အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
အပိုင်း (၅၃) အစ်ကိုကြီး... ကျုပ်ကို ကယ်ပါအုံး။
ဟုန်ရှောင်ပေါင် ကြောင်အသွား၏။ ဤနေရာသည် ဝက်လည်ပင်းသား နေရာ ဖြစ်သည်။ သို့သော်လည်း သံခွံ ဝက် ဟူသော နာမည်နှင့် လိုက်ဖက်အောင်ပင် ထိုနေရာရှိ အသားများသည် အလွန်တရာ မာကျောလှ၏။ လက်နက်လုပ်ရန်ကျတော့လည်း မလုံလောက်၊ သားရေချပ်ဝတ် လုပ်ရန်ကျတော့လည်း ပျော့ပျောင်းမှု မရှိသဖြင့် အများအားဖြင့် လွှင့်ပစ်လေ့ ရှိကြသည်။
သို့သော်လည်း ဟုန်ရှောင်ပေါင်သည် ယင်းကျိုယို၏ စကားကို သံသယ ဝင်ခြင်း မရှိပေ။ ချက်ချင်းပင် ဉာဏ်နီဉာဏ်နက် ထုတ်လိုက်၏။
"အစ်ကိုကြီး... အဲဒီ မေဟွာ အသား တွေကိုပါ ကျုပ်ကို ပေးလိုက်ပါလား။"
ထိုလူ ကြောင်သွားသည်။
"ကျုပ် မွေးထားတဲ့ ရွှေစား သွေးစုပ်ကောင် လေးက အသားမာမာမှ ကြိုက်တတ်လို့ပါဗျာ။" ဟုန်ရှောင်ပေါင်က လိမ်ပြောလိုက်လေ၏။
"ဟေ... ညီလေးက ရွှေစား သွေးစုပ်ကောင်တောင် မွေးထားတယ်လား။ ပထမအဆင့်ပဲ ရှိသေးပေမဲ့ အတော် မဟုတ်တဲ့ ကောင်လေးပဲ။"
ထိုလူသည် ဟုန်ရှောင်ပေါင်၏ စကားကို သံသယ မဖြစ်ပေ။ ဤအသားက တန်ဖိုးမရှိမှန်း သူလည်း သိထားသဖြင့် စောဒက မတက်တော့ဘဲ အားလုံး လှီးဖြတ် ပေးလိုက်သည်။
ကိစ္စပြီးသောအခါ ဟုန်ရှောင်ပေါင်သည် ဦးချိုတစ်ခု ဝက် တစ်ဝက်ကို အိတ်ထဲ ထည့်ယူလိုက်သည်။
ယနေ့ အတော်လေး အဆင်ပြေသည်။ သို့သော်လည်း ဝိညာဉ်ကျောက်တုံးများ ရေလို ကုန်နေသည်ကို တွေးမိသောအခါ ရင်နာမိ၏။ သို့ဆိုလျှင်တောင် ဟုန်ရှောင်ပေါင်သည် စိတ်ဓာတ်ကျမည့်သူ မဟုတ်ချေ။ ဝိညာဉ်ကျောက်တုံး ဆိုသည်မှာ မသုံးစွဲဘဲ သိမ်းထားလျှင် ကျောက်တုံးမျှသာ ဖြစ်သည် မဟုတ်ပါလား။ ဤလောကတွင် လက်သီးပိုင်ရှင်ကသာ ဘုရင် ဖြစ်သည်။ သူ့တွင် ရှိနေသော တန်လန်ခန္ဓာကိုယ်ကို အသုံးချပြီး ကြီးပွားအောင် လုပ်ရပေမည်။
သို့သော်လည်း နောက်ထပ် နှစ်နာရီခန့် ကြာသည်အထိ ဘာမျှ ထပ်မရတော့ချေ။ ဟုန်ရှောင်ပေါင် ငိုက်ချင်လာသည်။ ထိုစဉ် ရုတ်တရက် သူ၏ မျက်လုံးများ အရောင်တောက်သွား၏။
ခါးတွင် အင်္ကျီတစ်ထည် ပတ်ထားသော ပိန်ပါးပါး သိုင်းသမား တစ်ယောက် ရောက်ရှိလာသည်။ အသက် ၃၀ ခန့် ရှိမည်။ မျက်နှာက ဖြူလျော်နေပြီး ခြေလှမ်းများ ယိုင်နဲ့နဲ့ ဖြစ်နေသည်။ ခါးတွင် သားရဲ တစ်ကောင်ကောင်၏ တိုက်ခိုက်မှု ခံထားရပုံ ရသည်။ ပတ်ထားသော အင်္ကျီတွင် သွေးများ စိုရွှဲနေပြီး သွေးစက်များ တစက်စက် ကျဆင်းနေသည်။
သွေးမြင်လျှင် မူးတတ်သော ဟုန်ရှောင်ပေါင်သည် မျက်နှာ ဖြူလျော်သွားပြီး ခေါင်းလွှဲလိုက်ရ၏။
"အဘိုး... ဒီလူ့ ဒဏ်ရာက ဘာများ ထူးခြားလို့လဲ။"
"ထူးတာပေါ့။"
ဟုန်ရှောင်ပေါင် မထင်မှတ်ထားလောက်အောင် ယင်းကျိုယို က ချက်ချင်း ပြန်ဖြေသည်။ "ကြည့်ရတာ လေမုန်တိုင်း ကျားသစ် လက်ချက်နဲ့ တူတယ်။ ဒါပေမဲ့ ဒဏ်ရာထဲမှာ အဆိပ်တွေ ပါနေတယ်။ ငါ ထင်တာ မမှားဘူး ဆိုရင်... အဲဒီ ကျားသစ်က လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ရွှေဆိပ် ပြင်းထန် မြွေ ကို စားထားပုံ ရတယ်။ သူ့လက်သည်းမှာ မြွေဆိပ်တွေ ကပ်ကျန်နေခဲ့တာ။ မကုသဘူး ဆိုရင် ဒီလူ ဒီည သေလိမ့်မယ်။"
ဟုန်ရှောင်ပေါင် ထိတ်လန့်သွားပြီး ထိုလူကို ပြန်ကြည့်လိုက်သည်။ မျက်နှာက သေလူကဲ့သို့ ဖြစ်နေပြီး ခြေလှမ်းများ မမှန်တော့။ တကယ်ပဲ ခြေတစ်ဖက်က အလောင်းကောင်ကဲ့သို့ ဖြစ်နေပြီ။ ကုန်သည်များထဲတွင်လည်း ဆေးမြစ် ရောင်းချသူများ ရှိကြသည်။ လူတစ်ယောက်က ချက်ချင်းပင် ရှေ့ထွက်လာပြီး ကမ်းလှမ်းလိုက်၏။
"ညီလေး... ဒဏ်ရာပျောက်ဆေး လိုချင်လား။ မြို့မြောက်ဘက် ရွှယ်မိသားစုက ထုတ်တဲ့ ဆေးနော်။ နာမည်ကြီးပဲ။ လေယင်မြို့တော်မှာ ဒုတိယ လိုက်မယ့်ဆေး မရှိဘူး။"
"သေကုန်ပြီ... အကုန် သေကုန်ပြီ..."
ထိုလူသည် ရေရွတ်ရင်း သူ့ကို တားထားသူအား ကြောင်ငေးကြည့်နေသည်။ ခဏကြာမှ သတိပြန်ဝင်လာပြီး ခါးတွင် ပတ်ထားသော အင်္ကျီကို ဖယ်လိုက်၏။
"လေမုန်တိုင်း ကျားသစ်..."
သိုင်းသမား အများစုသည် သွေးမြင်ဖူး၊ သားရဲမြင်ဖူးသူများ ဖြစ်သော်လည်း ယခုမြင်ကွင်းကို မြင်လိုက်ရသောအခါ လေအေးများ ရှူသွင်းမိသွားကြသည်။ အဆိပ်သင့်ပြီး မည်းနက်နေသော ဒဏ်ရာများကို မြင်ဖူးသော်လည်း ဤမျှ ဆိုးရွားသည်ကို မမြင်ဖူးကြချေ။ ခါးတစ်ခုလုံး မည်းနက်နေပြီး အတွင်းကလီစာများ အထိ ပုပ်ပွနေပြီ ဖြစ်သည်။ အမည်းရောင် အရည်များ စီးကျနေပြီး သွေးစိမ်းများက ချိုင်းအောက်ဘက်မှ စီးကျလာခြင်း ဖြစ်သည်။
"ဟာ... ဒါက..."
"ဒါ လေမုန်တိုင်း ကျားသစ် လက်ချက် ဟုတ်လို့လား။ မဖြစ်နိုင်တာ။"
"လေမုန်တိုင်း ကျားသစ် ဒဏ်ရာက ဒီလိုမှ မဟုတ်တာ။ ညီလေး... မင်း မှားနေပြီ ထင်တယ်။"
လူအများ ဝိုင်းအုံကြည့်ရှုပြီး ဝေဖန်နေကြသည်။ ထိုလူ ပြောသည်ကို မယုံကြည်ကြချေ။ ထိုလူက ခါးသီးစွာ ပြုံးလိုက်ပြီး ရေရွတ်လိုက်လေ၏။
"ထင်တဲ့အတိုင်းပဲ... ဘယ်သူမှ ဒီအဆိပ်ကို မသိကြပါလား။ ထားလိုက်ပါတော့... ထားလိုက်ပါတော့... ငါလည်း ညီအစ်ကို နှစ်ယောက်နောက် လိုက်သွားရတော့မှာပေါ့။"
သူ့အသံတွင် မျှော်လင့်ချက် ကုန်ဆုံးနေသော လေသံများ ပါဝင်နေသည်။ လူအများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ မည်သူမျှ ဝင်မပြောရဲကြ။ ဒဏ်ရာက ပြင်းထန်လွန်းသဖြင့် လေယင်မြို့တော်တွင် နှစ်ပေါင်းများစွာ နေထိုင်လာသူများပင် မကြားဖူးသော အရာ ဖြစ်နေသည်။
"မိတ်ဆွေ... ခဏလောက် နေပါအုံး။"
ဟုန်ရှောင်ပေါင် ထွက်လာပြီး ပြောလိုက်၏။ "ကျုပ် စမ်းကြည့်ပေးလို့ ရမလား။"
"အင်း... ကြည့်လေ။"
ထိုလူက ကြည့်ချင်ရင် ကြည့်လိုက် ဟူသော ပုံစံဖြင့် ရပ်ပေးလိုက်သည်။ မျက်လုံးများတွင်မူ မျှော်လင့်ချက် ရောင်ခြည် မရှိတော့ချေ။
ဟုန်ရှောင်ပေါင်သည် ဒဏ်ရာကို မြင်လျှင် မူးမေ့သွားမည်ဟု ထင်မှတ်ထားသော်လည်း တကယ်တမ်းတွင် ထိုသို့ မဖြစ်ချေ။ မည်းနက်ပြီး ပုပ်ပွနေသော ဒဏ်ရာကို မြင်ရသည်မှာ ဘာမှ မဖြစ်သလို ခံစားနေရသည်။
'သြော်... ငါက အနီရောင် သွေးကိုပဲ ကြောက်တာကိုး... ဟဲဟဲ... မဆိုးဘူး။'
ဟုန်ရှောင်ပေါင် စိတ်ထဲတွင် ကျေနပ်သွားသည်။ မျက်နှာထားကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး သေချာ ကြည့်ရှုဟန် ပြုလိုက်သည်။ ခဏကြာမှ ပြောလိုက်၏။
"ခုနက ခင်ဗျား ပြောပုံအရ ဆိုရင်... ခင်ဗျားရဲ့ အဖော်တွေလည်း ဒီအဆိပ်နဲ့ပဲ သေဆုံးသွားကြတာ မလား။"
"ဟုတ်တယ်။" မျက်နှာဖြူလျော်နေသော လူက ဖြေလိုက်သည်။
"ဒီအဆိပ်ကို ကျုပ် သိပ်မသေချာဘူး။"
ဟုန်ရှောင်ပေါင်က ခေါင်းညိတ်ပြီး စဉ်းစားဟန် ပြုလိုက်၏။ "ဒါပေမဲ့ ခင်ဗျားရဲ့ အဖော်တွေ ဘယ်လို သေဆုံးသွားသလဲ ဆိုတာ ကျုပ် ခန့်မှန်းကြည့်မယ်။ တကယ်လို့ ကျုပ် ပြောတာ မှန်ခဲ့ရင်... ခင်ဗျား အသက်ရှင်ဖို့ လမ်းစ ရှိတယ်။ တကယ်လို့ မှားနေရင်တော့... "
ထိုလူက မျက်နှာသေဖြင့် ဟုန်ရှောင်ပေါင် ဆက်ပြောမည့် စကားကို စောင့်နေလိုက်သည်။
"ခင်ဗျားရဲ့ အဖော်တွေ သေဆုံးသွားချိန်မှာ... မျက်လုံးနဲ့ နှုတ်ခမ်းတွေက မင်ရည်သုတ်ထားသလို မည်းနက်နေမယ်။ သွေးကြောတွေ အကုန်လုံး မည်းနက်နေပြီး တစ်ကိုယ်လုံးမှာ အမည်းရောင် နဲ့ အဖြူရောင် နှစ်မျိုးပဲ ကျန်တော့မယ်... ဟုတ်လား။"
ဘေးပတ်ဝန်းကျင်မှ လူများသည် နားစွင့်နေကြ၏။
ဟုန်ရှောင်ပေါင် ပြောပြသော သေဆုံးပုံကို ကြားရသောအခါ အံ့သြသွားကြပြီး ထိုလူကို ဝိုင်းကြည့်လိုက်ကြသည်။
ထိုလူ၏ မျက်နှာထား ပြောင်းလဲသွားသည်။ မျက်လုံးများ ပြူးကျယ်သွားပြီး ဟုန်ရှောင်ပေါင်ကို စိုက်ကြည့်လိုက်၏။
ဘုန်း...
ရုတ်တရက် ဟုန်ရှောင်ပေါင် ရှေ့တွင် ဒူးထောက်ချလိုက်ပြီး အော်ဟစ်လိုက်လေတော့သည်။
"အစ်ကိုကြီး... ကျုပ်ကို ကယ်ပါအုံး .. အစ်ကိုကြီး... ကျုပ် ကယ်ပါအုံးဗျာ "
"မှန်သွားပြီလား။"
"ဒီညီလေး ပြောတာ တကယ် မှန်သွားတာလား။"
"ဒီညီလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးပညာ တော်တော် စွမ်းတာပဲ။"
ထိုလူ ဒူးထောက်လိုက်သည်ကို မြင်သောအခါ ဟုန်ရှောင်ပေါင် ပြောသည်မှာ မှန်ကန်ကြောင်း လူတိုင်း နားလည်လိုက်ကြသည်။ အားလုံး အံ့အားသင့်သွားကြပြီး စိတ်ဝင်စားလာကြသည်။
"ညီလေး... ဒါ ဘာအဆိပ်လဲ။ တကယ်ပဲ လေမုန်တိုင်း ကျားသစ် လက်ချက်လား။"
"လေမုန်တိုင်း ကျားသစ် ဆိုတာ ငါ ကိုယ်တိုင် မိတ်ဆွေတွေနဲ့ ပေါင်းပြီး သတ်ဖူးတယ်။ အဆိပ်မှ မရှိတာ။"
ဟုန်ရှောင်ပေါင် ချောင်းဟန့်လိုက်ရာ လူအားလုံး ငြိမ်ကျသွားပြီး သူ့ကို ကြည့်လိုက်ကြသည်။ ဟုန်ရှောင်ပေါင်က ဆက်ရှင်းပြလိုက်၏။
"လေမုန်တိုင်း ကျားသစ် ဆိုတာ အရမ်း ရှားပါးတဲ့ အခြေအနေမျိုးမှာ အဆိပ် ဖြစ်ပေါ်တတ်တယ်။ ဒါပေမဲ့ ဒီလောက် ပြင်းထန်တဲ့ အဆိပ်မျိုးတော့ မဟုတ်ဘူး။ သို့ပေမဲ့... လေမုန်တိုင်း ကျားသစ်တွေက မြွေတွေကို ကြိုက်နှစ်သက်ကြတယ်။ ကျုပ် ထင်တာ မမှားဘူး ဆိုရင်... ဒီကောင်က ရွှေဆိပ် ပြင်းထန် မြွေ အသေတစ်ကောင်ကို ကောက်စားခဲ့တာ ဖြစ်မယ်။"
"ရွှေဆိပ် ပြင်းထန် မြွေ... "
"အဲဒါ ဘာကောင်လဲ။ မကြားဖူးပါဘူး။"
"ငါတော့ နည်းနည်း ရင်းနှီးသလိုပဲ..."
လူတစ်ယောက်က စဉ်းစားနေရင်း ရုတ်တရက် အော်ဟစ်လိုက်သည်။ "ဟာ... သတိရပြီ ရွှေဆိပ် ပြင်းထန် မြွေ ဆိုတာ ပဉ္စမအဆင့် သွေးသား အဆင့် ရှိတဲ့ မြွေတစ်မျိုးပဲ။ အဆိပ်ပြင်းလွန်းလို့ နာမည်ကြီးတာ။"
"ပဉ္စမအဆင့်... "
လူအများ အံ့သြတုန်လှုပ်သွားကြသည်။ မယုံနိုင်စရာပင်။
"မှန်ပါတယ်... ပဉ္စမအဆင့် ပါပဲ။"
ဟုန်ရှောင်ပေါင် ခေါင်းညိတ်လိုက်၏။ "ပဉ္စမအဆင့် သားရဲ တစ်ကောင်ကို လေမုန်တိုင်း ကျားသစ် က ယှဉ်နိုင်စရာ အကြောင်းမရှိဘူး။ ဒါကြောင့် အသေကောင်ကို ကောက်စားတာလို့ ပြောတာပေါ့။ မြွေကို စားနေရင်း မြွေသည်းခြေကို လက်သည်းနဲ့ ကုတ်မိပြီး ဖောက်ခွဲလိုက်မိပုံ ရတယ်။ ဒါကြောင့် မြွေသည်းခြေ အဆိပ်တွေ လက်သည်းမှာ ကပ်ကျန်နေခဲ့တာ။ ကံဆိုးချင်တော့ ခင်ဗျားတို့ အဖွဲ့နဲ့ သွားတိုးမိတာပေါ့။"
ဟုန်ရှောင်ပေါင်က ဒူးထောက်နေသူကို ကြည့်ပြီး ဆက်ပြောလိုက်သည်။
"ရွှေဆိပ် ပြင်းထန် မြွေ ရဲ့ အဆိပ် ဆိုရင် ခင်ဗျား အခုထိ အသက်ရှင်နေစရာ အကြောင်းမရှိဘူး။ ခင်ဗျား အခုထိ မသေသေးတာ အကြောင်းတစ်ခုပဲ ရှိတယ်။ ခင်ဗျားရဲ့အဖော်တွေနဲ့ အဲဒီကောင် တိုက်ခိုက်နေတုန်းမှာ အဆိပ်အများစုက ခင်ဗျား အဖော်တွေဆီ ရောက်ကုန်တာ။ တစ်နည်းအားဖြင့် ပြောရရင်... ခင်ဗျား အဖော်တွေရဲ့ သွေးနဲ့ အဆိပ်ကို ဆေးကြောလိုက်သလို ဖြစ်သွားတာပေါ့။ ခင်ဗျားက နောက်ဆုံးမှ ဒဏ်ရာရခဲ့တာ မလား... ကျုပ်ပြောတာ မှန်ရဲ့လား။"
အပိုင်း (၅၄) ဒီဆေးက တကယ် အံ့မခန်းပဲ
ဖြူရော်နေသည့် အမျိုးသားက မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရသောကြောင့် ကြမ်းပြင်နှင့် ခေါင်းကို ဆောင့်၍ ဦးညွှတ်လိုက်၏။
"မှန်ပါတယ် ... မှန်ပါတယ်။ အရှင်သခင် ... ကျုပ်ကို ကယ်ပါအုံး ...။ အရှင်သခင် ... ကျုပ်ကို ကယ်ပါအုံး ...။"
ဟုန်ရှောင်ပေါင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ကယ်မှာပါ ... သဘာဝကျစွာပဲ ကယ်မှာပါ။ ဒါပေမဲ့ ရွှေဆိပ် ပြင်းထန်မြွေရဲ့ အဆိပ် ဖြစ်နေတဲ့အတွက် ဖော်စပ်ရမဲ့ ဆေးဝါးတွေက အတော်လေး ဈေးကြီးတယ်။ ကျုပ်ရဲ့ ဟုန်တံဆိပ် ဒဏ်ရာပျောက်ဆေးနဲ့ မြွေဆိပ်ကို အရင်ဆုံး ဖိနှိပ် ထိန်းချုပ်ထားလိုက်မယ်။"
ဟုန်ရှောင်ပေါင်က "ဟုန်တံဆိပ် ဒဏ်ရာပျောက်ဆေး" ဆိုသည့် စာလုံးအနည်းငယ်ကို တမင်တကာ ဖိ၍ ပြောဆိုလိုက်သောကြောင့် ထိုနေရာတွင် ရှိနေသူ အားလုံးက ရှင်းလင်းပြတ်သားစွာ ကြားသိလိုက်ကြ၏။
ဖြူရော်နေသည့် အမျိုးသားက ခေါင်း ထပ်မံ ဦးညွှတ်လိုသော်ငြား ဟုန်ရှောင်ပေါင်က မြဲမြံစွာ ဖေးမ ထားလိုက်သည်။
ထိုအမျိုးသားက အလောတကြီး တောင်းဆိုလိုက်၏။ "ဒီဆေးက ဘယ်လောက်ပဲ ဈေးကြီးပါစေ၊ ကျုပ် ဝိညာဉ်ကျောက်တုံးတွေ ကို သေချာပေါက် စုဆောင်းပေးပါမယ်။ အရှင်သခင် ... ကျုပ်ရဲ့ အသက်တစ်ချောင်းကို မဖြစ်မနေ ကယ်တင်ပေးပါ။"
ထိုနေရာ၌ ရှိနေသူများအနက် ဆေးပညာသဘောတရားကို နားလည်သူများမှာ အနည်းငယ် အံ့အားသင့်သွားကြပြီး အံ့ဩတုန်လှုပ်သွားကြသည်။ ဒဏ်ရာက ဤမျှအထိ တိုက်စားခံထားရပြီးမှ မည်သည့်ဆေးက ဖိနှိပ် ထိန်းချုပ်သည့် အာနိသင်ကို ပေးစွမ်းနိုင်မှာလဲ။
ထိုသူတို့က သံသယဖြင့် ရေရွတ်လိုက်ကြ၏။ "ဒါက ... သိပ်တော့ မဖြစ်နိုင်ဘူး မဟုတ်လား။"
အခြားသူများကလည်း ဝင်ရောက် ထောက်ပြကြသည်။ "ဟုတ်တယ်လေ ... ဒဏ်ရာက ဒီလိုတောင် ဖြစ်နေပြီ၊ အဆိပ်တွေက ကလီစာများအထဲကို စိမ့်ဝင်နေတာ သိသာထင်ရှားနေတာပဲ၊ ထိန်းချုပ်ထားလို့ ရအုံးမှာလား။"
မင်းတို့ သံသယဖြစ်လေလေ ဒဏ်ရာပျောက်ဆေးရဲ့ အာနိသင်ကို ပိုပြီး ထင်ရှားပေါ်လွင်စေလေလေပဲ။
ဟုန်ရှောင်ပေါင်က စိတ်ထဲမှ ဝမ်းသာအားရ တွေးတောလိုက်၏။ အပြင်ပန်းတွင်မူ တည်ငြိမ်နေဆဲပင်။ သူက ပြောလိုက်သည်။ "ဒါက ကျုပ်ရဲ့ ဆရာသခင် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ကုန်ခံပြီး ဖော်စပ်ထားတဲ့ ဆေးပဲ။ ရုပ်ခန္ဓာ ပဉ္စမအဆင့်လောက်က ရွှေဆပ် ပြင်းထန် မြွေဆိပ်လောက်ကို ဖြေရှင်းဖို့က သဘာဝကျစွာပဲ ပြောပြနေစရာ မလိုလောက်အောင် လွယ်ကူပါတယ်။"
ဟုန်ရှောင်ပေါင် ဤသို့ ပြောသည်ကို ကြားသောအခါ လူအားလုံးက အနည်းငယ် အံ့အားသင့်သွားကြသည်။ အခြားအရာများကို မပြောလျှင်တောင်မှ သိုင်းသမားများ၏ သက်တမ်းဖြင့် ဆေးတစ်စုံ ဖော်စပ်ရန် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ကုန်ခံနိုင်သူမှာ အလွန် ရှားပါးသည်။ သို့ဆိုလျှင် ဤသူ၏ ဆရာသခင်မှာ ရိုးရှင်းမည် မဟုတ်ချေ။
လူတစ်ယောက်က သတိကြီးစွာဖြင့် မေးမြန်းလိုက်၏။ "ဂိုဏ်းတူအစ်ကိုရဲ့ ဆရာသခင်က ဘယ်သူလဲ ဆိုတာ မသိရဘူးလား။"
ဟုန်ရှောင်ပေါင်၏ မျက်နှာသွင်ပြင်က မှိုင်တွေသွားခဲ့ပြီး ပြောလိုက်၏။ "ပြောပြလို့ မရဘူး။ ကျုပ်အနေနဲ့ ရုပ်ခန္ဓာ နဝမအဆင့်ကို မရောက်ရှိသေးသရွေ့ ဆရာသခင်ရဲ့ နာမည်ကို ထုတ်ဖော် ပြောဆိုခွင့် မရှိဘူး။"
လူအများက ထိတ်လန့်တကြား အာမေဍိတ်သံ ပြုလိုက်ကြ၏။ "အို ...။"
အခြားသူများကလည်း တုန်လှုပ်စွာ ပြောဆိုကြသည်။ "ရုပ်ခန္ဓာ နဝမအဆင့်တဲ့လား။"
လူအားလုံး ကြားသိလိုက်ရချိန်မှာတော့ အလွန်အမင်း တုန်လှုပ်သွားကြသည်။ ရုပ်ခန္ဓာ နဝမအဆင့်မှသာ ဆရာသခင်၏ နာမည်ကို ထုတ်ဖော် ပြောဆိုခွင့် ရှိသည်ဆိုလျှင် ထိုဆရာသခင်သည် မည်သည့် အဆင့်အတန်း အထိ ရောက်ရှိနေပြီနည်း။
ဟုန်ရှောင်ပေါင်က ဖြူရော်နေသည့် အမျိုးသား၏ ဒဏ်ရာကို ကြည့်ရှုလိုက်၏။ "ဒါတွေ မပြောတော့ပါဘူး၊ ဆေး ထည့်ကြတာပေါ့။ မြွေဆိပ်က ခင်ဗျားရဲ့ အပေါ်ယံ ဒဏ်ရာနေရာတွေကို တိုက်စားပစ်လိုက်ပြီ၊ ပျက်စီးနေတဲ့ အပေါ်ယံ အသားတွေကို ဖြတ်ထုတ်ပစ်ပြီးမှ ဆေး ထည့်ရမယ်၊ ခင်ဗျား ကိုယ့်ဘာသာကိုယ် လုပ်လိုက်တော့။"
အမျိုးသား၏ မူလတည်းက ဖြူရော်နေသော မျက်နှာသွင်ပြင်မှာ ပို၍ပင် ထူးဆန်းစွာ ဖြူရော်သွားခဲ့သည်။ သို့ပေမည့် သူက ခေါင်းညိတ်လိုက်ပြီး ဖိနပ်ထဲမှ ဓားမြှောင်တစ်ချောင်းကို စမ်းသပ် ယူဆောင်လိုက်ကာ အံကြိတ်လိုက်သည်။ ချက်ချင်းပင် ကျောက်တုံးကြီးတစ်ခုကို ရှာဖွေ ထိုင်ချလိုက်ပြီး သူ၏ အသားကို စတင် လှီးဖြတ်တော့သည်။
တစ်လွှာပြီး တစ်လွှာ လှီးဖြတ်လိုက်ရာ သွေးမည်းများမှသည် သွေးနီရင့်များဆီသို့ … နောက်ဆုံးတွင် သွေး လတ်လတ်ဆတ်ဆတ်များ ထွက်ပေါ်လာ၏။
သွေးကို မြင်ဖူးနေကျ ဖြစ်သည့် သိုင်းသမားများပင် ယခုအချိန်၌ တစ်ကိုယ်လုံး တုန်ရီနေကြပြီး အံကို တင်းတင်းကြိတ်ကာ မျက်နှာတစ်ခုလုံး ချွေးများ ရွှဲနစ်နေကြသည်။ နောက်တစ်ခဏတွင် မူးမေ့ လဲကျသွားတော့မည့်အလား ခံစားနေကြရသည်။
ဟုန်ရှောင်ပေါင်သည် သွေးကို မြင်တွေ့ရချိန်မှာပင် အနည်းငယ် ခေါင်းမူးသွားခဲ့သဖြင့် ဒဏ်ရာပျောက်ဆေးကို ဖော်စပ်နေဟန် ဟန်ဆောင်လိုက်သည်။ ဟန်ပါပါဖြင့် တစ်ခါတစ်ရံ အနံ့ခံကြည့်ပြီး တစ်ခါတစ်ရံ မျက်မှောင်ကြုတ်ကာ ဒဏ်ရာပျောက်ဆေး ပုလင်းအနည်းငယ်ကို ထုတ်ယူလိုက်သည်။ ပုလင်းတစ်ခုထဲမှ နောက်ပုလင်း တစ်ခုထဲသို့ အနည်းငယ် လောင်းထည့်လိုက်သည်။ အတန်ကြာ စဉ်းစားပြီးနောက် ထိုပုလင်းထဲမှ အနည်းငယ် ထပ်မံ လောင်းထုတ်လိုက် ပြုလုပ်နေခဲ့၏။
သူတို့က သိလိုစိတ် ပြင်းပြစွာ ပြောဆိုလိုက်ကြသည်။ "ဒါက ...။"
လူအများကလည်း နားမလည်စွာ ရေရွတ်နေကြ၏။ "ပုလင်းအားလုံးက အတူတူလောက်ပဲ ထင်ရတယ်၊ ဒါပေမဲ့ ဒီဂိုဏ်းတူအစ်ကိုက ဘာကြောင့် ဒီလိုမျိုး ဆေးစပ်နေတာလဲ ဆိုတာ မသိဘူး။"
အခြားတစ်ယောက်က ဝင်ရောက် ရှင်းပြသည်။ "ဒါကို မင်း မသိတာ ဖြစ်မယ်၊ ဆေးပညာရပ်က အရမ်းကို သိမ်မွေ့ အနုစိတ်တယ်၊ ဖော်စပ်ပုံ နည်းစနစ်မှာ တစ်ပဲ တစ်ရွေးလောက် ကွာခြားသွားတာနဲ့ ဆေးအာနိသင်က အထောင်အသောင်း ပြောင်းလဲသွားနိုင်တယ်။
ဒီဆေးပုလင်း အနည်းငယ်က အတူတူလောက်လို့ ထင်ရပေမဲ့ အဲဒီအထဲက ပြောင်းလဲမှုတွေက အနည်းဆုံးတော့ ဆယ်ခုမက ရှိလောက်တယ်လို့ ငါ ရဲရဲကြီး ပြောရဲတယ်။"
ပြောဆိုရင်းဖြင့် သူက သက်ပြင်းချကာ ဆက်ပြောလိုက်၏။ "ဒီဂိုဏ်းတူအစ်ကိုက ကိုယ့်ရဲ့ ခံစားချက်အပေါ် မူတည်ပြီး ဒီလောက်များပြားတဲ့ ပမာဏကို ထည့်လိုက် ထုတ်လိုက် လုပ်နိုင်တာကိုက ဒီယုံကြည်မှု တစ်ခုတည်းနဲ့တင် ဆေးပညာရှင် အများအပြားထက် သာလွန်နေပြီပဲ။"
ဟုန်ရှောင်ပေါင်က စိတ်ထဲမှ တိတ်တဆိတ် ရယ်မောလိုက်သည်။ တစ်ပဲ တစ်ရွေးလောက် ကွာခြားတဲ့ ဆေးတဲ့လား၊ အကယ်၍ ဝက်စာကျွေးသလို ကြီးကျယ် ခမ်းနားသည့် မြင်ကွင်းမျိုးနှင့် အဘိုးကြီးက သူ့ကို ဆေးကြိုနည်း သင်ပေးခဲ့သည်ကိုသာ ဤလူ မြင်သွားခဲ့လျှင် တန်းပြီး မူးမေ့သွားနိုင်သည်။
အဘိုးကြီးသည် ဟုန်ရှောင်ပေါင်က ပုလင်းအနည်းငယ်ထဲမှ ဆေးများကို ဟန်ဆောင်ပန်ဆောင် ဟိုဘက်ဒီဘက် လောင်းထည့်နေသည်ကို ကြည့်ပြီး အလွန်အမင်း သဘောကျစွာဖြင့် ရယ်မောလိုက်၏။ "ဟားဟားဟားဟား ဟား ဟား ...။ ဟေး ... ကောင်လေး၊ စားဖိုမှူးအလုပ်က မင်းရဲ့ သရုပ်ဆောင် လမ်းကြောင်းကို နှောင့်နှေး မသွားစေနဲ့အုံး။"
ထိုစဉ် ဖြူရော်နေသည့် အမျိုးသားမှာ ပြိုလဲတော့မည့် အစွန်းဆီသို့ ရောက်ရှိနေပြီ ဖြစ်ရာ နောက်ဆုံးတွင် တုန်ရီသော အသံဖြင့် မေးမြန်းလိုက်၏။ "အရှင်သခင် ... ပြီး ... ပြီးပြီလား။"
ဟုန်ရှောင်ပေါင်သည် သွေးသံရဲရဲ မြင်ကွင်းမျိုး ဖြစ်နေမည်ကို သေချာပေါက် သိရှိထားသဖြင့် ကိုယ့်ဘာသာကိုယ် မူးလဲမသွားစေရန် ညာဘက်ခြေထောက်ကို တစ်လှမ်း ဆန့်ထုတ်လိုက်ပြီး မြင်းစီးဟန် တည်ငြိမ်စွာ ခြေချ ရပ်လိုက်သည်။ ထို့နောက်မှ တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး နှာခေါင်းမှ "အင်း" ဆိုသည့် အသံတစ်ချက် ထုတ်ကာ ဆေးတစ်ပုလင်းကို ဖြူရော်နေသည့် အမျိုးသားထံ ပစ်ပေးလိုက်သည်။ "လိမ်းလိုက်တော့၊ ပါးပါးလေး တစ်လွှာ လိမ်းလိုက်ရင် ရပြီ၊ ပမာဏကို ကိုယ့်ဘာသာကိုယ် ထိန်းပြီး လိမ်း။"
အမျိုးသားသည် တစ်ကိုယ်လုံး တုန်ရီနေခဲ့ပြီး ဟုန်ရှောင်ပေါင် ကမ်းပေးသည့် ဆေးကို လှမ်းယူလိုက်ကာ အညစ်အကြေး အရောင် ရှိသော ထိုဆေးကို ကြည့်ပြီး အတန်ကြာ တုံ့ဆိုင်းနေခဲ့သည်။ နောက်ဆုံးတွင် အံကြိတ်ကာ ဆေးအနည်းငယ်ကို ကော်ယူပြီး ဒဏ်ရာပေါ်သို့ လိမ်းကျံလိုက်၏ ...။
ဘေးနားရှိ လူအများက နှုတ်ခမ်းများ ရှုံ့မဲ့သွားကြသည်။ သူတို့ကိုယ်တိုင် ထိုနာကျင်မှုကို ခံစားနေရသည့်အလား ငြီးတွားလိုက်ကြ၏။ "ချီးတဲ့မှ ...။"
ထိုမျှနှင့် မပြီးသေးပေ။ အမျိုးသားသည် ဆန်ခါ၍ တုန်နေသကဲ့သို့ တုန်ရီနေပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။ "အား ... အား ...။"
သူက အတင်းအကြပ် ကြံ့ကြံ့ခံကာ ဒဏ်ရာတစ်ခုလုံးကို ဆေး လိမ်းကျံလိုက်သည်။ ထို့နောက်မှ အံကြိတ်ကာ ကျောက်တုံးကြီးပေါ်သို့ လဲလျောင်းလိုက်၏။
ထိုအချိန်၌ သူသည် ကိုယ်ကို တစ်ဖက်စောင်း လှည့်ရန် မမေ့ပေ။ ဒဏ်ရာရှိသည့်ဘက်ကို အပေါ်သို့ မျက်နှာမူထားသည်။ သို့ပေမည့် ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် သူ၏ နဖူးပေါ်ရှိ သွေးကြောများ ထောင်ထလာခဲ့ပြီး လက်သီးနှစ်ဖက်ကို ဖြူရော်သည်အထိ ဆုပ်ကိုင်ထားကာ အမြင့်ဆုံး နာကျင်မှုအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိသာထင်ရှားလှသည်။
လူအားလုံးက အံ့အားသင့်သွားကြသည်။ သူတို့ထဲတွင် အကဲခတ် ကျွမ်းကျင်သူများ မလွဲမသွေ ပါဝင်နေကြရာ ဤဆေးအာနိသင်၏ ပြင်းထန်မှုကို အားလုံးက မြင်တွေ့လိုက်ကြရ၏
ရုတ်တရက် လူတစ်ယောက်က အော်ဟစ်လိုက်သည်။ "သွေးတိတ်သွားပြီ။"
အခြားသူများကလည်း အံ့ဩတကြီး ပြောလိုက်ကြ၏။ "ကောင်းကင်ဘုံ ... တကယ် သွေးတိတ်သွားတာပဲ။"
လူတစ်ချို့ကလည်း မယုံကြည်နိုင်စွာ ရေရွတ်ကြသည်။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
လူအားလုံးက ချက်ချင်းပင် အံ့အားသင့်သွားကြပြီး ဖြူရော်နေသည့် အမျိုးသား၏ ခါးပေါ်ရှိ ဒဏ်ရာကို တစ်ယောက်ပြီး တစ်ယောက် ကြည့်ရှုလိုက်ကြ၏။
ဒဏ်ရာနေရာက တဆတ်ဆတ် တုန်ရီနေပြီး ဒဏ်ရာအသေးလေးများပေါ်ရှိ သွေးများက ခဲသွားကာ ကျောက်ကျောအလား အရာများအဖြစ် ပြောင်းလဲသွားသည်။ အချို့နေရာများတွင် သွေးများ စိမ့်ထွက်နေဆဲ ဖြစ်သော်ငြား သွေးစီးဆင်းမှု အရှိန်ကလည်း နှေးကွေးလာသည်။
လူအများက ချီးကျူး ပြောဆိုလိုက်ကြ၏။ "ဒီဆေးက တကယ် အံ့မခန်းပဲ။ အခြားအရာတွေကို မပြောရင်တောင်မှ ဒီသွေးတိတ်စေတဲ့ အာနိသင်က တကယ်ကို အတုမရှိ ထူးခြားလွန်းတယ်။"
အခြားသူများကလည်း ထောက်ခံကြသည်။ "မှန်တယ် ... ဝူမိသားစုရဲ့ ရွှေတံဆိပ် သွေးတိတ်ဆေးမှုန့်တောင် ဒီလောက်အထိ မစွမ်းဆောင်နိုင်ဘူး။"
နောက်ထပ် ခဏအကြာတွင် ဒဏ်ရာတစ်ခုလုံးပေါ်ရှိ သွေးများ အားလုံး တိတ်သွားခဲ့သည်။ လူအများက ထပ်မံ၍ အံ့ဩတုန်လှုပ်သွားကြ၏။
မျက်နှာ ဖြူရော်နေသည့် အမျိုးသားမှာလည်း ဖြည်းညင်းစွာထိုင်လျက် သူ၏ခါးကို မယုံကြည်နိုင်လောက်အောင် ကြည့်ရှုလိုက်သည်။ အသေးစိတ် ထပ်မံ ခံစားကြည့်ပြီးသည့်နောက် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ကျုပ် ခန္ဓာကိုယ်ထဲက အဆိပ်တွေ ... ထိန်းချုပ်ခံလိုက်ရပြီ။ ထိန်းချုပ်ခံလိုက်ရပြီ။ တကယ်ကို ထိန်းချုပ်ခံလိုက်ရပြီ။"
ဟုန်ရှောင်ပေါင်သည် ပထမဆုံးအကြိမ် မြင်ဖူးခြင်း မဟုတ်သော်ငြား ထပ်မံ၍ အံ့အားသင့်သွားခဲ့ရပြီး အော်ဟစ်လိုက်၏။ "စွမ်းလိုက်တာ ... စွမ်းလိုက်တာ။ အဘိုး ... အဘိုးရဲ့ ဆေးက တကယ် အံ့မခန်းပဲ။"
ယင်းကျိုယို၏ စကားများထဲတွင် အထင်အမြင် သေးမှုများ ပါဝင်နေခဲ့သည်။ "ဗဟုသုတ မရှိလိုက်တာ၊ ဒါလေးနဲ့တင် အံ့မခန်း ဖြစ်နေပြီလား။ မင်းရဲ့ ဒီဆေးက အခြားအရာတွေကို မပြောရင်တောင် ကြေး ဆိုတဲ့ စာလုံးနဲ့တော့ ကိုက်ညီမှု ရှိပါတယ်။ အထက်မှာ ငွေတံဆိပ်၊ ရွှေတံဆိပ်၊ နတ်ဘုရားတံဆိပ် ဆိုတာတွေ ရှိသေးတယ်၊ ဒါလေးက ဘာမှ မဟုတ်သေးဘူး။"
ထိုအချိန်၌ လူအများမှာ ပို၍ပင် တုန်လှုပ်ချောက်ချားနေကြချေပြီ။ ဤမျှ အစွမ်းထက်သည့် ဆေးအာနိသင် ရှိနေသည်မှာ ထားလိုက်ပါတော့၊ အဆိပ်ဖြေသည့် အာနိသင်ပါ ရှိနေသေးသည်လား။
ဒါ ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဆေးအာနိသင်တွေက တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက် မဖြစ်သွားဘူးလား။
ဆေးပညာသဘောတရားကို နားလည်သူများ ဖြစ်လေလေ ယခုအချိန်၌ စိတ်ထဲတွင် ပို၍ တုန်လှုပ်လေလေ ဖြစ်သည်။ အချို့သော ရောဂါလက္ခဏာ ဆင်တူသည့် ရောဂါများကို ဆေးတစ်မျိုးတည်းဖြင့် ကုသနိုင်သည်။
ဥပမာ - အအေးမိပျောက်ဆေးက အအေးမိခြင်း၊ နှာရည်ယိုခြင်း၊ ဖျားနာခြင်းတို့ကို ကုသနိုင်၏။
ဤသည်မှလွဲ၍ ဆေးတစ်မျိုးတည်းက နောက်ထပ် ရောဂါတစ်ခုကို ထပ်မံ ကုသရန်ဆိုသည်မှာ အလွန် ခက်ခဲသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် ဆေးအာနိသင် ပိုမို ပြင်းထန်သော ဆေးဝါးများသည် ကုသနိုင်သည့် ရောဂါ အရေအတွက် ပိုမို နည်းပါးလေ့ရှိပြီး အခြေခံအားဖြင့် ဒုတိယအဆင့်နှင့် အထက် ဆေးဝါးများတွင် အာနိသင် တစ်မျိုးတည်းသာ ရှိလေ့ရှိကြသည်။
သို့သော်ငြား ဤကြေးစည် ဓားဒဏ်ရာပျောက်ဆေးဆိုသည့် အရာက သူတို့၏ သိရှိနားလည်မှုကို လုံးဝ မှောက်လှန်ပစ်ခဲ့သည်။ သွေးတိတ်စေခြင်းနှင့် အဆိပ်ဖြေခြင်းဆိုသည်မှာ လုံးဝ မသက်ဆိုင်သော နယ်ပယ်နှစ်ခု ဖြစ်သော်ငြား ဤသူက ထိုအရာနှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်ခဲ့သည်လား။