← Chapters

သူ့အားသတ်၍ပင်ရနိုင်ပါသလော

Vol. 182 Ch. 2597

သူ့အားသတ်၍ပင်ရနိုင်ပါသလော

Vol. 182 Ch. 2597

နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်နှင့် မိုကလန်ခေါင်းဆောင်တို့သည် သူတို့၏ဗျူဟာများနှင့် ပတ်သတ်၍ အနည်းငယ် သဘောထားကွဲလွဲနေကြသည်။ သို့သော် နောက်ဆုံးတွင် သူတို့နှစ်ဦးစလုံးသည် ရှေးဦးစွာ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဖျက်ဆီးပစ်ရန် သဘောတူလိုက်ကြသည်။

သူတို့ ကောင်းကင်အာဏာစက်ကျောင်းတော်ဘက်သို့ ကြည့်လိုက်ရာ နတ်အလင်းတန်းများ တစ်တန်းပြီးတစ်တန်း ကျဆင်းလာ၏။ နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်၏ မျက်လုံးများသည် ရေခဲတမျှ အေးစက်နေပြီး အားကောင်းသည့် သတ်ဖြတ်လိုသောအငွေ့အသက်များ ရှိနေသည်။ သူက ရုတ်တရက် ခြေဆောင့်၍ အောက်ဘက်သို့ အားလှိုင်းတစ်ခုကို ပို့လိုက်ရာ ကြောက်မက်ဖွယ် မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာ၏။ ရုတ်ခြည်းပင် အာကာပြင်ထဲ၌ အက်ကြောင်းများပေါ်လာ၏။ ထိုနောက် ၎င်းသည် ပြိုကွဲပျက်စီးသွားသည်။ ထိုကြောက်မက်ဖယ်ဖွယ် ကောင်းကင်အရှိန်အဝါသည် ကောင်းကင်အာဏာစက်ကျောင်းတော်ဆီသို့ ကျဆင်းသွားလေသည်။

သူက ကောင်းကင်အာဏာစက်ကျောင်းတော်ကို ခြေတစ်ချက်ဆောင့်၍ ပြားချပ်သွားအောင် နင်းချေပစ်ချင်နေပုံပင်။

ဝုန်း...

ကြောက်မက်ဖွယ်တိုက်ခိုက်မှု ဆင်းသက်သွားသောအခါ ကျယ်လောင်သောအသံတစ်သံကို ကြားလိုက်ရသည်။ သို့သော် ၎င်းတိုက်ခိုက်မှုသည် မျှော်လင့်ထားသကဲ့သို့ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ပြားချပ်သွားအောင် မလုပ်လိုက်နိုင်ပေ။ တောက်ပသော ကြယ်တာရာအလင်းမျက်နှာပြင်တစ်ခုက ကောင်းကင်အာဏာစက်ကျောင်းတော်ကို ကာကွယ်ပေးထား၏။ ထိုကျယ်ပြော၍ အဆုံးမဲ့သော ခမ်းနားထည်ဝါသည့် ကျောင်းတော်သည် အမှီအခိုကင်းသည့် ကြယ်တာရာလောကတစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟုပင် ထင်ရပြီး ကြယ်တာရာနတ်အလင်း၏ ကာကွယ်ပေးမှုကို ခံနေရသဖြင့် ဖျက်ဆီးပစ်၍ မရနိုင်ပေ။

“ကွန်ရက်...”

နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်သည် အောက်ဘက်သို့ ငုံ့ကြည့်၍ ကောင်းကင်အာဏာစက်ကျောင်းတော်သည် ထိုကဲ့သို့ စွမ်းအားကြီးကွန်ရက်တစ်ခုကို ဆင်နိုင်သေးသည်ကို အံ့အားသင့်နေသည်။ မည်သူက ထိုကွန်ရက်ကို ထိန်းချုပ်နေသနည်း။

ကွန်ရက်အလယ်တွင် လူတစ်ယောက် ထွက်ပေါ်လာ၏။ ထိုသူမှာ စီဝေ့ကြယ်ကောင်းကင်၏ မဟာအကြီးအကဲ သခင်ချန်ပင်ဖြစ်သည်။

သူသည် ကြယ်တာရာကျိုင်းကို ကိုင်ထားပြီး ကွန်ရက်ကို ထိန်းချုပ်နေသည်။ သူက ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုကို အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့ပြီး ကောင်းကင်အာဏာစက်ကျောင်းတော်ကို ကျရောက်အံ့ဆဲဆဲ ပျက်ဆီးမှုမှ ကာကွယ်ပေးနိုင်ခဲ့သည်။

ထိုစွမ်းအားကြီးထိပ်သီးနှစ်ဦးစလုံး မျက်မှောင်ကြုတ်သွားကြသည်။ သူတို့သည် ထိုကွန်ရက်ကို မဖျက်ဆီးနိုင်ပေ။

နတ်ဘုရားမာန်ဟုန်တောင်ကုန်းမှ တောင်ကုန်းဆရာသခင်၏ အရှိန်အဝါသည် ယခုတွင် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာ၏။ ကောင်းကင်အာဏာစက်မြို့အထက်ရှိ ကျယ်ပြောသော ကောင်းကင်သည် ကြောက်မက်ဖွယ်ဖိအား၏ ဖိနှိပ်မှုကို ခံလိုက်ရသည်။ သူက ကောင်းကင်ထက်သို့ လက်ဖဝါးမြှောက်လိုက်သည်။ ထို့နောက် ကြောက်မက်ဖွယ် နတ်ချိပ်စည်းတစ်ခုသည် ကောင်းကင်ထက်တွင် ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်နှင့် နေမင်းကို ကာရံသွား၏။

ထိုနတ်ချိပ်စည်းပေါ်တွင် မရေမတွက်နိုင်အောင် များပြားသော ပုံစံကွက်များရှိပြီး ၎င်းသည် ရွှေရောင်နတ်အလင်းတောက်ပနေသည်။ ၎င်းသည် လွန်စွာတောက်ပပြီး မယုံနိုင်လောက်အောင် လေးလံလေသည်။ ထိုအခိုက်တွင် ကောင်းကင်အာဏာစက်မြို့တစ်ခွင်လုံးသည် နတ်တောင်ကုန်းတစ်ခုက သူတို့အပေါ်တွင် ထိထားသကဲ့သို့ လွန်စွာလေးလံသည့် မွန်းကြပ်စေသောဖိအားတစ်ခုကို ခံစားနေရလေသည်။

ကောင်းကင်အာဏာစက်မြို့အတွင်းရှိ မိစ္ဆာသားရဲအားလုံးသည် ထိုကောင်းကင်အရှိန်အဝါအောက်၌ မြေပြင်တွင်ဝပ်၍ ဦးညွှတ်နေကြသည်။

“သတိထား...”

ကောင်းကင်အာဏာစက်ကျောင်းတော်အပြင်တွင် ကျင့်ကြံသူများသည် ကောင်းကင်ကို ကာရံ၍ ထိုနေရာပတ်ဝန်းကျင်ကို ဝန်းရံထားသော ၎င်းနတ်ချိပ်စည်းကြီးကို မြင်လိုက်ကြသည်။ လူအားလုံးသည် ထိုနေရာမှ အဝေးသို့ ထွက်ပြေးနိုင်ရန် အသည်းအသန်ကြိုးစားလိုက်ကြသည်။ မိုကလန်ခေါင်းဆောင်သည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ မည်သို့မှ မပြောလိုက်ပေ။ နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်သည် ဒေါသူပုန်ထ၍ ရောက်လာခဲ့ခြင်းဖြစ်ပြီး သူက သတ်ဖြတ်ရန် စိတ်အားထက်သန်နေပေသည်။ ဤကဲ့သို့သောအချိန်တွင် သူသတ်ဖြတ်မည်ကို တားဆီးနိုင်မည့် နည်းလမ်းမရှိပေ။

ထို့အပြင် နတ်ဘုရားမာန်ဟုန်ချိပ်စည်းသည် ထိုကဲ့သို့သောအဆင့်ရှိသည့် တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်စွမ်းရှိ၏။

ထိုကဲ့သို့သော ကောင်းကင်ထက်ရှိအဖျက်စွမ်းအားနှင့် ရင်ဆိုင်နေရသဖြင့် ကောင်းကင်အာဏာစက်ကျောင်းတော်ကို ကာရံထားသော ကြယ်တာရာနတ်အလင်းသည် ပို၍ပင် လင်းလက်တောက်ပလာ၏။ သခင်ချန်သည် သူ့လက်ထဲရှိ ကြယ်တာရာကျိုင်းကို ကောင်းကင်ထက်သို့ မြှောက်လိုက်သည်။ နတ်အလင်းများသည် ရုတ်ခြည်း စုဝေးသွားပြီး စီဝေ့နတ်ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားကာ အတုမဲ့ ကြယ်တာရာနတ်အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

ကြောက်မက်ဖွယ် ထစ်ချုန်းသံတစ်သံထွက်ပေါ်လာပြီး ကောင်းကင်ထက်ရှိ နတ်ဘုရားမာန်ဟုန်ချိပ်စည်းသည် လောကဖျက်ဆီးစွမ်းအားဖြင့် တိုက်ခိုက်လိုက်သည်။ ကောင်းကင်အရှိန်အဝါ ကျဆင်းလာပြီး ထိုနေရာရှိ ကောင်းကင်ကို လွှမ်းခြုံသွားလေသည်။ အဝေးရှိ ကျင့်ကြံသူများသည် စိတ်အားငယ်သော မျက်နှာထားများရှိနေကြသည်။ သူတို့ခေါင်းအထက်ရှိ ထိုနတ်ချိပ်စည်းသည် ကောင်းကင်တစ်ခွင်လုံးကို ကာရံထားပြီးဖြစ်ပြီး သူတို့အားလုံးသည် ချိပ်စည်းအောက်တွင် ရှိနေပေသည်။ သူတို့သည် ချိပ်စည်းနှင့်နှိုင်းယှဉ်လိုက်သောအခါ လွန်စွာသေးငယ်သည်ဟု ထင်ရလေသည်။ သူတို့သည် ပိုးမွှားငယ်လေးများကဲ့သို့ပင် ထင်ရ၏။

ဝုန်း...

ကျယ်လောင်သောအသံတစ်သံကို ကြားလိုက်ရပြီး ထိုလောကသည် အပြင်းအထန် ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။ အဖျက်အရှိန်အဝါတစ်ခု ရိုက်ခတ်သွားပြီး လေထုကို ဆွဲဖြဲသွားလေသည်။ ကြောက်မက်ဖွယ် အနက်ရောင်အက်ကြောင်းကြီးများ အတန်းလိုက် ထွက်ပေါ်လာ၏။ ကောင်းကင်အာဏာစက်ကျောင်းတော်သည် ကျယ်ပြောသောနေရာတစ်ခွင်ကို လွှမ်းခြုံထားသော ထိုအဖျက်မုန်တိုင်းကြီး၏ အလယ်တွင် ရှိနေပေသည်။ လူများစွာသည် ထိုအဖျက်မုန်တိုင်းကြောင့် အက်ကြောင်းအတွင်းသို့ စုပ်ယူခံလိုက်ရသဖြင့် အော်ဟစ်နေကြသည်။ ကျင့်ကြံခြင်းအဆင့်မြင့်သူများသည် အနည်းနှင့်အများဆိုသလို တောင့်ခံထားနိုင်ကြ၏။ ထိုအရာများသည် တိုက်ခိုက်မှု၏ အစွန်အဖျားရိုက်ခတ်မှုလေးပင် မဟုတ်ပါလား။ တိုက်ခိုက်မှုအစစ်အမှန်ကို သခင်ချန်က တားဆီးခဲ့ပေသည်။ ထို့ကြောင့် ထိုတိုက်ခိုက်မှုသည် သူတို့အပေါ်သို့ တိုက်ရိုက်မကျရောက်လာခဲ့ခြင်းပင်။

မဟုတ်လျှင် ထိုတစ်ချက်ဖြင့်ပင် သူတို့အားလုံးသည် ထိုနေရာတွင် ချက်ချင်းသေဆုံးသွားမည်ဖြစ်သည်။

သို့ပင်လျှင် တိုက်ခိုက်မှုနှစ်ခု ထိတွေ့သွားရာမှ ထွက်ပေါ်လာသော ထိုကြောက်မက်ဖွယ်နောက်ဆက်တွဲအဟုန်သည် အကန့်အသတ်မဲ့နယ်မြေကို ပြင်းထန်စွာရိုက်ခတ်သွားသဖြင့် အပြစ်မဲ့သောလူများစွာသည် မလိုအပ်ဘဲ သေဆုံးသွားခဲ့ရလေသည်။

ထိုကြောက်မက်ဖွယ်တိုက်ခိုက်မှုအတွင်းတွင် ကောင်းကင်အာဏာစက်ကျောင်းတော်၏ ပတ်ဝန်းကျင်သည် မုန်တိုင်းတစ်ခု၏ လွှမ်းခြုံမှုကို ခံခဲ့ရသည်။ ထိုမုန်တိုင်းအတွင်း၌ တောက်ပသောနတ်အလင်းတစ်ခုသည် အရုဏ်ဦးအချိန်ကဲ့သို့ မျက်စိကျိန်းလောက်အောင် တလက်လက်တောက်ပကာ ကောင်းကင်ထက်မှ ရုတ်တရက်ကျဆင်းလာ၏။

ကောင်းကင်အာဏာစက်မြို့အတွင်းမှ ကျင့်ကြံသူအားလုံးသည် မိုးကုပ်စက်ဝိုင်းအပြင်မှ ရောက်လာခဲ့သည်ဟု ထင်ရသည့် ကောင်းကင်ထက်မှ ကျဆင်းလာသော ထိုအလင်းကို မြင်လိုက်ကြရသည်။

သူတို့အားလုံးသည် ထိုအလင်းကို သိရှိကြလေသည်။ ထိုအလင်းသည် စီဝေ့ကြယ်ကောင်းကင်နှင့် ကောင်းကင်အာဏာစက်ဘုံကို ဆက်သွယ်ပေးထား အာကာသနတ်အလင်းဖြစ်လေသည်။

တစ်စုံတစ်ယောက်သည် စီဝေ့ကြယ်ကောင်းကင်မှ ရောက်လာပြီး ကောင်းကင်ထက်မှ ဆင်းသက်လာခြင်းပင်။

နတ်ဘုရားမာန်ဟုန်တောင်ကုန်းနှင့် မိုကလန်တို့မှ ကျင့်ကြံသူများမှာလည်း ထိုမြင်ကွင်းကို မြင်လိုက်ရသည်။ သူတို့သည် ထိုအလင်းကို ငေးကြည့်၍ နားမလည်နိုင်ဖြစ်နေကြသည်။ ထိုအာကာသနတ်အလင်းသည် စီဝေ့ကြယ်ကောင်းကင်မှ ကျဆင်းလာခြင်းဖြစ်သည်ဟု သူတို့ခန့်မှန်းမိသော်လည်း ထိုအခိုက်တွင် စီဝေ့ကြယ်ကောင်းကင်သည် ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခု၏ မဟာမိတ်အဖွဲ့၏ ဝန်းရံပိတ်ဆို့မှုကို ခံထားရသည် မဟုတ်ပါလော။

အဘယ်ကြောင့် ဤကဲ့သို့အချိန်တွင် တစ်စုံတစ်ယောက်သည် ကောင်းကင်အာဏာစက်ဘုံသို့ လာဝံ့သနည်း။ သေလမ်းရှာရန်အတွက်လော။

ကြောက်မက်ဖွယ်မုန်တိုင်းကြီး ပျက်ပြယ်သွားသောအခါ ထိုနေရာတွင် လူတစ်ယောက် ပေါ်လာပေသည်။ ထိုလူသည် ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး ငွေဖြူရောင်ဆံပင်များရှိကာ ခံ့ညားထူးကဲနေသည်။ ထိုလူသည် ရီဖူရှင်းမှလွဲ၍ မည်သူ ဖြစ်နိုင်ပါသေးသနည်း။

သူသည် ဝမ်ရှောင်ကို တွန်းလှန်ပြီးနောက်တွင် ကောင်းကင်အာဏာစက်ကျောင်းတော် အတိုက်ခိုက်ခံနေရသည်ကို သိခဲ့သဖြင့် စီဝေ့ကြယ်ကောင်းကင်မှနေ၍ တန်းလာခဲ့ခြင်းဖြစ်သည်။ သူက ထိုသို့တိုက်ခိုက်လာနိုင်ကြောင်းကို သိခဲ့သဖြင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှ သာမန်တပည့်များကို ဘေးကင်းရာသို့ပို့ထားခဲ့ခြင်းဖြစ်ပြီး သခင်ချန်တစ်ဦးတည်းကိုသာ ချန်ထားခဲ့ခြင်းပင်။

သူသည် ယခုအထိ သူ၏အင်အားအစစ်အမှန်ကို ဖုံးကွယ်ထားခဲ့သည်။ မူလဘုံတွင် အင်အားများ ဖြန့်ကျက်ထားခြင်းသည် ရည်ရွယ်ချက်တစ်ခုကြောင့်ဖြစ်ပေသည်။ ကောင်းကင်ဒေသမှ လူများကို လာရောက်တိုက်ခိုက်ရန် မျှားခေါ်နိုင်ရန်ဖြစ်သည်။

ယခုတွင် သူတို့သည် မူလဘုံသို့ ရောက်ရှိလာပြီဖြစ်သဖြင့် သူတို့သည် သူ၏ပိုင်နက်အတွင်းသို့ ရောက်နေပြီဖြစ်သည်။

ထို့အပြင် နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်နှင့် မိုကလန်ခေါင်းဆောင်တို့သည် ယခုတွင် ကောင်းကင်အာဏာစက်ဘုံသို့ ရောက်နေပေပြီ။

“ရီဖူရှင်း...”

နတ်ဘုရားမာန်ဟုန်တောင်ကုန်းမှ တောင်ကုန်းဆရာသခင်နှင့် မိုကလန်ခေါင်းဆောင်တို့သည် ရီဖူရှင်း‌ ရောက်ရှိလာ၏ကို မြင်လိုက်ရသောအခါ အေးစက်တင်းမာသွားသည်။ အထူးသဖြင့် နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်ထံမှထွက်နေသော သတ်ဖြတ်လိုသောအငွေ့အသက်သည် ပို၍အားကောင်းလာကာ ပို၍ကြောက်မက်ဖွယ်ကောင်းလာ၏။ သူက ရီဖူရှင်းကို သတ်မည်ဟု ကျိန်ဆိုထားသူ မဟုတ်ပါလား။

ယခုတွင် ရီဖူရှင်းသည် စီဝေ့ကြယ်ကောင်းကင်မှနေ၍ ဤနေရာသို့ ရောက်လာခဲ့ပေပြီ။

အရှင်စီဝေ့၏ဝိညာဉ်စွမ်းအားသည် ကောင်းကင်အာဏာစက်ကျောင်းတော်တွင် မရှိပေ။ ထို့အပြင် ထိုဝိညာဉ်စွမ်းအားသာ မရှိလျှင် ရီဖူရှင်းကို သူ့ကိုသူကာကွယ်ရန် မည်သည်ကို အသုံးပြုမည်နည်း။

ကောင်းကင်အာဏာစက်ဘုံမှ ကျင့်ကြံသူများမှာလည်း ကျောင်းတော်အထက်ရှိ ကောင်းကင်တွင် ထွက်ပေါ်လာသော ရီဖူရှင်းကို မြင်လိုက်ကြရပေသည်။ သူတို့အားလုံးသည် စတင်အရိုအသေပေးလိုက်ကြသည်။ ကောင်းကင်အာဏာစက်ဘုံအတွက် ရီဖူရှင်းသည် နတ်ဘုရားတစ်ပါးကဲ့သို့ပင်ဖြစ်ပြီး လူများစွာက သူ့ကို နတ်ဘုရားရီဟု ခေါ်ဝေါ်ကြပေသည်။

ထိုထိပ်သီးနှစ်ဦးသည် ကောင်းကင်အာဏာစက်ဘုံသို့လာ၍ အပြစ်မဲ့သော လူများစွာကို တိုက်ခိုက်မှုတစ်ခုဖြင့် သတ်ပစ်ခဲ့သည်။

ယခုတွင် ရီဖူရှင်းသည် ဤနေရာသို့ ရောက်လာပေပြီ။

ကျင့်ကြံသူများစွာသည် မျက်လုံးများနီရဲနေပြီး လက်သီးကျစ်ကျစ်ဆုပ်ထားကြလေသည်။

နတ်ဘုရားရီသည် ထိုကျူးကျော်လာသူများကို သွေးချောင်းစီးသွားစေမည်ဖြစ်ပြီး ဆုံးရှုံးသွားသော အပြစ်မဲ့အသက်များအတွက် ကလဲ့စားချေပေးမည်ဖြစ်သည်။

ဝုန်း...

နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်သည် သူ၏စက်ကွင်းကို အလျင်အမြန် ထုတ်လွှတ်လိုက်သည်။ ရုတ်ခြည်းအတွင်းမှာပင် ကျယ်ပြောသော အာကာပြင်တွင် နတ်‌တောင်များ ထွက်ပေါ်လာ၏။ ပတ်ဝန်းကျင်နေရာသည် တောင်ကမ်းပါးများဖြင့် ကာရံခံလိုက်ရပြီး တောင်ကမ်းပါးတစ်ခုစီကို အဖျက်သင်္ကေတများဖြင့် လွှမ်းခြုံထား၏။

အကန့်အသတ်မဲ့ကုန်းမြေတွင် ထိပ်သီးအင်အားစုနှစ်စုရှိလေသည်။ ၎င်းတို့၏အမည်များမှာ အနန္တတောင်ကုန်းနှင့် နတ်ဘုရားမာန်ဟုန်တောင်ကုန်းဖြစ်သည်။ ၎င်းအမည်များသည် အကန့်အသတ်မဲ့ကုန်းမြေအတွင်းရှိ နတ်တောင်ကုန်းနှစ်ခု၏အမည်အတိုင်း ပေးထားခြင်းဖြစ်သည်။ နတ်ဘုရားမာန်ဟုန်တောင်ကုန်းသည် အရှင်ဝူလျန့်ထံမှ ဆက်ခံရရှိထားခြင်းဖြစ်သည်ဟု ဆိုကြသည်။ သို့သော် အရှင်ဝူလျန့်သည် ခွဲထွက်သွားပြီး ဂိုဏ်းတစ်ခု တည်‌ထောင်ခဲ့သည်။ ထိုဂိုဏ်းသည် ယနေ့ခေတ်တွင် နတ်ဘုရားမာန်ဟုန်တောင်ကုန်းဟု ကျော်ကြားခဲ့ခြင်းပင်။

သို့သော် ရှေးခေတ်မှ အကြောင်းအရာများကို ယခုတွင် အတည်ပြုနိုင်ရန် မဖြစ်နိုင်တော့ပေ။ သို့သော် ထိုထိပ်သီးအင်အားစုနှစ်စုသည် သူတို့၏တိုက်ခိုက်အတတ်များကဲ့သို့သော အချို့နေရာများတွင် တူညီသည်ဟု ဆိုနိုင်သည်။

အကန့်အသတ်မဲ့စက်ကွင်းကြီးသည် ကောင်းကင်အာဏာစက်မြို့၏ တစ်ဝက်လောက်ကို လွှမ်းခြုံထားသည်။ ထိုစက်ကွင်းထဲတွင် ကျင့်ကြံသူများစွာ ပိတ်မိနေပေသည်။ ပတ်ပတ်လည်တွင် ကာရံထားသော နတ်တောင်များသည် မိုးထိအောင် မြင့်မားပေသည်။ နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်သည် မြင့်မားသောကောင်းကင်ထက်တွင် ရပ်၍ အောက်ရှိ ရီဖူရှင်းကို ငုံ့ကြည့်နေသည်။ သူက အေးစက်စွာပြောလိုက်သည်။

“မင်းက ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျွမ်းကျင်တဲ့သူပဲ... အပြင်မှာသာဆို ငါတို့ မင်းကို ဘာမှတောင်လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခု မင်းက ငါ့ရဲ့ မဟာလမ်းစဉ်စက်ကွင်းထဲ ဝင်လာဝံ့တယ်ပေါ့လေ”

“ဒီနေ့ မူလဘုံရဲ့ အကျော်ဇေယျက ဒီမှာပဲ အဆုံးသတ်လိမ့်မယ်”

“ခင်ဗျားက အဲဒီလိုတွေးတာလား...”

ရီဖူရှင်းက ကောင်းကင်ထက်သို့ ပိုမြင့်မြင့်ပျံတက်သွားပြီး နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်ကိုကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ထံမှနေ၍ မဟာလမ်းစဉ်အရှိန်အဝါထွက်‌ပေါ်လာပြီး အကန့်အသတ်မဲ့အာကာပြင်ကို လွှမ်းခြုံသွားသည်။ သူက သူ၏ ကိုယ်ပိုင်မဟာလမ်းစဉ်စက်ကွင်းကို ထုတ်လွှတ်ကာ အခြားသူများ တိုက်ပွဲ၏ ရိုက်ခတ်မှုကို မခံရစေရန် ကောင်းကင်အာဏာစက်မြို့နှင့် တိုက်ပွဲနေရာကို ခွဲခြားနေပုံပင်။

မိုကလန်ခေါင်းဆောင်မှာလည်း ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သို့သော် သခင်ချန်သည် ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်းမှ အချိန်မှီထွက်လိုက်သည်။ သူတို့သည် ပြောရန်မလိုဘဲ တစ်ဦးကိုတစ်ဦး နားလည်သည်ဟုပင် ထင်ရလေသည်။ သူက မိုကလန်ခေါင်းဆောင်နှင့် မျက်နှာချင်းဆိုင်သည်အထိ ပျံတက်သွားလိုကသည်။ သူက ရီဖူရှင်း၏အင်အားကို အပြည့်အဝယုံကြည်ပုံပင်။ ဒုတိယကပ်ဘေးအဆင့်ရှိသော စွမ်းအားကြီးကျင့်ကြံသူတစ်ဦးဖြစ်သည့် နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်ကို ယခုတွင် ရီဖူရှင်း ရင်ဆိုင်မည်ဖြစ်သည်။

ကောင်းကင်အထက်တွင် ပထမကပ်ဘေးအဆင့် ကျင့်ကြံသူများစွာ ရှိလေသည်။ သူတို့မှာလည်း တိုက်ပွဲပြင်ကို အာရုံစိုက်နေကြသည်။

ဤအကြိမ်တွင် ရီဖူရှင်းက ဗုဒ္ဓရောင်ဝါခြေလှမ်းကို အသုံးမပြုဘဲ သူ၏ကိုယ်ပိုင်စွမ်းအားနှင့် တိုက်ခိုက်ခဲ့ပေသည်။ သူသည် ဒုတိယကပ်ဘေးအဆင့် ကျင့်ကြံသူများဖြင့်ပင် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်နေပြီလော။

ဝုန်း...

ခပ်အုပ်အုပ်အသံတစ်သံထွက်ပေါ်လာပြီး အဆုံးစွန်ဖိအားတစ်ခုသည် ထိုနေရာတစ်ခွင်လုံးတွင် ပျံ့နှံ့သွားသည်။ ထိုနတ်တောင်များ၏ တောင်နံရံများတွင် သင်္ကေတများ စီးဆင်းနေသည်။ ရုတ်ခြည်းအတွင်းမှာပင် ကောင်းကင်နှင့် မြေကြီး ပြိုကျသွားသကဲ့သို့ ထိုတောင်များသည် တွေးပင်မတွေးကြည့်နိုင်သည့် စွမ်းအားများပါဝင်သော အားတစ်ခုဖြင့် ရီဖူရှင်းဘက်သို့ လဲကျလာကြသည်။

သို့သော် ရီဖူရှင်းက မလှုပ်ရှားလိုက်ပေ။ ရီဖူရှင်းသည် ထိုနေရာတွင်ပင် တိတ်တဆိတ်ရပ်နေပြီး ကြောက်မက်ဖွယ် လမ်းစဉ်စွမ်းအားပါဝင်သည့် ရှေးဟောင်တောင်များသည် သူ့အပေါ်သို့ လဲပြိုကျလာ၏။ သို့သော် တောင်များသည် သူ့ကိုထိသွားသောအခါ ၎င်းတို့ဘာသာ အမှုန့်ဖြစ်သွားလေသည်။ ရီဖူရှင်း မထိခိုက်ခဲ့ရုံသာမကဘဲ ထိုနတ်‌တောင်များသည် ပို၍အင်အားကြီးသည့် နတ်ပစ္စည်းတစ်ခုအပေါ်သို့ ရိုက်ခတ်မိသကဲ့သို့ ၎င်းတို့ဘာသာ ပျက်စီးသွားကြသည်။

“နတ်ဘုရားရီ...”

ကောင်းကင်အာဏာစက်မြို့အတွင်းမှ လူများသည် ကောင်းကင်ထက်သို့ မော့ကြည်နေကြပြီး သူတို့အားလုံးသည် လက်သီးကျစ်ကျစ်ဆုပ်ကာ လွန်စွာစိတ်လှုပ်ရှားနေကြသည်။

နတ်ဘုရားရီအပေါ်သို့ နတ်တောင်များဖြင့် ဖိချလိုက်သူမှာ စွမ်းအားကြီးထိပ်သီးတစ်ဦး ဖြစ်လေသည်။ သို့‌သော် နတ်ဘုရားရီ၏ မဟာလမ်းစဉ်နတ်ခန္ဓာကို ရွေ့သွားအောင်ပင် မလုပ်နိုင်ခဲ့ပေ။

ထိုနတ်ခန္ဓာသည် မည်မျှ စွမ်းအားကြီးပေသနည်း။

နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်သည် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူက ကောင်းကင်ထက်သို့ လက်မြှောက်လိုက်၏။ ရုတ်တရက် အာကာပြင်တွင် နတ်အလင်းများ ပြည့်နှက်သွားပြီး နတ်ဘုရားမာန်ဟုန်ချိပ်စည်းသည် အံ့အားသင့်ဖွယ်ဖိအားဖြင့် စတင်ဖြစ်ပေါ်လာ၏။ ထိုချိပ်စည်းသည် ထိုနေရာရှိ ကောင်းကင်ကို ဖျက်ဆီးပစ်နိုင်သည့် ကြောက်မက်ဖွယ် အရှိန်အဝါစွမ်းအားဖြင့် ရွေးလျားသွားသည်။ သူ၏မျက်လုံးများသည် လွန်စွာအေးစက်နေပြီး သူ၏သတ်ဖြတ်လိုသောအငွေ့အသက်သည် ယခင်ကထက် ပို၍ပင်အားကောင်းလာ၏။

ဝုန်း...

နတ်ဘုရားမာန်ဟုန်ချိပ်စည်းသည် အောက်သို့ကျဆင်းလာပြီး ထိုနေရာရှိ ကောင်းကင်ကို လွှမ်းမိုးသွားသည်။ ထိုနေရာအတွင်းရှိ ဖြစ်တည်မှုအားလုံးသည် ဖိနှိပ်ခံလိုက်ရသည်။ ကောင်းကင်အာဏာစက်ဘုံမှ ကျင့်ကြံသူများသည် ထိုရပ်တန့်၍မရနိုင်သောစွမ်းအားကို ခံစားလိုက်ရသည်။ ထိုနတ်ချိပ်စည်း၏ဖိအားသည် ကောင်းကင်တစ်ခုလုံး ကျဆင်းလာသကဲ့သို့ အားကြီးပေသည်။

လေးလံ၍ဖိအားကြီးသော မဟာလမ်းစဉ်အဖျက်စွမ်းအားသည် ရီဖူရှင်းကို သတ်ရန်အတွက် ချိန်ရွယ်ထားသည်။

ရီဖူရှင်း တစ်ချက်တွေးလိုက်ရာ ကျယ်ပြောသောလောကကြီးသည် ရုတ်ခြည်းပင် ကြောက်မက်ဖွယ် ဓားဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်သွားသည်။ လောကတစ်ခွင်လုံးသည် ၎င်း၏လမ်းကြောင်းအတွင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့် ဓားသခင်တစ်ဦးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင် ထင်ရလေသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်မှာလည်း လွန်စွာစွမ်းအားကြီးသော ဓားဝိညာဉ်စွမ်းအားကိုသုံးနိုင်သည့် ဓားသခင်တစ်ဦးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ သူက နတ်ဘုရားမာန်ဟုန်ချိပ်စည်းကျဆင်းလာ၏ကို တွေ့လိုက်သောအခါ ကောင်းကင်ထက်သို့ လက်ညှိုးတစ်ချောင်းညွှန်၍ ရှေ့သို့လျှောက်လှမ်းလိုက်သည်။ ရုတ်ခြည်းအတွင်းမှာပင် မဟာလမ်းစဉ်သည် သူနှင့်တစ်သားတည်းကျသွားပြီး ကျယ်ပြောသောအာကာပြင်အတွင်းရှိ မဟာလမ်းစဉ်စွမ်းအားများ ပေါင်းစည်းသွားကာ အဖျက်နတ်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။ တောက်ပသော အဖျက်အလင်းသည် မိုးကောင်းကင်ကို ထွင်း‌ဖောက်သွားပြီး ချိပ်စည်းထံသို့ ပျံတက်သွားလေသည်။

တလက်လက်တောက်ပနေသော ဓားအလင်းသည် လူအားလုံးကို မျက်စိများဖွင့်ရန်ပင် ခက်ခဲနေအောင် လုပ်နေပေသည်။ နတ်ဓားသည် ချိပ်စည်းနှင့် ထိခတ်သွားသောအခါ သူတို့အားလုံးသည် ကောင်းကင်ထက်မှ ကျဆင်းလာသော ဖိအားကြီးသည့် အကန့်အသတ်မဲ့ ချိပ်စည်းကြီးသည် ထိုဓားချက်ကြောင့် ကွဲအက် ပျက်စီးသွားသည်ကို တွေ့လိုက်ရလေသည်။ ထို့နောက် ၎င်းသည် နှစ်ခြမ်းခွဲခံလိုက်ရပြီး အစိတ်စိတ်အမွှာမွှာဖြစ်သွားကာ ပျောက်ကွယ်သွားလေသည်။ နတ်ဘုရားမာန်ဟုန်ချိပ်စည်းသည် ဤနေရာရှိ ကောင်းကင်ပြင်ကို ကာရံနိုင်ခဲ့သော်လည်း ဓားချက်တစ်ချက်ကြောင့် ပျက်စီးသွားလေသည်။

ထိုမြင်ကွင်းကြောင့် နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်၊ ဟင်းလင်းပြင်ထဲရှိ ကော်းကင်ဒေသမှ ကျင့်ကြံသူမျာနှင့် အနီးရှိ မိုကလန်ခေါင်းဆောင်တို့အပါဝင် ထိုနေရာရှိ လူအားလုံးသည် ရင်တုန်သွားကြသည်။

သူတို့အားလုံးသည် ပုံမှန်မဟုတ်သော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရပုံပင်။

ရီဖူရှင်းက နတ်ဘုရားမာန်ဟုန်ချိပ်စည်းကို သူ၏ဓားချက် တစ်ချက်ဖြင့် ဖျက်ဆီးပစ်ခဲ့လေသည်။ ထိုအခြင်းအရာသည် မည်သည့်အဓိပ္ပာယ်နည်း။

ရီဖူရှင်း၏ တိုက်ခိုက်စွမ်းရည်သည် ပထမကပ်ဘေးအဆင့်ကို များစွာကျော်လွန်သွားပြီဖြစ်သည်ဟုသာ အဓိပ္ပာယ်ရပေသည်။ ယခုတွင် သူ၏တိုက်ခိုက်စွမ်းရည်သည် ဒုတိယကပ်ဘေးအဆင့်သို့ ရောက်ရှိနေပေပြီ။

ထိုငွေဖြူ‌ရောင်ဆံပင်နှင့်လူသည် မြင့်မားသောကောင်းကင်ထက်တွင် ရပ်နေပေသည်။ သူ၏မျက်ဝန်းများသည် ဓားတစ်ချောင်းကဲ့သို့ စူးရှနေပြီး နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်ကို တစ်ချက်ကြည့်လိုက်သည်။ သူက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။

“ခင်ဗျားက ကျုပ်ကို သတ်ချင်တာလား... ခင်ဗျားက ကျုပ်ကို သတ်နိုင်မယ်လို့ ထင်လား...”

All Chapters