့သော် သူတို့သည် ထိုတိုက်ပွဲကို အနိုင်ရလိမ့်မည်ဟု များစွာယုံကြည်မှု မရှိသေးပေ။ ရီဖူရှင်းက အားလုံးကို စီဝေ့ကြယ်ကောင်းကင်ထဲ၌သာနေရန် ညွှန်ကြားခဲ့သည်။ သူတို့က ရီဖူရှင်းကို မည်သို့မှ မလုပ်နိုင်ပေ။
“ဝမ်ရှောင်...”
ထျန်းယန်မြို့သခင်သည် သူ့ဘေးရှိ ဝမ်ရှောင်ကိုကြည့်၍ ပြောလိုက်သည်။
“မင်း စီဝေ့ကြယ်ကောင်းကင်ရဲ့ ခံစစ်ကို ဖောက်နိုင်မလားဆိုတာ ထပ်ပြီး ကြိုးစားကြည့်စမ်း...”
ဤအကြိမ်တွင်လည်း စီဝေ့ကြယ်ကောင်းကင်၏ခံစစ်ကို ဖောက်ရန် နည်းလမ်းမရှိသေးလျှင် သူတို့သည် စီဝေ့ကြယ်ကောင်းကင်ပတ်ပတ်လည်တွင် ယာယီစခန်းချ၍ စီဝေ့ကြယ်ကောင်းကင်ကို ဝန်းရံပိတ်ဆို့ထားရန် ကြံရွယ်ထားပေသည်။ ထို့နောက်တွင် သူတို့သည် တည်နေရာရွှေ့ပြောင်းမဟာကွန်ရက်ကြီးကို တည်ဆောက်၍ သူတို့၏ ဌာနချုပ်များနှင့် ဆက်သွယ်လိုက်မည်ဖြစ်သည်။ ထိုမှသာ သူတို့သည် စီဝေ့ကြယ်ကောင်းကင်ကို ရည်ရှည်ပိတ်ဆို့ထားနိုင်မည်ဖြစ်သည်။ သို့ဖြင့် သူတို့သည် ရီဖူရှင်းကို ရှင်းပစ်နိုင်မည့် အခြားနည်းလမ်းများကို တွေးတောရန် အချိန်ရမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူတို့သည် ရီဖူရှင်းတစ်ယောက် အပြင်တွင် လျှောက်သွား၍ ဖျက်ဆီးမှုများဆက်၍လုပ်မည်ကို ခွင့်မပြုနိုင်တော့ပေ။ မဟုတ်လျှင် ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုမှ ကျင့်ကြံသူများသည် ထာဝရ အန္တရာယ်ရှိနေမည်ဖြစ်သည်။
ဤတစ်ခေါက်အခြေအနေသည် သူတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။ သူတို့သည် အနန္တတောင်ကုန်းနှင့် နတ်ဘုရားမာန်ဟုန်တောင်ကုန်းတွင် ဖြစ်ပျက်ခဲ့သည်များကို တွေ့လိုက်ရသောအခါ သူတို့တွင် ရွေးချယ်စရာမရှိတော့ဟု ခံစားခဲ့ကြရသည်။
“ကောင်းပြီ...”
ဝမ်ရှောင်သည် ခေါင်းညိတ်၍ အောက်ဘက်သို့ လျှောက်သွားလိုက်သည်။ သူ၏မျက်နှာထားသည် တင်းမာခက်ထန်နေပေသည်။
သူရင်ဆိုင်နေရသည့် ရန်သူမှာ သူ၏သမိုင်းပေးရန်သူတစ်ဦးဖြစ်ပြီး သူသည် ယနေ့အထိ ထိုရန်သူကို အနိုင်မယူနိုင်သေးပေ။
သူသည် မွေးဖွားလာကတည်းက အထွတ်အထိပ်ဖြစ်ခဲ့ပြီး ပြိုင်ဘက်ကင်းဟူ၍ ကင်ပွန်းတပ်ခြင်းကို ခံခဲ့ရကာ လောကတစ်ခွင် ကျော်ကြားခဲ့သည်။ သို့သော် သူ့အထက်တွင် ယနေ့တိုင် သူမကျော်ဖြတ်နိုင်သေးသည့် လူတစ်ယောက် ရှိပေသေးသည်။
ယခုတွင်လည်း သူက စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ ဖောက်ဝင်နိုင်ချင်မှ ဖောက်ဝင်နိုင်ပေလိမ့်မည်။
ဝမ်ရှောင်သည် စီဝေ့ကြယ်ကောင်းကင်အထက်သို့ ရောက်ရှိသွားသောအခါ လက်ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် ကြောက်မက်ဖွယ် နတ်အလင်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်တုန်ဟည်းနတ်တူ ပေါ်ပေါက်လာ၏။
ရုတ်ခြည်းအတွင်းမှာပင် ကြောက်မက်ဖွယ် တုန်ခါလှိုင်းတစ်ခုသည် အပြင်ဘက်သို့ ထွက်သွားပြီး အဆုံးမဲ့ကြယ်တာရာကောင်းကင်အတွင်းသို့ ပျံ့နှံ့သွားကာ စီဝေ့ကြယ်ကောင်းကင်ကို ရိုက်ခတ်သွားသည်။
ဝုန်း...
ရိုက်ခတ်သံတစ်သံထွက်ပေါ်လာပြီး ကောင်းကင်တုန်ဟည်းနတ်တူမှ တုန်ခါလှိုင်းများသည် စီဝေ့ကြယ်ကောင်းကင်အထက်တွင် ပျံ့နှံ့သွားကာ ရိုက်ခတ်သံသည် စီဝေ့ကြယ်ကောင်းကင်၏ မျက်နှာပြင်ပေါ်တွင် ပဲ့တင်ထပ်သွားသည်။ ကြယ်တာရာအလင်းမျက်နှာပြင်သည် စီဝေ့ကြယ်ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံထားသဖြင့် တုန်ခါလှိုင်းများသည် ၎င်းမျက်နှာပြင်ကို ရိုက်ခတ်သွားသောအခါမှာပင် လှိုင်းများသည် ကြယ်တာရာအလင်းမျက်နှာပြင်ပေါ်တွင်သာ စီးဆင်းသွားပြီး စီဝေ့ကြယ်ကောင်းကင်ကို အနည်းငယ်ပင် မထိခိုက်စေခဲ့ပေ။
ရီဖူရှင်းသည် ကြိုတင်ပြင်ဆင်ထားကြောင်း ထင်ရှား၏။
ဝမ်ရှောင်သည် အောက်သို့ ငုံ့ကြည့်လိုက်သည်။ ရီဖူရှင်းသည် ထိုနေရာသို့ ရောက်နေပေပြီ။
မဟာအင်ပါယာဝိညာဉ်စွမ်းအား ထွက်ပေါ်လာပြီး နတ်ဘုရားတစ်ပါးကဲ့သို့ ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ အဆုံးမဲ့ကြယ်တာရာကောင်းကင်အထက်တွင် ဧရာမမျက်နှာကြီးတစ်ခုသည် နတ်ဘုရားတစ်ပါးကဲ့သို့ ထွက်ပေါ်လာ၏။ ဝမ်ရှောင်သည် ကောင်းကင်တုန်ဟည်းနတ်တူကို မြှောက်လိုက်သည်။ တုန်ခါလှိုင်းများစွာ ထွက်ပေါ်လာပြီး အောက်ရှိ စီဝေ့ကြယ်ကောင်းကင်ကို ရိုက်ခတ်လိုက်ကြသည်။
မကြာမီတွင် ကောင်းကင်တုန်ဟည်းနတ်တူကိုယ်တိုင် အောက်သို့ ကျဆင်းသွားသည်။ လောကဖျက်ဆီးနတ်အလင်းတစ်ခုသည် အာကာပြင်ကို ဖောက်ထွင်းသွားပြီး အောက်ရှိ စီဝေ့ကြယ်ကောင်းကင်ကို ဖောက်ထွင်းနိုင်တော့မည့်အလား ပျံဆင်းသွားသည်။ ထိုအလင်းတန်းသည် လွန်စွာကြောက်မက်ဖွယ်ကောင်းပြီး မိုင်ထောင်ချီအကွာမှပင် ထိုအလင်းသည် မျက်စိရှေ့တွင် ရှိနေသည့်အလား လှမ်းမြင်နိုင်သည်။ ၎င်းသည် အာကာပြင်ကို ပြင်းထန်စွာ ဆုတ်ဖြဲသွားသည်။
၎င်းသည် တိုက်ကြီးတစ်တိုက် သို့မဟုတ် ကျင့်ကြံခြင်းဂြိုလ်တစ်ဂြိုလ်ကိုပင် တိုက်ရိုက်ဖျက်ဆီးပစ်နိုင်လောက်သည်အထိ ကြောက်မက်ဖွယ်အင်အားဖြစ်သည်။
ဝုန်း...
ပြင်းထန်သော ရိုက်ခတ်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ စီဝေ့ကြယ်ကောင်းကင်သည် ကြယ်တာရာအလင်းမျက်နှာပြင်၏ လွှမ်းခြုံမှုကို ခံထားရဆဲပင်။ လွန်စွာတောက်ပသော ကြယ်တာရာနတ်အလင်းတစ်ခု လှည့်ပတ်လာ၏။ အလင်းတန်းကျဆင်းလာသောအခါ ကြယ်တာရာအလင်းမျက်နှာပြင်သည် အတွင်းသို့ ခွက်ဝင်သွားသည်ဟု ထင်လိုက်ရပြီး ကြောက်မက်ဖွယ်အက်ကြောင်းကြီးတစ်ခု ပေါ်လာခဲ့သည်။
သို့သော် ၎င်းသည် မပျက်စီးသွားသေးပေ။
ကြယ်တာရာအလင်းမျက်နှာပြင်ပေါ်ရှိ အဖျက်အလင်းတန်းကျဆင်းသွားသောနေရာတွင် ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ ၎င်းသည် ပေါက်ထွက်သွားတော့မလိုပင် ထင်ရသည်။ သို့သော် မကြာခင်မှာပင် စီးဆင်းနေသော ကြယ်တာရာအလင်းများသည် ထိုချိုင့်ခွက်ကို ပြင်ဆင်လိုက်သည်။ ထိုအလင်းများသည် ယင်းတိုက်ခိုက်မှုကို အခြားနေရာသို့ လွှဲပြောင်းလိုက်သကဲ့သို့ပင်။
ကြယ်တာရာအလင်းမျက်နှာပြင်ကြီးသည် အကောင်းအတိုင်း ရှိနေပေသေးသည်။
ဤအကြိမ်တွင် ဝမ်ရှောင်သည် မဟာအင်ပါယာအဆင့်လက်နက်နှင့် တိုက်ခိုက်လိုက်သော်လည်း စီဝေ့ကြယ်ကောင်းကင်၏ ပြင်ပခံစစ်ကို မဖောက်နိုင်ခဲ့ပေ။
အကန့်အသတ်မဲ့ကောင်းကင် အထက်ရှိ စွမ်းအားကြီး ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုမှ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ရင်တုန်သွားကြသည်။
ထိုအဆုံးသတ်သည် သူတို့မျှော်လင့်ထားသည်ထက် များစွာပို၍ဆိုးဝါးပေသည်။
ယခင်တစ်ခေါက်ကမှ ဝမ်ရှောင်၏ တိုက်ခိုက်မှုသည် အနည်းဆုံး ပြင်ပခံစစ်ကို တိုက်ရိုက်ဖောက်ဝင်သွားပြီး စီဝေ့ကြယ်ကောင်းကင်၏အတွင်းခံစစ်ကို ဖောက်ထွင်းကာ စီဝေ့ကြယ်ကောင်းကင်ကို ဖြတ်သန်းသွားခဲ့သည်။ သို့သော် ရီဖူရှင်း၏တိုက်ခိုက်မှုသည် သူ့ကိုခြိမ်းခြောက်နေခဲ့သဖြင့် နောက်ဆုံးတွင် စီဝေ့ကြယ်ကောင်းကင်ကို မသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုတွင် မဟာအင်ပါယာအဆင့်လက်နက်၏ အဖျက်အားကြီးသော တိုက်ခိုက်မှုသည် ပြင်ပခံစစ်ကိုပင် မဖောက်နိုင်ခဲ့ချေ။
မည်သည့်အရာများ ဖြစ်ပျက်နေခြင်းနည်း။
ဝမ်ရှောင်မှာလည်း ထိုမြင်ကွင်းကြောင့် မျက်နှာပျက်သွားသည်။ သူက စိတ်ပြင်ဆင်ထားပြီး ဖြစ်နိုင်ချေသည် သူ့ဘက်ကမရှိကြောင်း တွေးထားသော်လည်း သူ့ရှေ့မှ အခြေအနေသည် လက်ခံနိုင်ရန် ခက်ခဲပေသေးသည်။ ထိုနှစ်များအတွင်း သူ၏တိုးတက်လာမှုသည် ရီဖူရှင်းကို မမီသေးသည့် သဘောပင်။ သူက ပြင်ပအင်အားများကို အဓိကမှီခိုနေရပေသေးသည်။ ယခင်ကတိုက်ပွဲနှင့်ယှဉ်လျှင်ပင် သူ၏စွမ်းဆောင်ရည်သည် ဤတစ်ကြိမ်တွင် ပို၍ဆိုးဝါးနေပေသည်။
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ရီဖူရှင်းဟာ မဟာအင်ပါယာအဆင့်လက်နက်ကို ဖျက်ဆီးနိုင်ပြီး ပိတ်ဆို့ထားတာကနေ ဖောက်ထွက်နိုင်တယ်ဆိုတာ ကံကောင်းသွားတာကြောင့်မဟုတ်ဘူးပဲ။ (၂၈)နှစ်အတွင်းမှာ သူက အရှင်စီဝေ့ရဲ့ ဝိညာဉ်စွမ်းအားကို အသုံးပြုပြီးတော့ ပိုပြီးအားကောင်းတဲ့စွမ်းအားကို ထိန်းချုပ်အသုံးချနိုင်ခဲ့တာပဲ”
ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုလုံးမှ ကျင့်ကြံသူများသည် ထိုအကြောင်းကို သိရှိသွားခဲ့သည်။
“ဝမ်ရှောင် ပြန်လာခဲ့...”
ထျန်းယန်မြို့သခင်သည် တစ်စုံတစ်ခုကို သတိပြုမိသွားသည့်အလား အောက်ဘက်ရှိ ဝမ်ရှောင်ကို လှမ်းခေါ်လိုက်သည်။ သူ၏အသံကိုမကြားရခင်မှာပင် စီဝေ့ကြယ်ကောင်းကင်မှနေ၍ လွန်စွာတောက်ပသောနတ်အလင်းတစ်ခု လင်းလက်လာ၏။
ကြယ်တာရာနတ်ဓား အများအပြား ထွက်ပေါ်လာ၏။ စီဝေ့ကြယ်ကောင်းကင်အထက်တွင် ကြယ်တာရာများလည်ပတ်လာပြီး မရေမတွက်နိုင်အောင်များပြားသော ကြယ်တာရာနတ်ဓားများ တစ်ပြိုင်တည်း ပျံထွက်သွားလေသည်။ နတ်ဓားများ၏ အလင်းသည် ကောင်းကင်နှင့်မြေကြီးကို ဖောက်ထွင်းသွားကာ ရီဖူရှင်းထံသို့ ဦးတည်ပျံဝင်သွားလေသည်။
ဝမ်ရှောင် အော်လိုက်ပြီး လက်ထဲရှိ ကောင်းကင်တုန်ဟည်းနတ်တူနှင့် ဒေါသတကြီး ထုနှက်ချလိုက်သည်။ သန်းထောင်ချီသော တုန်ခါလှိုင်းများ ထွက်ပေါ်လာပြီး ၎င်းတို့၏ လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးသွားလေသည်။
အကန့်အသတ်မဲ့အာကာပြင်ထဲတွင် အင်အားနှစ်ခု ထိခတ်သွားသည်။ နတ်ဓားများ၏အလင်းသည် ကောင်းကင်တုန်ဟည်းနတ်တူ၏ တုန်ခါလှိုင်းများအောက်တွင် နစ်မြုပ်သွားသည်။ သို့သော် အဆုံးမဲ့ နတ်ဓားများသည် အလုံးစုံ မပျောက်ကွယ်သွားပေ။ နတ်ဓားအချို့သည် ၎င်းတို့၏လမ်းကြောင်းအတိုင်း ဝမ်ရှောင်ဆီသို့ ဆက်၍ပျံဝင်သွားလေသည်။
ဝမ်ရှောင်က အားကောင်းသော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်ကို နတ်အလင်းက ကာကွယ်ပေးထားပြီး သူက ကောင်းကင်တုန်ဟည်းနတ်တူကို နောက်တစ်ကြိမ် ထပ်မံထုချလိုက်သည်။ သို့သော် သူက အနည်းငယ် အလျင်စလိုဖြစ်သွားပေသည်။ တစ်ချိန်တည်းမှာပင် နတ်ဓားအလင်းမှာလည်း သူရှိနေသောနေရာသို့ ရောက်ရှိလာပြီး ပေါက်ကွဲသွားသည်။
ရုတ်ခြည်းအတွင်းမှာပင် ထိုနေရာသည် ဖျက်ဆီးခံလိုက်ရပြီး ကြောက်မက်ဖွယ် အနက်ရောင်အက်ကြောင်းများသည် ဝမ်ရှောင်၏ခန္ဓာကိုယ်အပါအဝင် အရာအားလုံးကို ဝါးမျိုသွားလေသည်။ ထိုပျက်စီးမှုမြင်ကွင်းသည် လွန်စွာ တုန်လှုပ်ဖွယ် ကောင်း၏။
“ဝမ်ရှောင်...”
အဝေးရှိ မြင့်မားသော ကောင်းကင်ထက်ရှိ ထျန်းယန်မြို့သခင်၏ မျက်နှာထားသည် တုန်လှုပ်သောမျက်နှာထားအဖြစ် ပြောင်းလဲသွားလေသည်။ ဝမ်ရှောင်၏ခံစစ် ပထမအကြိမ် ပျက်စီးသွားကတည်းက ရီဖူရှင်းသည် အရှင်စီဝေ့၏ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ပို၍အားကောင်းသောခံစစ်ကို ဆင်နိုင်လိမ့်မည်ဖြစ်ကြောင်း သူသိရှိခဲ့သည်။ သို့ဆိုလျှင် ရီဖူရှင်းသည် ပို၍ပင် စွမ်းအားကြီးသောတိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်မည်ကို သူသိခဲ့သည်။
ထို့ကြောင့် သူက ရုတ်ခြည်းအတွင်း ဝမ်ရှောင်ကို သတိပေးရန် ကြိုးစားခဲ့ခြင်းပင်။ သို့သော် သူ၏သတိပေးမှုသည် နောက်ကျသွားခဲ့ပေပြီ။ ဝမ်ရှောင်သည် ထိုအဖျက်အားကောင်းသော တိုက်ခိုက်မှုအောက်သို့ ရောက်နေခဲ့ပြီဖြစ်သည်။
သူက အမှောင်ထု၏ ဝါးမျိုခြင်းကို ခံနေရသော ဝမ်ရှောင်ကို ငေးကြည့်ရင်း အပြင်းအထန် ရင်ခုန်နေသည်။ ကောင်းကင်ဒေသမှ အခြားထိပ်သီးများမှာလည်း ထို့အတူပင်ဖြစ်ကာ သူတို့၏နှလုံးသားသည် သူတို့၏ရင်ဘတ်အတွင်းမှ ခုန်ထွက်သွားတော့မတတ် အပြင်းအထန်ခုန်နေပေသည်။ ထိုအခိုက်တွင် သူတို့သည် မည်သည့်သဘောထားမတိုက်ဆိုင်မှုမှ မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဝမ်ရှောင်တစ်ယောက် ထိုသို့သေဆုံးသွားမည်ကို မလိုချင်သဖြင့်ဖြစ်သည်။
ယခုတွင် သူတို့ထံတွင် ဘုံရန်သူတစ်ဦး ရှိနေပြီမဟုတ်ပါလား။ ထို့အပြင် ထိုရန်သူက လွန်စွာ စွမ်းအားကြီးပြီး ရှေးဟောင်းနတ်ဘုရားကလန်များကိုပင် ခြိမ်းခြောက်နိုင်နေပြီဖြစ်သည်။
ဝုန်း...
ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်အက်ကြောင်းသည် သူတို့ရှေ့နားမလှမ်းမကမ်းသို့ ရောက်လာ၏အထိ ဆန့်ကားလာ၏။ ထိုအက်ကြောင်းအတွင်းမှနေ၍ လူတစ်ယောက်ထွက်လာ၏။ ထိုလူသည် ဝမ်ရှောင်ပင်။ ထိုအခိုက်တွင် သူ၏မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူဝတ်ဆင်ထားသော အဝတ်များတွင် သွေးများရွှဲစိုနေသည်။ သူသည် အက်ကြောင်းအတွင်းမှ ထွက်လာလာချင်းပင် ချောင်းတစ်ချက်၊ နှစ်ချက်ဆိုး၍ သွေးအန်လိုက်သည်။ သူ၏အသက်ရှူနှုန်းသည် မတည်မငြိမ်ဖြစ်နေပြီး အသက်ညင်းညင်းသာ ရှူနိုင်လေသည်။
သူက သူ့ကိုယ်သူတည်ငြိမ်အောင် လုပ်လိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်ကာ တရားထိုင်လိုက်လေသည်။ ထို့နောက် သူက သူ၏ဒဏ်ရာများ ပျောက်ကင်းအောင် ကျင့်ကြံနေလိုက်သည်။
“ဒါက...”
ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် မှင်တက်နေကြသည်။ ဝမ်ရှောင်သည် မဟာအင်ပါယာအဆင့်လက်နက်တစ်ခုဖြင့် တိုက်ခိုက်ခဲ့သည်။ သို့သော် သူသည် ရီဖူရှင်း၏ တိုက်ကွက်တစ်ကွက်ဖြင့်ပင် အပြင်းအထန် ဒဏ်ရာရသွားခဲ့လေသည်။
“အရှင်စီဝေ့က စီဝေ့ကြယ်ကောင်းကင်ထဲမှာ သူ့ရဲ့ဝိညာဉ်စွမ်းအားအနည်းငယ် ချန်ထားခဲ့တာပဲ။ ပြီးတော့ ရီဖူရှင်းက အဲဒါကိုအသုံးပြုပြီး ပိုပြီးအားကောင်းတဲ့စွမ်းအားကို ထုတ်နိုင်တယ်”
ဟောက်ထျန်းကလလန်၏ ကလန်ခေါင်းဆောင်က လွန်စွာအေးစက်သောလေသံဖြင့် ပြောလိုက်သည်။ ထိုသတင်းသည် သတင်းကောင်းမဟုတ်ပေ။
ယခင်က သူတို့သည် စီဝေ့ကြယ်ကောင်းကင်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ဝမ်ရှောင်သည် အဖျက်အလင်းတန်းတစ်ခုကို စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ ပစ်လွှတ်နိုင်ခဲ့သည်။
သို့သော် ယခုတွင်...
ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုမှ ကျင့်ကြံသူများသည် စီဝေ့ကြယ်ကောင်းကင်ကို ငုံ့၍ လှမ်းကြည့်လိုက်ကြပြီး ကူရာကယ်ရာမဲ့သော ခံစားချက်တစ်ခုကို ခံစားလိုက်ကြရသည်။ သူတို့သည် စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ အားသုံး၍ ဖောက်ဝင်နိုင်မည့်ပုံမပေါ်ပေ။ လက်ရှိတွင် သူတို့သည် စီဝေ့ကြယ်ကောင်းကင်ကို အပြင်မှနေ၍ ရည်ရှည်ပိတ်ဆို့ထားရုံသာ ရှိတော့လေသည်။ သို့ဆိုလျှင် သူတို့သည် ထိုဖောက်ထွင်းမရနိုင်လောက်အောင် စွမ်းအားကြီးသောထိုခံစစ်ကို ဖောက်ဝင်နိုင်မည့်နည်းလမ်းကို စဉ်းစားနိုင်ရန် အချိန်အနည်းငယ် ရပေလိမ့်မည်။
“ကြည့်ရတာ ရည်ရှည်ပိတ်ဆို့ထားဖို့က တစ်ခုတည်းသောနည်းပဲထင်တယ်...”
ထျန်းယန်မြို့သခင်က ပြောလိုက်သည်။ အခြားသူများကလည်း လက်ခံကြောင်း ခေါင်းညိတ်လိုက်ကြသည်။ ယခင်က သူတို့သည် မဟာအင်ပါယာအဆင့်လက်နက်တစ်ခုကို အသုံးပြု၍ စီဝေ့ကြယ်ကောင်းကင်ကို ပိတ်ဆို့ခဲ့ကာ ဖျက်ဆီးရန် ကြိုးစားခဲ့ကြသည်။ သို့သော် ယခုတွင် သူတို့သည် စီဝေ့ကြယ်ကောင်းကင်ကို ကိုယ်တိုင် ဝန်းရံပိတ်ဆို့ထားရမည်ဖြစ်သည်။
ကိုယ်တိုင်ပိတ်ဆို့ရမည်ဖြစ်၍ သူတို့မှာလည်း ထိုနေရာတွင်သာ စခန်းချနေရမည်ဖြစ်သည်။
သို့သော် ရီဖူရှင်းကို စီဝေ့ကြယ်ကောင်းကင်ထဲတွင် ချုပ်ထားနိုင်ရန် သူတို့တွင် အခြားရွေးချယ်စရာမရှိတော့ပေ။
“စီဝေ့ကြယ်ကောင်းကင် ပတ်ပတ်လည်မှာ ဖြန့်ကျက်နေရာယူပြီး ကျုပ်တို့ရဲ့ တပ်စခန်းတွေကို တည်ဆောက်ကြတာပေါ့”
ထျန်းယန်မြို့သခင်က ပြောလိုက်သည်။ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုလုံးသည် စီဝေ့ကြယ်ကောင်းကင်ကို ဝန်းရံပိတ်ဆို့ရန် အဆင့်ဖြစ်နေပေပြီ။ သူတို့သည် မူလဘုံအတွင်းရှိ သူတို့၏အခြေစိုက်စခန်များနှင့် ဆက်သွယ်ရန် ကောင်းကင်ရဲတိုက်တစ်ခုကို တည်ဆောက်မည်ဖြစ်သည်။ သူတို့သည် စီဝေ့ကြယ်ကောင်းကင်အတွင်းသို့ မည်သို့ဖောက်ဝင်ရမည်ဟူသော အဖြေကို တွေ့သည်အထိ စီဝေ့ကြယ်ကောင်းကင်ကို ရေရှည်ပိတ်ဆို့ထားရန် ပြင်ဆင်ထားပေသည်။
“ကောင်းပြီ...”
ထိုကျင့်ကြံသူများသည် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူတို့သည် သူတို့၏ရွေးချယ်ထားသော နေရာသို့ သွားလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်အာဏာစက်ဘုံရှိ ကောင်းကင်အာဏာစက်ကျောင်းတော်အထက်တွင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားအမြောက်အမြား ရုတ်တရက်ကျဆင်းလာ၏။ ကောင်းကင်အာဏာစက်မြို့တော်တစ်ခွင်လုံးသည် ထိုကြောက်မက်ဖွယ်ကောင်းကင်ဖိအားကို ခံစားနိုင်သည်။
ကောင်းကင်ထက်တွင် လူတစ်စုထွက်ပေါ်လာ၏။ ထိုလူများ၏ ကျင့်ကြံခြင်းအဆင့်သည် ကြောက်မက်ဖွယ်ကောင်းလေသည်။
ထိုသူများသည် မည်သူများဖြစ်သနည်း။
ကောင်းကင်အာဏာစက်မြို့မှ လူများသည် ကောင်းကင်ထက်သို့ မော့ကြည့်ရင်း တွေးတောနေကြသည်။
“မကြာခင်တုန်းက ကောင်းကင်အာဏာစက်ကျောင်းတော်က ကျင့်ကြံသူတွေကို ဘေးကင်းရာကို ရွှေ့ပြောင်းခဲ့တယ်... သူတို့က အဲဒီကိစ္စနဲ့ တစ်နည်းနည်း သက်ဆိုင်မယ်ထင်တယ်”
ကောင်းကင်အာဏာစက်မြို့အတွင်းမှ လူများက ဆွေးနွေးပြောဆိုလိုက်ကြသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ရောက်ရှိလာသော ထိုလူများသည် နတ်မင်းအုပ်စုတစ်စုဟု ထင်ရပြီး အထက်စီးဆန်ကာ ကြောက်မက်ဖွယ်ကောင်း၏။
ထိုလူစုကို ဦးဆောင်လာသူမှာ ထိပ်သီးတစ်ဦးဖြစ်ပြီး နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်ဖြစ်ပြီး ထိုလူစုထဲတွင် ကောင်းကင်ဒေသရှိ မိုကလန်မှ ကလန်ခေါင်းဆောင်နှင့် အခြားပထမကပ်ဘေးအဆင့်ကျင့်ကြံသူများစွာ ပါဝင်ပေသည်။ သူတို့အားလုံးသည် လွန်ခဲ့သော နှစ်သုံးဆယ်က တိုက်ပွဲတင် ပါဝင်ခဲ့ကြသည်။
သူတို့သာ ရီဖူရှင်းကို မသတ်ပစ်လျှင် သူတို့သည် တစ်ရက်မှ စိတ်အေးလက်အေးနေနိုင်မည်မဟုတ်ပေ။
ဤအကြိမ်တွင် သူတို့တစ်ဦးစီသည် တာဝန်ကိုယ်စီနှင့်ဖြစ်သည်။ ထိုလူစုသည် ကောင်းကင်အာဏာစက်ဘုံအတွက် တာဝန်ကျသူများဖြစ်ပြီး အခြားသူများသည် စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်ရန် တာဝန်ကျခြင်းဖြစ်သည်။
နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်သည် ယခုတွင် လောကထဲ၌ တစ်ကောင်ကြွက်ဖြစ်နေပြီဟုပင် ဆိုနိုင်လေသည်။ သူ၏ကလန်သည် ဖျက်ဆီးခံလိုက်ပြီဖြစ်သဖြင့် သူ့တွင် စိုးရိမ်ပူပန်ရမည့်လူများ မရှိတော့ပေ။ သူက ရီဖူရှင်းကို သတ်ပစ်၍ စီဝေ့ကြယ်ကောင်းကင်မှ လူအားလုံးကိုသာ သတ်ပစ်လိုနေသည်။
မိုကလန်သည် ကောင်းကင်ဒေသရှိ အဓိကအင်အားစု နောက်တစ်ခုဖြစ်သည်။ ထိုကလန်၏ သမိုင်းကြောင်းမှာ ရှေးကျပေသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက သူတို့၏လူအချို့သည် ရီဖူရှင်းကို ဖိနှိပ်ရန် ကောင်းကင်ဒေသသို့လာ၍ ရီဖူရှင်းကို လုပ်ကြံမည့် အစောပိုင်းကြံစည်မှုများစွာတွင် ပါဝင်ခဲ့လေသည်။ လွန်ခဲ့သော နှစ်သုံးဆယ်ကျော်က သူတို့သည် စီဝေ့ကြယ်ကောင်းကင်ကို သွားရောက်တိုက်ခိုက်သည့် စစ်တပ်ထဲတွင် ပါဝင်ခဲ့လေသည်။
ထိုအင်အားစုများထဲတွင်ပါဝင်သော ရှန်ကလန်နှင့် နေမင်းနတ်တောင်တို့မှ လူများသည် စီဝေ့ကြယ်ကောင်းကင်ထဲ၌ ဓားစာခံများအဖြစ် ဖမ်းခံထားရလေသည်။ ထို့ကြောင့် ထိုအင်အားစုနှစ်စုသည် အခြားအင်အားစုများကဲ့သို့ ရဲရဲတင်းတင်း မလုပ်ဆောင်ဝံ့ကြပေ။ သို့သော် နတ်ဘုရားမာန်ဟုန်တောင်ကုန်းသည် အလုံးစုံပျက်စီးသွားခဲ့ပြီးဖြစ်သဖြင့် မိုကလန်ကဲ့သို့ပင် ထိုကိစ္စများကို စိုးရိမ်နေစရာ မလိုတော့ပေ။ မိုကလန်သည် ရီဖူရှင်း ပို၍အင်အားကြီးမလာခင်တွင် ရှင်းပစ်လိုနေခြင်းပင်။
ထို့ကြောင့် ထိုထိပ်သီးအင်အားစုနှစ်စုသည် ပူးပေါင်း၍ ကောင်းကင်အာဏာစက်ဘုံသို့ လာရောက်တိုက်ခိုက်ကြခြင်းဖြစ်သည်။
သူတို့က ခေါင်းငုံ့၍ အောက်ရှိ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ကြည့်လိုက်ကြသည်။ ထိုကျောင်းတော်တွင် ကျင့်ကြံသူများ ရှိနေသေးကြောင်း သူတို့တွေ့လိုက်ရသည်။
“ကောင်းကင်အာဏာစက်မြို့ကို ဖျက်ဆီးပစ်ကြ...”
နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်က အေးစက်စွာ ပြောလိုက်သည်။ ရီဖူရှင်းက နတ်ဘုရားမာန်ဟုန်တောင်ကုန်းကို သနားညှာတာမှု မရှိဘဲ ဖျက်ဆီးပစ်ခဲ့သည်။ သူသည် ကောင်းကင်ဒေသတွင် ပျံ့နှံ့နေသည့် ရီဖူရှင်းထံမှ တိုက်ရိုက်လာခဲ့သော ခြိမ်းခြောက်မှုကို မကြောက်ပေ။ သူက မည်သည့်အရာကိုမှ ဂရုမစိုက်တော့ပေ။ နတ်ဘုရားမာန်ဟုန်တောင်ကုန်းသည် ဖျက်ဆီးခံလိုက်ရပြီဖြစ်ပြီး ဆက်၍မတည်ရှိတော့ပေ။
“ဟင့်အင်း...”
မိုကလန်ခေါင်းဆောင်က ခပ်ပြတ်ပြတ် ငြင်းဆိုလိုက်သည်။ ရီဖူရှင်းသည် ယခုအထိ မသေသေးပေ။ ထို့ကြောင့် သူသည် ထိုကဲ့သို့ ပြန်ပြင်၍မရသည့် လုပ်ရပ်မျိုးကို မလုပ်ဝံ့သေးချေ။