← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အပိုင်း (၅၅) ကျန်လျူရှင်း ။

လူအများ တုန်လှုပ်နေကြချိန်မှာပင် ဖြူရော်နေသည့် အမျိုးသား၏ မျက်နှာသွင်ပြင်မှာ သွေးရောင် အနည်းငယ် ပိုမို သန်းလာခဲ့ပြီး စောနကကဲ့သို့ မျှော်လင့်ချက် ကင်းမဲ့နေသည့် အမူအရာမျိုး လုံးဝ မဟုတ်တော့ချေ။ သူ၏ မျက်နှာသွင်ပြင်က ပိုမို စိတ်လှုပ်ရှားလာခဲ့ပြီး ပြောလိုက်၏။ "အရှင် ... အရှင်သခင် ...၊ ကျုပ် ခန္ဓာကိုယ်ထဲက အဆိပ်တွေ ပျော်ဝင်သွားနေသလိုပဲ။"

ဟုန်ရှောင်ပေါင်က ခေါင်းယမ်းလိုက်သည်။ "မဖြစ်နိုင်ဘူး။ ကျုပ် ပြောပြီးသားပဲ၊ ဖိနှိပ် ထိန်းချုပ်ထားရုံပဲလို့။ ဒီဆေးက ရွှေဆိပ် ပြင်းထန်မြွေဆိပ်ကို လေးရက်ခွဲလောက်အထိ ဖိနှိပ် ထိန်းချုပ်ပေးထားနိုင်တယ်။

အဲဒီအချိန်ကျရင် ကျုပ် ပြောတဲ့ ဆေးဖက်ဝင် ပစ္စည်းတွေကို မရှာဖွေနိုင်သေးဘူး ဆိုရင်တော့ ကြေး ဓားဒဏ်ရာပျောက်ဆေးနဲ့ နောက်တစ်ကြိမ် ထပ်ပြီး ဖိနှိပ် ထိန်းချုပ်ပေးလို့ ရနိုင်သေးတယ်။

ဒါပေမဲ့ ဒီတစ်ခေါက်တော့ တစ်ရက်ခွဲလောက်ပဲ ဖိနှိပ် ထိန်းချုပ်ထားနိုင်တော့မယ်။ တစ်ရက်ခွဲ ကုန်ဆုံးသွားပြီး တဲ့အထိ ဆေးဖက်ဝင် ပစ္စည်းတွေကို မရှာဖွေနိုင်သေးဘူး ဆိုရင်တော့ ခင်ဗျားရဲ့ အသက်ကလည်း အဆုံးသတ်ဆီ ရောက်ရှိသွားပြီပဲ။"

လူအများသည် နားထောင်ရင်းဖြင့် အံ့အားသင့် ငေးမောနေကြသည်။ ဟုန်ရှောင်ပေါင်က အချိန်ကို ဤမျှ တိကျစွာ ပြောဆိုနေသည်ကို ကြားသိရသောအခါ အားလုံး၏ စိတ်ထဲတွင် တိတ်တဆိတ် တုန်လှုပ်သွားကြ၏။

ဖြူရော်နေသည့် အမျိုးသားက အလောတကြီးနှင့် ရိုသေလေးစားစွာ ပြောလိုက်သည်။ "ရတယ် ... ရတယ် ... ရပါတယ်။ အရှင်သခင် ... ခင်ဗျား ပြောပါ၊ ဘာဆေးဖက်ဝင် ပစ္စည်းတွေဖြစ်ဖြစ် ကျုပ် သေချာပေါက် စုဆောင်းပါ့မယ်။"

ဟုန်ရှောင်ပေါင်က ဖြူရော်နေသည့် အမျိုးသား၏ လက်ထဲရှိ ဆေးကို လက်ညှိုးထိုးပြလိုက်သည်။ "ဒီဆေးဖိုးကို အရင် ပေးလိုက်ပါအုံး။"

ဖြူရော်နေသည့် အမျိုးသားက အံ့အားသင့်သွားသည်။ ချက်ချင်းပင် ရင်တထိတ်ထိတ် ဖြစ်သွားကာ မေးလိုက်၏။ "အို ... ဟုတ်သားပဲ ... ဟုတ်သားပဲ၊ ဘယ်လောက်လဲ။"

ဤမျှ အစွမ်းထက်သည့် ဆေးတစ်ဖော်၏ ဈေးနှုန်းက ...။

ဟုန်ရှောင်ပေါင်က တည်ငြိမ်စွာ ပြောလိုက်၏။ "တစ်ပုလင်းကို ဝိညာဉ်ကျောက်တုံး ငါးခု။"

မူလက သူသည် ဝိညာဉ်ကျောက်တုံး နှစ်ခု သို့မဟုတ် သုံးခု သတ်မှတ်ရန် ရည်ရွယ်ထားခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ သာမန် ဓားဒဏ်ရာပျောက်ဆေး တစ်ပုလင်းလျှင် ဝိညာဉ်ကျောက်တုံး သုံးခုမျှသာ ရှိပြီး၊ ကြေးဓားဒဏ်ရာပျောက်ဆေး၏ ကုန်ကြမ်းပစ္စည်းများမှာ အလွန်အမင်း ဈေးပေါလွန်းလှသည်။

အကယ်၍ ဈေးနှုန်းကို အခြား ဓားဒဏ်ရာပျောက်ဆေးများ၏ ထက်ဝက်အထိ လျှော့ချလိုက်မည် ဆိုပါက ကြေးစည် ဓားဒဏ်ရာပျောက်ဆေး၏ ကြောက်မက်ဖွယ်ကောင်းသော ဆေးအာနိသင်ကြောင့် အရူးအမူး ရောင်းကောင်းသွားမည် မဟုတ်ပါလား။

သူသည် 'အမြတ်နည်းနည်း၊ ရောင်းအားများများ' ဆိုသည့် သဘောတရားကို နက်ရှိုင်းစွာ နားလည်ထားသူ ဖြစ်သည်။ ဝိညာဉ်ကျောက် တစ်ခု သို့မဟုတ် နှစ်ခုဖြင့် တကယ် ရောင်းချနိုင်လျှင် အကျိုးအမြတ်ကို အများဆုံး ရရှိနိုင်မည် ဖြစ်သော်ငြား အဘိုးကြီး၏ စရိုက်က မည်သို့ လက်ခံနိုင်မည်နည်း။ သူ၏ ပစ္စည်းသည် အနည်းဆုံးတော့ အခြားသူများ၏ ဈေးနှုန်းထက် နှစ်ဆ ပိုရောင်းရမည်ဟု ပြောဆိုနေခဲ့သဖြင့် ချော့တစ်ခါ ခြောက်တစ်လှည့် ပြောဆိုပြီးနောက်မှ ဝိညာဉ်ကျောက်တုံး ငါးခုဟု သတ်မှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

လူအများက ရေရွတ်လိုက်ကြ၏။ "ဝိညာဉ်ကျောက်တုံး ငါးခုလား။ နည်းနည်းတော့ ဈေးကြီးတယ် ... အာ ... မဟုတ်ဘူး၊ ဈေးမကြီးပါဘူး။ ဒီကုသနိုင်စွမ်းက သက်သေပြနေတာပဲ။"

ထို့နောက် ချက်ချင်းပင် လုယက် ဝယ်ယူကြတော့သည်။ "ဂိုဏ်းတူအစ်ကို ... လာ၊ ကျုပ်ကို တစ်ပုလင်း ပေး။"

အခြားသူများကလည်း တောင်းဆိုကြ၏။ "ဂိုဏ်းတူအစ်ကို ... ကျုပ်လည်း တစ်ပုလင်း လိုချင်တယ်။"

လူအများက ထပ်မံ အော်ဟစ်ကြသည်။ "သူဌေး ... ကျုပ်ကိုလည်း တစ်ပုလင်း ပေး။"

ရှောင်ပေါင် အလွန် ဝမ်းသာပျော်ရွှင်သွားခဲ့ပြီး စိတ်ထဲမှ ကြွေးကြော်လိုက်၏။ "ဟားဟားဟားဟား ...။ စွမ်းတယ် ... စွမ်းတယ်၊ တစ်ချက်တည်းနဲ့ နာမည်ကြီးသွားပြီပဲ။"

ယနေ့မှ စတင်၍ သူ့အနေဖြင့် ခြင်ခံတွင်းဝင်နေသကဲ့သို့ တိတ်ဆိတ် ခြောက်ကပ်သော နေ့ရက်များကို ဖြတ်သန်းစရာ မလိုတော့ချေ။ စိတ်ထဲတွင် စိတ်လှုပ်ရှားနေသော်ငြား အပြင်ပန်းတွင်မူ တည်ငြိမ်နေဆဲပင် ဖြစ်၏။ သူက ပြောလိုက်သည်။

"အားလုံးပဲ လောမကြီးကြပါနဲ့၊ ကျုပ်ဆီမှာ ဆေး သုံးပုလင်းပဲ ပါလာတယ်၊ ဒါပေမဲ့ ကျုပ် ဆိုင်မှာတော့ လုံလောက်တဲ့ ဆေးတွေ ပြင်ဆင်ထားပါတယ်၊ ခဏနေရင် ကျုပ် ဆိုင်ကို လိုက်ခဲ့ကြပါ၊ လူနေရပ်ကွက် အရှေ့ဘက်လမ်းမှာ ရှိတဲ့ ဟုန်မိသားစု ကုန်စုံဆိုင် မှာပါ။"

ဖြူရော်နေသည့် အမျိုးသားက ဝိညာဉ်ကျောက် ဆယ်ခုကို ကမ်းပေးပြီး တောင်းဆိုလိုက်၏။ "ပေး ... ကျုပ်ကို နောက်တစ်ပုလင်း ထပ်ပေးပါအုံး။"

ထို့နောက် သူက လူအများအား လက်သီးဆုပ် ဂါရဝပြုလျက် ပြောလိုက်သည်။ "ကျုပ်ရဲ့ အခြေအနေကို အားလုံးလည်း နားလည်လောက်မှာပါ၊ ကျေးဇူးပြုပြီး ကျုပ်ကို အဆင်ပြေအောင် ခွင့်ပြုပေးကြပါအုံး။"

အခြားသူများကလည်း နားလည်စွာ တုံ့ပြန်လိုက်ကြ၏။ "နားလည်ပါတယ်၊ ဒီညီလေးကိုပဲ ပေးလိုက်ပါ။"

အချို့ကလည်း သဘောတူကြသည်။ "ပေးသင့်ပါတယ်၊ ကျုပ် ဘာမှ ကန့်ကွက်စရာ မရှိဘူး။"

ကျန်လူများကလည်း မကန့်ကွက်ကြချေ။ "ကျုပ်လည်း ဘာမှ ကန့်ကွက်စရာ မရှိဘူး။"

အကယ်၍ ဤသုံးပုလင်းသာ ရှိမည် ဆိုပါက ဤကိစ္စက ဤမျှ လွယ်ကူ ရိုးရှင်းလိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ဟုန်ရှောင်ပေါင်က လုံလောက်စွာ ရှိသည်ဟု ပြောဆိုထားပြီး ဖြစ်သလို လူအများကလည်း အရေးတကြီး အသုံးပြုရန် မလိုအပ်သောကြောင့် ဤအလွယ်တကူ ရရှိနိုင်သည့် မျက်နှာသာပေးမှုကို လိုလိုလားလားပင် အသုံးချလိုက်ကြသည်။

နောက်ဆုံး တစ်ပုလင်းကိုလည်း သင့်မြတ် ငြိမ်းချမ်းသော အငွေ့အသက်များဖြင့် ခန္ဓာကိုယ် အနည်းငယ် ဝဖြိုးသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ဝယ်ယူသွားခဲ့၏။

ဟုန်ရှောင်ပေါင်က ခြေတစ်လှမ်း ရှေ့တိုးလိုက်ရာ လူအများက ကြားသည်နှင့် သိတတ်နားလည်စွာ စကားပြောဆိုခြင်းကို ရပ်တန့်လိုက်ကြ၏။ သူက တောင်းဆိုလိုက်သည်။ "ခြေတစ်လှမ်းလောက် ဖယ်ပြီး စကားပြောရအောင်၊ ခင်ဗျားအတွက် ဆေးညွှန်းစာတစ်စောင် ရေးပေးမယ်။"

ဆေးညွှန်းစာဆိုသည်မှာ ဆေးဆိုင်များက စိတ်စွမ်းအင်များစွာ အသုံးပြု၍ သုတေသန ပြုလုပ်ထားသော အရာများ ဖြစ်ကြပြီး၊ တစ်ချို့သော ဆေးညွှန်းဆိုလျှင် တစ်ခုဆိုလျှင်တောင် ဆေးဆိုင်တစ်ဆိုင်၏ အခြေခံ အုတ်မြစ် ဖြစ်သောကြောင့် သူတို့က သဘာဝကျစွာပဲ ရှောင်ကြဉ်ပေးလိုက်ကြ၏။

ဟုန်ရှောင်ပေါင်သည် တိတ်ဆိတ်သည့် နေရာတစ်ခုသို့ သွားရောက်ကာ ဆေးညွှန်းစာတစ်စောင်ကို ကူးယူ ရေးသားပြီး ပြောလိုက်၏။ "ဒီဆေးညွှန်းစာထဲမှာ အရေးကြီးတဲ့ ဆေးဖက်ဝင် ပစ္စည်း အနည်းငယ် လိုအပ်နေတယ်၊ အဲဒီ ဆေးဖက်ဝင် ပစ္စည်း အနည်းငယ်က ကျုပ် ဆိုင်မှာ ရှိတယ်၊ ခင်ဗျား နားလည်ရဲ့လား။"

အမျိုးသားက ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။ "နားလည်တယ် ... နားလည်ပါတယ်။"

သူသည် ဟုန်ရှောင်ပေါင်၏ ဆိုလိုရင်းကို သဘာဝကျစွာပင် နားလည်သည်။ ဆိုလိုရင်းက တစ်အချက်အနေဖြင့် ဆေးညွှန်း အပြင်သို့ မပျံ့နှံ့စေရန် ဖြစ်ပြီး၊ ဒုတိယအချက်အနေဖြင့်လည်း ဤဆေးညွှန်းစာက မပြည့်စုံကြောင်း၊ အပြင်သို့ ပျံ့နှံ့သွားလျှင်လည်း အသုံးမဝင်ကြောင်း သိရှိစေရန် ဖြစ်သည်။

ဤသည်ကို လက်တစ်ကွက် ချန်ထားခြင်းဟု ခေါ်ဆိုပြီး ဆေးဆိုင်များက အသုံးပြုလေ့ရှိသည့် ပုံမှန် နည်းလမ်းတစ်ခု ဖြစ်၏။

အရာအားလုံး အဆင်ပြေသွားချိန်မှာတော့ ဟုန်ရှောင်ပေါင်သည် လူအများကြားသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး ဝမ်းသာအားရဖြင့် လူအများကို ခေါ်ဆောင်ကာ ဆိုင်သို့ ပြန်လေသည်။ လမ်းညွှန် အရောင်းဝန်ထမ်း တစ်ကြိမ် လုပ်ဆောင်ရန် ပြင်ဆင်လိုက်သည်။

ထိုစဉ် လူတစ်ယောက်က ထိခိုက် ဒဏ်ရာရထားသည့်အလား ခြေထောက်ကို ထော့နဲ့စွာ နင်းလျှောက်လျက် လျှောက်လာ၏။

ဟုန်ရှောင်ပေါင်အား အေးစက်စွာ အကဲခတ် ကြည့်ရှုလိုက်သဖြင့် ဟုန်ရှောင်ပေါင် မျက်မှောင်ကြုတ်သွားခဲ့ရသည်။

ဤသူမှာ အဆင့်အတန်းတစ်ခု ရှိကြောင်း သိသာထင်ရှားနေပြီး လူအများက သူ့ကို မြင်သည်နှင့် လမ်းဖယ် ပေးလိုက်ကြ၏။

သူတို့က နှုတ်ဆက်လိုက်ကြ၏။ "အို ... သခင်လေးကျန် ပါလား”

အခြားသူများကလည်း အရိုအသေ ပေးကြသည်။ "သခင်လေး ကျန်။"

လူတိုင်းက နှုတ်ဆက်ကြ၏။ "သခင်လေး ကျန်။"

ဤသခင်လေး ကျန်က ဟုန်ရှောင်ပေါင်အား တစ်ချက် ထပ်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။ "ခင်ဗျားရဲ့ အမြင်က မဆိုးပါဘူး၊ လာ ... ကျုပ်ရဲ့ ခြေထောက်ကို တစ်ချက် ကြည့်ပေးစမ်း။"

ဘာသခင်လေး ကျန်လဲ၊ ဟုန်ရှောင်ပေါင်ကတော့ စိတ်ဝင်စားခြင်း မရှိချေ။

သခင်လေးဆိုတာ ဘာများလဲ။ ငါ ကိုယ်တိုင်တောင် မင်းသားတစ်ပါး ဖြစ်နေတာပဲ။။

ဟုန်ရှောင်ပေါင်၏ အမူအရာကို မြင်သောအခါ သခင်လေးကျန် က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ခြေထောက်ကို လက်ညှိုးထိုးပြလိုက်၏။ "ငါ ပြောတဲ့ စကားကို မင်း ကြားရဲ့လား။ အရမ်း ယားနေတယ်။"

ဘေးနားမှ လူတစ်ယောက်က ဖားယား၍ ပြောဆိုလာခဲ့၏။ "အို ... ယားယံတယ် ဆိုတာ ဒဏ်ရာ ပျောက်ကင်းတော့မှာ ဖြစ်လို့ပေါ့၊ ကောင်းတဲ့ ကိစ္စပဲ ... ကောင်းတဲ့ ကိစ္စပဲ။"

ဟုန်ရှောင်ပေါင်က သခင်လေးကျန်အား မျက်စောင်းထိုး ကြည့်လိုက်သည်။ "အစ်ကိုကြီး ... ခင်ဗျား နည်းနည်းလောက် ယဉ်ကျေးတဲ့ ကျင့်ဝတ် ရှိလို့ မရဘူးလား၊ ခင်ဗျားက ကျုပ်ကို ရောဂါကြည့်ခိုင်းနေပြီး ဆေးဆရာလို့တောင် တစ်ခွန်း မခေါ်တတ်ဘူးလား။"

ထိုသူက အေးစက်စွာ ရယ်မောလိုက်ပြီး လက်သီးဆုပ် ဂါရဝပြုကာ မေးလိုက်၏။ "အို ... အတော်လေး စိတ်ကြီးတာပဲ၊ ကောင်းပြီလေ ... ဒီသခင်လေးက သဘောကျတယ်။ အရည်အချင်းရှိရင် မာနကြီးသင့်တာပဲ။ ဒါပေမဲ့ မင်းမှာ အရည်အချင်း မရှိဘူး ဆိုရင်တော့ ... ဟားဟားဟားဟား ...။ ဒီက ဆေးဆရာ ... ငါ့ရဲ့ ရောဂါကို တစ်ချက်လောက် ကြည့်ပေးလို့ ရမလား။"

ဟုန်ရှောင်ပေါင်က ရယ်မောကာ ပြောလိုက်၏။ "လိမ္မာတယ် ...။ ရောဂါလက္ခဏာကို ပြောပြ။"

ဤလိမ္မာတယ် ဆိုသည့် စာလုံးတစ်လုံးကြောင့် သခင်လေးကျန်၏ မျက်နှာသွင်ပြင် တောင့်တင်းသွားခဲ့သော်ငြား အေးစက်စွာ ပြုံးလျက် ပြောလိုက်သည်။ "ရေနွေးပူ လောင်းခံရသလိုမျိုး၊ မီးနဲ့ ကင်ခံထားရသလိုမျိုး၊ အနည်းငယ် ထူးဆန်းနေတယ်။"

ဘေးနားရှိ အသက်ကြီးပိုင်း အဘိုးကြီးတစ်ယောက်က တီးတိုး ရေရွတ်လိုက်၏။ "မီးနဲ့ ကင်ခံရတာလား။ ကျောက်မီးမြက်၊ သွေးပင်လယ်ဖား၊ အနီရောင် အကြိတ်ယုန် နဲ့ ရွှေရောင်လိပ်ပြာ ဒါတွေ အကုန်လုံးက အပူကျစေတဲ့ အရာတွေပဲ၊ သခင်လေးကျန်အနေနဲ့ စမ်းသုံးကြည့်လို့ ရတယ်။"

ဟုန်ရှောင်ပေါင် မပြောရသေးမီ အရင်ဆုံး ပြောဆိုလိုက်သည်။

ယနေ့တွင် ဟုန်ရှောင်ပေါင်၏ စွမ်းဆောင်ရည်က အလွန် အံ့မခန်း ဖြစ်နေခဲ့သည်။ ထိုအဘိုးကြီးက တည်ငြိမ်သူ ဖြစ်သောကြောင့် ထင်ပေါ်ကျော်ကြားလိုစိတ် မရှိဘဲ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလိုအလျောက် တုံ့ပြန်မှုအရ လွယ်လွယ်ကူကူ ပြောဆိုလိုက်ခြင်း ဖြစ်၏။

သို့သော်ငြား ထိုနေရာ၌ ရှိနေသူ အားလုံးက ရှင်းလင်းစွာ ကြားသိလိုက်ကြသည်။

သခင်လေးကျန်က ရယ်မော၍ မေးလိုက်၏။ "ဟားဟား ... အကြီးအကဲ ...၊ ဒီရိုင်းစိုင်းတဲ့ သခင်လေးမှာ ဘာရောဂါ ရှိနေတာလဲ ဆိုတာကို ခင်ဗျား သိရဲ့လား။"

အသက်ကြီးပိုင်း အဘိုးကြီးသည် ဟုန်ရှောင်ပေါင်၏ အကြောက်အလန့် ကင်းမဲ့နေသော အမူအရာကို မြင်သောအခါ စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး ကိုယ့်ဘာသာကိုယ် ထွက်ပေါက် အရင်ဖွင့်ကာ ပြောလိုက်၏။ "အဲ ... ကျုပ်က ဆေးဖက်ဝင် ပစ္စည်း ကုန်သည်တစ်ယောက် သတ်သတ်ပါ၊ ဆေးပညာရပ်က မနက်ရှိုင်းပါဘူး၊ အလွယ်တကူ ပြောလိုက်တာပါ၊ သေချာတော့ မသိပါဘူး။"

ဟုန်ရှောင်ပေါင်က သခင်လေးကျန်ဆီသို့ တိုက်ရိုက် လက်ဆန့်ထုတ်လိုက်၏။ "ဝိညာဉ်ကျောက်တုံး တစ်ခု။"

သခင်လေးကျန်၏ မျက်နှာသွင်ပြင်က တည်ငြိမ်နေပြီး ဝိညာဉ်ကျောက်တုံး တစ်ခုကို တိုက်ရိုက် ပစ်ပေးကာ ပြောလိုက်၏။ "ဟားဟား .. ငါ ကျန်လျူရှင်း ရဲ့ ဝိညာဉ်ကျောက်က အဲဒီလောက် ယူရလွယ်ကူတာ မဟုတ်ဘူး ဆိုတာကို မင်း သိထားသင့်တယ်။"

ဟုန်ရှောင်ပေါင်က သဘာဝကျစွာပင် မကြောက်ရွံ့ချေ။ အဘိုးကြီးက ဤကျန်လျူရှင်း၏ အခြေအနေကို ဟုန်ရှောင်ပေါင်အား စောစောစီးစီး ရှင်းလင်းစွာ ပြောပြထားပြီး ဖြစ်ပေသည်။ သဘာဝကျစွာပင် သူသည် တစ်ချက်ပြီးတစ်ချက် အနုစိတ် ပြောဆိုနေ၍ မရချေ။ ထိုသို့ဆိုလျှင် အလွန်အမင်း ထူးဆန်းလွန်းပြီး သံသယ ဝင်စရာ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ယခုအချိန်၌ တည်ငြိမ်စွာ ပြောလိုက်၏။ "ဆိုင်ရှင် ဖြစ်တဲ့ ကျုပ်က သဘာဝကျစွာပဲ စိတ်ထဲမှာ အတိအကျ သိရှိထားပြီးသားပါ၊ လက် ဆန့်ထုတ်လိုက်စမ်းပါ။"

ကျန်လျူရှင်း၏ မျက်နှာသွင်ပြင်က အပြောင်းအလဲ အလျဉ်းမရှိဘဲ တည်ငြိမ်စွာ လက်ဆန့်ထုတ်လိုက်သည်။

ဟုန်ရှောင်ပေါင်၏ လက်ချောင်းက ချက်ချင်းပင် ထိုလက်ပေါ်တင်လိုက်သည်။ ခဏတာမျှအတွင်း မျက်မှောင်ကြုတ်လိုက်၊ စဉ်းစားတွေးတောလိုက်ဖြင့် မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲနေခဲ့၏။

ယင်းကျိုယိုသည် အလွန် သဘောကျနေခဲ့ပြီး အားရပါးရ ရယ်မောလိုက်သည်။ "ဟားဟားဟားဟား ဟား ဟား ...။ သောက်ကလေး ... သရုပ်ဆောင်တာ မဆိုးဘူးပဲ။"

ဟုန်ရှောင်ပေါင်၏ ဟန်ဆောင်ပန်ဆောင် လုပ်နေသည့် ပုံစံကို မြင်တိုင်း သူ သဘောကျလေ့ရှိပြီး ယခုလည်း အတူတူပင်။ ဟုန်ရှောင်ပေါင်၏ ဆေးပညာ အရည်အချင်း မည်မျှအထိ ရှိသည်ကို သူ အသိဆုံး ဖြစ်သည်။ ယောက်ျားတစ်ယောက်ကို ကြည့်ပြီး ကိုယ်ဝန်ရှိနေသည်ဟုပင် စစ်ဆေးမိသွားနိုင်လောက်သည့် အဆင့်ပင်။

အဘိုးကြီး၏ ရယ်မောသံကို ကြားသော်ငြား ဟုန်ရှောင်ပေါင်၏ မျက်နှာသွင်ပြင်က မပြောင်းလဲပေ။ နောက်ဆုံးတွင် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်၏။ "မီးအဆိပ်ပဲ။ ခင်ဗျား နေနဲ့ ကျောက်မီးမြက်၊ သွေးပင်လယ်ဖား၊ အနီရောင် အကြိတ်ယုန် နဲ့ ရွှေရောင်လိပ်ပြာ ဒီလေးမျိုးထဲက တစ်မျိုးမျိုးနဲ့ ထိတွေ့မိဖူးလောက်တယ်။ ဆိုင်ရှင် ြစ်တဲ့ ကျုပ် ပြောတာ မှန်ကန်ရဲ့လား။"

အပိုင်း (၅၆) တတိယအဆင့် ဆေးဖော်နည်း။

ကျန်လျူရှင်း ကြောင်အသွား၏။ ခဏတာ စဉ်းစားပြီးနောက် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။ မျက်နှာထား ပြောင်းလဲသွားပြီး... "မိတ်ဆွေ... သွေးပင်လယ် ဖား ရဲ့ ပုံသဏ္ဍာန်ကို ပြောပြပါအုံး။"

"သွေးပင်လယ် ဖား ဆိုတာ တတိယအဆင့် မိစ္ဆာသားရဲ ဖြစ်တယ်။ ခန္ဓာကိုယ်မှာ သွေးကြောလိုင်းတွေ ရှိတယ်။ ဒေါသထွက်တဲ့အခါ၊ မိတ်လိုက်တဲ့အခါ၊ တိုက်ခိုက်တဲ့အခါတွေမှာ အဲဒီ သွေးကြောလိုင်းတွေကနေ သွေးရောင် အခိုးအငွေ့တွေ ထွက်ပေါ်လာတတ်တယ်။" ဟုန်ရှောင်ပေါင်က တည်ငြိမ်စွာ ရှင်းပြလိုက်၏။

"ဟုတ်တယ်... ဟုတ်တယ်... အဲဒါပဲ။" ကျန်လျူရှင်း မျက်နှာပျက်သွားသည်။

"ဒီအကောင်က သွေးပင်လယ် ဖား လို့ ခေါ်တာကိုး။"

ဟုန်ရှောင်ပေါင်ကို ကြည့်သည့် အကြည့်များ ပြောင်းလဲသွားပြီး လေးစားသမှုဖြင့် ဦးညွှတ်လိုက်၏။

"အစ်ကိုကြီးက တကယ် တော်တာပဲ။ ကျုပ်ကို ကယ်ပါအုံးဗျာ။ အမှန်အတိုင်း ဝန်ခံရရင်... ဒီအကောင်က အသက်အန္တရာယ် မရှိဘူး ဆိုပေမဲ့ နှိပ်စက်လွန်းလို့ ကျုပ် ဖြင့် ညဘက်တောင် အိပ်လို့ မပျော်နိုင်ဘူး။"

"ဟဲဟဲ... သွေးပင်လယ် ဖား က ခင်ဗျား ပြောသလို အသက်အန္တရာယ် မရှိပါဘူး။ ဒါပေမဲ့ ခင်ဗျား ခန္ဓာကိုယ်ထဲမှာ နောက်ထပ် အဆိပ်တစ်မျိုး ရှိနေသေးတယ်။ အဲဒီအဆိပ်က အသက်အန္တရာယ် ရှိမရှိ ဆိုတာကတော့..."

ဟုန်ရှောင်ပေါင်က စကားကို ရပ်လိုက်ပြီး ကျန်လျူရှင်းကို စိုက်ကြည့်လိုက်၏။

ကျန်လျူရှင်းသည် မျက်နှာ ဖြူလျော်သွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

ဟုန်ရှောင်ပေါင်က ဆက်ပြောလိုက်၏။ "... ပြောရခက်တယ်ဗျ။"

"ဘယ်လို ပြောချင်တာလဲ။" ကျန်လျူရှင်း၏ မျက်နှာထား အနည်းငယ် ပျက်ယွင်းသွားသည်။

"ကျုပ် ကြွားတာ မဟုတ်ပါဘူး။ အသက်အန္တရာယ် မရှိတဲ့ မီးအဆိပ်လောက်ကိုတောင် ခင်ဗျား ကုသနေတာ ကြာပြီ မဟုတ်လား။ အခုထိ မပျောက်သေးဘူးလေ။" ဟုန်ရှောင်ပေါင်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

ကျန်လျူရှင်း မျက်နှာထား ပြောင်းလဲသွားပြန်သည်။ ပထမဆုံး ဝင်လာသည့် အတွေးမှာ ဤလူက သူ၏ ရောဂါကို ပိုချဲ့ပြောပြီး ခြိမ်းခြောက် ငွေညှစ်မလို့လား ဟူ၍ ဖြစ်သည်။ သို့သော်လည်း သူ၏အတွေ့အကြုံအရ သူ့အား မည်သူမျှ လာမလိမ်ရဲကြ။ ထို့ကြောင့် စိတ်ကို တည်ငြိမ်အောင် ထိန်းပြီး ပြောလိုက်သည်။ "ရှင်းပြပါအုံး။"

"လောကကြီးမှာ အရာရာဟာ ဓာတ်သဘောချင်း ပံ့ပိုးပေးတာ ရှိသလို ဆန့်ကျင်ဘက် ဖြစ်တာတွေလည်း ရှိတယ်။ အစားအသောက်နဲ့ ဥပမာ ပေးရရင်... အမဲသား နဲ့ ခရု တွဲစားရင် အဆိပ်ဖြစ်တယ်။ ဝက်အူ နဲ့ ကြာစေ့ တွဲစားရင် အဆိပ်ဖြစ်တယ်။

သာမန် ပစ္စည်းတွေတောင် ပေါင်းစပ်လိုက်ရင် အဆိပ်ဖြစ်နိုင်သေးတာ... ဝိညာဉ်စွမ်းအင် ပါဝင်တဲ့ ပစ္စည်းတွေ ဆိုရင် ပြောစရာ လိုသေးလား။ သိုင်းလောကမှာ လူအများစုက ဘာကြောင့် သေမှန်းမသိ သေသွားကြတာဟာ မထင်မှတ်တဲ့ နေရာမှာ ဓာတ်သဘော မတည့်တာတွေနဲ့ ထိတွေ့မိလိုက်လို့ပဲ။ ကျုပ်ရဲ့ ဆရာသခင်က လောကကြီးရဲ့ ဓာတ်သဘောတရားတွေကို လေ့လာဖို့ ဆန္ဒကြီးမားခဲ့တယ်။

ဒီနေ့အထိ တစ်စိတ်တစ်ဒေသလောက်ပဲ နားလည်သေးတယ် ဆိုပေမဲ့... သာမန် ဆေးမြစ်တွေ၊ သားရဲတွေ အကြောင်းလောက်တော့ ကောင်းကောင်း နားလည်တယ်။"

ဟုန်ရှောင်ပေါင်က ကျန်လျူရှင်းကို ကြည့်လိုက်သည်။

"ကျုပ် ပြောတာ နားလည်လား။"

နားလည်တာပေါ့။

ရှိနေသူ အားလုံး နားလည်ကြသည်။ ဟုန်ရှောင်ပေါင် ပြောသကဲ့သို့ပင် သိုင်းသမား အများစုသည် လျှို့ဝှက်ဆန်းကြယ်စွာ သေဆုံးတတ်ကြသည်။ တချို့ကလည်း ဆေးမြစ်ချင်း မတည့်၍ ဖြစ်မည်ဟု သံသယ ဝင်ကြသော်လည်း လောကတွင် ဆေးမြစ်ပေါင်း မည်မျှလောက် များပြားသနည်း။

သူတို့၏ထင်ကြေးများသည် ထင်ကြေး အဆင့်သာ ရှိနေခဲ့သည်။ ဟုန်ရှောင်ပေါင်က သူ့ဆရာသည် တစ်စိတ်တစ်ဒေသသာ တတ်ကျွမ်းသည်ဟု ပြောသော်လည်း လူအများကတော့ ထိုပမာဏသည်ပင် အလွန် ကြီးမားလှသည်ဟု တွေးထင်နေကြ၏။

ကျန်လျူရှင်းလည်း ခေါင်းညိတ်လိုက်သည်။ သူ၏ စိတ်ထဲမှ သံသယများ လျော့ပါးသွားခဲ့သည်။

"အစ်ကိုကြီး ပြောချင်တာက... ကျုပ်က သတိမထားမိဘဲ ဓာတ်သဘော မတည့်တဲ့ အရာနှစ်ခုကို ထိတွေ့မိလိုက်တယ်ပေါ့လေ။"

"မှန်ပါတယ်..."

ဟုန်ရှောင်ပေါင် ခေါင်းညိတ်လိုက်သည်။ "သွေးပင်လယ်ဖား တွေမှာ မီးအဆိပ် ရှိတယ်။ အဲဒီ မီးအဆိပ်က သိပ်မပြင်းထန်ပါဘူး။ ဒါပေမဲ့ သွေးပင်လယ် ဖား တွေ အကြိုက်ဆုံး အစာထဲမှာ ကြက်ခြေခတ် နွယ်ပင် တစ်မျိုး ပါတယ်။ အဲဒီ နွယ်ပင်နဲ့ ထိတွေ့မိရင် တစ်ကိုယ်လုံး ယားယံလာတတ်တယ်။ အရေပြား ပေါက်ပြဲသွားအောင် ကုတ်မှပဲ သက်သာတတ်တယ်..."

"ဟုတ်တယ်... ဟုတ်တယ်... သွေးထွက်မှ နေလို့ကောင်းတာဗျာ။"

ကျန်လျူရှင်း ရင်ထဲ တုန်လှုပ်သွားသည်။ သူ၏ တန်ဖိုးကြီး ဝတ်ရုံအောက်က ခြေထောက်တွေမှာ ကုတ်ဖဲ့ထားလို့ သွေးသံရဲရဲ ဖြစ်နေသည် မဟုတ်ပါလား။

"ဒါပေမဲ့ အဲဒါက အသက်အန္တရာယ် မရှိပါဘူး။ သွေးထွက်ရုံလောက်ပါပဲ။"

ဟုန်ရှောင်ပေါင် စကားဖြတ်လိုက်သည်။ "အသက်အန္တရာယ် ရှိတာက ဒီနေရာမှာ... သွေးပင်လယ် ဖား တွေက နှစ်လ တစ်ကြိမ် မိတ်လိုက်လေ့ ရှိတယ်။ အဲဒီအချိန်ကျရင် သူတို့ ခန္ဓာကိုယ်ကနေ မီးအဆိပ်တွေ အများကြီး ထွက်လာတတ်တယ်။ အဲဒီ မီးအဆိပ်တွေနဲ့ ကြက်ခြေခတ် နွယ်ပင် ပေါင်းစပ်မိတဲ့ အခါကျရင်... တခြား ဓာတ်သဘောတွေ အငွေ့ပျံသွားပြီး ခရစ်ပတန် ရွှေရောင်လို့ ခေါ်တဲ့ သေစေနိုင်တဲ့ အဆိပ်တစ်မျိုး ဖြစ်ပေါ်လာတတ်တယ်။ သဘောပေါက်ပြီလား။"

"ဒါဆိုရင်... ကျုပ် က ခရစ်ပတန် ရွှေရောင် အဆိပ်မိနေတာပေါ့။" ကျန်လျူရှင်း မျက်နှာပျက်သွား၏။

"ဟုတ်တယ်... ခင်ဗျား အဲဒီအဆိပ် မိနေတာ။ ခွဲခြားရတာ လွယ်ပါတယ်။ ခင်ဗျား ကုတ်ထားတဲ့ ဒဏ်ရာက သွေးတွေထဲမှာ ရွှေရောင် ဖျော့ဖျော့လေးတွေ ပါမပါ ကြည့်လိုက်ပါလား။"

ကျန်လျူရှင်း မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွား၏။ သူ၏ သွေးထဲတွင် ရွှေရောင် အမျှင်လေးများ ပါဝင်နေသည်ကို တွေ့ရှိထားသဖြင့် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ အိမ်က သမားတော်တွေ မေးတော့လည်း မည်သူမှ မသိကြပေ။ ယခုတော့ ရောဂါဇစ်မြစ်ကို သိလိုက်ရပြီ ဖြစ်သဖြင့် ဝမ်းသာသလိုလို၊ ကြောက်သလိုလို ဖြစ်လာသည်။

ဘေးနားမှ လူအများသည်လည်း ဟုန်ရှောင်ပေါင်၏ မှန်ကန်မှုကို မြင်တွေ့လိုက်ရသဖြင့် လေးစား ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာကြ၏။

ပထမ ကျားသစ်အကြောင်း၊ ယနေ့ကျတော့ ဖားအကြောင်း... ဤလူက သားရဲတွေအကြောင်း မည်မျှလောက် နှံ့စပ်နေသနည်း။ သူ၏ နောက်ကွယ်က ဆရာသခင် ဆိုသူကို တွေးမိပြီး ပို၍ပင် ထိတ်လန့်သွားကြသည်။

တစ်ချိန်တည်းမှာပင် ကုန်သည်များ အတွက်တော့ ဤသည်မှာ ဗဟုသုတရစရာပင် ဖြစ်သည်။ သားရဲ တစ်ကောင်၏ အကျင့်စရိုက်ကို သိထားခြင်းသည် ဆေးဖော်နည်းတစ်ခု သိထားသည်နှင့် တူညီသည် မဟုတ်ပါလား။

သိုင်းသမားများ အတွက်ဆိုလျှင် အသက်အန္တရာယ်မှ လွတ်မြောက်စေနိုင်သည့် အသိပညာပင် ဖြစ်သည်။

ဟုန်ရှောင်ပေါင်က ဆက်ပြောလိုက်၏။ "အဲဒီ ရွှေရောင်က တဖြည်းဖြည်း ပိုများလာလိမ့်မယ်။ သွေးတစ်ခုလုံး ရွှေရောင်ပြောင်းသွားပြီး ခင်ဗျားရဲ့ အရေပြားတွေပါ ရွှေရောင် ပြောင်းသွားတဲ့ နေ့ကျရင်... အဆိပ် အပြည့်အဝ ပျံ့နှံ့သွားပြီး ခင်ဗျား သေဆုံးရမယ့် နေ့ပဲ။"

"တစ်ကိုယ်လုံး ရွှေရောင်ပြောင်းမယ် ဟုတ်လား..."

ကျန်လျူရှင်း မျက်နှာ မကောင်းတော့ချေ။ ယခင်က မောက်မာသော အမူအရာများ ပျောက်ကွယ်သွားပြီး ရိုသေစွာဖြင့် ခါးကို ကိုင်းညွှတ်လိုက်သည်။

"အစ်ကိုကြီး... အဲ... မှားလို့... ဆရာကြီး... ခုနက ကျုပ် မိုက်မဲပြီး ဆရာကြီးကို ပြစ်မှားမိပါတယ်။ ခွင့်လွှတ်ပေးပါ .. ကျုပ် အသက်ကို ကယ်တင်ပေးပါ။ ဆရာကြီး လိုချင်တာ ဘာမဆို ကျုပ် ပေးပါ့မယ်။"

"ဟားဟား... ကောင်းတယ်ဟေ့။"

ဟုန်ရှောင်ပေါင် စိတ်ထဲတွင် ကျေနပ်သွားသည်။ ဤအကောင်က သူ့ကို အထင်သေးခဲ့သည် မဟုတ်ပါလား။ ယခုတော့ ပြန်နှိပ်ကွပ်ရမည့် အလှည့် ရောက်လာပြီ။ ထို့အပြင် ကျန်မိသားစုက ချမ်းသာသည်။ ဤတစ်ကြိမ်တော့ ပွဲကြီးပွဲကောင်းပင်။

"ဒါပေမဲ့... အင်း..."

ဟုန်ရှောင်ပေါင်က အခက်တွေ့ဟန် ဆောင်လိုက်သည်။ "ဒါက..."

ကျန်လျူရှင်းက လူပါး ဖြစ်သဖြင့် ချက်ချင်း သဘောပေါက်လိုက်၏။ "ဆရာကြီး စိတ်ချပါ... ဆုကြေးအတွက် လုံးဝ စိတ်တိုင်းကျ ဖြစ်စေရပါမယ်။"

အကယ်၍သာ နှစ်ယောက်တည်း ရှိနေလျှင် ဟုန်ရှောင်ပေါင်က ဈေးကို မိုးထိအောင် ခေါ်လိုက်ပေမည်။ သို့သော်လည်း လူအများ ရှိနေသဖြင့် ပုံရိပ်ကောင်းကို ထိန်းသိမ်းရန် လိုအပ်သည်။ ထို့ကြောင့် ဟန်လုပ်ကာ ပြောလိုက်သည်။

"ပိုက်ဆံကြောင့် မဟုတ်ပါဘူးဗျာ။ ခက်တာက... ခရစ်ပတန် ရွှေရောင် အဆိပ်ရဲ့ ဖြေဆေးက ဒုတိယအဆင့်ကို ကျော်လွန်နေတယ်။ ဆရာသခင်က မှာထားဖူးတယ်။ ပထမအဆင့် ဆေးဖော်နည်း ဆိုရင် ကြိုက်သလို ကုပေးလို့ ရတယ်။ ဒုတိယအဆင့် ဆိုရင် သတိထားပြီး ကုရမယ်။ တတိယအဆင့် ဆိုရင်တော့... ဆရာ့ခွင့်ပြုချက် ရမှ ကုပေးလို့ ရမှာ။"

"ဘာ... ဘာပြောလိုက်တယ်။"

"တတိယအဆင့်... ဆေးဖော်နည်း ဟုတ်လား။"

"တတိယအဆင့်..."

လူအများ အံ့အားသင့်သွားကြ၏။ တတိယအဆင့် ဆေးဖော်နည်း ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ ပထမအဆင့် ဆေးမြစ်များသည် နေရာတိုင်းတွင် ရှိသော်လည်း ဒုတိယအဆင့် ဆေးမြစ်များကို ပိုင်ဆိုင်သူများသည် ဒုတိယအဆင့်၊ တတိယအဆင့် သိုင်းသမားများသာ ဖြစ်ကြသည်။ တတိယအဆင့် ဆေးမြစ် ဆိုလျှင် ပို၍ပင် ရှားပါးလှသည်။

ဆေးမြစ်ထက် ဆေးဖော်နည်းက ပို၍ တန်ဖိုးကြီးမားသည်။ တတိယအဆင့် ဆေးဖော်နည်း တစ်ခု ရရှိရန် ငွေကြေးအမြောက်အမြား အကုန်အကျခံပြီး စမ်းသပ်ရသည် မဟုတ်ပါလား။

All Chapters