← Chapters

ထိပ်သီးတစ်ဦး ကျဆုံးခန်း

Vol. 182 Ch. 2598

ထိပ်သီးတစ်ဦး ကျဆုံးခန်း

Vol. 182 Ch. 2598

နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ ဆရာသခင်သည် ရီဖူရှင်းကို စိုက်ကြည့်နေသည်။ ရန်ဟောင်အဆင့်ကိုးတစ်ဦးသည် အဘယ်သို့ ထိုကဲ့သို့တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားသနည်း။

သူက နတ်ဘုရားမာန်ဟုန်ချိပ်စည်းသည် အဖျက်စွမ်းအားမည်မျှပိုင်ဆိုင်သည်ကို သူကောင်းစွာသိပေသည်။ ၎င်းထဲတွင် သူ၏မဟာလမ်းစဉ်အပေါ် သိမြင်နားလည်မှုနှင့် သူ၏ဝိညာည်စွမ်းအားတို့လည်း ပါဝင်ပေသည်။ သို့သော် ရီဖူရှင်း၏တိုက်ခိုက်မှုမှနေ၍လည်း ထူးကဲသော ရီဖူရှင်း၏ကိုယ်ပိုင်မဟာလမ်းစဉ်စွမ်းအားကို သူခံစားခဲ့ရသည်။

ရီဖူရှင်းက ဓားစွမ်းရည်ကို ထုတ်ပြခဲ့သော်လည်း သူ၏ဓားများသည် မဟာလမ်းစဉ်ကို ဖျက်ဆီးသွားသည်။ သူ၏ဓားများသည် အခြားမဟာလမ်းစဉ်အားလုံးကို ဖျက်ဆီးပစ်ရန် ကံကြမ္မာပါလာသကဲ့သို့ပင် ထင်ရလေသည်။

ရီဖူရှင်းသည် ရန်ဟောင်အဆင့်ထက် သာလွန်နေပေသည်။ မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့သည့် ကျင့်ကြံသူများသာ သူတို့၏ ကိုယ်ပိုင်လမ်းစဉ်ကို စတင်နိုင်ကာ ကိုယ်ပိုင် မဟာလမ်းစဉ်ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်နိုင်သည်။ သို့သော် ရီဖူရှင်းသည် ကိုယ်ပိုင်မဟာလမ်းစဉ်ဝိညာဉ်စွမ်းအား ရှိနေပေပြီ။

သို့ဆိုလျှင် ရီဖူရှင်း၏ အဆင့်အစစ်အမှန်သည် မည်သည့်အဆင့်နည်း။

“မင်းက ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ခဲ့ပြီးပြီလား...”

တောင်ကုန်းဆရာသခင်က ရီဖူရှင်းကို စိုက်ကြည့်၍ မေးလိုက်သည်။ ထိုဖြစ်နိုင်ချေသည်သာ တစ်ခုတည်းသော အကျိုးအကြောင်းကိုက်ညီသည့် ဖြစ်နိုင်ချေဖြစ်ပေသည်။ မဟုတ်လျှင်  အဘယ်ကြောင့် ရီဖူရှင်းက ထိုကဲ့သို့ ကြောက်မက်ဖွယ်တိုက်ခိုက်စွမ်းရည် ပိုင်ဆိုင်ထားခြင်းဖြစ်ကြောင်း သူမရှင်းပြနိုင်ပေ။

ရန်ဟောင်အဆင့်သာရှိသည့် ကျင့်ကြံသူများသည် ထိုကဲ့သို့ တိုက်ခိုက်စွမ်းရည်မျိုးကို မပိုင်ဆိုင်နိုင်ပေ။

“ခင်ဗျား ဘယ်လိုထင်လဲ...”

ရီဖူရှင်းက မေးခွန်းကို တိုက်ရိုက် မဖြေလိုက်ပေ။ အမှန်တွင် သူသည် ကောင်းကင်ကပ်ဘေး နှစ်ခုကို ကျော်ဖြတ်ပြီးသွားပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတွေ့ကြုံခဲ့ရသော ကောင်းကင်ကပ်ဘေးများသည် အခြားသူများ တွေ့ကြုံခဲ့ရသည့် ကောင်းကင်ကပ်ဘေးများနှင့် ကွာခြားပေသည်။

ရန်ဟောင်အဆင့်ကိုးရှိသော ရီဖူရှင်းသည် ကောင်းကင်ကပ်ဘေးနှစ်ခုကို ကျော်ဖြတ်ခဲ့ရခြင်းဖြစ်သဖြင့် ယုတ္တိကျကျပြောမည်ဆိုလျှင် သူတွေ့ကြုံခဲ့ရသော ကောင်းကင်ကပ်ဘေးများသည် အခြားသူများတွေ့ကြုံခဲ့ရသည့် ကောင်းကင်ကပ်ဘေးများထက် ပို၍လွယ်သင့်ပေသည်။ သို့သော်  အမှန်တွင် သူတွေ့ကြုံခဲ့ရသော ကောင်းကင်ကပ်ဘေးများ၏ အစွမ်းသည် ပို၍အားမနည်းပေ။ သူက မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေး၏ နှစ်ကြိမ် သန့်စင်ခြင်းကို ခံခဲ့ရသည်။ သူ၏အသွေးအသားများနှင့် အရိုးများသည် ပြန်၍အသစ်ဖြစ်ပေါ်လာခဲ့သည်။ သူက ယခင်ကပင် နတ်ခန္ဓာတစ်ခု ရှိနေခဲ့ပြီဖြစ်ပြီး သန်မာနေခဲ့ပြီဖြစ်သည်။ သူက ထိုအကြောင်းပြချက်နှစ်ခုကြောင့် ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးထားသော ကျင့်ကြံသူများထံမှ တိုက်ခိုက်မှုများကို ထိုသို့ ခံနိုင်ရည်ရှိခြင်းဖြစ်သည်။

ထို့အပြင် ရီဖူရှင်း၏နတ်ခန္ဓာသည် မဟာလမ်းစဉ်ခန္ဓာတစ်ခု ဖြစ်နေပြီဖြစ်သည်။ သူ၏အသွေးအသားများသည် လမ်းစဉ်မှ ဖြစ်ပေါ်လာခြင်းပင်။ အသွေးအသားနှင့်ယှဉ်လျှင် ဤလောကထဲတွင် ရီဖူရှင်းထက် ပို၍သန်မာသူ အနည်းငယ်သာရှိနိုင်သည်။

နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ ဆရာသခင်သည် ရီဖူရှင်း၏ အရေးမစိုက်သောလေသံကို ကြားလိုက်သောအခါ ရီဖူရှင်းသည် ကောင်းကင်ကပ်ဘေးကို ‌ကျော်ဖြတ်ပြီးခဲ့ပြီဖြစ်ကြောင်း သူသေချာသွားလေသည်။

ရီဖူရှင်းသည် အထူးလှည့်ကွက်အနည်းငယ်ကို အသုံးပြု၍ သူ၏ကျင့်ကြံခြင်းအဆင့်အစစ်အမှန်ကို ဖုံးကွယ်ထားပြီး ရန်ဟောင်အဆင့်မှာပင် ရှိသေးသည်ဟု ထင်ရ‌အောင် လုပ်ထားခြင်းပင်။ သူက ကောင်းကင်ဒေသမှ လူအားလုံးကို အရူးလုပ်နိုင်ခဲ့ပေသည်။

“မင်းက ကောင်းကင်ဒေသကို လာကျုးကျော်တိုက်ခိုက်ခဲ့တုန်းကတောင် မင်းရဲ့ စွမ်းရည်အစစ်အမှန်ကို ထုတ်မပြခဲ့ဘူးပဲ။ မင်းက ဒီလိုနေ့မျိုး ရောက်လာတဲ့အထိ စောင့်နေတာလား”

တောင်ကုန်းသခင်က မေးခွန်းထုတ်လိုက်သည်။ ယခင်က ရီဖူရှင်း ဟောက်ထျန်းမြို့သို့ လာရောက်တိုက်ခိုက်ခဲ့စဉ်က သူသည် ဗုဒ္ဓရောင်ဝါခြေလှမ်းကို အသုံးပြု၍ ထိပ်တိုက် တိုက်ပွဲများကို ရှောင်ရှားခဲ့သည်။ သူသတ်ပစ်ခဲ့သော ပစ်မှတ်အားလုံးသည် ပထမကပ်ဘေးအဆင့်ကျင့်ကြံသူများသာ ဖြစ်လေသည်။ သူက ဒုတိယကပ်ဘေးအဆင့် ကျင့်ကြံသူများနှင့် ထိပ်တိုက် မတိုက်ခိုက်ခဲ့ပေ။

ရီဖူရှင်းသည် သူ၏ တိုက်ခိုက်စွမ်းရည်အစစ်အမှန်ကို ဖုံးကွယ်ထားခဲ့ခြင်းဟု ဆိုနိုင်သည်။

“ကျုပ်မှာ ကောင်းကင်ဒေသက စွမ်းအားကြီးရန်သူတွေ အများကြီးရှိတယ်။ ကျုပ်သာ အဲဒီထဲက နည်းနည်းလောက်ကိုသာ သတ်မပစ်ဘူးဆိုရင် ကောင်းကင်ဒေသက အင်အားစုတွေနဲ့ ရင်ဆိုင်ရတဲ့ ဒီမဟာတိုက်ပွဲကြီးမှာ ကျုပ် မျက်နှာပျက်ရမှာပေါ့။ ကျုပ်က ခင်ဗျားတို့ကို ဘယ်လိုလုပ် အသက်ရှင်ခွင့်ပေးထားလို့ရမှာလဲ”

ရီဖူရှင်းက တောင်ကုန်းဆရာသခင်ကိုကြည့်၍ ပြောလိုက်သည်။

“ကံဆိုးတာက ခင်ဗျားက ဒီတိုက်ပွဲမှာ စတေးခံတစ်ယောက် ဖြစ်လာတော့မှာပဲ...”

နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ ဆရာသခင်သည် ရီဖူရှင်း၏စကားများကို ကြားလိုက်သောအခါ အရင်ဆုံး တုံဏိဘာဝေဖြစ်သွားသည်။ ထို့နောက် သူက ပြုံးလိုက်သည်။ သူ၏အပြုံးသည် ပို၍ ပေါ်လွင်လာ၏။ ထို့နောက် သူက ကျယ်လောင်စွာ စတင်ရယ်မောလိုက်သည်။ ကောင်းကင်ထက်တွင် အပြင်အထန် တုန်ခါသွားလေသည်။ ကြောက်မက်ဖွယ်ဖိအားတစ်ခုသည် ကျယ်ပြောသော အာကာပြင်ကို လွှမ်းခြုံသွားပြီး ကောင်းကင်အာဏာစက်တစ်မြို့လုံးကို ဖိနှိပ်လိုက်သည်။

မြို့ကို ရီဖူရှင်း၏စက်ကွင်းက ကာကွယ်ပေးထားသော်လည်း ထိုရယ်မောသံကြောင့် ကောင်းကင်အာဏာစက်မြို့မှ လူများသည် ကြက်သီးမွေးညင်းထသွားကြသည်။ သူတို့သည် သူတို့၏ခေါင်းထဲတွင် ထိုးကျင့်သောနာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူတို့၏ ခေါင်းများသည် ပေါက်ကွဲသွားတော့မလိုပင် ခံစားနေရလေသည်။ သူတို့သည် သူတို့၏နားများကို လက်နှစ်ဖက်ဖြင့် ပိတ်ထား၍ ကောင်းကင်ထက်ရှိ ဇွဲကြီးသောလူကို မော့ကြည့်လိုက်ကြသည်။

နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ ဆရာသခင်သည် ရီဖူရှင်း၏ မောက်မာမှုကြောင့် ဒေါသူပုန်ထသွားပုံပင်။

“ငါက အကန့်အသတ်မဲ့ကုန်းမြေကို စိုးမိုးပြီးတော့ နတ်ဘုရားမာန်ဟုန်တောင်ကုန်းကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တာကွ။ ကောင်းကင်ဒေသမှာ ငါ့ကို ယှဉ်နိုင်တယ်လို့ လူဘယ်နှစ်ယောက်များ ပြောဝံ့ကြသလဲ။ အခု မူလဘုံက လူငယ်လေးတစ်ဦးက ငါ့ကို သူ့ရဲ့သားကောင်လို့ ထင်နေတယ်ပေါ့လေ။ အဲဒါက ဟာသပဲ”

နတ်ဘုရားမာန်ဟုန်တောင်ကုန်းဆရာသခင်က ကြုံးဝါးလိုက်သည်။ သူ၏အသံသည် ဧရာမလှိုင်လုံးကြီးများကဲ့သို့ သူတို့အပေါ်မှ တလိပ်လိပ်ဖြတ်သွားကာ လေထုကို တုန်ခါသွားစေသည်။ ကောင်းကင်သည် ပြိုကျလာပြီး မြေကြီးသည် ထက်ခြမ်းကွဲသွားတော့မည်ဟုပင် ထင်လိုက်ရလေသည်။

သူ့တို့ပတ်ဝန်းကျင်ရှိ မဟာလမ်းစဉ်သည် ပြိုကျပျက်စီးသွားသကဲ့သို့ပင်။ အာကာပြင်ထဲရှိ ကြောက်မက်ဖွယ် အက်ကြောင်းများသည် မဟာလမ်းစဉ်စွမ်းအားကို ဝါးမျိုလိုက်သည်။ နတ်တောင်များလည်း ကျဆင်းလာ၏။ လောကတစ်ခွင်လုံးသည် ပျက်စီးတော့မလိုပင်။

ကျယ်လောင်သော ရယ်သံကြီး ရှိနေပေသေးသည်။ ထိုရယ်သံသည် မဟာလမ်းစဉ်အသံလှိုင်းများ ဖြစ်လာ၏။ ၎င်းတို့သည် အရာအားလုံးကို ဖျက်ဆီးသွားပြီး စိတ်ဝိညာဉ်များကိုလည်း ဖျက်ဆီးသွားလေသည်။

နတ်တောင်များသည် ရီဖူရှင်းအပေါ်သို့ ကျဆင်းလာ၏။ သို့သော် ၎င်းတို့သည် သူ၏နတ်ခန္ဓာကို မထိနိုင်သေးပေ။ သို့ရာတွင် သူ၏ပြိုင်ဘက်ကသည် သူ၏ ခန္ဓာကိုယ်ကိုပဲ တိုက်ခိုက်လိုက်ခြင်းမဟုတ်ပေ။ သူက ရီဖူရှင်း၏ စိတ်ဝိညာဉ်ကိုလည်း တိုက်ခိုက်လိုက်ပြီး သူတို့၏ပတ်ဝန်းကျင်ကို အခြားလောကတစ်ခုကဲ့သို့ ဖြစ်သွားစေလေသည်။

နတ်ဘုရားမာန်ဟုန်တောင်ကုန်းသည် ကောင်းကင်ဒေသတွင် မားမားမတ်မတ်တည်ရှိပြီး ရှေးဟောင်းနတ်ဘုရားကလန် အနန္တတောင်ကုန်းတည်ရှိသည့် အကန့်အသတ်မဲ့ကုန်းမြေရှိ ဒုတိယနတ်တောင်ကုန်းတစ်ခုဖြစ်လေသည်။ နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်သည် သူ၏ကျော်ကြားမှုနှင့် ထိုက်တန်ပေသည်။ သူ၏စွမ်းရည်သည် လျှော့တွက်၍မရပေ။ သူသည် အမှန်ပင် စွမ်းအားကြီးထိပ်သီးတစ်ဦး ဖြစ်လေသည်။

ထိုစဉ်တွင် တောင်ကုန်းဆရာသခင် ပျောက်ကွယ်သွားသည်။ ကောင်းကင်အာဏာစက်မြို့မှ ကျင့်ကြံသူများသည် နတ်ဘုရားမာန်ဟုန်တောင်ကုန်းဆရာသခင်သည် သူ၏မဟာလမ်းစဉ်စက်ကွင်းနှင့် ပေါင်းစည်းသွားသည်ကို တွေ့လိုက်ကြသည်။ သူသည် ထိုနေရာကို လွှမ်းခြုံကာရံထားသည့် နတ်တောင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ပေပြီ။ ကောင်းကင်ထက်တွင် သူ၏မျက်နှာထွက်ပေါ်လာ၏။

အရူးတစ်ယောက်ကဲ့သို့ ရယ်မောသံများကို နေရာအနှံ့မှ ကြားလိုက်ရသည်။ အသံလှိုင်းတိုက်ခိုက်မှုသည် အရာအားလုံးကို ဖျက်ဆီးသွားသည်။ အခြားတစ်နေရာတွင် တိုက်ခိုက်နေသော မိုကလန်ခေါင်းဆောင်နှင့် သခင်ချန်တို့သည်ပင် ထိုရယ်သံ၏ ရိုက်ခတ်မှုကို ခံလိုက်ရသည်။

“ရီဖူရှင်း... ငါက မင်းကို မသတ်နိုင်ဘူးလို့ မင်းပြောခဲ့တယ်။ အခု ငါမင်းကို မေးချင်တယ်... မင်းကရော ငါ့ကို ဘယ်လိုသတ်ဖို့ ကြံထားလဲ”

ဩဇာအပြည့်ဖြင့် အသံတစ်ခုသည် အသံလှိုင်းတိုက်ခိုက်မှုနှင့်အတူ ကျဆင်းလာပြီး ရီဖူရှင်းအပေါ်သို့ အဆက်မပြတ် ရိုက်ခတ်သွားသည်။

ထိုအခိုက်တွင် တောင်ကုန်းဆရာသခင်သည် ထိုနေရာရှိ ကောင်းကင်၏ အကြွင်းမဲ့အုပ်စိုးသူ ဖြစ်နေပေပြီ။ သူ၏တည်ရှိမှုကို လျစ်လျူမရှုနိုင်ပေ။ ဤနေရာသည် သူ၏စက်ကွင်း၊ သူ၏လောကဖြစ်ပေသည်။

ရီဖူရှင်းက ခေါင်းမော့၍ တောင်ကုန်းဆရာသခင်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်လုံးများမှနေ၍ တလက်လက်တောက်ပနေသော နတ်အလင်းထွက်သွားသည်။ ရုတ်တရက် ပတ်ဝန်းကျင်သည် တောက်ပသောဗုဒ္ဓအလင်းများဖြင့် လင်းလက်လာ၏။ ရီဖူရှင်းသည် ဗုဒ္ဓတစ်ပါးအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် သူ၏ အစလနာထ တိုက်ပွဲဝင်ပုံစံဖြစ်သည်။ သူက သူ၏လက်များဖြင့် ဗုဒ္ဓလက်ဟန်များပြုလုပ်လိုက်သည်။ ဗုဒ္ဓတရာသံသည် အာကာပြင်ထဲတွင် ပဲ့တင်ထပ်သွားပြီး လေထဲတွင် ဗုဒ္ဓသင်္ကေတများ သောင်းချီ၍ ယိမ်းကနေသည်။ သူ့ပတ်ပတ်လည်တွင် အကြွင်းမဲ့စက်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ ခန္ဓာကိုယ်ကို တိုက်ခိုက်မှုဖြစ်စေ သို့မဟုတ် စိတ်ဝိညာဉ်ကို တိုက်ခိုက်မှုဖြစ်စေ ၎င်းတို့သည် သူ၏အကြွင်းမဲ့စက်ကွင်းအပြင်တွင်သာ ရပ်တန့်သွားကြသည်။

“ဗုဒ္ဓတစ်ပါး...”

တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။

ကောင်းကင်အာဏာစက်မြို့မှ ကျင့်ကြံသူများသည် ရီဖူရှင်းပြန်လာကတည်းက သူတိုက်ခိုက်သည်ကို ယခုမှ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်သည်။ နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ ဆရာသခင်သည် နတ်မင်းတစ်ပါးအဖြစ် ပြောင်းလဲသွားသည်။ ရီဖူရှင်းမှာမူ ဗုဒ္ဓတစ်ပါးအဖြစ် ပြောင်းလဲသွားသည်။ သူက ဝရဇိန်မန္တန်ကို ရွတ်ဆိုနေသည်။ သူ၏ခန္ဓာကိုယ်သည် တောင်တစ်လုံးကဲ့သို့ ခိုင်မာနေသည်။ သူ၏ပြိုင်ဘက်ထံမှ တိုက်ခိုက်မှုနှစ်ခုသည် သူ့ကို အနည်းငယ်ပင် မထိခိုက်စေပေ။

“ဒီနေ့ ခင်ဗျား ဒီနေရာမှာ သေရမယ်”

ဗုဒ္ဓသည် တောင်ကုန်းဆရာသခင်ကိုသတ်ရန် သူ၏ဆုံးဖြတ်ချက်ကို ပြောလိုက်သည်။ သူ၏အသံသည် မကျယ်လောင်ပေ။ သို့သော် သူ၏လေသံသည် ပြတ်သားပြီး အထက်စီးဆန်ပေသည်။ သူ၏ယုံကြည်ချက်ရှိမှုသည် မောက်မာမှုစည်းပေါ်တွင် ရှိနေသည်။

မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးနှစ်ခုကို ကျော်ဖြတ်ထားသော ရီဖူရှင်းသည် တောင်ကုန်းဆရာသခင်ကို သတ်နိုင်လိမ့်မည်ဟု အကြွင်းမဲ့ယုံကြည်ပေသည်။

“အဲဒီလိုလား... ငါတို့ စောင့်ကြည့်ကြတာပေါ့”

နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ ဆရာသခင်သည် ထိုသို့ပြောပြီးနောက်တွင် ကောင်းကင်ထက်ရှိ သူ၏မဟာလမ်းစဉ်စက်ကွင်းသည် တောက်ပသောအလင်းများဖြင့် လင်းလက်တောက်ပလာ၏။ နတ်ဘုရားမာန်ဟုန်ချိပ်စည်းတစ်ခု ဖြစ်ပေါ်လာ၏။ ၎င်းသည် လေထဲမှနေ၍ စက်ကွင်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူက ထိုနေရာအတွင်းရှိ မည်သည့်နေရာကိုမဆို လှမ်း၍တိုက်ခိုက်နိုင်သည်။

ထိုချိပ်စည်းသည် နေရာတစ်ခုလုံးကို လွှမ်းခြုံထားပြီး နေမင်းနှင့် ‌ကောင်းကင်ကို ကာရံထား၏။ ၎င်းသည် အောက်သို့ တိုက်ရိုက်ကျဆင်းလာ၏။ နတ်ဘုရားမာန်ဟုန်ချိပ်စည်း ပတ်ပတ်လည်တွင် သင်္ကေတအလင်းများ စီးဆင်းနေသည်။ သင်္ကေတအလင်းတန်း တစ်တန်းချင်းစီတွင် အားကောင်းသောအရှိန်အဝါပါဝင်ပြီး ဖြစ်တည်မှုအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိလေသည်။

တောင်ကုန်းဆရာသခင်က အတွေးတစ်ချက်ပြုလိုက်ရာ ထိုချိပ်စည်းတိုက်ခိုက်မှုသည် အရှိန်အဟုန်ဖြင့် ကျဆင်းသွားလေသည်။ ရီဖူရှင်းသည် သူ၏ မဟာလမ်းစဉ်အသံလှိုင်းတိုက်ခိုက်မှုကို ကာရံနိုင်ခဲ့သည်။ သို့သော် သူက နတ်ဘုရားမာန်ဟုန်ချိပ်စည်း၏ စွမ်းအားကြီးတိုက်ခိုက်မှုကို ကာနိုင်မည်လော။

ကောင်းကင်အာဏာစက်မြို့မှ ကျင့်ကြံသူများသည် ကောင်းကင်တစ်ခွင်လုံးတွင် သင်္ကေတများ ပြည့်နှက်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့အားလုံးသည် အလွန်အမင်းကြောက်ရွံ့နေပြီး သူတို့၏ခန္ဓာကိုယ်များသည် တဆတ်ဆတ်တုန်ခါနေကြသည်။ စွမ်းအားနည်းသော အချို့ကျင့်ကြံသူများသည် ဒူးများပင် မခိုင်တော့ပေ။

ထိုကဲ့သို့အဆင့်ရှိသည့် တိုက်ပွဲတစ်ခုသည် လွန်စွာကြောက်ရွံစရာကောင်း၏။ ရီဖူရှင်းနှင့် တောင်ကုန်းဆရာသခင်သည် သူတို့၏တိုက်ခိုက်မှုများဖြင့် လောကဘုံတစ်ဘုံကို အလွယ်တကူဖျက်ဆီးပစ်နိုင်သည်။

သို့သော် ရီဖူရှင်းသည် ထိုကဲ့သို့သော ကျင့်ကြံခြင်းအဆင့်သို့ ရောက်နေပေပြီ။

ကောင်းကင်အာဏာစက်ဘုံမှ လူများ ယုံကြည်ထားသော နတ်ဘုရားရီသည် သူ့ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ခုခံနိုင်မည်လော။

အကယ်၍ သူသာမခုခံနိုင်ခဲ့လျှင် ကောင်းကင်အာဏာစက်မြို့သည် ဖျက်ဆီးခံလိုက်ရနိုင်သည်။

နတ်ဘုရားရီသည် သူ၏ပြိုင်ဘက်ကို ထိပ်တိုက်ရင်ဆိုင်နိုင်သဖြင့် သူသည် ပြိုင်ဘက်ကို သတ်နိုင်လိမ့်မည်ဖြစ်ကြောင်း သေချာပေါက်ယုံကြည်မှုရှိလိမ့်မည်ဟု အချို့ကျင့်ကြံသူများက တွေးထားကြသည်။ သူတို့သည် သူတို့၏မျှော်လင့်ချက်ကို မြဲမြံစွာစွဲကိုင်လျှက် ကောင်းကင်ထက်ရှိ တိုက်ပွဲပြင်ကို ကြည့်လိုက်ကြသည်။

ဗုဒ္ဓအလင်းသည် လွန်စွာတောက်ပလာ၏။ ဗုဒ္ဓပုံရိပ်(၁၀၀၀)သည် ရီဖူရှင်းဘေးတွင် ထွက်ပေါ်လာ၏။ ထိုဗုဒ္ဓပုံရိပ်အားလုံးသည် ဗုဒ္ဓဂါထာများကို တစ်ချိန်တည်း ရွတ်ဆိုလိုက်ကြပြီး သူတို့သည် မဟာဝေရောစန လက်ဖဝါးများကို ထုတ်လွှတ်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ခံ့ညားသပ္ပာယ်သော ရှေးဟောင်ဗုဒ္ဓတစ်ပါး ထွက်ပေါ်လာ၏။ ဗုဒ္ဓ(၁၀၀၀)က ထုတ်လွှတ်လိုက်သော မဟာဝေရောစန လက်ဖဝါးများသည် အတူတကွ စုပေါင်းသွားကာ ဧရာ မဟာဝေရာစနလက်ဖဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ ထိုလက်ဖဝါးကြီးသည် ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ကျဆင်းလာသော နတ်ဘုရားမာန်ဟုန်ချိပ်စည်းဖြင့် ရိုက်ခတ်သွားသည်။

ကောင်းကင်နှင့်မြေကြီးသည် ပြိုပျက်လာ၏ဟုပင် ထင်ရလေသည်။

နတ်ဘုရားမာန်ဟုန်ချိပ်စည်းပေါ်တွင် အက်ကြောင်းများ ထွက်ပေါ်လာ၏။ ၎င်းသည် အဟုန်လှိုင်းများကြောင့် ကွဲအက်ပျက်စီးသွားသည်။ မဟာဝေရောစန လက်ဖဝါးကြီးသည် အထက်သို့ ဆက်၍ ပျံတက်သွားသည်။ ၎င်းသည် လွန်စွာ စွမ်းအားကြီးပေသည်။

မဟာလမ်းစဉ်၏ နတ်တောင်စက်ကွင်းထဲတွင် နတ်အလင်းတောက်ပလာပြီး နောက်ထပ် နတ်ဘုရားမာန်ဟုန်ချိပ်စည်းတစ်ခု ကျဆင်းလာကာ လောကကို ဖိနှိပ်လိုက်သည်။ ၎င်းသည် မဟာဝေရောစနလက်ဖဝါးနှင့် ရိုက်ခတ်သွားပြီး တတိယမြောက်ချိပ်စည်း၊ စတုတ္ထမြောက်ချိပ်စည်းများလည်း ဆက်၍ကျဆင်းလာ၏။ ထိုနေရာသည် နတ်တောင်စက်ကွင်းအတွင်း၌ဖြစ်သဖြင့် စက်ကွင်းအတွင်းရှိ အရာအားလုံး ပျက်စီးသွားသည်အထိ နတ်ဘုရားမာန်ဟုန်ချိပ်စည်းများကို အဆုံးမဲ့ ထုတ်လွှတ်နိုင်သည်။

ဗုဒ္ဓတရာသံများသည် ရီဖူရှင်းကို ဝန်းရံထား၏။ ရီဖူရှင်းက သစ္စာခြောက်ပါးတရားတော်ကို ရွတ်ဆိုနေပေပြီ။ ဗုဒ္ဓ၏စွမ်းအားသည် ရုတ်ခြည်းပင် ပို၍အားကောင်းလာ၏။ ဗုဒ္ဓ(၁၀၀၀)သည် နေရာအနှံ့တွင် ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် သူတို့သည် သူတို့၏လက်များကို ဆန့်တန်း၍ မဟာဝေရာစနလက်ဖဝါးများကို ထုတ်လွှတ်လိုက်သည်။ ထိုလက်ဖဝါးများသည် အဆုံးမဲ့ကျဆင်းလာသည့် နတ်ဘုရားမာန်ဟုန်ချိပ်စည်းများကို တားဆီးကာရံလိုက်သည်။

တစ်ချိန်တည်းမှာပင် ရီဖူရှင်၏ ခန္ဓာကိုယ်အစစ်အမှန်သည် ဗုဒ္ဓခန္ဓာအတွင်းမှ ထွက်လာ၏။ သူ့ခန္ဓာကိုယ်မှနေ၍ ချစ်ချစ်တောက်ပူပြင်းသောအလင်းများ ထွက်လာ၏။

ရီဖူရှင်းက သူ၏လက်များကို ဆန့်တန်းလိုက်သည်။ နတ်အလင်းသည် သူ့ကို လှည့်ပတ်ဝန်းရံသွား၏။ မဟာလမ်းစဉ်စက်ကွင်းအတွင်း၌ မရေမတွက်နိုင်အောင်များပြားသော နတ်ဓားများ ပေါ်ထွက်လာ၏။ ထိုနတ်ဓားများမှ တဝီဝီအသံများထွက်ပေါ်လာပြီး ၎င်းတို့သည် မျက်စိကျိန်းလောက်စေသည့် နတ်ရောင်ခြည်များ ထုတ်လွှတ်လိုက်သည်။ ဓားတစ်ချောင်းချင်းစီမှနေ၍ လမ်းစဉ်ဖျက်ဆီးစွမ်းအားထွက်‌ပေါ်လာ၏။ ၎င်းတို့သည် ကြီးမားပြီး စွမ်းအားအငွေ့အသက်တစ်ခုကို ပေးနေသည်။ ၎င်းတို့တွင်လည်း အာကာပြင်ကို ဆုတ်ဖြဲပစ်နိုင်သည့် အဖျက်ဝိညာဉ်စွမ်းအား ပါဝင်ပေသည်။

“အဝီစိငရဲ...”

ရီဖူရှင်းက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ မရေမတွက်နိုင်အောင်များပြားသော နတ်ဓားများသည် သူနှင့် သူပြိုင်ဘက်အကြားရှိ အကွာအဝေးကို လျစ်လျူရှု၍ အဆက်မပြတ်ပျံထွက်သွားကြသည်။

ဝုန်း...

နတ်ဓားတစ်ချောင်းသည် ကျဆင်းလာသော နတ်ဘုရားချိပ်စည်းတစ်ခုကို ခုတ်ပိုင်းလိုက်သည်။ ထို့နောက်တွင် ဒုတိယဓား...ထို့နောက် တတိယဓား စသည်ဖြင့် မရေမတွက်နိုင်‌အောင်များပြားသော နတ်ဓားများသည် နတ်ဘုရားမာန်ဟုန်ချိပ်စည်းများကို ခုတ်ဖြတ်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ရီဖူရှင်းကိုယ်တိုင်မှာလည်း ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။ သူသည် ဖျက်ဆီး၍မရနိုင်ဟု ထင်ရပြီး အရာအားလုံးကို ဖောက်ထွင်းသွားလေသည်။ သူသည် ဓားသခင်တစ်ဦး၏ ပြယုဂ်တစ်ခုကဲ့သို့ပင်။

သို့တည်းမဟုတ် သူသည် နတ်ဓားတစ်ချောင်း ဖြစ်နေသည်ဟု ဆိုနိုင်သည်။

ရွှီး...

အလင်းတန်းတစ်ချက်လက်သွားပြီး နတ်ဓားတစ်ချောင်းသည် အာကာပြင်ကို ဖြတ်သန်းသွားပြီး နတ်ဘုရားမာန်ဟုန်ချိပ်စည်းကို ဖောက်ထွင်းသွားသည်။ ထို့နောက်တွင် ၎င်းသည် မြင့်မားသောကောင်းကင်ထက်ရှိ နတ်တောင်စက်ကွင်းကို ထိုးဖောက်သွားသည်။ ဓားသည် တောင်ကုန်းဆရာသခင်၏ မျက်နှာရှိနေသည့်နေရာကို ထိုးစိုက်သွားပြီး မဟာလမ်းစဉ်စက်ကွင်းထဲတွင် ထိခတ်သံ ခပ်အုပ်အုပ်တစ်ခု ထွက်ပေါ်လာစေလေသည်။

ထို့နောက်တွင် ဒုတိယဓား...တတိယဓားများ ထပ်မံထိုးစိုက်လာ၏။ မရေမတွက်နိုင်‌အောင်များပြားသော ဓားများသည် နောက်မှ ဆက်၍လိုက်လာပြီး နတ်တောင်စက်ကွင်း၏ နေရာအနှံ့ကို ထိုးစိုက်လိုက်သည်။

နတ်တောင်စက်ကွင်းသည် နတ်ဓားများကြောင့် ဇကာပေါက်ဖြစ်လာပေပြီ။ အဖျက်နတ်အလင်းတန်းများ ဖြာထွက်လာပြီး နတ်တောင်စက်ကွင်းပေါ်တွင် အက်ကြောင်းများ ဖြစ်ပေါ်လာစေလေသည်။ အက်ကြောင်းများကိုဖြတ်၍ တောက်ပသောအလင်းများ လင်းလက်လာ၏။

နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ ဆရာသခင်၏မျက်နှာသည် စက်ကွင်းနံရံပေါ်တွင် ပေါ်လာ၏။ သူ၏ မျက်နှာထားသည် ရှုံ့မဲ့နေပေသည်။ သူ၏ပုံစံသည် ယခင်ကကဲ့သို့ ဩဇာအာဏာအပြည့် မရှိတော့ပေ။ ထိုအစား ယခုတွင် သူသည် အပြင်းအထန်တုန်လှုပ်နေသည်။

ဝုန်း...

ဝုန်း...

နတ်တောင်စက်ကွင်းပေါ်ရှိ အက်ကြောင်းများသည် ဆက်၍ ကြီးထွားလာပြီး စက်ကွင်းသည် စတင်ပြိုပျက်လာ၏။ အက်ကြောင်းအများအပြားသည် တစ်ချိန်တည်း တောက်ပလာ၏။ ထို့နောက်တွင် ထူးကဲတောက်ပသော နတ်အလင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ စက်ကွင်းသည် အလုံးစုံပျက်စီးသွားပေပြီ။ ထိုပျက်စီးသွားမှုသည် ကောင်းကင်ကြီး ကွဲအက်ပျက်စီးသွားသကဲ့သို့ပင် ထင်ရလေသည်။

မကြာမီတွင် ကောင်းကင်အာဏာစက်မြို့အထက်ရှိ အာကာပြင်သည် ပြန်၍ အေးချမ်းသွား၏။ ကောင်းကင်ထဲတွင် တိမ်တိုက်များသည် လေနှင်ရာမျောလွင့်နေကြသည်။ ကျင့်ကြံသူများသည် သူတို့အပေါ်သို့ ဖိနှိပ်ထားသည့် အရှိန်အဝါကို မခံစားရတော့ပေ။ တောင်ကုန်းဆရာသခင်၏ ပုံရိပ်ကိုလည်း မမြင်ရတော့ပေ။

လေထဲတွင် ရီဖူရှင်းတစ်ယောက်တည်းသာ ရပ်၍ ကျန်ခဲ့လေသည်။ သူသည် ငွေဖြူရောင်ဆံပင်၊ အဖြူရောင်ဝတ်ရုံဖြင့် လွန်စွာ ခံ့ညားထည်ဝါနေသည်။

နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်သည် သေဆုံးပျောက်ကွယ်သွားပေပြီ။

မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးနှစ်ခုကို ကျော်ဖြတ်ပြီးခဲ့သော ကျင့်ကြံသူတစ်ဦးသည် ရီဖူရှင်း၏ လက်ထဲတွင် သေဆုံးခဲ့ပေပြီ။

ကောင်းကင်ဒေသမှ အခြားကျင့်ကြံသူများသည် ရင်တုန်ပန်းတုန် ဖြစ်သွားကြသည်။ သူတို့သည် အသည်းအသန် ထွက်ပြေးလိုက်ကြသည်။ သူတို့သည် ဦးတည်ရာ အသီးသီးသို့ ထွက်ပြေးကြ၏။ ရီဖူရှင်းနှင့် သူတို့သည် အတော်လေးလှမ်းသော်လည်း နတ်အလင်းတန်းများသည် သူတို့ပေါ်သို့ ရုတ်ခြည်း ကျဆင်းလာကြသည်။ နတ်အလင်းများသည် သူတို့ကို ထက်ခြမ်းပိုင်းသွားပြီး ဆက်၍မပြေးနိုင်တော့အောင် လုပ်လိုက်လေသည်။

ရီဖူရှင်းက သူ၏စွမ်းရည်အစစ်အမှန်ကို ထုတ်လိုက်လျှင် ပထမကပ်ဘေးအဆင့် ကျင့်ကြံသူများကို လက်တစ်ချက်ယမ်းရုံဖြင့် သတ်ပစ်နိုင်သည်။

All Chapters